← Chapters

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅-၄၆)

Vol. 5 Ch. 45-46

အခန်း (၄၅)

လူစုံသော်လည်း မစုံသကဲ့သို့ ဖြစ်နေသည့် ရိုက်ကူးရေးအဖွဲ့

ဒါရိုက်တာကို ရွေးချယ်ပြီးစီးသွားပြီ ဖြစ်၍ နောက်ထပ်တစ်ဆင့်မှာ သရုပ်ဆောင်များ ရွေးချယ်ရန်ပင် ဖြစ်သည်။

နန်ချင်ဝမ် ကုမ္ပဏီသို့ စတင်ဝင်ရောက်လာပြီးနောက် ယဲ့ယီသည် သူမကို ကုမ္ပဏီ၏ တရားဝင် Weibo အကောင့်တစ်ခုကို ဖွင့်ခိုင်းလိုက်ပြီး အကောင့်စီမံခန့်ခွဲမှုကိုပါ တာဝန်ပေးလိုက်သည်။

နန်ချင်ဝမ်နှင့် အတူတူ အလုပ်လုပ်ကြည့်သည့်အခါမှ ယဲ့ယီသည် နန်ချင်ဝမ်တစ်ယောက် သွမ့်ဟွေကျို၏ လှည့်စားမှုကို အကြီးအကျယ် ခံခဲ့ရကြောင်း ပို၍ ခံစားမိလာသည်။ နန်ချင်ဝမ်သည် ပုံပန်းသဏ္ဍာန်အရ နုနယ်ပျော့ပျောင်းပုံရသော်လည်း အလုပ်လုပ်ရာတွင် ပြတ်သားပြီး ထိရောက်မြန်ဆန်လှသည်။ သွမ့်ဟွေကျို၏ နှိပ်စက်မှုကို ခံနေရသည့် သနားစရာ မိန်းမငယ်လေးနှင့် လုံးဝမတူချေ။

‘အချစ်ကြောင့် မျက်စိကန်းတာက တကယ့်ကို အန္တရာယ်ရှိတာပဲ’

ယဲ့ယီ သည် ထိုသို့ တွေးမိကာအမျိုးသမီးများသည် မိမိတို့၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အပေါ်၌သာ အာရုံစိုက်ရမည်ဟူသော သူမ မူဝါဒကို ပို၍ပင် ခိုင်မာအောင် ဆုံးဖြတ်လိုက်သည်။

နန်ချင်ဝမ်သည် ဂျက်နီစစ်မီဒီယာ၏ တရားဝင် အကောင့်မှနေ၍ သတင်းစကားတစ်ခုကို တင်လိုက်သည်။

ဂျက်နီစစ် မီဒီယာ V: ကျွန်တော်တို့ ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော “ညီမလေး၏ အပြုံး” ရုပ်ရှင်အတွက် သရုပ်ဆောင်များ စတင်ရွေးချယ်နေပြီ ဖြစ်ပါသည်။ သရုပ်ဆောင်ခြင်းကို ဝါသနာပါသော မည်သူမဆို လာရောက်လူတွေ့စစ်ဆေးနိုင်ပါသည်။ (တရားဝင် မဆုံးဖြတ်ရသေးသော ဇာတ်ဆောင်ပုံတို့ကို တွဲဖက်ဖော်ပြထားသည်)

ဤပို့စ်သည် ယဲ့ယီအနေဖြင့် ကြော်ငြာခ တစ်ပြားတစ်ချပ်မျှ မသုံးလိုက်ရဘဲနှင့်ပင် အချိန်တိုအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွား၏။

သို့သော်လည်း ထွက်ပေါ်လာသမျှ သတင်းစကားများမှာ လှောင်ပြောင်သည့် အကြောင်းအရာများသာ ဖြစ်နေကြသည်။ #ယခုနှစ်၏ အညံ့ဖျင်းဆုံး ရုပ်ရှင်စတင်ရိုက်ကူးပြီ#တစ်စုံတစ်ယဲ့၏ သရုပ်ဆောင်ချက်များ

ပို့စ်အောက်ရှိ မှတ်ချက်များမှာလည်း ဆူညံပွက်လော ရိုက်နေတော့သည်။

ဓာတ်မြေဩဇာ လက်ကားရောင်းသူ လီ: ငါပြောချင်တာကတော့၊ မင်းတို့ ရုပ်ရှင်အဖွဲ့က လူစုံအောင်တောင် ရှာနိုင်ပါ့မလားဆိုတာပဲ

မီးခြစ်ရောင်းသည့် မိန်းကလေးငယ်: ငါ လောင်းကြေးထပ်ရဲတယ်၊ ဒီအဖွဲ့ထဲမှာ ပါမဲ့သူက စတုတ္ထတန်းစား သရုပ်ဆောင်တွေထက် ဘယ်တော့မှ ပိုမလာစေရဘူး

ပြည်ကြီးငါး အပျင်းကြီး: မီးခြစ်ရောင်းသည့်မိန်းကလေးငယ် ၊မင်းက အကောင်းမြင်လွန်းနေပြီ။ ဒီလို အဆင့်မရှိတဲ့ အဖွဲ့ထဲကို ၁၈ တန်းစား သရုပ်ဆောင်တွေလောက်ပဲ လာလိမ့်မယ်လို့ ပြောသင့်တာ

ထိပ်တန်း ဝံပုလွေ: ဒါရိုက်တာက ဘယ်သူလဲဆိုတာ ဘာလို့ အသိမပေးတာလဲ။ ဒီလောက်မိုက်မဲတဲ့ ဒါရိုက်တာက ဘယ်သူဖြစ်မလဲဆိုတာ ငါ တော်တော် သိချင်နေပြီ

ငါမင်းနိုင်စေရမယ်: ဂျက်နီစစ်မီဒီယာ မင်းတို့ရွေးထားတဲ့ သရုပ်ဆောင်တွေ ငါတို့ကို ထုတ်ပြစမ်းပါ

အချို့ကလည်း ရွေးချယ်ပြီးသား လူစာရင်းကို ထုတ်ပြန်ပေးရန် စွက်ဖက်တောင်းဆိုနေကြသည်။

အမှန်စင်စစ် ၊ လူရွေးပွဲကာလအတွင်း ကြေညာရမည့်ကိစ္စ ဖြစ်သော်လည်း ယဲ့ယီက နန်ချင်ဝမ်ကို လိုအပ်သည့်နေရာများကိုသာ တင်ရန်နှင့် အတည်ပြုပြီးသား လူစာရင်းနှင့် ဒါရိုက်တာ အမည်ကို အလောတကြီး မကြေညာရန် တမင်ညွှန်ကြားထားခြင်း ဖြစ်သည်။

ခန့်မှန်းထားသည့်အတိုင်းပင် ယဲ့ယီ၏ အကြံအစည်မှာ အောင်မြင်ခဲ့ပြီး လူပြောသူပြော အလွန်များသွားခဲ့သည်။

ယဲ့ယီ၏ ကုမ္ပဏီမှ ပို့စ်တင်လိုက်သည်ကို မြင်သောအခါ လန်ရွှယ်ကလည်း အတုယူ၍ သူမ၏ ဟိုင်ထျန်ဖျော်ဖြေရေးတွင်လည်း သရုပ်ဆောင်ခေါ်ယူနေကြောင်း ပို့စ်တစ်ခုကို တင်ခိုင်းလိုက်သည်။

ဟိုင်ထျန်ဖျော်ဖြေရေး၏ ပို့စ်တွင်မူ မသေချာသေးသော နေရာများသာမက အတည်ပြုပြီးသား လူစာရင်းကိုပါ ဖော်ပြထားသည်။ ခေါင်းဆောင်မင်းသမီးမှာ လန်ရွှယ်ဖြစ်ပြီး မင်းသားမှာ ဟိုင်ထျန်၏ နာမည်ကြီးသရုပ်ဆောင်တစ်ဦး ဖြစ်သည်။ ထို့အပြင် သွမ့်ဟွေကျိုက ဒုတိယမင်းသားဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်ဖြစ်ကာ ကျန်သည့်သူများမှာလည်း နာမည်ကျော်များသာ ဖြစ်သည်။ ဒါရိုက်တာမှာလည်း ပြည်တွင်း၌ နာမည်ကျော်ကြားသူဖြစ်ပြီး ဇာတ်ညွှန်းဆရာမှာလည်း ထိပ်တန်းစာရင်းဝင် ဖြစ်သည်။

ထိုအင်အားစုမှာ မည်သူမျှ မယှဉ်နိုင်လောက်အောင် ခမ်းနားလှ၏။

ယဲ့ယီ ထိုပို့စ်ကို မြင်လိုက်ရသောအခါ အားရပါးရ ရယ်မောမိသွားသည်။

‘ဒီသွမ့်ဟွေကျိုကတော့ ပြင်ပမှာပဲ အချစ်ရူးဖြစ်ရုံတင်မကဘူး၊ ဇာတ်ကားထဲမှာတောင် ဒုတိယမင်းသားပဲ ရတာလား။ တကယ်ကို ပြောစရာစကားတောင် မရှိတော့ဘူး’

ဟိုင်ထျန်၏ ပို့စ်ထွက်လာပြီးနောက်တွင် ပရိသတ်များက ဂျက်နီစစ် မီဒီယာကို အတည်ပြုပြီးသား သရုပ်ဆောင်စာရင်း ထုတ်ပြန်ရန် ပို၍ပင် ဝိုင်းဝန်းတိုက်တွန်းလာကြသည်။

အချိန်တန်ပြီဟု ယူဆသောအခါ ယဲ့ယီက နန်ချင်ဝမ်ကို စာရင်းထုတ်ပြန် ခိုင်းလိုက်သည်။

ဂျက်နီစစ်မီဒီယာ V:အတည်ပြုပြီးသား သရုပ်ဆောင်များ:

ယဲ့ယီ(ခေါင်းဆောင်မင်းသမီး) :ယဲ့ယီ

ပထွေး(ခေါင်းဆောင်မင်းသား ၊ခေါင်းဆောင်မင်းသမီးအဖေ):ကျီချန်ဖန်

မောင်လေး☹ခေါင်းဆောင်မင်းသမီး၏မောင်):ကုစဲ့

ဧည့်သည်သရုပ်ဆောင်: ကုရှီချန်း

ဒါရိုက်တာ: ကျောက်ရှန်

လက်ထောက်ဒါရိုက်တာ: လီခဲ့(အထွေထွေ မန်နေဂျာနှင့် ဒါရိုက်တာ)

ဇာတ်ညွှန်းဆရာ: ယဲ့ယီ

ဤစာရင်း ထွက်ပေါ်လာသည်နှင့် မှတ်ချက်များမှာ ဝိုင်းဝန်းရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။

ပျော်ရွှင်သော ရွှံ့နွံ: အို၊ နာ၊ ကျိုး၊ ကန်း အတွဲပါလား၊ ဟားဟား...

အိုဟိုင်းရိုး စီနီယာကြီး: အထက်ကလူ ပြောတာ တကယ် ရယ်ရတယ်၊ ဒါပေမဲ့ နည်းနည်းလောက် လျှော့ပါဦး၊ ငါ့ကို လာနှောင့်ယှက်နေသလိုပဲ

ပီကင်း အထက်တန်းလွှာ၏ အဖြူရောင် လရောင်လေး: ဂုဏ်သရေရှိတဲ့ ကုကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌက ယဲ့ယီအတွက်နဲ့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးရုံတင်မကဘူး၊ သူ့သားကိုတောင် ထည့်ပေးလိုက်တာဆိုတော့ ယဲ့ယီကို တကယ် ချစ်ရှာသားပဲ

လူကုံထံမလေးကို အမှီပြု၍ ချမ်းသာလာသူ: မဖြစ်နိုင်တာ၊ ယဲ့ယီက အဘိုးကြီး ကျီချန်ဖန်ကိုပါ ဆွဲထုတ်လာတာလား။ တခြားသူကို လုံးဝ မရှာနိုင်တော့တာနဲ့ တူတယ်၊ ဟားဟားဟား

ကျီချန်ဖန်သည် အနုပညာလောကမှ အနားယူနေသည်မှာ ကြာပြီဖြစ်သော်လည်း သူ့ပရိသတ်အချို့ကမူ ချက်ချင်းပင် ပြန်လည်တုံ့ပြန်ကြသည်။

သူ့ကို ထိုးလိုက်: လူကုံထံမလေးကို အမှီပြု၍ ချမ်းသာလာသူ: အသက်ကြီးတော့ ဘာဖြစ်လဲ။ ငါတို့ ကျီချန်းဖန်က အကောင်းဆုံးသရုပ်ဆောင်ဆု ရဖူးတဲ့သူ။ အခုခေတ် နာမည်ကြီး သရုပ်ဆောင်တွေထက် အများကြီး သာပါတယ်

အချို့သော ပရိသတ်တို့က သူတို့ အနုပညာရှင် စော်ကားခံနေရသည်ကို မြင်ပြီးနောက် နှစ်ဦးနှစ်ဖက် အင်တာနက်စစ်ပွဲကြီး ခင်းကြလေတော့၏။

အချို့ကမူ ဒါရိုက်တာ ကျောက်ရှန်၏ အကြောင်းကိုပါ တူးဖော်လာကြသည်။

ဓာတ်ကြီးလေးပါးထဲမှာ ပိုက်ဆံလိုနေတယ်: ဒီဒါရိုက်တာက နတ်ဘုရားများသတ်ဖြတ်ခြက်း ဇာတ်ကားတုန်းက လက်ထောက်ဒါရိုက်တာပဲ

ဝိုလုံး ဖန်ချူးမဟုတ်ဘူး: ဓာတ်ကြီးလေးပါးထဲမှာ ပိုက်ဆံလိုနေတယ်: လက်ထောက်ဒါရိုက်တာပဲလေ၊ ဒါရိုက်တာကြီးမှ မဟုတ်တာ

စူမီမာစန်: ယဲ့ယီ ပါနေကတည်းက ဒီဇာတ်ကားက တစ်ဝက်လောက် ပျက်စီးနေပြီ၊ သူ သရုပ်ဆောင်ရင် မျက်လုံးပြူးကြည့်နေတာပဲ သိတာ။ သူပါတာကို ဘာတွေမျှော်လင့်နေတာလဲ

နှင်းကလေးများကောင်းကင်တွင် ပြည့်နေသည်:”ငါ့ရဲ့ရွှယ်က အချိန်တန်ရင် ယဲ့ယီကို ချေမှုန်းသွားမှာ ဟုတ်ပြီလား

လန်ရွှယ် သည် အစပိုင်းတွင် တစ်စုံတစ်ခု မှားယွင်းသွားမည်ကို စိုးရိမ်နေသော်လည်း ဂျက်နီစစ် မီဒီယာ၏ သရုပ်ဆောင်စာရင်းကို မြင်လိုက်ရသောအခါတွင် စိတ်အေးသွားလေ၏။

သူမ၏ အမြင်တွင် ယဲ့ယီ၏ အို၊ နာ၊ ကျိုး၊ ကန်း အဖွဲ့သည် သူမတို့ အဆင့်မြင့်အဖွဲ့ကို ကျော်တက်နိုင်ရန်မှာ အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

လန်ရွှယ် တစ်ယောက် စိတ်ထဲ ကျေနပ်နေ၏။ သူမ အတွေးထဲတွင် ယဲ့ယီကို ဤတစ်ခေါက် သေချာပေါက် ချေမှုန်းပစ်နိုင်လိမ့်မည်ဟု ယုံကြည်နေသည်။

လန်ရွှယ်သည် နန်ချင်ဝမ်မှာ ယဲ့ယီ၏ ကုမ္မဏီတွင် အလုပ်လုပ်ကြောင်း သွမ့်ဟွေကျို ပြောဖူးသည်ကို ရုတ်တရက် အမှတ်ရသွားသည်။သူမ နှုတ်ခမ်းထောင့်တွင် ဆိုးသွမ်းသော အပြုံးတစ်ခု လှစ်ဟသွားကာ သွမ့်ဟွေကျိုနှင့် သူမတို့ ပုံမှန်စားနေကျ စားသောက်ဆိုင်တွင် တွေ့ဆုံရန် ချိန်းဆိုလိုက်၏။

သွမ့်ဟွေကျိုသည် လန်ရွှယ်ထံမှ ဖုန်းရသည်နှင့် ဝမ်းသာအားရဖြင့် ချက်ချင်းပင် ထွက်လာခဲ့သည်။

သူ အိမ်မှ ထွက်သွားပြီး မကြာမီမှာပင် နန်ချင်ဝမ် အိမ်သို့ ပြန်ရောက်လာသည်။

နန်ချင်ဝမ် ပြန်ရောက်သောအခါ သွမ့်ကျားကျားသည် ဆိုဖာပေါ်တွင် ကာတွန်းကား ကြည့်နေ၏။

အချိန်နှောင်းမှ ပြန်ရောက်လာသော မိခင်ဖြစ်သူကို မြင်သည်နှင့် သမီးငယ်လေး သွမ့်ကျားကျား ဆိုဖာပေါ်မှ ခုန်ဆင်းကာ ပြေးဖက်တော့သည်။

“မေမေ၊ ပြန်လာပြီလား။ သမီး မေမေကို သိပ်လွမ်းနေတာ”

နန်ချင်ဝမ် သမီးလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ချောမော့လိုက်သည်။

“မေမေ အလုပ်တွေ များနေလို့ သမီးကို အချိန်မပေးနိုင်တာ တောင်းပန်ပါတယ်ကွယ်”

သမီးငယ်လေး ချိုသာစွာ ပြုံးလျက်ပြောလိုက်သည်။

“သမီး မေမေကို အပြစ်မတင်ပါဘူး။ မေမေက ပိုက်ဆံရအောင် အလုပ်လုပ်နေရတာ သမီး သိပါတယ်”

သူမသမီးလေးသည် ဤမျှ လိမ်မာနေသည်ကို မြင်ရသောအခါ နန်ချင်ဝမ် မနေနိုင်တော့ပဲ သူမ မျက်နှာလေးကို နမ်းလိုက်လေသည်။

လိမ္မာသော သမီးလေးကို ကြည့်ကာ နန်ချင်ဝမ်၏ ရင်ထဲတွင် သနားစဖွယ် ခံစားလိုက်ရသည်။ သမီးလေးက နန်ချင်ဝမ်ကို ကြည့်ကာ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မေးလိုက်သည်။

“မေမေ၊ ဖေဖေက အပြင်သွားရင် ဘာလို့ ကိုယ်မှာ အနံ့တွေ အများကြီး ဆွတ်သွားတာလဲဟင်။ တခြားလူတွေ အနားမကပ်အောင်လို့လား”

နန်ချင်ဝမ်၏ မျက်နှာမှာ ချက်ချင်း ပျက်သွားသည်။ သမီးလေး ပြောနေသော အနံ့မှာ ရေမွှေးနံ့မှန်း သူမ သိသည်။ သူမနှင့် သမီးဖြစ်သူမှာ ရေမွှေးနံ့ မကြိုက်သဖြင့် သွမ့်ဟွေကျိုသည် ယခင်က ရေမွှေး မဆွတ်ဖူးချေ။

သို့သော် ထိုမိန်းမဆီသို့ သွားတိုင်း သူ ရေမွှေးများ ဆွတ်သွားလေ့ရှိသည်။

မိမိ၏ ရင်ခွင်ထဲမှ အပြစ်ကင်းစင်သော သမီးလေးကို ကြည့်ကာ နန်ချင်ဝမ် ရင်ကွဲမတတ် ခံစားရသော်လည်း အတင်းပြုံးကာ ညာပြောလိုက်ရတော့သည်။

“ဖေဖေ့ အလုပ်က အဲဒီလို လုပ်ဖို့ လိုအပ်လို့ပေါ့ သမီးရဲ့”

အမှန်တကယ်ကို ရယ်စရာကောင်းလှသည်။ မိမိ၏ ခင်ပွန်းက တခြားမိန်းမဆီ သွားနေသည်ကို သိသိကြီးနှင့် အပြစ်မတင်နိုင်သည့်အပြင် ကလေးရှေ့တွင်ပင် ဖုံးကွယ်ပေးနေရသည်မှာ မည်မျှပင် နာကျင်စရာ ကောင်းလိုက်သနည်း။

သမီးငယ်လေးမှာ မိခင်၏စကားကို ယုံကြည်ကာ နားလည်ပြီဖြစ်ကြောင်း ခေါင်းညိတ်ပြရှာလေသည်။

အခန်း (၄၆)

ဒီတစ်ကြိမ်တော့ ရှင့်ဆန္ဒကို ဖြည့်ဆည်းပေးမယ်

တစ်ဖက်တွင်မူ သွမ့်ဟွေကျိုသည် လန်ရွှယ်နှင့် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ စားသောက်ဆိုင်သို့ မဝင်မီ သူ ပန်းဆိုင်သို့ အထူးတလည်သွား၍ လန်ရွှယ်အကြိုက်ဆုံး နှင်းဆီနီအပွင့်ကြီးများဖြင့် ပြုလုပ်ထားသော ပန်းစည်းတစ်ခုကို ဝယ်ယူခဲ့သည်။

သွမ့်ဟွေကျို ရောက်သွားချိန်တွင် လန်ရွှယ်က သီးသန့်ခန်းထဲ၌ စောင့်နှင့်နေပြီ ဖြစ်သည်။

ယနေ့တွင် လန်ရွှယ်သည် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ အမှတ်အသားဖြစ်သော အပြုံးလေးနှင့်အတူ ကြည့်လိုက်လျှင် အလှမ်းဝေးလှသော တောင်ပေါ်မှ နှင်းကြာပန်းလေး တစ်ပွင့်ကဲ့သို့ ထည်ဝါနေသည်။

သွမ့်ဟွေကျိုမှာ တစ်ခဏ အံ့ဩသွားရသည်။

လန်ရွှယ် လှမ်းခေါ်လိုက်၏။

“ဟွေကျို”

ထိုသို့ခေါ်လိုက်မှပင် သူ သတိပြန်ဝင်လာတော့သည်။ သူသည် လက်ထဲမှ နှင်းဆီပန်းစည်းကို လန်ရွှယ်ထံသို့ ကမ်းပေးလိုက်၏။

လန်ရွှယ်က ပန်းစည်းကို လက်ခံယူကာ ပျော်ရွှင်စွာ ပြုံးလိုက်သော်လည်း အားနာသလို မျက်နှာထားဖြင့် ပြောလိုက်သည်။

“ဟွေကျို... နောက်တစ်ခါဆို ပန်းတွေ မဝယ်လာပါနဲ့တော့။ ရှင့်ဇနီး မြင်သွားရင် စိတ်ဆိုးနေဦးမယ်”

သွမ့်ဟွေကျို ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“သူငယ်ချင်းကောင်း တစ်ယောက်အတွက် ပန်းဝယ်ပေးတာ ဘာမှမဖြစ်ပါဘူး။ စိတ်မပူပါနဲ့၊ သူ ငါ့ကို မချုပ်ကိုင်နိုင်ပါဘူး”

လန်ရွှယ်သည် ဤကဲ့သို့ အလိုလိုက် ခံရခြင်းကို အလွန်သဘောကျသည်။ သွမ့်ဟွေကျို၏ မိသားစုနောက်ခံမှာ ချန်ထျန်မင်း နှင့်ယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျမနေပါက ထိုစဉ် သူမသည် သွမ့်ဟွေကျိုကိုပင် ရွေးချယ်ကောင်း ရွေးချယ်ခဲ့ပေလိမ့်မည်။

သွမ့်ဟွေကျို ထိုင်ပြီးသည်နှင့် လန်ရွှယ်က သူ့အား မီနူးစာအုပ်ကို ကမ်းပေးလိုက်၏။

“ဟွေကျို... ဘာစားချင်လဲ ကြည့်လိုက်ဦး။ ရှင်မှာပြီးမှ ကျွန်မထပ်မှာလိုက်မယ်”

သွမ့်ဟွေကျိုလည်း ငြင်းမနေဘဲ ပြုံးကာ ဟင်းပွဲအနည်းငယ် မှာလိုက်ပြီးနောက် မီနူးကို လန်ရွှယ်ထံ ပြန်ပေးလိုက်သည်။

လန်ရွှယ်သည် မီနူးကို လက်ခံယူကာ တစ်ချက်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသော ဟန်ပန်ဖြင့် ဆိုလိုက်သည်။

“ဟွေကျို ရှင်မှာလိုက်တာတွေက ကျွန်မကြိုက်တဲ့ ဟင်းတွေချည်းပါလား”

သွမ့်ဟွေကျို၏ ရင်ထဲတွင် အကြောင်းမဲ့ ဂုဏ်ယူမာန်တက်လာမိသည်။

“အရင်က အတူတူ စားဖူးတုန်းက မင်းက ဒီဟင်းတွေကို အတော်ကြိုက်တယ်ဆိုတာ ငါ သတိထားမိလို့ပါ”

လန်ရွှယ် ပြုံးလျက် ပြောလိုက်သည်။

“ဟွေကျို ရှင်က စိတ်ရှည်လက်ရှည်နဲ့ သတိထားမိတာပဲ။ ဒါတောင်မှ သတိထားမိသေးတယ်”

သွမ့်ဟွေကျိုသည် လန်ရွှယ်ကို ပြုံးကြည့်ရင်း ရှေ့တွင်ထိုင်နေသူသာ သူ့ဇနီးဖြစ်ခဲ့လျှင် မည်မျှကောင်းမည်နည်းဟု အတွေးထဲတွင် တွေးမိလိုက်သည်။

လန်ရွှယ်သည် သူမလိုချင်သော ကိစ္စကို တန်းပြောမည့်အစား သွမ့်ဟွေကျိုနှင့် မကြာသေးမီက အဖြစ်အပျက်များအကြောင်း စကားစမြည်ပြောပြီးမှသာ နန်ချင်ဝမ်အကြောင်းကို သွယ်ဝိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ဟွေကျို... အရင်တုန်းက ရှင်ပြောဖူးတယ်လေ။ ရှင့်မိန်းမက ယဲ့ယီတို့ကုမ္ပဏီမှာ အလုပ်လုပ်ချင်တယ်ဆိုတာ။ သူ သွားပြီလား”

သွမ့်ဟွေကျိုက ခေါင်းညိတ်ပြသည်။

လန်ရွှယ်က အခက်တွေ့နေဟန်ဖြင့် ပြောလိုက်သည်။

“ဟွေကျို... ကျွန်မတို့က အခု ယဲ့ယီနဲ့ ပြိုင်ဘက်တွေ ဖြစ်နေတာလေ။ ရှင့်ဇနီးက အဲဒီလို လုပ်နေတော့...”

သူမ စကားကို အဆုံးမသတ်ဘဲ ချန်ထားလိုက်သည်။ သို့သော် သွမ့်ဟွေကျိုက မည်သို့နားမလည်ဘဲ ရှိမည်နည်း။

နန်ချင်ဝမ်သည် ယဲ့ယီ၏ မန်နေဂျာဖြစ်နေကြောင်း သိသွားသည်နှင့် ပရိသတ်များက သွမ့်ဟွေကျို၏ လူမှုကွန်ရက်စာမျက်နှာသို့ လာရောက်ကာ သူတို့ဇနီးမောင်နှံ နှစ်ဦး အဆင်မပြေဖြစ်နေပြီလားဟု ဝိုင်းဝန်းမေးမြန်းကြတော့မည်။

ထိုအကြောင်းကို တွေးမိသည်နှင့် သွမ့်ဟွေကျို ဒေါသထွက်လာကာ မျက်မှောင်ကြုတ်မိသွားသည်။

လန်ရွှယ်က ထိုအမူအရာကို ချက်ချင်းရိပ်မိကာ ချော့မော့သည့် လေသံဖြင့် ပြောလိုက်ကာ အကြံပေးသလိုလိုနှင့် မြောက်ပေးလိုက်သည်။

“ဟွေကျို.... ရှင့်ဇနီးကို ဟိုင်ထျန်ဖျော်ဖြေရေးမှာပဲ လာလုပ်ဖို့ ပြောကြည့်ပါလား။ ကျွန််မအမျိုးသားကို ပြောပြီး နေရာချပေးခိုင်းမယ်လေ။ ယဲ့ယီနောက်ကိုပဲ သူ လိုက်နေရင် ရှင့်အတွက် သိက္ခာကျစရာ ဖြစ်နေဦးမယ်”

နန်ချင်ဝမ်အတွက် အလုပ်အကိုင်ကို ချန်ထျန်မင်းအား စီစဉ်ခိုင်းလိုက်မည်ဆိုသော စကားမှာ သွမ့်ဟွေကျိုအတွက် ကိုယ့်ပါးကို ပြန်ရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

သူသည် မျက်နှာပျက်ပျက်ဖြင့် ဆိုလိုက်သည်။

“သမီးလေး ကျားကျားက လူကြီး တစ်ယောက်ရဲ့ စောင့်ရှောက်မှုကို လိုအပ်တဲ့အရွယ်ပဲ ရှိသေးတာလေ။ ငါပြန်သွားရင် သူ့ကို အလုပ်ထွက်ခိုင်းပြီး အိမ်မှာပဲ ကလေးထိန်းခိုင်းလိုက်မယ်”

လန်ရွှယ်သည် သွမ့်ဟွေကျို မမြင်အောင် မဲ့ပြုံးပြုံးလိုက်သည်။ သူမသည် ယဲ့ယီအနားတွင် ရှိသမျှ လူအားလုံးကို တစ်ယောက်ပြီးတစ်ယောက် မောင်းထုတ်ပစ်ချင်နေခြင်း ဖြစ်သည်။

နန်ချင်ဝမ်ကဲ့သို့ အချစ်ရူးမလေးမှာ သွမ့်ဟွေကျို ပြောသည်ကို နားထောင်ပြီး အလုပ်ထွက်သွားလိမ့်မည်ဟု သူမ ယုံကြည်နေသည်။ ထိုအချိန်ကြလျှင် ‘ ယဲ့ယီကို မည်သည့်မန်နေဂျာကမှ လက်မခံချင်ကြ’ ဟု သတင်းလွှင့်ကာ ယဲ့ယီကို သိက္ခာချပစ်ရန် ကြံစည်ထား၏။

နေအိမ်သို့ ပြန်ရောက်သောအခါ သွမ့်ဟွေကျိုသည် ဒေါသအလိပ်လိုက်ဖြင့် နန်ချင်ဝမ်၏ ရုံးခန်းထဲသို့ ဝင်သွားသည်။ ထိုအချိန်တွင် နန်ချင်ဝမ်သည် လူတွေ့စစ်ဆေးပွဲအတွက် ပြင်ဆင်နေပြီး သွမ့်ဟွေကျိုကို ဂရုမစိုက်ဘဲ အလုပ်ကိုသာ ဆက်လုပ်နေသည်။

နန်ချင်ဝမ်၏ အေးစက်စက် အမူအရာကြောင့် သွမ့်ဟွေကျို ပေါက်ကွဲသွားကာ သူမ လက်ပ်တော့ပ် ကို ဘုန်းခနဲ မြည်အောင် ရိုက်ပိတ်ပစ်လိုက်သည်။

နန်ချင်ဝမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ရှင် ဘာဖြစ်တာလဲ”

သွမ့်ဟွေကျို အနားရောက်လာသည်နှင့် သူ့ကိုယ်ပေါ်မှ ရေမွှေးနံ့မှာ နန်ချင်ဝမ်၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူ ထိုတစ်ယောက်နှင့် သွားတွေ့ခဲ့ပြန်ပြီ ဆိုသည့် အသိကြောင့် နန်ချင်ဝမ်၏ ရင်ထဲတွင် ရွံရှာမုန်းတီးစိတ်များ ဖြစ်ပေါ်လာခဲ့၏။

သွမ့်ဟွေကျိုက မာန်ပါပါဖြင့် အမိန့်ပေးလိုက်သည်။

“မင်းမနက်ဖြန် အလုပ်ထွက်လိုက်တော့”

“ဘာလို့လဲ”

နန်ချင်ဝမ်သည် မယုံနိုင်စွာ မေးလိုက်သည်။

သွမ့်ဟွေကျိုက မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။

“အွန်လိုင်းမှာ ငါတို့အကြောင်း ဘာတွေပြောနေကြလဲ မင်းမသိဘူးလား။ ယဲ့ယီက ဟိုင်ထျန်နဲ့ ရန်သူဖြစ်နေတာ သိသိကြီးနဲ့ သူ့ဆီမှာ မန်နေဂျာ သွားလုပ်ရသလား။ အဲဒါက ငါ့ကို ဘယ်လောက် ထိခိုက်စေလဲဆိုတာ နင် စဉ်းစားမိရဲ့လား”

နန်ချင်ဝမ်က လှောင်ပြုံးပြုံးကာ မေးလိုက်သည်။

“ဒါကြောင့်ပဲ ရှင်က ကျွန်မကို အလုပ်ထွက်ခိုင်းတာပေါ့ ဟုတ်လား”

သွမ့်ဟွေကျိုးက ခပ်ပြတ်ပြတ်ပင် ဆိုသည်။

“ငါ မင်းကို မကျွေးနိုင်တာလည်း မဟုတ်ဘူး။ ငါ့စကားကို နားထောင်ပြီး မနက်ဖြန် အလုပ်သွားထွက်လိုက်”

ထိုအခိုက်အတန့်တွင် နန်ချင်ဝမ်၏ အချစ်ကြောင့် ကန်းနေသော မျက်စိများမှာ ရုတ်ချည်းပင် ပွင့်သွားသလို ခံစားလိုက်ရသည်။

သူသည် သူမကို အလုပ်မလုပ်ခိုင်းဘဲ တားဆီးသော်လည်း နောက်ပိုင်းတွင် အလုပ်မရှိသူဟု ဆိုကာ သူမကို နှိမ်ဦးမည်သာ ဖြစ်သည်။

နန်ချင်ဝမ် သည် သက်ပြင်းချကာ အလွန်လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မ အလုပ်မထွက်နိုင်ဘူး။ ရှင်ကျွန်မကိုကျွေးဖို့ မလိုဘူး၊ ကိုယ့်ဘာကိုယ် ကျွေးနိုင်တယ်”

သွမ့်ဟွေကျိုက လှောင်ပြောင်သည့် လေသံဖြင့် နှိမ်လိုက်သည်။

“မင်းက ဘယ်လောက်များ ရှာနိုင်မှာမို့လို့လဲ။ မင်းလစာနဲ့ အိတ်တစ်လုံးတောင် ဝယ်နိုင်ပါ့မလား”

သို့သော် နန်ချင်ဝမ်သည် ယခင်ကလို တုန်လှုပ်မသွားတော့ဘဲ တုံ့ပြန်လိုက်သည်။

“ဘယ်လောက်ပဲရရ၊ အဲဒါ ကျွန်မကိုယ်တိုင် ရှာထားတဲ့ ပိုက်ဆံပဲ။ ကျွန်မပိုက်ဆံကို ကျွန်မဘယ်လိုသုံးသုံး ဘယ်သူမှ ဝင်ပြောပိုင်ခွင့် မရှိဘူး”

သွမ့်ဟွေကျို နန်ချင်ဝမ် သူ့ကို ပြန်လည်စိန်ခေါ်နေသည်ကို သိသဖြင့် ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သည်။

“နန်ချင်ဝမ်... မင်း တကယ်ပဲ အစွမ်းထက်နေပြီပေါ့လေ။ ဟုတ်ပြီ... မင်း အလုပ်မထွက်ရင် ငါတို့ ကွာရှင်းကြမယ်”

နန်ချင်ဝမ်သည် သူ့ကို မကွာရှင်းပါရန် ငိုယိုတောင်းပန်ပြီး ချက်ချင်း အလုပ်ထွက်လိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

“ကောင်းပြီလေ”

“ဒါဆိုရင် မင်းဘာလို့ ... ဘာ..ဘာပြောလိုက်တယ်”

သွမ့်ဟွေကျို တစ်ယောက် ကိုယ့်နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။

နန်ချင်ဝမ်က ခါးသီးစွာ ပြုံးလျက် ထပ်ပြောလိုက်သည်။

“ကွာရှင်းဖို့ ကျွန်မသဘောတူတယ်”

သွမ့်ဟွေကျိုက မယုံနိုင်သလို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

“နန်ချင်ဝမ်... မင်း ရူးသွားပြီလား။ အရင်တုန်းက ဘယ်လိုမှ ကွာမပေးဘူးဆိုပြီး အခုကျတော့ ဒီသောက်သုံးမကျတဲ့ အလုပ်အတွက်နဲ့ ငါ့ကို ကွာရှင်းမယ်ပေါ့ ဟုတ်လား”

နန်ချင်ဝမ်သည် ကျဆင်းလုနီးပါးဖြစ်သော မျက်ရည်များကို အတင်းထိန်းကာ ခိုင်မာသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ရှင်ပဲ အမြဲတမ်း ကွာချင်နေတာ မဟုတ်လား။ ဒီတစ်ကြိမ်တော့ ရှင့်ဆန္ဒကို ကျွန်မဖြည့်ဆည်းပေးမယ်။ ရသစုံအစီအစဉ်ရိုက်ကူးရေး ပြီးတာနဲ့ ကျွန်မတို့ ကွာရှင်းကြတာပေါ့”

နန်ချင်ဝမ်ဘက်မှ အတည်ပြောနေခြင်းဖြစ်ကြောင်း သိလိုက်ရချိန်တွင် သွမ့်ဟွေကျို၏ ရင်ထဲတွင် အလိုမကျမှုများဖြင့် ဂယောက်ဂယက် ဖြစ်လာသည်။ သူ နန်ချင်ဝမ်ကို ကွာရှင်းချင်ခဲ့သည်မှာ မှန်သော်လည်း ယခုကဲ့သို့ တုံ့ပြန်မှုကိုမူ မည်သို့ကိုင်တွယ်ရမှန်း မသိ ဖြစ်နေသည်။

“မင်း တကယ်ပဲ ကွာရှင်းချင်တာလား။ ငါတို့ ကွာရှင်းရင် ကျားကျားရဲ့ အုပ်ထိန်းခွင့်ကိုတော့ မင်းကို လုံးဝ ပေးမှာမဟုတ်ဘူးနော်”

နန်ချင်ဝမ်မှာ သွမ့်ဟွေ့ကျို၏ စိတ်ကို နားမလည်နိုင်တော့ပေ။ ယခင်က သူ့ဘက်မှ ကွာရှင်းခွင့်တောင်းဆိုတုန်းက သူမက ငြင်းဆိုခဲ့ပြီး ယခု သူမ သဘောတူသည့်အခါတွင်မူ သူက ဝေဝေဝါးဝါး ဖြစ်နေပြန်၏။

သို့သော်လည်း နန်ချင်ဝမ်သည် ဤကိစ္စကို အပြီးတိုင် အဆုံးသတ်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သည်။

“သွမ့်ဟွေကျို... ငါ ပင်ပန်းနေပြီ။ ဒီတစ်ကြိမ်တော့ နင်နဲ့ ဆက်ပြီး မပတ်သက်ချင်တော့ဘူး။ ကျားကျားရဲ့ အုပ်ထိန်းခွင့်ကိုလည်း ငါ လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး။ ငါတို့ အတူရှိခဲ့တဲ့ နှစ်တွေကို ငဲ့ညှာရင် ဒီကိစ္စမှာ ငါ့ကို အကျပ်မကိုင်ပါနဲ့။ ကျားကျားက နင့်ဆီမှာထက် ငါ့ဆီမှာ ရှိနေတာက ပိုကောင်းလိမ့်မယ်”

သွမ့်ဟွေကျိုး အနည်းငယ် ထိတ်လန့်သွားပြီး ဆိုလိုက်သည်။

“နန်ချင်ဝမ်... စကားဆိုတာ ပြောပြီးရင် ပြန်ယူလို့ မရဘူးဆိုတာ မင်း သိလား။ မင်းသာ အလုပ်ထွက်လိုက်မယ်ဆိုရင် ငါ ကွာရှင်းမဲ့ကိစ္စကို ပြန်ရုပ်သိမ်းပေးနိုင်တယ်”

သူကိုယ်တိုင် ကွာရှင်းခွင့် တောင်းဆိုခဲ့သည်မှာ ကြာပြီ ဖြစ်သော်လည်း နန်ချင်ဝမ်ဘက်မှ စတင်ပြောဆိုလာသည့်အခါတွင်မူ သွမ့်ဟွေ့ကျိုတစ်ယောက် ဤအမှန်တရားကို လက်မခံနိုင် ဖြစ်နေ၏။

‘နန်ချင်ဝမ်က တကယ်ကြီး စွန့်ခွာမသွားနိုင်ပါဘူး ဟုတ်တယ်မလား။သူ ငိုယိုပြီးတောင် ငါ့ကို မထားခဲ့ဖို့ တောင်းပန်နေရမှာမဟုတ်ဘူးလား’

All Chapters