အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
အခန်း(၄၇)
အညတရ အကြွင်းအကျန်များ
နန်ချင်ဝမ် နောက်ဆုံးတွင် သူမ မျက်ရည်များကို ထိန်းမထားနိုင်တော့သော်လည်း သူမ ဆုံးဖြတ်ချက်မှာ ခိုင်မာနေဆဲပင်။
“ကျွန်မ အလုပ်ထွက်မှာ မဟုတ်ဘူး”
သွမ့်ဟွေကျို စိတ်မရှည်သလို လေသံဖြင့် ပြောလိုက်သည်။
“မင်းက ဘာလို့ ဒီလိုဖြစ်နေရတာလဲ”
နန်ချင်ဝမ်က သွမ့်ဟွေကျိုကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
‘ငါ ဘယ်လိုဖြစ်နေလို့လဲ၊ သူက ကွာရှင်းချင်နေတာလေ၊ အခု ငါ သူ့ဆန္ဒကို ဖြည့်ဆည်းပေးနေပြီပဲ၊ သူ ပျော်သင့်တာ မဟုတ်ဘူးလား’
“ကွာရှင်းတဲ့ကိစ္စကို နောက်မှ ထပ်ပြောကြတာပေါ့”
ဤသို့ပြောပြီးနောက် သွမ့်ဟွေကျို နန်ချင်ဝမ်၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ တိုက်ရိုက် ထွက်ခွာသွားလေသည်။ ယခုနောက်ပိုင်းတွင် သူသည် အပြင်မှာပဲ နေထိုင်လေ့ရှိပြီး အိမ်သို့ ရံဖန်ရံခါမှသာ ပြန်လာတတ်သည်။
သွမ့်ဟွေကျို၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း နန်ချင်ဝမ် ခါးသီးစွာ ပြုံးလိုက်မိသည်။
တစ်ခုခုကို အမှန်တကယ် လက်လွတ်ဆုံးရှုံးရတော့မည့်အချိန်ကျမှသာ လူများက တန်ဖိုးထားတတ်ကြသည် ဆိုသော စကားမှာ အမှန်ပင် ဖြစ်နေတော့သည်။
လူရွေးပွဲ အကဲဖြတ်သူများအဖြစ် ယဲ့ယီသည် ကျီချန်ဖန်၊ အထွေထွေမန်နေဂျာ လီခဲ့နှင့် ဒါရိုက်တာတို့ကို တိုက်ရိုက် ခန့်အပ်လိုက်သည်။
ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် ဝါရင့်သရုပ်ဆောင်တစ်ဦးအနေဖြင့် သူမ နားလည်ထားသည့် အမှန်တရားတစ်ခု ရှိသည်။ ဤသည်မှာ သရုပ်ဆောင်ကို ရွေးချယ်ရာတွင် သရုပ်ဆောင်စွမ်းရည်ကိုသာမက ထိုသူ၏ စရိုက်လက္ခဏာကိုပါ ကြည့်ရှုရမည် ဖြစ်သည်။
သို့မဟုတ်ပါက ပင်ပင်ပန်းပန်း ရိုက်ကူးပြီးစီးသည့်အခါမှ တစ်စုံတစ်ယောက် ဥပဒေချိုးဖောက်မှု သို့မဟုတ် စည်းကမ်းမဲ့မှုတစ်ခုခုကို ပေါ့ပေါ့တန်တန် လုပ်ဆောင်မိပါက ဇာတ်ကားတစ်ခုလုံး ပြသခွင့်မရဘဲ ဖြစ်သွားပေလိမ့်မည်။
ယဲ့ယီ၏ အဓိကအလုပ်မှာ ဤသရုပ်ဆောင်များ၏ စရိုက်ကို တိတ်တဆိတ် လေ့လာစောင့်ကြည့်ရန်နှင့် သူတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အရှုပ်တော်ပုံ မရှိစေရန် အာမခံချက် ပေးရန် ဖြစ်သည်။
ကုမ္ပဏီသို့ ရောက်ရှိပြီးနောက် ကျီချန်ဖန်သည် ဇာတ်လမ်းအကြောင်း ဆွေးနွေးရန် ယဲ့ယီ ရုံးခန်းသို့ တိုက်ရိုက်သွားခဲ့သည်။ ဆွေးနွေးမှု ပြီးခါနီးတွင် ကျီချန်ဖန်က ရုတ်တရက် မေးလိုက်သည်။
”ရှောင်ယီ၊ဒီကားထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကို ဘယ်သူ သရုပ်ဆောင်မှာလဲ.. ဒီဇာတ်ကောင်က အရမ်းအရေးကြီးတယ်၊ ဇာတ်ကားတစ်ခုလုံး အောင်မြင်မလားဆိုတာ ဒီအခန်းကဏ္ဍပေါ်မှာပဲ အဓိက မူတည်နေတာ”
ယဲ့ယီ ကျီချန်ဖန်ကို နားမလည်နိုင်သလို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ရုပ်ရှင်ဘုရင်ကျီက ကုမ္ပဏီရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာကို မကြည့်မိဘူးလား “
ကျီချန်ဖန်က ခေါင်းခါပြကာ ဆိုလိုက်သည်။
“အရမ်းအရေးကြီးတဲ့ ကိစ္စမျိုး မရှိရင် ကျွန်တော် ဆိုရှယ်မီဒီယာကို မဝင်ဖြစ်ဘူး”
အနုပညာမှ အနားယူတော့မည်ဟု ပြောစဉ်ကတည်းက သူသည် မိမိကိုယ်ကိုယ် ဒုက္ခမပေးလိုတော့ချေ။ အွန်လိုင်းပေါ် မတက်သရွေ့ သူတစ်ပါး သူ့အပေါ် မည်သို့ ဝေဖန်နေသည်ကို သိရှိမည် မဟုတ်ပေ။
ယဲ့ယီက ပြုံးလျက် ပြောလိုက်သည်။
“ဒီဇာတ်ကောင်ကို ကျွန်မကိုယ်တိုင် သရုပ်ဆောင်ဖို့ ရည်ရွယ်ထားတယ်”
“မင်းလား”
ကျီချန်ဖန် ယဲ့ယီကို သံသယဖြင့် ကြည့်လိုက်သည်။ ယဲ့ယီ သရုပ်ဆောင်တစ်ဦး ဖြစ်မှန်း သူသိသော်လည်း သူမသည် ဖျော်ဖြေရေးလောက၏ “အလှပန်းအိုး” ဟု လူသိများကြောင်း သူ့မန်နေဂျာထံမှ ကြားဖူးထားသည်။
သူမကို အလှပန်းအိုးဟု ခေါ်ကြသည်ဆိုလျှင် သူမ သရုပ်ဆောင်မှုက...
အခြားသူများကို ယုံကြည်လာအောင် လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ မိမိ၏ တကယ့်အရည်အချင်းကို ပြသရန်သာဖြစ်ကြောင်း ယဲ့ယီ သိသည်။
ယဲ့ယီ ဒါရိုက်တာနှင့် အခြားသူများကို ခေါ်ယူပြီး သူတို့အားလုံး ရှေ့တွင် သူမ အရည်အချင်းကို ပြသရန် ပြင်ဆင်လိုက်သည်။
ယဲ့ယီ ရွေးချယ်လိုက်သော အခန်းမှာ ခေါင်းဆောင်မင်းသမီး၏ မိခင်ဖြစ်သူ အသတ်ခံရပြီးနောက် ရာဇဝတ်မှုနှိမ်နင်းရေး ရဲအရာရှိ ရောက်ရှိလာသည့် အခန်းပင် ဖြစ်သည်။
ယဲ့ယီ သည် စိတ်ခံစားမှုကို ညှိယူပြီးနောက် ဇာတ်ကောင်ထဲသို့ လျင်မြန်စွာ စီးဝင်သွားခဲ့သည်။
ခေါင်းဆောင်မင်းသမီး တံခါးဖွင့်လိုက်ပြီး ရဲအရာရှိကို တွေ့လိုက်ရသည့်အချိန်တွင် သူမ မျက်လုံးများထဲ၌ ဇဝေဇဝါဖြစ်မှုများနှင့်အတူ ရဲတပ်ဖွဲ့အပေါ် ကြောက်ရွံ့ရိုသေသော အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။
မိခင် သေဆုံးသွားကြောင်း သိလိုက်ရသည့်အခါတွင် သူမသည် တုန်လှုပ်ခြောက်ခြားသွားပြီး ဝမ်းနည်းမှုများ ဖြစ်ပေါ်လာသော်လည်း၊ သူမ အနက်ရှိုင်းဆုံးသော မျက်လုံးအိမ်ထဲ၌ ဝမ်းနည်းသော အရိပ်အယောင် တစက်ကလေးမှ မရှိခဲ့ပေ။ အကယ်၍သာ ရဲအရာရှိက ခေါင်းမော့ကြည့်မိပါက သူမ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားနေသော အရိပ်အယောင်တစ်ခုကိုသာ မြင်တွေ့ရပေလိမ့်မည်။
ဇာတ်ဝင်ခန်းသည် ရိုးရှင်းသည့် အခန်းတစ်ခုဟု ထင်ရသော်လည်း ဤအပိုင်းသည် သရုပ်ဆောင်မှု စွမ်းရည်ကို အကြီးအကျယ် စမ်းသပ်သည့် အပိုင်းဖြစ်သည်။ စကားပြောခန်း အနည်းငယ်သာ ပါဝင်သောကြောင့် ပရိသတ်ကို ဇာတ်လမ်းထဲသို့ ဆွဲဆောင်နိုင်ခြင်း ရှိမရှိမှာ ခေါင်းဆောင်မင်းသမီး၏ သရုပ်ဆောင်မှုပေါ်တွင်သာ လုံးလုံးလျားလျားမူတည်နေသည်။
အကြည့်တစ်ချက်တည်းဖြင့်ပင် ယဲ့ယီ အခန်းထဲရှိ လူအားလုံးကို ဇာတ်လမ်းထဲသို့ ဆွဲခေါ်သွားပြီး သူတို့ကို အခင်းဖြစ်ပွားရာနေရာတွင် ကိုယ်တိုင်ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။
ယဲ့ယီ၏ သရုပ်ဆောင် ပြသမှုအပြီးတွင် ဒါရိုက်တာ ပထမဆုံး လက်ခုပ်တီးလိုက်ပြီးချီးကျူးလေသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်...ဒါဟာ ယဲ့ယီရဲ့ ဇာတ်ကောင်စစ်စစ်ပဲ”
ကျန်ရှိသူများလည်း သတိပြန်ဝင်လာကာ လက်ခုပ်တီးခဲ့ကြသည်။
ယဲ့ယီကို ကြည့်သည့် ကျီချန်ဖန်၏ အကြည့်များမှာ ချီးကျူးမှုများဖြင့် ပြည့်နှက်နေသည်။ ဝါရင့်သရုပ်ဆောင်တစ်ဦးအနေဖြင့် ယဲ့ယီ၏ သရုပ်ဆောင်မှုမှာ အမှန်တကယ်ပင် ထူးချွန်ကြောင်း သူ ဝန်ခံရပေမည်။ လက်ရှိ လုပ်ငန်းခွင်ရှိ သရုပ်ဆောင်များထဲတွင် သူမကို ကျော်လွန်နိုင်သူမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။
နန်ချင်ဝမ်က ပြုံးရင်း ပြောလိုက်သည်။
“ရှောင်ယီရဲ့ သရုပ်ဆောင်မှုက ဒီလောက်အထိ ကောင်းလိမ့်မယ်လို့ အစ်မ မထင်ထားခဲ့ဘူး”
ယဲ့ယီ ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူမ၏ သရုပ်ဆောင်မှု စွမ်းရည်မှာ ယခင်ဘဝကတည်းက တစ်စချင်း သွေးခဲ့ရခြင်း ဖြစ်သည်။ သူမ မည်မျှအထိ ကြိုးစားအားထုတ်ခဲ့ရသည်ကို သူမကိုယ်တိုင်သာ သိပေလိမ့်မည်။
သူတို့အားလုံး အင်တာဗျူးရန်အတွက် ခန်းမကို အတူတူ ပြင်ဆင်ခဲ့ကြပြီး လူရွေးပွဲသို့ လာရောက်ဖြေဆိုကြမည့် သရုပ်ဆောင်များကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
မမျှော်လင့်ဘဲ ပထမဆုံး ရောက်ရှိလာသူများမှာ ကုရှီချန်းနှင့် ကုစဲ့တို့ ဖြစ်နေသည်။
ဇာတ်အဖွဲ့က လူရွေးပွဲ စတင်နေပြီဖြစ်ကြောင်း ကုစဲ့ သိလိုက်ရပြီးနောက် ကုရှီချန်းကို သူ့အား လိုက်ပို့ပေးရန် ဇွတ်အတင်း ပူဆာခဲ့ခြင်း ဖြစ်သည်။ အမှန်မှာ ကုရှီချန်းကိုယ်တိုင်လည်း လာကြည့်ချင်ခဲ့သည်။ သို့သော် ကုရှီချန်းသည် သူ ရင်းနှီးမြှုပ်နှံထားသည့် သန်းခြောက်ဆယ် အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်၍ လာကြည့်ခြင်းသာ ဖြစ်သည်ဟု ဆင်ခြေပေးထားလေ၏။
ယဲ့ယီသည် ကုရှီချန်းနှင့် ကုစဲ့ကို မြင်သောအခါ ကုစဲ့ကို လှမ်းခေါ်လိုက်ပြီး ဒါရိုက်တာနှင့် အခြားသူများကို မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်မသားလေး ကုစဲ့ပါ၊ သူက ခေါင်းဆောင်မင်းသမီးရဲ့ မောင်လေးနေရာကနေ သရုပ်ဆောင်မှာ”
ထို့နောက် သူမ ကုရှီချန်းကို ကြည့်ကာ မိတ်ဆက်ပေးသည်။
“ဟိုဘက်ကတော့ ကုကော်ပိုရေးရှင်းရဲ့ စီအီးအို ကုရှီချန်းပါ၊ ကျွန်မတို့ ဇာတ်အဖွဲ့ရဲ့ ရင်းနှီးမြှုပ်နှံသူပေါ့”
ကုရှီချန်းသည် အကြောင်းရင်းမရှိဘဲ စိတ်မသက်မသာ ဖြစ်သွားရသည်။
‘ကုစဲ့ကို မိတ်ဆက်ပေးတော့ ကျွန်မသားလို့ ပြောပြီး သူ့ကိုကျမှ ဘာဖြစ်လို့ ကုကော်ပိုရေးရှင်းရဲ့ စီအီးအိုလို့ မိတ်ဆက်ပေးရတာလဲ’
စီအီးအိုကု မပျော်မရွှင် ဖြစ်နေသော်လည်း ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယဲ့ယီ ကုစဲ့၏ ပါးပြင်လေးကို ဆွဲညှစ်လိုက်ပြီး ပြောလိုက်သည်။
“ရောက်လာပြီဆိုတော့ မင်းလည်း လူရွေးပွဲမှာ ဝင်ဖြေကြည့်ပါလား”
ထို့နောက် သူမ ဇာတ်ညွှန်းကို ထုတ်ယူကာ ကုစဲ့ကို ဇာတ်ဆောင်အကြောင်း ရှင်းပြပေးလိုက်သည်။ ကုစဲ့ အဆင်သင့်ဖြစ်သောအခါတွင် လူရွေးပွဲကို စတင်လိုက်၏။
စမ်းသပ်မှု ပြီးဆုံးသွားသည့်အခါ လူတိုင်းက ကျေနပ်နေကြသည်။ ကုစဲ့သည် သူ့အလိုလို နားလည်တတ်မြောက်နိုင်သော အရည်အချင်း ရှိသည်ဟု ဆိုရမည်။
ယဲ့ယီသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်တွင် ကုစဲ့ကို မိုးကောင်းကင်တစ်ဆုံး ချီးကျူးနေမိသည်။
သူမသည် ကုစဲ့ကို အလွန်အမင်း ချီးကျူးနေသဖြင့် ကောင်လေးမှာ ရှက်သွေးဖြာသွားမိလေ၏။
ယဲ့ယီက ကုစဲ့ကို ထိုမျှအထိ ချီးကျူးနေသည်ကို မြင်သောအခါ ကုရှီချန်းသည်လည်း သူ့အခန်းကဏ္ဍမှာ မည်သည့်အကြောင်းအရာ ဖြစ်မည်ကို စပ်စုချင်လာသည်။
“ငါ့ရဲ့ အခန်းကဏ္ဍကရော ဘာလဲ”
ယဲ့ယီက ဇာတ်ညွှန်းကို ထုတ်ယူပြီး စာကြောင်းတစ်ကြောင်းကို လက်ညှိုးထိုးပြလိုက်သည်။
ကုရှီချန်းက ငုံ့ကြည့်လိုက်သည်။ ယဲ့ယီညွှန်းပြလိုက်သော စာကြောင်းမှာ ဤအတိုင်းပင် ဖြစ်သည်။
[ ပျက်စီးယိုယွင်းနေသော လမ်းကြားထဲတွင် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။ ရဲအရာရှိ ရောက်ရှိလာသည့်အခါ ဘေးပတ်ဝန်းကျင်တွင် လူအများအပြား စုရုံးရောက်ရှိနေကြပြီး တီးတိုး ဝေဖန်ပြောဆိုနေကြသည်]
“ရှင်က အဲဒီ ဝိုင်းကြည့်နေတဲ့ လူအုပ်ထဲက တစ်ယောက်ပေါ့။ ဒီအခန်းကဏ္ဍကို အထင်မသေးနဲ့၊ ဒါက အရမ်းအရေးကြီးတယ်။ ရဲအရာရှိက ဝိုင်းကြည့်နေတဲ့သူတွေရဲ့ ပါးစပ်ကနေ အချက်အလက်တွေ အများကြီး သိရမှာလေ ဒါက ဇာတ်လမ်းတိုးတက်ဖို့အတွက် အဓိကကျတဲ့ ဇာတ်ကောင်ပဲ”
ကုရှီချန်း အကူအညီမဲ့စွာ နဖူးကို ဖိလိုက်မိသည်။
‘ဝိုင်းကြည့်တဲ့လူဆိုလည်း ဖြစ်ပါတယ်လေ၊ အနည်းဆုံးတော့ ဖန်သားပြင်ပေါ် ပါတာပေါ့’
ထို့နောက် ကုရှီချန်းတွင် ကုမ္ပဏီ၌ အစည်းအဝေး ရှိနေသေးသဖြင့် သူသည် ပြန်လည် ထွက်ခွာသွားသည်။ ကုစဲ့က ခဏမျှ ဆက်နေပြီးနောက် ကျောင်းသို့ ပို့ဆောင်ခံလိုက်ရသည်။
ယဲ့ယီနှင့် အခြားသူများမှာ လူရွေးပွဲသို့ လာကြမည့်သူများကို ကံတရားအတိုင်း တိတ်ဆိတ်စွာဖြင့် ဆက်လက် စောင့်ဆိုင်းနေခဲ့၏။
လာရောက်ဖြေဆိုသူ တော်တော်များများ ရှိသော်လည်း အခြေခံအားဖြင့် လူသိများခြင်းမရှိသည့် ကံစမ်းလာကြသော အသစ်အသစ်များသာ ဖြစ်ကြသည်။
သို့သော် ဤလူသစ်စုထဲတွင် သရုပ်ဆောင်ကောင်းသူ အနည်းငယ် ပါဝင်လာသည်။ တစ်နေ့တာ ကုန်ဆုံးသွားချိန်တွင် သူတို့သည် ဇာတ်ကောင် တော်တော်များများကို ရွေးချယ်နိုင်ခဲ့ကြသည်။
သို့သော် အရေးကြီးသော ဇာတ်ကောင်ဖြစ်သည့် ခေါင်းဆောင်မင်းသမီး၏ ရဲအရာရှိ ချစ်သူနေရာအတွက် သင့်တော်သူကို ရှာမတွေ့သေးပေ။ ဤနေရာအတွက် လာရောက်ဖြေဆိုသူ များပြားသော်လည်း သူတို့အားလုံးမှာ ခံစားချက်လေးတစ်ခု လိုနေကြသည်။
ဇာတ်ကောင်ရွေးချယ်မှုနှင့် ပတ်သက်၍ ယဲ့ယီနှင့် ဒါရိုက်တာတို့သည် အမြင်ချင်း တူညီကြသည်။ သူတို့သည် အချိန်အနည်းငယ် ပိုကုန်သွားပါစေ မည်သူ့ကိုမဆို ဖြစ်သလို ရွေးချယ်သွားမည် မဟုတ်ပေ။
လန်ရွှယ်ဘက်တွင် အခြေအနေမှာ ယဲ့ယီတို့ဘက်ထက် အများကြီး ပိုကောင်းနေသည်။ အခြေခံအားဖြင့် လူရွေးပွဲလာသူအားလုံးမှာ ဖျော်ဖြေရေးလောကမှ ထိပ်တန်းကြယ်ပွင့်များ ဖြစ်ကြသည်။ လူရွေးပွဲ ပထမနေ့မှာပင် သူတို့သည် နာမည်ကြီး သရုပ်ဆောင် အချို့၏ အမည်စာရင်းကို တရားဝင် ကြေညာခဲ့သည်။
ပရိသတ်အများအပြားသည် ဂျက်နီစစ်မီဒီယာ ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာသို့ သွားရောက်ကာ အညတရ အကြွင်းအကျန်များကိုသာ စုဆောင်းနိုင်သည်ဟု လှောင်ပြောင်ကြလေသည်။
အချို့က ယဲ့ယီ၏ ဇာတ်ကားနှင့် လန်ရွှယ်၏ ဇာတ်ကားအနက် မည်သည့်ဇာတ်ကားက ရုံတင်ဝင်ငွေ ပိုရမည်နည်းဟု စစ်တမ်းကောက်ယူခြင်းများပင် ပြုလုပ်လာကြသည်။ အင်တာနက်အသုံးပြုသူအများစုမှာ လန်ရွှယ်ကိုသာ ရွေးချယ်ခဲ့ကြပြီး ယဲ့ယီကို ရွေးချယ်သူမှာ အလွန်ပင် နည်းပါးခဲ့သည်။
အခန်း (၄၈)
အဆိပ်များခတ်ထားတာလား
ကုကော်ပိုရေးရှင်း
ကုရှီချန်း အစည်းအဝေးပြီးသည်နှင့် သူ့လက်ထောက်ရောက်လာကာ ကုကော်ပိုရေးရှင်းနှင့် လက်တွဲလုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခု၏ အကြီးအကဲမှာ သူ့ကိုရှာနေပြီး လက်ရှိတွင် အစည်းအဝေးခန်း၌ စောင့်ဆိုင်းနေကြောင်း အကြောင်းကြားခဲ့သည်။
ကုရှီချန်းကို မြင်သည်နှင့် လက်ဖက်ရည်သောက်နေသော ထိုလူမှာ ချက်ချင်းပင် ထရပ်လိုက်ပြီး နှုတ်ဆက်လေသည်။
“စီအီးအိုကု”
ကုရှီချန်က ယဉ်ကျေးစွာ ခေါင်းညိတ်ပြလျက် မေးလိုက်သည်။
“စီအီးအိုစူး ၊တစ်ခုခု လိုအပ်လို့လားဗျ”
စီအီးအိုစူးဟု ခေါ်ဝေါ်ခံရသူက ပြုံးပြီး ပြောလေသည်။
“ဒီနေ့ စီအီးအိုကုဆီ လာတာက အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ”
စီးပွားရေးလောကတွင် အချင်းချင်း ကူညီကြသည်မှာ ထုံးစံဖြစ်သဖြင့် ကုရှီချန်းမှာ နေသားကျနေပြီ ဖြစ်သည်။ သို့သော် စီးပွားရေးသမား ဖြစ်သည့်အတိုင်း အမြတ်အစွန်းမှာ အမြဲတမ်း ပထမဖြစ်သည်။ တစ်စုံတစ်ဦးကို အကူအညီတောင်းလိုပါက မိမိ၏ ရိုးသားဖြောင့်မတ်မှုနှင့် စိတ်စေတနာကို ပြသရမည် ဖြစ်သည်။
“စီအီးအိုစူး ပြောပါဦး။ ကျွန်တော် လုပ်ပေးနိုင်တာမျိုးဆိုရင်တော့ ကူညီပေးမှာပါ”
ကုရှီချန်က ပြန်ပြောလိုက်သည်။
သို့သော်လည်း တစ်ဖက်လူက မည်သို့သော အလဲအလှယ်မျိုး လုပ်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ကုရှီချန်းသည် သူ့စိတ်ထဲက နောက်ဆက်တွဲအတွေးကို ထုတ်မပြောသော်လည်း စူးချန်ချင်မှာ အလိုလို နားလည်ပြီးသား ဖြစ်သည်။
“စီအီးအိုကုတောင် မကိုင်တွယ်နိုင်တဲ့ ကိစ္စမျိုးဆိုရင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ကိစ္စက ဒီလိုပါ... ကျွန်တော့်ရဲ့ အချစ်တော်သားလေးက ခင်ဗျားဇနီး ထုတ်လုပ်တဲ့ ရုပ်ရှင်ထဲမှာ ဇာတ်ကောင်တစ်နေရာ သရုပ်ဆောင်ချင်နေလို့ပါ။ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်သားရဲ့ ဝါသနာကို အပြည့်အဝ ထောက်ပံ့ပေးချင်မိတာပေါ့”
ကုရှီချန်း၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိသည်ကို မြင်သောအခါ စူးချန်ချင်က ဆက်ပြောသည်။
“အကယ်၍ စီအီးအိုကုသာ ကျွန်တော့်သားလေးအတွက် အဲဒီဇာတ်ကောင်နေရာကို ပေးနိုင်မယ်ဆိုရင် တောင်ဘက်က အဲဒီမြေကွက်ကို ခင်ဗျားလက်ထဲ အပ်လိုက်ပါ့မယ်”
စူးချန်ချင် ပြောနေသော တောင်ဘက်မှ မြေကွက်မှာ ကုကော်ပိုရေးရှင်းမှ ဝယ်ယူရန် အလိုရှိနေသော မြေကွက်ဖြစ်ပြီး စူးချန်ချင်က လက်ဦးမှုယူကာ ဝယ်ယူထားခြင်း ဖြစ်သည်။ အတိအလင်း ထုတ်ပြန်ထားခြင်း မရှိသော်လည်း အစိုးရက ထိုမြေနေရာကို ခရီးသွားဆွဲဆောင်ရာ နေရာအဖြစ် ဖော်ဆောင်တော့မည် ဖြစ်ကြောင်း သတင်းများ ကြိုတင်ရရှိထားသဖြင့် နောင်တွင် ထိုမြေ၏တန်ဖိုးမှာ နှစ်ဆ တက်လာပေလိမ့်မည်။
ကုရှီချန်းသည် ထိုမြေနေရာကို လိုချင်နေရခြင်းမှာလည်း ဤအကြောင်းရင်းကြောင့်ပင်။ အကယ်၍ ထိုမြေနေရာကို ရရှိပါက ကုကော်ပိုရေးရှင်း၏ အရောင်းစင်တာတစ်ခုကို ထိုနေရာတွင် ဖွင့်လှစ်နိုင်သည်။ ကမ္ဘာလှည့်ခရီးသည်များသော နေရာဖြစ်သည့်အတွက် အရောင်းအဝယ် ဖြစ်ထွန်းမှုမှာ ပြောနေစရာပင် မလိုတော့ဘဲ ကုမ္ပဏီ၏ အကျိုးအမြတ်မှာ ထိုးတက်သွားမည်မှာ သေချာသည်။
စူးချန်ချင်သည် သားဖြစ်သူ စူးယန်အတွက် ထိုနေရာကို ရရှိရန် အရင်းအနှီး အကြီးအကျယ် စိုက်ထုတ်နေခြင်း ဖြစ်သည်။ မတတ်နိုင်ပေ။ စူးယန်သည် သူ၏ တစ်ဦးတည်းသော အချစ်တော်သားလေး ဖြစ်နေသည် မဟုတ်လော။
သူ၏ ကြွယ်ဝချမ်းသာမှုအရ သားဖြစ်သူ သရုပ်ဆောင်ဝါသနာကို ထောက်ပံ့ပေးရန်မှာ လွယ်ကူသော်လည်း သို့သော် စူးယန်သည် ယခင်က ဇာတ်ပို့သရုပ်ဆောင်တစ်ဦးကို ဒဏ်ရာအပြင်းအထန်ရသည့် အထိ ထိုးကြိတ်ခဲ့သဖြင့် လအတော်ကြာ ထိန်းသိမ်းခံခဲ့ရဖူးသည်။
အကျဉ်းထောင်မှ ပြန်ထွက်လာသော်လည်း အခြားရိုက်ကူးရေးအဖွဲ့များက သူ့ကို လက်မခံချင်ကြတော့ပေ။ စူးယန်ကိုယ်တိုင်ကလည်း နာမည်မရှိသည့် ရိုက်ကူးရေးအဖွဲ့များကို အထင်သေးတတ်သူ ဖြစ်သည်။
ယဲ့ယီ၏ ရိုက်ကူးရေးအဖွဲ့မှာ အခြေအနေမဟန်ဘဲ လူသိနည်းသော်လည်း အနည်းဆုံးတော့ ရုပ်ရှင်ဘုရင်တစ်ဦး ပါဝင်နေပြီး မကြာသေးမီက လူကြိုက်များလာသည်ကို စူးချန်ချင်း သတိထားမိသည်။ စူးယန်ဘက်ကလည်း အနည်းငယ် စိတ်ကျေနပ်မှု ရှိပြန်၏။ သို့ဖြစ်ရာ သားဖြစ်သူ၏ ဆန္ဒအတွက် အကျိုးအမြတ်အချို့ကို လက်လွှတ်ရန် သူ ဝန်မလေးတော့ပေ။
စူးချန်ချင်း၏ စကားကို ကြားပြီးနောက် ကုရှီချန်းက မျက်မှောင်ကြုတ်လျက် ပါးနပ်စွာ ငြင်းဆိုလိုက်သည်။
“ဂျက်နီစစ်မီဒီယာကို ကျွန်တော့်ဇနီးကပဲ အပြည့်အဝ စီမံခန့်ခွဲနေတာပါ၊ အဲဒီကိစ္စတွေမှာ ကျွန်တော် ဝင်မစွက်ဖက်ဘူး။ အကယ်၍ ခင်ဗျားသား တကယ်ပဲ ဒီဇာတ်ကောင်ကို စိတ်ဝင်စားတယ်ဆိုရင် လူရွေးပွဲကို သွားပြီး ဖြေကြည့်လို့ ရပါတယ်။ သူနဲ့ သင့်တော်တယ်ဆိုရင်တော့ အရွေးခံရမှာပါ။ တောင်ဘက်က မြေကွက်ကိစ္စကိုတော့ ပုံမှန်ဈေးနှုန်းအတိုင်းပဲ ဆက်လုပ်ကြတာပေါ့”
စူးချန်ချင်းသည် ကုရှီချန်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သော်လည်း သားဖြစ်သူကို ငဲ့ကွက်ကာ နားမလည်ဟန် ဆောင်လိုက်သည်။
“ဂျက်နီစစ်မီဒီယာက ခင်ဗျားဇနီးပိုင်တာဆိုတော့ စီအီးအိုကု ပိုင်တာနဲ့ အတူတူပါပဲ။ ခင်ဗျားအနေနဲ့ ဝင်ပါဖို့ အဆင်မပြေဘူးဆိုရင်လည်း ဇနီးဖြစ်သူကို ပြောပြပေးလို့ ရပါတယ်။ ကျွန်တော့်သားသာ အရွေးခံရမယ်ဆိုရင် ဇာတ်အဖွဲ့အတွက် ငွေသန်းငါးဆယ် ချက်ချင်း ရင်းနှီးမြှုပ်နှံပါ့မယ်”
ကုရှီချန်းက ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
“ဒီအကြောင်းကို ကျွန်တော့်ဇနီးကို ပြောပြပေးပါ့မယ်၊ ဒါပေမဲ့ တကယ့်ဆုံးဖြတ်ချက်ကတော့ သူ့ ကိုယ်ပိုင်သဘောထားပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ ကဲ ဒါဆို ကျွန်တော် နောက်ထပ် ညစာစားပွဲ ချိန်းထားတာ ရှိလို့ စီအီးအိုစူးကို ဆက်မစောင့်ခိုင်းတော့ပါဘူး”
ထို့နောက် ဘေးရှိ လက်ထောက်ကို ညွှန်ကြားလိုက်သည်။
“လက်ထောက်ဝူ၊ စီအီးအိုစူးကို လိုက်ပို့ပေးလိုက်ပါ”
လက်ထောက်ဝူ စူးချန်ချင်းအား ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်ကာ ပြောလိုက်သည်။
“စီအီးအိုစူး ကြွပါခင်ဗျ”
ကုရှီချန်းက ဧည့်သည်ကို ပြန်ရန် အမိန့်ထုတ်ပြီးဖြစ်သဖြင့် စူးချန်ချင်းသည်လည်း ဆက်မနေတော့ဘဲ ကုမ္ပဏီမှ ချက်ချင်း ထွက်ခွာသွားလေသည်။
စူးချန်ချင်း အိမ်ပြန်ရောက်သောအခါ စူးယန်ကို ထိုအကြောင်း ပြောပြလိုက်သည်။ သို့သော် စူးယန်ကမူ ဤကိစ္စမှာ အောင်မြင်သွားပြီဟု ထင်မှတ်ကာ သူ့လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြွားလုံးထုတ်တော့သည်။
ညနေပိုင်းတွင် ကုရှီချန်းသည် အလုပ်မှ အိမ်ပြန်ရောက်လာသော်လည်း ယဲ့ယီမှာ ပြန်မရောက်သေးပေ။ ထို့ကြောင့် ကုရှီချန်းသည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ သူမကို စောင့်နေခဲ့သည်။
ည ၁၀ နာရီကျော်မှသာ ယဲ့ယီအိမ်ပြန်ရောက်လာသည်။ ယနေ့ ကုမ္ပဏီတွင် လုပ်စရာများလွန်းနေခဲ့သည်။ သူဌေးဖြစ်သူရော ဇာတ်ညွှန်းရေးဆရာပါ ဖြစ်သည့်အတွက် ယဲ့ယီသည် နန်ချင်ဝမ်တို့နှင့်အတူ အချိန်ပိုဆင်းကာ အလုပ်လုပ်နေခဲ့သည်။ ခက်ခက်ခဲခဲ ကြိုးစားပြီးနောက်တွင် ဇာတ်ကောင်အချို့ကို နောက်ဆုံးအဆင့်အဖြစ် အတည်ပြုနိုင်ခဲ့သည်။
ယဲ့ယီ အိမ်ထဲသို့ ရောက်လာသောအခါ ဧည့်ခန်းထဲတွင် ရှိနေသည့် ကုရှီချန်းကို လုံးဝ သတိမထားမိပေ။ သူမသည် ယခုအချိန်တွင် အလွန် ပင်ပန်းနေပြီဖြစ်ရာ ကုတင်ပေါ်သို့ ပစ်လှဲကာ အိပ်ချင်စိတ်သာ ရှိတော့သည်။
ယဲ့ယီက သူ့ကို မမြင်သည်ကို တွေ့သောအခါ ကုရှီချန်းက လှမ်းခေါ်လိုက်သည်။
“ယဲ့ယီ”
တစ်စုံတစ်ယောက်၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ယဲ့ယီသည် အသံလားရာဘက်သို့ ကြည့်လိုက်သည်။ ကုရှီချန်း က ဆိုဖာပေါ်တွင် ထိုင်နေသည်ကို မြင်သောအခါ ယဲ့ယီသည် သူရှိရာသို့ လျှောက်သွားပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
ယဲ့ယီ သမ်းဝေရင်း မေးလိုက်သည်။
“ဘာပြောမလို့လဲ”
ကုရှီချန်း ယနေ့ စူးချန်ချင်း လာတွေ့သည့်အကြောင်းကို ယဲ့ယီအား ပြောပြလိုက်သည်။
ယဲ့ယီ၏ အိပ်ချင်စိတ်မှာ အနည်းငယ် ပြေလျော့သွားပြီး မေးလိုက်သည်။
“ဆိုလိုတာက ဒီစီအီးအိုစူးက သူ့သားကို ရဲအရာရှိနေရာကနေ သရုပ်ဆောင်စေချင်တာပေါ့ ဟုတ်လား”
ကုရှီချန်း က ပြန်ထူးသည်။
”အင်း”
ယဲ့ယီသည် ကုရှီချန်းကို ကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ရင်းနှီးမြှုပ်နှံသူများကြောင့် ဇာတ်ကောင်ရွေးချယ်မှုအပေါ် အကျိုးသက်ရောက်မှု မရှိစေရဘူးဟု ဒါရိုက်တာကို ကတိပေးထားသည်ကို ထည့်မပြောခင် ရဲအရာရှိ ဇာတ်ကောင် မှာ အလွန် တင်းကျပ်သော လိုအပ်ချက်များ ရှိနေသည်။
ဤဇာတ်ကောင်မှာ ဇာတ်လမ်း၏ အဓိကနေရာတွင် ပါဝင်နေပြီး မည်သူ့ကိုမဆို ဖြစ်သလို ပေး၍ မရသော ဇာတ်ကောင်ဖြစ်သည်။ သို့သော်လည်း စူးချန်ချင်းမှာ ကုကော်ပိုရေးရှင်း၏ မိတ်ဖက် ဖြစ်နေပြန်သည်။
ယဲ့ယီ၏ တွေဝေမှုကို ကုရှီချန်းက အထင်အရှား မြင်လိုက်ရသဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်
“ဒီစူးယန်မှာ ပြဿနာရှိတယ်။ သူက အရင်က လူရိုက်တဲ့ အရှုပ်တော်ပုံ ရှိခဲ့ဖူးတယ်။ အဲဒီတုန်းက ငါ ပါးနပ်နပ် ငြင်းဆိုခဲ့ပြီးပြီ။ ဒါပေမဲ့ စူးချန်ချင်းက ဖျော်ဖြေရေးလောကမှာ အဆက်အသွယ်တွေ ရှိနေပြီး စူးယန်ကို သူ့ဆန္ဒအတိုင်း ဖြစ်အောင်လုပ်ပေးဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်။ သူက စူးယန်ကို အင်တာဗျူးလူစာရင်းထဲ ပါအောင် နည်းမျိုးစုံနဲ့ ကြိုးစားလိမ့်မယ်လို့ ငါ ထင်တယ်။ အဲဒီအချိန်ကျရင် မင်းကပဲ သူ့ကို ငြင်းလိုက်တော့”
ကုရှီချန်းက ထိုသို့ပြောလိုက်သဖြင့် ယဲ့ယီမှာ ဆက်လက် တွေဝေနေစရာ မလိုတော့ပေ။
“ကောင်းပါပြီ အဲ့အချိန်ကျရင် စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ကျွန်မ လုပ်လိုက်ပါ့မယ်”
ကုရှီချန်း ခေါင်းညိတ်လျက် ပြောလိုက်သည်။
“မင်း သင့်တော်သလိုပဲ ကိုင်တွယ်လိုက်ပါ”
ယဲ့ယီ၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို မြင်သောအခါ ကုရှီချန်း မသိစိတ်မှ မေးလိုက်မိသည်။
“စားပြီးပြီလား”
ယဲ့ယီက ခေါင်းခါပြကာ ပြန်ဖြေလိုက်သည်။
“တစ်နေ့လုံး အလုပ်များလွန်းလို့ ထမင်းစားဖို့တောင် အချိန်မရှိဘူး”
ကုရှီချန်း တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
“ဒီမှာ ခဏစောင့်ဦး”
ထို့နောက် မီးဖိုချောင်ထဲသို့ တိုက်ရိုက် ဝင်သွားသည်။
ယဲ့ယီ ကုရှီချန်း၏ ကျောပြင်ကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေမိသည်။
‘ဒီစီအီးအိုကြီးက တကယ်ပဲ ချက်ပြုတ်တော့မှာလား ‘
ယဲ့ယီ ဆိုဖာပေါ်တွင် လိမ္မာပါးနပ်စွာ ထိုင်နေရင်း ငိုက်မြည်းနေသည်။ အိပ်ပျော်တော့မည့် ဆဲဆဲတွင် ကုရှီချန်း ခေါက်ဆွဲတစ်ပန်းကန် ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာသည်။
ကုရှီချန်း ခေါက်ဆွဲကို စားပွဲပေါ်တင်လိုက်ပြီး ယဲ့ယီကို လက်ဖြင့် အသာအယာ လှုပ်နှိုးလိုက်သည်
“ထတော့”
ယဲ့ယီ မျက်လုံးကို အားယူဖွင့်လိုက်သည်။ သူမရှေ့ရှိ အငွေ့တထောင်းထောင်း ထနေသည့် ခရမ်းချဉ်သီး ကြက်ဥခေါက်ဆွဲကို မြင်သောအခါ ကုရှီချန်းကို တအံ့တဩ ကြည့်လိုက်မိသည်။
“ဒါ... ရှင်လုပ်တာလား”
ကုရှီချန်း သူမကို မျက်လုံးလှန်ပြကာ ပြောလိုက်သည်။
“ငါမှမဟုတ်ရင် ဘယ်သူရှိလို့လဲ”
ဤအချိန်တွင် အိမ်အကူ အဒေါ်ဝူမှာလည်း နားနေပြီ ဖြစ်သည်။
ယဲ့ယီ မယုံနိုင်အောင် ဖြစ်နေသည်။
ယခင်က သူမကို နည်းမျိုးစုံဖြင့် ရွံရှာမုန်းတီးခဲ့သည့် ကုရှီချန်းက သူမအတွက် ခေါက်ဆွဲကို ကိုယ်တိုင်ချက်ပေးနေသည်။
[သူများ အဆိပ်ခတ်ထားတာလား မသိဘူး၊ ငါ့ကို အဆိပ်ခတ်သတ်ပြီး သူ့ ပိုင်ဆိုင်မှုတွေ မခွဲပေးချင်လို့များလား]
ယဲ့ယီ၏ စိတ်ထဲမှ အသံကို ကြားလိုက်ရသဖြင့် ကုရှီချန်း မျက်နှာမှာ မဲမှောင်သွားပြီး ခေါက်ဆွဲပန်းကန်ကို သိမ်းယူရန် လုပ်လိုက်သည်။
“မစားချင်လည်း နေတော့”
ယဲ့ယီ သူ့ရှေ့မှ ပန်းကန်ကို ချက်ချင်း ဆွဲယူလိုက်ပြီး ပြောလိုက်သည်။
“စားမှာပေါ့၊ ဘာလို့ မစားရမှာလဲ၊ မစားဘူးလို့ ကျွန်မ ဘယ်တုန်းက ပြောလို့လဲ”
ထို့နောက် သူမ ခေါက်ဆွဲကို ချက်ချင်း တစ်လုတ်စားလိုက်သည်။ မမျှော်လင့်ဘဲ အလွန်ပင် အရသာရှိလှသည်။
ယဲ့ယီမှာ ဆာလောင်လွန်းသဖြင့် ဝမ်းဗိုက်နှင့် ကျောကပ်မတတ် ဖြစ်နေရရာ ခေါက်ဆွဲတစ်ပန်းကန်လုံးကို တစ်ခဏအတွင်း ပြောင်သွားအောင် စားပစ်လိုက်သည်။
ဗိုက်ဝသွားသည့်အခါ ယဲ့ယီသည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး လူတစ်ကိုယ်လုံး ပြန်လည် နိုးကြားလာသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် ခေါက်ဆွဲစားပြီးနောက် ယဲ့ယီသည် ကုရှီချန်းကို သတိကြီးစွာဖြင့် ထပ်မံကြည့်လိုက်ပြန်သည်။
[သူ ငါ့ကို သဘောကျသွားတာများလား]
ယဲ့ယီအတွေးကို ကြားလိုက်ရသောကြောင့် ကုရှီချန်း၏ နားရွက်များမှာ နီရဲသွားပြီး အေးစက်သော မျက်နှာဖြင့် ဟန်ဆောင်ပြောလိုက်သည်။
“နောက်တစ်ခါကျရင် သေချာစားဖို့ မှတ်ထားဦး။ ဗိုက်မဝဘဲနဲ့ အလုပ်ဘယ်လိုကောင်းကောင်း လုပ်နိုင်မှာလဲ။ ငါ့ရဲ့ သန်းငါးဆယ် အလဟဿ ဖြစ်သွားမှာကို အဖြစ်မခံနိုင်ဘူး။ ပန်းကန်ကို ကိုယ့်ဘာသာဆေး”
ထိုသို့ပြောပြီးနောက် ကုရှီချန်း အပေါ်ထပ်သို့ တိုက်ရိုက် တက်သွား၏။
ယဲ့ယီ လိမ္မာပါးနပ်စွာပင် ပန်းကန်ကို ကောက်ယူကာ မီးဖိုချောင်သို့ သွားလိုက်သည်။ သူမ ပင်ပန်းလွန်း၍ ကြောင်တောင်တောင် အတွေးများကို တွေးမိသွားပုံရသည်။
‘ကုရှီချန်က ငါ့ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။ ဒါက အရင်းရှင်တစ်ယောက်က အလုပ်သမားကို ပိုပြီး အလုပ်ကြိုးစားလာအောင် ချော့မြူတဲ့ သဘောပဲ လေ’
ယဲ့ယီ သီချင်းလေး တအေးအေးဖြင့် ပန်းကန်ဆေးပြီးနောက် အခန်းထဲသို့ ပြန်ကာ ရေချိုးလိုက်ပြီး ကုတင်ပေါ်သို့ လဲလိုက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။