← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အပိုင်း (၄၉)

ခင်ဗျားနောင်တရစေရမယ်

နောက်တစ်နေ့ နံနက်စောစောတွင် ယဲ့ယီသည် ယနေ့ပြုလုပ်မည့် လူရွေးပွဲများအတွက် ပြင်ဆင်ရန် ကုမ္ပဏီသို့ သွားခဲ့သည်။

မနေ့ကအတိုင်းပင် သူမ မိတ်ကပ်များနှင့် ဆံပင်တုတို့ဖြင့် လူရွေးပွဲလာဖြေသည့် သာမန်လူတစ်ဦးအသွင် ဟန်ဆောင်ထားသည်။

ယဲ့ယီသည် ဇာတ်ညွှန်းကို ကိုင်ဆောင်ကာ ထောင့်တစ်နေရာတွင် ထိုင်နေသည်။ ဤနေရာမှ အခြားသူများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း သူမကိုတော့ သတိမမူမိအောင် နေနိုင်သည့် နေရာဖြစ်သည်။

သိပ်မကြာမီမှာပင် လူရွေးပွဲဖြေဆိုမည့်သူများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။ မနေ့ကကဲ့သို့ပင် အားလုံးမှာ လူသစ်များသာ ဖြစ်သော်လည်း ယဲ့ယီကမူ ယဉ်ပါးနေပြီဖြစ်ရာ သူတို့အပြုအမူများကို တိတ်တဆိတ် ဆက်လက် လေ့လာနေခဲ့သည်။

လူရွေးပွဲ စတင်တော့မည့်ဆဲဆဲတွင် လူငယ်တစ်ဦး သူ့မန်နေဂျာများ ဝန်းရံလျက် ရောက်ရှိလာသည်။

ထို့အပြင် အခြားသူများအားလုံးမှာ သူတို့၏ ဇာတ်ညွှန်းများကို ဖတ်ရှုရန် အလုပ်များနေကြသော်လည်း ထိုလူငယ်မှာမူ ဇာတ်ညွှန်းပင် ယူဆောင်လာခြင်း မရှိသည်ကို ယဲ့ယီသတိပြုမိသွားသည်။ ဤသည်မှာ သေနတ်မပါဘဲ စစ်တိုက်ထွက်ခြင်းနှင့် ဘာမှမခြားပေ။ သူ သရုပ်ဆောင်ရမည့် ဇာတ်ကွက်ကို အလွတ်ရနေလျှင် မပြောသာပေ။

သို့သော်လည်း ထိုလူငယ်၏ ကိုယ်နေဟန်ထားမှာ ပျော့တိပျော့ဖတ်နိုင်ပြီး ဘာကိုမျှ ဂရုမစိုက်သည့် ပုံစံဖြစ်နေသဖြင့် သူသည် ဇာတ်ကွက်ကို အလွတ်ရနေလိမ့်မည်ဟု ယဲ့ယီမထင်ပေ။

တစ်ဖက်တွင်မူ သူ့ဘေးတွင် ထိုင်နေသည့် အခြားလူငယ်တစ်ဦးမှာ ဝင်လာကတည်းက ဇာတ်ညွှန်းကို အလေးအနက် ဖတ်ရှုနေခဲ့သည်။ ယဲ့ယီ သူ့မျက်နှာကို ခိုးကြည့်လိုက်ရာ သူသည် အတော်ပင် ရုပ်ဖြောင့်သည်ကို တွေ့ရသော်လည်း မည်သည့်ဇာတ်ကောင်အတွက် လာရောက်ဖြေဆိုသည်ကိုတော့ သူမ မသိသေးချေ။

ယဲ့ယီသည် အခြားသူများကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

ယဲ့ယီသည် အခြားတစ်ဖက်သို့ အကြည့်လွှဲလိုက်စဉ်မှာပင် နောက်ဆုံးမှ ရောက်လာသည့် လူငယ်က ရုတ်တရက် ထရပ်လိုက်ပြီး မေးလိုက်သည်။

“ဒီမှာ ရဲအရာရှိနေရာအတွက် ပြိုင်ချင်တဲ့သူ ရှိသေးလား”

အားလုံး၏ အာရုံမှာ သူ့ထံသို့ ရောက်သွားကြသည်။ ယဲ့ယီသည်လည်း သူ ဘာလုပ်ရန် ကြိုးစားနေသည်ကို စပ်စုချင်သဖြင့် လှမ်းကြည့်လိုက်သည်။

သူ ဘာကြောင့် မေးသည်ကို မသိကြသော်လည်း အချို့ကမူ ပြန်ဖြေကြသည်။ ရဲအရာရှိနေရာအတွက် ပြိုင်ဆိုင်လိုသူ တော်တော်များများ ရှိနေပြီး နောက်ဆုံးမှ ရောက်လာသူ၏ ဘေးတွင် ထိုင်နေသည့် လူငယ်လေးလည်း အပါအဝင်ဖြစ်သည်။

ထိုလူငယ်သည် ပြိုင်ဆိုင်လိုသူများကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး မောက်မာစွာ ပြောလိုက်သည်။

“မင်းတို့ အချိန်မဖြုန်းကြနဲ့လို့ ငါ အကြံပေးချင်တယ်။ ဒီနေရာက ငါ့အတွက် အတည်ပြုပြီးသား ဖြစ်သွားပြီ”

တစ်ယောက်က ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...တရားဝင် ဘလော့ဂ်ကနေ ဒီဇာတ်ကောင်အတွက် ဘာမှ မထုတ်ပြန်ရသေးဘူးလေ”

ယဲ့ယီလည်း ဇဝေဇဝါ ဖြစ်သွားသည်။ ကုမ္ပဏီ၏ အကြီးအကဲဖြစ်သည့် သူမကိုယ်တိုင်ပင် ဤဇာတ်ကောင်နေရာ အတည်ပြုပြီးသွားသည်ကို မသိရှိထားပေ။

ထိုလူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ဆိုလိုက်သည်။

“ငါ ဘယ်သူလဲဆိုတာ မင်းတို့သိလား၊ မသိလည်း ကိစ္စမရှိဘူး၊ ငါ ပြောပြမယ်။ ငါ့နာမည်က စူးယန်၊ စူးအုပ်စု က စူးယန်ပဲ၊ စူးချန်ချင်းရဲ့ သားပေါ့။ ငါ့အဖေက ငါ့အတွက် ဒီနေရာကို အတည်ပြုပေးထားပြီးပြီ။ ဒီနေ့ လာတာက အလုပ်သဘောအရ ဟန်ပြလာတာပဲ ရှိတာ”

စူးယန်၏ စကား ဆုံးသွားသည်နှင့် အခင်းဖြစ်ပွားရာနေရာမှာ တိတ်ဆိတ်သွားသည်။

ယဲ့ယီမှာ မျက်မှောင်ကြုတ်သွားမိသည်။ ဤဇာတ်ကောင်နေရာကို စူးယန်ကို ပေးမည်ဟု သူမ ဘယ်အချိန်ကများ ပြောခဲ့လေသနည်း။

ယဲ့ယီသည် သူမ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်မပြောဘဲ စူးယန်၏ အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ဗျစ်တောက်ဗျစ်တောက် ပြောလေသည်။

“ဂျက်နီစစ်မီဒီယာက ငါတို့ကို ကစားနေတာလား၊ အတည်ပြုပြီးသားဆိုရင် ဘာလို့ ငါတို့ကို လာခိုင်းရတာလဲ”

အခြားသူများကလည်း တစ်ဦးပြီးတစ်ဦး လိုက်လံ ညည်းညူကြတော့သည်။

စူးယန်၏ ဘေးရှိ လူငယ်လေး၏ မျက်နှာမှာ စိတ်ပျက်သွားသည့် ပုံပေါ်သော်လည်း မကျေမနပ် မေးလိုက်သည်။

“ဒီနေရာက တကယ်ပဲ အတည်ပြုပြီးသားလား”

စူးယန်းက ထိုလူငယ်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဘာလဲ၊ ဒီသခင်လေးက နောက်နေတယ်လို့ မင်းထင်လို့လား ၊ ငါတို့ မိသားစုကုမ္ပဏီက ကုကော်ပိုရေးရှင်းနဲ့ အမြဲတမ်း လက်တွဲလုပ်ကိုင်နေတာဆိုတာ မင်းသိလား.. ဒီကုမ္ပဏီရဲ့ အကြီးအကဲက စီအီးအိုကုရဲ့ ဇနီးလေ။ ငါ့အဖေနဲ့ စီအီးအိုကုရဲ့ ရင်းနှီးမှုအရ ဘယ်ဇာတ်ကောင်မဆို ငါရွေးချယ်လို့ ရတယ်။ ဒီမှာ အချိန်မဖြုန်းဘဲ တခြားရိုက်ကူးရေးအဖွဲ့တွေမှာ သွားပြီး ကံစမ်းကြည့်ဖို့ပဲ ငါ အကြံပေးချင်တယ်”

စူးယန်၏ စကားကို ကြားပြီးနောက် ရဲအရာရှိနေရာအတွက် ပြိုင်ဆိုင်လိုသူ အများအပြားမှာ စိတ်ဓာတ်ကျသွားကြပြီး အချို့မှာ ထိုနေရာမှ ချက်ချင်းပင် ထွက်ခွာသွားကြသည်။

ထိုလူငယ်လေးသည် မည်သို့ ရွေးချယ်မည်ကို ယဲ့ယီ အနည်းငယ် စပ်စုချင်မိသည်။

သူ မထွက်သွားသေးသည်ကို မြင်သောအခါ စူးယန်းက ဆက်လက် လှောင်ပြောင်လေသည်။

“ဘာလဲ၊ မင်းက ဒီသခင်လေးနဲ့ ပြိုင်ချင်သေးတာလား”

လူငယ်လေး တိုးညင်းစွာ ပြောလိုက်သည်။

“ရောက်လာပြီဆိုမှတော့ အနည်းဆုံး လူရွေးပွဲမှာ ဖြေပြီးမှပဲ ပြန်တော့မယ်”

စူးယန်က သူ့ကို အထင်သေးစွာ ကြည့်လျက် ပြောလိုက်သည်။

“အချိန်ကုန်တာပဲ အဖတ်တင်မယ် ၊ မင်း ဘာလို့ဒီလောက် စွဲလမ်းနေလဲဆိုတာ ငါ တကယ် နားမလည်နိုင်ဘူး”

လူငယ်လေးဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ ဇာတ်ညွှန်းကိုသာ ဆက်လက် ဖတ်ရှုနေခဲ့သည်။

ရဲအရာရှိ ဇာတ်ကောင်နေရာမှာ လူရွေးပွဲ၏ နောက်ဆုံးအပိုင်း ဖြစ်သည်။ ဤနေရာအတွက် စစ်ဆေးမှု စတင်ချိန်တွင် လူအနည်းငယ်သာ ကျန်တော့သည်။ အများစုမှာ စူးယန်၏ စကားကို ကြားပြီးကတည်းက ထွက်သွားကြပြီဖြစ်ကာ ကျန်ရှိနေသူများမှာမူ ထိုလူငယ်လေးကဲ့သို့ပင် ‘ရောက်လာပြီဆိုမှတော့ ဖြေပြီးမှ ပြန်မယ်’ ဟူသော စိတ်ထားရှိသူများသာ ဖြစ်ကြသည်။

ဤဇာတ်ကောင်အတွက် လူရွေးပွဲ စတင်သောအခါ ယဲ့ယီ အင်တာဗျူးအခန်းထဲသို့ တိတ်တဆိတ် ဝင်သွားသည်။ သူမ ဤနေရာကို ကိုယ်တိုင် ကြီးကြပ်ရမည် ဖြစ်သည်။ အဓိကမှာ စူးယန်ဆိုသည့် ပြဿနာကို သူမ ကိုယ်တိုင် ဖြေရှင်းရမည်ဖြစ်သည်။

သို့မဟုတ်ပါက ဒါရိုက်တာမှာ စူးယန်ကို တကယ်ပင် အတည်ပြုပြီးသားဟု ထင်မှတ်သွားပြီး အမှားအယွင်းများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

ပထမဆုံး လာရောက်ဖြေဆိုသူမှာ ယဲ့ယီသဘောကျခဲ့သည့် လူငယ်လေး ဖြစ်သည်။ သူ့ရုပ်ရည်မှာ တက်ကြွလန်းဆန်းသော လူငယ်တစ်ဦးအသွင်ဖြင့် ဤဇာတ်ကောင်နှင့် အမှန်တကယ်ပင် လိုက်ဖက်လှသည်ဟု ဆိုရမည်။

သူ သရုပ်ဆောင်ပြပြီးနောက် ယဲ့ယီ သူ၏ သရုပ်ဆောင်မှု စွမ်းရည်မှာ မမျှော်လင့်ထားလောက်အောင် ကောင်းမွန်နေသည်ကို တွေ့ရှိလိုက်ရသည်။

ယဲ့ယီနှင့် ဒါရိုက်တာတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဤနေရာမှာ သူ့အတွက်ဖြစ်ကြောင်း အခြေခံအားဖြင့် အတည်ပြုလိုက်ကြသည်။

သို့သော်လည်း ယဲ့ယီသည် သူ့ကို အရွေးခံရသည့် သတင်းကို ချက်ချင်း မပြောဘဲ အိမ်ပြန်ပြီး သတင်းစောင့်ရန်သာ ပြောလိုက်သည်။

အခြားလူအနည်းငယ် ဝင်ရောက်ဖြေဆိုပြီးနောက် နောက်ဆုံးတွင် စူးယန်၏ အလှည့် ရောက်ရှိလာသည်။

ဒါရိုက်တာက သူ့ကို မည်သည့်အခန်းအား သရုပ်ဆောင်ပြလိုသနည်းဟု မေးရာ စူးယန်က အထင်သေးစွာ ပြောလိုက်သည်။

“အတည်ပြုပြီးသားကြီးကို ဘာလို့ လူရွေးပွဲမှာ ဖြေနေရဦးမှာလဲ”

စူးယန်က ထိုသို့ပြောလိုက်သည်နှင့် ဒါရိုက်တာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး မေးလိုက်သည်။

“မင်းက အတည်ပြုပြီးသား ဟုတ်လား”

စူးယန်က သူ့ဆံပင်ကို သပ်ချလိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ဘာလဲ၊ ခင်ဗျားတို့ရဲ့ စီအီးအိုယဲ့က မပြောထားဘူးလား၊ ဒီနေရာက ကျွန်တော့်အတွက် အတည်ပြုပြီးသားလေ။ ဒီနေ့ လာတာက အလုပ်သဘောအရ ဟန်ပြလာတာ”

အားလုံး၏ အကြည့်များမှာ ယဲ့ယီထံသို့ ရောက်သွားကြသည်။

ယဲ့ယီသည် ချက်ချင်း ထရပ်လိုက်ပြီး မေးလိုက်သည်။

“ဒါဆို စီအီးအို ဖြစ်တဲ့ ကျွန်မကိုယ်တိုင်ကကျတော့ ဘာလို့ ဒီအကြောင်းကို မသိရတာလဲ”

စူးယန်မှာ မတုန်လှုပ်ဘဲ ဆိုလိုက်သည်။

“ကျွန်တော့်အဖေက ပြောပြီးသား၊ သူက သန်းငါးဆယ် ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ ဒီနေရာက ကျွန်တော့်အပိုင်ပဲ။ မစိုးရိမ်ပါနဲ့၊ ကျွန်တော်ရိုက်ကူးရေးအဖွဲ့ထဲ ရောက်တာနဲ့ ကျွန်တော်အဖေက ပိုက်ဆံတွေကို ချက်ချင်း လွှဲပေးလိမ့်မယ်”

ဒါရိုက်တာသည် မကျေမနပ်ဖြစ်စွာဖြင့် ထရပ်လိုက်ပြီး ယဲ့ယီကို ကြည့်ကာ ပြောလိုက်သည်။

“စီအီးအို ကျွန်တော့်ကို ကတိပေးထားတာ မှတ်မိသေးရဲ့လား၊ အကယ်၍ သူ့ကိုသာ ရိုက်ကူးရေးအဖွဲ့ထဲ ပေးဝင်မယ်ဆိုရင် ဒါရိုက်တာဖြစ်တဲ့ ကျွန်တော်ပဲ အလုပ်ထွက်လိုက်ပါ့မယ်”

စူးယန် အထင်သေးစွာ ပြောလိုက်သည်။

“ဒါရိုက်တာပဲဥစ္စာ၊ နောက်မှ ပိုက်ဆံပေးပြီး တခြားတစ်ယောက် ရှာလိုက်လို့ ရတာပဲ”

ယဲ့ယီက စူးယန်၏ စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်သည်။

“တော်သင့်ပြီ။ သခင်လေးစူး ဒီနေရာကို ရှင့်ကို ပေးမယ်လို့ ကျွန်မဘယ်တုန်းကမှ သဘောမတူခဲ့ဘူး”

စူးယန် ယဲ့ယီကို မယုံနိုင်သလို ကြည့်လိုက်ပြီး မေးလိုက်သည်။

“ကျွန်တော်တို့ ကုမ္ပဏီက ကုကော်ပိုရေးရှင်းရဲ့ မိတ်ဖက်ဆိုတာ ခင်ဗျားသိရဲ့လား၊ အကယ်၍ ခင်ဗျားသာ ကျွန်တော့်ကို ဒီနေရာမှာ သရုပ်ဆောင်ခွင့် မပေးဘူးဆိုရင် ကျွန်တော့်အဖေကို ကုကော်ပိုရေးရှင်းနဲ့ လက်တွဲဖြုတ်ခိုင်းလိုက်မယ်။ စီအီးအိုကု စိတ်ဆိုးမှာကို ခင်ဗျား မကြောက်ဘူးလား”

ယဲ့ယီ အေးစက်စွာ ပြောလိုက်သည်။

“ရှင်ကိုယ်တိုင် ပြောခဲ့သလိုပဲ၊ ရှင့်မိသားစုက ကုကော်ပိုရေးရှင်းရဲ့ မိတ်ဖက်လေ၊ ဒါပေမဲ့ ဒါက ဂျက်နီစစ်မီဒီယာ။ ဂျက်နီစစ်ရဲ့ ကိစ္စတွေကို ကုကော်ပိုရေးရှင်းက စီမံတာ မဟုတ်ဘူး။ ရှင်လူရွေးပွဲဖြေပြီး ရလဒ်ကို စောင့်မလား၊ ဒါမှမဟုတ် အခုချက်ချင်းပဲ ထွက်သွားမလား”

စူးယန် ဒေါသတကြီးဖြင့် မေးလိုက်သည်။

“ကျွန်တော့်အဖေကို သန်းတစ်ရာ ရင်းနှီးမြှုပ်နှံခိုင်းမယ် အဲဒါဆိုရင်ရော လောက်ပြီလား”

ယဲ့ယီက မည်သည့် ခံစားချက်မျှ မရှိဘဲ ဆိုလိုက်သည်။

“ကျွန်မတို့ရဲ့ ဒီဘုရားကျောင်းလေးက သေးလွန်းလို့ သခင်လေးစူးလို ပုဂ္ဂိုလ်မျိုးကို လက်ခံနိုင်စွမ်း မရှိဘူး ထင်ပါတယ်”

စူးယန်မှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်ကာ ကြိမ်းမောင်းလိုက်သည်။

“ခင်ဗျား နောင်တရစေရမယ်”

ထိုသို့ ပြောပြီးနောက် တံခါးကို ဝုန်းခနဲ ပိတ်ကာ ထွက်ခွာသွားတော့သည်။

အပိုင်း (၅၀)

အသင့်ဖြစ်ပြီ

စူးယန် ထွက်ခွာသွားပြီးနောက် အားလုံး စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ယဲ့ယီကို ချက်ချင်း လှမ်းကြည့်ကြသည်။

နောက်ဆုံးတွင် အတော်ကြာ တွေဝေနေပြီးမှ နန်ချင်ဝမ်က စတင်၍ စကားပြောလာသည်။

“ရှောင်ယီ ညီမ သူ့ကို အဲဒီလို တိုက်ရိုက် ငြင်းလိုက်တာ... စီအီးအိုကုဘက်မှာ ဘယ်လိုလုပ်မလဲ”

ယဲ့ယီ သူမကို စိတ်ချစေရန် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ကုရှီချန်းက မနေ့ညကတည်းက ဒီအကြောင်းကို ကျွန်မနဲ့ ပြောပြီးသားပါ။ သူ ဂျက်နီစစ်မီဒီယာရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ပါဘူး”

နန်ချင်းဝမ်မှာ ထိုမှသာ သက်ပြင်းအရှည်ကြီး ချလိုက်နိုင်တော့သည် ။

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

“စီအီးအိုယဲ့က တကယ့်ကို ကတိတည်တဲ့သူပဲ”

ဒါရိုက်တာက ယဲ့ယီကို ကြည့်ကာ ချီးကျူးသည့်လေသံဖြင့် ပြုံး၍ ဆိုသည်။

ယဲ့ယီက ပြန်လည်ပြုံးပြရင်း ပြောလိုက်သည်။

“သရုပ်ဆောင်စွမ်းရည် မရှိတဲ့ သရုပ်ဆောင်တစ်ယောက်နဲ့ ထူးချွန်တဲ့ ဒါရိုက်တာတစ်ယောက်၊ ဒီနှစ်ယောက်ထဲက ရွေးရမယ်ဆိုရင်တော့ ကျွန်မကတော့ ထူးချွန်တဲ့ ဒါရိုက်တာကိုပဲ ရွေးချယ်မှာပေါ့”

ဒါရိုက်တာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား”

ယဲ့ယီနောက်သို့ လိုက်လာခဲ့သည့် သူ့ရွေးချယ်မှုမှာ မှန်ကန်ခဲ့သည်ဟု သူခံစားမိ၏။

ယနေ့သည်လည်း ညဉ့်နက်သည်အထိ အချိန်ပိုဆင်းရမည့် နေ့တစ်နေ့ ဖြစ်နေပြန်သည်။ ယဲ့ယီ ညစာကျွေးပြီး လူတိုင်းကို ရက်ရက်ရောရော လက်ဆောင်များ ချက်ချင်းပေးလိုက်သဖြင့် လေထုမှာ ချက်ချင်းပင် သဟဇာတဖြစ်သွားတော့သည်။

အားလုံး အတူတူ အချိန်ပိုဆင်းကာ အလုပ်လုပ်ကြပြီးနောက် နောက်ဆုံးတွင် သရုပ်ဆောင်အားလုံး၏ အမည်စာရင်းကို အတည်ပြုနိုင်ခဲ့သည်။

စစချင်းတွင် စူးယန်၏ဘေး၌ ထိုင်နေခဲ့သော ကောင်လေး တုန်မင်ရွှမ်သည် လူရွေးပွဲပြီးစဉ်ကတည်းက စိတ်ဓာတ်ကျနေခဲ့သည်။

သူသည် ဤဇာတ်ကောင်ကို တကယ်မြတ်နိုးပြီး အချိန်အတော်ကြာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဤနေရာမှာ အတည်ပြုပြီးသားဖြစ်ကြောင်း ရုတ်တရက် အပြောခံလိုက်ရသဖြင့် သူ ခဏတာ လက်မခံနိုင်ဖြစ်နေခဲ့သည်။

တုန်မင်ရွှမ်၏ စိတ်ပျက်နေသော ပုံစံကို မြင်သောအခါ သူ့မန်နေဂျာဖြစ်သူ ကျူဖန်က ပခုံးကို အသာအယာပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်

“အကောင်းဘက်ကပဲ တွေးပါကွာ။ ဒီလောကမှာ ဒီလိုအရာတွေက ရှောင်လွှဲလို့မရဘူး။ မင်းနဲ့ သင့်တော်မဲ့ တခြားဇာတ်ကောင်တွေ ရှိဦးမလားဆိုတာ ငါကြည့်ပေးပါ့မယ်၊ အဲ့ကြမှ ထပ်ကြိုးစားကြည့်တာပေါ့။”

သို့သော် ဤစကားမှာ ကျူဖန်အတွက် ပြောရလွယ်သလောက် လက်တွေ့မှာ ခက်ခဲလှသည်။ တုန်မင်ရွှမ်မှာ လူသစ်လေးမျှသာ ဖြစ်ပြီး ယခုတစ်ကြိမ် လူရွေးပွဲဝင်ခွင့်ရခဲ့သည်မှာ ဂျက်နီစစ်ဒီယာနှင့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ နောက်တစ်ကြိမ်တွင်မူ လူရွေးပွဲဖြေဆိုရန် အခွင့်အရေး ရချင်မှ ရပေလိမ့်မည်။

တုန်မင်ရွှမ်မှာမူ အထုပ်အပိုးပြင်ပြီး ဤလောကမှ ထွက်ခွာရန် ပြင်ဆင်သင့်ပြီဟု ခံစားနေရသည်။

ထိုညတွင် ဂျက်နီစစ်မီဒီယာသည် လူမှုကွန်ရက်၏ ရေပန်းစားခေါင်းစဉ် ထဲသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်#ဂျက်နီစစ်မီဒီယာက ဇာတ်ကောင်ကို အတွင်းလူတစ်ယောက်ကို သတ်မှတ်ပြီးသား ဖြစ်သော်လည်း အခြားသရုပ်ဆောင်များကို လူရွေးပွဲဖြေခိုင်းနေဆဲ။

တစ်စုံတစ်ယောက်က စူးယန် ပြောခဲ့သည့် စကားများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် တင်လိုက်ပြီး ဂျက်နီစစ်မီဒီယာသည် သူတို့ကို ငတုံးအဖြစ် ကစားနေသည်ဟု ပြစ်တင်ရှုတ်ချခဲ့သည်။

အမှန်စင်စစ် ဇာတ်ကောင်များကို အတွင်းလူကိုပေးရန် ကြိုတင်သတ်မှတ်ထားခြင်းမျိုးမှာ ဖျော်ဖြေရေးလောကတွင် မဆန်းပေ။ လူအများစုမှာ မျက်ကွယ်ပြုထားလေ့ရှိပြီး ဘာမှမပြောရဲကြချေ။ မည်သူမျှ ငွေရှင်ကြေးရှင် ကို မဆန့်ကျင်ရဲကြပေ။ သို့သော် ဂျက်နီစစ်မီဒီယာသည် လက်ရှိတွင် အာရုံစိုက်ခံနေရသည့် အချိန်ဖြစ်ရာ အသေးအဖွဲ လှုပ်ရှားမှုတိုင်းက မီဒီယာများ၏ အာရုံစိုက်မှုကို ရရှိနေသည်။

ထိုသူက လူမှုကွန်ရက်ပေါ်တွင် တင်လိုက်ပြီးနောက်တွင် အခြားသူအများအပြားကလည်း နာမည်ကြီးလိုသဖြင့် လိုက်လံ မျှဝေကြကာ ဂျက်နီစစ်မီဒီယာကိုသာ ဝိုင်းဝန်း အပြစ်တင်ကြတော့သည်။

ဂျက်နီစစ်မီဒီယာ၏ အကြီးအကဲဖြစ်သူ ယဲ့ယီသည်လည်း တစ်ဖန် ပြန်လည်၍ အာရုံစိုက်ခံရသည့် နေရာသို့ တွန်းပို့ခြင်း ခံလိုက်ရပြန်သည်။

အချို့က စူးယန် တစ်ယောက် သူ့မိတ်ဆွေအသိုင်းအဝိုင်းထဲတွင် ပြောထားသည်များကိုပါ ထုတ်ပြလာသဖြင့် ဤကိစ္စမှာ ပို၍ အတည်ဖြစ်သွားသည့် ပုံစံဖြစ်နေလေတော့သည်။

မိမိတို့၏ အသည်းကျော် သရုပ်ဆောင်များ ဇာတ်ကောင်လုခံရသော်လည်း ဘာမှမပြောရဲခဲ့ကြသည့် ပရိသတ်အချို့သည် ယခုအခါ ဂျက်နီစစ်မီဒီယာကို ဒေါသပုံချရာ နေရာအဖြစ် သတ်မှတ်ကာ ဂျက်နီစစ်မီဒီယာ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကြမ်းတမ်းစွာ ဆဲဆိုကြတော့သည်။

ယခင်က ယဲ့ယီအပေါ် အထင်ကြီးခဲ့ကြသည့် လမ်းသွားလမ်းလာ ပရိသတ်များသည်လည်း ချက်ချင်းပင် မုန်းတီးသူ များအဖြစ် ပြောင်းလဲသွားကြသည်။

ထိုညတွင် လူမှုကွန်ရက်စာမျက်နှာမှာ အကြိမ်ကြိမ် ပျက်ကျခဲ့ရသည်။

သို့သော်လည်း ယဲ့ယီကမူ ဤအရာများကို ဘာမှ မသိရှိခဲ့ပေ။ သူမသည် ယနေ့ အလွန်အလုပ်များနေသဖြင့် ဖုန်းကြည့်ရန်ပင် အချိန်မရှိဘဲ အိမ်ပြန်ရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် နန်ချင်ဝမ် ဖုန်းဆက်လာမှသာ သူမ သိလိုက်ရသည်။

ယဲ့ယီက အိပ်ချင်မူးတူးဖြင့် ဖုန်းကို ဖြေလိုက်သည်။

“ဟဲလို၊ ဘယ်သူလဲ”

ဖုန်းအခြားတစ်ဖက်မှ နန်ချင်ဝမ်၏ ။

“ရှောင်ယီ အစ်မတို့ ရေပန်းစားခေါင်းစဉ်ထဲ ထပ်ရောက်နေပြန်ပြီ”

ယဲ့ယီ၏ ဦးနှောက်မှာ ခဏမျှ ရပ်တန့်သွားသည်။

“ဘာတွေလဲ၊ ရေပန်းစားခေါင်းစဉ်ထဲ ထပ်ရောက်ပြန်ပြီလား”

အခြေအနေကို သေချာမသိသူများဆိုလျှင် သူမသည် ရေပန်းစား စာရင်းထဲ မကြာခဏ ရောက်နေတတ်သဖြင့် ဤလူမှုကွန်ရက်စာမျက်နှာကြီးကို သူမပိုင်သည်ဟုပင် ထင်မှတ်ကြပေလိမ့်မည်။

ဖုန်းချပြီးနောက် ယဲ့ယီသည် လူမှုကွန်ရက်စာမျက်နှာကို ဖွင့်ကြည့်လိုက်သည်။ ဖွင့်လိုက်သည်နှင့် အမျိုးမျိုးသော အကြောင်းကြားစာ အသံများ ဆက်တိုက်ဝင်လာသဖြင့် အိပ်ချင်မူးတူး ဖြစ်နေသော ယဲ့ယီမှာ ချက်ချင်းပင် နိုးကြားသွားတော့သည်။

ယဲ့ယီသည် အရေးမကြီးသော မက်ဆေ့ခ်ျများကို လျစ်လျူရှုကာ အဓိကအချက်များဆီသို့ တိုက်ရိုက်သွားလိုက်သည်။ အကြောင်းအရာများကို ဖတ်ပြီးနောက် သူမခမျာ ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

‘ ဒီလို သတင်းအတုတွေက တကယ်ပဲ ရေပန်းစားစာရင်းထဲ ရောက်နိုင်တာလား’

အဓိကအချက်မှာ ဤလူများသည် အချက်အလက်ကို အတည်မပြုဘဲ ယုံကြည်နေကြခြင်း ဖြစ်သည်။

‘သူတို့ဦးနှောက်တွေ ဘယ်ရောက်ကုန်ကြတာလဲ’

သို့သော်လည်း ဤသည်မှာ သေးငယ်သော ပြဿနာတစ်ခုသာ ဖြစ်သဖြင့် စိုးရိမ်စရာ မလိုပေ။ ဤသည်မှာ အလကားရသည့် ကြော်ငြာလှိုင်းတစ်ခုသာ ဖြစ်သည်။ ယဲ့ယီသည် ဈေးကွက်မြှင့်တင်ရေး အတွက် ပိုက်ဆံပင် ထပ်သုံးစရာ မလိုတော့သဖြင့် ငွေကုန်ကြေးကျ ထပ်မံ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

မျက်နှာသစ်ပြီးနောက် ယဲ့ယီ ဂျက်နီစစ်မီဒီယာသို့ သွားခဲ့သည်။

ယဲ့ယီသည် ဂျက်နီစစ်မီဒီယာသို့ ရောက်သည့်အချိန်တွင် အခြားသူများအားလုံး ရောက်နှင့်နေကြပြီ ဖြစ်သည်။

ယဲ့ယီရောက်လာသည်ကို မြင်သောအခါ ကျီချန်ဖန်က တမင်စနောက်လိုက်သည်။

“ရှောင်ယီအမှန်အတိုင်း ပြောစမ်းပါ။ မင်းက လူမှုကွန်ရက်ရဲ့ နောက်ကွယ်က လူတွေနဲ့ အဆက်အသွယ် ရှိတာလား၊ မင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှက ဘာလို့ အမြဲတမ်း ရေပန်းစားစာရင်းထဲ ရောက်နေရတာလဲ”

“ကျွန်မမှာ တကယ်ပဲ ဘယ်သူမှ မရှိပါဘူး”

ယဲ့ယီ ထိုသို့ အမှန်အတိုင်း ဖြေလိုက်ပြီးနောက် ခဏမျှ စဉ်းစားကာ ဟန်ဆောင်လျက် အားကိုးရာမဲ့သလို ပြောလိုက်သည်။

“ဒါ ကျွန်မက တော်တော်လေး နာမည်ကြီးနေလို့ ထင်ပါရဲ့”

“ဟားဟားဟားဟား”

လူတိုင်းသည် ယဲ့ယီ၏ စကားကြောင့် မရယ်ဘဲ မနေနိုင်ကြတော့ချေ။

နောက်ပြောင်မှုများကို ဘေးဖယ်ပြီး လုပ်စရာရှိသည့် အလုပ်များကို ဆက်လုပ်ရမည် ဖြစ်သည်။

သရုပ်ဆောင်စာရင်းအားလုံးကို မနေ့ညက အတည်ပြုပြီးပြီ ဖြစ်သဖြင့် ယနေ့တွင် ထိုသူများကို စတင်ဆက်သွယ်ရမည် ဖြစ်သည်။

နန်ချင်းဝမ်သည် တုန်မင်ရွှမ်၏ မန်နေဂျာကို ဆက်သွယ်ရန် တာဝန်ယူထားသည်။

ကျူဖန်သည် နန်ချင်းဝမ်ထံမှ မက်ဆေ့ခ်ျကို လက်ခံရရှိသည့်အချိန်တွင် တုန်မင်ရွှမ်၏ အိမ်၌ပင် ရှိနေပြီး သူ့ကို အဖော်ပြုပေးနေသည်။သူတို့နှစ်ဦးမှာ ဇာတ်ညွှန်းအသစ် ရှာဖွေရန်အတွက် စိုးရိမ်ပူပန်နေကြသည်။

နန်ချင်ဝမ်ထံမှ ဖုန်းဝင်လာသည့်အခါ ကျူဖုန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

“ဟမ်... “

တုန်မင်ရွှမ်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်တာလဲ”

ကျူဖုန်း၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ဝင်းပနေသည်။

“ငါ့တူ၊ မင်းရဲ့ ကံကောင်းခြင်းတွေ ရောက်လာပြီဟေ့”

တုန်မင်ရွှမ်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

‘ဘာကံကောင်းခြင်းလဲ၊ သူက တကယ်ပဲ စတား တစ်ယောက် ဖြစ်တော့မှာမို့လို့လား’

ကျူဖန်က တုန်မင်ရွှမ်၏ ပခုံးများကို စိတ်လှုပ်ရှားစွာ လှုပ်ရမ်းလိုက်သည်။

“မင်း အရွေးခံရတယ်”

“ဟင် “

တုန်မင်ရွှမ်မှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။

‘သူ ဘာအတွက် အရွေးခံရတာလဲ’

တုန်မင်ရွှမ်သည် သူ ဘာများလုပ်ခဲ့သည်ကို ပြန်စဉ်းစားလိုက်သည်။ စဉ်းစားရင်းဖြင့် သူ့မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွား၏။

ဒါဆိုရင်...

ကျူဖန်က သူဘာတွေးနေသည်ကို သိသည့်အလား အားရပါးရ ခေါင်းညိတ်ပြသည်။

“မင်းကို လုကျဲ နေရာအတွက် ရွေးလိုက်ပြီ”

လုကျဲ ဆိုသည်မှာ တုန်မင်ရွှမ် လူရွေးပွဲဖြေခဲ့သည့် ရဲအရာရှိ ဇာတ်ကောင်၏ အမည်ဖြစ်သည်။

တုန်မင်ရွှမ်သည် သူ နားကြားမှားလေသလားဟု သံသယဖြစ်မိသည်။ ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

“အဲဒီနေရာက အတွင်းလူအတွက် အတည်ပြုပြီးသား မဟုတ်ဘူးလား”

ကျူဖန်၏ လေသံမှာ စိတ်လှုပ်ရှားနေဆဲပင်။

“အတွင်းလူဆိုတာ ဘာမှမရှိဘူးကွ။ အခု ဒီနေရာက မင်းအပိုင် ဖြစ်သွားပြီ”

တုန်မင်ရွှမ်သည် ကျူဖန်ကို မယုံနိုင်သကဲ့သို့ကြည့်လိုက်သည်။

“ဒီနေရာက တကယ်ပဲ ကျွန်တော့်အပိုင်လား”

ကျူဖန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထခုန်မတတ်ပင်။ သူသည်လည်း ဤအရာကို မမျှော်လင့်ထားခဲ့ပေ။ တုန်းမင်ရွှမ်မှာ ဤနေရာအတွက် လက်လှမ်းမမီတော့ဘူးဟု ထင်မှတ်ထားခဲ့၏။

ကျူဖန်က တုန်မင်ရွှမ်ကို ပြုံးလျက် ပြောလိုက်သည်

“အကယ်၍ မင်းသာ ဒီဇာတ်ကောင်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်မယ်ဆိုရင် မင်း တော်တော်လေး နာမည်ကြီးလာမှာ သေချာတယ်။ အင်တာနက်ပေါ်က လူတွေက ဒီရိုက်ကူးရေးအဖွဲ့ကို အထင်မကြီးကြပေမဲ့ ငါပြောမယ်... ဒီကားကတော့ သေချာပေါက် ပေါက်မှာ။ ဒါရိုက်တာနဲ့ ကျီချန်ဖန်တို့ ပါဝင်နေတဲ့အတွက် ဒီကားက မပေါက်ဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိဘူး”

ကျူဖန်သည် ထိုဒါရိုက်တာ ကျောက်ရှန်မှာ ကျော်ကြားနေသော ‘နတ်ဘုရားရုပ်ရှင်၏ ဒါရိုက်တာ’ အစစ်အမှန်ဖြစ်ကြောင်း သိထားသည်။ သူသည် အမှန်တရားကို သိရှိထားသော လူနည်းစုထဲမှ တစ်ဦးဖြစ်သည်။ ဤဇာတ်ကား၏ ဒါရိုက်တာမှာ ကျောက်ရှန် ဖြစ်နေသောကြောင့်သာ ကျူဖန်က တုန်မင်ရွှမ်အား ဤဇာတ်ကောင်ကို ရအောင်ကြိုးစားရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ကျီချန်ဖန်လည်း ရှိသေးသည်။ ကျီချန်ဖန် ရုပ်ရှင်မရိုက်သည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း သူသည် ရုပ်ရှင်ဘုရင်တစ်ဦး ဖြစ်နေဆဲဖြစ်ကာ ပရိသတ်အင်အားမှာလည်း ရှိနေဆဲပင်။

တုန်မင်ရွှမ်ကဲ့သို့သော နောက်ခံမရှိသည့် လူသစ်လေးတစ်ဦးအတွက် ဤကဲ့သို့သော ဖွဲ့စည်းပုံမျိုးရှိသည့် ရုပ်ရှင်တွင် ပါဝင်ခွင့်ရခြင်းမှာ အလွန်ပင် ကောင်းမွန်လှသည်။ ထို့ပြင် ဤဇာတ်ကောင်မှာ ခေါင်းဆောင်နေရာများထဲမှ တစ်ခုဖြစ်ပြီး ဇာတ်ကောင်စရိုက်မှာလည်း တုန်မင်ရွှမ်နှင့် အလွန်လိုက်ဖက်၏။

တုန်မင်ရွှမ်မှာမူ ဤဇာတ်ကား ပေါက်၊ မပေါက် ဆိုသည်ထက် ဤဇာတ်ကောင်ကို သူ အမှန်ပင် နှစ်သက်မိသည်။ သို့သော်လည်း ဤဇာတ်ကားသည် အမှန်တကယ် ပေါက်သွားခဲ့လျှင် ဤသည်မှာ မမျှော်လင့်ဘဲ ရရှိလာမည့် ကံကောင်းခြင်းသာ ဖြစ်ပေတော့မည်။

All Chapters