အခန်း (၈၇၁-၈၇၃)
Vol. 59 Ch. 871-873
အခန်း (၈၇၁) - နောက်ထပ် ထူးကဲသော ရတနာတစ်ပါးကို ရယူခြင်း
စိမ်းပြာရောင် အရိပ်တစ်ခုသည် နင်ချီ၏ အရှေ့တည့်တည့်၌ ရုတ်တရက် ရပ်တန့်သွားသည်။
နင်ချီသည် ထိုသူအား တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်၏။ အကြောင်းမူကား အခြားသူ မဟုတ်ပေ။ ထိုသူကား စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးကြီး စစ်ခုန်ရွှမ် ပင် ဖြစ်တော့သည်။
အတိတ်က အဖြစ်အပျက်များကို ပြန်လည် ထောက်ရှုကြည့်မည်ဆိုလျှင်... ဘိုးဘေးကြီး စစ်ခုန်ရွှမ်သည် ထျန်းချန်း အဆင့်မြင့်ဂိုဏ်းနှင့် အခြားသော အစစ်အမှန် တောင်ပိုင်းနယ်မြေများ၏ လွှမ်းမိုးမှုအောက်တွင် ရှိခဲ့ဖူးသည်။ ထိုဂိုဏ်းများက သူတို့၏ ပဋိပက္ခများအတွင်းသို့ ဝင်ရောက်စွက်ဖက်ပေးရန် သူ့အား နယ်မြေဖြတ်ကျော် ဖိတ်ခေါ်ခဲ့ကြခြင်းပင်။
ထိုစဉ်က နင်ချီသည် ဤပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရချိန်တွင် လူဝင်စား ကိုယ်ပွားခန္ဓာဖြင့်သာ ရှိနေခဲ့ရာ... သခင်ကျန့်ရွှမ်အဖြစ် သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှ စွမ်းအားများကို ငှားရမ်းအသုံးပြု၍သာ အနိုင်ယူခဲ့ရ၏။
သို့သော်ငြား ယခုအချိန်တွင်မူ... နင်ချီသည် ထိုသူ့အား အရေးလုပ်၍ပင် အဖက်မတန်တော့ချေ။
မထင်မှတ်ထားသည်က နင်ချီက သွားရောက် ပြဿနာရှာရန် မလိုဘဲ ဘိုးဘေးကြီး စစ်ခုန်ရွှမ်က သူ့ထံသို့ အရင်ဦးဆုံး ရောက်လာခဲ့ခြင်းပင် ဖြစ်၏။ ဒါကက သေချင်သည့် ကျား တောပြောင်းလာသည်နှင့် အတိအကျ တူညီနေတော့သည်။
"ကျုပ်က နင်ချီ ဖြစ်နေတော့ရော... ဘာဖြစ်လဲ..."
ဟု နင်ချီက အလွန်တရာ တည်ငြိမ်အေးဆေးစွာဖြင့် တုံ့ပြန်လိုက်၏။
ထိုအခိုက် ဘိုးဘေးကြီး စစ်ခုန်ရွှမ်က အလွန် ရက်စက်ယုတ်မာသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး...
"ဒီနေ့တော့ မင်းနဲ့ ထိပ်တိုက် တွေ့ရပြီပေါ့ကွာ..."
ဘိုးဘေးကြီး စစ်ခုန်ရွှမ် တစ်ယောက် နင်ချီ၏ အနီးသို့ ရုတ်တရက် ချဉ်းကပ်သွားသည်ကို မြင်လိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ လူတိုင်း အံ့အားသင့်သွားကြ၏။ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းမှ တာအိုဘိုးဘေးကြီး တစ်ပါးအနေဖြင့် အဘယ်ကြောင့် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက်အား တမင်တကာ သွားရောက် ရန်စနေရသနည်း ဟူသောအချက်ကို မည်သူကမျှ နားမလည်နိုင်အောင် ဖြစ်နေကြ၏။
ထိုစဉ် ရုတ်တရက်ပင် ဘိုးဘေးကြီး စစ်ခုန်ရွှမ်က မေးခွန်းထုတ်လိုက်သည်။
"ငါ့ရဲ့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်းသားတွေ အစုလိုက်အပြုံလိုက် ပျောက်ဆုံးသွားတဲ့ ကိစ္စက... မင်းနဲ့ ပတ်သက်နေတာများလား..."
ထိုအခါ နင်ချီက အလွန်တရာ ပွင့်လင်းရိုးသားစွာပင် ဖြေကြားလိုက်သည်။
"ကျုပ် နဲ့ ဘာမှမဆိုင်ပါဘူး... ဒါပေမဲ့ သူတို့ကို ကျယ်ပြန့်သော ကမ္ဘာ က နတ်ဘုရား လေပြေ ဝိညာဉ်နယ်မြေ အရှင်သခင်က လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်သွားတာကိုတော့ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတယ်လေ..."
"ဘာ..."
ဘိုးဘေးကြီး စစ်ခုန်ရွှမ်မှာ ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လာတော့၏။
"ဒါဆို မင်းက ဘာလို့ အခုထိ အသက်ရှင်နေရသေးတာလဲ..."
နင်ချီသည် သူ၏ စိတ်အဇ္ဈတ္တ တစ်ခုလုံးကို ဖောက်ထွင်းမြင်နေရသည့်အလား စူးစူးစိုက်စိုက် ကြည့်လိုက်သည်။
"စကားကို ကွေ့ပတ်ပြီး ပြောမနေစမ်းပါနဲ့ကွာ... မင်း ငါ့ကို ကြည့်နေတဲ့ အကြည့်တွေက ငါ့ကို သတ်ချင်နေမှန်း သိသာလွန်းနေတယ်..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အနီးအနားရှိ လူအပေါင်းသည် သူတို့နှစ်ဦးထံသို့ အာရုံစိုက် ကြည့်ရှုလာကြတော့သည်။ ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် အခြားသူများကမူ ဘိုးဘေးကြီး စစ်ခုန်ရွှမ်အား အလွန် သနားစရာကောင်းသော သတ္တဝါတစ်ကောင်ကို ကြည့်သည့်အလား ကြည့်နေကြသည်။
အကြောင်းမူကား နင်ချီက သဟဇာတဖြစ်ခြင်း နယ်ပယ်မှ ဘိုးဘေးကြီး သုံးပါးကိုပင် မျက်စိရှေ့တင် ရက်ရက်စက်စက် သတ်ဖြတ်ပြထားခဲ့ပြီး ဖြစ်ပါလျက်နှင့်... သူ့ကို သွားရောက် ရန်စရဲသူ ရှိနေသေးသည်လော...။
ထိုစဉ် ဂိုဏ်းနှစ်ခုမှ အကြီးအကဲများက သူတို့ကို အရှေ့တောင် စစ်မြေပြင်နယ်မြေသို့ ပြန်လည် ခေါ်ဆောင်လာပေးခဲ့သော နင်ချီအား ကူညီပေးသင့်၊ မပေးသင့် တစ်ယောက်ကိုတစ်ယောက် မေးခွန်းထုတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။ သို့သော်ငြား သူတို့နှစ်ဦးစလုံးက ခေါင်းယမ်းပြလိုက်ကြ၏။ ကျန်ရှိနေသော အခြားသူများကမူ ပွဲကြည့်ပရိသတ်များအလား ဘေးမှရပ်၍ စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။
နင်ချီ၏ ပြတ်သားလွန်းလှသော စကားများကို ကြားလိုက်ရသောအခါ ဘိုးဘေးကြီး စစ်ခုန်ရွှမ်သည် သူ၏ စစ်မှန်သော ရည်ရွယ်ချက်များကို ထပ်မံ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။
"ဟေ့ကောင်လေး... ငါ့ရဲ့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း က ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးတွေ အများကြီးကို မင်း မျိုးတုံး သတ်ဖြတ်ခဲ့တဲ့ ကိစ္စအတွက် ငါ မင်းနဲ့ စာရင်းမရှင်းရသေးဘူးနော်..."
ထိုအခါ နင်ချီက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက်...
"အဲဒီ ပေါင်းစည်းခြင်း နယ်ပယ် ဘိုးဘေးကြီးတွေပဲ ရှိတာများလား..."
နင်ချီ၏ စကားများထဲမှ လျှို့ဝှက်ထားသော အဓိပ္ပာယ်ကို သဘောပေါက်သွားသောအခါ ဘိုးဘေးကြီး စစ်ခုန်ရွှမ်၏ မျက်လုံးများမှာ အနည်းငယ် ကျဉ်းမြောင်းသွားတော့သည်။
'ငါ ထင်တဲ့အတိုင်းပဲ... ဒီ နင်ချီ ဆိုတဲ့ ကောင်က သခင်ကျန့်ရွှမ် က နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှာ လျှို့ဝှက် ပျိုးထောင်ထားတဲ့ ပါရမီရှင် ဖြစ်နေတာပဲ...'
ဘိုးဘေးကြီး စစ်ခုန်ရွှမ်သည် သခင်ကျန့်ရွှမ်၏ အပေါ်တွင် အမုန်းတရားများ ကိန်းအောင်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ... ယခု သူသည် နင်ချီနှင့် အမှန်တကယ် ပတ်သက်ဆက်နွှယ်နေကြောင်း အတည်ပြုလိုက်နိုင်သောအခါ နင်ချီ၏ အပေါ်တွင် ထားရှိသော သူ၏ အမုန်းတရားများမှာ ပို၍ပင် နက်ရှိုင်းသွားတော့၏။
"အခုချက်ချင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင်... လူပုံအလယ်မှာ မင်းကို သက်တောင့်သက်သာ သေခွင့်လေးတော့ ငါ ပေးကောင်း ပေးနိုင်လိမ့်မယ်..."
ထိုအခါ နင်ချီက သူ၏ နားကိုသာ မသိမသာ ကလော်လိုက်သည်။
"ဒီ ခွေးအိုကြီးက ဘယ်ကများ ရောက်လာတာလဲ... ဟောင်ရုံက လွဲပြီး ဘာမှလည်း မတတ်နိုင်ပါလား..."
ဤကဲ့သို့သော လူစုလူဝေးကြီး၏ ရှေ့မှောက်တွင် မိမိထက် ကျင့်ကြံခြင်း နယ်ပယ် နိမ့်ကျသော သူတစ်ယောက်၏ အထင်အမြင်သေးစွာ စော်ကားပြောဆိုမှုကို ခံလိုက်ရပါလျှင်... မည်သည့် ရန်ငြိုးရန်စမျှ မရှိသော ကျင့်ကြံသူပင်လျှင် နင်ချီအား ချက်ချင်း အသေသတ်မိမည် ဖြစ်ရာ... ဘိုးဘေးကြီး စစ်ခုန်ရွှမ် ဆိုလျှင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဘိုးဘေးကြီး စစ်ခုန်ရွှမ်သည် နင်ချီ့ထံသို့ ပြေးဝင်သွားတော့သည်။ သူသည် ညာဘက်လက်ကို အမြင့်သို့ မြှောက်တင်လိုက်ရာ လက်ဝါးပြင်ပေါ်တွင် စည်းမျဉ်းစွမ်းအားများ တဟုန်းဟုန်း ရစ်ပတ်လာပြီးနောက်... နင်ချီ၏ မျက်နှာပေါ်သို့ အားကုန် ရိုက်ချလိုက်လေတော့၏။
လေပြင်းများက ဟင်းလင်းပြင် တစ်ခွင်လုံးကို ဖုံးလွှမ်းသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဟိန်းဟောက် တိုက်ခတ်သွားတော့သည်။ ဤ လက်ဝါးရိုက်ချက်သည် အလွန်တရာ လျင်မြန်လွန်းလှပြီး ၎င်း၏ အတွင်း၌ စိမ်းပြာရောင် မိုးကြိုးစွမ်းအင်များကိုပါ လျှို့ဝှက် ဖုံးကွယ်ထားသေး၏။
သို့သော်ငြား တာအိုဘိုးဘေးကြီးများ အားလုံးက နင်ချီ တစ်ယောက် ဘိုးဘေးကြီး စစ်ခုန်ရွှမ်၏ လက်ချက်ဖြင့် အဝေးသို့ လွင့်စင်သွားမည်... သို့တည်းမဟုတ် ပွဲချင်းပြီး သေဆုံးသွားလိမ့်မည်ဟု တွေးထင်နေကြဆဲ အခိုက်အတန့်လေးမှာပင်... နင်ချီ၏ လှုပ်ရှားမှု အရှိန်အဟုန်က ပို၍ပင် လျင်မြန်နေခဲ့၏။
“ဖြန်း…”
သူ၏ လက်နှစ်ဖက်သည် ပန်းပွင့်များကြားတွင် ဝဲပျံနေသော လိပ်ပြာများအလား လှုပ်ရှားသွားပြီးနောက်... သူ၏ လက်ဝါးတစ်ချက်သည် ဘိုးဘေးကြီး စစ်ခုန်ရွှမ်၏ မျက်နှာပေါ်သို့ အရင်ဦးဆုံး ကျရောက်သွားတော့ရာ... ဘိုးဘေးကြီး စစ်ခုန်ရွှမ် တစ်ယောက် လေပေါ်တွင် ခေါင်းချာချာလည်သွားပြီးနောက် အတန်ငယ် ကွာဝေးသော နေရာရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျကွဲသွားတော့သည်။
"ခင်ဗျားက သူများ မျက်နှာကို လက်ဝါးနဲ့ ရိုက်ရတာ သဘောကျတယ်ပေါ့လေ... ရော့... ခင်ဗျားရဲ့ ဝါသနာကို ကျုပ် အပြည့်အဝ ဖြည့်ဆည်းပေးလိုက်မယ်..."
ဘိုးဘေးကြီး စစ်ခုန်ရွှမ် တစ်ယောက် အကြီးအကျယ် ဆွံ့အ အံ့သြသွားတော့သည်။ သူ၏ စိတ်အာရုံတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားပြီး ခေါင်းထဲတွင် မေးခွန်းထုတ်စရာ တစ်ခုသာ ကျန်ရစ်နေတော့၏။
'ဒါ... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...'
ငါက သဟဇာတဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး တစ်ပါးလေ... နင်ချီက ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့်လေးသာ ရှိသေးတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ငါ့ဘက်က လက်ဝါးအရင် အလှည့်ခံလိုက်ရပြီး အဝေးကို လွင့်စင်သွားရတာလဲ...
သူ့တစ်ယောက်တည်း ဤသို့ တွေးထင်နေခြင်း မဟုတ်ပေ။ ဘေးမှ စောင့်ကြည့်နေကြသော အခြားသော တာအိုဘိုးဘေးကြီးများနှင့် ကျင့်ကြံသူ အပေါင်းသည်လည်း အလားတူပင် တွေးတောနေကြ၏။
ဖန်တောက်မင် နှင့် ဝမ်ထိန်ဟိုင် တို့ကလည်း စိတ်ထဲ၌ ကြိတ်၍ ရေရွတ်လိုက်မိကြတော့၏။
'ငါတို့... ငါတို့တွေ အကဲဖြတ် မှားသွားခဲ့ပြီပဲ…’
အခန်း (၈၇၂) - နောက်ထပ် ထူးကဲသော ရတနာ တစ်ပါးကို ရယူခြင်း
အကန့်အသတ်မဲ့ ဓားဂိုဏ်းမှ ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့အား နင်ချီ့ကို ကူညီပေးရန် အခြားသူများက မေးမြန်းခဲ့စဉ်က အဘယ်ကြောင့် သူတို့နှစ်ဦးစလုံး ခေါင်းယမ်း ငြင်းပယ်ခဲ့ကြသနည်း ဆိုသည်မှာ ယခုမှပင် ရှင်းလင်းသွားတော့သည်။ အကြောင်းမူကား ဤကောင်လေးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလွန်းနေသောကြောင့်ပင်။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် သည် ရောင်ကိုင်းနေသော သူ၏ ပါးတစ်ဖက်ကို အုပ်ကိုင်လျက် မြေပြင်ပေါ်မှ လူးလဲ ထလာ၏။ သူ၏ မျက်လုံးများထဲတွင်တော့ နာကြည်းချက်များနှင့် အံ့သြမှင်တက်မှုများက ရောယှက် ပြည့်နှက်နေသည်။
သူသည် နင်ချီ အား ယခုမှပင် ပထမဆုံးအကြိမ် မြင်ဖူးသူ တစ်ယောက်အလား အစအဆုံး သေသေချာချာ စိုက်ကြည့်နေမိ၏။
ထိုအခိုက် နင်ချီက သူ၏ လက်ကောက်ဝတ်ကို တစ်ချက် လှည့်လိုက်သည်နှင့် တစ်ပြိုင်နက်... ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ အရှေ့တည့်တည့်သို့ မျက်စိတစ်မှိတ်အတွင်း နေရာကူးပြောင်း ရောက်ရှိသွားတော့သည်။
"ဘယ်သူက မင်းကို ထခိုင်းလို့လဲ..."
"မင်း... မင်း..."
ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော အရှိန်အဝါများ တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာပြီးနောက်... စိမ်းပြာရောင် မိုးကြိုးလျှပ်စီးများက သူ၏ ကိုယ်ပတ်လည်တွင် တဖြန်းဖြန်း မြည်ဟည်းကာ ရစ်ပတ်လာတော့သည်။
တာအိုဘိုးဘေးကြီးများ၏ တာအိုစွမ်းအားများ ဆိုသည်မှာ ရုပ်ဝတ္ထုပစ္စည်း တစ်ခုကဲ့သို့ပင် ခိုင်မာ တောင့်တင်းလှသည်။ ရန်သူကို တိုက်ခိုက်နိုင်သကဲ့သို့ မိမိကိုယ်ကိုလည်း ခုခံကာကွယ်ပေးနိုင်စွမ်း ရှိကြရာ... ၎င်းသည် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးစလုံးတွင် ပြည့်စုံလုံလောက်သော နတ်ဘုရား စွမ်းရည် တစ်ခုပင် ဖြစ်ပေ၏။
သို့သော်ငြား... နင်ချီကမူ ဟင်းလင်းပြင် နေရာလွတ်တစ်ခု အတွင်းသို့ ဝင်ရောက်သွားသည့်အလား အလွန်တရာ ပေါ့ပါးစွာပင် လှုပ်ရှားသွား၏။ ဘိုးဘေးကြီး စစ်ခုန်ရွှမ်၏ ခန္ဓာကိုယ်မှ ပစ်ခတ်လိုက်သော စိမ်းပြာရောင် မိုးကြိုးလျှပ်စီးများသည် နင်ချီ၏ ခန္ဓာကိုယ်နှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် အရိပ်အယောင်မျှပင် မကျန်ရစ်တော့ဘဲ အငွေ့ပျံ ပျောက်ကွယ်သွားကြတော့သည်။
ထို့နောက်တွင်တော့... ဖြန်း... ဟူသော အသံနှင့်အတူ နင်ချီ၏ လက်ဝါးတစ်ချက်သည် စစ်ခုန်ရွှမ်၏ အခြား ပါးတစ်ဖက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြန်သည်။
ဤတစ်ကြိမ်တွင်မူ... ဘေးမှ စောင့်ကြည့်နေသူ အားလုံးမှာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြတော့သည်။ နင်ချီက သူ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်ပြသခြင်း မရှိသေးသော်ငြားလည်း... သူသည် တာအိုဘိုးဘေးကြီး စစ်ခုန်ရွှမ် ထက် အဆပေါင်းများစွာ သာလွန်နေကြောင်းကို လူတိုင်းက အသေအချာ ယုံကြည်သွားကြလေပြီ။
ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ အကြီးအကျယ် အံ့အားသင့်သွားကြ၏။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် တစ်ယောက် နောက်တစ်ကြိမ် လွင့်စင်သွားပြန်ပြီးနောက် မြေပြင်ပေါ်ရှိ အခြားနေရာ တစ်ခုသို့ ပြင်းထန်စွာ ကျကွဲသွားတော့သည်။ သူ၏ ဘေးပတ်လည်ရှိ စိမ်းပြာရောင် မိုးကြိုးလျှပ်စီးများမှာလည်း လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ... သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ဖုန်လုံးများ လူးကာ စုတ်ပြတ်သတ်နေတော့၏။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် မှာ အမှန်တကယ်ပင် တုန်လှုပ်ချောက်ချားသွားလေပြီ...။
သူ၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်နေပြီး... ထုံထိုင်း ဝေဝါးနေသော သူ၏ စိတ်အာရုံထဲတွင် နောက်ဆုံး၌ အသိတစ်ခု ဝင်ရောက်လာတော့သည်။
"မင်း... မင်းက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ..."
"ကျုပ်သာ အစွမ်းမထက်ရင် ခွေးသေတစ်ကောင်လို မြေကြီးပေါ်မှာ လဲနေရမယ့်သူက ကျုပ် ဖြစ်နေမှာပေါ့... မဟုတ်ဘူးလား... တာအိုဘိုးဘေးကြီး တစ်ပါး ဖြစ်နေပြီးတော့ ခင်ဗျားက ကိုယ့်ထက် အားနည်းတဲ့သူတွေကိုပဲ အနိုင်ကျင့်ရတာ သဘောကျနေတာလား..."
ဟု နင်ချီက လှောင်ပြောင်သရော်လိုက်၏။
ထိုသို့ပြောဆိုပြီးနောက်... ဤတစ်ကြိမ်တွင်မူ နင်ချီသည် ဘိုးဘေးကြီး စစ်ခုန်ရွှမ် အား ဆက်လက်၍ မရိုက်နှက်တော့ဘဲ ပတ်ဝန်းကျင်ရှိ လူအပေါင်းအား အသံကျယ်ကျယ်ဖြင့် လှမ်း၍ ကြေညာလိုက်တော့သည်။
"ဒီမှာရှိနေတဲ့ တာအိုဘိုးဘေးကြီး အားလုံးပဲ... ကျွန်တော်ပြောတာကို သက်သေအဖြစ် မှတ်ထားပေးကြပါဗျာ... ဒီ ဘိုးဘေးကြီး စစ်ခုန်ရွှမ် ဆိုတဲ့လူက ကျွန်တော် ဒီကို စရောက်လာကတည်းက ကျွန်တော့်ကို သတ်ဖို့ ကြံစည်နေခဲ့တာပါ... သူနဲ့ ကျွန်တော်က သေခန်းပြတ် ရန်သူတွေ ဖြစ်သွားပါပြီ... ဒါကြောင့်မို့လို့ ဒီကိစ္စမှာ ဘယ်သူမှ ဝင်မစွက်ဖက်ကြဖို့ မျှော်လင့်ပါတယ်ဗျာ... အဲဒီလိုမှ မဟုတ်ရင်တော့... ကျွန်တော် နင်ချီ ကလည်း ဘယ်သူ့ မျက်နှာကိုမှ ထောက်နေမှာ မဟုတ်ဘူးနော်..."
ထိုစကားကို ကြားလိုက်ရသောအခါ မူလက ဝင်ရောက် ဖျန်ဖြေပေးရန် ပြင်ဆင်နေကြသော စေတနာရှင် ဘိုးဘေးကြီး အချို့မှာ ချက်ချင်းပင် နှုတ်ဆိတ်သွားကြတော့သည်။
'သေခန်းပြတ် ရန်သူတွေတဲ့လား...'
ဤစကားများသည် ဘိုးဘေးကြီး စစ်ခုန်ရွှမ် တစ်ယောက်တည်းကို ရည်ရွယ်၍ ပြောဆိုနေခြင်း မဟုတ်ဘဲ သူတို့အားလုံးကိုပါ သတိပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ဆိုလိုသည်မှာ... အကယ်၍ သူတို့သာ ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်မည် ဆိုပါက... နင်ချီသည် သူတို့ကိုပါ အသေအလဲ တိုက်ခိုက်မည်မှာ အသေအချာပင်။
ထိုအခိုက်အတန့်လေးမှာပင်... လူအုပ်ကြီး၏ အရှေ့၌ ပုံရိပ်ယောင် တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
သေချာစွာ အကဲခတ်ကြည့်လိုက်သောအခါ... ထိုပုံရိပ်ယောင်မှာ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ပုံရိပ်ယောင် ဖြစ်နေကြောင်း အားလုံးက တွေ့လိုက်ရ၏။ ၎င်းသည် သူ၏ သဘောဆန္ဒအလျောက် ကိုယ်ထင်ပြလာခြင်း ဖြစ်ပေ၏။
ကမ္ဘာ့ဆန္ဒတော် ပေါ်လာသည်နှင့် တစ်ပြိုင်နက်... သူသည် နင်ချီအား ရင်းနှီးသော မိတ်ဆွေဟောင်း တစ်ယောက်အလား ခေါင်းညိတ် ပြလိုက်၏။
"မင်း လုပ်ချင်တာကိုသာ ဆက်လုပ်ပါ... အားလုံးကို ငါ တာဝန်ယူ ဖြေရှင်းပေးမယ်..."
နင်ချီကလည်း လက်နှစ်ဖက်ကို ယှက်ကာ ရိုသေစွာဖြင့် တုံ့ပြန်လိုက်သည်။
"ကမ္ဘာ့အရှင်သခင် ကို ကျေးဇူးတင်ပါတယ်..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သူ့အား ဤကဲ့သို့ ထွက်၍ ကူညီပေးလိမ့်မည်ဟု နင်ချီ ကိုယ်တိုင်ပင် ထင်မှတ်မထားခဲ့ချေ။
တာအိုဘိုးဘေးကြီးများ အားလုံးမှာမူ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားကြတော့သည်။ နင်ချီက ဘယ်လောက်တောင် မျက်နှာကြီးနေလို့ ကမ္ဘာ့အရှင်သခင် ကိုယ်တိုင်က ဒီကောင်လေးကို ဒီလောက်တောင် အရေးပေးနေရတာလဲ...
ဘိုးဘေးကြီး စစ်ခုန်ရွှမ် ကတော့ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အကြောက်လွန်ကာ မျက်နှာတစ်ပြင်လုံး အသည်းရောင် အပြာပုပ်ရောင်သို့ ပြောင်းလဲသွားတော့သည်။
သူသည် နင်ချီ၏ အပေါ်တွင် အမုန်းတရားများ ကိန်းအောင်းနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်ပြီး၊ အမြဲတစေ လက်စားချေရန် ကြံရွယ်နေခဲ့ခြင်းပင်။
သို့သော်ငြား ယခုအချိန်မှသာ... နင်ချီအား လက်စားချေရန် ကြိုးပမ်းခဲ့ခြင်းသည် မည်မျှလောက် မိုက်မဲလှသော လုပ်ရပ်တစ်ခု ဖြစ်ကြောင်း သူ အပြည့်အဝ နားလည် သဘောပေါက်သွားတော့သည်။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ တုံ့ပြန်မှုကတော့ အံ့မခန်း လျင်မြန်လှ၏။
သူသည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်ပြီးနောက်... သူ၏ ခေါင်းကို ကြက်သွန်ဖြူ ထောင်းသည့်အလား မြေကြီးနှင့် ဆောင့်ကာ နင်ချီအား ဆက်တိုက် ဦးညွှတ် တောင်းပန်တော့သည်။
"နင်ချီ... ကျေးဇူးပြုပြီး သဘောထားကြီးကြီးနဲ့ ကျုပ်ကို တစ်ခါလောက် ခွင့်လွှတ်ပေးပါဗျာ..."
နင်ချီက နှာခေါင်းရှုံ့လိုက်သည်။
မိမိ၏ အသက်ကို ကယ်တင်ရန်အတွက် တာအိုဘိုးဘေးကြီး တစ်ပါး၏ ဂုဏ်သိက္ခာကိုပင် ငဲ့ကွက်ခြင်း မရှိတော့ဘဲ ဤမျှလောက် အရှက်အကြောက် ကင်းမဲ့နေသော ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ လုပ်ရပ်ကို မြင်လိုက်ရသောအခါ... ဘေးမှ ကြည့်နေသူ အားလုံးမှာ သူ့ကိုယ်စား ရှက်သွားကြပြီး သူ့ကို အကြီးအကျယ် ရွံရှာသွားကြတော့သည်။
နင်ချီ၏ ထံမှ မည်သည့် တုံ့ပြန်မှုမှ မရရှိသောအခါ... ဘိုးဘေးကြီး စစ်ခုန်ရွှမ် သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ဘက်သို့ လှည့်ကာ ထပ်မံ ဦးညွှတ် တောင်းပန်ပြန်သည်။
"ကမ္ဘာ့အရှင်သခင်... ကျွန်တော် ကလည်း တောင်နဲ့ ပင်လယ် ကမ္ဘာ ရဲ့ ကျင့်ကြံသူ တစ်ယောက်ပါပဲဗျာ... အခုချိန်မှာ ကျွန်တော်တို့ အားလုံးက ဘုံရန်သူကြီး တစ်ခုကို ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက်... ကျေးဇူးပြုပြီး ကျွန်တော့်အတွက် စကားလေး တစ်ခွန်းလောက်တော့ ဝင်ပြောပေးပါလားဗျာ... ကျွန်တော် အသက်ရှင်နေမှပဲ ကျွန်တော့်ရဲ့ အပြစ်တွေကို ပြန်လည် ပေးဆပ်နိုင်မှာ မဟုတ်လား..."
သို့သော်ငြား တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ မျက်နှာထားမှာမူ မည်သည့် ခံစားချက်မှ မရှိသော မူလ အေးစက်စက် အနေအထားသို့ ပြန်လည် ရောက်ရှိသွားပြီး... သူ့ကို လုံးဝ အဖက်မလုပ်တော့ချေ။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် သည် အခြားသော တာအိုဘိုးဘေးကြီးများ ဘက်သို့ မျှော်လင့်တကြီး လှမ်းကြည့်လိုက်ပြန်၏။
သို့သော် တာအိုဘိုးဘေးကြီးများ အားလုံးက မျက်လုံးကိုသာ လှန်ပြလိုက်ကြပြီး မည်သူကမျှ သူ့ကို အရေးမလုပ်ကြချေ။ ကမ္ဘာ့အရှင်သခင် ကိုယ်တိုင်ကတောင် ခွင့်ပြုချက် ပေးထားပြီးပြီ ဖြစ်ရာ... သူတို့က ဘယ်လိုလုပ်ပြီး သူ့အတွက် ဝင်ရောက် အသနားခံပေးရဲပါမည်နည်း... သူတို့ ကိုယ်သူတို့ အထင်မကြီးရဲပါ။
မည်သူကမျှ သူ့ကို ကူညီရန် ဆန္ဒမရှိကြကြောင်း သေချာသွားသောအခါ... ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။
သူသည် အခက်အခဲပေါင်း များစွာကို ကျော်ဖြတ်ပြီးမှသာ သဟဇာတ ဖြစ်ခြင်း နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး အင်မော်တယ်ဂိုဏ်း တစ်ခု၏ ဘိုးဘေးကြီး တစ်ပါး ဖြစ်လာခဲ့ရခြင်းပင်။
သို့သော် ယခုအခါတွင်မူ အောက်ခြေ နယ်မြေ တစ်ခုမှ ကျင့်ကြံသူ တစ်ယောက်ကြောင့် သူ၏ ဘဝတစ်ခုလုံး ပျက်စီးရတော့မည် ဖြစ်ရာ... အဘယ်ကြောင့် ဤမျှလောက် ကံဆိုးမိုးမှောင် ကျနေရပါသနည်း...။
ထိုအခြေအနေထိ ရောက်နေသည့်တိုင်အောင် ဘိုးဘေးကြီး စစ်ခုန်ရွှမ် သည် မိမိ၏ အမှားများကို ပြန်လည် သုံးသပ်ခြင်း မရှိဘဲ သူ အနည်းငယ် ကံဆိုးသွားရုံမျှသာ ဖြစ်သည်ဟု တွေးထင်နေဆဲပင်။
ယခုအခါ အသက်ရှင်သန်ရန် မည်သည့် လမ်းစမျှ မရှိတော့ကြောင်း သေချာသွားပြီ ဖြစ်ရာ... သူသည် ဒူးထောက်နေသည့် အနေအထားမှ ချက်ချင်း ပြောင်းလဲလိုက်ပြီး လေနှင့် မိုးကြိုး စွမ်းအင်များကို စီးနင်းကာ တစ်ဖက်သို့ အလင်းတန်း တစ်ခုအလား ထွက်ပြေးတော့သည်။
နင်ချီကမူ ထွက်ပြေးသွားသော သူ၏ ကျောပြင်ကို ကြည့်ကာ အဝေးမှနေ၍ လက်လှမ်းပြလိုက်၏။
အခန်း (၈၇၃) - နောက်ထပ် ထူးကဲသော ရတနာတစ်ပါးကို ရယူခြင်း
လူတိုင်း၏ အံ့အားသင့်ဖွယ် အကြည့်များ အောက်တွင်ပင်... ထွက်ပြေးသွားသော ဘိုးဘေးကြီး စစ်ခုန်ရွှမ် သည် သူ ထွက်ပြေးသွားစဉ်က အရှိန်ထက် ပိုမို လျင်မြန်သော အရှိန်အဟုန်ဖြင့် မူလနေရာသို့ ပြန်လည် ရောက်ရှိလာတော့သည်။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် မှာ အမှန်တကယ်ပင် အကျပ်အတည်း ဆိုက်သွားလေပြီ...။
ပြန်လည် တိုက်ခိုက်ရန်လည်း မဖြစ်နိုင်သလို... ထွက်ပြေး လွတ်မြောက်ရန်လည်း လုံးဝ မဖြစ်နိုင်တော့ချေ။
သူသည် လှည့်ပတ်ကြည့်လိုက်ပြီး လူအုပ်ကြီး တစ်ခုလုံးကို နာကြည်းချက် အပြည့်ဖြင့် စိုက်ကြည့်လိုက်၏။ သူ၏ အကြည့်များမှာ ဓားသွားများအလား ထက်ရှနေပြီး ထိုသူများ အားလုံးကို ကျိန်ဆဲချင်နေသည့်အလား ရှိနေသည်။
"မင်းတို့က ငါ့ကို အသက်ရှင်ခွင့် မပေးဘူးဆိုရင်... မင်းတို့ အားလုံးလည်း ငါနဲ့အတူ လိုက်သေကြပေတော့ကွာ... ဟား... ဟား..."
သူသည် မိမိကိုယ်ကို ဖောက်ခွဲရန်ပင် ဆုံးဖြတ်လိုက်လေပြီ... သေလျှင်တောင် အဖော်တချို့ကိုတော့ ခေါ်သွားချင်နေသေး၏။
ထိုစကားကို ကြားလိုက်ရသောအခါ သဟဇာတ ဖြစ်ခြင်း နယ်ပယ် အောက်ရှိ ကျင့်ကြံသူများ အားလုံးမှာ ချက်ချင်းပင် မျက်နှာများ ဖြူရော်သွားကြတော့သည်။
တာအိုဘိုးဘေးကြီး တစ်ပါး၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှု စွမ်းအားသည် သူ ကျင့်ကြံထားသမျှသော စည်းမျဉ်းစွမ်းအားများ အားလုံးကိုပါ ပေါက်ကွဲစေမည် ဖြစ်ရာ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
အခြားသော တာအိုဘိုးဘေးကြီးများမှာလည်း အကြီးအကျယ် ထိတ်လန့်သွားကြ၏။
"အားလုံးပဲ... ဝိုင်းပြီး တိုက်ခိုက်ကြ... ဒီလူ ကိုယ့်ကိုယ်ကို ပေါက်ကွဲမှု မလုပ်ခင် သူ့ကို အမြန်ဆုံး သတ်ပစ်ရမယ်..."
သူတို့ အလန့်တကြား အော်ဟစ်လိုက်ကြသည်။
သို့သော် ထိုအခိုက်... အလွန်တရာ တည်ငြိမ်အေးဆေးပြီး နူးညံ့လှသော အသံတစ်ခုက နွေဦးလေပြေအလား လူတိုင်း၏ နှလုံးသားကို ဖြတ်သန်း တိုက်ခတ်သွား၏။
"ဆူညံလိုက်တာ..."
နင်ချီသည် ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ ခေါင်းပေါ်သို့ မျက်စိတစ်မှိတ်အတွင်း နေရာကူးပြောင်း ရောက်ရှိသွားပြီးနောက်... အောက်သို့ အားကုန် နင်းချလိုက်တော့သည်။
နတ်ဘုရား တောင်တန်းကြီး တစ်ခု ဖိနှိပ်ကျဆင်းလာသည့်အလား အလွန်တရာ လျင်မြန် ပြင်းထန်လှသော ထိုခြေလှမ်းကြောင့်... ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ ခန္ဓာကိုယ် အတွင်း၌ စတင် လည်ပတ်နေပြီ ဖြစ်သော ပေါက်ကွဲမှု စည်းမျဉ်းများမှာ ချက်ချင်းပင် ဖိနှိပ် ချေမှုန်းခံလိုက်ရတော့သည်။
သူသည် အထက်မှ ကျဆင်းလာသော ဧရာမ ခြေဖဝါး အရိပ်ကြီးကို မော့ကြည့်လိုက်လေရာ... သူ၏ မျက်လုံးများထဲတွင် မည်သည့် အလင်းရောင်မျှ မရှိတော့ချေ။
ထိုစဉ် ရုတ်တရက်... ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ နားထဲသို့ တာအို အသံတစ်ခု လျှို့ဝှက်စွာ ဝင်ရောက်လာသည်။
"ခင်ဗျားက သခင်ကျန့်ရွှမ် ကို လိုက်ရှာနေတာ မဟုတ်လား... တကယ်တော့ သခင်ကျန့်ရွှမ် ဆိုတာ မရှိဘူး.. အဲဒါ ကျုပ်ကိုယ်တိုင် ဖန်တီးထားတဲ့ ပုံရိပ်ယောင်ပဲ... ခင်ဗျား သေသွားရင်တော့ အမှန်တရားကို သိသွားမှာပါ... ကျေးဇူးတင်စရာ မလိုပါဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ အသက်ကင်းမဲ့နေပြီ ဖြစ်သော ဘိုးဘေးကြီး စစ်ခုန်ရွှမ် ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြန်လည် တောက်ပလာတော့သည်။
"ဒါ... ဒါဆို... အဲဒီလူက မင်း ဖြစ်နေတာပေါ့..."
ဒါက သူ မသေဆုံးမီ နောက်ဆုံး တွေးလိုက်မိသော အတွေးပင် ဖြစ်တော့၏။
“ဝုန်း…”
ဧရာမ ခြေဖဝါး အရိပ်ကြီးသည် ဘိုးဘေးကြီး စစ်ခုန်ရွှမ် အား မြေကြီးပေါ်သို့ ဖိကြိတ် နင်းချေလိုက်လေရာ... ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးက သူ့ကို ရစရာမရှိအောင် ကြိတ်ခြေပစ်လိုက်တော့သည်။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် ထံမှ သနားစရာကောင်းလှသော အော်ဟစ်သံကြီး တစ်ချက် ထွက်ပေါ်လာပြီးနောက်... ပတ်ဝန်းကျင် တစ်ခုလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
နင်ချီသည် လူအုပ်ကြီးနှင့် အတန်ငယ် ကွာဝေးသော နေရာသို့ အေးဆေးစွာပင် ပြန်လည် ဆင်းသက်လိုက်၏။
ဘိုးဘေးကြီး စစ်ခုန်ရွှမ် ဆိုသူမှာမူ အစအနပင် မကျန်တော့လောက်အောင် အမှုန့်ကြိတ်ခံလိုက်ရပြီး ဤလောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားခဲ့လေပြီ။
အခြားသော တာအိုဘိုးဘေးကြီးများမှာ နင်ချီအား ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်ကြသည်။
သို့သော် မထင်မှတ်ထားဘဲ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် နင်ချီအား လှမ်းပြောလိုက်၏။
"ငါနဲ့ ခဏလောက် လိုက်ခဲ့ပါဦး..."
နင်ချီမှာ ငြင်းဆန်ပိုင်ခွင့် မရှိတော့သဖြင့် သူ့နောက်သို့သာ လိုက်သွားရတော့သည်။
ထိုအခါ ကျန်ရစ်ခဲ့သော လူအုပ်ကြီးမှာ နင်ချီ၏ အခြေအနေများနှင့် ပတ်သက်၍ သိရှိနိုင်ရန် အချင်းချင်း တီးတိုး ဆွေးနွေးလာကြတော့သည်။ ဖန်တောက်မင် နှင့် ဝမ်ထိန်ဟိုင် တို့ကလည်း ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့အား သဘာဝကျစွာပင် မေးမြန်းလိုက်ကြသည်။
သူတို့နှစ်ဦးသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်... နင်ချီ၏ နောက်သို့ လိုက်ပါလာခဲ့စဉ်က ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက် အားလုံးကို အသံလွှင့်၍ အမြန် ရှင်းပြလိုက်ကြ၏။
ထိုအခါ ဖန်တောက်မင် နှင့် ဝမ်ထိန်ဟိုင် တို့မှာ အကြီးအကျယ် ဆွံ့အ မှင်သက်သွားကြတော့သည်။
နင်ချီက သူတို့ကို တစ်ကိုယ်တော် ကယ်တင်ပေးခဲ့ခြင်း... နင်ချီက စစ်မြေပြင်နယ်မြေ အတွင်း အသုံးပြုနိုင်သော သံလိုက်အိမ်မြှောင်ကို တီထွင်ဖန်တီးခဲ့ခြင်း.. ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ တစ်ယောက်ကို တစ်ကိုယ်တော် ချေမှုန်းခဲ့ခြင်း.. စစ်မြေပြင်နယ်မြေ အများအပြားကို သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း... စသည်ဖြင့်...
ဤအချက်များထဲမှ တစ်ချက်ကိုမျှသာ ကြည့်မည်ဆိုလျှင်ပင်... ၎င်းသည် တောင်နှင့် ပင်လယ် ကမ္ဘာ အတွက် ပြိုင်ဘက်ကင်းသော အောင်မြင်မှုကြီး တစ်ခု ဖြစ်နေလေပြီ...။
ထိုအခိုက် ဖန်တောက်မင် က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဒါ... ဒါကြောင့်မို့လို့ ပင်လယ်ဘိုးဘေးကြီး က နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို ဇွတ်အတင်း သိမ်းပိုက်ချင်နေခဲ့တာကိုး..."
တောင်နှင့် ပင်လယ် ကမ္ဘာ အတွင်း၌ ဖြစ်ပွားခဲ့သော မဟာတိုက်ပွဲကြီးကို သူ ပြန်လည် အမှတ်ရသွား၏။ ထိုစဉ်က ဘိုးဘေးကြီး နှစ်ပါးသည် ရုတ်တရက် စစ်ခင်းခဲ့ကြပြီး... ပင်လယ်ဘိုးဘေးကြီး က သူတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နက်ရှိုင်းသော သစ္စာတရား နယ်မြေ ကို အတင်းအဓမ္မ သိမ်းပိုက်ခဲ့ခြင်းပင်။
သို့သော်ငြား ထိုအချိန်က သူတို့သည် ဤကိစ္စများကို အရေးမလုပ်ခဲ့ကြသလို... ဘိုးဘေးကြီး နှစ်ပါး အဘယ်ကြောင့် ဤမျှလောက် အငြင်းပွားနေကြသနည်း ဆိုသည်ကိုလည်း လုံးဝ နားမလည်ခဲ့ကြချေ။
ယခုမှသာ ဖန်တောက်မင် တစ်ယောက် အလုံးစုံကို သဘောပေါက် နားလည်သွားတော့သည်။
'သြော်... ဘိုးဘေးကြီး နှစ်ပါးက ဒီလို ပြိုင်ဘက်ကင်း ပါရမီရှင် ကို လုနေကြတာကိုး...'
ထိုအကြောင်းကို တွေးမိသောအခါ သူသည် ခေတ္တမျှ နောင်တရသွားမိ၏။ မည်သို့ပင်ဆိုစေကာမူ... နက်ရှိုင်းသော သစ္စာတရား နယ်မြေ သည် သူတို့၏ ဖူယောင် နယ်မြေ နှင့် ကပ်လျက်တွင် ရှိနေသည် မဟုတ်ပါလား... အကယ်၍ သူသာ နင်ချီနှင့် ကြိုတင် အဆက်အသွယ် လုပ်ထားနိုင်ခဲ့မည် ဆိုလျှင်... သူတို့ကြားတွင် ပိုမို ခိုင်မာသော ဆက်ဆံရေး တစ်ခု တည်ဆောက်နိုင်မည် မဟုတ်ပါလော...။
ထိုစဉ် ဖန်တောက်မင် သည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ချီခယ်ချင်း ဘက်သို့ လှည့်ကာ မေးလိုက်၏။
"အစတုန်းက မင်း ပြောခဲ့တာက... ဖူယောင် နယ်မြေ စစ်တပ် ကို အနောက်တောင် နယ်မြေ ထဲမှာ ချန်ထားခဲ့မယ် ဆို... ဒါဆို မင်းက အဲဒီကောင်လေးရဲ့ နောက်ကို..."
ချီခယ်ချင်း က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် အကြီးအကဲဖန်... ခယ်ချင်း က အရှင်သခင်နင် ရဲ့ နောက်ကို တစ်လျှောက်လုံး လိုက်ပါလာခဲ့ပြီးတော့... သူ့ဆီကနေ အများကြီး သင်ယူခွင့် ရခဲ့သလို... ကျင့်ကြံခြင်း ပိုင်းမှာလည်း အများကြီး တိုးတက်လာခဲ့ပါတယ်... ဒါကြောင့်မို့လို့ လူတိုင်းကို သူ့နောက် ဆက်လိုက်စေချင်တာပါ... ဘယ်လိုပဲဖြစ်ဖြစ် အကြီးအကဲ တို့တွေက ကျွန်မတို့နဲ့ တစ်တပ်တည်းမှ မဟုတ်တာလေ..."
ဖန်တောက်မင် မှာ သူ၏ တပည့်များထဲတွင် မိမိနှင့်အတူ ရပ်တည်မည့်သူ တစ်ယောက်မျှ မရှိတော့သဖြင့် အတန်ငယ် အထီးကျန် သွားသလို ခံစားလိုက်ရ၏။
သို့သော်ငြား သူက အခြေအနေကို ကောင်းစွာ နားလည်သူ တစ်ယောက် ဖြစ်ရာ... အကယ်၍ သူ၏ တပည့်များသာ နင်ချီ၏ နောက်သို့ လိုက်ပါသွားမည် ဆိုပါက သူတို့အတွက် ကြီးမားလှသော အကျိုးအမြတ်များ ရရှိမည်မှာ အသေအချာပင် ဖြစ်ကြောင်းကို ကောင်းစွာ သိရှိထား၏။
အခြားသော အကြောင်းအရာများကို ဘေးဖယ်ထားမည် ဆိုလျှင်ပင်... နင်ချီနှင့် ခိုင်မာသော ဆက်ဆံရေး တစ်ခု တည်ဆောက်ထားနိုင်ခြင်းကပင် သူတို့အတွက် အတိုင်းမသိ အကျိုးရှိစေမည် ဖြစ်သည်။
ဘိုးဘေးကြီး နှစ်ပါး ကိုယ်တိုင်ကပင် နင်ချီကို လုနေကြသည် မဟုတ်ပါလော... ထို့အပြင် တောင်နှင့် ပင်လယ် ကမ္ဘာ့အရှင်သခင် ကလည်း နင်ချီကို အခြားသူများနှင့်မတူ သီးခြား အခွင့်အရေးများ ပေးနေသည် မဟုတ်ပါလော...။
...
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် နင်ချီ တို့သည် လူအုပ်ကြီးနှင့် ခပ်လှမ်းလှမ်း နေရာတစ်ခုသို့ ရောက်ရှိသွားကြ၏။
"ကမ္ဘာ့အရှင်သခင်... ကျွန်တော့်ကို ဘာပြောစရာ ရှိလို့လဲဗျ..."
ဟု နင်ချီက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ပုံရိပ်ယောင်ကြီးသည် နင်ချီအား ဘေးတိုက် အနေအထားဖြင့် ရပ်နေပြီး... ကောင်းကင်ယံသို့ မော့ကြည့်နေလေရာ... သူ ဘာကို ကြည့်နေသနည်း... သို့မဟုတ် ဘာတွေ တွေးနေသနည်း ဆိုသည်ကိုတော့ မည်သူကမျှ ခန့်မှန်း၍ ရနိုင်မည် မဟုတ်ချေ။
ခေတ္တအကြာတွင်... ပုံရိပ်ယောင်ကြီးသည် နင်ချီဘက်သို့ လှည့်လာပြီးနောက် မေးလိုက်သည်။
"မင်းက စစ်မြေပြင်နယ်မြေ တစ်ခုလုံးကို အနှံ့အပြား သွားရောက်ခဲ့ပြီးပြီဆိုတော့... ဒီ ဝိညာဉ်ကမ္ဘာ တွေရဲ့ တိုက်ပွဲမှာ ငါတို့ နိုင်နိုင်ခြေ ဘယ်လောက်ရှိတယ်လို့ မင်း ထင်သလဲ..."
နင်ချီ၏ ပထမဆုံး အတွေးကတော့... သူတို့ဘက်က လုံးဝ ရှုံးနိမ့်နေပြီ ဟု တွေးလိုက်မိခြင်းပင်။ သို့သော် ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက်တွင်မူ... သူက ယုံကြည်မှု အပြည့်ဖြင့် ဖြေကြားလိုက်၏။
"လက်ရှိ အနေအထားအရ ဆိုရင်တော့... တောင်နဲ့ ပင်လယ် ကမ္ဘာ က အပေါ်စီးကနေ ရနေပါပြီ..."
ထိုအခါ ပုံရိပ်ယောင်ကြီးက နင်ချီကို စိုက်ကြည့်ကာ ဆိုသည်။
"မလုံလောက်သေးဘူး..."
“ကမ္ဘာ့အရှင်သခင် ရဲ့ စကားက ဘာကို ဆိုလိုချင်တာပါလဲ…”
ပုံရိပ်ယောင်ကြီး၏ အသံမှာ အတန်ငယ် အလောတကြီး ဖြစ်နေဟန် ရှိ၏။
"အရင်တုန်းက မင်းကို ငါ ဘာတာဝန်မှ မပေးခဲ့ဘူး... ဒါပေမဲ့ အခုတော့ ငါ သေချာ စဉ်းစားပြီးသွားပြီ... ကျယ်ပြန့်သော ကမ္ဘာ ရဲ့ တာအိုဘိုးဘေးကြီး တွေကို ခြုံခိုတိုက်ခိုက်ဖို့ မင်းကို လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ... ဘယ်လိုလဲ..."
ထို့နောက် သူက ဆက်၍ ပြောသည်။
"ဘယ်လိုပဲဖြစ်ဖြစ်... မင်းက နယ်မြေတွေ အများကြီးကို သွားရောက်ခဲ့ပြီးပြီ ဆိုတော့ အခြေအနေ အားလုံးကို ကောင်းကောင်း နားလည်နေလောက်ပြီလေ... ပြီးတော့... ငါ မင်းကို ပေးထားတဲ့ စုတ်ပြတ်နေတဲ့ သစ်ရွက်လေး ကလည်း ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ရဲ့ အာရုံခံနိုင်စွမ်း ကို ကာကွယ်ပေးနိုင်တယ် မဟုတ်လား..."
နင်ချီက ခါးသက်သက် အပြုံးတစ်ခုကို ပြုံးလိုက်ပြီးနောက်...
"ကမ္ဘာ့အရှင်သခင် က ကျွန်တော့်ကို တကယ်ပဲ အထင်ကြီးလွန်းနေတာပဲ..."
"စဉ်းစားကြည့်လေဗျာ...ကျွန်တော်က တစ်ယောက်တည်းလေ... အကယ်၍ ကျွန်တော်သာ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ တာအိုဘိုးဘေးကြီး တွေကို ခြုံခိုတိုက်ခိုက်မယ် ဆိုရင်... သူတို့ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးမှပဲ ကျွန်တော့်အတွက် အခွင့်အရေး ရှိမှာပေါ့... ဒါ့အပြင် အဲဒီ သစ်ရွက်စုတ်လေး က တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာဆိုရင် ကျွန်တော့်ရဲ့ တည်နေရာကို သေချာပေါက် ဖော်ပြပေးသလို ဖြစ်သွားမှာလေ... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ကလည်း ကျွန်တော့်ကို မျက်စိစူးနေတာ ကြာပြီ... အကယ်၍ ကျွန်တော်သာ သွားပြီး အမိခံလိုက်ရရင်... သူတို့ ထောင်ထားတဲ့ ထောင်ချောက်ထဲကို ကိုယ့်ဘာသာ သွားဝင်သလို ဖြစ်မနေဘူးလား... ကမ္ဘာ့အရှင်သခင် လည်း ကျွန်တော့်ကို သူတို့လက်ထဲ ပါသွားတာမျိုး မလိုလားဘူး မဟုတ်လား..."
ထိုအခါ ပုံရိပ်ယောင်ကြီးက အလွန် တည်ငြိမ်စွာပင် ပြန်မေးလိုက်၏။
"ပြောစမ်းပါဦး... ငါ ခိုင်းတဲ့အတိုင်း လုပ်ပေးဖို့အတွက် မင်း ဘာအလိုရှိသလဲ ဆိုတာကို..."
ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားတော့သည်။
"ကမ္ဘာ့အရှင်သခင် ကတော့ တကယ့်ကို သဘောထား ကြီးမြတ်ဆုံးပါပဲ..."
နင်ချီက သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီးနောက်...
"ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ရဲ့ အာရုံခံနိုင်စွမ်းကို ကာကွယ်ပေးနိုင်မယ့် ပိုပြီး အစွမ်းထက်တဲ့ ရတနာမျိုးများ ကမ္ဘာ့အရှင်သခင် ဆီမှာ ရှိသေးသလားလို့ပါဗျာ... ကျွန်တော်က သွားမလုပ်ပေးချင်လို့ မဟုတ်ပါဘူး... အကယ်၍ ကျွန်တော်က တစ်ဖက်ရန်သူရဲ့ တာအိုဘိုးဘေးကြီး ကို သတ်ချင်တယ် ဆိုရင်... ကျွန်တော့်ရဲ့ အချက်အလက်တွေ ပေါက်ကြားသွားတာနဲ့ တစ်ပြိုင်နက်... သေလမ်းပဲလေ..."
တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် ဤအချက်များကို ကောင်းစွာ နားလည် သဘောပေါက်ပြီး ဖြစ်သလို... နင်ချီ၏ တောင်းဆိုမှုမှာလည်း အကြောင်းပြချက် ခိုင်လုံလှသည်။
သူက မိမိ၏ အသက်ကို ပဓာနမထားဘဲ အန္တရာယ်များလှသော တာဝန်တစ်ခုကို ထမ်းဆောင်ပေးရမည် ဖြစ်ရာ... အနည်းဆုံးတော့ သူ့ကို အသက်ရှင်နိုင်စေမည့် အကာအကွယ် တစ်ခုခုတော့ ပေးသင့်သည်။
"ကောင်းပြီလေ... မင်းကို နောက်ထပ် စည်းမျဉ်း အပိုင်းအစကြီး တစ်ရာ နဲ့ တာအိုဘိုးဘေးကြီး တစ်ပါးရဲ့ စွမ်းအားတွေ ပေးမယ်... တောင်နဲ့ ပင်လယ် ကမ္ဘာ က လည်း မင်းကို အမြန်ဆုံး သဟဇာတ ဖြစ်ခြင်း ကောင်းကင် ကပ်ဘေးကို ကျော်ဖြတ်နိုင်အောင် ကူညီပေးမယ်... ပြီးတော့ သဟဇာတ ဖြစ်ခြင်း နယ်ပယ် ကို အမြန်ဆုံး ရောက်အောင် လုပ်ပေးမယ်... စည်းမျဉ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ခန္ဓာကိုယ် ရှိလာပြီဆိုရင် မင်းအတွက် အသက်ရှင်ဖို့ ပိုလွယ်သွားမှာပါ..."
"ပြီးတော့ မင်း သတ်ခဲ့တဲ့ တာအိုဘိုးဘေးကြီး တစ်ပါးတိုင်း အတွက်... အဲဒီ တာအိုဘိုးဘေးကြီး နဲ့ တန်ဖိုး ညီမျှတဲ့ အရာတစ်ခုခုကို ငါ မင်းကို ဆုချမယ်... ဘယ်လိုလဲ..."
ထိုသို့ပြောဆိုပြီးနောက် ပုံရိပ်ယောင်ကြီးသည် သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်၏။
ထို့နောက် သူ၏ လက်ထဲတွင် လုံးဝ အကောင်းပကတိ ဖြစ်နေသော သစ်ရွက် ခြောက် တစ်ရွက် ထွက်ပေါ်လာပြီး နင်ချီအား ကမ်းပေးလိုက်သည်။
"ဒါက ငါရထားတဲ့ အကောင်းပကတိ သစ်ရွက် အနည်းငယ် ထဲက တစ်ရွက်ပဲ... တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာတောင် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ရဲ့ အာရုံခံနိုင်စွမ်းကနေ မင်းကို ကာကွယ်ပေးနိုင်လိမ့်မယ်..."
နင်ချီသည် ထိုသစ်ရွက်ကို အလွန် ကျေနပ်အားရစွာဖြင့် ပြုံး၍ လှမ်းယူလိုက်ပါတော့၏။
သသည် ထိုသစ်ရွက်ကို လက်ထဲတွင် ကိုင်ထားပြီး အသေအချာ စစ်ဆေးကြည့်လိုက်သည်။ တကယ်ပင်... ယခင်တစ်ကြိမ်က သူ ရရှိခဲ့သော စုတ်ပြတ်နေသည့် သစ်ရွက်လေး နှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက... ဤသစ်ရွက်သည် ပို၍ ပြည့်စုံ ကောင်းမွန်နေကြောင်း တွေ့ရ၏။ သို့သော် ၎င်း၏ အရောင်မှာမူ ခြောက်သွေ့ ဝါကျင်နေဆဲပင်။
နင်ချီက ထိုသစ်ရွက်ကို သိမ်းဆည်းလိုက်ပြီးနောက် ကမ္ဘာ့အရှင်သခင် အား မေးလိုက်၏။
"ကမ္ဘာ့အရှင်သခင် က ကျွန်တော့်ကို ဒီတာဝန်အတွက် တစ်ယောက်တည်း လွှတ်လိုက်ပြီ ဆိုတော့... ကျွန်တော့်ရဲ့ စစ်တပ်ကြီး ကရော ဘယ်လို လုပ်ရမှာလဲဗျ…”