← Chapters

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း

"မင်းက တကယ့်ကို သစ္စာရှိပြီး ရဲရင့်တဲ့ လူငယ်လေး တစ်ယောက်ပဲ..."

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က နင်ချီအား တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်...

ချီးကျူးလိုက်၏။

သူသည် နင်ချီကို အချိန်အတော်ကြာအောင် လေ့လာ အကဲခတ်နေခဲ့ခြင်းပင်။ ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါက... အလွန် ရှည်လျားလှသော သက်တမ်း တစ်ခုကို ဖြတ်သန်းခဲ့ပြီး ဖြစ်သော တောင်ဘိုးဘေးကြီး ထက်ပင် နင်ချီက ပို၍ သင့်တော်လှသည်။ ပင်လယ်ဘိုးဘေးကြီး မှာမူ အတန်ငယ် ငယ်ရွယ် နုနယ်လွန်းနေသေးသည် မဟုတ်ပါလော...။

တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့ နှစ်ပါးစလုံးသည် မရေမတွက်နိုင်သော မုန်တိုင်းပေါင်း များစွာကို ဖြတ်သန်းခဲ့ကြသူများ ဖြစ်ရာ... ထို တာအိုဘိုးဘေးကြီး များ၏ စိတ်အဇ္ဈတ္တ အတွင်း၌ မည်သို့သော အကြံအစည်များ ရှိနေသနည်း ဆိုသည်ကို မည်သူကမျှ အတိအကျ မသိနိုင်ချေ။

သို့သော်ငြား နင်ချီနှင့် ပတ်သက်လာလျှင်မူ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က အလုံးစုံကို ကွက်ကွက်ကွင်းကွင်း မြင်နေရသည်။

နင်ချီသည် သူ၏ လူများအပေါ်တွင် အလွန်တရာ ကြင်နာ သနားတတ်ပြီး၊ သံယောဇဉ် အလွန်ကြီးမားသူ တစ်ယောက် ဖြစ်သည်။ ဤအချက်ကပင် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အား နင်ချီ၏ အပေါ်၌ အတော်အသင့် စိတ်အေးသွားစေခြင်းပင်။

ထိုအခါ နင်ချီက ပြန်လည် ဖြေကြားလိုက်၏။

"ကျွန်တော့်မှာလည်း တခြား ရွေးချယ်စရာမှ မရှိတာပဲ... သူတို့အားလုံးက ကျွန်တော့်ကို အပြည့်အဝ ယုံကြည်ထားကြတာလေ... တာအိုဘိုးဘေးကြီး တွေ ရောက်လာပြီးတဲ့ နောက်ပိုင်းမှာ... စစ်မြေပြင်နယ်မြေ ကြီးက ပိုပြီး အန္တရာယ်များလာပြီ... ကျွန်တော်က သူတို့ကို ဒီတိုင်းကြီး ပစ်ထားခဲ့လို့မှ မရတာ..."

"ဒါဆိုရင် ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... သူတို့ကို အတော်လေး စိတ်ချရတဲ့ နေရာတစ်ခုမှာ ငါ နေရာချပေးမယ်... ပြီးတော့ သူတို့ရဲ့ အခြေအနေကို အချိန်တိုင်း ငါကိုယ်တိုင် စောင့်ကြည့်ပေးထားမယ်... အကယ်၍ မျှော်လင့်မထားတဲ့ အန္တရာယ် တစ်ခုခုများ ကြုံလာခဲ့ရင် မင်းကို ချက်ချင်း အသိပေးမယ်... မင်းကလည်း သူတို့ရဲ့ လုံခြုံရေးအတွက် အချိန်မရွေး ပြန်လာလို့ ရတာပဲလေ... ဘယ်လိုလဲ..."

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် နင်ချီအား ထိုတာဝန်ကို လက်ခံလာစေရန် အစွမ်းကုန် ဖြောင်းဖျ ပြောဆိုနေတော့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီက ရယ်လိုက်ပြီး...

"ကမ္ဘာ့အရှင်သခင် က ဒီလောက်တောင် ရက်ရက်ရောရော ကမ်းလှမ်းလာမှတော့... ကျွန်တော်က ဘယ်လိုလုပ် ငြင်းရက်တော့မှာလဲဗျာ..."

"ကောင်းပြီလေ... လာမယ့် တိုက်ပွဲကြီးတွေမှာ မင်း ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်..."

နင်ချီလည်း သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

သို့သော် သူ၏ နှလုံးသား အတွင်း၌မူ သံသယ အချို့ ကိန်းအောင်းနေဆဲပင်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် သည် အလွန်အမင်း အလောတကြီး ဖြစ်နေသည်ဟု သူ ခံစားနေရသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ဘိုးဘေးကြီး နှစ်ပါးတို့သည် အဘယ်ကြောင့် ဤဝိညာဉ်ကမ္ဘာ စစ်ပွဲကြီးကို ဤမျှလောက် အလောတကြီး စတင်ချင်နေကြသနည်း ဆိုသည်ကို နင်ချီ တစ်ယောက် ယခုတိုင် နားမလည်နိုင်အောင် ဖြစ်နေဆဲပင်...

အကယ်၍ ဘိုးဘေးကြီး နှစ်ပါး က သူတို့၏ အဆင့်ကို ချိုးဖြတ်ပြီး တာအို နှင့် ပေါင်းစည်းချင်နေကြသည် ဆိုပါက... ထို့အပြင် တောင်နှင့် ပင်လယ် ကမ္ဘာ ကလည်း နောက်တစ်ဆင့်သို့ ကူးပြောင်းချင်နေသည် ဆိုပါက... ဤမျှလောက် အလျင်စလို လုပ်စရာ လိုအပ်ပါသလော။။

ထိုအတွေးများနှင့်အတူ... နင်ချီသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် အား နှုတ်ဆက်ပြီးနောက် ထွက်ခွာလာခဲ့တော့သည်။

...

ထို့နောက် နင်ချီ နှင့် ချီခယ်ချင်း တို့သည် အနောက်တောင် နယ်မြေ သို့ ပြန်လည် ရောက်ရှိလာကြ၏။

ကျူးယန့်ချွမ်း နှင့် လန်ယာ နယ်မြေ မှ စစ်တပ်များမှာမူ လန်ယာ နယ်မြေ ရှိ တာအိုဘိုးဘေးကြီး ၏ အမိန့်အောက်သို့ ပြန်လည် ရောက်ရှိသွားကြပြီ ဖြစ်သည်။

ဤနယ်မြေအတွင်းရှိ တာအိုဘိုးဘေးကြီး များမှာ လာမည့် မဟာတိုက်ပွဲကြီး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြဆဲ ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသောအခါ... နင်ချီသည် သူ၏ တပ်ဖွဲ့ကို သီးသန့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီးနောက် အရေးကြီးသော ညွှန်ကြားချက် အချို့ကို ပေးအပ်လိုက်၏။

နင်ချီသည် နယ်မြေနှစ်ခုမှ စစ်တပ်ကြီးကို အသေအချာ လိုက်လံ ကြည့်ရှုလိုက်၏။... သူ၏ အကြည့်များက ထိုအထဲတွင် ရှိနေကြသော ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ အပေါ်တွင် အဓိက ကျရောက်နေခြင်းသာ။

ဥပမာအားဖြင့်... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ သူ၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသော... အကန့်အသတ်မဲ့ ဓားဂိုဏ်း မှ ဓားဘိုးဘေးကြီး၊ ချန်ဝမ်ဟယ်၊ ကျန်းရူဟိုင်၊ ကျန်းပိုင်ချွမ်း နှင့် တာအိုဆရာ ဇီယန်... ထို့အပြင် နွားမိစ္ဆာ အဆင့်မြင့်ဂိုဏ်း မှ နျူမန် နှင့် ဖူယောင် နယ်မြေ မှ ချီခယ်ချင်း တို့ပင် ဖြစ်၏။

"အခုဆိုရင် တာအိုဘိုးဘေးကြီး တွေ ရောက်လာကြပြီ... ကျွန်တော်တို့ အားလုံးကလည်း ပေါင်းစည်းခြင်း နယ်ပယ် ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေကြပြီလေ... အကယ်၍ ရှေ့ဆက်ပြီး ပိုလုံခြုံချင်တယ် ဆိုရင်တော့... ကျွန်တော်တို့တွေလည်း အဆင့်ချိုးဖြတါမှ ဖြစ်တော့မယ်... တာအို နဲ့ ပေါင်းစည်းခြင်း နယ်ပယ် ကို ရောက်မှပဲ အဆင်ပြေလိမ့်မယ် ..အားလုံး အဆင့်ချိုးဖြတ်ဖို့ အသင့်ဖြစ်နေကြပြီလား..."

ထိုအခါ ဓားဘိုးဘေးကြီး က...ပြန် ပြောလိုက်၏။

"ငါကတော့ မလောသေးပါဘူးလေ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မင်းနောက်ကိုပဲ လိုက်နေတာ ဆိုတော့... မင်း အဆင့်ချိုးဖြတ်တဲ့ အချိန်မှပဲ ငါလည်း တက်တော့မယ်ကွာ..."

တာအိုဆရာ ဇီယန် ကလည်း ဝင်ပြောလာသည်။

"ဂိုဏ်းချုပ်... ကျွန်တော်တို့ ဘယ်တော့လောက် အဆင့်ချိုးဖြတ်ကြမလဲ... အချိန်လေး တစ်ခုလောက် သတ်မှတ်ပေးပါလားဗျာ..."

ချီခယ်ချင်း ကလည်း နင်ချီအား လှမ်းကြည့်နေ၏။ ယခုအခါ သူမသည် နင်ချီ၏ ဆုံးဖြတ်ချက်တိုင်းကို အပြည့်အဝ ယုံကြည် ကိုးစားနေပြီ ဖြစ်သည်။

နင်ချီသည် ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြောလိုက်၏။

"အခုလောလောဆယ်တော့ မလောသေးတာ အကောင်းဆုံးပဲဗျ... အကယ်၍ ကျွန်တော်တို့ အခုချက်ချင်း အဆင့်ချိုးဖြတ်လိုက်မယ် ဆိုရင်... သေချာပေါက် သဟဇာတ ဖြစ်ခြင်း နယ်ပယ် တပ်ဖွဲ့ထဲကို အပို့ခံရလိမ့်မယ်... အခြေအနေကို ခဏလောက် စောင့်ကြည့်လိုက်ကြရအောင်နော်..."

အကြိမ်ကြိမ် အလီလီ စဉ်းစားသုံးသပ်ပြီးနောက်... နင်ချီသည် သူတို့ကို ယခုချက်ချင်း အဆင့်ချိုးဖြတ်ခွင့် မပြုသေးဘဲ ပိုမို ကောင်းမွန်သော အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။

အခန်း (၈၇၅) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း

ထို့နောက်တွင်တော့ နင်ချီသည် အားလုံး၏ ကျင့်ကြံခြင်း အခြေခံကို ပိုမို ခိုင်မာလာစေရန် ကူညီပေးလိုက်ပြီး... တိုက်ပွဲအတွင်း အတူတကွ ပေါင်းစပ် အသုံးပြုနိုင်မည့် တိုက်ခိုက်ရေး နည်းစနစ် တစ်ခုကို သင်ကြားပေးခဲ့၏။ ထို့နောက်တွင်မူ သူသည် တိတ်တဆိတ် ထွက်ခွာသွားတော့၏။

လူအုပ်ကြီးကတော့ တက်ကြွလှသော စိတ်ဓာတ်ခွန်အားများ အပြည့်အဝ ကိန်းအောင်းနေသည့် မျက်လုံးများဖြင့်... သူ ထွက်ခွာသွားသော ကျောပြင်ကို ငေးကြည့်နေကြတော့သည်။

…

နင်ချီသည် ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ထုတ်ယူလိုက်ပြီးနောက် မြေပုံကို ဖွင့်ကြည့်လိုက်၏။

ယနေ့ သံလိုက်အိမ်မြှောင် ပေါ်တွင် ပေါ်လာသော မြေပုံမှာ ယခင်ကကဲ့သို့ နယ်မြေတစ်ခုတည်း၏ မြေပုံ မဟုတ်တော့ဘဲ စစ်မြေပြင်နယ်မြေ တစ်ခုလုံး၏ မြေပုံကြီး ဖြစ်နေလေပြီ။

အကြောင်းမူကား သူသည် ယခင်က စစ်မြေပြင်နယ်မြေ အားလုံးသို့ အနှံ့အပြား သွားရောက်ခဲ့ပြီး ဖြစ်ရာ... ထိုသို့ သွားရောက်ရင်းဖြင့် နယ်မြေအားလုံး၏ မြေပုံများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ခဲ့ခြင်းပင်။

၎င်းက ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို တီထွင်ဖန်တီးခဲ့သော သူ တစ်ဦးတည်းသာလျှင် သီးသန့် ရရှိနိုင်သော အချက်အလက်များ ဖြစ်ပြီး... ၎င်းကပင် သူ၏ အကြီးမားဆုံးသော အကျိုးအမြတ် ဖြစ်သည်။

အခြားသော သံလိုက်အိမ်မြှောင် ပိုင်ရှင်များမှာမူ ဤကဲ့သို့ ကျယ်ပြန့်သော မြင်ကွင်းမျိုးကို မြင်တွေ့ခွင့် လုံးဝ မရှိကြချေ။

လက်ရှိ အချိန်တွင်... ကမ္ဘာကြီး နှစ်ခုစလုံး၌ နင်ချီ ကဲ့သို့ အရာရာကို ဖောက်ထွင်း မြင်နိုင်စွမ်းရှိသူ တစ်ယောက်မျှ မရှိသေးဟု ပြောလျှင်ပင် ရနိုင်၏။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ပင်လျှင် ဤကဲ့သို့ မမြင်နိုင်ကြချေ။ အကြောင်းမှာ စစ်မြေပြင်နယ်မြေ အတွင်း၌ သူတို့သည် သူတို့ ထိန်းချုပ်ထားသော နေရာများကိုသာ မြင်နိုင်စွမ်း ရှိသောကြောင့် ဖြစ်သည်။

အကယ်၍ တစ်ဖက်ရန်သူက နေရာတစ်ခုကို သိမ်းပိုက်လိုက်ပြီ ဆိုပါက... ထိုနေရာကို သူတို့ လုံးဝ အာရုံခံနိုင်တော့မည် မဟုတ်ချေ။

နင်ချီသည် မြေပုံကြီးကို စူးစိုက်ကြည့်နေ၏။

စစ်မြေပြင်နယ်မြေ ကိုးခု၏ အလွန် သေးငယ်သော ပုံရိပ်ယောင်လေးများ အားလုံးသည် ထိုမြေပုံပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။

နင်ချီ၏ အကြည့်များက မြေပုံပေါ်ရှိ အရာအားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက်... အချက်အလက် အားလုံးသည် သူ၏ စိတ်အာရုံထဲသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့၏။

"အကြီးဆုံး ဖြစ်တဲ့ အလယ်ဗဟို ဝိညာဉ်နယ်မြေ... အနောက်မြောက်... မြောက်ဘက်တည့်တည့် နဲ့ အရှေ့ဘက်တည့်တည့် ဝိညာဉ်နယ်မြေ တွေမှာတော့ ကမ္ဘာကြီး နှစ်ခုစလုံး က ကျင့်ကြံသူ တွေ အခုထက်ထိ အသေအလဲ တိုက်ခိုက်နေကြတုန်းပဲ…”

'ဓားဘိုးဘေးကြီး တို့ကို တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဒီဝိညာဉ်နယ်မြေ တွေထဲမှာ သေချာပေါက် နေရာချထားပေးလိမ့်မယ်... သူတို့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု တွေကြောင့် ငါ သိပ်ပြီး စိတ်ပူစရာ မလိုတော့ဘူးလေ...'

ထိုအခိုက် အနောက်တောင်၊ တောင် နှင့် အရှေ့တောင် ဟူသော ကျန်ရှိနေသည့် နယ်စပ်ဒေသ သုံးခုမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သော်ငြား... အနောက် နှင့် အရှေ့မြောက် နယ်စပ်ဒေသ များကမူ ကျယ်ပြန့်သော ကမ္ဘာ ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲပင်။

နင်ချီ သည် ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် တကိုယ်တည်း တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"အရှေ့မြောက် နယ်စပ်ဒေသ က အခြေအနေကို အရင်သွားကြည့်မှ ဖြစ်မယ်..."

အနောက်ဘက် နယ်မြေသို့ သွားရောက်ရန် သူ့တွင် မည်သည့် ရည်ရွယ်ချက်မျှ မရှိချေ။ အကြောင်းမူကား ထိုနေရာ၌ ကျယ်ပြန့်သော ကမ္ဘာ မှ သူ့အတွက် ထောင်ချောက်များ အသေအချာ ပြင်ဆင်ထားမည်မှာ မလွဲဧကန်ပင်။

ထိုသို့ တွေးတောပြီးသည်နှင့် တစ်ပြိုင်နက်... နင်ချီ သည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ပေးအပ်ထားသော သစ်ရွက် ရတနာ ကို တွေဝေခြင်း အလျဉ်းမရှိဘဲ ထုတ်ယူ တပ်ဆင်လိုက်တော့၏။ ဒါက သူ တိုက်ခိုက်မှုများ ပြုလုပ်နေစဉ်တွင်ပင် သူ၏ ချီစွမ်းအင် လှိုင်းများကို အမှန်တကယ် ဖုံးကွယ်ထားနိုင်ခြင်း ရှိမရှိ စမ်းသပ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်၏။

အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့... နင်ချီ သည် အရှေ့မြောက် နယ်စပ်ဒေသ သို့ တိတ်တဆိတ် ရောက်ရှိသွားလေပြီ။

ထို အရှေ့မြောက် နယ်စပ်ဒေသ အတွင်းရှိ ရာသီဥတုမှာ အံ့သြဖွယ် ကောင်းလောက်အောင် အေးခဲနေသည်။ သူသည် မိမိကိုယ်ကိုယ် အသေအချာ ကိုယ်ယောင်ဖျောက်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာ အကဲခတ်လိုက်၏။

သူ၏ အမြင်အာရုံ တစ်ဆုံး၌... ကျင့်ကြံသူ အနည်းငယ် ဟိုဟိုဒီဒီ သွားလာလှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် နင်ချီ သည် မြေပုံကို နောက်တစ်ကြိမ် ထုတ်ကြည့်လိုက်ပြန်သည်။

ထိုမြေပုံပေါ်တွင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ ၏ တည်နေရာကို ရှင်းလင်းပြတ်သားစွာ ဖော်ပြထား၏။ ဝိညာဉ်ပျံသန်း ရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ အသုံးဝင်ပုံကို သိရှိသွားပြီးနောက် မည်သူကမျှ ၎င်းကို မစွန့်လွှတ်နိုင်ကြောင်း သိသာလွန်းလှလေသည်။

နင်ချီ သည် တည်နေရာကို တိကျစွာ မှတ်သားလိုက်ပြီးနောက်... ဟင်းလင်းပြင် ကို ဖြတ်သန်းကာ သံလိုက်အိမ်မြှောင် ပိုင်ရှင် တစ်ယောက် ရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရွေ့လျားသွားတော့သည်။ ထိုနေရာသို့ ရောက်ရှိလာသောအခါ... ဘေးတစ်ဖက်သို့ တိတ်တဆိတ် ပုန်းကွယ်လိုက်ပြီး အရှေ့ဘက်မှ အခြေအနေများကို စောင့်ကြည့်နေလိုက်၏။

အခန်း (၈၇၆) - ကမ္ဘာကြီး နှစ်ခုကြားက ဆဋ္ဌမမြောက် တည်ရှိမှု ဖြစ်လာခြင်း

သူ့ဆီသို့ လှည့်ကင်းလှည့်ကာ လျှောက်လာနေသော တာအိုဘိုးဘေးကြီး တစ်ပါးကို မြင်လိုက်ရ၏။ လာမည့် တိုက်ပွဲကြီးအတွက် ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်ဟန်တူသည်။ တစ်ဖက်လူက တစ်ယောက်တည်း ရှိနေသည် ဖြစ်ရာ... ထပ်မံ တွေဝေနေစရာ အကြောင်း မရှိတော့ချေ။

ထိုသူသည် သူ၏ အနီးမှ ဖြတ်လျှောက်သွားသည်နှင့် တစ်ပြိုင်နက်... နင်ချီ သည် ဓာတ်ကြီးငါးပါး အကျဉ်းချ နည်းစနစ် ကို အသုံးပြု၍ ထိုသူ့ကို ချက်ချင်း လွှမ်းခြုံ ချုပ်နှောင်လိုက်တော့သည်။

ထိုသူမှာ တစ်စုံတစ်ရာ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ နင်ချီ ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ နင်ချီ သည် သူ့ကို ဖမ်းဆွဲလိုက်ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုနေရာမှ လွတ်မြောက်သွားတော့သည်။

သူသည် တစ်ဖက်လူကို ချက်ချင်း သတ်မပစ်ခဲ့ချေ။ အကြောင်းမူကား ဤ သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများသည် ကျယ်ပြန့်သော ကမ္ဘာ နှင့် ပတ်သက်၍ အများအပြား သိရှိထားမည် ဖြစ်ပြီး... နင်ချီ ကိုယ်တိုင်ကလည်း ကျယ်ပြန့်သော ကမ္ဘာ ၏ အတွင်းရေးများကို သိရှိလိုစိတ် ပြင်းပြနေသောကြောင့် ဖြစ်၏။

ထိုအခိုက် နင်ချီ သည် ဤနယ်မြေ တစ်ဝိုက်တွင် ပြန့်ကျဲနေသော ကျယ်ပြန့်သော ကမ္ဘာ ၏ စွမ်းအင်များကို သေသေချာချာ အကဲခတ်ကြည့်လိုက်သည်။ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် က သူ၏ တည်ရှိမှုကို လုံးဝ သတိမထားမိကြောင်း သိသာလှသည်။ သစ်ရွက် ရတနာ သည် နင်ချီ ၏ လှုပ်ရှားမှုများကို အမှန်တကယ်ပင် လုံခြုံစွာ ဖုံးကွယ်ပေးထားနိုင်၏။

သို့သော်ငြား... ထို သစ်ရွက် ရတနာ သည် သူ၏ ကိုယ်ပတ်လည် သုံးကျန်း (ခန့်မှန်းခြေ ဆယ်မီတာ) အကွာအဝေးကိုသာ အများဆုံး ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က သတိပေးထားခဲ့၏။

အကယ်၍ နင်ချီ ၏ လှုပ်ရှားမှုများက သုံးကျန်း အကွာအဝေးထက် ကျော်လွန်သွားပြီး လှုပ်ခတ်မှု တစ်ခုခု ဖြစ်ပေါ်သွားခဲ့မည် ဆိုပါက... ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ၏ သတိထားမိခြင်းကို သေချာပေါက် ခံရမည် ဖြစ်ပေ၏။

လက်ရှိ အချိန်တွင်တော့ ဤ ဆယ်မီတာ အကွာအဝေး ဆိုသည်မှာ သူ၏ အတွက် အလွန် လုံလောက်နေပြီ ဖြစ်သည်။ တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၌ ဤထက် ပိုမို အစွမ်းထက်သော သစ်ရွက်များ ရှိနေသေးသလား ဟုပင် နင်ချီ တွေးမိနေ၏။ အကယ်၍ ရှိနေခဲ့မည် ဆိုလျှင်တော့ သူ ဘာပဲလုပ်ရလုပ်ရ ရအောင် ယူမည်သာ။ ဤ သစ်ရွက်များက တကယ့်ကို အံ့မခန်း ဖြစ်လှသည်။ ၎င်းတို့က ကမ္ဘာကြီး နှစ်ခုစလုံး၏ အာရုံခံနိုင်စွမ်းမှ လုံးဝ လွတ်ကင်းစေပြီး သူ၏ လှုပ်ရှားမှု စွမ်းရည်များကို အပြည့်အဝ ထုတ်ဖော်နိုင်စေသည် မဟုတ်ပါလော။

နင်ချီ သည် ထို တာအိုဘိုးဘေးကြီး အား လူသူကင်းမဲ့သော ထောင့်ချိုး နေရာတစ်ခုသို့ တိုက်ရိုက် ခေါ်ဆောင်သွားလိုက်၏။

ဓာတ်ကြီးငါးပါး အကျဉ်းထောင် အတွင်း၌ ပိတ်မိနေသူမှာ ရိုးသားမည့်ဟန် ရှိသော အမျိုးသား ကျင့်ကြံသူ တစ်ဦး ဖြစ်နေသည်။ သူသည် ထောင်ချောက်ထဲသို့ ကျရောက်သွားသော သားကောင် တစ်ကောင်အလား... အရောင်ငါးမျိုး နတ်ဘုရား အလင်းတန်း များ တောက်ပနေသော အကျဉ်းထောင် တိုင်များကို အစွမ်းကုန် အသုံးပြု၍ ဆက်တိုက် တိုက်ခိုက်နေသော်လည်း... ၎င်းတို့ကို အနည်းငယ်မျှပင် ရွေ့လျားအောင် မလုပ်နိုင်ခဲ့ချေ။

နင်ချီ ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ... ထိုသူက ဒေါသတကြီး စိုက်ကြည့်ပြီး မေးလိုက်၏။

"မင်းက တောင်နဲ့ ပင်လယ် ကမ္ဘာ က ဘယ်သူလဲ..."

နင်ချီ ၏ မျက်နှာထားမှာ ချက်ချင်း မှောင်မိုက်သွားပြီး... သူ၏ မျက်လုံးများက ထိုသူ့ထံသို့ စူးစိုက်ကျရောက်သွားတော့သည်။ သူ၏ မျက်ဝန်းများ အတွင်း၌ ရေတွက်၍ မရနိုင်သော လျှို့ဝှက်ဆန်းကြယ်မှုများက တလက်လက် တောက်ပလာပြီး... ၎င်းတို့မှာ စိတ်ဝိညာဉ်ဆီသို့ ဦးတည်နေသော အလှပဆုံး ပြတင်းပေါက်များအလား... အဆုံးမဲ့ လှပသော ပုံရိပ်ယောင်များကို ဖန်တီးပေးနေသည်။

တစ်ဖက်လူက သူ၏ မျက်လုံးများကို ဆုံမိလိုက်သည်နှင့် တစ်ပြိုင်နက်... မူးယစ်သွားသည့်အလား ဖြစ်သွားပြီး သူ၏ စိတ်အဇ္ဈတ္တ တစ်ခုလုံးကို အပြည့်အဝ ဖွင့်ဟပေးလိုက်တော့၏။

ထိုအခိုက် နင်ချီ က အေးစက်စက် အသံဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

"အကျဉ်းသား... ငါ့ရှေ့မှာ မင်းရဲ့ နာမည်နဲ့ ဇာတိကို အမြန် ပြောစမ်း..."

"ငါ့နာမည်က ဟောက်တုံးရန်... တောင်တစ်သောင်း ဝိညာဉ်နယ်မြေ မှာ ရှိတဲ့ ကောင်းကင်မြို့တော် အင်မော်တယ်ဂိုဏ်း ရဲ့ အကြီးအကဲ ပဲ..."

နင်ချီ က ဆက်လက် မေးမြန်းလိုက်သည်။

"မင်း.. သူတော်စင် ဘိုးဘေးကြီး ကို မြင်ဖူးသလား..."

ဟောက်တုံးရန် က မဆိုင်းမတွ ပြန်ဖြေသည်။

"သူတော်စင် ဘိုးဘေးကြီး ရဲ့ အောင်မြင်မှုတွေက အင်မတန် ကြီးမားလွန်းတဲ့အတွက် တာအိုဘိုးဘေးကြီး တိုင်း သူ့ကို တွေ့ခွင့်မရကြပါဘူး... ဒါပေမဲ့ ငါကတော့ ကံကောင်းထောက်မစွာနဲ့ သူ့ကို တွေ့ဖူးတဲ့ သူတွေထဲက တစ်ယောက် ဖြစ်နေခဲ့တယ်လေ..."

နင်ချီ ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားတော့သည်။

"သူတော်စင် ဘိုးဘေးကြီး နဲ့ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ကြားမှာ ဘယ်လို ဆက်ဆံရေး ရှိသလဲ..."

"ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ဆိုတာက သူတော်စင် ဘိုးဘေးကြီး ရဲ့ တပည့်ပဲ... သူတော်စင် ဘိုးဘေးကြီး က သူ့ကို လေးစားမှုနဲ့ ကိုယ်ကျင့်တရား ရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျီလီ လို့ နာမည်ပေးခဲ့တာလေ... အဲဒီလိုမှသာ ကျယ်ပြန့်သော ကမ္ဘာ ထဲက သက်ရှိတွေ အားလုံး စည်းကမ်းတကျနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ကြမှာ မဟုတ်လား..."

ထိုစကားကို ကြားလိုက်ရသောအခါ နင်ချီ မှာ အကြီးအကျယ် အံ့အားသင့်သွားတော့သည်။

သူတော်စင် ဘိုးဘေးကြီး နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့ ကြားတွင် ဤကဲ့သို့သော ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။ အရင်တုန်းက သူ ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် နှင့် တွေ့ဆုံခဲ့စဉ်က... ထို ဆန္ဒတော်ကြီးထံမှ ဖြောင့်မတ် မှန်ကန်သော အငွေ့အသက်များကို ခံစားခဲ့ရသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ တကယ်တော့ သူက အခြားသူ တစ်ယောက်၏ သွန်သင် လွှမ်းမိုးမှုကို ခံထားရခြင်း ဖြစ်နေသည်။

နင်ချီ သည် တိုးတိတ်စွာ ပြုံးလိုက်၏။

ဝိညာဉ်ကမ္ဘာ နှစ်ခု၏ ဆန္ဒတော် များနှင့် ၎င်းတို့၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ကြားရှိ ဆက်ဆံရေးမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ သူတော်စင် ဘိုးဘေးကြီး သည် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် ကို သွန်သင် ပြသပေးခဲ့ပြီး ဆရာနှင့် တပည့် ဆက်ဆံရေး တစ်ခုကို တည်ဆောက်ထားခဲ့သော်ငြား... တောင်ဘိုးဘေးကြီး ၊ ပင်လယ်ဘိုးဘေးကြီး နှင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် တို့ကမူ အချင်းချင်း အားပြိုင်နေသော ပြိုင်ဘက် ဆက်ဆံရေးမျိုး ဖြစ်နေကြ၏။

သူတို့၏ ဆက်ဆံရေးများကို အကဲခတ်ကြည့်မည် ဆိုပါက... သူတော်စင် ဘိုးဘေးကြီး နှင့် ကျယ်ပြန့်သော ကမ္ဘာ့ဆန္ဒတော် တို့က ပို၍ သဟဇာတ ဖြစ်နေကြောင်း သိသာလွန်းလှသည်။ အင်အား နှိုင်းယှဉ်ချက် အရ ဆိုလျှင်တော့ မည်သူက ပို၍ အစွမ်းထက်သနည်း ဆိုသည်ကို ပြောရခက်ပေလိမ့်မည်။

ထို့နောက်တွင် နင်ချီ သည် မေးခွန်းများစွာကို ဆက်လက် မေးမြန်းလိုက်ပြီး... နောက်ဆုံး၌ ဟောက်တုံးရန် ၏ ရုပ်ခန္ဓာကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်တော့သည်။

သူ၏ မူလဝိညာဉ် ကိုသာ ချန်ရစ်ခဲ့ပြီးနောက်... ဝိညာဉ်ရှာဖွေရေး နည်းစနစ် ကို အသုံးပြုကာ သိမ်းဆည်းထားသော ဟင်းလင်းပြင် နေရာလွတ် အတွင်းသို့ ပို့ဆောင် ဖမ်းဆီးထားလိုက်၏။

တစ်ဖက်ရန်သူ၌ ဝိညာဉ်မီးအိမ် ကဲ့သို့သော အသက်အချက်ပြ ပစ္စည်းမျိုး ရှိနေနိုင်ရာ... သူ၏ မူလဝိညာဉ် မသေဆုံးသေးသရွေ့ ကျယ်ပြန့်သော ကမ္ဘာ ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။

ဟောက်တုံးရန် ပြောခဲ့သော စကားများ အမှန်တကယ် ဟုတ်မဟုတ် အတည်ပြုနိုင်ရန်အတွက် နင်ချီ သည် သူ၏ ဝိညာဉ်ကို ထပ်မံ ရှာဖွေ စစ်ဆေးလိုက်၏။

အရာအားလုံး ပြီးဆုံးသွားသောအခါ... နင်ချီ ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး... သူ၏ ခေါင်းထဲ၌ အကြံသစ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာတော့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် နင်ချီ သည် ဟောက်တုံးရန် အဖြစ်သို့ အသွင်ပြောင်းလိုက်တော့သည်။

သူသည် ဟောက်တုံးရန် ၏ အချက်အလက် အားလုံးကို ရရှိထားပြီး ဖြစ်သည်။ အကယ်၍ သူသာ ဟောက်တုံးရန် ၏ အသက်ဝိညာဉ် အမှတ်အသား တစ်စိတ်တစ်ပိုင်းကို ဆွဲထုတ် အသုံးပြုလိုက်မည် ဆိုပါက... ယခုအခါ သူသည် ဟောက်တုံးရန် အသစ် တစ်ယောက် အဖြစ်သို့ အပြည့်အဝ ရောက်ရှိသွားပြီပင် ဖြစ်တော့သည်။

ဟောက်တုံးရန် အဖြစ် အသွင်ပြောင်းထားသော နင်ချီ သည် အရှေ့မြောက် နယ်စပ်ဒေသ တွင် ကင်းလှည့်နေဟန် ဆောင်လိုက်ပြီးနောက်... အလယ်ဗဟို ဒေသဘက်သို့ ဦးတည်၍ လှည့်ပြန်လာခဲ့၏။

"တုံးရန်... တစ်ခုခု ထူးခြားတာမျိုး ရှိလား..."

သူ၏ ရှေ့တွင်... တာဝန်လွှဲပြောင်း ယူရမည့် ကျင့်ကြံသူ တစ်ယောက်က မြေပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်နေသည်။ သူ ပြန်လာသည်ကို မြင်သောအခါ ထိုသူက အရင်ဦးဆုံး လှမ်း၍ မေးလိုက်၏။

နင်ချီ သည် ဟောက်တုံးရန် ၏ အသံကို အတုခိုးလိုက်ပြီး...

"ဝူရွှီ... ဘာမှ ထူးထူးခြားခြားတော့ မတွေ့ရသေးပါဘူး... ဒါပေမဲ့ နောက်ပိုင်းတော့ မင်း သတိထားတာ ပိုကောင်းမယ်နော်..."

ထိုအခါ ဝူရွှီ က အားရပါးရ ရယ်လိုက်သည်။

"ဟီးဟီးဟီး..တုံးရန်... မင်းက အရမ်း ရိုးသားလွန်းနေတာပဲ... ကမ္ဘာ့အရှင်သခင် ကတောင် ပြောထားပြီးပြီလေ... ငါတို့က အနီးအနားမှာ ရှိတဲ့ ဝိညာဉ်နယ်မြေ သုံးခု ကို အခုထိ မသိမ်းပိုက်ရသေးဘူး ဆိုတော့... ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး..."

ထိုအခါ.. နင်ချီ က အလွန် တည်ကြည်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သတိထားတာတော့ အကောင်းဆုံးပဲလေ..."

ဝူရွှီ သည် မတ်တတ်ရပ်လိုက်ပြီးနောက်...

"ဟုတ်ပြီ... မင်း သွားပြီး အကြီးအကဲ လီ ဆီကနေ ထောက်ပံ့ရေး ပစ္စည်းတွေ သွားထုတ်လိုက်တော့... ကျန်တာ ငါ့တာဝန် ထားလိုက်..."

နင်ချီ က ခေါင်းညိတ်ပြလိုက်သည်။

'ဟင်... အလကား ရမယ့် ပစ္စည်းတွေတောင် ရှိသေးတာလား...'

သူ၏ စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးလိုက်မိ၏။

'တကယ်ပဲ... နောက်ကွယ်က ဆဋ္ဌမမြောက် လူ အဖြစ်နဲ့ လှည့်စားရတာက တကယ်ကို အရသာ ရှိတာပဲ...'

သူသည် အလယ်ဗဟိုဘက်သို့ လှမ်းကြည့်လိုက်ရာ... ဖြူလွနေသော ဆံပင်နှင့် မုတ်ဆိတ်မွှေးများ ရှိသည့် အဘိုးအို တစ်ဦးက မျက်လုံးမှိတ်ကာ အနားယူနေသည်ကို တွေ့လိုက်ရ၏။

ထို အဘိုးအို မှာ အလွန်တရာ သက်သောင့်သက်သာ ရှိနေဟန် ပေါ်သော်ငြား... နင်ချီ သည် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါများကို ရှင်းလင်းစွာ ခံစားနေရသည်။ ၎င်းမှာ သူ၏ အပြင်ပန်း အသွင်အပြင်နှင့် လုံးဝ ခြားနားနေကြောင်း သိသာလှသည်။

နင်ချီ သည် ခြေလှမ်းများကို ရွှေ့ကာ ထို အဘိုးအို ၏ အရှေ့သို့ လျှောက်သွားလိုက်၏။

"အကြီးအကဲ လီ..."

လီထျန်းရုံ သည် မျက်လုံးများကို ဖွင့်ကာ သူ၏ အရှေ့တွင် ရပ်နေသော ဟောက်တုံးရန် ကို ကြည့်လိုက်သည်။

"ဒါက မင်းအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပဲ..."

ထိုသို့ ပြောဆိုပြီးသည်နှင့် လီထျန်းရုံ ၏ လက်ထဲရှိ သိမ်းဆည်းရေး လက်စွပ် ထဲမှ ပစ္စည်း အများအပြား ပျံထွက်လာတော့သည်။

နင်ချီ က ရိုးရှင်းစွာပင် လက်နှစ်ဖက်ကို ဆန့်တန်းကာ ထိုအရာများကို ဖမ်းယူလိုက်၏။

သူသည် အောက်သို့ တစ်ချက် ငုံ့ကြည့်လိုက်ရာ... သူ့အတွက် ခွဲဝေပေးလိုက်သော ထောက်ပံ့ရေး ပစ္စည်းများ ထဲတွင် အသစ်စက်စက် ဝတ်ရုံများ၊ ဆေးလုံး တစ်လုံး၊ ဝိညာဉ်ကျောက်တုံး များနှင့် အဆင့်မြင့် ဝိညာဉ် ရတနာ ဝတ်ရုံ တစ်ထည် ပါဝင်နေကြောင်း တွေ့လိုက်ရသည်။

ဒါက တိုက်ပွဲများ အတွင်း၌ အသုံးအဝင်ဆုံးသော အရာများ ဖြစ်ကြောင်း ငြင်းဆိုဖွယ်ရာ မရှိချေ။ ကျယ်ပြန့်သော ကမ္ဘာ က တကယ့်ကို ရက်ရောလွန်းလှသည်။

"ကျေးဇူးတင်ပါတယ် အကြီးအကဲ လီ... တုံးရန် ခွင့်ပြုပါဦး..."

လီထျန်းရုံ သည် မျက်လုံးများကို ပြန်လည် မှိတ်လိုက်ပြီးနောက်...

"သွားတော့..."

ဟောက်တုံးရန် အဖြစ် အသွင်ပြောင်းထားသော နင်ချီ သည် အခြားသော တာအိုဘိုးဘေးကြီး များ၏ အကြားတွင် လမ်းလျှောက်သွားရင်း... ဤနယ်မြေ အတွင်းရှိ သဟဇာတ ဖြစ်ခြင်း နယ်ပယ် အောက် ကျင့်ကြံသူ များစွာကိုလည်း တွေ့မြင်ခဲ့ရ၏။

ကျင့်ကြံသူ အားလုံးသည် တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အနောက်တောင် နယ်မြေ ရှိ ကျင့်ကြံသူများ နည်းတူ အလွန်အမင်း သတိဝီရိယ ရှိနေကြသည်။ သူတို့သည်လည်း လာမည့် မဟာတိုက်ပွဲကြီး အတွက် ကြိုတင် ပြင်ဆင်နေကြခြင်းပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နင်ချီ မှာ တိုးတိတ်စွာ သက်ပြင်းချလိုက်မိတော့သည်။

ကမ္ဘာကြီး နှစ်ခုစလုံးမှ ကျင့်ကြံသူ အားလုံးသည် မိမိတို့၏ သက်ဆိုင်ရာ ဝိညာဉ်နယ်မြေ များအတွက် သက်စွန့်ဆံဖျား တိုက်ခိုက်နေကြသော်ငြား... နောက်ဆုံး၌ ရေတွက်၍ မရနိုင်သော လူများစွာသာ သေကျေပျက်စီး သွားရမည် ဖြစ်ပြီး... သူတို့က အကျိုးအမြတ် ရရှိသူများ ဖြစ်လာကြမည် မဟုတ်ချေ။

ဒါက လူ့လောက ၏ စစ်ပွဲများနှင့် အတိအကျ တူညီလှသည်။ တကယ်တမ်း အသက်ပေး သေဆုံးကြရသူများမှာ လယ်သမားများ၏ သားများသာ ဖြစ်ပြီး... အကျိုးအမြတ် များကို ခံစားကြရသူများမှာမူ နောက်ကွယ်တွင် ပုန်းအောင်း ကြိုးကိုင်နေသူများသာ ဖြစ်ကြသည်။

သို့သော်ငြား သူတို့တွင် မည်သည့် နောင်တမျှ ရှိမည် မဟုတ်ချေ။

မည်သို့ပင် ဆိုစေကာမူ... ယခုအခါ စစ်မြေပြင် သို့ ရောက်ရှိနေကြပြီ ဖြစ်ရာ ထပ်မံ ပြောဆိုနေစရာ ဘာမှ မရှိတော့ပေ။ ကစားပွဲကြီးက စတင်နေခဲ့ပြီ ဖြစ်၏။ တစ်ယောက်ကို တစ်ယောက် သတ်ဖြတ်ခြင်းမှလွဲ၍... နှစ်ဖက်စလုံးမှ စစ်သည်တော်များက ဤ ကစားပွဲကြီးထဲမှ ထွက်ပြေး လွတ်မြောက်နိုင်ကြပါမည်လော...။

စစ်မြေပြင် ဆိုသည်မှာ အသက်ရှင်ခြင်း နှင့် သေဆုံးခြင်း နှစ်ခုတည်းသာ အဓိက ကျသော နေရာ မဟုတ်ပါလော...။

All Chapters