အခန်း (၈၈၃-၈၈၅)
Vol. 59 Ch. 883-885
အခန်း (၈၈၃) - လန်ချင်းအောက်
ဝုန်းခနဲ မြည်ဟည်းသံကြီးများ ငြိမ်သက်သွားသည်နှင့် တစ်ပြိုင်နက်... ကမ္ဘာကြီး နှစ်ခုစလုံး၏ အတွင်းမှ စစ်သည်တော် ခေါ်သံ စည်တော်သံကြီးများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။
ကောင်းကင်မီးတောက် နယ်မြေ... ။
နယ်မြေအရှင်သခင် ဖန်ချန် သည် တဖြည်းဖြည်း ပွင့်ဟလာနေသော ဟင်းလင်းပြင် လမ်းကြောင်းကြီးကို စူးစိုက်ကြည့်နေပြီး... သူ၏ မျက်ဝန်းများ အတွင်း၌မူ လူသတ်လိုသော ရည်ရွယ်ချက်များက အပြည့်အဝ ကိန်းအောင်းနေသည်။
ထိုစဉ် ရုတ်တရက်... သူ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားလေးမှာ တုန်ခါသွား၏။
ဖန်ချန် က ၎င်းကို ထုတ်ယူကာ တစ်ချက် ကြည့်လိုက်သည်။
"အစ်ကိုကြီး... ကျွန်တော် နဲ့ တတိယညီလေးတို့ တိုင်ပင်ပြီးသွားပြီ... စစ်မြေပြင်နယ်မြေ ထဲကို ရောက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ရဲ့ ပထမဆုံး ဦးစားပေးက နင်ချီ ကို ရှာဖွေပြီး အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ဖို့ပဲ..."
ဖန်ချန် ကလည်း စကားအနည်းငယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"ကောင်းပြီ... ဒါဆိုလည်း အတူတူ သွားကြတာပေါ့..."
ယခုအခါ စစ်မြေပြင်နယ်မြေ အတွင်းရှိ ဟင်းလင်းပြင်မှာ တည်ငြိမ်သွားပြီ ဖြစ်ရာ... ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော သူတို့ ဝင်ရောက်ရမည့် အလှည့်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့လေပြီ။
သူတို့၏ တစ်ဦးတည်းသော သားဖြစ်သူမှာ စစ်မြေပြင်နယ်မြေ အတွင်း၌ နင်ချီ ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ဂိုဏ်းအတွင်း၌ သားဖြစ်သူ၏ ဝိညာဉ်မျှင်လေး တစ်ခုကို ချန်ရစ်ထားနိုင်ခဲ့ခြင်းနှင့်... ဖန်ချန် ၏ သြဇာလွှမ်းမိုးမှုဖြင့် တောင်ဘိုးဘေးကြီး ထံမှ ရှင်သန်ခြင်း ဆေးလုံး တစ်လုံးကို ရယူနိုင်ခဲ့ခြင်းတို့သာ မရှိခဲ့လျှင်... သူတို့သည် သားဖြစ်သူကို အမှန်တကယ် ဆုံးရှုံးရမည်သာ။
ထိုအကြောင်းကို တွေးမိလိုက်တိုင်း... သူတို့ သုံးယောက်စလုံးမှာ နင်ချီ အား အရိုးထဲထိတိုင်အောင် နာကြည်း မုန်းတီးနေကြသည်။
ဤအချိန်တွင် စစ်မြေပြင်နယ်မြေ သို့ သွားရောက်၍ ရန်သူကို သတ်ဖြတ်ရမည် ဆိုသည်မှာ မျှော်လင့်ထားပြီးသား ကိစ္စဖြစ်သော်ငြား... နင်ချီ အား လက်စားချေရမည် ဆိုသည်ကလည်း သူတို့ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စပင် ဖြစ်၏။
မည်သူကမျှ သူတို့၏ သားအပေါ် ဤကဲ့သို့ ရိုင်းစိုင်းစွာ မဆက်ဆံရဲခဲ့ချေ... လုံးဝ မရှိခဲ့ပေ။ အကယ်၍ သူတို့သာ ပြန်လည် မတုံ့ပြန်ခဲ့လျှင်... နယ်မြေအရှင်သခင်များ အနေဖြင့် လူအများ၏ လေးစားမှုကို မည်သို့ ရယူနိုင်တော့မည်နည်း။
မည်သို့ပင်ဆိုစေကာမူ... သူတို့၏ သားများ အသီးသီး ပြောပြချက်အရ... သူတို့ စစ်မြေပြင်နယ်မြေ သို့ စေလွှတ်လိုက်သော ကျင့်ကြံသူ သုံးဦးစလုံးမှာလည်း အသတ်ခံလိုက်ရလေပြီ။
အထက်ရှိ ဟင်းလင်းပြင် နေရာလွတ်ကြီးမှာ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားပြီးနောက်... လေပြင်းများ တိုက်ခတ်နေသည့်အလား နဂါးတစ်ကောင်ကဲ့သို့ လိမ်ယှက် လှည့်ပတ်နေသည်။
ကျင့်ကြံသူများ အားလုံးသည် အောက်ဘက်၌ တိတ်ဆိတ်စွာ ရပ်နေကြပြီး... တိုက်ကြီး၏ အလယ်ဗဟိုရှိ မိုးထိအောင် မြင့်မားလှသော ကောင်းကင် ဆက်သွယ်ရေး တောင်ထွတ် ကြီးကို တစ်ခါတစ်ရံ မော့ကြည့်နေကြ၏။
နောက်ဆုံး၌... အင်မော်တယ် တောင်ထွတ်ဆီမှ တာအို အမိန့်သံ တစ်ခု ထွက်ပေါ်လာသည်။
"တပ်ဖွဲ့ဝင် အားလုံး... ငါ့အမိန့်ကို နားထောင်ကြ... အခုချက်ချင်း ချီတက်ကြ..."
"အမိန့်အတိုင်းပါ..."
တောင်ဘိုးဘေးကြီး ပဲဖြစ်ဖြစ်၊ ပင်လယ်ဘိုးဘေးကြီး ပဲဖြစ်ဖြစ်... ရေတွက်၍ မရနိုင်သော လူအုပ်ကြီးက တစ်ခဲနက် အော်ဟစ်လိုက်ကြ၏။
ထို့ကြောင့်... ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ အစစ်အမှန် အမာခံ အင်အားစုများ ဖြစ်ကြသော ကျင့်ကြံသူ များသည် ကောင်းကင်ယံသို့ တစ်ပြိုင်နက်တည်း ပျံသန်းသွားကြ၏။
... ဟင်းလင်းပြင် တံခါးပေါက် အတွင်းသို့ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကာ စစ်မြေပြင်နယ်မြေ ဆီသို့ ဦးတည်သွားကြတော့သည်။
ယနေ့အချိန်တွင် စစ်မြေပြင်နယ်မြေ ကို မြောက်ပိုင်းနှင့် တောင်ပိုင်း ဟူ၍ ပိုင်းခြားနိုင်လေပြီ။
တောင်ပိုင်းရှိ နယ်မြေ လေးခုလုံးမှာ အပြည့်အဝ ဖွင့်လှစ်ပြီးသွားပြီ ဖြစ်ကာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ ပိုင်နက် ဖြစ်လာခဲ့ပြီး... မြောက်ပိုင်းရှိ နယ်မြေ လေးခုမှာမူ ကျယ်ပြန့်သော ကမ္ဘာ ၏ ထိန်းချုပ်မှုအောက်သို့ ပြောင်းပြန် ရောက်ရှိသွားခဲ့၏။
အလယ်ဗဟို နယ်မြေ ကတော့ အဆုံးအဖြတ် မရသေးဘဲ ဝိညာဉ်ကမ္ဘာကြီး နှစ်ခု၏ အဓိက စစ်တလင်းကြီး ဖြစ်လာတော့မည် ဖြစ်ပေ၏။
သို့သော်ငြား ပတ်ဝန်းကျင်ရှိ စစ်မြေပြင်နယ်မြေ များ အားလုံး တည်ငြိမ်သွားပြီ ဖြစ်ရာ... အလယ်ဗဟို နယ်မြေ၏ ဟင်းလင်းပြင် မှာလည်း ပိုမို တည်ငြိမ်လာခဲ့လေပြီ။
...
နင်ချီ သည် မြောက်ပိုင်းနယ်မြေကို ဖြတ်သန်းသွားလာခဲ့ပြီးနောက် တောင်ပိုင်းနယ်မြေ သို့ ပြန်လည် ရောက်ရှိလာသည်။
သူသည် ခွေးတစ်ကောင်အလား မောပန်းနွမ်းနယ်နေသဖြင့် လျှာကိုပင် ထုတ်ထားမိ၏။ အတန်ငယ် ပင်ပန်းနေခဲ့သော်ငြား... နင်ချီ သည် ကျယ်ပြန့်သော ကမ္ဘာ က သိမ်းပိုက်ထားသော မြောက်ပိုင်းနယ်မြေ တစ်ခုလုံးရှိ အခင်းအကျင်း များကို အောင်မြင်စွာ ထွင်းထု မှတ်တမ်းတင်နိုင်ခဲ့လေပြီ။
မည်သို့ပင်ဆိုစေကာမူ... ထိုနေရာသည် ကျယ်ပြန့်သော ကမ္ဘာ ၏ ပိုင်နက် ဖြစ်သည်။ သူ၏ ထံတွင် ရှားပါးလှသော သစ်ရွက်ခြောက် ရတနာ ရှိနေသော်ငြား သတိထားရန်တော့ လိုအပ်ပေသေး၏။
နင်ချီ သည် ယခုအခါ လုံးဝ ချိတ်ဆက်သွားပြီ ဖြစ်သော တောင်ပိုင်း နယ်စပ်ဒေသ ဆီသို့ လှမ်းကြည့်လိုက်၏။
၎င်းသည် မျက်စိတစ်ဆုံးတိုင်အောင် အဆုံးအစမရှိ ရှည်လျား ကျယ်ပြန့်နေသည်။ တောင်ပိုင်းနယ်မြေ တစ်ခုလုံးမှာ ဧရာမ ကျွဲကောသီးမြွှာ ကြီး တစ်ခုအလား... သို့တည်းမဟုတ် ငှက်ပျောသီး တစ်လုံးအလား အဝိုက်ကြီး ဖြစ်နေ၏။
နင်ချီ တစ်ယောက် နောက်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်စဉ် အခိုက်အတန့်လေးမှာပင်... ကောင်းကင်ယံ၌ ဧရာမ ဟင်းလင်းပြင် လမ်းကြောင်းကြီး တစ်ခု ဆွဲဖြဲဖွင့်လှစ်ခံလိုက်ရသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
၎င်းသည် ငှက်ပျောသီး အခွံကို ဆွဲခွာလိုက်သဖြင့် အပေါက်ကြီး တစ်ပေါက် ဖြစ်သွားသည်နှင့် အတိအကျ တူညီလှပေ၏။
ထိုအဟွာပေါက်ကြီး ထံမှ... တိမ်လွှာများ တစ်လွှာပြီးတစ်လွှာ လိမ့်တက်လာပြီးနောက်... လူရိပ်များက နတ်ဘုရား စစ်သည်တော်များ မြေပြင်သို့ ဆင်းသက်လာသည့်အလား တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာတော့သည်။
ထို တာအိုကျင့်ကြံသူ တစ်ဦးစီတိုင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အရှိန်အဝါများမှာ တောင်တန်းကြီး တစ်ခုအလား နက်ရှိုင်း ခမ်းနားလွန်းလှသဖြင့်... ဝင်ပေါက် ဟင်းလင်းပြင် တစ်ခုလုံးကို အတန်ငယ် မတည်မငြိမ် ဖြစ်သွားစေသည်။
သို့သော်ငြား ဤနယ်မြေ အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအင်များက ဟင်းလင်းပြင် လမ်းကြောင်းဆီသို့ တစ်ဟုန်ထိုး စီးဝင်သွားပြီး... မတည်ငြိမ်သော ဟင်းလင်းပြင် နေရာလွတ်ကို မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည် ငြိမ်သက်သွားစေ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ... ရောက်ရှိလာသူများမှာ သက်ပြင်းချနိုင်သွားဟန် ရှိသည်။
လူအုပ်ကြီးသည် တောင်ပိုင်းနယ်မြေ သို့ ဆင်းသက်လာပြီးနောက် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြ၏။
တောင်ပိုင်းနယ်မြေ တွင် တပ်စွဲထားကြသော ကျင့်ကြံသူများ အားလုံးက သူတို့ကို ဝိုင်းရံထားကြပြီး... အမာခံ တပ်ဖွဲ့ကြီး ရောက်ရှိလာသည်ကို မြင်သောအခါ... ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်း အဆင့် နှင့် အထွတ်အထိပ် အဆင့် ရှိကြသော ဤ ရဲဘော်ရဲဘက်များ အား အမြင့်မားဆုံးသော လေးစားမှုကို ပြသသည့် အနေဖြင့် အားလုံးက ခေါင်းငုံ့ အရိုအသေ ပေးလိုက်ကြသည်။
အခန်း (၈၈၄) - လန်ချင်းအောက်
သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများက သူတို့၏ ကိုယ်ပိုင် ကျင့်ကြံသူများ ရှိနေသည်ကို မြင်သောအခါ... ကြင်နာစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြ၏။
ထို့နောက် သူတို့သည် ဤနယ်မြေ အတွင်းရှိ အခြေအနေများကို သူတို့ သိကျွမ်းသူများ ထံမှတဆင့် စုံစမ်း မေးမြန်းလိုက်ကြသည်။
နယ်မြေအရှင်သခင် သုံးဦး ဖြစ်ကြသော ဖန်ချန် ၊ ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့သည် တစ်နေရာတည်းတွင် စုရုံးလိုက်ကြ၏။
သူတို့၏ ပတ်လည်တွင်... သူတို့နှင့်အတူ လိုက်ပါလာကြသော အခြားသော ကျင့်ကြံသူ များစွာလည်း ရှိနေသည်။ ပတ်ဝန်းကျင် ဒေသများ အနေဖြင့်မူ... ယခင်က ကြိုတင် စေလွှတ်ထားခဲ့သော တပ်ဖွဲ့များက ဆက်လက် စုရုံး ရောက်ရှိလာကြ၏။
သူတို့၏ အဓိက ဝိညာဉ်နယ်မြေ သုံးခုသည် ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ ကဲ့သို့သော အစွန်အဖျား ဝိညာဉ်နယ်မြေ များထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်ပြီး... ၎င်းတို့ အတွင်း၌ အင်မော်တယ်ဂိုဏ်း များနှင့် အဖွဲ့အစည်း အများအပြား ရှိနေ၏။
နေရာတစ်ခုလုံးကို ခြုံငုံ ကြည့်လိုက်မည် ဆိုပါက... စုစုပေါင်း အရေအတွက်မှာ လေးရာ့ငါးဆယ် ခန့် ရှိပြီး... တစ်နယ်မြေလျှင် ပျမ်းမျှ တစ်ရာ့ငါးဆယ် ခန့် ရှိသည်။
ထိုအထဲတွင်... ဖန်ချန် သည် အစွမ်းအထက်ဆုံး ဖြစ်ပြီး၊ တောင်ဘိုးဘေးကြီး ၏ လက်အောက်ရှိ ထိပ်တန်း အယောက် ငါးဆယ် စာရင်းဝင် စွမ်းအားရှင် ကျင့်ကြံသူ တစ်ဦး ဖြစ်ကာ... သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ပေါင်းစည်းခြင်း နယ်ပယ် အထွတ်အထိပ် အဆင့် သို့ ရောက်ရှိနေလေပြီ။
ဖန်ချန် ၏ သစ္စာဆို ညီအစ်ကိုများ ဖြစ်ကြသော ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့သည်လည်း အတော်လေး အစွမ်းထက်ကြပြီး... နှစ်ဦးစလုံးမှာ ပေါင်းစည်းခြင်း နယ်ပယ် နှောင်းပိုင်း ပြီးပြည့်စုံခြင်း အဆင့် ရှိကြသော သိုင်းပညာရှင်များ ဖြစ်ကြသည်။
သူတို့၏ လက်အောက်ရှိ အဖွဲ့ဝင် လေးရာကျော် တွင်မူ... အစောပိုင်း အဆင့် သုံးရာခန့်၊ အလယ်အလတ် အဆင့် တစ်ရာခန့် နှင့် နှောင်းပိုင်း အဆင့် ငါးဆယ်ခန့် ပါဝင်၏။
ဖန်ချန် သည် သဟဇာတဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး... အသံနက်ကြီးဖြင့် မေးလိုက်၏။
"ဟိုကောင်လေး နဲ့ ပတ်သက်ပြီး သတင်းအစအနများ ရထားသေးလား..."
ကျင်းကွမ်ဟွာ နှင့် မုကျူးထျန်း တို့သည် သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး... အခြားသူများ၏ သတင်းပို့ချက်ကို စောင့်ဆိုင်းနေကြသည်။
သဟဇာတဖြစ်ခြင်း နယ်ပယ် အလယ်အလတ် အဆင့် ရှိ ကျင့်ကြံသူ တစ်ဦးက ရှေ့သို့ ထွက်လာပြီး ဖန်ချန် နှင့် အခြားနှစ်ဦး အား လှမ်း၍ သတင်းပို့လိုက်၏။
"နယ်မြေအရှင်သခင် ကို သတင်းပို့ပါတယ်... ကျွန်တော်တို့ ဒီကိစ္စကို စုံစမ်းပြီးပါပြီ... နင်ချီ က ပင်လယ်ဘိုးဘေးကြီး ရဲ့ လက်အောက်ခံ ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပါပြီ..."
ဖန်ချန် နှင့် အခြားနှစ်ဦးမှာ ဤအချက်ကို သဘာဝကျစွာပင် ကြိုသိပြီးသား ဖြစ်သည်။
"ဆက်ပြောလေ..."
ထိုသူက ဆက်လက် သတင်းပို့၏။
"ကျွန်တော်တို့တွေ သူ့ရဲ့ သဲလွန်စတွေကို နေရာအနှံ့မှာ လိုက်ရှာခဲ့ကြပါတယ်... အင်အားစုတွေ မပေါင်းစည်းခင်က... သူက ဒီနယ်မြေ အတော်များများကို တစ်ယောက်တည်း သိမ်းပိုက်သွားခဲ့တာလို့ သိရတယ်လေ..."
"ဘာ..."
ဖန်ချန် နှင့် အခြားနှစ်ဦးမှာ အကြီးအကျယ် အံ့အားသင့်သွားကြတော့သည်။
သို့သော်ငြား... သူတို့ ကယ်တင်ထားခဲ့သော သူတို့၏ သားက နင်ချီ သည်လည်း နယ်မြေအရှင်သခင် တစ်ဦး ဖြစ်ကြောင်း ပြောခဲ့သည်ကို ပြန်လည် အမှတ်ရသွားသောအခါ... သူတို့ သုံးယောက်စလုံးမှာ အတန်ငယ် စိတ်သက်သာရာ ရသွားကြသည်။
နင်ချီ သည် တာအိုနှင့် ပေါင်းစည်းခွင့် မရှိသော စစ်မြေပြင်နယ်မြေ အတွင်း၌... နယ်မြေအရှင်သခင် တစ်ဦး၏ စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့်သာ ဤကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်မည်ဟု သူတို့က ကောက်ချက်ချလိုက်ကြ၏။
သူတို့ သုံးဦး၏ မျက်နှာပေါ်ရှိ အမူအရာများကို မြင်တွေ့လိုက်ရသောအခါ ထိုသူက ဆက်ပြောသည်။
"ကျွန်တော်တို့ စစ်မြေပြင်နယ်မြေ ထဲကို ရောက်ရောက်ချင်းမှာပဲ... နင်ချီ က အတော်လေး ကြီးမားတဲ့ ကိစ္စတစ်ခုကို လုပ်ခဲ့သေးတယ်နော်..."
ကျင်းကွမ်ဟွာ က ဝင်မေးလိုက်သည်။
"ဘာကိစ္စလဲ..."
"အဲဒီအချိန်တုန်းက... နင်ချီ က နက်ရှိုင်းသော သစ္စာတရား နယ်မြေ ၊ ဖူယောင် နယ်မြေ နဲ့ လန်ယာ နယ်မြေ က စစ်တပ်တွေကို ဦးဆောင်လာခဲ့တာလေ... တပ်တွေ မပေါင်းစည်းခင်က... အဲဒီ စစ်တပ် သုံးခုက အနောက်တောင် နယ်မြေ ထဲမှာ ရှိနေခဲ့တာ... တိုက်တိုက်ဆိုင်ဆိုင်ပဲ... ပင်လယ်ဘိုးဘေးကြီး လက်အောက်က သဟဇာတ ဖြစ်ခြင်း နယ်ပယ် ကျင့်ကြံသူတွေ အဲဒီနေရာကို ရောက်လာခဲ့တယ်... အဲဒီထဲက တာအိုဘိုးဘေးကြီး သုံးယောက်က ဖူယောင် နဲ့ လန်ယာ နယ်မြေ ရဲ့ စစ်တပ်တွေကို မြင်တဲ့အခါ သိပ်မကျေနပ်ကြဘဲ သူတို့ကို အပြတ်ရှင်းဖို့ ပြင်ခဲ့ကြတယ်လေ..."
မုကျူးထျန်း ကလည်း လောလောဆယ်ဆယ် ဝင်မေးလိုက်၏။
"ပြီးတော့... ပြီးတော့ ဘာဆက်ဖြစ်လဲ..."
"ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ပဲ ရှိသေးတဲ့ သူတို့ရဲ့ နယ်မြေသုံးခု စစ်တပ် နဲ့ ဆိုရင်တော့... တာအိုဘိုးဘေးကြီး တွေဖြစ်တဲ့ ကျွန်တော်တို့ကို သဘာဝကျကျ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ နင်ချီ ပြန်ရောက်လာတဲ့ အချိန်မှာတော့... သူက အဲဒီ တာအိုဘိုးဘေးကြီး သုံးယောက်စလုံးကို မျက်စိတစ်မှိတ် အတွင်းမှာတင် သတ်ပစ်လိုက်တယ်လေ..."
ထိုစကားကို ကြားလိုက်ရသောအခါ... သူတို့ သုံးဦးစလုံးမှာ မျက်မှောင်ကြုတ်သွားကြတော့သည်။
"နင်ချီ က အဆင့်ချိုးဖြတ်သွားပြီလား... သဟဇာတ ဖြစ်ခြင်း နယ်ပယ် ကို ရောက်သွားပြီလား..."
"မရောက်သေးပါဘူး..."
ထိုသူက အလွန် လေးနက်သော အမူအရာဖြင့် ခေါင်းယမ်းပြလိုက်၏။
ဖန်ချန် နှင့် အခြားနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ဒီကောင်လေး က တကယ့်ကို ကြောက်စရာကောင်းတာပဲ... အကယ်၍ သူ့ကို ဒီထက်ပိုပြီး အစွမ်းထက်လာခွင့် ပေးလိုက်မယ် ဆိုရင်... ငါတို့ လက်စားချေဖို့ ပိုပိုပြီး ခက်ခဲလာလိမ့်မယ်..."
ကျင်းကွမ်ဟွာ က အသံနက်ကြီးဖြင့် ဆို၏။
မုကျူးထျန်း ၏ မျက်လုံးများထဲတွင်လည်း လူသတ်လိုသော ရည်ရွယ်ချက်များ ထွက်ပေါ်လာသည်။
"အစ်ကိုကြီး... ကျွန်တော်တို့ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး..."
အခန်း (၈၈၅) - လန်ချင်းအောက်
ဖန်ချန် ၏ မျက်နှာထားမှာမူ အေးစက်သော သံမဏိတုံးကြီး တစ်တုံးအလား လုံးဝ ပြောင်းလဲခြင်း မရှိဘဲ... သူ၏ အရှေ့၌ သတင်းပို့နေသူကို ကြည့်ကာ ပြောလိုက်၏။
"ဆက်ပြောလေ..."
ထိုသူက ဆက်လက်၍...
"အဲဒီနောက်မှာ... နင်ချီ က လန်ယာ နယ်မြေ က ကျင့်ကြံသူ တွေကို သူတို့ရဲ့ နယ်မြေထဲ ပြန်ပို့ပေးပြီး သူ့လက်အောက်မှာ ထားခဲ့တယ်... ပြီးတော့ သူနဲ့ ရန်ငြိုးရှိတဲ့ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း က ဘိုးဘေးကြီး စစ်ခုန်ရွှမ် ကိုပါ ထပ်သတ်ခဲ့သေးတယ်လေ..."
"အဲဒီနောက်ပိုင်းရော သူ ဘာဆက်ဖြစ်သွားလဲ..."
"တောင်းပန်ပါတယ် နယ်မြေအရှင်သခင်... အဲဒီနောက်ပိုင်းမှာတော့ နင်ချီ က လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်... ကျွန်တော်တို့ နယ်မြေတစ်ခုလုံးကို အနှံ့ရှာခဲ့သလို... အလယ်ဗဟို နယ်မြေ ထဲကိုတောင် လူလွှတ်ပြီး ရှာခိုင်းခဲ့ပေမယ့်... နင်ချီ ရဲ့ အရိပ်အယောင်လေးကိုတောင် မတွေ့ခဲ့ရပါဘူး..."
မုကျူးထျန်း က နှာခေါင်းရှုံ့လိုက်သည်။
"သူ့ကို ရှာမတွေ့လည်း ကိစ္စမရှိပါဘူး... သူက သူ့ရဲ့ စစ်တပ်ကို အဲဒီလောက်တောင် ဂရုစိုက်တယ် မဟုတ်လား... ငါတို့က သူ့ကို ထွက်လာအောင် ဖိအားပေးလိုက်ရုံပဲလေ..."
ကျင်းကွမ်ဟွာ ကလည်း ထပ်လောင်း ပြောဆိုလိုက်၏။
"သူက ငါ့ရဲ့ သားကို သတ်ခဲ့သလို... ငါတို့ လက်အောက်က လူငယ် ကျင့်ကြံသူ တွေကိုပါ မျိုးတုံး သတ်ဖြတ်ခဲ့တာ... ဒီ ရန်ငြိုးကို မဖြစ်မနေ ပြန်ဆပ်ရမယ်..."
ဖန်ချန် သည် ခေတ္တမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် အဝေးဆီသို့ လှမ်းကြည့်လိုက်၏။
"သူ့ရဲ့ စစ်တပ် က ဘယ်မှာရှိနေလဲ ဆိုတာကိုရော မင်းတို့ သိလား..."
"သူတို့က ပင်လယ်ဘိုးဘေးကြီး ရဲ့ တပ်ဖွဲ့ထဲမှာ ရှိနေပါတယ်..."
ဖန်ချန် သည် သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။
"သူတို့က တကယ့်ကို ပုန်းတတ်တာပဲ... ဒါပေမဲ့ ပင်လယ်ဘိုးဘေးကြီး ရဲ့ အဖွဲ့ထဲမှာ သွားပုန်းနေရုံနဲ့ ငါတို့က သူတို့ကို ဘာမှလုပ်လို့ မရတော့ဘူးလို့များ ထင်နေကြသလား..."
သူ ဤသို့ ပြောလိုက်စဉ် အခိုက်အတန့်လေးမှာပင်... အနီးအနားရှိ စစ်တပ် အခင်းအကျင်း ကြားထဲမှ လူတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်၏။
"ဘယ်သူက ငါ့ရဲ့ ပင်လယ်ဘိုးဘေးကြီး အကြောင်းကို ကွယ်ရာမှာ အတင်းတုတ်နေတာလဲ..."
ဖန်ချန် နှင့် အခြားနှစ်ဦးမှာ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
ရေတပ်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော... အရပ်ရှည်ရှည် နှင့် ကျက်သရေရှိလှသည့် အမျိုးသမီး တစ်ဦးက လူအုပ်ကြီး ကြားထဲမှ ထွက်လာ၏။... သူမ၏ လှပသော မျက်ဝန်းများဖြင့် ဖန်ချန် နှင့် အခြားသူများကို စူးစိုက်ကြည့်နေလေသည်။
ထို အမျိုးသမီးကို မြင်လိုက်ရသောအခါ... ဖန်ချန် နှင့် သူ၏ ညီအစ်ကို နှစ်ယောက်စလုံးမှာ စိတ်ထဲမှ ကြိမ်းဝါး ကျိန်ဆဲလိုက်မိကြတော့သည်။
"ဟို... အရူးမ လန်ချင်းအောက် ပါလား..."
ပြီးခဲ့သော နှစ်များ တစ်လျှောက်လုံး... သူတို့သည် ပင်လယ်ဘိုးဘေးကြီး ၏ တာအိုဘိုးဘေးကြီး များနှင့် အကြိမ်ကြိမ် အလီလီ တိုက်ခိုက်ခဲ့ဖူး၏။
ဖန်ချန် ကိုယ်တိုင်လည်း ထို အရူးမ လန်ချင်းအောက် နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးသော်ငြား... အကြိမ်တိုင်း၌ သူမကသာ အပေါ်စီးမှ ရယူသွားနိုင်ခဲ့သည်။
ဤ အမျိုးသမီးသည် ရူးသွပ်သွားပြီ ဆိုလျှင် အသက်ကိုပင် ပဓာနမထားဘဲ အသေအလဲ တိုက်ခိုက်တတ်သူ ဖြစ်သည်။ ကောလာဟလ များအရ... သူမကို ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင် အချိန်ကာလ တစ်ခုအထိ သီးသန့် လေ့ကျင့် သင်ကြားပေးခဲ့သည်ဟု ဆိုကြပြီး... သူမ၏ ရူးသွပ်မှုများမှာ ပင်လယ်ဘိုးဘေးကြီး ထံမှ တိုက်ရိုက် အမွေရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။
လန်ချင်းအောက် ၏ သွယ်လျသော ကိုယ်လုံး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ... ဖန်ချန် ကလည်း လူအုပ်ကြီး ကြားမှ ရှေ့သို့ တစ်လှမ်း တိုးထွက်လာလိုက်၏။
"လန်ချင်းအောက်... မင်းရဲ့ စွပ်စွဲပုတ်ခတ်တဲ့ စကားတွေနဲ့ ပြဿနာကို လာမရှုပ်ပါနဲ့... ငါတို့က ဘယ်တုန်းကများ ပင်လယ်ဘိုးဘေးကြီး အကြောင်းကို အဆိုးပြောမိလို့လဲ..."
တောင်ဘိုးဘေးကြီး နှင့် ပင်လယ်ဘိုးဘေးကြီး တို့သည် အချင်းချင်း သဘောထား ကွဲလွဲနေကြပြီး... သူတို့၏ လက်အောက်ငယ်သား များမှာလည်း တိတ်တဆိတ် ရန်သူတွေ ဖြစ်နေကြသော်ငြား... ထို ဘိုးဘေးကြီး နှစ်ပါး အပေါ် မရိုမသေ အပြုအမူမျိုးကိုတော့ မည်သူကမျှ လူသိရှင်ကြား လုံးဝ မလုပ်ရဲကြချေ။
တောင်ဘိုးဘေးကြီး ၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သော ကျင့်ကြံသူ တစ်ဦး အနေဖြင့်... ဖန်ချန် သည် ဘိုးဘေးကြီး နှစ်ပါး ကြားရှိ ဆက်ဆံရေးမှာ အပြင်ပန်း မြင်ရသလောက် ရိုးရှင်းခြင်း မရှိကြောင်း ကောင်းကောင်းကြီး သိထားသည်။
ထို့ကြောင့်... လန်ချင်းအောက် က သူ့အပေါ် စွပ်စွဲပုတ်ခတ်၍ ပြဿနာရှာရန် ကြံစည်နေကြောင်း ကြားလိုက်ရသောအခါ ဖန်ချန် မှာ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
လန်ချင်းအောက် က အတူတကွ ရပ်နေကြသော ဖန်ချန် နှင့် အခြားနှစ်ဦးကို တစ်ချက် ဝေ့ကြည့်လိုက်၏။
"ဘယ်သူများလဲလို့... ကိုယ်ကျိုးအတွက် ဂိုဏ်းဂဏဖွဲ့နေကြတဲ့ ဖန်ချန် တို့ လူယုတ်မာ သုံးကောင် ပါလား..."
လန်ချင်းအောက် ၏ စကားများမှာ အလွန်တရာ ခနဲ့တဲ့တဲ့ နိုင်လှပြီး... ဖန်ချန် နှင့် အခြားနှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းပင် အရှက်နှင့် ဒေါသတို့ ရောယှက်ကာ နီမြန်းသွားကြတော့သည်။
"လန်ချင်းအောက်... ငါတို့ရဲ့ တံခါးဝမှာ ကြောက်စရာကောင်းတဲ့ ရန်သူကြီး ရောက်နေတဲ့ အချိန်မျိုးမှာ... မင်းက ပြဿနာ လာရှာချင်နေတာလား..."
လန်ချင်းအောက် သည် သူမ၏ ကျောက်စိမ်းအလား သွယ်လျသော လက်မောင်းများကို မို့မောက်နေသော ရင်အုံထက်၌ ပိုက်လိုက်ပြီး... သူမ၏ နီထွေးသော နှုတ်ခမ်းအစုံကို အနည်းငယ် ကွေးညွတ်လိုက်သည်။
"ကျုပ်က ပြဿနာ ရှာနေတာလား... ရှင်တို့ သုံးကောင် က ပြဿနာ ရှာနေတာလား... ကျုပ် မကြားဘူးလို့တော့ မထင်နဲ့နော်... ရှင်တို့က နင်ချီ ကို လက်စားချေချင်နေကြတာ မဟုတ်လား..."
ဖန်ချန် နှင့် အခြားနှစ်ဦးမှာ အကြီးအကျယ် အံ့အားသင့်သွားကြတော့သည်။
ဒီ အရူးမ က အရာအားလုံးကို ဘယ်လိုလုပ် သိနေရတာလဲ...
သူတို့ မသိခဲ့သည့် အချက်မှာ... လန်ချင်းအောက် တစ်ယောက် စစ်မြေပြင်နယ်မြေ သို့ မဝင်ရောက်မီက ပင်လယ်ဘိုးဘေးကြီး ကိုယ်တိုင် သူမကို သီးသန့် ဆင့်ခေါ်ခဲ့ပြီး... နင်ချီ နှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများကို စောင့်ရှောက်ပေးရန် အသေအချာ ညွှန်ကြားထားခဲ့ခြင်းပင် ဖြစ်၏။
အကြောင်းပြချက် နှင့် ပတ်သက်၍မူ... ပင်လယ်ဘိုးဘေးကြီး သည် လန်ချင်းအောက် ထံမှ မည်သည့်အရာကိုမျှ လျှို့ဝှက်ထားခြင်း မရှိဘဲ တိုက်ရိုက်ပင် ပြောပြထားခဲ့သည်။
"နင်ချီ က မင်းရဲ့ ဂျူနီယာ မောင်လေး ဖြစ်လာလိမ့်မယ်... သူ့ရဲ့ အောင်မြင်မှုတွေက မင်းထက် အဆပေါင်းများစွာ သာလွန်သွားလိမ့်မယ်..."
ဤစကားတစ်ခွန်းက လန်ချင်းအောက် အား အချိန်အတော်ကြာအောင် စိတ်ဓာတ်ကျသွားစေခဲ့သည်။
စစ်မြေပြင်နယ်မြေ သို့ ရောက်ရှိလာသောအခါ... လန်ချင်းအောက် သည် တောင်ဘိုးဘေးကြီး ၏ လူများက နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများအကြောင်း ပြောဆိုနေသည်ကို ကြားလိုက်ရလေရာ... သူမ..ဘယ်လိုလုပ်ပြီး လျစ်လျူရှု ထားနိုင်ပါမည်နည်း…။