အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
131
“မင်း ဘာလို့ မင်းဖြစ်နေရတာလဲ”
ယွဲ့ဝေ တစ်ယောက် အကြီးအကျယ် အံ့အားသင့်သွားရတော့၏။
အကြောင်းမှာ မိမိ၏ အရှေ့တွင် ပေါ်လာသူမှာ နေ့ခင်းဘက်က ယီကျင်းအိမ်ရာ၌ သူနှင့် ရင်ဆိုင်ခဲ့ရသည့် ရဲနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထိုစဉ်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်သော အလုပ်သင်ရဲ နှစ်ဦးသည် မိမိအား ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း သူက လွတ်အောင် ထွက်ပြေးနိုင်ခဲ့၏။
ထိုသို့ ထွက်ပြေးစဉ်အတွင်း ယွဲ့ဝေသည် ချင်ရန်ကို မထီမဲ့မြင် ပြုခဲ့ပြီး ဤကဲ့သို့သော ငနုလေးတစ်ယောက်က မိမိအား ဘယ်တော့မှ ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ယခုမူ သူအား မဖမ်းနိုင်ပါဘူးဟု အထင်သေးခဲ့ဖူးသော ထိုငနုလေးမှာ ဤနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
“မင်းက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ”
ချင်ရန်သည် ယွဲ့ဝေရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လာရင်း နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ရဲအရာရှိ ၂၀၀ ကျော် ဝိုင်းဖမ်းတာတောင် ခင်ဗျားကို မဖမ်းနိုင်ခဲ့ဘူး၊ ကျွန်တော် တကယ် သိချင်နေတာက ခင်ဗျား ဘယ်လို လှည့်ကွက်တွေသုံးပြီး လွတ်အောင် ပြေးခဲ့တာလဲ”
လင်းကုဝေတို့အဖွဲ့ လက်ချည်းဗလာဖြင့် ပြန်သွားရသည်ကို သိလိုက်ရစဉ်က ချင်ရန် အတော်ပင် အံ့ဩခဲ့ရ၏။
ရဲအရာရှိ နှစ်ရာကျော်နှင့် ရဲခွေး တစ်ဒါဇင်ကျော်မှာ ယွဲ့ဝေကို မဖမ်းဆီးနိုင်ခဲ့ကြချေ။
ယွဲ့ဝေထံ၌ နတ်ဘုရားလို စွမ်းအားများ ရှိနေသလားဟုပင် ထင်ရသည်။
ယွဲ့ဝေသည် ဤနေရာသို့ ရောက်လာလိမ့်မည်ဟုလည်း မည်သူမှ မထင်ထားကြပေ။
ဤကဲ့သို့ ဟာလာဟင်းလင်း ဖြစ်နေသည့် ကွင်းပြင်ကြီးတွင် လမ်းတစ်လျှောက် စောင့်ကြည့်ရေးကင်မရာများစွာ ရှိနေသဖြင့် ယွဲ့ဝေကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်၏။
“မင်း ငါ့ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ”
ယွဲ့ဝေသည် ချင်ရန်ကို စိုက်ကြည့်ရင်း ဖိအားများ ဝင်လာတော့သည်။
သူ၏ ထွက်ပြေးသည့် လမ်းကြောင်းမှာ အလွန်ပင် ပြည့်စုံလွန်းလှသဖြင့် ရဲအရာရှိ ၂၀၀ ကျော်နှင့် ရဲခွေးများကိုပင် မျက်စိလည်အောင် လုပ်နိုင်ခဲ့၏။
သို့သော် အဘယ်ကြောင့် ဤလူငယ်လေးသည် မိမိအား ရှာတွေ့ခဲ့သနည်း။
မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို သူ အသည်းအသန် သိချင်နေမိသည်။
ထိုရေနုတ်မြောင်းမှာ မြောင်းအောက်ခြေတွင် ရှိနေသဖြင့် သေသေချာချာ မရှာလျှင် မြင်နိုင်စရာ အကြောင်းမရှိပေ။
မိမိရှေ့မှ ဤလူငယ်သည် ထိုမျှအထိ တွေးခေါ်တွက်ချက်မှု ကောင်းနေ၍လားဟု သူ တွေးနေမိ၏။
ယွဲ့ဝေ၏ မေးခွန်းကို ချင်ရန် ခပ်အေးအေး ပြုံးရင်း ပြန်ဖြေသည်။
“ငါက မင်းရဲ့ တည်နေရာကို အစကတည်းက သိနေခဲ့တာလို့ ပြောရင် မင်း ယုံမလား”
ထိုစကားကို ကြားလိုက်ရသည့်အခါ ယွဲ့ဝေ၏ သူငယ်အိမ်များ ကျုံ့သွားပြီး ချင်ရန်က မိမိအပေါ်တွင် ခြေရာခံကိရိယာတစ်ခုခု တပ်ဆင်ထားနိုင်သည်ဟု ချက်ချင်း တွေးမိသွား၏။
ထို့ကြောင့် ယွဲ့ဝေသည် မိမိ၏ တစ်ကိုယ်လုံး၊ ခြေထောက်နှင့် ကျောကုန်းတို့ကို ချက်ချင်း စစ်ဆေးလိုက်သော်လည်း မည်သည့် မသင်္ကာစရာမျှ မတွေ့ရပေ။
“ငါ့ဆီမှာ ဘာခြေရာခံကိရိယာမှ မရှိဘူး၊ မင်း ဘယ်လိုလုပ်ပြီး ငါ့ကို ရှာတွေ့တာလဲ”
ယွဲ့ဝေ၏ မျက်လုံးများ အေးစက်သွားသည်။
ဤအရာအားလုံးမှာ မယုံနိုင်စရာပင် ကောင်းလှပြီး အကယ်၍ အခြားရဲများသာ သိသွားပါက ချင်ရန်သည် သူတစ်ယောက်တည်း လာလိမ့်မည် မဟုတ်ချေ။
“အသုံးမဝင်တာတွေကို စဉ်းစားမနေပါနဲ့တော့”
ချင်ရန်က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“လက်နက်ချလိုက်ပါတော့ ယွဲ့ဝေ၊ ငါ့မျက်စိရှေ့မှာတင် အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ကို ခင်ဗျား သတ်ခဲ့တယ်၊ အဲဒီအချိန်ကတည်းက ခင်ဗျားကို ငါ့လက်နဲ့ သေချာပေါက်ရအောင် ဖမ်းမယ်လို့ ငါ ကျိန်ဆိုထားတယ်၊ အခု ခင်ဗျားကို ငါရှာတွေ့ပြီဆိုတော့ ဆက်ပြီး ခုခံဖို့ မစဉ်းစားနဲ့တော့၊ ခင်ဗျား လက်ထဲက ဓားကို ချလိုက်ပါ”
ချင်ရန်၏ အမိန့်ပေးသံမှာ တရားသူကြီးတစ်ဦးကဲ့သို့ပင် အေးဆေးတည်ငြိမ်လွန်းလှပြီး ထိုတည်ငြိမ်မှုကပင် ယွဲ့ဝေ၏ နှလုံးသားကို မြှားတစ်စင်းအလား ထိုးစိုက်သွားသည်။
သို့သော် ယွဲ့ဝေကမူ အလျှော့ပေးမည့်ဟန်မပြဘဲ လှောင်ပြုံးတစ်ခုကိုသာ ပြုံးလိုက်သည်။
“အလုပ်သင်ရဲလေး တစ်ယောက်က သူရဲကောင်း ဝင်လုပ်ချင်နေတာလား၊ ငါ ရာဇဝတ်ကောင်တွေကို ဖမ်းနေတဲ့အချိန်မှာ မင်းအဖေတောင် မင်းကို မင်းအမေ ဗိုက်ထဲ ထည့်ရသေးမှာ မဟုတ်ဘူး”
ယွဲ့ဝေ၏ ဆဲဆိုမှုကို ချင်ရန် စိတ်အေးလက်အေးနှင့် ရင်ဆိုင်ပြီး ယွဲ့ဝေအနားသို့ တိုးကပ်သွားလိုက်၏။
“စကားတွေ အများကြီး ပြောမနေနဲ့တော့၊ ခင်ဗျား လူသတ်မှုတွေ အများကြီး ကျူးလွန်ထားပြီး အခုမှ ထွက်ပြေးချင်နေတာလား”
“မိုက်ရူးရဲဆန်တဲ့ သတ္တဝါလေးပဲ”
ချင်ရန် အနားတိုးလာသည်ကို မြင်သောအခါ ယွဲ့ဝေက လှောင်ရယ်လိုက်သည်။
သူ၏ ဝါရင့်အတွေ့အကြုံနှင့် ရှေ့မှလူငယ်လေး၏ အခြေအနေမှာ မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။
အသက် ၂၀ ကျော် လူငယ်လေးတစ်ယောက်မှာ ကိုယ်ခံပညာသင်တန်းကိုပင် ဘယ်လောက်ကြာကြာ တက်ဖူးမှာမို့လို့လဲဟု သူက အထင်သေးစွာ တွေးနေမိ၏။
အရပ်အမောင်းအရ ဆိုလျှင်လည်း ယွဲ့ဝေမှာ ၁.၉ မီတာ (၆ ပေ ၃ လက်မ) ခန့် ရှိသဖြင့် ချင်ရန်ထက် ပိုမြင့်ရုံသာမက ကိုယ်လုံးကိုယ်ထည်မှာလည်း ပိုမိုတောင့်တင်းလှသည်။
ချင်ရန်မှာ သူနှင့်ယှဉ်လျှင် သေးကွေးနေသယောင် ထင်ရ၏။
‘ဘယ်လို ယုံကြည်ချက်မျိုးနဲ့များ ငါ့ကို တစ်ယောက်တည်း လာဖမ်းရဲရတာလဲ’
ယွဲ့ဝေသည် ချင်ရန်၏ ခန္ဓာကိုယ်ပေါ်တွင် သေနတ် ရှိ၊ မရှိကို အကဲခက်လိုက်ရာ သေနတ်မပါရှိခြင်းကို သိလိုက်ရသည်။
အကယ်၍ ချင်ရန်က သေနတ်ဖြင့် လာလျှင်မူ သူ အနည်းငယ် ကြောက်မိကောင်း ကြောက်မိမည် ဖြစ်သည်။
သို့သော် ယခုတွင်မူ လက်ဗလာကြီး ဖြစ်နေသောကြောင့် ဂရုစိုက်စရာ မလိုတော့ပေ။
“ငါ့ကိုသာ ဖမ်းနိုင်ရင် မင်း အနည်းဆုံးတော့ ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆုရမှာ သေချာတယ်၊ ဘာလို့လဲဆိုတော့ ငါက လူတွေ အများကြီး သတ်ခဲ့ပြီး S-အဆင့် ရာဇဝတ်ကောင် ဖြစ်နေပြီလေ”
ယွဲ့ဝေ အေးစက်သော လေသံဖြင့် ဆက်ပြောသည်။
“ဒါပေမဲ့ မင်း အဲဒီဆုကို ရဖို့ ကံပါမလာဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ခေါင်းကို ငါဖြတ်ပြီး ခန္ဓာကိုယ်ကြီးကို အပိုင်းပိုင်း အစစလုပ်ပစ်မယ်၊ ငါ သတ်ခဲ့သမျှ လူတွေထဲမှာ မင်းကို အကြည့်ရ အဆိုးဆုံး အလောင်းတစ်ခု ဖြစ်အောင် ငါ လုပ်ပေးမယ်၊ သေပေတော့”
ယွဲ့ဝေသည် လက်ထဲမှ ဓားကို ရူးသွပ်စွာဖြင့် လွှဲယမ်းလိုက်၏။
ဓားမြှောင်က လေထုကို ခွင်းသွားသည့် အသံမှာ ပတ်ဝန်းကျင်၌ သိသိသာသာကြီး ပေါ်ထွက်လာပြီး ၎င်း၏ အရှိန်မှာ အလွန်ပင် မြန်လှသည်။
ချင်ရန်သည် မျက်မှောင်ကြုတ်ကာ ခေါင်းကို အနောက်ဘက်သို့ အနည်းငယ် တိမ်းလိုက်ရာ ဓားမှာ လွဲချော်သွား၏။
ထိုအရှိန်ကြောင့် ချင်ရန် အနည်းငယ် အံ့ဩသွားရသည်။
မိမိက လက်နက်မပါဘဲ ယွဲ့ဝေမှာ လက်နက်နှင့် ဖြစ်၏။
ကမ္ဘာ့လက်ဝှေ့ချန်ပီယံပင်လျှင် ဓားကိုင်ထားသော သာမန်လူတစ်ယောက်နှင့် တိုက်ခိုက်ပါလျှင် သတိထားရတတ်သည်။
ထို့ပြင် ယွဲ့ဝေမှာ သာမန်လူ မဟုတ်ဘဲ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန် မြင့်မားလှသည်။
မိမိ၏ ဓားချက်ကို အလွယ်တကူ ရှောင်တိမ်းသွားသည်ကို မြင်သောအခါ ယွဲ့ဝေ အံ့အားသင့်စွာ အော်လိုက်၏။
“ငါ့ဓားချက်ကို ဘယ်လိုလုပ် ရှောင်နိုင်တာလဲ၊ ကြည့်ရတာ မင်းမှာ ပညာလေး အနည်းအကျဉ်းတော့ ရှိပုံရတယ် ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး”
ယွဲ့ဝေ အော်ဟစ်ကာ ဓားဖြင့် ဆက်တိုက် တိုက်ခိုက်တော့သည်။
သူ၏ အမူအရာမှာ အရူးတစ်ယောက်ကဲ့သို့ ရူးသွပ်နေပုံရသော်လည်း ဓားချက် တစ်ချက်ချင်းစီမှာ အလွန်တိကျသေချာပြီး အမှားအယွင်း မရှိသလောက်ပင် ဖြစ်၏။
ချင်ရန်သည် ယွဲ့ဝေ၏ ဓားရေးကိုကြည့်ပြီး စိတ်ထဲမှ ချီးကျူးနေမိသည်။
တကယ်လို့ တခြား တိုက်ခိုက်ရေး ချန်ပီယံတွေသာ ဆိုလျှင် ယွဲ့ဝေ၏ ဓားချက် နှစ်ချက်၊ သုံးချက်အတွင်းမှာတင် အသတ်ခံရနိုင်လောက်သည်။
သို့သော် ချင်ရန်တွင် ကျွမ်းကျင်မှုအဆင့် ကိုယ်ခံပညာစွမ်းရည် ရှိနေ၏။
ယွဲ့ဝေက တော်သည်ဆိုသော်လည်း ထိုမျှအထိသာ ဖြစ်သည်။
ယွဲ့ဝေသည် သေစေနိုင်သော ဓားချက်ပေါင်း ၃၀ ကျော်ဖြင့် ဆက်တိုက် ထိုးနှက်ခဲ့သော်လည်း ချင်ရန်ကိုမူ တစ်ချက်မျှ မထိခဲ့သဖြင့် ယွဲ့ဝေမှာ စိတ်ရှုပ်ထွေးသွားပြီး မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာ၏။
နှစ်မိနစ်ခန့် ကြာပြီးနောက် ယွဲ့ဝေ အရှက်ရလာခဲ့သည်။
ထိုလူငယ် သူ့အား အဘယ်ကြောင့် တစ်ယောက်တည်း လာရောက်ဖမ်းဆီးရဲသနည်း ဟူသော အဖြေကို ယွဲ့ဝေ ယခုမှ နားလည်သွားတော့၏။
“မင်းရဲ့ ကိုယ်ခံပညာက သာမန်အဆင့်တော့ မဟုတ်ဘူး၊ မင်းက အထူးလေ့ကျင့်ရေးတွေ ဆင်းထားတဲ့ အထူးတပ်ဖွဲ့ဝင် တစ်ယောက်လား”
ယွဲ့ဝေသည် ချင်ရန်ကို ဆက်လက် မတိုက်ခိုက်ရဲတော့ဘဲ စိုးရိမ်တကြီး စိုက်ကြည့်ရင်း မေးလိုက်သည်။
“ကစားလို့ ဝပြီလား”
ချင်ရန်က အေးအေးဆေးဆေး ပြောလိုက်၏။
“ငါ ဘယ်သူလဲဆိုတာက ခင်ဗျားအတွက် အဲဒီလောက်ထိ အရေးပါလို့လား”
နောက်တစ်ခဏတွင် ချင်ရန်သည် ကျားသစ်တစ်ကောင်ကဲ့သို့သော အရှိန်မျိုးဖြင့် ရှေ့သို့ ဝုန်းခနဲ ပြေးဝင်သွားတော့သည်။
ထိုအခါ ယွဲ့ဝေ၏ မျက်လုံးများ ပြူးကျယ်သွားရပြီး မိမိရှေ့မှ လူမှာ လူသားတစ်ယောက် မဟုတ်တော့ဘဲ သားရဲဘုရင်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။
ဤမျှ ပြင်းထန်သော ဖိအားမျိုးကို ယွဲ့ဝေ တစ်ခါမျှ မကြုံခဲ့ရဖူးချေ။
ထိုအခါ ယွဲ့ဝေ၏ တန်ပြန်တိုက်ကွက်များမှာ မမှန်တော့ဘဲ ဟာကွက်များစွာ ပေါ်လာတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ မည်သို့ပင် လုပ်ဆောင်ပါစေ အရှေ့မှလူအား အနိုင်မရနိုင်တော့ကြောင်း သူ၏ မသိစိတ်က အလိုလို သိနေသောကြောင့် ဖြစ်သည်။
“သေပြီ ငါ တကယ့် ဆရာကြီးတစ်ယောက်နဲ့ တိုးပြီ”
ယွဲ့ဝေ နာကျင်စွာ အော်ဟစ်ရင်း နောက်သို့ အဆက်မပြတ် ဆုတ်ခွာပြီး ခုခံရုံသာ တတ်နိုင်တော့သည်။
သူ၏ ရှုံးနိမ့်မှုမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
*ဖြောင်း*
ရုတ်တရက် ချင်ရန်က ယွဲ့ဝေ၏ လက်ထဲမှ ဓားကို ကန်ထုတ်လိုက်ရာ ယွဲ့ဝေ၏ လက်မောင်းတွင် ပြင်းထန်လှသော နာကျင်မှုကို ခံစားလိုက်ရပြီး လက်ကို လုံးဝ မလှုပ်နိုင်တော့ချေ။
“အား”
ယွဲ့ဝေမှာ နာကျင်လွန်းသဖြင့် အော်ဟစ်ကာ ချွေးစေးများ ထွက်လာပြီး မိမိရှေ့မှ လူငယ်မှာ မည်မျှထိ ကြောက်စရာကောင်းသည်ကို သူ သိသွားရသည်။
‘ဒီလို မိစ္ဆာကောင်က ဘယ်က ရောက်လာတာလဲ၊ အလုပ်သင်ရဲ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ တိုက်ခိုက်နိုင်ရတာလဲ’
ယခင်က ယွဲ့ဝေသည် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရှိစဉ်က ဖိန်လင်ဗဟိုဌာန၏ တိုက်ခိုက်ရေးပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခဲ့သူ ဖြစ်၏။
“ငါ ဒီကောင်ကို မယှဉ်နိုင်ဘူး"
ယခုအခါ ယွဲ့ဝေ၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုသာ ကျန်ရှိတော့လေသည်။
132
*ဝုန်း*
ချင်ရန်၏ အားပါလှသည့် ကန်ချက်က ယွဲ့ဝေထံသို့ ကျရောက်သွားပြီး ထွက်ပြေးရန် ကြိုးပမ်းနေသော ယွဲ့ဝေမှာ အရှိန်ပြင်းပြင်းဖြင့် လွင့်ထွက်သွား၏။
ယွဲ့ဝေမှာ လှုပ်ရှားနိုင်စွမ်း လုံးဝကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ ခွေခေါက်လဲကျသွားတော့သည်။
“အဟွတ် အဟွတ်”
ယွဲ့ဝေသည် သူ့ဝမ်းဗိုက်ကို လက်ဖြင့် ဖိထားရင်း အသက်ကို လုရှူနေရ၏။
ထိုကန်ချက်မှာ အလွန်ပင် အားပါလှသဖြင့် သူ၏ ကလီစာများပင် ပြုတ်ထွက်သွားသလားဟု ထင်မှတ်ရသည်။
“သန်မာလိုက်တာ ဒီလို အလုပ်သင်ရဲတစ်ယောက်ရဲ့ လက်ထဲမှာ ငါရှုံးနိမ့်သွားလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး၊ ဒီကောင်လေးရဲ့ ကိုယ်ခံပညာက ငါမြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံးပဲ”
ယွဲ့ဝေသည် စီအိုင်ဒီအဖွဲ့တွင် ရှိစဉ်အခါက တိုက်ခိုက်ရေးချန်ပီယံ ဖြစ်ခဲ့ဖူးသော်လည်း ယခုမူ ချင်ရန်၏ တိုက်ကွက်အနည်းငယ်ကိုပင် မခုခံနိုင်ခဲ့ချေ။
ယွဲ့ဝေသည် မိမိကိုယ်ကိုယ် အိုမင်းသွားပြီဟုပင် ခံစားလိုက်ရ၏။
ယခုနှစ်တွင် သူသည် အသက် ၄၀ ရှိပြီဖြစ်ရာ ရုပ်ပိုင်းဆိုင်ရာအရလည်း အရင်လို မသွက်လက်တော့ပေ။
ထိုအချိန်တွင် ချင်ရန်သည် သူ့ဖုန်းကို ထုတ်ကာ လင်းကုဝေထံသို့ ဖုန်းခေါ်လိုက်သည်။
“ဟယ်လို ဦးလေးလင်း”
“ဘာဖြစ်လို့လဲ ချင်ရန်”
ဖုန်း၏ အခြားတစ်ဖက်မှ လင်းကုဝေ၏ စိတ်မရှည်သော အသံကို အတိုင်းသား ကြားလိုက်ရသည်။
“မတွေ့သေးဘူး အခုထိ ဘာမှကို မတွေ့သေးတာ၊ ငါတို့ စုံစမ်းတာကို ရပ်လို့မဖြစ်ဘူး၊ ဆက်ပြီး ရှာရမယ်ကြားလား၊ ငါ့အမိန့်မရမချင်း ဘယ်သူမှ ရှာဖွေတာကို မရပ်ကြနဲ့၊ ယွဲ့ဝေကို လုံးဝ အလွတ်ပေးလိုက်လို့ မရဘူး၊ ဒီကောင်က မြေခွေးလို ပါးနပ်တာ၊ အခုတစ်ခေါက်သာ လွတ်သွားရင် နောက်တစ်ခါ သူ့တည်နေရာကို ရှာဖို့ဆိုတာ တော်တော်ခက်သွားလိမ့်မယ်”
လင်းကုဝေ၏ အော်ဟစ်ကြိမ်းမောင်းသံကို ချင်ရန် အတိုင်းသား ကြားနေရသည်။
ထိုအခါ ချင်ရန် ခပ်အေးအေး ပြုံးလိုက်၏။
“ဦးလေးလင်း ဆက်ပြီး စုံစမ်းစရာ မလိုတော့ပါဘူး”
“ဟမ် ချင်ရန်၊ မင်း ဘာပြောလိုက်တာလဲ”
လင်းကုဝေ မျက်မှောင်ကြုတ်ကာ အော်မေးလိုက်သည်။
ဤကဲ့သို့ အရေးကြီးချိန်တွင် ချင်ရန်က အဘယ်ကြောင့် လာရောက်နောက်ပြောင်နေရသနည်း။
“ကျွန်တော် ယွဲ့ဝေကို ရှာတွေ့သွားပြီ၊ အခု ကျွန်တော့်လက်ထဲမှာ ဖမ်းချုပ်ထားပြီးပြီ ဒါပေမဲ့ ဒီနေရာက လူသူပြတ်တဲ့နေရာ ဖြစ်နေလို့ ဦးလေးလင်း၊ ကျွန်တော့်ဆီကို ကားတစ်စီး အမြန်လွှတ်ပေးပါဦး”
ထိုစကားကို ကြားလိုက်ရလျှင် လင်းကုဝေမှာ ခေတ္တမျှ ဆွံ့အသွား၏။
သူသည် ပါးစပ်ဟကာ ပြောလိုက်ချင်သော်လည်း ပြောစရာစကား ရှာမတွေ့တော့ပေ။
ခဏအကြာမှသာ ပြန်လည်မေးမြန်းနိုင်တော့သည်။
“မင်း မင်း ယွဲ့ဝေကို ဖမ်းမိပြီလို့ ပြောလိုက်တာလား ချင်ရန်၊ တကယ်လား ဘယ်နေရာမှာလဲ”
လင်းကုဝေ၏ လေသံမှာ ရုတ်တရက် အကြီးအကျယ် စိတ်လှုပ်ရှားသွား၏။
ညနေစောင်းကတည်းက ညဉ့်နက်သည်အထိ ရဲအရာရှိများ၊ ရှာဖွေရေးခွေးများဖြင့် ပိုက်စိပ်တိုက် ရှာဖွေနေခဲ့သော်လည်း ယွဲ့ဝေ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရချေ။
ဌာနချုပ်ရှိ စုံစမ်းစစ်ဆေးရေးမှူးများမှာလည်း အလွန်ပင် စိတ်သောက ရောက်နေကြရသည်။
စောစောကပင် ညွှန်ကြားရေးမှူးချုပ်မှာ လင်းကုဝေ၏ ရုံးခန်းထဲအထိ လာရောက်ကာ အကြီးအကျယ် ဆူပူကြိမ်းမောင်းသွားခဲ့သေး၏။
အဘယ်ကြောင့်ဆိုသော် လင်းကုဝေသည် ဤဖမ်းဆီးမှုအတွက် အင်အားများစွာ အသုံးပြုခဲ့သဖြင့် လမ်းပိတ်ဆို့မှုများနှင့် ယာဉ်တိုက်မှုများစွာ ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။
အကယ်၍ ယွဲ့ဝေကို လက်ဝယ်ဖမ်းဆီးမိပါက ထိုပြဿနာအားလုံး ပြေလည်သွားမည် ဖြစ်သော်လည်း မဖမ်းမိပါက သူတို့အားလုံး အပြစ်ပေးခံရမည် ဖြစ်သည်။
“ဟုတ်ကဲ့ အခု တည်နေရာကို ကျွန်တော် ပို့ပေးလိုက်ပါ့မယ်၊ ဦးလေးလင်းတို့ အဖွဲ့သာ မြန်မြန်လာခဲ့ပါ၊ ဒီနေရာက တော်တော်မှောင်နေပြီ”
ထိုသို့ပြောပြီးလျှင် ချင်ရန် ဖုန်းချလိုက်၏။
တစ်ဖက်တွင်မူ ဌာနချုပ်ရုံးခန်းအတွင်းရှိ ရဲအရာရှိများအားလုံးသည် လင်းကုဝေ၏ စကားကို ကြားလိုက်ရသဖြင့် လုပ်လက်စ အလုပ်များကို ရပ်ကာ နားစွင့်နေကြ၏။
ရဲအရာရှိတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။
“ခေါင်းဆောင် ဘယ်သူက ယွဲ့ဝေကို ဖမ်းလိုက်တာလဲ”
လင်းကုဝေ စိတ်လှုပ်ရှားစွာဖြင့် ဖုန်းချလိုက်ပြီး ပြန်ဖြေလိုက်၏။
“ချင်ရန်ပဲ၊ သူ ယွဲ့ဝေကို ဖမ်းမိပြီတဲ့”
‘ချင်ရန်’
ထိုနာမည်သည် သူတို့ရဲလောကတွင် ဒဏ္ဍာရီတစ်ခုသဖွယ် ဖြစ်နေပြီ ဖြစ်သည်။
လူငယ်အားကစားပြိုင်ပွဲအတွင်း ရာဇဝတ်ကောင်များ၏ လုပ်ကြံတိုက်ခိုက်မှုအစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့သဖြင့် ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်က ချီးကျူးခဲ့ရသူ ဖြစ်၏။
ဌာနချုပ်ရှိ ရဲများအားလုံးကလည်း သူ့ကို ကောင်းကောင်းသိကြသည်။
သို့သော် သူတို့အားလုံးမှာ ဇဝေဇဝါ ဖြစ်နေကြ၏။
ချင်ရန်သည် ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆု ခြောက်ခုအထိ ရရှိထားပြီး ဖြစ်သည်။
အကယ်၍ ယွဲ့ဝေကိုပါ ထပ်ဖမ်းနိုင်လျှင် နောက်ထပ် ဆုတစ်ခု ထပ်တိုးဦးမည် မဟုတ်ပါလား။
သူသည် ဆုတံဆိပ်များ စုဆောင်းရာတွင် တကယ့်ပါရမီရှင် ဖြစ်ထိုက်ပေသည်။
မကြာမီမှာပင် လင်းကုဝေသည် ကားသုံးစီးဖြင့် ချင်ရန်ရှိရာသို့ ထွက်ခွာလာခဲ့၏။
ထိုစဉ် စက်ရုံဟောင်းအတွင်း၌မူ ချင်ရန်သည် ယွဲ့ဝေကို လက်ထိပ်ခတ်ထားလိုက်သည်။
ထိုအခါ ယွဲ့ဝေက ချင်ရန်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
“မင်း ငါ့ကို လွှတ်ပေးလို့ မရဘူးလား”
“စကားတွေ အများကြီး မပြောနဲ့”
ချင်ရန်က အေးစက်စွာ ပြန်ကြည့်ပြီး ပြောလိုက်သည်။
ထို့နောက် ယွဲ့ဝေက အံကြိတ်ကာ ထပ်မေးလာပြန်၏။
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ငါ့ကို လက်စားချေချင်လို့လား”
ချင်ရန်က တည်ငြိမ်စွာ ပြန်မေးလိုက်သည်။
သူသတ်ခဲ့သော အပြစ်မဲ့သူများမှာ အလွန်ပင် များပြားလှပြီး ယွဲ့ဝေသာ ယခုတစ်ခေါက် အဖမ်းခံရပါက သေဒဏ်ကျနိုင်ခြေ အလွန်များ၏။
ထို့ကြောင့် အသက်ရှင်လျက် ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိပေ။
“ငါ ယွဲ့ဝေကို ဖမ်းနိုင်ခဲ့တဲ့သူရဲ့ နာမည်ကို သိချင်ရုံတင်ပါ”
ယွဲ့ဝေက လေးနက်သော လေသံဖြင့် ပြောသည်။
“ချင်ရန်”
ချင်ရန်က ယွဲ့ဝေကို တည်ငြိမ်စွာ ကြည့်လိုက်၏။
ချင်ရန်မှာ မည်သည်ကိုမျှ မကြောက်ရွံ့သလို သူ့နာမည်ကို ပြောပြရန်လည်း ဝန်မလေးပေ။
သူသည် နောက်ဆက်တွဲ လက်စားချေမှုများကိုလည်း ဂရုမစိုက်ကြောင်း ယွဲ့ဝေ သိလိုက်ရ၏။
နောက်ဆုံးတွင် ယွဲ့ဝေက ခါးသီးစွာ ပြုံးလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ကောင်းပြီ ဒါက ထိုက်တန်ပါတယ်”
ထိုစဉ်မှာပင် စနစ်ထံမှ အချက်ပေးသံ ထွက်ပေါ်လာ၏။
“ဒင်၊ တရားခံ ယွဲ့ဝေကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်၊ ပိုင်ရှင်သည် ရာဇဝတ်မှုဖြစ်စဉ် ပြန်လည်မြင်ယောင်ခြင်း စွမ်းရည်ကို ရရှိပါသည်”
ထိုအသံကို ကြားလိုက်ရအပြီးတွင် ချင်ရန် ကျေနပ်သွားသည်။
စနစ်မှ ပေးအပ်လာသော ဤစွမ်းရည်ဖြင့်ဆိုလျှင် နောင်တွင် မည်မျှပင် ခက်ခဲသော အမှုများ ဖြစ်ပါစေ၊ ရာဇဝတ်မှုနှင့် ပတ်သက်သည့် အရာတစ်ခုခုကို ထိတွေ့လိုက်ရုံဖြင့် အမှုမှန်ကို ဖော်ထုတ်နိုင်တော့မည် ဖြစ်၏။
မဖော်ထုတ်နိုင်သေးသည့် ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော အမှုဟောင်းများကိုပင် သူ ဖြေရှင်းနိုင်တော့မည် ဖြစ်သည်။
ချင်ရန်၏ မျက်လုံးများတွင် မျှော်လင့်ခြင်းအရောင်များ တောက်ပလာပြီး သူ့စိတ်ထဲ၌လည်း လွန်ခဲ့သော အနှစ် ၂၀၊ ၃၀ က အမှုဟောင်းများစွာ ပေါ်ထွက်လာခဲ့၏။
သူသည် အခွင့်အရေးရလျှင် ထိုအမှုများကို သေချာပေါက် ဖြေရှင်းမည်ဟု ဆုံးဖြတ်လိုက်သည်။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် လင်းကုဝေနှင့်အတူ ရဲကားသုံးစီး ရောက်ရှိလာခဲ့သည်။
ချင်ရန်ပြောထားသည့် နေရာသို့ ရောက်သည်နှင့် လင်းကုဝေမှာ အံ့အားသင့်သွား၏။
အကြောင်းမှာ ဤနေရာသည် သူတို့ရှာဖွေခဲ့သော ကွင်းပြင်ကြီးနှင့် အလွန်နီးကပ်နေသောကြောင့် ဖြစ်သည်။
ယွဲ့ဝေသည် ထိုနေရာမှ ဤနေရာသို့ မည်သို့ ရောက်လာခဲ့သနည်းဟု သူ သိချင်သွားရသည်။
လင်းကုဝေ သူ့အဖွဲ့မှ လူများကို ပတ်ဝန်းကျင်အား ချက်ချင်း စစ်ဆေးခိုင်းလိုက်ပြီး သူကိုယ်တိုင် စက်ရုံဟောင်းထဲသို့ ဝင်ကာ ချင်ရန်နှင့် လာရောက်တွေ့ဆုံလေ၏။
ချင်ရန်တို့ အနားသို့ ရောက်ရောက်ချင်း လက်ထိပ်ခတ်ခံထားရသော ယွဲ့ဝေကို မြင်လိုက်ရသည်။
လင်းကုဝေသည် ယွဲ့ဝေ၏ မျက်နှာကို သေချာစိုက်ကြည့်နေမိပြီး ယွဲ့ဝေ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူ့ဒေါသကို ထိန်းချုပ်ကာ ချင်ရန်အား ပြောလိုက်၏။
“ချင်ရန် သူ့ကို ခေါ်ထုတ်ခဲ့တော့”
လင်းကုဝေ၏ စကားနှင့်အတူ ချင်ရန်သည် ယွဲ့ဝေကို အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လင်းကုဝေက သိချင်သည်ကို မေးလိုက်၏။
“မင်း သူ့ကို ဘယ်လို ခြေရာခံခဲ့တာလဲ”
“ဦးလေးလင်းတို့ ဒီနားမှာ ရှာနေတယ်ဆိုတဲ့ သတင်းကြားတော့ ကျွန်တော်လည်း ကိုယ့်ဘာသာ လာရှာကြည့်တာပါ၊ မထင်မှတ်ဘဲ ဒီစက်ရုံဟောင်းကို ရှာတွေ့ခဲ့တာ”
ချင်ရန်က ခပ်တည်တည်ပင် ဖြေလိုက်သည်။
“တကယ်လား မင်းက ကံကောင်းလိုက်တာ”
လင်းကုဝေက မယုံနိုင်သကဲ့သို့ ရေရွတ်လိုက်၏။
အခြားတစ်ဖက်တွင်မူ စစ်ဆေးရေး ရဲအရာရှိများ ပြန်ရောက်လာပြီး လင်းကုဝေထံ အစီရင်ခံတင်ပြလာကြသည်။
“ခေါင်းဆောင် ဒီစက်ရုံထဲမှာ ကြီးမားတဲ့ ရေနုတ်မြောင်းပိုက်တစ်ခုနဲ့ ရွှံ့ရာတွေကို တွေ့ပါတယ်၊ ကျွန်တော်တို့ ခန့်မှန်းရသလောက်တော့ ယွဲ့ဝေက မြောင်းထဲကနေ ဒီအထိ တွားသွားလာတာ ဖြစ်နိုင်ပါတယ်”
ထိုစကားကို ကြားလျှင် လင်းကုဝေ နှာခေါင်းရှုံ့လိုက်၏။
“ကောင်းတယ် အရမ်းကောင်းတယ်၊ ယွဲ့ဝေ မင်းကတော့ မင်းပါပဲ၊ ဒီလောက်ပြင်းထန်တဲ့ စိတ်ဓာတ်ခွန်အားမျိုး ရှိတဲ့သူ ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး၊ အဲဒီမြောင်းကနေ ဒီအထိဆိုရင် အနည်းဆုံး နှစ်ကီလိုမီတာလောက် ရှိမှာ၊ အနံ့ဆိုးတွေကို အောင့်အည်းပြီး ဒီလောက်ကြာကြာ တွားသွားခဲ့ရတာ တော်တော် ခံစားခဲ့ရမှာပဲနော်”
တစ်ချိန်တည်းမှာပင် လင်းကုဝေသည် မိမိ၏ ပေါ့ဆမှုကို ဒေါသထွက်မိသည်။
အကယ်၍ သူတို့သာ အစောကတည်းက သေချာစစ်ဆေးခဲ့လျှင် ယွဲ့ဝေကို သေချာပေါက် ဖမ်းမိနိုင်ခဲ့မည် ဖြစ်၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် ချင်ရန်၏ အံ့မခန်းသော ကံကောင်းမှုကြောင့် ယွဲ့ဝေ့ကို ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုစဉ် ယွဲ့ဝေက ခေါင်းမော့ကာ အေးစက်စွာ ပြောလိုက်၏။
“ငါ ရှုံးတာက ဒီကောင်လေးကိုပဲ ရှုံးတာ၊ လင်းကုဝေ မင်းကို ရှုံးတာ မဟုတ်ဘူး၊ မင်းကတော့ ဘာမှမဟုတ်ပါဘူး”
အတိတ်က လင်းကုဝေသည် ယွဲ့ဝေ၏ အထက်လူကြီး ဖြစ်ခဲ့သော်လည်း ယွဲ့ဝေမှာ ဌာနချုပ်တွင် အလွန်နာမည်ကြီးလွန်းသဖြင့် လင်းကုဝေ၏ အရိပ်အောက်တွင် မနေခဲ့ရချေ။
ထိုစဉ်က ဌာနချုပ်ကပင် ယွဲ့ဝေမှာ စုံစမ်းစစ်ဆေးရေးမှူး ရာထူးနှင့် ပို၍ သင့်တော်သည်ဟု ယူဆခဲ့ကြသဖြင့် လင်းကုဝေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ဖူး၏။
တစ်ချိန်က သူ့နေရာအား ခြိမ်းခြောက်နိုင်ခဲ့သည့်သူသည် ယခုအခါ ကွင်းဆက်လူသတ်သမား ဖြစ်ကြောင်း သိလိုက်ရသည့်အခါ လင်းကုဝေသည် သူ့ကို ဖမ်းဆီးရန် အားသွန်ခွန်စိုက် ကြိုးပမ်းတော့သည်။