အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
133
ဤအခြေအနေသည် အတိတ်က ယွဲ့ဝေအပေါ် ထားရှိခဲ့ဖူးသည့် သူ၏ မကျေနပ်ချက်များနှင့် နိမ့်ကျခဲ့ရမှုများကို ဖွင့်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် ယခုအခါ ယွဲ့ဝေက လူအများရှေ့တွင်ပင် ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ခြင်းမှာ လင်းကုဝေ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် တူနေ၏။
ထိုအခါ လင်းကုဝေ၏ မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားတော့သည်။
“လူသတ်သမားတစ်ယောက်က ငါနဲ့ လာနှိုင်းနေတာလား၊ ယွဲ့ဝေ မင်း ငါ့ကို လာစော်ကားဖို့ မကြိုးစားနဲ့”
လင်းကုဝေ ဒေါသတကြီး အော်ဟစ်လိုက်၏။
“သူ့ကို ကားပေါ် တင်လိုက်စမ်း”
ယွဲ့ဝေကို ကားပေါ်သို့ တင်လိုက်ပြီးနောက် ချင်ရန်နှင့် လင်းကုဝေတို့လည်း ထိုကားထဲသို့ လိုက်ပါစီးနင်းခဲ့ကြသည်။
ကားထဲတွင် လင်းကုဝေသည် ယွဲ့ဝေကို မည်သို့ဖမ်းဆီးခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်များကို ချင်ရန်အား မပြတ်မေးမြန်းနေတော့၏။
အဘယ်ကြောင့်ဆိုသော် ယွဲ့ဝေ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မည်မျှအထိ အစွမ်းထက်သည်ကို လင်းကုဝေ ကောင်းကောင်း သိထားသောကြောင့် ဖြစ်သည်။
ယခင်က ဌာနချုပ်ပြိုင်ပွဲများတွင် လင်းကုဝေသည် ယွဲ့ဝေနှင့် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း အပြင်းအထန် အရိုက်ခံခဲ့ရ၏။
၎င်းမှာ လင်းကုဝေ၏ ဘဝတွင် အရှက်ရဆုံး အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။
သို့သော် ယခုမူ ယွဲ့ဝေမှာ ချင်ရန်၏ လက်အောက်တွင် အညံ့ခံနေရပြီ ဖြစ်၏။
ယွဲ့ဝေ၏ မျက်နှာတွင် သိသာထင်ရှားသော ဒဏ်ရာများ ရှိနေပြီး လမ်းလျှောက်ရာတွင်လည်း ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။
ယွဲ့ဝေကဲ့သို့သော လူမျိုးမှာ လွယ်လွယ်နှင့် အညံ့ခံမည့်သူ မဟုတ်ပေ။
ယွဲ့ဝေတွင် ဓားတစ်လက် ရှိနေသော်လည်း ချင်ရန်မှာ လက်နက်မဲ့ဖြစ်နေသည်ကို လင်းကုဝေ တွေ့လိုက်ရ၏။
ချင်ရန်က အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ လင်းကုဝေမှာ ပို၍ပင် အံ့အားသင့်သွားရတော့သည်။
မျိုးဆက်သစ် လူငယ်များသည် တကယ်ပင် ကြောက်စရာကောင်းလှပေ၏။
လင်းကုဝေသည် ယွဲ့ဝေနှင့် တိုက်ခိုက်စဉ်က ခံစားခဲ့ရသော မခုခံနိုင်လောက်သည့် ဖိအားမျိုးကို ယနေ့တိုင် မှတ်မိနေဆဲ ဖြစ်သည်။
သို့သော် ချင်ရန်နှင့် တွေ့သည့်အခါတွင်မူ ယွဲ့ဝေမှာ ဘာမှမဟုတ်သည့် လူတစ်ယောက် ဖြစ်သွားရ၏။
လင်းကုဝေသည်လည်း ချင်ရန်နှင့် တိုက်ခိုက်ဖူးသော်လည်း ထိုစဉ်က ချင်ရန်က အားကုန်မသုံးခဲ့သဖြင့် ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။
ယခုမှသာ ချင်ရန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အပြည့်အဝ ထုတ်မပြရသေးကြောင်း သူ သဘောပေါက်သွားတော့သည်။
ယွဲ့ဝေကို ဌာနချုပ်သို့ ခေါ်ဆောင်သွားကြပြီးနောက် ညွှန်ကြားရေးမှူးချုပ်သည်လည်း သတင်းရရချင်းမှာပင် ဖိန်လင်မြို့ရှိ အဓိကရုပ်သံဌာနများမှ သတင်းထောက်များကို ဆက်သွယ်ကာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ပြင်ဆင်လိုက်၏။
မည်သို့ပင်ဆိုစေ ဤအမှုမှာ ဖိန်လင်မြို့ရှိ သန်းပေါင်းများစွာသော လူထု၏ စိတ်နှလုံးကို ထိခိုက်စေခဲ့ပြီး အထူးသဖြင့် အမျိုးသမီးတိုင်းမှာ စိုးရိမ်ပူပန်နေကြသောကြောင့် ဖြစ်သည်။
အမှန်စင်စစ် အမျိုးသားများတွင်လည်း မိခင်၊ သမီး၊ ဇနီးနှင့် ညီမများ ရှိကြသည် မဟုတ်ပါလော။
ဤသတင်းစာရှင်းလင်းပွဲတွင် ဖိန်လင်ဗဟိုဌာနကို ကိုယ်စားပြု၍ လင်းကုဝေက တက်ရောက်ခဲ့သည်။
ထိုမတိုင်မီက ညွှန်ကြားရေးမှူးချုပ်သည် ချင်ရန်အား ရှင်းလင်းတင်ပြရန် ပြောဆိုခဲ့သော်လည်း ချင်ရန်က ရုပ်သံတွင် ပေါ်မလာလိုသဖြင့် ငြင်းဆန်ခဲ့၏။
ထို့ကြောင့် ဤကဲ့သို့သော ကိစ္စမျိုးကို လင်းကုဝေကသာ ရှေ့တန်းထွက် ကိုင်တွယ်ဖြေရှင်းရခြင်း ဖြစ်သည်။
ယွဲ့ဝေကို ဖမ်းဆီးနိုင်သည့်အတွက် အပေါ်ယံဂုဏ်ပြုမှုကို လင်းကုဝေထံသို့သာ လွှဲအပ်လိုက်ကြ၏။
အမှန်စင်စစ်တွင် ယွဲ့ဝေကို ချင်ရန်ကြောင့် ဖမ်းဆီးမိခြင်းဖြစ်သည်ကို လူတိုင်းက သိထားကြသည်။
ချင်ရန်အား အနည်းဆုံး ဒုတိယအဆင့် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်ဖြစ်ကြောင်းကိုလည်း ညွှန်ကြားရေးမှူးချုပ်က အာမခံထားလေ၏။
လင်းကုဝေသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာခဲ့သည်။
သူ၏ မြင့်မားထွားကြိုင်းသော ကိုယ်လုံးကိုယ်ထည်၊ ထူထဲသော မျက်ခုံး၊ မျက်လုံးကြီးများနှင့် လေးထောင့်ကျကျ မျက်နှာမှာ လူထုအား တရားမျှတမှုအပြည့်ရှိသည်ဟူသော ခံစားချက်ကို ပေးစွမ်းနိုင်ခဲ့၏။
“တောင်းပန်ပါတယ် တရားမျှတမှုက နောက်ကျသွားခဲ့ပေမဲ့ အဆုံးမှာတော့ ရောက်ရှိလာခဲ့ပါပြီ”
မရေမတွက်နိုင်သော သတင်းဌာနများ၏ ကင်မရာများရှေ့တွင် လင်းကုဝေက လေးနက်သော လေသံဖြင့် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ ဖိန်လင်ဗဟိုဌာနက ရဲအရာရှိ ၃၀၀ ကျော်ရဲ့ မနားမနေ ကြိုးစားမှုကြောင့် နောက်ဆုံးမှာ တရားခံ ယွဲ့ဝေကို ဖမ်းဆီးနိုင်ခဲ့ပါပြီ၊ အခုတော့ ဖိန်လင်မြို့သားအားလုံးကို ကျွန်တော် အထူးအလေးထား ပြောချင်တာက ခင်ဗျားတို့ ဘေးကင်းသွားပါပြီ”
ထိုအခါ ပရိသတ်များထံမှ လက်ခုပ်သံများ ဟိန်းထွက်သွားပြီး ရက်ပေါင်းများစွာ ထိတ်လန့်နေခဲ့ရသည့် အမျိုးသမီးသတင်းထောက်အချို့ပင် ဝမ်းသာအားရ ဖြစ်သွားကြ၏။
ဆက်လက်၍လည်း သတင်းထောက်များက မေးခွန်းများစွာ မေးမြန်းခဲ့ကြသည်။
ဤမြင်ကွင်းအားလုံးကို တစ်ဖက်တွင် စောင့်ကြည့်နေသူများ ရှိကြသည်။
ဖိန်လင်မြို့ ညွှန်ကြားရေးမှူးချုပ်သည် ချင်ရန်နှင့်အတူ ဘေးချင်းယှဉ်ရပ်နေပြီး လေသံခပ်လေးလေးဖြင့် ပြောလိုက်၏။
“ချင်ရန် သေချာကြည့်ထား၊ နောက်မကြာခင်မှာ မင်းလည်း ဒီလိုသတင်းစာရှင်းလင်းပွဲတွေတက်ပြီး ဒါတွေကို ကိုင်တွယ်ရလိမ့်မယ်လို့ ငါ ခံစားနေရတယ်”
ချင်ရန်မှာ ညွှန်ကြားရေးမှူးချုပ် ဆိုလိုသည်ကို နားမလည်သဖြင့် အံ့ဩသွားရသည်။
သို့သော် ဘေးနားရှိ ရဲအရာရှိများမှာမူ အလွန်အံ့အားသင့်သွားကြ၏။
သတင်းစာရှင်းလင်းပွဲ ဆိုသည်မှာ ခေါင်းဆောင်ပိုင်းများသာ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပါလော။
ညွှန်ကြားရေးမှူးချုပ်က လင်းကုဝေကို ရှေ့တန်းတင်ပေးခြင်းမှာ သူ့ဂုဏ်သိက္ခာကို မြှင့်တင်ပေးနေခြင်း ဖြစ်သည်။
အကြောင်းမှာ ညွှန်ကြားရေးမှူးချုပ်သည် မကြာမီ အငြိမ်းစားယူတော့မည်ဖြစ်ရာ လင်းကုဝေမှာ ထိုရာထူးအတွက် အသင့်တော်ဆုံးဟု ယူဆထားသောကြောင့်ပင် ဖြစ်၏။
ယခု ချင်ရန်အား ထိုသို့ပြောလိုက်ခြင်းမှာ မိမိရာထူးနေရာ၏ အနာဂတ်ဆက်ခံသူအဖြစ်ပင် ရှုမြင်နေသည့်သဘော သက်ရောက်နေသည်။
“ကျွန်တော်ကတော့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပြီး လောကကြီးမှာရှိတဲ့ မကောင်းမှုတွေကို အမြစ်ပြတ်အောင်ပဲ လုပ်ချင်တာပါ”
ချင်ရန်က အေးဆေးစွာ ပြောလိုက်၏။
ထိုစကားကြောင့် ညွှန်ကြားရေးမှူးချုပ်မှာ ချင်ရန်ကို တစ်ချက်ပြန်ကြည့်ကာ ပြုံးလိုက်သည်။
“တကယ်ကို အလားအလာရှိတဲ့ လူငယ်လေးပဲ”
သတင်းစာရှင်းလင်းပွဲ ပြီးသွားသည့်နောက်တွင် ချင်ရန်သည် အိမ်သို့ ပြန်လာခဲ့၏။
နောက်တစ်နေ့တွင်မူ အမျိုးသမီးများကို အဓိကပစ်မှတ်ထားသော လူသတ်သမားကြီး ယွဲ့ဝေ အဖမ်းခံရပြီဖြစ်ကြောင်း တစ်မြို့လုံး သိရှိသွားကြသည်။
ယွဲ့ဝေကို ဖမ်းဆီးစဉ်က ဗီဒီယိုများလည်း ထွက်ပေါ်လာရာ သူ၏ကြောက်စရာကောင်းပြီး ရက်စက်သောပုံစံကြောင့် ကြည့်ရှုသူတိုင်း ထိတ်လန့်သွားကြ၏။
ထိုမိစ္ဆာကောင်မှာ တကယ့်ကို ကြောက်စရာကောင်းသော်လည်း နောက်ဆုံးတွင် အဖမ်းခံလိုက်ရသည့်အတွက် တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။
ထို့ပြင် ယွဲ့ဝေ၏အမှုမှာ ဖိန်လင်မြို့တစ်မြို့တည်းနှင့်သာ သက်ဆိုင်သော အမှုမဟုတ်ပေ။
အရှေ့မြောက်ပိုင်းရှိ ရဲစခန်းများကလည်း ဖိန်လင်မြို့သို့ ရဲအရာရှိများ စေလွှတ်ကာ ယွဲ့ဝေကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ပြန်လည်စစ်ဆေးခဲ့ပြီး အမှုဟောင်းများကို ပိတ်သိမ်းရန် ဆက်သွယ်လာကြ၏။
လျိုရှောင်လီ၏ အခြေအနေမှာမူ သူမသည် ယွဲ့ဝေကို လူသတ်ရာတွင် ကူညီပေးခဲ့သော်လည်း မိမိကိုယ်တိုင်မှာမူ သတ်ဖြတ်လိုစိတ်မရှိဘဲ ခြိမ်းခြောက်ခံရ၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမအား ထောင်ဒဏ် ၂ နှစ်နှင့် ဆိုင်းငံ့ပြစ်ဒဏ် ၁ နှစ်သာ ချမှတ်ခဲ့၏။
ထို့နောက် ပါလီမြစ်ရဲစခန်းမှ ရဲအရာရှိများကလည်း ယွဲ့ဝေကို ဖမ်းဆီးမိခဲ့ခြင်းမှာ ချင်ရန်ကြောင့်ဖြစ်သည်ကို သိရှိသွားကြသည်။
ထိုအခါ လူတိုင်းမှာ အံ့အားသင့်သွားကြရ၏။
အထူးသဖြင့် ဝါရင့်ရဲများဖြစ်ကြသော ကောင်းချောင်၊ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ ဖြစ်သည်။
အကြောင်းမှာ ယွဲ့ဝေသည် ယခင်က ပါလီမြစ်ရဲစခန်းတွင် သူတို့နှင့်အတူ အလုပ်လုပ်ခဲ့ဖူးသဖြင့် သူ့စွမ်းဆောင်ရည်ကို သိထားကြသောကြောင့် ဖြစ်၏။
ယွဲ့ဝေ၏စွမ်းရည်မှာ ထိပ်တန်းအဆင့်ဖြစ်သော်လည်း သူ့အထက်တွင်မူ ချင်ရန် ရှိနေခဲ့သည်။
ထို့နောက် ရက်အနည်းငယ်ကြာအောင် နေ့ရက်များသည် အေးအေးချမ်းချမ်း ရှိသွားခဲ့၏။
တစ်နေ့တွင် ပါလီမြစ်ရဲစခန်းမှ စခန်းမှူးထံသို့ ဖုန်းတစ်ကော ဝင်လာခဲ့သည်။
ခေါ်ဆိုလိုက်သူမှာ အနောက်တောင်ဘက် နယ်စပ်ရဲစခန်းမှ ဖြစ်၏။
ဖိန်လင်မြို့၏ မှတ်ပုံတင်ကိုင်ဆောင်ထားသည့် လူအချို့သည် အနောက်တောင်ဘက်နယ်စပ်သို့ ထွက်ပြေးခိုလှုံလာကြောင်း ပြောဆိုလာသည်။
သူတို့သည် မူလက တရုတ်ပြည်မကြီးတွင် နေထိုင်သူများဖြစ်ကြပြီး အွန်လိုင်းတွင် လစာတစ်သိန်းရမည်ဆိုသည့် အလုပ်ကြော်ငြာများကို ယုံကြည်ကာ ရွှေတြိဂံဒေသသို့ သွားရောက်ခဲ့ကြသူများ ဖြစ်၏။
ထိုဒေသသို့ ရောက်သောအခါတွင် ငရဲခန်းသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့သည် တယ်လီဖုန်းဖြင့် ငွေလိမ်သည့်လုပ်ငန်းများတွင် တစ်နေကုန် ခိုင်းစေခြင်းခံခဲ့ရပြီး လူမဆန်စွာ ရိုက်နှက်နှိပ်စက်မှုများနှင့်လည်း ကြုံတွေ့ခဲ့ရ၏။
ထိုသို့ နှိပ်စက်မှုများကို မခံနိုင်ဘဲ အချို့မှာ ကြိုးစားထွက်ပြေးကာ နယ်စပ်ရဲစခန်းသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် ပါလီမြစ်ရဲစခန်းမှ ရဲအရာရှိများကို ထိုသူများအား လာရောက်ခေါ်ဆောင်ရန် တောင်းဆိုလာခြင်းပင် ဖြစ်၏။
အခြေခံအားဖြင့် သူတို့သည် နိုင်ငံကူးလက်မှတ်မရှိဘဲ ခိုးထွက်ခဲ့ခြင်းဖြစ်၍ ရာဇဝတ်မှု မြောက်နေပြီ ဖြစ်သည်။
ဖုန်းရပြီးနောက် ဝမ်ရှောင်ရီသည် လူသုံးဦးအား စေလွှတ်ရန် ဆုံးဖြတ်လိုက်၏။
၎င်းတို့မှာ ချင်ရန်၊ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ ဖြစ်သည်။
ဤအလုပ်မှာ လူသွားခေါ်ရုံသာဖြစ်သဖြင့် အလွန်မခက်ခဲပေ။
ခရီးစရိတ်များကိုလည်း အစိုးရမှ အကုန်အကျခံမည်ဖြစ်ရာ လမ်းတစ်လျှောက်တွင် အပန်းဖြေသကဲ့သို့ ခံစားရမည့် အလွန်ကောင်းသော အလုပ်တစ်ခု ဖြစ်၏။
ဝမ်ရှောင်ရီသည် ချင်ရန်မှာ ရက်ပိုင်းအတွင်း အမှုကြီးများကို ဆက်တိုက်ကိုင်တွယ်ခဲ့ရသဖြင့် ပင်ပန်းနေမည်ကို စိုးရိမ်သောကြောင့် ထိုအခွင့်အရေးကို ပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ဝမ်ရှောင်ရီ၏ ဆုံးဖြတ်ချက်ကို ချင်ရန် သိလိုက်ရသောအခါ ပခုံးတွန့်ပြလိုက်၏။
ဤသည်မှာ စခန်းမှူးဝမ်က သူ့ကို အနားယူစေချင်သည့် စေတနာဖြင့် တမင်သက်သက် ပေးလိုက်သော သာမန်အလုပ်လေးတစ်ခုဖြစ်သဖြင့် ချင်ရန်သည် တာဝန်ကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်လေတော့သည်။
134
ချင်ရန်၊ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ သုံးဦးသည် အနောက်တောင်ဘက် နယ်စပ်ဒေသသို့ ဦးတည်ထွက်ခွာမည့် အမြန်ရထားပေါ်သို့ လိုက်ပါလာခဲ့ကြသည်။
ထိုနယ်စပ်ဒေသသို့ ရောက်ရန်မှာ နာရီ ၂၀ ခန့် ကြာမြင့်မည် ဖြစ်၏။
ခရီးစဉ်တစ်လျှောက်တွင်လည်း သူတို့သုံးဦးသည် မြို့ပြ၏ ရောင်စုံမီးအလှများကို ခေတ္တမေ့လျော့ကာ လှပသော သဘာဝရှုခင်းများကို ကြည့်ရှုရင်း လိုက်ပါလာခဲ့ကြသည်။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့မှာ ယခင်ကလည်း ဤကဲ့သို့သော တာဝန်မျိုးကို ထမ်းဆောင်ဖူးသဖြင့် အတော်ပင် စိတ်အေးလက်အေး ရှိနေကြ၏။
ဤခရီးစဉ်မှာ လူသွားခေါ်ရုံသက်သက်သာ ဖြစ်၍ သူတို့အတွက်မူ အလွန်လွယ်ကူသော အလုပ်တစ်ခုပင် ဖြစ်သည်။
လမ်းခရီးစရိတ်အားလုံးကိုလည်း အစိုးရက အကုန်အကျခံမည်ဖြစ်ရာ အလုပ်ကိစ္စဖြင့် ခရီးထွက်ရသည်ထက် အလည်အပတ်ခရီးထွက်ရသကဲ့သို့ လွတ်လပ်ပေါ့ပါးမှုကို ခံစားနေကြရ၏။
နာရီ ၂၀ ကြာ ရထားစီးနင်းပြီးနောက် ချင်ရန်မှာ ထိုင်ရလွန်းသဖြင့် တင်ပါးအနည်းငယ် နာကျင်သည်မှအပ အခြားမည်သည့် ပြဿနာမျှ မရှိခဲ့ပေ။
သူတို့သုံးဦးသည် အနောက်တောင်ဘက် နယ်စပ်သို့ ရောက်ရှိလာခဲ့ကြသည်။
ထိုနေရာသို့ ရောက်သည်နှင့် ချင်ရန် သတိပြုမိလိုက်သည်မှာ လေထုမှာ အလွန်လတ်ဆတ်နေခြင်းပင် ဖြစ်၏။
စက်မှုလုပ်ငန်းများမှ စွန့်ထုတ်သော ညစ်ညမ်းမှုများ မရှိသဖြင့် ကောင်းကင်ပြာကြီးမှာ ဖြူဖွေးသော တိမ်တိုက်လေးများနှင့်အတူ ကြည်လင်တောက်ပနေပြီး အလွန်ပင် သဘောကျစရာ ကောင်းနေသည်။
သူတို့သုံးဦး ရထားပေါ်မှ ဆင်းဆင်းချင်းမှာပင် ချန်ဟောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။
“ငါ အငြိမ်းစားယူရင် ဒီလိုနေရာမှာပဲ လာအခြေချတော့မယ်”
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးနေတာ”
ချောင်ကျန့်ကျွင်းကလည်း အနောက်မှလိုက်ကာ ပြုံးလျက် ထောက်ခံလိုက်သည်။
သူတို့သည် ဘူတာရုံမှ ထွက်လာခဲ့ကြသော်လည်း သွားရမည့်နေရာနှင့် ကီလိုမီတာ ၁၀၀ ကျော် ဝေးနေသေး၏။
ထို့ကြောင့် တက္ကစီတစ်စီးငှားရန် ဆုံးဖြတ်လိုက်ကြသည်။
သူတို့သုံးယောက် ကားငှားရန် စောင့်ကြည့်နေစဉ်မှာပင် ရုတ်တရက် ချောင်ကျန့်ကျွင်းက တိုးတိုးလေး ကပ်ပြောလိုက်၏။
“ဟေ့ လူအိုကြီးချန်နဲ့ ချင်ရန်၊ ဟိုဘက်ကို ကြည့်လိုက်ဦး”
ချောင်ကျန့်ကျွင်း၏ စကားကြောင့် ချင်ရန်လည်း အာရုံပြောင်းသွားကာ သူတို့နှင့် မလှမ်းမကမ်းရှိ အသက် ၄၀၊ ၅၀ ခန့်ရှိမည့် ပိန်ပိန်ပါးပါး အမျိုးသမီးကြီးတစ်ဦးကို မြင်လိုက်ရသည်။
သူမသည် ခရမ်းရောင်အကွက်စိပ် ရှပ်အင်္ကျီ၊ အနက်ရောင်ဘောင်းဘီနှင့် အဝတ်ဖိနပ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အထုပ်တစ်ထုပ်ကိုလည်း ကိုင်ထား၏။
ထိုအထုပ်ထဲ၌ သေးငယ်ပြီး ဖြူဖွေးသော အမှုန်အမွှားလေးများ ရှိနေသည်ကို အဝေးမှပင် မြင်နေရသည်။
ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့မှာ ဝါရင့်ရဲအရာရှိများ ဖြစ်ကြသဖြင့် ၎င်းမှာ ဘာလဲဆိုသည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်ကြ၏။
ချင်ရန်မှာလည်း ယခင်က မူးယစ်ဆေးဝါးများကို မြင်ဖူးထားသဖြင့် ချက်ချင်းပင် သဘောပေါက်သွားသည်။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့၏ မျက်နှာများမှာ ပျက်ယွင်းသွားကြ၏။
ဤနယ်စပ်ဒေသသို့ ရောက်ရောက်ချင်းမှာပင် မူးယစ်ဆေးဝါး ရောင်းဝယ်သူနှင့် တိုးလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။
ထိုအမျိုးသမီးကြီးမှာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချသူ ဖြစ်နိုင်ခြေ အလွန်များသည်။
“ချင်ရန် သွားကြည့်ရအောင်”
ချောင်ကျန့်ကျွင်း တိုးတိုးလေး အကြံပြုလိုက်၏။
“ဒါက ငါတို့နယ်မြေ မဟုတ်ပေမဲ့ ငါတို့က ရဲတွေပဲလေ၊ ဒီလိုမျိုးကိုတော့ မျက်ကွယ်ပြုလို့ မရဘူး”
သူတို့သည် ဤနေရာသို့ အခြားအရေးကြီးသော တာဝန်ဖြင့် လာကြခြင်း မဟုတ်သဖြင့် ထိုကိစ္စကို ဝင်ပါရန် ဆုံးဖြတ်လိုက်ကြသည်။
ဤကဲ့သို့ မူးယစ်ဆေးဝါးများ ပေါ်ပေါ်ထင်ထင် ရောင်းနေသည်ကို မြင်တွေ့ရပါက သူတို့အနေဖြင့် လုံးဝ လက်သင့်မခံနိုင်ပေ။
“သွားကြည့်ကြတာပေါ့”
ချင်ရန်က ပြောလိုက်၏။
ထိုအမျိုးသမီးကြီးသည် သူတို့နှင့် မီတာ ၅၀ ခန့်အကွာတွင် ရှိနေရာ သူတို့သည် အနားသို့ မသိမသာ လျှောက်သွားလိုက်ကြ၏။
၁၀ မီတာခန့်အကွာသို့ ရောက်ရှိသွားချိန်တွင် စနစ်၏အချက်ပေးသံမှာ ချင်ရန် ဦးနှောက်ထဲ၌ မြည်လာခဲ့သည်။
“ဒင်၊ အဆင့် (A) ရာဇဝတ်ကောင်ကို ရှာဖွေတွေ့ရှိသည်၊ တည်နေရာကို ပြသပေးနေပါပြီ”
စနစ်၏ အချက်ပေးသံကြောင့် ချင်ရန် မျက်လုံးများ မှောင်မှိုင်းသွား၏။
အဆင့် (A) ရာဇဝတ်ကောင်ဆိုလျှင် ဤလူကို လွှတ်ပေး၍ မဖြစ်တော့ပေ။
အနောက်တောင်နယ်စပ်သည် တရားဥပဒေ၏ မီးခိုးရောင်နယ်မြေများ ရှိနေသဖြင့် ရာဇဝတ်မှုများအတွက် နားခိုရာနေရာကောင်းတစ်ခု ဖြစ်နေသည်မှာ အမှန်ပင် ဖြစ်သည်။
သို့သော် ချင်ရန်တို့မှာမူ ငြိမ်ငြိမ်နေမည့်သူများ မဟုတ်ကြချေ။
ထိုအမျိုးသမီးကြီးမှာ အထုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ တစ်စုံတစ်ယောက်ကို စောင့်နေပုံရ၏။
ထိုအချိန် လူထွားကြီးသုံးယောက် သူမထံသို့ လျှောက်လာသည်ကို မြင်သော်လည်း သူမမှာ ကြောက်ရွံ့ခြင်းမရှိဘဲ ဇဝေဇဝါဖြစ်နေသည့် ပုံစံသာ ရှိနေသည်။
ချင်ရန်တို့သုံးဦးသည် သူမ ရှေ့သို့ ရောက်သွားကြ၏။
“မင်းတို့ ဒီမှာ ဘာလုပ်နေတာလဲ”
အမျိုးသမီးကြီးက ဒေသန္တရလေသံဖြင့် မေးလိုက်သည်။
ချင်ရန်တို့ သုံးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချင်ရန် ရှေ့သို့တိုးကာ မေးလိုက်၏။
“အဒေါ်. အဲဒီအထုပ်ထဲမှာ ဘာတွေပါလဲ”
ထိုစကားကို ကြားလျှင် အမျိုးသမီးကြီး၏ မျက်လုံးများ အေးစက်သွားသည်။
“မင်းတို့နဲ့ မဆိုင်ဘူး၊ ဒီနေ့အတွက် ငါ့ဆီမှာ ဒါပဲ ရှိတော့တယ်၊ အကယ်၍ ဟီးရိုးအင်းတွေ ထပ်လိုချင်ရင် အရင်ဆုံး စရန်ငွေပေးခဲ့၊ မနက်ဖြန်ကျရင် ငါ ထပ်ယူလာခဲ့ပေးမယ်”
ပွင့်ပွင့်လင်းလင်း ပြောလိုက်သည့် ထိုအမျိုးသမီး၏ စကားကြောင့် ချင်ရန်တို့ သုံးဦးစလုံး ဆွံ့အသွားကြ၏။
‘ဘာလဲ ဘာမှတောင် မမေးရသေးဘူး၊ သူမက အမှန်တိုင်း ဝန်ခံလိုက်တာလား’
ထိုအမျိုးသမီးကြီးသည် မည်သည့်ဖုံးကွယ်မှုမျှ မရှိဘဲ သူမသည် မူးယစ်ဆေးဝါးရောင်းနေကြောင်း တိုက်ရိုက်ပင် ပြောလိုက်ခြင်း ဖြစ်သည်။
ချင်ရန်တို့မှာမူ ဤအမျိုးသမီးကြီး ရူးနေပြီလားဟုပင် တွေးမိသွားကြ၏။
လူအများရှေ့တွင် ရာဇဝတ်မှု ကျူးလွန်နေကြောင်းကို ထိုမျှ ပေါ်ပေါ်တင်တင် ဝန်ခံရဲသည်လား။
သူမ၏ အနီးအနားတွင်လည်း ဈေးဆိုင်လေးများ ဖွင့်ထားသော လူလတ်ပိုင်းနှင့် သက်ကြီးပိုင်းများ ရှိနေကြသော်လည်း ထိုအမျိုးသမီးကြီး ပြောသည်ကို ကြားသော်လည်း မည်သို့မျှ မထူးခြားသကဲ့သို့ နေမြဲတိုင်းသာ နေကြသည်။
“နေပါဦး အခုလို မူးယစ်ဆေးတွေ ရောင်းတာက အလွန်ကြီးလေးတဲ့ ရာဇဝတ်မှုဖြစ်ပြီး သေဒဏ်တောင် ကျနိုင်တယ်ဆိုတာ မသိဘူးလား”
ချန်ဟောက်က အော်ပြောလိုက်၏။
ထိုအခါ အမျိုးသမီးကြီးမှာ အံ့ဩသွားပြီး သူမ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အရောင်များ တောက်ပလာသည်။
“မင်းတို့ တကယ်ပဲ ဘာလုပ်ချင်နေတာလဲ”
ထိုစဉ်မှာပင် အနီးနားရှိ ဈေးဆိုင်ပိုင်ရှင်အချို့သည် ထရပ်လိုက်ကြပြီး ချင်ရန်တို့ သုံးဦးကို ရန်လိုသော အမူအရာဖြင့် ကြည့်လာကြ၏။
အနီးနားရှိ ဈေးသည် ၂၀ ခန့်မှာ သူတို့ဘက်သို့ ဝိုင်းလာကြသည်ကို မြင်လိုက်ရပြီး ချင်ရန်တို့မှာ အခြေအနေ မဟန်တော့ကြောင်း ချက်ချင်းပင် သိလိုက်သည်။
ဤနေရာမှာ ရထားဘူတာရုံနှင့် အလွန်နီးကပ်သော်လည်း နေ့ခင်းကြောင်တောင်ကြီးတွင် ထိုမျှအထိ ရဲတင်းစွာ ရာဇဝတ်မှု ကျူးလွန်နေကြသည်ကို နားမလည်နိုင်အောင် ဖြစ်နေရ၏။
“ကျွန်တော်တို့က ရဲတွေပါ”
ချောင်ကျန့်ကျွင်းက သူ၏ ရဲအမှတ်အသားကတ်ကို ထုတ်ပြလိုက်သည်။
သူတို့သည် ရဲဖြစ်ကြောင်း အသိပေးလိုက်ပါက တစ်ဖက်လူ နောက်ဆုတ်သွားမည်ဟု ထင်ထားခဲ့ကြ၏။
သို့သော် အထင်နှင့်အမြင်မှာ လုံးဝလွဲချော်သွားသည်။
ထိုလူများမှာ မိမိတို့သည် ရဲဖြစ်ကြောင်း သိလိုက်ရသည့်အခါ မျက်လုံးများတွင် ရက်စက်မှုအရိပ်အယောင်များ ပိုမိုပြည့်နှက်လာ၏။
ထိုအမျိုးသမီးကြီးက တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
“သူတို့က ဒီနယ်မြေက လူတွေမဟုတ်ဘူး၊ အပြင်က လာတဲ့ကောင်တွေ၊ သူတို့ကို အပြတ်ရှင်းလိုက်စမ်း၊ မဟုတ်ရင် နောင်ကျရင် ပြဿနာတက်လိမ့်မယ်”
ထိုစကားကို ကြားလိုက်ရလျှင် ချင်ရန်တို့ သုံးဦးမှာ ပို၍ပင် မှင်တက်သွားရ၏။
ဤလူများသည် ဥပဒေကိုရော၊ တရားမျှတမှုကိုရော ဂရုမစိုက်ကြတော့ဘူးလား။
ကိုယ်ကျင့်တရားများမှာ အဘယ်သို့ ရောက်ကုန်ပြီနည်း။
“ဒီလူတွေကတော့”
ချင်ရန်သည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။
“တက်ကြဟေ့”
ချက်ချင်းဆိုသလိုပင် လူတစ်ဒါဇင်ကျော်မှာ ထမ်းပိုးများနှင့် တုတ်များကို ကိုင်ဆောင်ကာ ပြေးဝင်လာကြ၏။
သူတို့၏ တိုက်ခိုက်မှုတိုင်းမှာ ချင်ရန်တို့ သုံးဦးကို သေစေနိုင်သည့် နေရာများကိုသာ ရည်ရွယ်၍ တိုက်ခိုက်လာသည်။
၎င်းကို မြင်လိုက်ရသည့်အခါ ချင်ရန်တို့လည်း အချိန်မဆွဲတော့ဘဲ ပြန်လည်တိုက်ခိုက်တော့၏။
သူတို့၏ ကိုယ်ခံပညာစွမ်းရည်မှာ ဤလူများကို အနိုင်ယူရန် လုံလောက်သည်ထက် ပိုနေသဖြင့် ကန်ချက်တစ်ချက်ချင်းစီဖြင့်ပင် ရန်သူများကို လဲကျသွားစေသည်။
မကြာမီမှာပင် ဈေးသည် အယောက် ၂၀ ကျော်သည် ချင်ရန်၏ လက်သီးနှင့် ခြေကန်ချက်များအောက်တွင် လဲကျသွားကြတော့၏။
ထိုအခါ အမျိုးသမီးကြီးမှာလည်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့မှာ အားသိပ်မထုတ်လိုက်ရဘဲ ၃ ယောက်၊ ၅ ယောက်ခန့်ကိုသာ ကိုင်တွယ်ခဲ့ရပြီး ကျန်သည့် လူတစ်ဒါဇင်ကျော်လုံးကို ချင်ရန်က ချွေးတစ်ပေါက်ပင် မထွက်ဘဲ အပြတ်ရှင်းလိုက်ခြင်း ဖြစ်သည်။
ထိုအခါ အမျိုးသမီးကြီးသည် အခြေအနေ မဟန်တော့သည်ကို မြင်သော် ချက်ချင်းပင် ထွက်ပြေးရန် ကြိုးစားတော့၏။
သို့သော် သူမမှာ အသက်ကြီးနေပြီဖြစ်ရာ ချင်ရန်၏အရှိန်ကို မကျော်လွှားနိုင်ဘဲ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ရန်က သူမရှေ့မှ ပိတ်ရပ်လိုက်သည်။
“ပြေးချင်သေးတာလား”
ချင်ရန်က အော်လိုက်၏။
ပြေးမလွတ်တော့သည်ကို မြင်သောအခါ အမျိုးသမီးကြီးက အံကြိတ်ကာ ပြန်လည်ခြိမ်းခြောက်သည်။
“မင်းတို့ ရဲဖြစ်နေရုံနဲ့ မောက်မာမနေနဲ့၊ ငါ ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲဆိုတာ သိရဲ့လား”
“မင်း ဘယ်သူ့အတွက်ပဲ လုပ်လုပ်၊ ဥပဒေကို ချိုးဖောက်ရင်တော့ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံရမှာပဲ၊ ပြေးဖို့ မစဉ်းစားနဲ့”
ချင်ရန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အိတ်ထဲမှ လက်ထိပ်ကို ထုတ်ကာ သူမကို ဖမ်းဆီးလိုက်၏။
ချန်ဟောက်မှာမူ ဒေသခံရဲစခန်းဆီသို့ ဆက်သွယ်ရန် အရေးပေါ်ဖုန်းနံပါတ် (၁၁၀) ကို ခေါ်ဆိုလိုက်သည်။
သူတို့တိုက်ခိုက်မှုကြောင့် ပတ်ဝန်းကျင်မှ လူများစွာ သတိပြုမိသွားကြ၏။
ဘူတာရုံနှင့် နီးသဖြင့် ခရီးသွားလာသူ အတော်ပင် များပြားလှပေသည်။
သို့သော် ထူးဆန်းသည်မှာ ထိုလူများ၏အကြည့်မှာ ချင်ရန်တို့ သုံးဦးအား ရန်သူသဖွယ် စိုက်ကြည့်နေကြခြင်းပင် ဖြစ်သည်။
ထိုအခါ ချောင်ကျန့်ကျွင်းက တည်ငြိမ်လေးနက်သော လေသံဖြင့် ပြောလိုက်၏။
“ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ၊ စခန်းမှူးကို အကျိုးအကြောင်း အရင်လှမ်းပြောပြီး ငါတို့ ဘယ်မှာ ရှိနေလဲဆိုတာ အသိပေးထားမှ ဖြစ်တော့မယ်”
ဤသို့ဖြင့် ချောင်ကျန့်ကျွင်းမှာ တစ်စုံတစ်ခုကို သံသယဝင်လာပြီး စခန်းမှူး ဝမ်ရှောင်ရီထံသို့ ချက်ချင်း ဖုန်းဆက်လိုက်လေသည်။