← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

135

ချောင်ကျန့်ကျွင်းသည် ဝမ်ရှောင်ရီထံသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုပြီး အခြေအနေအရပ်ရပ်ကို ရှင်းပြလိုက်သည်။

ဝမ်ရှောင်ရီသည် ဖုန်းထဲမှ ကြားလိုက်ရသည့် စကားကြောင့် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းတစ်ချက်ချကာ ပြောလေ၏။

“မင်းတို့ အဲဒီကို သွားရတဲ့ ရည်ရွယ်ချက်က လူခေါ်ဖို့သက်သက်ပဲနော်၊ မလိုအပ်ဘဲနဲ့ ပြဿနာတွေ အပိုမရှာတာ အကောင်းဆုံးပဲ”

ချောင်ကျန့်ကျွင်းမှာ ခဏတာမျှ ကြောင်အသွားသည်။

သူသည် ဝမ်ရှောင်ရီထံမှ ဤကဲ့သို့သော စကားမျိုး ကြားရလိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ထားခဲ့ပေ။

“တချို့နေရာတွေက တကယ်ကို သွားပတ်သက်လို့ မကောင်းဘူးကွ”

ဝမ်ရှောင်ရီက ထူးဆန်းနက်နဲသော စကားတစ်ခွန်းကို ထပ်မံဆိုလာပြန်၏။

“ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဒီကိစ္စကို ငါတို့ သိပြီးသားပါ”

ဝမ်ရှောင်ရီသည် စကားအဆုံးတွင် ဖုန်းချသွားလေသည်။

ချောင်ကျန့်ကျွင်းမှာ ဝမ်ရှောင်ရီ၏ စကားများကို ပြန်လည်စဉ်းစားရင်း အတွေးများနေမိတော့၏။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဟောင်းနွမ်းနေသော ရဲကားနှစ်စီး သူတို့ရှိရာသို့ မောင်းနှင်လာသည်။

ရဲကားပေါ်မှ ရဲအရာရှိ ရှစ်ယောက် ဆင်းလာကြ၏။

ထိုသူများထဲတွင် ဗိုက်ရွှဲရွှဲနှင့် ရာထူးအမြင့်ဆုံးဟု ထင်ရသော အရာရှိတစ်ဦးက ချင်ရန်တို့ သုံးဦးထံသို့ လျှောက်လာသည်။

“ဘာတွေ ဖြစ်နေကြတာလဲ”

ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့က သူတို့၏ ရဲလက်မှတ်များကို ထုတ်ပြကာ မိတ်ဆက်လိုက်ကြ၏။

“ဟင် ခင်ဗျားတို့က ဖိန်လင်မြို့က ရဲတွေလား”

ထိုရဲအရာရှိ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသည်။

ယခုလို အဝေးမှ လုပ်ဖော်ကိုင်ဖက်ရဲများနှင့် ဆုံရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“ရဲဘော် ကျွန်တော်တို့ ဒီမှာ ဟီးရိုးအင်း ရောင်းနေတဲ့သူတစ်ယောက်ကို တွေ့လို့ ဖမ်းထားတာပါ၊ ဒီမြေပြင်ပေါ်မှာ လဲနေတဲ့လူတွေကတော့ သူ့ရဲ့ ကြံရာပါတွေပဲ၊ သူတို့က ကျွန်တော်တို့ကိုတောင် ပြန်ပြီး ရန်ပြုဖို့ ကြိုးစားခဲ့ကြသေးတာ”

ချန်ဟောက်က ရှင်းပြလိုက်၏။

တစ်ဆက်တည်းမှာပင် သူတို့ လာရသည့် အကြောင်းရင်းကိုပါ ပြောပြလိုက်သည်။

ထိုအခါ အရာရှိဖြစ်သူက နားထောင်ပြီးနောက် တည်ငြိမ်စွာပင် ပြောလေ၏။

“တကယ်ကို ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့သာ မရှိရင် ဒီရာဇဝတ်ကောင် လွတ်သွားမှာ သေချာတယ်၊ ခင်ဗျားတို့လည်း ပင်ပန်းနေပြီ၊ ခရီးဆက်ရဦးမှာဆိုတော့ ကျွန်တော်တို့ အချိန်မဆွဲတော့ပါဘူး၊ ဒီလူတွေကို ကျွန်တော်တို့ ခေါ်သွားပြီး ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပေးလိုက်ပါ့မယ်”

ဗိုက်ရွှဲရွှဲနှင့် ရဲအရာရှိမှာ မဆိုင်းမတွပင် ထိုအမျိုးသမီးကြီးကို ကားပေါ်သို့ ဆွဲတင်ခိုင်းလိုက်ရာ ချန်ဟောက်မှာမူ ကြောင်အစွာဖြင့် ကြည့်နေမိသည်။

ထိုအမျိုးသမီးကြီးကို ခေါ်သွားသည်မှာ ဟုတ်ပါပြီ။

သို့သော် မြေပြင်ပေါ်တွင် လဲနေသော ဈေးသည် ၂၀ ကျော်ကိုမူ မည်သို့ အရေးယူမည်နည်းဟု သူ သိချင်နေမိ၏။

ဗိုက်ရွှဲရွှဲနှင့် အရာရှိက ထပ်မံပြောလာပြန်သည်။

“ဒီက ဒေသခံလူတွေက အပြင်လူဆိုရင် အတော်လေး ရန်လိုတတ်ကြတယ်၊ ခင်ဗျားတို့က နယ်ဝေးကလာပြီး ဒေသခံတစ်ယောက်ကို ဖမ်းဖို့ လုပ်တာမြင်တော့ သူတို့က ဘာမပြော ညာမပြောနဲ့ ဝိုင်းတိုက်ခိုက်ကြတာ နေမှာပါ၊ ဒါက ဒီနေရာရဲ့ ဓလေ့လို ဖြစ်နေလို့ ဘာမှလုပ်လို့မရဘူးလေ”

သူက သက်ပြင်းချရင်း ဆက်ပြော၏။

“သူတို့ကို အပြစ်ပေးဖို့ဆိုတာကလည်း တကယ်မလွယ်ဘူး၊ ခင်ဗျားတို့ အခု မြင်တဲ့အတိုင်းပဲ သူတို့က နေ့တိုင်း ဈေးရောင်းပြီး အသက်မွေးနေကြတဲ့ ဆင်းရဲသားတွေလေ၊ သူတို့ကို ဒဏ်ရိုက်တာဖြစ်ဖြစ်၊ ချုပ်နှောင်တာဖြစ်ဖြစ် လုပ်လိုက်ရင် မိသားစုတွေ အခက်အခဲ ဖြစ်ကုန်ကြလိမ့်မယ်၊ အဲဒါကြောင့် သူတို့ကို အရေးယူဖို့က မဖြစ်နိုင်သလောက်ပါပဲ”

ထိုစကားများသည် ချင်ရန်တို့ သုံးဦး၏ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရစေသည်။

လောကတွင် လူသားချင်းစာနာမှု ရှိသင့်သော်လည်း ဤအရာရှိ၏ စကားများထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားနေရ၏။

နောက်ဆုံးတွင် ထိုအရာရှိသည် အမျိုးသမီးကြီးကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။

ရဲအရာရှိများ ထွက်ခွာသွားသည်ကို ကြည့်ပြီး ချောင်ကျန့်ကျွင်း မျက်နှာပျက်ပျက်ဖြင့် ပြောလာ၏။

“ဒီနေရာမှာ သူတပါးကိစ္စတွေကို ဝင်မပါတာ အကောင်းဆုံးပဲ၊ စခန်းမှူးကလည်း ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ လုပ်ဖို့ ဖုန်းထဲမှာ ပြောထားတယ်၊ ကဲပါ ငါတို့ ကိုယ့်အလုပ်ကိုယ် မြန်မြန်ပြီးအောင် လုပ်ကြစို့”

“ဟုတ်တယ် အဲဒါ အမှန်ဆုံးပဲ၊ ငါတို့အလုပ် ငါတို့လုပ်ပြီးတာနဲ့ ပြန်ကြမယ်”

ချန်ဟောက်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

သူတို့သုံးယောက်သည် လမ်းဘေးတွင် တက္ကစီစောင့်နေကြသော်လည်း ကားတစ်စီးမျှ ရောက်မလာချေ။

ထိုအခြေအနေမှာ အတော်လေး ထူးဆန်းလှပေ၏။

ဘူတာရုံကြီးတစ်ခု၏ အနီးတွင် တက္ကစီမရှိသည်မှာ မဖြစ်နိုင်ပေ။

သူတို့ လမ်းတစ်လျှောက် ဆက်လျှောက်လာစဉ် အများသုံးအိမ်သာတစ်ခုကို တွေ့လိုက်ရသည်။

ချင်ရန် အိမ်သာတက်ချင်နေသဖြင့် အဖော်နှစ်ဦးကို ပြောကာ အိမ်သာထဲသို့ ဝင်သွားတော့၏။

ချင်ရန် အိမ်သာထဲ ရောက်နေစဉ်မှာပင် အနက်ရောင် ဆန်တာနာကားတစ်စီး လမ်းဘေးတွင် ဆိုက်ရောက်လာသည်။

ထိုကားမှာ ချောင်ကျန့်ကျွင်းတို့ရှေ့တွင် ရပ်လိုက်ပြီး ယာဉ်မောင်းက ခေါင်းပြူထွက်လာကာ ပြုံးလျက် မေးလိုက်၏။

“ဆရာတို့ ကားစီးမလို့လား”

“တက္ကစီလား”

ချောင်ကျန့်ကျွင်းက မေးလိုက်သည်။

“ဟုတ်ကဲ့၊ ဒီနေ့ ဖောက်သည်ရတာ ကြာလို့ စိတ်ညစ်နေတာနဲ့ အတော်ပဲ၊ ဆရာတို့ ကားစီးဖို့ လိုနေတာမလား၊ ဘယ်သွားမှာလဲ ပြောပါ၊ ကျွန်တော် ဈေးအသက်သာဆုံးနဲ့ လိုက်ပို့ပေးပါ့မယ်”

ယာဉ်မောင်းမှာ ရိုးသားဖြောင့်မတ်ပုံရသော မျက်နှာထားမျိုး ရှိ၏။

ချောင်ကျန့်ကျွင်း ခေါင်းညိတ်လိုက်ပြီး နာရှီးမြို့နယ် ရဲစခန်းသို့ သွားလိုကြောင်းနှင့် ဈေးနှုန်းကို မေးလိုက်သည်။

“ဒီလိုလုပ်ဗျာ တစ်ယောက်ကို ၁၅၀ စီပဲ ပေး”

ယာဉ်မောင်းက စတင်ဈေးခေါ်လိုက်၏။

“နောက်တစ်ယောက် ကျန်သေးတယ်၊ သူက အိမ်သာသွားနေလို့”

“သုံးယောက်လား”

ယာဉ်မောင်းက ခေတ္တမျှ တွေဝေသွားပြီးမှ ပြန်ပြောသည်။

“ဒါဆို တစ်ယောက် ၁၀၀ စီပဲ ပေးတော့ဗျာ၊ သုံးယောက်ပေါင်း ၃၀၀ ပေါ့၊ ဆီဖိုးရရင် တော်ပါပြီ”

“ကောင်းပြီလေ”

ဈေးနှုန်းမှာ အမှန်တကယ် သက်သာလှသဖြင့် ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ သဘောတူလိုက်ကြ၏။

“ဆရာတို့ ကားပေါ် အရင်တက်နှင့်လေ၊ လမ်းဘေးမှာ ရပ်နေရတာ ကားတွေရှုပ်တော့ အန္တရာယ်ရှိနိုင်တယ်”

တက္ကစီယာဉ်မောင်းက ဖော်ရွေစွာ ပြုံးပြလျက် ပြောလိုက်သည်။

ယဉ်မောင်းပြောသည်မှာ မမှားသဖြင့် သူတို့နှစ်ဦးလည်း ကားပေါ်တက်လိုက်ကြ၏။

ချန်ဟောက်သည် ကားပေါ်သို့ ရောက်သည်နှင့် အလျင်စလို ပြောလိုက်သည်။

“ခဏစောင့်ဦးနော်၊ ငါတို့လူ အခုပဲ ထွက်လာတော့မှာ”

သူတို့သည် လမ်းအတော်ကြာ လျှောက်ထားရသဖြင့် အတော်လေး ပင်ပန်းနေပြီဖြစ်ရာ ယခုမှ ကားပေါ်တွင် အေးအေးဆေးဆေး နားရတော့မည် ဖြစ်၏။

ကားအတွင်းပိုင်းကို အသေအချာကြည့်လိုက်မှ ဤကား၏ အတွင်းဒီဇိုင်းမှာ အနည်းငယ် ထူးဆန်းနေသည်။

နောက်ခန်းနှင့် ရှေ့ခန်းကြားတွင် သံဇကာအကာအကွယ်တစ်ခု ပါရှိနေသည်ကို တွေ့လိုက်ရ၏။

ဤသို့သော နယ်စပ်ဒေသများတွင် တက္ကစီသမားများမှာ လူမိုက်များနှင့် တိုးမည်ကို စိုးရိမ်သဖြင့် လုံခြုံရေးအတွက် တပ်ဆင်ထားသည်ဟု ယူဆမိလိုက်သည်။

သို့သော်လည်း ချန်ဟောက်သည် ကားနောက်ကြည့်မှန်မှတစ်ဆင့် အရှေ့မှ ယာဉ်မောင်း၏ နှုတ်ခမ်းတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်ကို ဖျတ်ခနဲ မြင်လိုက်ရ၏။

နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သော ရဲလုပ်သက်ကြောင့် တစ်စုံတစ်ရာ မှားယွင်းနေပြီဖြစ်ကြောင်း ချန်ဟောက်၏ မသိစိတ်က အလိုအလျောက် သတိပြုမိလိုက်သည်။

ထိုအချိန်မှာပင် ချောင်ကျန့်ကျွင်းသည် အိမ်သာထဲမှ ထွက်လာသော ချင်ရန်ကို လှမ်းမြင်လိုက်ရ၏။

ကားနှင့် ခုနစ်မီတာ၊ ရှစ်မီတာခန့်သာ ဝေးတော့သည်။

ကားဆီသို့ လျှောက်လှမ်းလာသည့် ချင်ရန်၏ အမြင်အာရုံထဲ၌ အရာအားလုံး ရုတ်ချည်း ပြောင်းလဲသွားသည်။

ထိုအချိန်မှာပင် စနစ်၏ အချက်ပေးသံမှာ သူ့နားထဲ၌ မြည်လာသည်။

“ဒင်၊ အဆင့် (A) ရာဇဝတ်ကောင်ကို ရှာဖွေတွေ့ရှိပါသည်၊ ပိုင်ရှင်အတွက် ပစ်မှတ်ကို သတ်မှတ်ပြီးပါပြီ”

ထိုအဆင့် (A) ရာဇဝတ်ကောင်မှာ အခြားသူမဟုတ်၊ အနက်ရောင် ဆန်တာနာ ကားမောင်းသမားပင် ဖြစ်၏။

ချောင်ကျန့်ကျွင်း ကားပြတင်းပေါက်မှ ခေါင်းပြူကာ ချင်ရန်ကို လက်လှမ်းပြလိုက်သည်။

“ချင်ရန် မြန်မြန်လာ၊ ကားရပြီ”

ထိုအခါမှ ချန်ဟောက်၏ မျက်နှာမှာ ဖြူလျော်သွားပြီး ကားတံခါးကို ဆွဲဖွင့်ရန် ကြိုးစားလိုက်သော်လည်း အတွင်းမှ လော့ကျနေပြီ ဖြစ်၏။

“တံခါးဖွင့်စမ်း”

ချန်ဟောက်က အော်ဟစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ယာဉ်မောင်းက အသက်ရှူကာကွယ်သည့် မျက်နှာဖုံးကို အမြန်တပ်လိုက်ပြီး ကားမှန်များကို ဝုန်းခနဲ အမြန်တင်လိုက်၏။

ချန်ဟောက်၏ အော်ဟစ်သံကြောင့် ချောင်ကျန့်ကျွင်း ကြောင်အကြည့်နေစဉ်မှာပင် ကားမှန်လေးချပ်စလုံး ပိတ်သွားသည်။

ထို့နောက် ကားရှေ့ခန်းမှနေ၍ အရောင်အဆင်း၊ အနံ့အသက်မရှိသော ဓာတ်ငွေ့အချို့ ပျံ့နှံ့ထွက်ပေါ်လာခဲ့၏။

ချောင်ကျန့်ကျွင်းသည် ဘာဖြစ်နေမှန်း သေချာမသိသေးသော်လည်း လက်ကို အမြန်ပြန်ရုပ်ကာ နှာခေါင်းရှေ့တွင် ကာလိုက်သည်။

သို့သော် အချိန်မမီတော့ဘဲ ချက်ချင်းပင် ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့၏ ခေါင်းထဲ၌ မူးဝေလာကြ၏။

ဤကားနှင့် ယာဉ်မောင်းမှာ ရိုးသားသော တက္ကစီသမားမဟုတ်ကြောင်း သူတို့ နောက်ကျမှ သိလိုက်ရသည်။

ချောင်ကျန့်ကျွင်းတို့ ကားထဲတွင် လှုပ်ရှားနေကြသည်ကို မြင်လိုက်ရကတည်းက ချင်ရန်သည် စိုးရိမ်စိတ်များ ပြင်းထန်လာပြီး ကားရှိရာသို့ အစွမ်းကုန်အရှိန်ဖြင့် ပြေးဝင်လာ၏။

“မရတော့ဘူး ငါ မူးလာပြီ ”

ချောင်ကျန့်ကျွင်းသည် မျက်လုံးများ မှေးစင်းကာ စကားပင် မပီသတော့ပေ။

ချန်ဟောက်သည် နှာခေါင်းနှင့် ပါးစပ်ကို အတင်းအုပ်ထားသော်လည်း နောက်ကျသွားပြီ ဖြစ်၏။

ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေလာကာ လက်များမှာလည်း ဘေးသို့ ကျသွားတော့သည်။

သတိတစ်ဝက် ပျောက်ကွယ်လုနီးပါး အခြေအနေတွင် ချန်ဟောက်သည် ယာဉ်မောင်း၏ လှောင်ရယ်သံကို ကြားလိုက်ရ၏။

“ဒီဦးနှောက်မရှိတဲ့ နယ်ဝေးက ရဲတွေက ငါတို့ ထမင်းအိုးကို လာခွဲချင်နေတာလား၊ အဟက် သေချင်လို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ၊ ဒီရဲတွေက ခန္ဓာကိုယ်ကို ဂရုစိုက်ကြတော့ သူတို့ရဲ့ ကလီစာတွေက ဈေးကောင်းရမှာ သေချာတယ်”

ထိုစကားကြောင့် ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့၏ ကျောရိုးထဲအထိ စိမ့်သွားသော်လည်း နောက်တစ်ခဏတွင် သူတို့နှစ်ဦးစလုံး သတိလစ်သွားကြတော့သည်။

*ဝူး*

ယာဉ်မောင်းက လီဗာကို အသားကုန်နင်းလိုက်ပြီး ဆန်တာနာကားမှာ လမ်းအလယ်တွင် ဝေ့ဝိုက်ကွေ့ချလိုက်ကာ ဆန့်ကျင်ဘက်လမ်းသို့ အရှိန်ဖြင့် မောင်းထွက်သွားတော့သည်။

ချင်ရန်သည် မောင်းထွက်သွားသည့် ကားကိုသာ အကူအညီမဲ့စွာ ကြည့်နေရ၏။

နောက်မှန်မှတစ်ဆင့် အဖော်နှစ်ဦးမှာ သတိလစ်ကာ ပြတင်းပေါက်ကို မှီနေကြသည်ကို ဝေဝါးစွာ မြင်လိုက်ရသည်။

*ဒုန်း*

ချင်ရန်သည် ဒေါသအလွန်အမင်း ထွက်သွားကာ လမ်းဘေးရှိ သံလက်ရန်းကို လက်သီးဖြင့် အားပြင်းပြင်း ထိုးချလိုက်ရာ သံတိုင်မှာ ချိုင့်ဝင်သွား၏။

“ဘယ်သူကများ ရဲကို ပြန်ဖမ်းရဲလောက်အောင် သတ္တိကောင်းနေတာလဲ၊ အသက်ရှင်ရတဲ့ နေ့တွေက ကြာလို့နဲ့ တူတယ်”

ချင်ရန်သည် အံကို ခပ်တင်းတင်းကြိတ်ထားသဖြင့် သွားကြိတ်သံများပင် ထွက်ပေါ်လာသည်။

သူ့မျက်ဝန်းများမှာလည်း အေးစက်စက် အငြိုးအတေးများဖြင့် ပြည့်နှက်နေ၏။

သူသည် ထိုရာဇဝတ်ကောင်ကို စနစ်ဖြင့် ပစ်မှတ်ထားပြီးပြီ ဖြစ်၍ ထိုတရားခံ ဘယ်ကိုပြေးပြေး တည်နေရာမှာ ချင်ရန်၏ စိတ်ထဲ၌ အမြဲတမ်း ပေါ်နေပေတော့မည်။

136

ဤနယ်စပ်ဒေသသို့ ရောက်ရှိလာပြီးနောက် ယခုကဲ့သို့သော အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ချင်ရန် တစ်ခါမျှ မတွေးထားမိခဲ့ပေ။

နေ့ခင်းကြောင်တောင်ကြီးတွင် တရားဥပဒေစိုးမိုးသည့် တရုတ်နိုင်ငံ၏ ရဲအရာရှိများကို ပြန်ပေးဆွဲရဲသည်အထိ သတ္တိကောင်းနေကြသည်မှာ တကယ်ပင် မယုံနိုင်စရာ ကောင်းလှ၏။

ချင်ရန်၏ စိတ်အာရုံထဲတွင် ထိုအဆင့်-A ရာဇဝတ်ကောင်၏ တည်နေရာမှာ အလွန်မြန်သော အရှိန်ဖြင့် ရွေ့လျားနေသည်။

တစ်နာရီလျှင် မိုင် ၁၀၀ ကျော်နှုန်းဖြင့် မောင်းနှင်နေသည်မှာ သေချာသဖြင့် ယခုလက်ရှိအချိန်၌ ချင်ရန်အနေဖြင့် ထိုကားကို ခြေကျင်အမီလိုက်ရန် မဖြစ်နိုင်တော့ပေ။

သို့သော် ချင်ရန်သည် ကားထွက်သွားသည့် လမ်းကြောင်းနောက်သို့ မနားတမ်း ပြေးလိုက်နေခဲ့၏။

ယခုအခါတွင်မူ ချင်ရန်သည် လွန်စွာသတိထားနေပြီး ဤဒေသ၌ ကားငှားစီးရန်ပင် မဝံ့ရဲတော့ပေ။

ဤဒေသရှိ ယာဉ်မောင်းများမှာ ရာဇဝတ်ကောင်များ မဟုတ်ဟု မည်သူမျှ တပ်အပ်မပြောနိုင်သောကြောင့် ဖြစ်၏။

သူသည် ကားနောက်သို့ လိုက်နေရင်း စခန်းမှူး ဝမ်ရှောင်ရီထံသို့ ဖုန်းခေါ်ဆိုလိုက်ရာ ချက်ချင်းပင် ဆက်သွယ်မိသွားသည်။

“ချင်ရန် ဘာဖြစ်လို့လဲ၊ လူသွားခေါ်တာ အဆင်မပြေလို့လား”

ဝမ်ရှောင်ရီက ဇဝေဇဝါဖြင့် မေးလိုက်၏။

စောစောကတင် ချောင်ကျန့်ကျွင်းက ဖုန်းဆက်ခဲ့သေးသဖြင့် ယခု ချင်ရန်က ထပ်ဆက်ပြန်ရာ အနောက်တောင်ဘက်နယ်စပ်၌ ဘာတွေများ ဤမျှလောက် ဖြစ်ပျက်နေသနည်းဟု သူ တွေးမိသွားသည်။

ချင်ရန်က ဖြစ်စဉ်ကို လေးနက်သော အသံဖြင့် အမြန်ရှင်းပြလိုက်၏။

“စခန်းမှူး စီနီယာချောင်နဲ့ ခေါင်းဆောင်ချန်တို့ကို အမည်မသိလူတွေ ပြန်ပေးဆွဲသွားပြီ”

“ဟင် ဘယ်လို၊ ချင်ရန် မင်းဘာပြောလိုက်တယ် ပြန်ပေးဆွဲခံရတယ် ဟုတ်လား”

ဝမ်ရှောင်ရီမှာ အံ့အားသင့်လွန်းသဖြင့် အသံပင် ကျယ်သွားတော့သည်။

၎င်းမှာ နောက်ပြောင်နေခြင်းလော။

ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်ဆိုသည်မှာ ဝါရင့်ရဲအရာရှိများဖြစ်ရာ ဘယ်သူကများ ရဲကို ပြန်ပေးဆွဲရဲလောက်အောင် သတ္တိရှိနေသနည်းဟု သူ တွေးမရ ဖြစ်နေ၏။

ချင်ရန်က ဆက်ပြောလာသည်။

“သံသယရှိသူက ကားကို အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးသွားတာ၊ အခု ကျွန်တော် သူ့နောက်ကို နောက်ယောင်ခံလိုက်နေတယ်၊ မကြာခင် သူတို့ကို ရှာတွေ့နိုင်မှာပါ”

“ချင်ရန် မင်း စိတ်လောပြီး လျှောက်လုပ်မနေနဲ့ဦး”

ဝမ်ရှောင်ရီက ချင်ရန်ကို သတိပေးလိုက်၏။

“အဲဒီဘက်မှာ အခြေအနေက တော်တော်ဆိုးနေပုံရတယ်၊ ချန်ဟောက်တို့တောင် ပြန်ပေးဆွဲခံရပြီဆိုတော့ ငါ ညွှန်ကြားရေးမှူးကို အစီရင်ခံပြီး အနောက်တောင်ဘက်က အထက်လူကြီးတွေကို အကူအညီတောင်းပေးမယ်”

ဝမ်ရှောင်ရီအတွက်မူ ဤနည်းလမ်းမှာ အကောင်းဆုံးပင် ဖြစ်သည်။

ရဲအရာရှိနှစ်ဦးကို ပြန်ပေးဆွဲနိုင်သည်ဆိုလျှင် တစ်ဦးတည်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ အဖွဲ့အစည်းနှင့် လုပ်ဆောင်ခြင်းဖြစ်နိုင်သဖြင့် ဖြေရှင်းရခက်ခဲနိုင်၏။

ချင်ရန်တို့မှာ လက်နက်မပါဘဲ အရပ်ဝတ်ဖြင့် သွားနေခြင်းဖြစ်ရာ ထိုဂိုဏ်းကို မည်သို့ရင်ဆိုင်နိုင်မည်နည်း။

ဝမ်ရှောင်ရီသည် အနောက်တောင်ဘက်ရှိ ရဲတပ်ဖွဲ့ဝင်များအပေါ်တွင်သာ မျှော်လင့်ချက် ထားလိုက်တော့သည်။

သူတို့သာလျှင် သေချာစုံစမ်းပြီး ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ကို အချိန်မီကယ်တင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိ၏။

မည်သို့ပင်ဖြစ်စေကာမူ သူတို့နှစ်ယောက်လုံးသည် ပါလီမြစ်ရဲစခန်းနှင့် နိုင်ငံတော်အတွက် အကျိုးပြုခဲ့သည့် ဝါရင့်ရဲအရာရှိများဖြစ်ရာ အကြောင်းမဲ့ အသက်ဆုံးရှုံးမခံနိုင်ပေ။

“စခန်းမှူး ကျွန်တော် ဘာလုပ်ရမလဲဆိုတာ သိပါတယ် ဒါပေမဲ့ ”

ချင်ရန်က အလေးအနက်ထားကာ ပြောလေ၏။

“ကျွန်တော် တောင်းဆိုစရာလေးတစ်ခု ရှိလို့ပါ၊ အနောက်တောင်ဘက်က အထက်လူကြီးတွေကို အကြောင်းကြားတာကို နည်းနည်းလောက် နောက်ဆုတ်ပေးလို့ရမလား၊ နောက်ထပ် နှစ်နာရီလောက်ဆိုရင် ရပါပြီ”

“မင်း ဘာကို ဆိုလိုတာလဲ”

ဝမ်ရှောင်ရီ၏ မျက်နှာထား ပြောင်းလဲသွားသည်။

“မင်းက ငါ့ကို သံသယဝင်နေတာလား”

ချင်ရန်က စကားဖြတ်ပြောလိုက်၏။

“မဟုတ်ပါဘူး စခန်းမှူး၊ ကျွန်တော့်မှာ အစီအစဉ် ရှိလို့ပါ၊ ကျွန်တော် သူတို့ပါသွားတဲ့ ကားနောက်ကို လိုက်သွားပြီး အခြေအနေကို အရင် အကဲခတ်ကြည့်ချင်လို့ပါ၊ အဲဒါကြောင့် စခန်းမှူးက တာဝန်ရှိသူတွေကို နောက်မှ အကြောင်းကြားပေးဖို့ တောင်းဆိုတာပါ”

“ချင်ရန် မင်း အခုရောက်နေတဲ့နေရာက ဖိန်လင်မြို့နဲ့ မတူဘူးနော်၊ မင်း အရင်လို သူရဲကောင်းဝင်လုပ်လို့ မရဘူး”

ဝမ်ရှောင်ရီ သက်ပြင်းချလိုက်သည်။

ချင်ရန်က အစွမ်းထက်မှန်း သူသိသော်လည်း ယခု သူလုပ်ချင်သည့် လုပ်ရပ်ကိုမူ အားမပေးချင်ပေ။

ချင်ရန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ တိုက်ရိုက်ပင် ပြောလိုက်တော့၏။

“စခန်းမှူး ကျွန်တော့် တောင်းဆိုချက်ကို လက်ခံပေးပါ၊ နောက် နှစ်နာရီကြာရင် ကယ်ဆယ်ရေးအတွက် အနောက်တောင်ဘက်က ခေါင်းဆောင်တွေကို ကျွန်တော်ကိုယ်တိုင် ဆက်သွယ်လိုက်ပါ့မယ်”

ထိုသို့ ပြောပြီးသည်နှင့် ချင်ရန် ဖုန်းချလိုက်တော့သည်။

သူသည် ရာဇဝတ်ကောင် မောင်းသွားသည့် ကားနောက်သို့ ဇွဲမလျှော့ဘဲ ဆက်လက် ပြေးလိုက်နေ၏။

မိမိသည် ရာဇဝတ်ကောင်ကို ပစ်မှတ်ထားပြီးဖြစ်ရာ သူ သေဆုံးမသွားသရွေ့ ထိုသူ၏ တည်နေရာကို မျက်ခြေပြတ်လိမ့်မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင်မူ ဝမ်ရှောင်ရီသည် ဖုန်းချသွားပြီးနောက် စိတ်မသက်မသာ ဖြစ်နေမိ၏။

စီစဉ်ထားသည့်အတိုင်းဆိုလျှင် ချင်ရန်တို့အား လူသွားခေါ်ခိုင်းရုံသာ ဖြစ်သော်လည်း ယခုတွင်မူ အဘယ်ကြောင့် ဤမျှ ပြဿနာများသွားရသည်ကို သူ တွေးမရ ဖြစ်နေသည်။

ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် ဒုက္ခနှင့်တိုးပြီး ပြန်ပေးဆွဲခံလိုက်ရသည်မှာ ဟီးရိုးအင်းရောင်းသည့် အမျိုးသမီးကြီးကို ဖမ်းခဲ့ခြင်းနှင့် ဆက်စပ်နေနိုင်သည်ဟု ဝမ်ရှောင်ရီ ကောက်ချက်ချမိ၏။

ဝမ်ရှောင်ရီသည် ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံရန် ယူနီဖောင်းကို ကောက်စွပ်လိုက်သော်လည်း ချင်ရန်၏ တောင်းဆိုချက်ကို သတိရကာ ခြေလှမ်းများ ရပ်တန့်သွားသည်။

“နှစ်နာရီကြာမှတဲ့လား ချင်ရန်၊ မင်းကတော့ အမြဲတမ်း သူရဲကောင်း လုပ်ချင်နေတာပဲ”

ဝမ်ရှောင်ရီသည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ချင်ရန်၏ အကြံပြုချက်အတိုင်း နောက်ထပ် နှစ်နာရီကြာမှသာ အကြောင်းကြားရန် ဆုံးဖြတ်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် အနောက်တောင်ဘက် နယ်စပ်ဒေသတစ်ခု၌ အနက်ရောင် ဆန်တာနာကားမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေပြီး ကားနောက်ခန်းတွင် ကြိုးဖြင့် တုပ်နှောင်ခံထားရသည့် သတိလစ်နေသူ နှစ်ဦး ပါရှိနေသည်။

ယာဉ်မောင်းက လက်တစ်ဖက်ကို ပြတင်းပေါက်အပြင်ဘက် ထုတ်ကာ ဆေးလိပ်သောက်နေပြီး ကျန်လက်တစ်ဖက်မှာ စတီယာရင်ကို ပေါ့ပေါ့ပါးပါး ကိုင်ထားကာ အေးဆေးတည်ငြိမ်နေပုံရ၏။

လမ်းခုလတ်တွင် သူသည် ကားခေတ္တရပ်ကာ အပေါ့အပါးသွားပြီး ရှုခင်းများကိုပင် စိတ်လက်ပေါ့ပါးစွာ ကြည့်ရှုခဲ့သေးသည်။

ထို့နောက် ယာဉ်မောင်းသည် ကားကို ဆက်လက်မောင်းနှင်လာခဲ့၏။

မကြာမီမှာပင် အနက်ရောင် ဆန်တာနာကားမှာ ဝူထျန်းမြို့နယ် ဟု ရေးသားထားသော မြို့လေးနှင့် နီးကပ်လာသည်။

ဤဝူထျန်းမြို့သည် တောင်တန်းများကြားတွင် တည်ရှိသော မြို့လေးတစ်မြို့ဖြစ်ပြီး မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာဘက်သို့ သွားသည့်လမ်းမှာ အလွန်ပင် ခက်ခဲကြမ်းတမ်းလှ၏။

ထိုကျေးရွာကလေးများမှာ တောင်တန်းများ ဝန်းရံထားသဖြင့် မြူခိုးများ အစဉ်အမြဲ အုံ့မှိုင်းနေတတ်သည်။ ထိုသို့ အုံ့မှိုင်းနေခြင်းကြောင့် ပြင်ပလောကနှင့် အဆက်ပြတ်နေသကဲ့သို့ ဖြစ်နေပြီး မြို့ပြကြီးများနှင့် လုံးဝ ခြားနားကာ ရှုခင်းများမှာ လှပပြီး မည်သည့် ညစ်ညမ်းမှုမျှ မရှိပေ။

ယာဉ်မောင်းက ကားကို ကျေးရွာထဲသို့ ကွေ့ပတ်မောင်းနှင်လာပြီးနောက် အိမ်ခြေအတော်များများရှိသော ရွာတစ်ရွာသို့ ရောက်ရှိလာခဲ့၏။

ရွာထဲတွင် မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စုများမှာ တော်တော်များများ ရှိနေကြသည်။

ရွာထိပ်တွင် ကလေးငယ်များ ဆော့ကစားနေပြီး လူကြီးအချို့မှာလည်း အနားယူနေကြ၏။

ရွာအဝင်ဝတွင် ဆန်တာနာကားလေး ရပ်လိုက်သည်နှင့် ယာဉ်မောင်းက ကားပေါ်မှ ဆင်းလာကာ ကားကိုယ်ထည်ကို ပုတ်၍ အသံပေးလိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။

“ညီအစ်ကိုတို့ လာဝိုင်းကူကြဦးဟေ့၊ ဒီနေ့ ငါတို့အလုပ်ကို လာဖျက်ဆီးတဲ့ ရဲနှစ်ယောက်ကို ငါ ဖမ်းလာခဲ့တယ်”

ယာဉ်မောင်း၏ စကားကို ကြားလိုက်ရသည့်အခါ ရွာထိပ်ရှိ လူအချို့မှာ အပြေးအလွှား ရောက်ရှိလာကြပြီး ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့ကို ကားပေါ်မှ ဆွဲချလိုက်ကြ၏။

ချောင်ကျန့်ကျွင်းကို ကားပေါ်မှ ချပြီးသည်နှင့် လူတစ်ယောက်မှာ သူ့မျက်နှာကို အရှိန်ပြင်းပြင်းဖြင့် ကန်လိုက်ရာ နှာခေါင်းသွေးများ ထွက်လာကာ သတိပြန်လည်လာတော့သည်။

“အား”

ချောင်ကျန့်ကျွင်းမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်လုံးများကို အတင်းဖွင့်ကြည့်လိုက်ရာ အလွန်ပင် စိမ်းသက်သော နေရာတစ်ခုသို့ ရောက်နေကြောင်း သိလိုက်ရ၏။

“ဒါ ဒါ ဘယ်နေရာလဲ”

ချောင်ကျန့်ကျွင်းမှာ ဝေဝေဝါးဝါးဖြစ်နေဆဲဖြစ်ပြီး သူ့ဦးနှောက်မှာ ထုံထိုင်းနေကာ မှတ်ဉာဏ်များမှာလည်း ကောင်းကောင်း ပြန်မစုစည်းနိုင်သေးပေ။

“တောက် မင်းက အူကြောင်ကြောင် လာလုပ်နေတာလား”

ယာဉ်မောင်းက တံတွေးတစ်ချက် ထွေးလိုက်ပြီး ချောင်ကျန့်ကျွင်း၏ မျက်နှာကို ခြေထောက်ဖြင့် ထပ်မံဖိနင်းလိုက်ပြန်၏။

“ဒီနေ့ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း မေ့သွားပြီလား၊ အဒေါ်ကြီးလီရဲ့ အလုပ်မှာ လာရှုပ်ကတည်းက မင်းတို့ သေတွင်းကိုယ်တိုင် တူးလိုက်တာပဲ၊ ရဲဆိုပြီး မင်းတို့ကိုယ်မင်းတို့ အဟုတ်ကြီး မှတ်မနေနဲ့၊ ငါတို့လက်ထဲမှာ ရဲတွေ ဘယ်နှယောက်တောင် သေခဲ့ပြီလဲဆိုတာ မင်းတို့ သိလား”

ယာဉ်မောင်းက အငြိုးတေးများဖြင့် ခြိမ်းခြောက်ပြောဆိုလိုက်သည်။

ချောင်ကျန့်ကျွင်းမှာ မျက်နှာကို ဖိနင်းခံထားရသဖြင့် စကားပင် ကောင်းကောင်းမပြောနိုင်ရှာပေ။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ချန်ဟောက်ကိုသာ တွေ့ရပြီး ချင်ရန်ကိုမူ မတွေ့ရတော့၏။

ထိုအခါမှ ချင်ရန်မှာ အိမ်သာသွားနေခဲ့သဖြင့် ပြန်ပေးဆွဲခံရသည့်အထဲတွင် မပါဝင်ခဲ့သည်ကို သူ သတိရသွားတော့သည်။

ထိုအချိန်မှာပင် အခြားတစ်ဖက်ရှိ ချန်ဟောက်ကိုလည်း လူတစ်ယောက်က အားပြင်းပြင်းဖြင့် ကန်လိုက်ရာ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားတော့၏။

“အား”

ချန်ဟောက်လည်း နာကျင်စွာ အော်ဟစ်ရင်း မျက်လုံးပွင့်လာရာ ချောင်ကျန့်ကျွင်းနှင့် မျက်နှာချင်းဆိုင် တိုးမိတော့သည်။

ချောင်ကျန့်ကျွင်း၏ ခေါင်းပေါ်တွင် ဖိနင်းထားသည့် ခြေထောက်ကို မြင်လိုက်ရသောအခါ သူ အခြေအနေကို သဘောပေါက်သွား၏။

ထိုစဉ် လူတစ်ယောက်က အေးစက်စက် လှောင်ပြုံးဖြင့် ပြောလိုက်သည်။

“သူတို့ကို ကြိုးတုပ်ပြီး ခေါ်သွားလိုက်၊ သူဌေးက ဒီကောင်တွေကို ဘယ်လို စီရင်မလဲဆိုတာ ကြည့်ရအောင်”

All Chapters