← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

139

ကျည်ဆန်များမှာ မိုးသီးမိုးပေါက်များအလား ချင်ရန်ရှိရာသို့ တရစပ် ကျဆင်းလာသည်။

ချင်ရန်သည် အသက်အန္တရာယ်နှင့် လက်တစ်လုံးခြား အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

သာမန်လူထက် လေးဆခန့် မြန်သော ရှောင်တိမ်းနိုင်စွမ်း ရှိသော်လည်း ယခုကဲ့သို့ ကျည်ဆန်မိုးများကြားတွင်မူ သူ့အသက်မှာ အချိန်မရွေး လွင့်စင်သွားနိုင်သည့် အန္တရာယ်ရှိနေသည်။

ချင်ရန်သည် မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ မြေပြင်ပေါ်မှ ကျောက်ခဲလေးများကို ဆက်တိုက်ကောက်ယူကာ ရန်သူများကို အာရုံလွှဲရင်း ဗီလာအိမ်ကြီးဆီသို့သာ ဦးတည်ပြေးလွှားနေတော့သည်။

"ဟာ မဟုတ်မှလွဲရော ဒီကောင် ဗီလာထဲကို ဝင်ဖို့ ကြိုးစားနေတာလား"

"သူ့ကို ဗီလာထဲ ပေးဝင်လို့ မဖြစ်ဘူး၊ မဟုတ်ရင် သူဌေးကြီးက ငါတို့ကို အပြစ်တင်လိမ့်မယ်"

အနောက်မှ လိုက်လံတိုက်ခိုက်နေသူများမှာ ချင်ရန် ဗီလာထဲသို့ ရောက်သွားမည်ကို ကြောက်သည်ထက် သူတို့၏ ညံ့ဖျင်းမှုကြောင့် သူဌေးကြီး အမျက်ဒေါသ သင့်မည်ကို ပို၍ ကြောက်လန့်နေကြခြင်း ဖြစ်သည်။

အကယ်၍ ချင်ရန်ကသာ သူဌေးကြီးရှိရာ ဗီလာထဲသို့ ရောက်ရှိသွားခဲ့လျှင် သူတို့အစွမ်းအစမရှိမှုကို သူဌေးကြီးက ပြင်းပြင်းထန်ထန် အရေးယူပေလိမ့်မည်။

ထို့ကြောင့် သူတို့သည် ချင်ရန်၏ အကြံအစည် အောင်မြင်မသွားစေရန် အစွမ်းကုန် ဟန့်တားကြတော့သည်။

ဤနေရာတွင် ချင်ရန်၏ အရှိန်အဟုန်မှာ အမြင့်ဆုံးသို့ ရောက်ရှိလာသည်။

သူသည် ကျားသစ်အရှိန်ကို ရရှိပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် သူ့စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်သုံးလိုက်ခြင်းပင် ဖြစ်၏။

ထိုအခိုက်အတန့်တွင် ချင်ရန်၏ အရှိန်မှာ မီတာ ၁၀၀ ကို ၄ စက္ကန့်အတွင်း ပြေးနိုင်သည့် အံ့မခန်း အရှိန်မျိုး ဖြစ်နေသည်။

လူသားတို့၏ ကြွက်သားများမှာ ဤမျှပြင်းထန်သော အရှိန်ဒဏ်ကြောင့် စုတ်ပြဲသွားနိုင်သော်လည်း ဗီလာနှင့် အရမ်းမဝေးတော့သဖြင့် သူ အစွမ်းကုန် ရုန်းကန်လိုက်သည်။

သို့သော် ခန္ဓာကိုယ်ကို အစွမ်းကုန် တွန်းအားပေးထားသဖြင့် ချင်ရန်၏ မျက်လုံးများနှင့် မျက်နှာတစ်ခုလုံးမှာ သွေးကဲ့သို့ ရဲရဲနီနေပြီး ရူးသွပ်နေသူတစ်ဦးအလား ထင်မှတ်ရသည်။

သူ့နောက်မှ လိုက်လံပစ်ခတ်နေသူများမှာ မှင်တက်သွားကြပြီး အချို့မှာ အံ့ဩလွန်းသဖြင့် သေနတ်ပင် ဆက်မပစ်နိုင်တော့ချေ။

"ဒါ ဒါ ဘယ်လို အရှိန်မျိုးလဲ"

"ဒါ လူသားတစ်ယောက်ရဲ့ အရှိန်ရော ဟုတ်ရဲ့လား၊ လေပြင်းတစ်ချက် ဖြတ်တိုက်သွားသလိုပဲ"

ချင်ရန်၏ အရှိန်ကိုကြည့်ကာ လူ ၃၀ ကျော်စလုံးမှာ ကြောင်အသွားကြသည်။

ကျည်ဆန်မှာ အလွန်မြန်သော်လည်း သူတို့တုံ့ပြန်မှုမှာမူ ချင်ရန်၏ အရှိန်ကို မမီတော့ချေ။

သူတို့ရှေ့တွင် ကျားသစ်တစ်ကောင် ပြေးနေသကဲ့သို့ ဖြစ်နေသဖြင့် ကျည်ဆန်ကို မည်သည့်နေရာသို့ ဦးတည်ပစ်ရမည်မှန်းပင် မသိတော့ပေ။

သူတို့သည် အခြေခံ သေနတ်ပစ်သင်တန်းလောက်သာ တက်ထားကြသူများဖြစ်ပြီး လက်ဖြောင့်တပ်သားများ မဟုတ်ကြရာ ချင်ရန်ကဲ့သို့သော အရှိန်မျိုးကို ဟန့်တားနိုင်ခြင်း မရှိကြချေ။

ချင်ရန်သည် မကြုံစဖူးသော အရှိန်ဖြင့် ၇ စက္ကန့်ခန့်အတွင်းမှာပင် သူဌေးကြီး၏ ဗီလာရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားတော့သည်။

ဗီလာအတွင်း၌ လုံခြုံရေး အစောင့် ၁၀ ယောက်ခန့် ရှိနေ၏။

ချင်ရန် ပြေးဝင်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့သည် အလွန်အံ့ဩသွားကြသလို ချင်ရန်၏ မယုံနိုင်စရာ အရှိန်အဟုန်ကြောင့် သူတို့အသိဉာဏ်များမှာ ထုံထိုင်းသွားကြသည်။

သူတို့မျက်စိထဲတွင် ချင်ရန်၏ မျက်နှာကို သဲသဲကွဲကွဲ မမြင်ရတော့ဘဲ ရိပ်ကနဲ လှုပ်ရှားနေသော အရိပ်တစ်ခုကိုသာ မြင်တွေ့နေရသည်။

'တံခါး၊ ပြတင်းပေါက် အေး၊ အဲ့ဒီကပဲ ဝင်လိုက်တော့မယ်'

ချင်ရန်သည် မည်သည်ကိုမျှ ဂရုမစိုက်တော့ဘဲ ရှေ့သို့ ထိုးဖောက်ဝင်ရောက်ရန်သာ အာရုံစိုက်နေတော့၏။

"မြန်မြန် သူ့နောက်ကို လိုက်ကြ၊ အထဲကို လုံးဝ အဝင်မခံကြနဲ့"

ချင်ရန်အနောက်မှ လိုက်လာသူ ၃၀ ကျော်မှာလည်း ဗီလာရှေ့သို့ ရောက်ရှိလာကြပြီး ချင်ရန်ရှိရာသို့ တရစပ် ပစ်ခတ်ကြတော့သည်။

သေနတ်သံများ တဒိုင်းဒိုင်း မြည်ဟိန်းသွားသော်လည်း ကျည်ဆန်များမှာ ချင်ရန်ကို မထိဘဲ ဗီလာ၏ နံရံများ၊ ပြတင်းပေါက်များနှင့် တံခါးများကိုသာ အပေါက်အပြဲများ ဖြစ်သွားစေခဲ့သည်။

သူတို့မှာ အလောတကြီး ဖြစ်နေကြသဖြင့် ဗီလာ ပျက်စီးမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ချင်ရန် ဗီလာထဲမဝင်နိုင်ရန်သာ ကြိုးစားနေကြခြင်း ဖြစ်၏။

သို့သော် အလောတကြီး ပစ်ခတ်ခြင်းကြောင့် အာရုံစိုက်မှု ပျက်ပြားကာ ချင်ရန်ကို တစ်ချက်မျှ မထိနိုင်ခဲ့ချေ။

ချင်ရန်သည် မှန်ကွဲနေသော ပြတင်းပေါက်တစ်ခုကို လှမ်းတွေ့လိုက်ရပြီး အမြောက်ဆန်တစ်ခုအလား ပြတင်းပေါက်မှ တစ်ဆင့် ဗီလာအတွင်းသို့ ဝုန်းခနဲ ခုန်ဝင်လိုက်တော့သည်။

"ဒုက္ခပဲ၊ ဒုက္ခပဲ ငါတို့ ဒီကောင်ကို အထဲ ပေးဝင်လိုက်မိပြီ! မြန်မြန် သွားဖမ်းကြ၊ သူဌေးကြီးကို အန္တရာယ်မပြုနိုင်အောင် မြန်မြန် တားကြစမ်း"

"မြန်မြန် မြန်မြန်"

လုံခြုံရေးများမှာ ပျာပျာသလဲ ဖြစ်သွားကြပြီး ဗီလာအတွင်းသို့ အလုအယက် ပြေးဝင်ကြတော့၏။

ထိုအချိန်တွင် ဗီလာအိမ်ကြီးအတွင်း၌ ရှိနေသော သူဌေးကြီးမှာမူ အပြင်ဘက်မှ သေနတ်သံများကို ကြားနေရသော်လည်း အေးအေးလူလူပင် စားသောက်နေဆဲ ဖြစ်သည်။

သူ့စိတ်ထဲတွင် ရဲအရာရှိလေးမှာ ခြေလက် အကျိုးအပဲ့များဖြင့် အရှင်ဖမ်းမိလာမည့် ပုံရိပ်ကို ကြိုတင် မြင်ယောင်နေမိသည်။

သို့သော် သေနတ်သံများမှာ ဗီလာနှင့် ပို၍ ပို၍ နီးကပ်လာကာ သူ့အိမ်ကြီးကိုပါ ကျည်ဆန်များ ထိမှန်နေသည်ဟု သိလိုက်ရသောအခါ သူ့မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွား၏။

'ဒါက ဘာဖြစ်တာလဲ၊ သေနတ်သံတွေက ဘာလို့ ဒီလောက်နီးလာရတာလဲ'

သူဌေးကြီးသည် ဘာဖြစ်နေမှန်း ‌အသေအချာမဝေခွဲနိုင်ဘဲ စဉ်းစားနေစဉ်မှာပင် ဗီလာ၏ ဘယ်ဘက်ခြမ်းမှ ကျယ်လောင်လှသော အသံကြီး တစ်ခု ထွက်ပေါ်လာသည်။

ဗီလာအတွင်းရှိ လူအားလုံးမှာ လန့်ဖျန့်သွားကြသည်။

လက်ရှိအချိန်တွင် ဗီလာအတွင်း၌ လုံခြုံရေး ၅ ဦးသာ ကျန်ရှိတော့ပြီး အခြားလူများကို အပြင်သို့ လွှတ်ထားခြင်း ဖြစ်၏။

ချင်ရန် ခုန်ဝင်လိုက်သော အရှိန်ကြောင့် လုံခြုံရေး ၂ ဦးမှာ လွင့်စင်သွားပြီး ချက်ချင်း သတိလစ်သွားကြသည်။

"မင်း မင်း ဘယ်သူလဲ"

သူဌေးကြီးသည် သူ့အရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားရသည်။

ချင်ရန်သည် ပြတင်းပေါက်မှနေ၍ စူပါမန်းတစ်ဦးအလား ဝုန်းခနဲ ခုန်ဝင်လာခြင်းဖြစ်၏။

သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မှန်ကွဲစများနှင့် သွေးများ ပေကျံနေပြီး ဦးခေါင်းမှလည်း သွေးများမှာ စမ်းချောင်းတစ်ခုအလား စီးကျနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှသည်။

ချင်ရန်သည် အတွင်းသို့ ရောက်သည်နှင့် ကျုံးရှန်းဝတ်စုံဝတ် အဘိုးအို တစ်ဦးကို မြင်‌တွေ့လိုက်ရသည်။

ဤသူမှာ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း သိလိုက်သဖြင့် ဘာစကားမျှ မဆိုဘဲ ကျားသစ်အရှိန်ကို ထပ်မံ အသုံးပြုလိုက်သည်။

အားလုံးက မှင်တက်နေစဉ်မှာပင် ချင်ရန်သည် သူဌေးကြီးရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားတော့၏။

လုံခြုံရေးများလည်း သတိပြန်ဝင်လာကာ ချင်ရန်၏ ပစ်မှတ်မှာ သူဌေးကြီးဖြစ်ကြောင်း သိလိုက်သဖြင့် ချက်ချင်း ပစ်ခတ်ကြသည်။

ချင်ရန်၏ လက်မောင်းတစ်ဖက်သည် ကျည်ဆန်တစ်ချက် ထိမှန်သွားပြီး သွေးချင်းချင်းနီ‌နေသော အပေါက်တစ်ခု ပေါ်လာသော်လည်း ၎င်းမှာ ချင်ရန်၏ အရှိန်ကို တားဆီးနိုင်ခြင်း မရှိချေ။

နောက်တစ်ခဏတွင်မူ ချင်ရန်သည် သူဌေးကြီး၏ နောက်ကျောသို့ ရောက်ရှိသွားပြီး သစ်သီးလှီးဓားလေးကို သူဌေးကြီး၏ လည်ပင်းပေါ်သို့ တင်ထားပြီး ဖြစ်သည်။

"သူတို့ကို အကုန် ရပ်ခိုင်းလိုက်"

ချင်ရန်က တစ်လုံးချင်း ပြတ်ပြတ်သားသား အမိန့်ပေးလိုက်၏။

သူဌေးကြီးမှာမူ သစ်သီးလှီးဓား၏ အေးစက်စက် အထိအတွေ့ကို သူ့လည်ပင်းမှ တစ်ဆင့် ခံစားလိုက်ရသောကြောင့် တံတွေးကိုပင် ခက်ခဲစွာ မျိုချလိုက်ရသည်။

တစ်ကိုယ်လုံး တုန်ရီနေသော်လည်း သူသည် အသက်ကို ဝအောင် ရှူလိုက်ပြီးမှ စိတ်ကို အနည်းငယ် ပြန်ထိန်းလိုက်နိုင်သည်။

"စိတ်မလောပါနဲ့ စိတ်မလောပါနဲ့"

သူဌေးကြီးသည် ချင်ရန်ကို အချိုသတ်၍ ဖျောင်းဖျရန် ကြိုးစားလိုက်သည်။

"အခုချက်ချင်း ရပ်လိုက်ကြစမ်း၊ သေနတ်တွေကို အောက်ချလိုက်"

သူဌေးကြီးက ပိတ်ဟောက်လိုက်၏။

သူ့အသက်မှာ ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အရာဖြစ်ရာ ယခုအခါ သူ၏ အသက်မှာ ချင်ရန် လက်ထဲသို့ ရောက်နေသဖြင့် မည်သည့် အခြေအနေမျိုးကိုမဆို သူ သဘောတူရပေတော့မည်။

သူဌေးကြီး၏ အမိန့်အရ လုံခြုံရေးများမှာ သေနတ်များကို အောက်ချလိုက်ကြရသည်။

ဆယ်မီတာခန့် အကွာတွင် ရှိနေသော အိမ်တော်ထိန်းမှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်နေမိသည်။

'ဒီလူက ဘယ်လိုလုပ်ပြီး အထဲအထိ ရောက်လာတာလဲ'

ထိုအချိန်တွင် သူဌေးကြီးနှင့် အိမ်တော်ထိန်းတို့မှာ ချင်ရန်၏ အမှတ်အသားကို ရိပ်မိသွားကြသည်။

သူသည် တစ်ယောက်တည်း လာခဲ့သော ရဲအရာရှိ ဖြစ်ရပေမည်။

လက်နက်ကိုင် အစောင့်အကြပ် ဒါဇင်ပေါင်းများစွာကြားမှ သူသည် မည်သို့များ ထိုးဖောက်ဝင်ရောက်လာနိုင်သနည်း။

လူဒါဇင်ပေါင်းများစွာကို တစ်ကိုယ်တည်း ကျော်ဖြတ်လာနိုင်ခြင်းမှာ အထူးတပ်ဖွဲ့ဝင်များပင် မလုပ်နိုင်သော ကိစ္စမျိုးပင် ဖြစ်၏။

*ဝုန်း*

ထိုစဉ် ဗီလာတံခါးကြီး ပွင့်ထွက်သွားပြီး အပြင်မှ လုံခြုံရေး ဒါဇင်ပေါင်းများစွာ ပြေးဝင်လာကြသည်။

သို့သော် သူတို့ မြင်တွေ့လိုက်ရသည်မှာ ဧည့်ခန်းမကြီးအတွင်းရှိ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

လုံခြုံရေး ၂ ဦးမှာ မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေပြီး ကျန် ၃ ဦးမှာ သေနတ်များကို မြေပြင်ပေါ်သို့ ချထားကြ၏။

အလယ်တွင်မူ သွေးချင်းနီနေသော အမျိုးသားတစ်ဦး၏ ဓားမိုးခြင်းကို ခံထားရသည့် သူတို့သူဌေးကြီး ရှိနေလေတော့သည်။

140

လုံခြုံရေး အစောင့်အကြပ်အားလုံးမှာ မှင်တက်သွားကြ၏။

ထိုရဲအရာရှိသည် လူအုပ်ကြီး၏ တရစပ်ပစ်ခတ်မှုကြားမှ ဖောက်ထွက်လာရုံသာမက ဗီလာအတွင်းသို့ပါ ထိုးဖောက်ဝင်ရောက်ကာ သူတို့၏ ခေါင်းဆောင်ကို ဓားစာခံအဖြစ် ဖမ်းဆီးနိုင်ခဲ့သည်။

ယခုအခါ သူတို့ဘက်တွင် လူ ၃၀ ကျော်ရှိပြီး အားလုံးမှာ သေနတ်ကိုယ်စီ ကိုင်ထားကြသော်လည်း ချင်ရန်ကို တစ်စုံတစ်ရာ မပြုလုပ်နိုင်ဘဲ ဖြစ်နေကြသည်။

သူတို့သည် သေနတ်မပစ်ရဲကြချေ။

အကယ်၍ ပစ်လိုက်ပါက သူဌေးကြီးကို ထိမှန်သွားနိုင်ပြီး ချင်ရန်ကို သတ်နိုင်ခဲ့လျှင်ပင် သူတို့အတွက် အကျိုးမရှိနိုင်တော့ချေ။

သူဌေးကြီးသည် သူတို့၏ ကျေးဇူးရှင် ဖြစ်သည်။

အကယ်၍ သူဌေးကြီးသာ သေဆုံးသွားပါက သူတို့တွင် ဝင်ငွေလမ်းကြောင်း ပြတ်တောက်သွားမည့်အပြင် အဖွဲ့အစည်း၏ အစဖျောက်ရှင်းလင်းမှုကိုပါ ခံရနိုင်သဖြင့် အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းနေသည်။

ဤအချိန်တွင် ချင်ရန်သည် ဗီလာအတွင်း၌ ပိတ်မိနေသည့်တိုင် သေနတ်သမားများ၏ ဝိုင်းရံထားခြင်းကို ခံနေရ၏။

အကယ်၍ ထိုလူ ၃၀ ကျော်ကသာ တပြိုင်နက်တည်း ပစ်ခတ်လိုက်လျှင် ချင်ရန်မှာ မည်မျှပင် အရှိန်မြန်ပါစေ၊ သေချာပေါက် အသက်ပျောက်သွားပေလိမ့်မည်။

"မင်းတို့တွေ... သေနတ်တွေကို အခုချက်ချင်းချလိုက်၊ အောက်ကို ချလိုက်စမ်း"

သူဌေးကြီးက ဟိန်းဟောက်လိုက်သည်။

သူ၏ လည်ချောင်းမှာ တုန်ရီနေသဖြင့် ဓားသွားနှင့် ထိမိကာ သွေးများ စိမ့်ထွက်လာ၏။

သူဌေးကြီးမှာ အလွန်အမင်း ထိတ်လန့်နေပြီ ဖြစ်သည်။

သူ၏ အသက်မှာ အလွန်တန်ဖိုးရှိလှသဖြင့် ဤနေရာတွင် အသေမခံနိုင်ပေ။

"ဘာရပ်ကြည့်နေကြတာလဲ၊ ချလိုက်ဆို ချလိုက်လေ"

အယောက် ၃၀ ကျော်သော အစောင့်များမှာမူ ဘာလုပ်ရမှန်းမသိဘဲ ကြောင်ရပ်နေသည်ကို မြင်သောအခါ သူဌေးကြီးက ထပ်မံ အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ချင်ရန်က သူ့လက်ထဲရှိ ဓားကို ပို၍ ဖိထားသည်ကို မိမိသည် အထင်အရှား ခံစားနေရသောကြောင့်ပင် ဖြစ်သည်။

*ဝုန်း*

သူဌေးကြီး၏ အမိန့်ကြောင့် သေနတ် ၃၀ ကျော်မှာ မြေပြင်ပေါ်သို့ ပြိုင်တူ ကျသွားတော့သည်။

အစောင့်အုပ်စုမှာ နာခံခြင်းမှအပ အခြားရွေးချယ်စရာ မရှိတော့ချေ။

"ကဲ... ငါ့လူတွေ လက်ထဲက သေနတ် အကုန်ချပြီးပြီ၊ စိတ်အေးအေးထားပါ၊ ငါတို့တွေ အေးအေးဆေးဆေး စကားပြောလို့ရပါတယ်၊ မင်း ဘာလိုချင်လဲသာ ပြောပါ၊ လုပ်ပေးနိုင်တာ မှန်သမျှ အကုန်လုပ်ပေးပါ့မယ်"

သူဌေးကြီးမှာ သူ၏ နောက်ကွယ်မှ ချင်ရန်ကို လှမ်း၍ ဖျောင်းဖျလိုက်သည်။

ထိုအခါ ချင်ရန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။

"ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက် ခင်ဗျားတို့လက်ထဲ ရောက်နေတယ်၊ သူတို့ အသက်ရှင်နေသေးလား၊ သေပြီလားဆိုတာ အခုထိ ကျွန်တော် မသိဘူး"

ထိုစကားကို ကြားလိုက်ရသောအခါတွင် သူဌေးကြီးက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး ချော့မော့ကာ ပြောလေသည်။

"သူတို့... သူတို့ မသေသေးပါဘူး၊ ငါ အခုချက်ချင်း ဖုန်းဆက်လိုက်မယ်လေ"

သူဌေးကြီးသည် အိမ်တော်ထိန်းဘက်သို့ ချက်ချင်းလှည့်ကာ အော်လိုက်သည်။

"ဆရာဝန်ကို ဖုန်းဆက်စမ်း၊ အခုချက်ချင်း လုပ်နေတာတွေကို ရပ်ခိုင်းလိုက်၊ အခုချက်ချင်း ရပ်ခိုင်းစမ်း"

ထိုအခါမှ အိမ်တော်ထိန်းသည် ပျာပျာသလဲဖြင့် ဖုန်းထုတ်ကာ ဆရာဝန်ထံသို့ ဖုန်းဖြင့် ခေါ်ဆိုလိုက်လေသည်။

ဤအချိန်တွင်မူ ရွာ၏ လျှို့ဝှက်ဆေးခန်းအတွင်း၌ ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့မှာ အင်္ကျီများ အချွတ်ခံထားရပြီး ခွဲစိတ်မှု မည်သို့ပြုလုပ်မည်ကို ဆရာဝန်များက တိုင်ပင်ဆွေးနွေးနေကြသည်။

မေ့ဆေးဆရာဝန်က မေ့ဆေးပေးရန် ပြင်ဆင်နေစဉ်မှာပင် တစ်ဖက်မှ ဖုန်းဝင်လာခဲ့သည်။

"ဟဲလို အိမ်တော်ထိန်းကြီး... ဘာများ ကူညီပေးရမလဲ"

လက်ထဲတွင် ခွဲစိတ်ဓားကို ကိုင်ထားသော ဆရာဝန်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့မှာမူ သူတို့၏ ခန္ဓာကိုယ်များ ခွဲစိတ်ခံရတော့မည်ကို သိနေသဖြင့် ရင်ထဲတွင် ချောက်နက်ကြီးထဲသို့ တွန်းချခံလိုက်ရသကဲ့သို့ ဟာလာဟင်းလင်းဖြစ်ကာ တုန်လှုပ်နေကြသည်။

အကယ်၍ ယခုတစ်ကြိမ်တွင် သူတို့ သေဆုံးသွားခဲ့ပါလျှင် နောက်ထပ် ပြန်နိုးလာတော့မည် မဟုတ်ချေ။

ချန်ဟောက်နှင့် ချောင်ကျန့်ကျွင်းတို့သည် သူတို့၏ သားသမီးများ၊ မိဘများနှင့် ချစ်လှစွာသော မိသားစုဝင်များ၊ သူငယ်ချင်းများကို သတိရနေမိကြသည်။

တာဝန်ထမ်းဆောင်ရင်း သေဆုံးရခြင်းဖြစ်ရာ နိုင်ငံအတွက် အနစ်နာခံခြင်းဟု ဆိုနိုင်သဖြင့် သူတို့၏ သေဆုံးမှုမှာ ဂုဏ်သိက္ခာမဲ့သည်ဟု မဆိုနိုင်ပေ။

သို့သော် မိသားစုဝင်များကို နောက်ဆုံးအကြိမ်အဖြစ် မတွေ့လိုက်ရသည်မှာ နှမြောစရာပင် ကောင်းလှ၏။

ချောင်ကျန့်ကျွင်းက ရုတ်တရက် ပြုံးလိုက်ပြီး ချန်ဟောက်ကို ကြည့်ကာ အားပေးလိုက်သည်။

"ဟေ့... လူအိုကြီးချန်၊ နောင်ဘဝမှ ပြန်ဆုံကြတာပေါ့ ဒါပေမဲ့ စိတ်မပူနဲ့၊ ငါတို့အတွက် ကလဲ့စားချေပေးမယ့်သူ သေချာပေါက် ရှိလာမှာပါကွ"

ချောင်ကျန့်ကျွင်းသည် ချန်ဟောက်အား လှမ်း၍ စနောက်လိုက်သော်လည်း သူသည် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ့လက်ချောင်းများမှာမူ စိတ်၏ အလိုကို မလိုက်နိုင်ဘဲ မသိစိတ်မှ ကြောက်ရွံ့မှုကြောင့် တုန်ရီနေကြ၏။

ထိုစဉ် မေ့ဆေးဆရာဝန်၏ အသံမှာ အခန်းတွင်း၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ရပ်ရမယ် ဟုတ်လား ဒါပေမဲ့ ကျွန်တော်တို့ အကုန်လုံး ပြင်ဆင်ပြီးသွားပြီလေ၊ အခုမှ ရပ်လိုက်ရင် အများကြီး ဆုံးရှုံးသွားလိမ့်မယ် အိမ်တော်ထိန်းကြီး"

ဆရာဝန်က ဇဝေဇဝါဖြစ်ကာ ဖုန်းတစ်ဖက်မှ ပြောကြားချက်ကို မျက်မှောင်ကြုတ်၍ နားထောင်နေ၏။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ရပ်ပါ့မယ်၊ ကျွန်တော်တို့ အခုပဲ ရပ်လိုက်ပါ့မယ်၊ စိတ်မဆိုးပါနဲ့ခင်ဗျာ"

ဖုန်းတစ်ဖက်မှ ဒေါသတကြီး အော်ဟစ်နေသည့် အသံများ ထွက်ပေါ်လာပုံရသဖြင့် ဆရာဝန်က အမြန် ပြန်လည်ဖြေကြားလိုက်သည်။

ထို့နောက် ဖုန်းကျသွားတော့သည်။

ဆရာဝန်က အကူအညီမဲ့စွာဖြင့် သူ့အဖွဲ့သားများကို လှမ်းပြောလိုက်၏။

"သူဌေးကြီးက ခွဲစိတ်မှုကို ချက်ချင်း ရပ်ခိုင်းလိုက်တယ်၊ ဒီနှစ်ယောက်ကို ဒီအတိုင်းပဲ ပြန်ချည်ထားလိုက်တော့"

"အကုန်အဆင်သင့် ဖြစ်ကာမှ ဘာလို့ ရုတ်တရက်ကြီး ရပ်ခိုင်းလိုက်တာလဲ မသိဘူး၊ စိတ်ပျက်စရာကြီး"

မေ့ဆေးဆရာဝန်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

"ကဲပါ... ငါတို့က သူဌေးကြီး ကျွေးတဲ့ထမင်း စားနေရတာဆိုတော့ သူခိုင်းတဲ့ အတိုင်း လုပ်ရမှာပေါ့"

ဆရာဝန်က လက်ကာပြလိုက်သည်နှင့် ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့မှာ ကြောင်အသွားကြ၏။

'ဒါပဲလား'

သူတို့နှစ်ဦးစလုံးမှာ ထာဝရ အိပ်စက်ခြင်းအတွက် ကြိုတင်ပြင်ဆင်ထားပြီးမှ ဖုန်းတစ်ကောကြောင့် အရာအားလုံး ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ တစ်စက္ကန့်ချင်းစီက အဖိုးတန်နေပြီဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

အချိန်အနည်းငယ်မျှ ထပ်စောင့်နိုင်လျှင် ကယ်တင်ခြင်း ခံရနိုင်ခြေ ရှိ၏။

ချောင်ကျန့်ကျွင်း၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

သူ မသေချင်သေးချေ။

သူ့တွင် သမီးလေး၊ ဇနီးသည်နှင့် မိဘများ ရှိသေးသည်။

သူ သေဆုံးသွားခဲ့လျှင် သူတို့ မည်မျှအထိ ဝမ်းနည်းကြေကွဲကြမည်ကို သူမသိပေ။

"လူအိုကြီးချန်၊ ငါတို့ ခဏစောင့်ကြည့်ကြရအောင်၊ ငါတို့ကို လာကယ်မယ့်သူ သေချာပေါက် ရှိလိမ့်မယ်"

ချောင်ကျန့်ကျွင်း ယုံကြည်မှုအပြည့်ဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။

ထိုအခါ ချန်ဟောက်ကလည်း ခေါင်းညိတ်ကာ ချင်ရန်ကို သတိရလိုက်မိ၏။

ချင်ရန်သည် သူတို့ ပြန်ပေးဆွဲခံရသည်ကို စခန်းမှူး ဝမ်ရှောင်ရီထံ သေချာပေါက် အကြောင်းကြားပြီးဖြစ်မည်မှာ ဧကန်မလွဲပင်။

ဖိန်လင်ဗဟိုရဲစခန်းမှလည်း အနောက်တောင်ဘက်သို့ သတင်းပေးထားလောက်ပြီ ဖြစ်သည်။

ထို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့ မည်သည့်အချိန်တွင် ရောက်လာမည်ကိုသာ သူတို့ စောင့်မျှော်နေကြသည်။

သို့သော် သူတို့နှစ်ဦးစလုံး စိတ်ကူးပင် မယဉ်ခဲ့မိသည့် အချက်မှာ ချင်ရန်ကိုယ်တိုင် ကျည်ဆန်မိုးများကြားမှ အသက်စွန့်ကာ တစ်ယောက်တည်း ဤနေရာအထိ ရောက်ရှိလာလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။

ဗီလာအတွင်း၌မူ အိမ်တော်ထိန်းကြီးသည် ဖုန်းချလိုက်ပြီးသည်နှင့် ချင်ရန်ကို အမြန် ပြောလိုက်၏။

"ကျွန်တော် ဖုန်းဆက်ပြီးပါပြီ၊ အားလုံး အဆင်ပြေသွားပါပြီ၊ ခင်ဗျားရဲ့ သူငယ်ချင်းနှစ်ယောက် ဘာအန္တရာယ်မှ မရှိတော့ပါဘူး၊ စိတ်ချပါ"

ချင်ရန်၏ လက်မောင်းမှ သွေးများမှာ တရစပ် စီးကျနေပြီး မြေပြင်ပေါ်တွင် အိုင်ထွန်းနေပြီ ဖြစ်သည်။

သူ၏ မျက်နှာမှာလည်း သွေးဆုတ်ကာ ဖြူလျော်နေသော်လည်း သူ့မျက်ဝန်းများမှာမူ စူးရှနေဆဲဖြစ်ပြီး လက်မောင်းမှ ခွန်အားများမှာလည်း တစ်ချက်မျှ လျော့ပါးသွားခြင်း မရှိချေ။

"စိတ်အေးအေးထားပါ၊ ခင်ဗျား ဒဏ်ရာရထားတယ်၊ ကျွန်တော်တို့ ကုသပေးပါ့မယ်၊ မဟုတ်ရင် ခင်ဗျားရဲ့ လက်မောင်းက ပျက်စီးသွားလိမ့်မယ်"

သူဌေးကြီးက ၎င်းကို မြင်သောအခါ အသံတိုးတိုးဖြင့် ဖျောင်းဖျလိုက်သည်။

ချင်ရန် မျက်လုံးများကို မှေးစင်းကာ သူဌေးကြီး၏ ထိုစကားများကို လျစ်လျူရှုလိုက်၏။

"စကားအပိုတွေ ပြောမနေနဲ့၊ အခုချက်ချင်း ကျုပ်လူတွေကို ဒီကို ခေါ်လာခဲ့"

၎င်းကို ကြားလိုက်ရသောအခါ သူဌေးကြီးမှာ အံကို ခပ်တင်းတင်းကြိတ်ကာ အိမ်တော်ထိန်းကြီးကို အမိန့်ပေးလိုက်သည်။

"ကျုပ်ပြောတာ မကြားဘူးလား၊ အမြန်သွားပြီး သူတို့ကို ဒီကို ခေါ်လာခဲ့"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့"

အိမ်တော်ထိန်းကြီးမှာ ပျာပျာသလဲ ပြောပြီးနောက် လုံခြုံရေး အစောင့်နှစ်ဦးကို စေလွှတ်ကာ ချင်ရန်၏ လူနှစ်ယောက်အား ချက်ချင်း သွားခေါ်ခိုင်းလိုက်၏။

"ကျုပ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အသက်ရှင်နေသေးလား၊ သေနေပြီလားဆိုတာ ကျုပ်မျက်စိနဲ့ အသေအချာမြင်မှ ဖြစ်မယ်"

ချင်ရန်၏ အသံမှာ အေးစက်လှပြီး ပြင်းထန်သော ခြိမ်းခြောက်မှုများ ပါရှိနေသည်။

ထိုအခါ သူဌေးကြီးက တုန်ရီသော အသံဖြင့် ပြောလိုက်၏။

"မင်းက ရဲတစ်ယောက်ပဲလေ၊ အခုလို လူတွေကို ကိုယ့်သဘောနဲ့ကိုယ် လိုက်ပြီး အပြစ်ပေးနေလို့ မရဘူးလေ"

ချင်ရန်မှာ တည်ငြိမ်နေဆဲဖြစ်ပြီး မည်သည်မျှ ပြန်မပြောချေ။

သူ၏ ခပ်တင်းတင်း မျက်နှာထားက သူသည် မိမိကို အချိန်မရွေး သတ်ပစ်ရဲသည့် သတ္တိရှိကြောင်းကို သူဌေးကြီးအား အပြည့်အဝ ယုံကြည်သွားစေသည်။

ငါးမိနစ်ခန့် ကြာပြီးနောက် လုံခြုံရေးအစောင့်များသည် လက်ပြန်ကြိုးတုပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးကို ခေါ်ဆောင်လာခဲ့ကြသည်။

ထိုသူများမှာ အခြားသူမဟုတ်ဘဲ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ပင် ဖြစ်ကြ၏။

သူတို့နှစ်ဦးသည် ဗီလာအတွင်းသို့ ဝင်လိုက်သည်နှင့် ချင်ရန်က အဘိုးအိုတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းထားသည့် မြင်ကွင်းအား မြင်တွေ့လိုက်ရတော့သည်။

ချောင်ကျန့်ကျွင်းမှာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်လောက်အောင် အံ့ဩသွားရ၏။

"ချင်ရန်... မင်း၊ မင်း ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ"

ချန်ဟောက်သည်လည်း အံ့ဩလွန်းသဖြင့် စကားပင် မပြောနိုင်တော့ချေ။

လက်နက်ကိုင် အစောင့်အကြပ် ဒါဇင်ပေါင်းများစွာရှိသော ဤကဲ့သို့သော အန္တရာယ်ရှိသည့် နေရာသို့ ချင်ရန်သည် လက်နက်မပါဘဲ တစ်ယောက်တည်း ဤနေရာသို့ ထိုးဖောက်ဝင်ရောက်လာခြင်းမှာ သေတွင်းထဲ ဆင်းခြင်းနှင့် အတူတူပင် မဟုတ်ပါလား။

သို့သော် ချင်ရန်သည် အမှန်တကယ်ပင် ရောက်ရှိလာခဲ့ရုံသာမက ဂိုဏ်းခေါင်းဆောင်ကိုပါ ဓားစာခံအဖြစ် ဖမ်းဆီးထားနိုင်သဖြင့် ထိုလူမိုက်များမှာလည်း မည်သို့မျှ မလုပ်ရဲဘဲ ကြောင်ရပ်နေကြရသည်။

ချင်ရန်သည် ချန်ဟောက်တို့နှစ်ဦး ဘေးကင်းသည်ကို မြင်လိုက်ရသောအခါမှသာ စိတ်အေးသွားပြီး သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။

All Chapters