အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
141
"ခေါင်းဆောင်တို့ နှစ်ယောက်လုံး ဘာမှမဖြစ်တာ တော်သေးတာပေါ့၊ ကျွန်တော်တို့က ရဲဘော်ရဲဘက်တွေပဲလေ၊ ဘယ်လိုလုပ် ပစ်ထားခဲ့လို့ ရမှာလဲ"
ချင်ရန်က ပြောလိုက်၏။
ဤသည်ကို ကြားလိုက်ရသည့်အခါတွင် ချန်ဟောက်တို့နှစ်ဦးစလုံးမှာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။
ချင်ရန်၏ သတ္တိမှာ တကယ့်ကို အံ့ဩဖွယ် ကောင်းလှသည်။
အကယ်၍ သူတို့သာဆိုလျှင် ဤကဲ့သို့ လုပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ကြောက်ရွံ့၍ မဟုတ်ဘဲ တစ်ယောက်တည်း ခြင်္သေ့တွင်းထဲသို့ ခြေစုံပစ်ဝင်ပြီး ယခုကဲ့သို့ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိကိုယ်မိမိ သိထားကြသောကြောင့် ဖြစ်သည်။
ထိုကဲ့သို့သော ယုံကြည်မှုမျိုးမှာ ချင်ရန်တစ်ယောက်တည်းတွင်သာ ရှိနိုင်ပေလိမ့်မည်။
"မင်းရဲ့ သူငယ်ချင်းတွေလည်း ဘာမှမဖြစ်တော့ဘူးဆိုတော့ အခု ငါ့ကို လွှတ်ပေးလို့ ရပြီလား"
သူဌေးကြီးက တုန်ရီသော အသံဖြင့် မေးလိုက်၏။
ထိုအရူးက သူ့ကို တကယ်ပင် ထိတ်လန့်သွားစေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့ ရူးသွပ်သော လုပ်ရပ်မျိုး လုပ်ရဲသူကို တစ်သက်နှင့်တစ်ကိုယ် သူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။
ထိုစဉ်မှာပင် အဝေးမှနေ၍ အသံတစ်ခု တဖြည်းဖြည်း နီးကပ်လာသည်။
*ဝီ... ဝီ... ဝီ*
ရဲကားဥဩသံကို ကြားလိုက်ရသည့်အခါတွင် ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့မှာ အလွန်အမင်း ဝမ်းသာသွားကြ၏။
သူတို့ တွေးတောလိုက်မိ၏။
'ဒါ ရဲကားဥဩသံပဲ၊ ဒါဆို ရဲကားတွေ လာနေပြီ၊ ငါတို့ကို လာကယ်ကြတာပေါ့'
ရဲကားဥဩသံများကို နားထောင်ခြင်းအားဖြင့် အနည်းဆုံး ရဲကားလေးစီးခန့် ပါဝင်နိုင်ကြောင်း ခန့်မှန်းရသည်။
"တောက်... ရဲတွေ ရောက်လာပြီ"
သူဌေးကြီး၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွား၏။
သူ ကျွေးမွေးထားသော အဆက်အသွယ်များအရဆိုလျှင် ရဲများက ဝင်ရောက်စီးနင်း တိုက်ခိုက်မည်ဆိုပါက သူသည် ကြိုတင်သိရှိနေရမည် ဖြစ်သည်။
သို့သော် ယခုမူ မည်သည့်သတင်းစကားမျှ ကြိုတင်မရရှိခဲ့ချေ။
ချင်ရန်မှာမူ ထိုအသံကို ကြားရသောအခါမှ သက်ပြင်းချနိုင်တော့သည်။
သူသည် ဤနေရာမှ မည်သို့ ပြန်ထွက်ရမည်ကို စိုးရိမ်နေခဲ့ပြီး ယခု အနောက်တောင်ဘက်မှ ရဲများ ရောက်ရှိလာပြီဖြစ်ရာ လက်တလော ဘေးကင်းသွားပြီဟု ဆိုနိုင်သည်။
ဝမ်ရှောင်ရီနှင့် ဖိန်လင်မြို့ ညွှန်ကြားရေးမှူးချုပ်တို့က အနောက်တောင်ဘက် နယ်စပ်ဒေသရှိ အာဏာပိုင်များကို သေချာပေါက် အကြောင်းကြားထားပြီးဖြစ်ရာ မည်သည်မျှ လွဲချော်စရာ အကြောင်းမရှိတော့ချေ။
မကြာမီမှာပင် ရဲကားများ၏ အချက်ပေးအလင်းရောင်များ လက်ခနဲ လင်းလာပြီး ခြေသံများ ဆူညံသွားကာ လူအနည်းဆုံး ၃၀ ကျော်ခန့် ရောက်ရှိလာကြသည်။
ချင်ရန် ဝေ့ကြည့်လိုက်ရာ လက်နက်အပြည့်အစုံ ပါရှိသော အထူးရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ခန့် ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။
"လူတွေ အများကြီးပါလား"
ချင်ရန်ပင် အံ့ဩသွားမိသည်။
"ဘယ်သူမှ မလှုပ်နဲ့၊ အားလုံး လက်ကို ခေါင်းပေါ်တင်ပြီး ထိုင်ချလိုက်ကြ၊ ထိုင်လိုက်စမ်း"
အသံချဲ့စက်မှတစ်ဆင့် အမိန့်ပေးသံတစ်ခု ဟိန်းထွက်လာသည်။
ချင်ရန်မှာမူ သူဌေးကြီး၏ လည်ပင်းကို ဆက်လက်၍ ဓားမိုးထားဆဲ ဖြစ်၏။
"ခင်ဗျားရဲ့ လူတွေကို ငါပြောတဲ့အတိုင်း လုပ်ခိုင်းလိုက်"
ချင်ရန်က အေးစက်စွာ ပြောလိုက်သည်။
"အေးပါ... အေးပါ၊ ဟေ့ကောင်တွေ... ငါပြောတဲ့အတိုင်း အမြန်လုပ်ကြစမ်း"
သူဌေးကြီးက ပျာပျာသလဲ အော်ဟစ်လိုက်၏။
ရဲများ ရောက်လာသော်လည်း သူဌေးကြီးအတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေသေးသည်။
သူ့အဆက်အသွယ်များဖြင့် ကြိုးစားကြည့်လျှင် သေဒဏ်မှ ကင်းလွတ်နိုင်သေး၏။
ထို့နောက် လုံခြုံရေးအစောင့်အားလုံး လက်ကို ခေါင်းပေါ်တင်ကာ ထိုင်ချလိုက်ကြသည်။
အထူးရဲတပ်ဖွဲ့ဝင်များမှာ ဗီလာအတွင်းသို့ တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်လာကြ၏။
ချင်ရန်လည်း အလားတူပင် လက်ကို ခေါင်းပေါ်တင်ကာ ထိုင်ချလိုက်သည်။
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်တွင် သူ့အထောက်အထားကို မစစ်ဆေးရသေးသဖြင့် ရဲများ၏ အမြင်တွင် သူသည်လည်း သံသယရှိသူ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
မကြာမီမှာပင် လုံခြုံရေးအစောင့်အုပ်စုကြီးကို ဗီလာ၏ အလယ်ဗဟိုသို့ စုမောင်းလိုက်ပြီး သေနတ်များဖြင့် ဝိုင်းထားလိုက်ကြ၏။
ထိုစဉ် အထူးရဲတပ်ဖွဲ့ခေါင်းဆောင်က ပြတ်သားသော ခြေလှမ်းများဖြင့် လျှောက်လာကာ ပတ်ဝန်းကျင်ကို စူးရှစွာ ကြည့်ရင်း အော်လိုက်သည်။
"ချင်ရန်၊ ချောင်ကျန့်ကျွင်း၊ ချန်ဟောက် ဆိုတာ ဘယ်သူတွေလဲ၊ အဲဒီလူတွေ ဒီထဲမှာ ရှိလား"
"ကျွန်တော်က ချင်ရန်ပါ"
ချင်ရန်က လက်ထောင်ပြလိုက်၏။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ကလည်း အမြန်လက်ထောင်ပြကာ သူတို့၏ ဝတ်စုံအတွင်းမှ ရဲအရာရှိတံဆိတ်များကို ထုတ်ပြလိုက်ကြသည်။
အထူးရဲခေါင်းဆောင်က လက်မှတ်များကို စစ်ဆေးပြီး ခေါင်းညိတ်ပြ၏။
"တကယ်ပဲ ခင်ဗျားတို့ ဖြစ်နေတာပဲ၊ ခင်ဗျားတို့ ဒီကို အမှုတစ်ခုနဲ့ လာရင်း အခုလို ဖြစ်သွားရတာ တကယ်ပဲ စိတ်မကောင်းပါဘူး၊ ဒါ ကျွန်တော်တို့ရဲ့ အားနည်းချက်ပါပဲ"
အထူးရဲခေါင်းဆောင်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့လည်း ဒီမြို့ရဲ့ နောက်ကွယ်က အခြေအနေတွေကို စုံစမ်းနေတာပါ၊ ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာလည်း အကျင့်ပျက်ခြစားနေတဲ့သူ အချို့ရှိနေတာကို တွေ့ရှိထားပါတယ်၊ စိတ်ချပါ... အားလုံးကို ထိထိရောက်ရောက် အရေးယူသွားမှာပါ"
၎င်းကို ကြားလိုက်ရသည့်အခါ သူဌေးကြီးမှာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။
သူ့ကို သတင်းပေးနေကျလူမှာ အဖမ်းခံလိုက်ရပြီဖြစ်ကြောင်း သူ သိလိုက်ရပြီ။
ဘာကြောင့် ဒီလောက်ကြာအောင် သတင်းမရခဲ့တာလဲဆိုသည်မှာ ယခုမှ ရှင်းသွားတော့၏။
ထိုအခိုက်တွင် သူဌေးကြီး၏ ရင်ထဲ၌ စိုးရိမ်ကြောင့်ကြမှုများဖြင့် အေးစက်သွားတော့သည်။
သူ့အဆက်အသွယ်များမှာ မရှိတော့ချေ။
သို့သော်ငြားလည်း မျှော်လင့်ချက် အနည်းငယ်တော့ ၎င်းထံတွင် ကျန်ရှိနေသေးသည်။
အကယ်၍ မိမိသာ အဲဒီအကြီးအကဲတွေကို ဖွင့်ချလိုက်လျှင် သူ၏ ပြစ်ဒဏ်မှာ လျော့ပါးသွားနိုင်သည် မဟုတ်ပါလား။
ယခုအခါ သူဌေးကြီးတွင် သေဒဏ်မှ လွတ်မြောက်ရန်မှအပ အခြားအတွေး မရှိတော့ချေ။
တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကျလျှင်ပင် သူ လက်ခံနိုင်ပေသည်။
ချင်ရန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဒီကမ္ဘာပေါ်မှာ အမှောင်ထုဆိုတာ နေရာတိုင်းမှာ ရှိနေတာပဲလေ"
ထိုအခိုက်မှာပင် ဗီလာရှေ့ရှိ ကွင်းပြင်အတွင်း သေနတ်များဖြင့် ဝိုင်းခံထားရသော အစောင့်များထဲမှ တစ်ဦးက ရုတ်တရက် ထရပ်လိုက်ပြီး သူ့အိတ်ကပ်အတွင်းမှ ပစ္စတိုသေနတ်တစ်လက်ကို ဆွဲထုတ်လိုက်၏။
*ဒိုင်း*
မကြာမီ သေနတ်သံတစ်ချက် ဟိန်းထွက်သွားသည်။
အပစ်ခံလိုက်ရသည့်သူမှာ မည်သူမျှ မထင်ထားသည့် သူဌေးကြီးပင် ဖြစ်၏။
ကျည်ဆန်မှာ သူဌေးကြီး၏ နဖူးတည့်တည့်သို့ တိကျစွာ ဖောက်ဝင်သွားပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။
"အု..."
သူဌေးကြီး၏ မျက်လုံးများမှာ မယုံကြည်ခြင်းများဖြင့် ပြူးကျယ်သွားပြီး သူ့ကို ပစ်လိုက်သူအား စိုက်ကြည့်နေမိ၏။
တစ်ခဏအတွင်းမှာပင် သူဌေးကြီးသည် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။
ဤသူမှာ သူလျှိုတစ်ဦး ဖြစ်နိုင်ပြီး သူ အဖမ်းခံရသည့်အခါတွင် မိမိကို သတ်ပစ်ရန် တစ်စုံတစ်ယောက်က စေလွှတ်ထားသော လူသတ်သမား ဖြစ်နိုင်သည်။
'ဘယ်သူများပါလိမ့်'
နောက်ဆုံး အသက်ထွက်ခါနီးအချိန်တွင် သူဌေးကြီးသည် သူ့စီးပွားဖက်များနှင့် နောက်ကွယ်မှ အကာအကွယ်ပေးထားသူများကို ပြန်လည်မြင်ယောင်နေမိသည်။
လုပ်ကြံရန် စေခိုင်းသူများမှာ ၎င်းတို့၏ ရန်သူသူလျှိုများ မဟုတ်ဘဲ မိမိ၏ စီးပွားဖက်များသာ ဖြစ်ပေလိမ့်မည်။
သူဌေးကြီးသည် ဂိုဏ်းတစ်ခုကို ပြေးမြင်လိုက်မိသည်။
'ထာ့ကျိုက်ရွာ'
သို့သော် ထိုစကားများကို ပြောထွက်ရန် သူ အခွင့်အရေး မရလိုက်တော့ဘဲ သူဌေးကြီးသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
"တောက်..."
၎င်းကို မြင်လိုက်ရသည့်အခါ အထူးရဲခေါင်းဆောင်မှာ အလွန်အမင်း ဒေါသထွက်သွားသည်။
သေနတ်ပစ်လိုက်သောလူကို အထူးရဲများက ချက်ချင်း ဝိုင်းအုံကာ မြေပြင်ပေါ်သို့ ဖိချလိုက်ကြ၏။
"အားလုံး ဝပ်နေကြစမ်း၊ မလှုပ်နဲ့"
အထူးရဲများက အော်ဟစ်လိုက်ကြသည်။
ဤအခြေအနေသို့ ရောက်နေသည်အထိ ယခုကဲ့သို့ လုပ်ကြံရဲသည့်လူ ရှိနေသေးသည်မှာ မယုံနိုင်စရာပင် ဖြစ်ချေသည်။
"သေသွားပြီ"
အထူးရဲခေါင်းဆောင်က သူဌေးကြီးအနီးသို့ လျှောက်သွားကာ စစ်ဆေးလိုက်ပြီး သူ၏ မျက်လုံးများမှာ အေးစက်နေသည်။
ထိုသူမှာ ဤနေရာ၏ ခေါင်းဆောင်ဖြစ်ပြီး လျှို့ဝှက်သတင်းများစွာကို သိထားသူ ဖြစ်၏။
သို့သော် ယခုမူ လူယုံတစ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်သွားခဲ့ပြီ။
ဒါသည် တကယ်ကို ထူးဆန်းလှသည်။
"ဒီလူကို သေချာ စုံစမ်းကြစမ်း"
အထူးရဲခေါင်းဆောင်က လက်ကာပြလိုက်ရာ ရဲအရာရှိ နှစ်ဦးမှာ သေနတ်ပစ်သူကို အစောင့်အကြပ်ဖြင့် ခေါ်ဆောင်သွားကြသည်။
ထိုအချိန်တွင် ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့က ခိုလှုံရေးစခန်းတွင် သူတို့ မြင်တွေ့ခဲ့ရသမျှကို အစီရင်ခံကြ၏။
၎င်းကို ကြားလိုက်ရသောအခါ အထူးရဲခေါင်းဆောင်မှာ ထိတ်လန့်သွားပြီး ထိုနေရာသို့ အထူးရဲအယောက် ၂၀ ကို ချက်ချင်း စေလွှတ်လိုက်သည်။
ဤကဲ့သို့သော အမှောင်ဖုံးနေသော နယ်မြေတွင် ဒုစရိုက်ကိစ္စများ မည်မျှအထိ ရှိနေဦးမည်ဆိုသည်ကို သူတို့ မသိနိုင်ချေ။
ချင်ရန်သည် အသတ်ခံလိုက်ရသော သူဌေးကြီးကို အေးစက်စွာ စိုက်ကြည့်နေမိ၏။
ဤကိစ္စ၏ နောက်ကွယ်တွင် ပတ်သက်ဆက်နွှယ်နေသော အရာများစွာ ရှိနေဦးမည်မှာ သေချာသည်။
သူဌေးကြီးကို သတ်လိုက်ရခြင်းမှာ သူက သတင်းများ ဖွင့်ချလိုက်မည်ကို တစ်စုံတစ်ယောက်က ကြောက်လန့်နေသောကြောင့်ပင် ဖြစ်နိုင်သည်။
ဤကဲ့သို့သော လူသတ်သမားထံမှ သတင်းရယူရန်မှာလည်း ခက်ခဲပေလိမ့်မည်။
'ဒီဒေသကတော့...'
ချင်ရန်သည် အနောက်တောင်ဘက် နယ်စပ်ဒေသသို့ ပြောင်းရွှေ့ကာ ရာဇဝတ်မှုများကို ဆက်လက်တိုက်ဖျက်လိုစိတ် ပေါ်လာမိသည်။
သို့သော် ကံမကောင်းစွာဖြင့် သူသည် ဖိန်လင်မြို့မှ ရဲအရာရှိ ဖြစ်နေသဖြင့် ဤမျှဝေးလံသော နေရာသို့ အလွယ်တကူ ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ချေ။
အထူးရဲခေါင်းဆောင်သည် ချင်ရန်၏ လက်မောင်းမှ သွေးများ တရစပ် ထွက်နေသည်ကို သတိပြုမိသွားသည်။
သေချာကြည့်လိုက်သောအခါ ကျည်ဆန်ထိမှန်ထားသဖြင့် လက်မောင်းတွင် သွေးချင်းနီနေသော အပေါက်ကြီးတစ်ခု ဖြစ်နေသည်မှာ ကြောက်စရာ ကောင်းလှ၏။
ချင်ရန်၏ မျက်နှာမှာလည်း သွေးဆုတ်ကာ ဖြူလျော်နေပြီ ဖြစ်သည်။
အထူးရဲခေါင်းဆောင်မှာ ထိတ်လန့်သွားပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ချက်ချင်း ခေါ်လိုက်၏။
"မြန်မြန်လာကြစမ်း၊ ဒီမှာ သေနတ်ဒဏ်ရာရထားတဲ့လူ ရှိတယ်"
"ခင်ဗျား လက်မောင်းမှာ သေနတ်မှန်ထားတာပဲ... နေဦး၊ လက်မောင်းတင် မဟုတ်ဘူး၊ ခြေထောက်မှာပါလား"
အထူးရဲခေါင်းဆောင်မှာ အံ့ဩတုန်လှုပ်သွားရသည်။
သေချာကြည့်လိုက်သောအခါတွင် ချင်ရန်၏ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရှိနေသလို ခြေထောက်နှင့် ခါးတွင်လည်း ကျည်ဆန်စများ မှန်ထားသည်ကို တွေ့လိုက်ရလေတော့သည်။
142
ချင်ရန်၏ တစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီနေပြီး ခန္ဓာကိုယ်နေရာ အတော်များများတွင် ကျည်ဆန်ထိမှန်ထားသည့် ဒဏ်ရာများမှာ ပြင်းထန်လွန်းလှရာ သွေးမည်မျှပင် ဆုံးရှုံးသွားသည်ကို မသိနိုင်ချေ။
အထူးရဲခေါင်းဆောင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ မှင်တက်သွားပြီး ချင်ရန်ကို အနီးဆုံးဆေးရုံသို့ အမြန်ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေရန် အမိန့်ပေးလိုက်သည်။
ချင်ရန်ကို ယာဉ်ပေါ်သို့ တင်ဆောင်ကာ ဆေးရုံသို့ တိုက်ရိုက်ခေါ်ဆောင်သွားခဲ့ကြ၏။
ချင်ရန်တွင် ဒဏ်ရာအများအပြား ရရှိထားပြီး အခြေအနေမှာ စိုးရိမ်ရသော်လည်း ချင်ရန်ကိုယ်တိုင်မှာမူ မည်သည်မျှ ခံစားရပုံမပေါ်ချေ။
အက်ဒရီနယ်လင်ဟော်မုန်း (Adrenaline) များ အရှိန်တက်နေခြင်းကြောင့် သူသည် နာကျင်မှုကိုပင် မေ့လျော့နေခြင်း ဖြစ်နိုင်သည်။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ကိုလည်း ဆေးစစ်ရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြ၏။
ရွာအတွင်း စီးနင်းရှာဖွေမှုများမှာလည်း တစ်ချက်မျှ ရပ်တန့်သွားခြင်း မရှိပေ။
အထူးရဲ ၂၀ ကျော်မှာ ခိုလှုံရေးစခန်းကို ဝင်ရောက်ရှာဖွေရာ အတွင်း၌ တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဤခိုလှုံရေးစခန်းတွင် လူရာပေါင်းများစွာ ရှိနေကြပြီး အဝေးမှကြည့်လျှင် အိမ်မွေးတိရစ္ဆာန်များအလား ထင်မှတ်ရလောက်အောင်ပင် အားလုံးမှာ မြေပြင်ပေါ်၌ ဝပ်နေကြ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေပြီး စကားပြောဆိုသူ အလွန်နည်းပါးလှသည်။
သူတို့၏ ခန္ဓာကိုယ်များတွင် အရိုက်အနှက် မည်မျှခံထားရသည်မသိဘဲ ဒဏ်ရာအနာရွတ်များဖြင့် ပြည့်နှက်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အထူးရဲများမှာ အလွန်ပင် ထိတ်လန့်သွားကြ၏။
'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ၊ ဒီသနားစရာကောင်းတဲ့လူတွေက ဘယ်လောက်တောင် ဒုက္ခတွေ ခံစားခဲ့ရမလဲ'
အထူးရဲများက သူတို့ကို ပြေးကြရန် ပြောသည့်တိုင် အများစုမှာ ရပ်တန့်ကာ စိတ်ဝေဒနာရှင်များအလား တွေဝေနေကြပြီး သူတို့၏ အတွေးအခေါ်များမှာ ရပ်တန့်နေကြသည်။
သို့သော် နောက်ဆုံးတွင်တော့ သူတို့ကို ထိုနေရာမှ အောင်မြင်စွာ ခေါ်ထုတ်လာနိုင်ခဲ့၏။
ဤနေရာမှာ မိစ္ဆာများ၏ စခန်းတစ်ခုဖြစ်ပြီး ၎င်း၏နောက်ကွယ်မှ အကြောင်းရင်းများစွာကို အသေးစိတ် စုံစမ်းစစ်ဆေးရန် လိုအပ်နေသေးသည်။
ထိုသို့ဖြင့် သုံးရက်တာ အချိန်သည် ကုန်လွန်သွားခဲ့သည်။
ချင်ရန်၊ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့သည် ပြီးခဲ့သည့် သုံးရက်လုံးကို ဆေးရုံတွင်သာ ကုန်လွန်စေခဲ့ကြ၏။
ထိုအချိန်အတွင်း၌ အနောက်တောင်ဘက်မှ ရဲအရာရှိကြီးများကလည်း သူတို့ကို ကိုယ်တိုင်လာရောက် တွေ့ဆုံကြပြီး ချင်ရန်၏ လုပ်ရပ်ကို သူရဲကောင်းတစ်ဦးအလား ချီးမွမ်းဂုဏ်ပြုခဲ့ကြသည်။
သူတို့သည် အားပေးစကားများ ပြောကြားကာ သစ်သီးဝလံအချို့ လက်ဆောင်ပေးအပ်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြ၏။
ချင်ရန်၏ ဒဏ်ရာများမှာ သိသိသာသာ သက်သာလာခဲ့ပြီ ဖြစ်ပြီး ကျည်ဆန်ဖောက်ထွက်သွားသော ဘယ်ဘက်လက်မောင်းမှာ အနည်းငယ်တော့ နာကျင်နေသေးသည်။
အခြားပြင်ပဒဏ်ရာများမှာမူ ကျည်ဆန်စများ မှန်ခြင်းသာဖြစ်၍ သိပ်ပြီး မပြင်းထန်လှချေ။
လူငယ်တစ်ဦးပီပီ ချင်ရန်သည် ခွန်အားများ လျင်မြန်စွာ ပြန်လည်ပြည့်ဝလာပြီး ဆေးရုံမှဆင်းရန်ပင် ခွင့်တောင်းလာတော့သည်။
အဘယ်ကြောင့်ဆိုသော် သူတို့ထံ၌ ပြီးမြောက်အောင် လုပ်ဆောင်ရမည့် တာဝန်တစ်ခု ကျန်ရှိနေသောကြောင့် ဖြစ်၏။
ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့က ချင်ရန်ကို ဆေးရုံတွင် နောက်ထပ်ရက်အနည်းငယ်ခန့် ထပ်မံနားယူရန် တိုက်တွန်းခဲ့ကြသော်လည်း ချင်ရန်ကမူ ငြင်းဆန်လိုက်သည်။
ဤကဲ့သို့ နားနေခြင်းမှာ အဓိပ္ပာယ်မရှိဟု ခံစားရသောကြောင့် ဖြစ်၏။
"ချင်ရန်... မင်း တကယ်ပဲ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်မနားချင်ဘူးလား"
ချန်ဟောက်က မေးလိုက်ရာ ချင်ရန် ရယ်မောကာ ပြောလိုက်သည်။
"ကျွန်တော့်မှာ ဘာရောဂါမှ မရှိဘူး၊ ဒီလောက် ဒဏ်ရာလေးက ဘာမှ ဖြစ်မှာမဟုတ်တာ၊ ကဲပါ... ဆေးရုံဆင်းဖို့ သွားပြောပေးပါဦး"
ချင်ရန်က အကြိမ်ကြိမ် တောင်းဆိုသဖြင့် နောက်ဆုံးတွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့သည်။
ဆေးရုံမှ ဆင်းပြီးနောက် သူတို့ကို ကယ်တင်ခဲ့သော အထူးရဲခေါင်းဆောင်မှာ ဆေးရုံသို့ ကိုယ်တိုင်ရောက်ရှိလာခဲ့၏။
သူသည် အထက်လူကြီးများ၏ အမိန့်အရ ချင်ရန်တို့ သွားရမည့် နေရာသို့ လိုက်ပါပို့ဆောင်ပေးရန် ဖြစ်သည်။
"ဟေ့ သူရဲကောင်းကြီး၊ ဆေးရုံမှာ သုံးရက်ပဲ နေပြီးတော့ နေကောင်းသွားပြီလားကွ"
အထူးရဲခေါင်းဆောင်က ပြုံးလျက် နှုတ်ဆက်လိုက်၏။
"နေကောင်းပါတယ်"
ချင်ရန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ မသိဘူး"
"ငါ့ကို လီချွမ်းလို့ပဲ ခေါ်ပါ"
အထူးရဲခေါင်းဆောင်က မိတ်ဆက်လိုက်သည်။
"ခေါင်းဆောင်လီ၊ အဲဒီရွာရဲ့ အခြေအနေက အခု ဘယ်လိုရှိလဲဗျ"
ချင်ရန်က မေးလိုက်၏။
၎င်းကို ကြားလိုက်သောအခါ လီချွမ်း၏ မျက်နှာမှာ တည်ကြည်သွားသည်။
"အဲဒီရွာမှာ ဒုစရိုက်မှုတွေ အများကြီးပဲ ပြီးတော့ အဲဒီရွာရဲ့ ရှိသမျှ ရွာသားနှစ်ရာကျော်စလုံးက ရာဇဝတ်မှုတွေ ကျူးလွန်ထားကြတဲ့သူတွေချည်းပဲ"
"တစ်ရွာလုံး..."
ချင်ရန်မှာ အံ့ဩသွားမိသည်။
"ဟုတ်တယ် တစ်ရွာလုံးပဲ၊ အဲဒီရွာက လူတိုင်း လူတိုင်းက ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေကြတာဆိုတော့ ဒီအမှုကို စီရင်ချက်ချဖို့ တော်တော်လေး လက်ဝင်လိမ့်မယ်"
ထိုစကားကြောင့် ချင်ရန်တို့ သုံးဦးစလုံးမှာ တိတ်ဆိတ်သွားကြ၏။
လူရာပေါင်းများစွာကို ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများအတွက် မည်သို့ ပြစ်ဒဏ်ချမှတ်ရမည်ဆိုသည်မှာ အာဏာပိုင်များအတွက် တော်တော်လေး ခေါင်းခဲစရာ ဖြစ်နေသည်။
"ဒီရွာက ဟီးရိုးအင်း ထုတ်လုပ်ရုံတင်မကဘူး၊ ကိုယ်တွင်းအင်္ဂါ ရောင်းဝယ်ဖောက်ကားမှုတွေမှာပါ ပါဝင်ပတ်သက်နေကြတာ၊ အရင်ကဆို တခြားနေရာက လာတဲ့ ခရီးသွားတွေကို သူတို့က ဖမ်းဆီးထားခဲ့ကြတယ်၊ မင်းတို့တွေ့ခဲ့တဲ့ ခိုလှုံရေးစခန်းမှာ အကျဉ်းချခံထားရသူတွေ အားလုံးက နယ်ဝေးက လာတဲ့ ခရီးသွားတွေပဲ၊ ကံကောင်းလို့သာ သူတို့ကို ကယ်ထုတ်လာနိုင်ခဲ့တာ"
လီချွမ်း၏ လေသံမှာ အနည်းငယ် စိတ်မကောင်းဖြစ်နေပုံရ၏။
ဤလူမိစ္ဆာများသည် ထောင်ဒဏ်မဟုတ်ဘဲ သေဒဏ်နှင့်သာ ထိုက်တန်သောသူများ ဖြစ်ကြသည်။
ချင်ရန်တို့ သုံးဦးသည် လီချွမ်း၏ ကားပေါ်သို့ တက်လိုက်ကြ၏။
လမ်းတစ်လျှောက်တွင်လည်း လီချွမ်းက သိလိုသည်များကို မေးမြန်းလေသည်။
"ချင်ရန်... မင်းတို့ ဒီကို ဘာတာဝန်နဲ့ လာတာလဲ"
ချင်ရန် အမှန်အတိုင်း ပြောပြလိုက်ရာ လီချွမ်းက နားထောင်ပြီးနောက် ခေါင်းခါလိုက်ကာ စိတ်မကောင်းစွာဖြင့် ပြောလေ၏။
"လစာကောင်းတဲ့ အလုပ်အကိုင် ကြော်ငြာတွေကို ယုံပြီး လိမ်လည်ခံရတဲ့သူတွေက အများကြီးပဲဗျာ၊ ပြည်ပကို နည်းမျိုးစုံနဲ့ ပို့ဆောင်ခံရတဲ့လူတွေကလည်း မနည်းဘူး၊ ဒါတွေကို မြင်ရတာ တကယ်ပဲ သက်ပြင်းချမိပါတယ်၊ ငါတို့က နှစ်စဉ်နှစ်တိုင်း အဆက်မပြတ် ပညာပေးမှုတွေ လုပ်နေပေမဲ့ လူအချို့ကတော့ ပြည်ပမှာ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ပဲ စိတ်ကူးနေကြတုန်းပဲ"
လီချွမ်းအနေဖြင့် ထိုကဲ့သို့သော ကိစ္စမျိုးနှင့် ခဏခဏ ကြုံဖူးနေပုံရသည်။
ချင်ရန်က ပခုံးတွန့်ကာ သူ့တာဝန်ကို ပြောပြလိုက်၏။
"ဘာပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ တာဝန်ကတော့ ရိုးရှင်းပါတယ်၊ သူတို့ကို ပြန်ခေါ်သွားဖို့ပါပဲ"
"ဟုတ်တယ်၊ အေးအေးဆေးဆေး လုပ်ရမယ့် အလုပ်တစ်ခု ဖြစ်ရမှာကို လမ်းတစ်ဝက်မှာ အခုလို ကိစ္စကြီးနဲ့ တိုးမယ်လို့ ဘယ်သူ ထင်မှာလဲ"
ချောင်ကျန့်ကျွင်းမှာ ဝင်ရောက်ပြောဆိုလိုက်၏။
ထိုသို့ဖြင့် ကားမှာ ဆက်လက်မောင်းနှင်လာခဲ့သည်။
ဤရဲကားမှာ အထူးရဲ ၁၀ ဦးခန့် လိုက်ပါနိုင်သော အထူးယာဉ်ဖြစ်ပြီး ချင်ရန်တို့ သုံးဦးကို ၎င်းတို့၏ တည်နေရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
ထို့ပြင် လီချွမ်းသည် ချင်ရန်ကို ဘူတာရုံအထိ ဘေးကင်းစွာ ပို့ဆောင်ပေးရန် နောက်ထပ်အမိန့်ရထားသဖြင့် လီချွမ်းသည် ချင်ရန်အပေါ်တွင် အလွန်ပင် ဂရုတစိုက် ရှိလှ၏။
ရဲကားသည် နှစ်နာရီခန့် မောင်းနှင်ပြီးနောက် 'နားရှီး' မြို့ကလေးသို့ ရောက်ရှိလာခဲ့သည်။
သံသယရှိသူမှာ နားရှီးမြို့ရဲစခန်းတွင် ရှိနေသည်ဟု သိရသဖြင့် လမ်းညွှန်မှုအတိုင်း ရဲစခန်းရှေ့သို့ ရောက်ရှိလာခဲ့ကြ၏။
ချင်ရန်၊ ချောင်ကျန့်ကျွင်းနှင့် ချန်ဟောက်တို့ ကားပေါ်မှ ဆင်းလိုက်ကြသည်။
ထိုနေရာသို့ ရောက်သောအခါ ရဲအရာရှိ ၇၀၊ ၈၀ ခန့်ကို တွေ့လိုက်ရသဖြင့် အလွန်ပင် စည်ကားလှ၏။
ထိုသူတို့မှာ ဤစခန်းမှ ရဲများ မဟုတ်ကြပုံရပေ။
"ထူးဆန်းလိုက်တာ... ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ"
လီချွမ်းက စူးစမ်းလိုစိတ်ဖြင့် ရေရွတ်လိုက်သည်။
သူတို့အားလုံး ရဲစခန်းအတွင်းသို့ ဝင်လိုက်ရာ အတွင်းပိုင်းလေထုမှာ အလွန်ပင် တင်းမာလေးနက်နေပြီး တစ်ခုခုကို အရေးတကြီး ဆွေးနွေးနေကြပုံရ၏။
ထိုစဉ် ရဲအရာရှိတစ်ဦး ချဉ်းကပ်လာကာ သူတို့အား မေးမြန်းလေသည်။
"ခင်ဗျားက ချင်ရန် လား"
နားရှီးမြို့သို့ သူတို့ မလာမီကပင် ဖုန်းဆက်အကြောင်းကြားထားပြီး ဖြစ်သဖြင့် ရဲစခန်းမှ ကြိုတင်သိရှိထားခြင်း ဖြစ်သည်။
သူတို့ လာခေါ်သည့် နစ်နာသူ၏ အထောက်အထားကို အတည်ပြုပြီးနောက် ရဲအရာရှိက ထိုသူကို အပြင်သို့ ခေါ်ဆောင်လာကာ ချင်ရန်တို့အဖွဲ့ထံ လွှဲပြောင်းပေးရန် ပြင်ဆင်နေ၏။
သို့သော် ထိုအခိုက်မှာပင် ချင်ရန်၏ စိတ်ထဲ၌ စနစ်ထံမှ အသိပေးသံ ကျယ်လောင်စွာ မြည်ဟိန်းသွားတော့သည်။
"ဒင်!!!! A အဆင့် ရာဇဝတ်ကောင်တစ်ဦးကို တွေ့ရှိပါသည်။ ပိုင်ရှင်အား ရာဇဝတ်ကောင်၏ တည်နေရာကို အတိအကျ ဖော်ပြပေးပါမည်"
နောက်တစ်ခဏတွင် A အဆင့် ရာဇဝတ်ကောင်၏ တည်နေရာကို ပြသည့်မြေပုံမှာ ချင်ရန်၏ အာရုံထဲတွင် ပေါ်လာသည်။
ထိုအခါ ချင်ရန်မှာ မှင်တက်သွားရ၏။
ဤရဲစခန်းအတွင်း၌ပင် A အဆင့် ရာဇဝတ်ကောင်တစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
စနစ်မှ ပြသသည့် တည်နေရာအား သူ သေချာကြည့်လိုက်သောအခါ ထောင့်တစ်နေရာတွင် ထိုင်နေသည့် ခေါင်းပြောင်ပြောင်၊ မုတ်ဆိတ်မွေးဗရပွနှင့် အေးစက်သော အကြည့်ရှိသည့် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ထိုသူသည် လက်ထိပ်ခတ်ခံထားရပြီး ရဲအရာရှိနှစ်ဦးက တင်းကျပ်စွာ စောင့်ကြပ်ထား၏။
ထိုအချိန်တွင် အပြင်သို့ ထွက်သွားသော ရဲအရာရှိမှာလည်း ချင်ရန်တို့ ခေါ်သွားရမည့် လူကို ခေါ်ဆောင်လာခဲ့သည်။
ထိုသူမှာ အသက် ၄၀ ခန့်ရှိမည့် အဒေါ်ကြီးတစ်ဦး ဖြစ်၏။
ရိုးရိုးရှင်းရှင်းပင် ဝတ်ဆင်ထားပြီး ချမ်းသာသော မိသားစုမှ မဟုတ်သည်မှာ သေချာလှသည်။
"ကဲ... ခင်ဗျားတို့ ရှာနေတဲ့လူ ရောက်ပါပြီ"
ရဲအရာရှိက ပြောလာသည်။
ချင်ရန် ခေါင်းညိတ်ပြပြီးနောက် သူ သိချင်နေသော ထိုင်နေသည့်လူအကြောင်းကို မေးလိုက်၏။
"ရဲဘော်... ဟိုဘက်က လူက ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား"
ချင်ရန်က ထိုသူကို လက်ညှိုးညွှန်ပြလိုက်သည်။
ထိုအခါ ရဲအရာရှိမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ သိထားသည်ကို ပြန်ဖြေလိုက်၏။
"သူက ကျွန်တော်တို့ ဖမ်းမိထားတဲ့ နိုင်ငံခြားသား ရာဇဝတ်ကောင်ပါ၊ လူတွေကို ပြည်ပထွက်ဖို့ လှည့်ဖြားခေါ်ဆောင်တဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့သူလို့ သိရတယ်"
"အော်... ဟုတ်လား"
ချင်ရန်က ဆက်မေးလိုက်၏။
"ဒါနဲ့ ဒီမှာ ရဲဘော်တွေ ဘာလို့ အများကြီး စုနေကြတာလဲဗျ"
"ကျွန်တော်တို့ အရင်က ပြည်ပကို သွားပြီး လူကုန်ကူးခံရတဲ့ လူတွေကို ကယ်ထုတ်ဖို့ စီစဉ်ထားတာ၊ ပြည်ပမှာ ဖမ်းဆီးခံထားရတဲ့လူ အနည်းဆုံး ၂၀ ကျော် ရှိနေတယ်လို့ လျှို့ဝက်သတင်းရထားတာ ဒါပေမဲ့ ကံမကောင်းတာက ကျွန်တော်တို့မှာ ဘာသတင်းအချက်အလက်မှ မရှိဘူး၊ ဘာသက်သေမှလည်း မရှိဘူး၊ ဘယ်ကနေ ဘယ်လို စရမှန်းတောင် မသိဖြစ်နေတာ"
ရဲဘော်မှာ အားမလိုအားမရဖြစ်စွာဖြင့် ပြောပြလေတော့သည်။