← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

147

စကားသံဆုံးသည်နှင့် ချင်ရန်၏ မျက်လုံးများတွင် အရောင်တစ်ချက် လက်သွားသည်။

ယခုလက်ရှိတွင် သူ့အတွက် အလိုအပ်ဆုံးအရာက ဘာလဲ။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သလို အရှိန်မှာလည်း ကျားသစ်တစ်ကောင်ကဲ့သို့ လူသားတို့၏ အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်သည်။

သူ တိုးတက်အောင်လုပ်ရန် လိုအပ်သည့်အရာမှာ နှစ်ခုတည်းသာ ကျန်တော့သည်။

၎င်းတို့မှာ ခွန်အားနှင့် သေနတ်အသုံးချမှုတို့ပင် ဖြစ်သည်။

သူသည် သေနတ်နှင့် ပတ်သက်၍ အတွေ့အကြုံ မရှိသေးသဖြင့် သေနတ်ကို ကျွမ်းကျင်စွာ မကိုင်တွယ်တတ်သေးချေ။

သို့သော် ယခုအခါ ကြေးစားစစ်သားတစ်ဦးကို သတ်နိုင်ရုံဖြင့် နတ်ဘုရားအဆင့် သေနတ်ပစ်ကျွမ်းကျင်မှု ကို ရရှိမည် ဖြစ်ရာ ထိုအချိန်ကျလျှင် သူ၏ လက်ဖြောင့်စွမ်းရည်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် မဟုတ်ပါလား။

စနစ်က ပေးအပ်မည့် နတ်ဘုရားအဆင့် ဆိုသည်မှာ သာမန်အဆင့်မဟုတ်ဘဲ အလွန်အမင်း အစွမ်းထက်မည်မှာ မြေကြီးလက်ခတ်မလွဲချေ။

"ခေါင်းဆောင်ဝူ... ဒီတစ်ခေါက် ဆုံးဖြတ်ချက်တွေအတွက် ကျွန်တော့်မှာ တာဝန်အများကြီးရှိပါတယ်၊ ခင်ဗျားတို့ ကားထဲမှာ နေခဲ့လို့ရတယ် ဒါပေမဲ့ ကျွန်တော်ကတော့ နေလို့မရဘူး"

ချင်ရန်က ဆိုသည်။

စကားဆုံးသည်နှင့် ချင်ရန်သည် ဝုန်းခနဲ ထရပ်လိုက်သဖြင့် လူတိုင်းက သူ့ကို ဝိုင်းကြည့်လာကြသည်။

ထိုအခါ ခေါင်းဆောင် ဝူဖေးက အေးစက်စွာ ပြောလိုက်သည်။

"မင်းက ပြဿနာတွေ ထပ်ရှာချင်သေးတာလား၊ အလုပ်သင်ရဲဆိုတာ ငြိမ်ငြိမ်လေးနေပြီး စစ်ကူလာမှာကိုပဲ စောင့်နေစမ်းပါ"

ဝူဖေးသည် ချင်ရန်ကို အလွန်ဒေါသထွက်နေပြီး သတ်ပစ်ချင်စိတ်များ ပေါက်နေသည်။

အကယ်၍ ချင်ရန်သာ သတင်းအချက်အလက်ကို အချိန်မီ တင်ပြခဲ့လျှင် ရှေ့က သူ့လူများ ဤမျှအထိ ဆုံးရှုံးမှုကြီးမားမည် မဟုတ်ဟု ယူဆထားသည်။

"ဟိုဘက်ကလူတွေက ကျွန်တော်တို့ စစ်ကူစောင့်နေတာကို ငြိမ်ပြီးကြည့်နေမှာ မဟုတ်ဘူးဗျ၊ သူတို့ဆီမှာ လက်နက်အပြည့်အစုံရှိတယ်၊ မိုင်းတွေတောင် ထောင်ထားနိုင်တာပဲ၊ လက်ပစ်ဗုံးတွေရော မရှိနိုင်ဘူးလို့ ပြောနိုင်လို့လား၊ သူတို့သာ ကျွန်တော်တို့ဆီ လက်ပစ်ဗုံးတစ်လုံး လှမ်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ၊ ဒီကားက တကယ်ပဲ အဲဒီလောက်အထိ လုံခြုံရဲ့လား"

ချင်ရန်က ပြန်လည်မေးခွန်းထုတ်လိုက်၏။

ထိုစကားမှာ ဝူဖေးနှင့် အခြားရဲအရာရှိများကို ဆွံ့အသွားစေသည်။

အမှန်ပင် ဤကားမှာ ကျည်ကာကားသာဖြစ်ပြီး ဗုံးဒဏ်ခံနိုင်သည့် ကားမဟုတ်ချေ။

ထို့ကြောင့် ကာကွယ်ရေးစွမ်းရည်မှာ အကန့်အသတ်ရှိသည်မှာ သေချာလှသည်။

"ရန်သူက အမှောင်ထဲမှာ၊ ငါတို့က အလင်းထဲမှာ၊ အခုလို အပြင်ထွက်တာက အလဟသ အသက်ပေးတာနဲ့ တူတူပဲ၊ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"

ဝူဖေးက ပြောလေသည်။

"ဒါ့အပြင် မင်းအပြင်ထွက်လို့ မိုင်းနင်းမိရင် တစ်ဖွဲ့လုံးပါ ထိခိုက်ကုန်လိမ့်မယ်ကွ"

"ဒါကြောင့် ကျွန်တော်တစ်ယောက်တည်း ထွက်မယ်လို့ ပြောနေတာပေါ့"

ချင်ရန်သည် ကားတံခါးရှိရာသို့ တိုက်ရိုက်လျှောက်သွားပြီး တံခါးဖွင့်ရန် ပြင်လိုက်သည်။

ဝူဖေးက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"မင်း၊ မင်း ဘာလုပ်မလို့လဲ၊ ရူးနေတာလား၊ အပြင်ထွက်လိုက်တာနဲ့ မင်း ခန္ဓာကိုယ်တစ်ခုလုံး အပေါက်ဗရပွ ဖြစ်သွားလိမ့်မယ်ကွ နားလည်လား"

သူသည် ချင်ရန်ကို မနှစ်မြို့သော်လည်း လူငယ်တစ်ယောက် သူ့မျက်စိရှေ့တွင် အသေခံမည့်မြင်ကွင်းကိုတော့ မကြည့်လိုချေ။

သူသည် ချင်ရန် အပြင်ထွက်မည့်ကိစ္စအတွက် အမှန်တကယ်ပင် စိုးရိမ်နေမိသည်။

"ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့၊ ဘာမှမဖြစ်စေရဘူး"

ချင်ရန်သည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ သူ့လှုပ်ရှားမှုကို စတင်ရန် ပြင်လိုက်သည်။

ထိုအခါ ဝူဖေးက ပိတ်ဟောက်ပစ်လိုက်သည်။

"ငါက ဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ပဲ၊ ငါ့အမိန့်မရဘဲ ကားထဲက ဘယ်သူမှ ထွက်ခွင့်မရှိဘူး၊ ကြားလား"

ဝူဖေး စကားမဆုံးမီမှာပင် ချင်ရန်က ကားတံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်ရာ တံခါးမှာ တစ်ဝက်ခန့် ပွင့်သွားပြီး ချင်ရန်သည် ဘေးတိုက် လိမ့်ထွက်သွားတော့သည်။

*ဝုန်း*

တစ်ချိန်တည်းမှာပင် ချင်ရန်သည် ကားပေါ်မှ လိမ့်ဆင်းသွားသည်နှင့် ကားတံခါးကို ချက်ချင်း ပြန်ဆွဲပိတ်လိုက်သဖြင့် အမှောင်ထဲတွင် ပုန်းနေသော ကြေးစားစစ်သားများ ချက်ချင်း ပစ်ခတ်ရန် အခွင့်အရေး မရလိုက်ချေ။

"မင်း..."

"ဒီအရူးကောင်ကတော့ကွာ"

ဝူဖေးသည် ကားထဲတွင် ဝုန်းခနဲ ထရပ်လိုက်ရာ ခေါင်းနှင့် ကားမျက်နှာကြက်ပင် စောင့်မိသွား၏။

၎င်းမှာ သူ၏ဒေါသကို ပို၍ တောက်လောင်သွားစေသည်။

လူအများအပြား အသက်ပေးသွားရပြီးပြီ ဖြစ်သော်လည်း ထိုအရူးကောင်မှာ ကားပေါ်မှ ထပ်မံဆင်းသွားပြန်ပြီ ဖြစ်သည်။

သူ ဘာလုပ်လိုနေသည်ကို ဝူဖေး နားမလည်နိုင်ချေ။

သူ့တွင် သေနတ်ပင် မရှိဘဲနှင့် အပြင်သို့ထွက်ကာ ပစ်မှတ်အဖြစ် အသေခံမည်လောဟု တွေးတောနေမိသည်။

တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ ပုန်းကွယ်နေသော ကြေးစားစစ်သားများအားလုံးသည် ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို မြင်တွေ့လိုက်ကြသဖြင့် စိတ်ဝင်တစား ဖြစ်သွားကြသည်။

"တစ်ယောက်တော့ ထွက်လာပြီဟေ့၊ ထူးဆန်းလိုက်တာ၊ ဘယ်လိုသတ္တိနဲ့များ ထွက်လာရဲတာလဲ မသိဘူး"

ကြေးစားစစ်သားတစ်ဦးက ဆိုသည်။

ကြေးစားစစ်သားခေါင်းဆောင် လီကွမ်သည် စနိုက်ပါမှန်ပြောင်းကိုယူကာ အသာအယာ ကြည့်ရှုလိုက်သည်။

သို့သော် မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် သူ့မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။

"ဒီလူကို ဘာလို့ ငါ ဒီလောက်တောင် ရင်းနှီးနေရတာလဲ"

ချက်ချင်းဆိုသလိုပင် လီကွမ်သည် ဝမ်ပါ့ကို ထွက်ပြေးရန် ကူညီခဲ့စဉ်က ရှုံးနိမ့်ခဲ့ပြီး သူ့ကိုပါ ဖမ်းမိလုနီးပါး ဖြစ်ခဲ့သည့် အရှက်ရဖွယ် အဖြစ်အပျက်ကို ပြန်လည်သတိရသွားသည်။

၎င်းမှာ သူ့ဘဝအတွက် အမည်းစက်တစ်ခု ဖြစ်ခဲ့ပြီး ထိုရဲ၏ မျက်နှာကို လီကွမ် ကောင်းကောင်း မှတ်မိနေသေးသည်။

ယခု ကားပေါ်မှ ဆင်းလာသူမှာ ထိုလူနှင့် တထေရာတည်း တူညီနေ၏။

ဘေးမှ ကြေးစားစစ်သားတစ်ဦးက စူးစမ်းစွာ မေးမြန်းသည်။

"ဆရာ... ဘာများ တွေ့လို့လဲ"

"ဟက်"

လီကွမ်က မှန်ပြောင်းကို ချလိုက်ပြီး ရက်စက်သော လေသံဖြင့် ဆိုလိုက်သည်။

"မထင်ထားဘူး၊ တကယ်ကို မထင်ထားဘူး၊ ဒီမှာ ငါ့ရန်သူဟောင်းနဲ့ လာတိုးတာပဲ၊ ဖိန်လင်မြို့က ရဲတစ်ယောက်က ဘယ်လိုလုပ် နယ်စပ်အထိ ရောက်နေတာလဲဆိုတာတော့ စဉ်းစားလို့မရဘူး ဒါပေမဲ့ ဒါဟာ ငါ့အတွက် ကလဲ့စားချေဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"မင်းသာ မရှိခဲ့ရင် ငါ အခုလိုမျိုး ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရမှာ မဟုတ်ဘူး၊ အခု မင်း ငါ့လက်ထဲကို ရောက်လာပြီဆိုတော့ မင်းကို အလွယ်တကူနဲ့တော့ အသေခံမှာ မဟုတ်ဘူး"

လီကွမ်၏ မျက်လုံးများတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထား ဖြစ်သွား၏။

ဘေးမှ ကြေးစားစစ်သားများမှာ ကြောက်လန့်တကြားဖြင့် တိတ်ဆိတ်သွားကြသည်။

သူတို့၏ ဆရာသည် ထိုကဲ့သို့သော အမူအရာမျိုး ပြသခဲလှသည်။

ဤမျက်နှာထား ပေါ်လာပြီဆိုလျှင် သူတို့ဆရာ တကယ့်ကို ဒေါသထွက်နေပြီဖြစ်ပြီး တစ်ဖက်လူအတွက်မူ အခြေအနေမှာ လုံးဝမဟန်တော့ပေ။

"တကယ့်ကို သတ္တိရှိတာပဲ... ကားပေါ်ကတောင် ဆင်းရဲတယ်ပေါ့လေ၊ ငါ့သေနတ်ပေးစမ်း၊ သူ့ခြေထောက်တွေကို အရင် ပစ်ချိုးပစ်မယ်"

လီကွမ် အချက်ပြလိုက်သည်နှင့် သူ့လူတစ်ဦးမှ စနိုက်ပါရိုင်ဖယ်တစ်လက်ကို အမြန်လှမ်းပေးလိုက်သည်။

အခြားတစ်ဖက်တွင်မူ ချင်ရန်သည် ကားပေါ်မှ ဆင်းပြီးနောက် အရှိန်ဖြင့် အကြိမ်အနည်းငယ် လိမ့်ဆင်းသွားပြီး သေဆုံးနေသော ရဲအရာရှိတစ်ဦး၏ အနားသို့ ရောက်ရှိသွားသည်။

သူသည် ထိုရဲအရာရှိ၏ ပစ္စတိုကို ယူလိုက်ပြီး ငြိမ်သက်စွာ သေဆုံးသွားသော မျက်လုံးများကို ကြည့်ကာ ချင်ရန်၏ ရင်ထဲတွင် ဆို့နင့်စွာ ခံစားလိုက်ရသည်။

"ကျွန်တော် ခင်ဗျားအတွက် ကလဲ့စားချေပေးပါ့မယ်လို့ ကတိပေးပါတယ်..."

ချင်ရန်သည် စိတ်ထဲမှ ကျိန်ဆိုလိုက်ပြီးနောက် ကြေးစားစစ်သားတစ်ဦးရှိရာသို့ ချက်ချင်း ဦးတည်လိုက်တော့၏။

ထိုကြေးစားစစ်သားမှာ သူနှင့် သိပ်မဝေးဘဲ မီတာ ၄၀ ခန့်သာ ကွာဝေးသည်။

ချင်ရန်၏ ရာဇဝတ်မှု ရှာဖွေရေးရေဒါအရ ထိုကြေးစားစစ်သားမှာ A အဆင့် ရာဇဝတ်ကောင် တစ်ဦးဖြစ်သည်။

ဤကြေးစားစစ်သားများမှာ စက်ဆုတ်ဖွယ် ရာဇဝတ်မှုများကို ကျူးလွန်ထားကြသဖြင့် သေဒဏ်နှင့်ပင် ထိုက်တန်လှပေသည်။

တစ်ဖက်တွင်မူ ပုန်းကွယ်နေသော ကြေးစားစစ်သားသည် သူတို့ဆီသို့ ပြေးလာနေသူအား မြင်တွေ့လိုက်ရသည့်အခါတွင် မရယ်ဘဲ မနေနိုင်တော့ချေ။

တရုတ်ရဲများသည် အဝိုင်းခံထားရသည့် ဤအချိန်တွင် မိမိကိုယ်မိမိ အထင်ကြီးပြီး ပြေးဝင်လာသည့် ထိုကဲ့သို့သော အရူးမျိုး ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

*ဒိုင်း*

လီကွမ်၏ စနိုက်ပါကျည်ဆန်သည် အသံနှင့်အတူ ထွက်ပေါ်လာ၏။

ကံကောင်းထောက်မစွာဖြင့် ပထမတစ်ချက်မှာ လွဲချော်သွားခြင်းဖြစ်ပြီး ချင်ရန် ပြေးနေသည့် ခြေထောက်နှစ်ချောင်းကြား မြေပြင်ကိုသာ ထိမှန်သွားသည်။

အချိန်အနည်းငယ်ခန့်သာ နောက်ကျပါက ချင်ရန်ကို ထိမှန်သွားမည် ဖြစ်သည်။

သို့သော် လွင့်စင်သွားသော မြေမှုန့်များမှာ ချင်ရန်၏ လှုပ်ရှားမှုကို မည်သို့မျှ မတားဆီးနိုင်ခဲ့ချေ။

သူသည် ကြေးစားစစ်သားရှိရာဘက်သို့ ဆက်လက်၍ အရှိန်ပြင်းပြင်း ပြေးဝင်နေဆဲပင် ဖြစ်သည်။

ကျန်ရှိနေသော တစ်စီးတည်းသော ကားအတွင်း၌မူ ရဲအရာရှိ ၂၀ စလုံးမှာ ချင်ရန်၏ လုပ်ရပ်ကြောင့် မှင်တက်နေကြသည်။

တကယ့်ကို သတ္တိပြောင်လှပေသည်။

အပြင်ဘက်တွင် စနိုက်ပါသမားများ ရှိနေသည်မှာ သိသာနေသော်လည်း ဤအခြေအနေမျိုးတွင် အပြင်သို့ အပြေးထွက်ရဲခြင်းမှာ အံ့ဩဖွယ်ရာ ကောင်းလွန်းလှသည်။

ခေါင်းဆောင် ဝူဖေးက ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်ရှုနေပြီးနောက် ထရပ်ကာ ပြောလိုက်၏။

"ငါတို့မှာ လူ အယောက် ၂၀ ရှိတယ်၊ ဟိုဘက်ကလူတွေက ငါတို့ထက် မများနိုင်သလို အရေအတွက်ချင်း တူတူလောက်ပဲ ရှိလိမ့်မယ်၊ ဒီလိုသာ ငြိမ်ပြီး ထိုင်စောင့်နေမယ်ဆိုရင် ငါတို့ ဒီကို ဘာလာလုပ်တာလဲဆိုတာ ပြန်တွေးရလိမ့်မယ်၊ သေနတ်တွေယူပြီး သူ့ကို ပစ်ကူပေးဖို့ အပြင်ထွက်ကြ၊ သူ့ရဲ့ ရည်ရွယ်ချက်က ရန်သူတွေကို တစ်ယောက်ချင်းစီ ချေမှုန်းဖို့ ဖြစ်လိမ့်မယ်၊ ငါတို့ စနိုက်ပါကျည်လာတဲ့ဘက်ကို ကြည့်ပြီး ရန်သူ ဘယ်မှာရှိလဲဆိုတာ ရှာနိုင်ပြီ"

ဝူဖေးက ပြတ်သားစွာ အမိန့်ပေးလိုက်၏။

သူသည် ချင်ရန်၏ စကားများကြောင့် စိတ်ပြောင်းလဲသွားခြင်း ဖြစ်သည်။

ကားအတွင်း၌ ပိတ်မိကာ အသေခံနေခြင်းမှာ အလွန် သိမ်ငယ်စရာကောင်းလှပြီး အကျိုးလည်း မရှိပေ။

အကယ်၍ ရန်သူက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လိုက်လျှင် သူတို့အားလုံး အစုလိုက်အပြုံလိုက် သေဆုံးသွားပေလိမ့်မည်။

ဝူဖေးသည် ရဲအရာရှိအားလုံးကို ကားကို အကာအကွယ်ယူကာ ပြန်လည်ပစ်ခတ်ရန် အမိန့်ပေးလိုက်ပြီး ကျည်ကာအင်္ကျီများကိုလည်း အမြန်ဆုံး ဝတ်ဆင်ခိုင်းလိုက်သည်။

နောက်တစ်ခဏတွင် ကားတံခါးများမှာ ဝုန်းခနဲ ပွင့်သွားပြီး ရဲအရာရှိများအားလုံး သေနတ်များကိုယ်စီဖြင့် အပြင်သို့ ထွက်လာကြသည်။

သူတို့သည် ကျည်ဆန်လာသည့် လမ်းကြောင်းကို အခြေခံ၍ လီကွမ်ရှိရာ တည်နေရာကို စတင်ပစ်မှတ်ထားလိုက်ကြပြီ ဖြစ်သည်။

ဤအတောအတွင်းတွင်မူ ချင်ရန်သည် လီကွမ်၏ စနိုက်ပါကျည် လေးချက်ကို ဆက်တိုက် ရှောင်တိမ်းနိုင်ခဲ့သဖြင့် လီကွမ်မှာ အလွန်အံ့ဩသွားရသည်။

သူ့မှန်ပြောင်းထဲတွင် ချင်ရန်၏ လှုပ်ရှားမှုမှာ အလွန်မြန်လွန်းလှသဖြင့် တိကျသော ပစ်မှတ်ကို ချိန်ရွယ်၍ မရနိုင်ဘဲ ဖြစ်နေသည်။

ချင်ရန် ဦးတည်ပြေးဝင်သွားသည့် ကြေးစားစစ်သားမှာလည်း သူ၏သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်သော်လည်း မည်သို့ပင် ပစ်ပါစေ၊ ကျည်ဆန်များမှာ အမြဲတမ်း အနည်းငယ်စီ လွဲချော်နေသဖြင့် ထိတ်လန့်တုန်လှုပ်နေတော့၏။

ယခုအခါ ချင်ရန်နှင့် ထိုကြေးစားစစ်သားမှာ ၁၀ မီတာခန့်သာ ကွာဝေးတော့သည်။

ဤသည်မှာ တစ်စက္ကန့်ပင် မပြည့်သော အချိန်အတွင်း ဖြစ်ပျက်နေခြင်း ဖြစ်သည်။

ထိုကြေးစားစစ်သားကို အနိုင်ယူနိုင်သည်နှင့် ချင်ရန်သည် နတ်ဘုရားအဆင့် သေနတ်ပစ်ကျွမ်းကျင်မှု ကို ရရှိတော့မည် ဖြစ်သည်။

ထိုအချိန်ကျမှသာ သူသည် ဤကြေးစားစစ်သားအုပ်စုကို ပြန်လည်တိုက်ခိုက်ကာ အမြစ်ပြတ်ချေမှုန်းနိုင်မည့် အခွင့်အရေးကို ရရှိပေလိမ့်မည်။

148

*ဝုန်း*

နောက်ဆုံး ဆယ်မီတာခန့် အကွာအဝေးတွင် ချင်ရန်သည် အမြောက်ကျည် တစ်ခုသဖွယ် အားကုန် ရုန်းကန်ကာ ကြေးစားစစ်သား ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

*ဘုန်း*

ချင်ရန်၏ ရှိသမျှ အားအင်အားလုံး ပါဝင်သော ဘေးတိုက် ကန်ချက်တစ်ချက်မှာ ထိုကြေးစားစစ်သားကို တစ်ချက်တည်းဖြင့် အသက်ပျောက်ကွယ်သွားစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုစစ်သားမှာ ထိတ်လန့် တုန်လှုပ်သွားရ၏။

သူ့ရှေ့ရှိလူမှာ ကျားသစ်တစ်ကောင်ကဲ့သို့ မြန်လွန်းလှသဖြင့် ပုံရိပ်ယောင် တစ်ခုကဲ့သို့ပင် သူ၏ ကိုယ်ခန္ဓာကိုပင် သဲသဲကွဲကွဲ မမြင်တွေ့ရချေ။

သူသည် ကန်ချက်ကို သဲသဲကွဲကွဲ မြင်တွေ့လိုက်ရချိန်တွင် ချင်ရန်၏ ခြေထောက်မှာ သူ့ဦးခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့နောက်တွင်တော့ သူ၏ ခေါင်းကို လေးလံသော တူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် အသိစိတ် လွတ်ကင်းကာ လဲကျသွားတော့သည်။

ချင်ရန်မှာမူ ကြေးစားစစ်သားကို သတ်ဖြတ်နိုင်ခဲ့သဖြင့် စနစ်၏ ဆုလာဘ်ကို သဘာဝအတိုင်း ရရှိလိုက်ပြီ ဖြစ်သည်။

"ဒင်! တာဝန်အောင်မြင်ပါသည်။ ပိုင်ရှင်သည် နတ်ဘုရားအဆင့် သေနတ်ပစ်ကျွမ်းကျင်မှုကို ရရှိသွားပြီ ဖြစ်သည်။"

စနစ်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ချင်ရန်သည် သူ့ကြွက်သားများမှာ သေနတ် အားလုံးနှင့် အာရုံကြောချင်း ဆက်သွယ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

အေးစက်သော လက်နက်များနှင့် စကားပြောဆိုနိုင်ပြီး သူ ပစ်လိုသည့် နေရာကို တိတိကျကျ ထိမှန်စေနိုင်သည့် အစွမ်းမျိုးပင် ဖြစ်သည်။

လက်နက်တစ်ခုလုံးနှင့် တစ်သားတည်း ကျနေသည့် ထိုခံစားချက်မှာ တကယ့်ကို အံ့ဩစရာ ကောင်းလှပေသည်။

"နတ်ဘုရားအဆင့် သေနတ်ပစ်စွမ်းရည်တဲ့လား၊ မိုက်လိုက်တာကွာ"

ချင်ရန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သူသည် အလောင်းတစ်ခု ဘေးမှ ကောက်ယူထားသော ပစ္စတိုကို တင်းတင်း ဆုပ်ကိုင်လိုက်သည်နှင့် သေနတ်မှာ ကိုင်လိုက်သည့်အခါ လျှပ်စစ်စီးဝင်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ချင်ရန်သည် ကားရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ခေါင်းဆောင် ဝူဖေးနှင့် သူ၏ ရဲအရာရှိများမှာ ကားပေါ်မှ ဆင်းကာ ကြေးစားစစ်သားများနှင့် အပြန်အလှန် ပစ်ခတ်နေကြသည်ကို တွေ့ရှိလိုက်ရသည်။

သို့သော် ခေါင်းဆောင် ဝူဖေးဘက်မှ လူ ၆ ယောက် အသက်ဆုံးရှုံးသွားပြီ ဖြစ်ရာ သူတို့၏ လက်နက်အင်အားမှာ ရန်သူ့ထက် သိသိသာသာ နိမ့်ပါးနေသည်မှာ ထင်ရှားလှသည်။

ယခုအခါ ဝူဖေးမှာ ကားထဲသို့ ပြန်လည် ဝင်ရောက်ရန် ပြင်ဆင်နေသည်ကို ချင်ရန်က သတိပြုမိလိုက်သည်။

ချင်ရန်သည် မျက်လုံးများကို မှေးစင်းလိုက်၏။

ယခု သူသည် နတ်ဘုရားအဆင့် သေနတ်ပစ်စွမ်းရည်ကို ရရှိထားပြီ ဖြစ်ရာ ယနေ့မှာ ဤကြေးစားစစ်သားများ သေဆုံးမည့်နေ့ပင် ဖြစ်ရမည်။

သူ့လက်ထဲတွင် ပစ္စတိုတစ်လက်သာ ရှိသော်လည်း ၎င်းကပင် လုံလောက်နေပြီ ဖြစ်သည်။

နောက်တစ်ခဏတွင်မူ ချင်ရန်သည် သူ့အရှိန်ကို ထပ်မံ မြှင့်တင်လိုက်ကာ ကျားသစ်တစ်ကောင်အလား ကြေးစားစစ်သားများ ပစ်ခတ်နေသည့် ဘက်သို့ ဦးတည် ပြေးဝင်သွားတော့သည်။

ကြေးစားစစ်သား ခေါင်းဆောင် လီကွမ်မှာ ချင်ရန်က သူ့လူတစ်ယောက်ကို ကန်သတ်လိုက်သည်ကို မြင်တွေ့သောအခါ အလွန် အံ့ဩသွားရသည်။

"သူက အရင်ကထက်တောင် ပိုသန်မာလာပါလားဟ"

လီကွမ်က တွေးတောလိုက်သည်။

ထိုသူသည် ကြောက်စရာကောင်းသည့် ပြိုင်ဘက်ပင် ဖြစ်ပြီး သူ့ကို ယခုချက်ချင်း ရှင်းလင်းပစ်ရမည်။

လီကွမ်သည် သူ၏ စနိုက်ပါရိုင်ဖယ်ဖြင့် ချင်ရန်အား ထပ်မံ ချိန်ရွယ်လိုက်ပြန်သည်။

ချင်ရန် လက်ထဲတွင် ပစ္စတိုတစ်လက်သာ ရှိသည်ကို သူ တွေ့ရှိရပြီး မီတာ ရာဂဏန်း အကွာအဝေးတွင် ပစ္စတို၏ တိကျမှုမှာ အလွန် နည်းပါးသဖြင့် သူ့ကို ထိမှန်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

သို့သော် လီကွမ် စနိုက်ပါ ချိန်လိုက်သည့် အခါတွင်မူ ချင်ရန်၏ ပုံရိပ်မှာ မှန်ပြောင်းထဲတွင် ဖမ်းရ ခက်လွန်းလှပြီး ဝေဝါးနေမှုကြောင့် လီကွမ် မျက်လုံးများပင် နာကျင်လာခဲ့ရသည်။

"ဘာတွေ ဖြစ်နေတာလဲကွာ"

လီကွမ်က ရေရွတ်လိုက်သည်။

လီကွမ်၏ မျက်နှာ ကြွက်သားများ တုန်ခါသွားပြီး အချက်ပေါင်းများစွာ ပစ်ခတ်သော်လည်း အားလုံးသည် လွဲချော်သွားရသည်။

ထို့ထက် ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ချင်ရန်သည် သူ့အသက်ကို လာရောက် နှုတ်ယူမည့် သေမင်းတမန်ကဲ့သို့ ၎င်းထံသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခြင်းပင် ဖြစ်သည်။

"သူက ဘယ်လိုသတ္တိနဲ့ ငါ့ဆီကို ပြေးလာဝံ့ရတာလဲ"

လီကွမ် ဒေါသထွက်သွားသည်။

သူ့ကို အထင်သေးခံရသလို ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

ထိုစဉ်မှာပင် ဝူဖေး၏ အဖွဲ့မှာ ကားထဲသို့ ပြန်လည် ဆုတ်ခွာသွားပြီး ပစ်ခတ်မှုကို ရပ်ဆိုင်းလိုက်ကြသည်။

ယခုအခါ အပြင်ဘက်တွင် ချင်ရန် တစ်ယောက်တည်းသာ ကျန်ရှိတော့သည်။

ဝူဖေးနှင့် သူ့လူများမှာ သူတို့ လက်ထဲတွင် ပစ္စတိုများသာ ရှိပြီး ဟိုဘက်တွင် ရိုင်ဖယ်များ ရှိနေသဖြင့် တိုက်ခိုက်ရေး စွမ်းရည်ချင်း မယှဉ်နိုင်ကြောင်း ကောင်းကောင်း သိရှိလိုက်ကြသည်။

ထို့ကြောင့် အရှက်တကွဲဖြင့် အလဲလဲ အကွဲကွဲ ဆုတ်ခွာလိုက်ရခြင်း ဖြစ်သည်။

ဝူဖေးမှာ ဆုတ်ခွာလိုက်ရသဖြင့် အလွန် အရှက်ရနေပေသည်။

"ခေါင်းဆောင်၊ ဟိုမှာ ကြည့်ပါဦး၊ ချင်ရန်ဆိုတဲ့လူက ကြေးစားစစ်သားတွေဆီကို ပြေးဝင်သွားပြီ"

ရဲအရာရှိ တစ်ဦးက အံ့ဩတုန်လှုပ်စွာ အော်ဟစ် ပြောဆိုလိုက်သည်။

ဝူဖေးသည်လည်း ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ ချင်ရန်မှာ ကြေးစားစစ်သား အုပ်စုဆီသို့ လျင်မြန်စွာ ပြေးသွားနေသည်ကို တွေ့ရှိလိုက်ရသဖြင့် မျက်လုံးများပင် ပြူးကျယ်သွားတော့သည်။

"သူက သေချင်နေတာလား၊ တစ်ယောက်တည်းနဲ့ ကြေးစားစစ်သားတစ်ဖွဲ့လုံးကို ဘယ်လို တိုက်မလို့လဲ"

ဝူဖေးက အော်လိုက်သည်။

ချင်ရန်မှာ ပြဿနာ ရှာဖွေနေသည်ဟု သူ ခံစားနေရ၏။

သို့သော်လည်း ချင်ရန်သည် လက်ကို မြှောက်ကာ ပစ္စတိုဖြင့် ပစ်ခတ်လိုက်သည်။

*ဒိုင်း*

ကျည်ဆန်မှာ မီတာ နှစ်ရာ အကွာရှိ ကြေးစားစစ်သား တစ်ဦး၏ နဖူးတည့်တည့်ကို ဖောက်ဝင်သွားတော့သည်။

ထိုမြင်ကွင်းကို ဝူဖေးနှင့် ရဲအရာရှိ တစ်စုလုံး မြင်တွေ့လိုက်ကြရသည်။

ချင်ရန်မှာ ပြေးရင်းလွှားရင်း ပစ်ခတ်နေသော်လည်း အံ့ဩစရာ ကောင်းလောက်အောင် တိကျလှပြီး အလွန်ပင် တည်ငြိမ်နေသည်။

"ဒီလောက်တောင် တိကျတာလား"

ဝူဖေးမှာ အံ့ဩလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်တော့ချေ။

ယခင်က ချင်ရန်မှာ သေနတ် တစ်ခါမျှ မကိုင်ဖူးသူဟု သူ ယူဆခဲ့သော်လည်း ယခု တစ်ချက်တည်းဖြင့် ရန်သူကို သတ်ဖြတ်လိုက်နိုင်သည်မှာ သူ့အား အသံတိတ် ပါးရိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

ထို့ပြင် သူသည် လူသတ်ရမည်ကိုလည်း ကြောက်ရွံ့ပုံ မရချေ။

ထိူသူသည် ယခင်က တာဝန်များ ထမ်းဆောင်ဖူးသူလား စသည့် ထင်ကြေးများစွာ ပေါ်ထွက်လာသော်လည်း ချင်ရန်၏ လှုပ်ရှားမှုများမှာ ရပ်တန့်မသွားချေ။

ဝူဖေးနှင့် အခြားသူများ၏ စိုက်ကြည့်မှုအောက်တွင် ချင်ရန်သည် လီကွမ်ရှိရာသို့ ဆက်လက် ပြေးဝင်နေ၏။

အခြားတစ်ဖက်တွင်မူ လီကွမ်သည် စနိုက်ပါဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေသော်လည်း ချင်ရန်ကိုမူ မထိမှန်ချေ။

စနိုက်ပါ မှန်ပြောင်းမှာ မြင်ကွင်း ကျဉ်းလွန်းသဖြင့် ချင်ရန်ကို ရှာမတွေ့တော့ဘဲ အနှောင့်အယှက်ပင် ဖြစ်နေတော့သည်။

လီကွမ်မှာ လက်ဖြောင့် သေနတ်သမား မဟုတ်သဖြင့် ဤကဲ့သို့ အခြေအနေမျိုးတွင် တိကျအောင် ချိန်နိုင်စွမ်း သူ့ထံတွင် မရှိချေ။

တစ်ချိန်တည်းမှာပင် မိမိ၏ လူ ၃ ယောက်မှာ လဲကျသွားခဲ့ပြီ ဖြစ်သည်။

သူတို့ အားလုံးမှာ မျက်ခုံးကြား၊ နှလုံးတည့်တည့် သို့မဟုတ် လည်ပင်း သွေးကြောမကြီးကဲ့သို့သော အသက်သေစေနိုင်သည့် နေရာများကိုသာ ထိမှန်ထားခြင်း ဖြစ်သည်။

လီကွမ်သည် ဤမျှ သေစေနိုင်သော သေနတ်ပစ် စွမ်းရည်မျိုးကို တစ်ခါမျှ မကြားဖူးသဖြင့် မယုံကြည်နိုင်ဘဲ ဖြစ်နေရသည်။

*ဖောင်း*

လီကွမ်သည် စနိုက်ပါကို လွှင့်ပစ်လိုက်ကာ AK တစ်လက်ကို ယူ၍ ချင်ရန် ရှိရာသို့ တရစပ် ပစ်ခတ်တော့သည်။

လီကွမ်သည် ချင်ရန်၏ လွှမ်းမိုးမှုကို ခံခဲ့ရစဉ်က ခံစားခဲ့ရသော ကြောက်စိတ်များ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ယခင်က သူသည် ချင်ရန်ကြောင့် ထောင်အနှစ် ၂၀ သို့မဟုတ် သေဒဏ်ပင် ကျခံရလုနီးပါး ဖြစ်ခဲ့ဖူး၏။

အကယ်၍ ထိုစဉ်က ချင်ရန်၏ ပစ်မှတ်မှာ ဝမ်ပါ့သာ မဟုတ်ခဲ့လျှင် လီကွမ်မှာ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

*ဒိုင်း၊ ဒိုင်း၊ ဒိုင်း*

သေနတ်သံများ တဆက်တည်း ထွက်ပေါ်နေပြီး လီကွမ်ဘက်မှ ကြေးစားစစ်သား ၂၀ ခန့်မှာ ချင်ရန်အား ဝိုင်းဝန်း ပစ်ခတ်နေကြသော်လည်း သူ့လှုပ်ရှားမှုမှာ အလွန် မြန်လွန်းလှ၏။

ထို့ပြင် ချင်ရန်၏ သေနတ်မှာလည်း အဆက်မပြတ် မြည်ဟိန်းနေပြီး ကျည်ဆန်တိုင်းမှာ ကြေးစားစစ်သားများ၏ အသက်သေစေနိုင်သော နေရာများကို တိတိကျကျ ထိမှန်နေသည်။

ချင်ရန်၏ ပစ်ခတ်မှုအပြီးတွင် ကြေးစားစစ်သား ၁၁ ယောက် သေဆုံးသွားပြီး လီကွမ် အပါအဝင် ၂၂ ယောက်သာ ကျန်ရှိတော့သည်။

ကားထဲမှနေ၍ တိုက်ပွဲကို ကြည့်ရှုနေသော ဝူဖေးနှင့် အခြား ရဲဘော်များမှာ ချင်ရန်က လူ ၃၀ ကို တစ်ယောက်တည်း ရင်ဆိုင်ကာ အသာစီး ရနေသည်ကို မြင်တွေ့ရသဖြင့် အလွန်ပင် အံ့အားသင့်နေကြသည်။

သူတို့ အားလုံး၏ ပါးစပ်ဖျားမှ ချင်ရန်သည် မြေပြင်သို့ ဆင်းသက်လာသော စစ်နတ်ဘုရား တစ်ပါးအလား အံ့ဩ ချီးကျူးသံများ ထွက်ပေါ်နေကြသည်။

ထို့နောက် သူတို့သည် ချက်ချင်းပင် ကားပေါ်မှ ဆင်းကာ ချင်ရန်ကို ကူညီရန် အသင့်ပြင်လိုက်ကြတော့သည်။

ချင်ရန်က ရန်သူ၏ အာရုံကို ၎င်းတစ်ဦးတည်းက ဆွဲဆောင်ပေးထားသဖြင့် သူတို့အတွက် တိုက်စစ်ဆင်ရန် များစွာ လွယ်ကူသွားခဲ့သည်။

ရဲအရာရှိ ၁၀ ကျော်၏ စနစ်ကျသော ပူးပေါင်း တိုက်ခိုက်မှုအောက်တွင် လီကွမ်၏ ကြေးစားအုပ်စုမှာ တဖြည်းဖြည်း အင်အား ချည့်နဲ့ကာ အရေးနိမ့်လာတော့သည်။

သူတို့သည် ချင်ရန်နှင့် သေနတ်ပစ်ပြိုင်ရာတွင် ရှုံးနိမ့်သွားခြင်းမှာ ငြင်းမရသည့် အချက်တစ်ခုပင် ဖြစ်သည်။

ချင်ရန်၏ လက်ထဲက ပစ္စတိုမှာ အလိုအလျောက် ပစ်မှတ်ချိန်စနစ် ပါဝင်နေသလား ထင်ရလောက်အောင် တိကျလွန်းနေသည်။

ဤသို့ နားမလည်နိုင်သော အခြေအနေနှင့် ရင်ဆိုင်လိုက်ရသည့် အခါတွင် လီကွမ်မှာ အံကြိတ်ကာဖြင့် အမိန့်ပေးလိုက်ရသည်။

"ပြန်ဆုတ်၊ အခုချက်ချင်း ပြန်ဆုတ်ကြ"

"ဒီကောင်က တကယ့်ကို ဘီလူးတစ်ကောင်ပဲ"

လီကွမ်က အော်ဟစ်လိုက်သည်။

လီကွမ်၏ နောက်ဆုံး ပြောလိုက်သည့် စကားသံမှာ အနည်းငယ် တုန်ရီလို့နေသည်။

အစောပိုင်းက ချင်ရန်ကို သေဒဏ်ပေးမည်ဟု ကြုံးဝါးခဲ့သော်လည်း ယခုမူ အရှက်တကွဲဖြင့် အသက်လု ထွက်ပြေးနေရပြီ ဖြစ်သည်။

သူ့လူများမှာလည်း AK-47 ရိုင်ဖယ်များ ကိုယ်စီ ကိုင်ဆောင်ထားကြသော်လည်း ပစ္စတိုသာ ကိုင်ဆောင်ထားသည့် ရဲအုပ်စုထံတွင် အထိနာကာ ဆုတ်ခွာပေးလိုက်ရသဖြင့် အလွန်ပင် အရှက်ရနေကြပေသည်။

သို့သော်လည်း ချင်ရန်၏ နတ်ဘုရားအဆင့် ပစ်ခတ်မှုများကြောင့် နောက်မဆုတ်ဘဲ မနေရဲကြတော့ချေ။

All Chapters