အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
149
သို့သော် အဖြစ်မှန်များမှာ သူတို့၏ မျက်စိရှေ့တွင် အထင်အရှား ရှိနေပေသည်။
သူတို့ထံ ပြေးဝင်လာနေသော ချင်ရန်သည် သာမန် ရဲဝန်ထမ်းတစ်ဦး မဟုတ်တော့ဘဲ အသက်ဝိညာဉ်များကို ခြွေယူနေသည့် သေမင်းတမန် တစ်ဦး ဖြစ်နေသည်။
ချင်ရန်၏ ကြောက်မက်ဖွယ် ကောင်းလှသော လူသားမဆန်သည့် အရှိန်အဟုန်နှင့် နတ်ဘုရားအလား တိကျလှသော သေနတ်ပစ် စွမ်းရည်တို့က သူတို့ အဖွဲ့ဝင် အတော်များများကို ဇာတ်သိမ်းပေးခဲ့ပြီးပြီ ဖြစ်သည်။
ဤအတိုင်းသာ ဆက်လက် သွားပါက ချင်ရန်ကို သတ်ဖြတ်နိုင်ခြင်း ရှိ၊ မရှိ အသာထားဦး၊ သူတို့ အဖွဲ့၏ စိတ်ဓာတ်မှာ ချင်ရန် လက်ချက်ဖြင့် လုံးဝ ပြာကျ ပျက်စီးသွားပေတော့မည်။
ထို့ပြင် အခြားတစ်ဖက်တွင်လည်း ခေါင်းဆောင် ဝူဖေးနှင့် အခြား ရဲအရာရှိများ၏ ပြင်းထန်သော ပြန်လည် တိုက်စစ်ဆင်မှု၊ ထူးခြား ပြောင်မြောက်လှသည့် ချင်ရန်၏ စွမ်းဆောင်ရည်တို့ကြောင့် ကြေးစားစစ်သားများမှာ လုံးဝ အရေးနိမ့်ကာ တပ်ပျက်နေပြီ ဖြစ်သည်။
နောက်တစ်ခဏတွင် ကြေးစားစစ်သား အုပ်စုသည် ဆုတ်ခွာရန် ပြင်ဆင်ကြတော့၏။
ရက်စက် ကြမ်းကြုတ်လှသော ချင်ရန်ကို ကြည့်ရှုရင်း လီကွမ်သည် မသိစိတ်အရ ကြောက်ရွံ့စိတ်များပင် ဝင်ရောက်လာမိသည်။
လွန်ခဲ့သော အတိတ်ကလည်း ချင်ရန်၏ လက်ချက်ဖြင့်ပင် မိမိသည် ခွေးပြေးဝက်ပြေး ထွက်ပြေးခဲ့ရဖူးသည်။
ယခုတစ်ကြိမ်မှာတော့ မိမိ၏ နယ်မြေ ဖြစ်သော်လည်း ထပ်မံ ထွက်ပြေးရလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
"ဒီလူ... မဟုတ်ဘူး၊ သူက လူတောင် မဟုတ်တော့ဘူး"
လီကွမ်က တွေးတောလိုက်သည်။
လီကွမ်၏ စိတ်အခြေအနေမှာ ရှုပ်ထွေးနေသော်လည်း လျင်မြန်စွာပင် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ရသည်။
ထိုကြေးစားစစ်သားများတွင် တောလမ်းမောင်း ကားများ ရှိကြပြီး သူတို့ တစ်သိုက်မှာ ကားပေါ်သို့ ဝုန်းခနဲ ခုန်တက်ကြကာ စက်နှိုး၍ အရှိန်ပြင်းပြင်း မောင်းထွက်သွားကြတော့၏။
လီကွမ်တို့ ပုန်းခိုခဲ့သော တောင်ကုန်းပေါ်သို့ ချင်ရန် ရောက်ရှိလာချိန်တွင်တော့ လီကွမ်နှင့် အခြားသူများမှာ လစ်ထွက်သွားကြပြီ ဖြစ်သည်။
"သူတို့မှာ ကားပါသွားတာပဲ၊ နှမြောစရာပဲ"
ချင်ရန်က ဆိုသည်။
ချင်ရန်၏ အကြည့်မှာ တည်ကြည် လေးနက်လို့ နေ၏။
မိမိသာ ကောင်းကင်ပေါ်သို့ ပျံတက်နိုင်သည့် အစွမ်းများ ရှိလျှင် ထိုလူများကို လိုက်လံ သတ်ဖြတ်နိုင်ပါက ကောင်းမည်ဟု တွေးတောမိလိုက်သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ့တွင် ပျံသန်းနိုင်သည့် စွမ်းရည် သို့မဟုတ် ကိုယ်ယောင်ဖျောက်နိုင်သည့် စွမ်းရည်မျိုး မရှိချေ။
ချင်ရန်သည် ကျားသစ်အရှိန်ကို အချိန်အတော်ကြာ အသုံးပြုခဲ့ရသဖြင့် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ နီမြန်းပြီး ကြွက်သားများနှင့် သွေးကြောများမှာ ပူထွက်နေကာ ဖောင်းကြွနေသည်။
မြင်တွေ့လိုက်ရသည့် သူတိုင်းမှာ ကြက်သီးများ ထသွားစေပြီး ကြောက်စရာ ကောင်းလှသည့် "လူနီကြီး" တစ်ယောက်အလား ဖြစ်နေသည်။
ခေါင်းဆောင် ဝူဖေးနှင့် ရဲအရာရှိ တစ်စုမှာလည်း ထိုနေရာသို့ ရောက်ရှိလာကြပြီး မောင်းထွက်သွားသော ကားကို ကြည့်ရှုရင်း ဝူဖေးက လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ကာ ခံပြင်းစွာ ပြောဆိုလိုက်သည်။
"တောက်၊ နှမြောစရာပဲ၊ ခွေးမသားတွေ လွတ်သွားကြပြန်ပြီ"
ထိုစဉ် ချင်ရန်ကို လှည့်ကြည့်လိုက်ရာ သူ့အသားအရေမှာ သွေးကဲ့သို့ နီရဲနေသည်ကို တွေ့ရှိပြီး ဝူဖေးမှာ အံ့ဩသွားသည်။
"မင်း ဘာဖြစ်နေတာလဲ"
"အားအင်တွေကို အလွန်အကျွံ သုံးလိုက်လို့ ဖြစ်မှာပါ၊ ဒါမှမဟုတ် ခန္ဓာကိုယ် အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်"
ချင်ရန်က လက်ကာပြလိုက်ကာ အရေးမကြီးသလို ပြောဆိုလေသည်။
"သူတို့ အခု ထွက်ပြေးဖို့ ကြိုးစားနေတာ၊ ကျွန်တော်တို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး၊ သူတို့အနောက်ကို လိုက်သွားမှ ဖြစ်မယ်"
ချင်ရန်က လေးနက်သော လေသံဖြင့် ဆက်လက် ပြောကြားသည်။
"သူတို့လက်ထဲမှာ ဓားစာခံ ရာနဲ့ချီ ရှိနေတာ၊ သူတို့သာ စခန်းကို ပြန်ရောက်ပြီး ထွက်ပြေးကြမယ်ဆိုရင် အဲဒီဓားစာခံတွေကို ဘာလုပ်မလဲဆိုတာ ကျွန်တော် စဉ်းစားရဲတောင် မရှိဘူး"
ဝူဖေးသည်လည်း ထိုသုံးသပ်ချက်ကို သဘောတူပေသည်။
အခြေအနေမှာ အလွန်ပင် အန္တရာယ် ကြီးမားလှ၏။
ရှေ့ဆက် တိုးပါက ရန်သူ၏ ချုံခို တိုက်ခိုက်မှုကို ထပ်မံ ခံရနိုင်သလို သေဆုံးသွားသော လုပ်ဖော်ကိုင်ဖက်များကဲ့သို့ မြေမြှုပ်မိုင်း နင်းမိကာ ကိုယ်လက်အင်္ဂါများ အပိုင်းပိုင်း ပြတ်တောက်သွားနိုင်သည့် အခြေအနေလည်း ရှိနေသည်။
သို့သော် သူတို့က ဘယ်သူတွေလဲ။
ပြည်သူ့အကျိုးပြု ရဲအရာရှိများပင် မဟုတ်ပါလော။
ဤကယ်ဆယ်ရေး စစ်ဆင်ရေးမှာ အောင်မြင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း သူတို့ အဖွဲ့၏ အင်အား ထက်ဝက်ကျော်မှာ အသက် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။
ကျန်ရှိနေသူများ၏ မျက်နှာတွင်လည်း ညို့မှောင်သော အလင်းနှင့်အတူ ဝမ်းနည်း ကြေကွဲမှု အရိပ်အယောင်များ စွဲထင်နေကြသည်။
ဤမစ်ရှင်မှာ အသက်ရှင်ရန် အခွင့်အလမ်း အလွန် နည်းပါးသော "အန္တရာယ်ဇုန်" မစ်ရှင် ဖြစ်မှန်း သူတို့ ကောင်းကောင်း သိရှိထားကြသော်လည်း နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။
ရှေ့ဆက်ရန်သာ ရှိတော့သည်။
သူတို့နောက်ကွယ်တွင် အသက်ပေးသွားရသော ရဲဘော်များ၏ ကျန်ရစ်သူ မိသားစုများစွာက စောင့်မျှော်နေကြသည် မဟုတ်ပါလား။
သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ဇနီးသည်များ အားလုံးသည် သူတို့၏ ချစ်ခင်ရသူများ အိမ်ပြန်လာမည့်ရက်ကို မျှော်လင့်တကြီး စောင့်စားနေကြမည်ကို ဝူဖေး အကြိမ်ကြိမ် မြင်ယောင်နေမိသည်။
"ရှေ့ဆက်သွားကြမယ်"
ဝူဖေးက ရှေ့တွင် မြင်တွေ့နေရသည့် လမ်းအလွတ်ကြီးကို ကြည့်ကာ လေးနက်စွာ ပြောဆိုလိုက်သည်။
"ကယ်ဆယ်ရေးအဖွဲ့က နောက်ထပ် မိနစ် ၃၀ လောက်ဆိုရင် ရောက်လာတော့မှာပါ ဒါပေမဲ့ ငါတို့ အဲဒီလောက်အထိ မစောင့်နိုင်ဘူး"
ချင်ရန်က ခေါင်းညိတ် သဘောတူလိုက်၏။
"ဟုတ်တယ်၊ ကျွန်တော်တို့မှာ သူတို့ကို စောင့်နေဖို့ အချိန်မရှိဘူး၊ အခုကစပြီး ခင်ဗျားတို့ အားလုံး ကျွန်တော့်နောက်ကပဲ လိုက်ခဲ့ကြ၊ ကျွန်တော်က မိုင်းရှာတဲ့ ရှေ့ပြေးစစ်သားအဖြစ် လုပ်ပေးမယ်"
ချင်ရန်၏ စကားအဆုံးတွင် ဝူဖေးသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘာမျှ မပြောတော့ချေ။
သူသည် ချင်ရန်၏ ကိုယ်ကျိုးစွန့်သည့် လုပ်ရပ်ကို ကန့်ကွက်ခြင်း မပြုခဲ့သော်လည်း ချင်ရန်၏ စိတ်ထား မြင့်မြတ်မှုကိုမူ ရင်ထဲမှ လေးလေးနက်နက် ခံစားလိုက်ရသည်။
ရှေ့က လမ်းပေါ်ရှိ မြေမြှုပ်မိုင်းများကို ရှာဖွေရန် မိမိကိုယ်ကိုယ် အန္တရာယ်ကြားသို့ ပစ်ဝင်ကာ ရှေ့ပြေးတပ်သားအဖြစ် တာဝန်ယူခြင်းမှာ အလွန်ပင် သတ္တိ ရှိလှပေသည်။
အမှန်စင်စစ် ဝူဖေး မသိရှိသည်မှာ ချင်ရန်တွင် ထူးခြားသော စွမ်းရည်တစ်ခု ရှိနေခြင်းပင် ဖြစ်သည်။
သူသည် အသက်ဘေးကို စွန့်စားစရာ မလိုဘဲ သူ၏ ရှာဖွေရေးရေဒါ အာရုံခံစနစ် ကို အသုံးပြုရုံဖြင့် မြှုပ်နှံထားသော မိုင်းများကို အလွယ်တကူ သိရှိနိုင်ပေသည်။
"ကျွန်တော် သွားတဲ့ လမ်းအတိုင်းပဲ လိုက်ခဲ့ကြပါ"
ချင်ရန်က ဆိုသည်။
ချင်ရန်၏ စကားဆုံးသည်နှင့် လီကွမ်တို့ အခြေစိုက် စခန်းရှိရာသို့ တိုက်ရိုက် ဦးတည် ထွက်ခွာလာခဲ့သည်။
ဝူဖေးသည် ချင်ရန် အနောက်မှ ဒုတိယမြောက် လူအဖြစ် လိုက်ပါလာခဲ့သည်။
ခေါင်းဆောင် တစ်ဦးအနေဖြင့် မိမိသည်လည်း စံနမူနာကောင်းအဖြစ် အရှေ့မှ ဦးဆောင်ရပေမည်။
ဝူဖေးသည် ချင်ရန်နှင့် ငါးမီတာခန့် အကွာတွင် ရှိနေပြီး ၎င်းမှာ အန္တရာယ်ကင်းသော အကွာအဝေး ဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားလျှင်ပင် အသက်အန္တရာယ် ထိခိုက်မှုကို အတတ်နိုင်ဆုံး လျှော့ချနိုင်မည် ဖြစ်သည်။
ချင်ရန်သည် လမ်းတစ်လျှောက်လုံးတွင် အမြန် လျှောက်လှမ်းသွားပြီး အာရုံခံစနစ်ဖြင့် အရာအားလုံးကို ထောက်လှမ်းနေခဲ့သည်။
သူ ထင်မှတ်သည့်အတိုင်းပင် လမ်းတစ်လျှောက်ရှိ မြေအောက်တွင် မြေမြှုပ်မိုင်း များစွာကို မြှုပ်နှံထား၏။
သို့သော် ချင်ရန်မှာ ထူးခြားသည့် သိမြင်နိုင်စွမ်း ရှိသဖြင့် မည်သည့် ဘေးအန္တရာယ်နှင့်မျှ မကြုံတွေ့ရဘဲ လုံးဝ အန္တရာယ်ကင်းသော လမ်းကြောင်းကို ကျွမ်းကျင်စွာ ရွေးချယ်သွားနိုင်ခဲ့သည်။
သူသည် အပြန်လမ်းတွင်လည်း အန္တရာယ် ကင်းကင်း အသုံးပြုနိုင်ရန်အတွက် ဤလမ်းကြောင်းများကို သေချာ မှတ်သားထားရန် ဝူဖေးကို သတိပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝူဖေးသည် ဌာနချုပ်သို့ ထပ်မံ ဖုန်းခေါ်ဆိုကာ ကယ်ဆယ်ရေး အဖွဲ့များ မိုင်းကွင်းအတွင်းသို့ မတော်တဆ ဝင်ရောက်မိခြင်းမျိုး မရှိစေရန် သတိပေးလိုက်ပြီး မိုင်းရှင်းလင်းရေး တပ်ဖွဲ့များကို အမြန်ဆုံး စေလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
A အဆင့် ရာဇဝတ်ကောင် ခေါင်းပြောင်ကိုလည်း ရဲအရာရှိများက ခေါ်ဆောင်လာကြခြင်း ဖြစ်သည်။
လက်ထိပ်နှင့် ခြေကျင်းဝတ်များ ခတ်နှိပ်ထားသဖြင့် မိမိမှာ ထွက်ပြေး၍ မရဘဲ ငြိမ်သက်စွာ လိုက်ပါလာရရှာသည်။
အစပိုင်းတွင် ခေါင်းပြောင်သည် အရှေ့ရဲကား ပေါက်ကွဲသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဝမ်းသာနေသော်လည်း နောက်ပိုင်းတွင် လီကွမ်တို့ အဘယ်ကြောင့် ဤမျှ အရှက်တကွဲ ထွက်ပြေးသွားကြသည်ကိုမူ သူ နားမလည်နိုင် ဖြစ်နေရသည်။
ချင်ရန်တို့ အဖွဲ့သည် အွန်လိုင်း လိမ်လည်မှုများ ပြုလုပ်လျက်ရှိသည့် အခြေစိုက် စခန်းရှိရာသို့ ဆက်လက် ချဉ်းကပ်လာကြစဉ် လီကွမ်တို့ အဖွဲ့သည်လည်း စခန်းသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။
သူ့မျက်နှာတွင် ကြမ်းကြုတ်ကာ ခက်ထန်နေသော အရိပ်အယောင်များ ရှိနေသော်လည်း တစ်ဖက်တွင်မူ ချင်ရန်၏ နတ်ဘုရားအဆင့် လက်ဖြောင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုများလည်း ကိန်းအောင်းနေသည်။
"အဲဒီလူတွေက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ ငါတို့နောက်ကို သေချာပေါက် လိုက်လာကြလိမ့်မယ်"
လီကွမ်က ရွာထဲသို့ ဝင်လာရင်း သူ့အဖွဲ့မှ လူများကို ပြောကြားလိုက်သည်။
"ဒါဆို ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ကြေးစားစစ်သား တစ်ဦးက မေးမြန်းလိုက်၏။
"ဘော့စ်ကို ဖုန်းခေါ်လိုက်၊ ဒီအလုပ်က တရုတ်ပြည် အာဏာပိုင်တွေရဲ့ မျက်စိထဲ ရောက်သွားပြီ၊ သူတို့က လူတွေကို ကယ်တင်ဖို့ အင်အား အလုံးအရင်းနဲ့ လာကြလိမ့်မယ်"
လီကွမ်က အေးစက်စွာ ပြောဆိုလိုက်သည်။
"ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်"
လီကွမ်သည် သူတို့ကို ငှားရမ်းထားသော ဘော့စ်ထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်သည်။
ဖုန်းချိတ်သွားသည်နှင့် တစ်ပြိုင်နက် တစ်ဖက်မှ အလွန် အက်ကွဲလှသော ဘော့စ်၏ အသံကို စတင် ကြားလိုက်ရ၏။
လီကွမ်ထံမှ ဖုန်းလာသည် ဆိုကတည်းက အရေးကြီးကိစ္စ တစ်ခုခု ဖြစ်နေပြီမှန်း ဘော့စ်က ရိပ်မိလိုက်ပုံရသည်။
"ပြောစမ်း"
ဘော့စ်က တည်ငြိမ်စွာ ဆို၏။
"ဘော့စ်၊ ဒီအလုပ်က ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး၊ တရုတ်ပြည်က အာဏာပိုင်တွေ ဒီနေရာကို စောင့်ကြည့်နေကြပြီ၊ ရဲတွေလည်း အများကြီး ရောက်လာကြတော့မှာ"
လီကွမ်က ပြောကြားလိုက်သည်။
သူ ပြောကြားပြီးနောက် အခြားတစ်ဖက်မှ ခေတ္တ တိတ်ဆိတ်သွားသည်။
ထို့နောက် မေးမြန်းလာ၏။
"ပြီးတော့ကော"
"ဒီမှာရှိတဲ့ ဓားစာခံ ၁၀၀ ကျော်ကို ကိုင်တွယ်ဖို့ ကျွန်တော်တို့မှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်"
လီကွမ်က လေးနက်စွာ ဆိုသည်။
"ပထမ နည်းလမ်းကတော့ သူတို့ကို ဒီအတိုင်း ပစ်ထားခဲ့ပြီး လွတ်လွတ်လပ်လပ် ထွက်ပြေးခိုင်းလိုက်ဖို့ပဲ၊ ဒုတိယကတော့ ဒီနေရာမှာတင် ဓားစာခံတွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်တာပဲ၊ ခင်ဗျား ကျွန်တော်တို့ကို ပေးထားတဲ့ စရံငွေတွေကလည်း အတော်လေး များနေပြီဆိုတော့ ဒုတိယ အလုပ်ကို ကျွန်တော် အခမဲ့ လုပ်ပေးနိုင်သလို ပထမ နည်းလမ်းအတိုင်းလည်း လုပ်ပေးနိုင်ပါတယ်"
လီကွမ်သည် ကြေးစားစစ်သား တစ်ဦး ဖြစ်သည်နှင့်အညီ အခြေအနေ မဟန်သည်နှင့် ထွက်ပြေးရန်ကိုသာ အရင်ဆုံး စဉ်းစားတော့သည်။
ကြေးစားစစ်သားများသည် ပိုက်ဆံကို မက်မောကြသော်လည်း ပိုက်ဆံကို သုံးစွဲနိုင်ရန်အတွက် အသက် ရှင်သန်နေဖို့က ပို၍ပင် အရေးကြီးသည် မဟုတ်ပါလော။
လီကွမ်၏ စကားကို ကြားရသော အခါ ဘော့စ်က အေးစက်စွာ ရယ်မောလိုက်သည်။
"မဟုတ်ဘူး၊ ကိုင်တွယ်ဖို့ တတိယ နည်းလမ်း တစ်ခု ရှိသေးတယ်"
"ဟင်"
လီကွမ် အံ့ဩသွားသည်။
"ငါ့လူတွေ လမ်းမှာ ရောက်ရှိနေပြီ၊ ကားအတော်များများကိုလည်း လွှတ်ထားတယ်၊ လူ ၁၀၀ ကျော်ကို ရွှေ့ပြောင်းဖို့ လုံလောက်ပါတယ်"
ဘော့စ်က ပြောလိုက်၏။
ရွှေ့ပြောင်းမည် ဆိုသည့် စကားကို ကြားလိုက်ရသည့် အခါ လီကွမ်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ဓားစာခံ ၁၀၀ ကျော်ကို ရွှေ့ပြောင်းမည် ဆိုခြင်းမှာ ဘော့စ်တွင် အခြား ရည်ရွယ်ချက် တစ်ခု ရှိနေခြင်း ဖြစ်သည်။
သူတို့ကို ဥပဒေ ပြင်ပ နယ်မြေတစ်ခုသို့ ခေါ်ဆောင်သွားပြီး ကျွန်များအဖြစ် အသုံးချချင်တာလား၊ ဒါကလည်း အမြတ်ထုတ်နိုင်သည့် နည်းလမ်း တစ်ခု ဖြစ်ပေသည်။
"အခု မင်း ငါ့အတွက် အလုပ်တစ်ခု လုပ်ပေးဖို့ လိုအပ်တယ်၊ အဲဒါ လုပ်ပေးရင် မင်းကို ဒေါ်လာ တစ်သန်း ပေးမယ်"
"တစ်သန်း"
"အင်း၊ တစ်သန်း၊ အဲဒါက ဘာလဲဆိုတော့ မင်းတို့ရဲ့ အဲဒီနေရာကို နောက်ထပ် နာရီဝက်လောက် ထိန်းထားပေးဖို့ပဲ"
မိမိတို့အခြေစိုက် စခန်းကို နာရီဝက် ထိန်းထားရုံနှင့် တစ်သန်း ရရှိမည် ဆိုသည့် ကမ်းလှမ်းချက်သည် အလွန် ရက်ရောလှ၏။
ဘော့စ်၏ အလွန် ရက်ရောသော ကမ်းလှမ်းချက်ကို ပေးခဲ့သော်လည်း လီကွမ် တွေဝေနေမိသည်။
သူသည် စွမ်းအားရှင် တစ်ဦးကဲ့သို့ ဖြစ်နေသော ချင်ရန်ကို ပြန်လည် မြင်ယောင်လာပြီး ရင်ထဲတွင် ကြောက်ရွံ့မှုများက တစ်ဖန် ပြန်လည် နေရာယူလာတော့သည်။
150
"နာရီဝက်အတွက် အမေရိကန်ဒေါ်လာ တစ်သန်း..."
"ကောင်းပြီ၊ လက်ခံတယ်"
လီကွမ်သည် အံကြိတ်ကာ ပြောဆိုလိုက်သည်။
အခြား အချက်များကို ဖယ်ရှားထားလျှင်တောင် ဒေါ်လာတစ်သန်း ဆိုသည့် ငွေကြေးမှာ အလွန် များပြားလှသည့် ပမာဏ ဖြစ်ပြီး တစ်ဖက်မှလည်း နာရီဝက်သာ ထိန်းထားပေးရန် တိတိကျကျ ပြောဆိုထားခြင်းကြောင့် ဖြစ်သည်။
နာရီဝက် ပြည့်သည်နှင့် လီကွမ် အနေဖြင့် မည်သည်ကိုမျှ ဂရုစိုက်စရာ မလိုအပ်ဘဲ တိုက်ရိုက် ထွက်ခွာသွားနိုင်ပြီ ဖြစ်သည်။
ဖုန်းထဲမှ ဘော့စ်၏ ဂုဏ်သတင်းကိုလည်း သူ သိသည်။
ထိုလူမှာ ကတိဖျက်မည့်သူ မဟုတ်ချေ။
ထို့နောက် လီကွမ်သည် သူ့လူများကို ကြည့်ရှုပြီး အေးစက်စွာ အမိန့်ပေးလိုက်၏။
"အခု မင်းတို့ လုပ်ဆောင်ရမှာက တစ်ခုတည်းပဲ၊ စခန်းထဲက ဖုန်းဆက်နေတဲ့လူ အကုန်လုံးကို ဖမ်းဆီး ချုပ်နှောင်ထားလိုက်၊ တစ်ယောက်မျှ မကျန်စေနဲ့၊ ပြီးရင် ငါတို့ ဒီနေရာကို နာရီဝက်ကြာအောင် ခုခံထားရမယ်၊ နာရီဝက် အတွင်းမှာ စစ်ကူတွေ ရောက်လာလိမ့်မယ်၊ အဲဒီအခါကျမှ ငါတို့ အားလုံး အမြန်ဆုံး ဆုတ်ခွာကြမယ်၊ ကြားလား"
လီကွမ်၏ စကားကြောင့် ကြေးစားစစ်သားများမှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ထိုစဉ် စစ်သားတစ်ဦးက မေးမြန်းလာ၏။
"ကျွန်တော်တို့ ဘယ်လောက် ရမလဲ"
"အသက်ရှင် ကျန်ရစ်တဲ့လူတိုင်း တရုတ်ငွေ နှစ်သိန်းစီ ရရှိမယ်၊ မင်းတို့ဘက်က နာရီဝက်ပဲ တောင့်ခံထားဖို့ လိုအပ်တယ်၊ ဒီအလုပ် ပြီးဆုံးတာနဲ့ ငါတို့ ဥရောပကို သွားရောက်ပြီး နိုင်ငံခြားက မိန်းမပျိုတွေနဲ့ ပျော်ပါးကြတာပေါ့ကွာ၊ ဟားဟား"
လီကွမ်က နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း ပြောဆိုလိုက်သည်။
အမျိုးသားများ၏ နှိုးဆွပေးခြင်းမှာ ကာမစိတ်သည်သာ အထိရောက်ဆုံး ဖြစ်သည်ဟု ဆိုရပေမည်။
လီကွမ်၏ စကားကို ကြားလိုက်ရသည့် အခါ ကြေးစားစစ်သား အချို့မှာ စတင်၍ မငြိမ်မသက်ပင် ဖြစ်ပေါ်လာကြတော့သည်။
လီကွမ်သည် သူတို့ခေါင်းဆောင် ဖြစ်သော်လည်း အကြောင်းမဲ့ သေတွင်းထဲ ပို့ဆောင်နေမည် ဆိုလျှင် သူတို့သည် ပုန်ကန်ကြမည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။
သို့သော် လီကွမ်မှာ အရည်အချင်း ရှိသလို ယုံကြည်ရသူလည်း ဖြစ်သည်။
သူသည် အောင်မြင်မှုများကို အမြဲ ခွဲဝေပေးလေ့ ရှိပြီး သူ့လူများကိုလည်း ပျော်ရွှင်အောင် ထားရှိတတ်သူ ဖြစ်သည်။
"ကောင်းပြီ၊ အစ်ကိုကြီး ပြောတဲ့အတိုင်းပဲ လုပ်ဆောင်မယ်၊ ဒီမှာ နာရီဝက် တောင့်ခံပေးမယ်"
အစောက မေးခွန်း မေးမြန်းခဲ့သော ကြေးစားစစ်သားကပင် အားတက်သရော ပြောဆိုလိုက်သည်။
သူတို့သည် အရာအားလုံးကို ရင်းနှီးရန် အသင့်ဖြစ်သွား၏။
သူတို့ အားလုံးသည် ချင်ရန်၏ နတ်ဘုရားအလား တိကျလှသော သေနတ်ပစ် စွမ်းရည်ကို မြင်တွေ့ခဲ့ရသော်လည်း မျက်စိရှေ့မှ ကြီးမားလှသော ဆုလာဘ် အတွက်တော့ ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ကြရန် ဆုံးဖြတ်လိုက်ကြသည်။
အကြောင်းမှာ ဤအလုပ် ပြီးဆုံးသည်နှင့် သူတို့အတွက် နိဗ္ဗာန်ဘုံက စောင့်ကြိုနေသောကြောင့်ပင် ဖြစ်သည်။
အခြားတစ်ဖက်ရှိ အနက်ရောင် တြိဂံဒေသ ဟု ခေါ်ဆိုသော နယ်မြေတစ်ခုသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံးနှင့် ရာဇဝတ်မှု အထူပြောဆုံး နယ်မြေအဖြစ် လူသိများ၏။
ထိုနေရာတွင် အင်အားစုများစွာ ရောထွေးနေပြီး အကျိုးစီးပွားချင်း မတူညီကြသဖြင့် မည်သည့် နိုင်ငံကမျှ မထိန်းချုပ်နိုင်ကြချေ။
လူဦးရေ ထက်ဝက်ခန့်ကို အမြစ်ပြတ် မသတ်ဖြတ်ပစ်သရွေ့ ဤနေရာတွင် နိုင်ငံတစ်ခု၊ အာဏာတစ်ခု တည်ထောင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ဤဒေသရှိ စုစုပေါင်း လူဦးရေမှာ သန်း ၂၀ ကျော် ရှိရာ အလွန်ပင် များပြားလှပြီး ဒေသအတွင်းတွင် ပိတ်ပင် တားဆီးထားသော ပစ္စည်းမှန်သမျှ သင် တွေးတောမိသမျှနှင့် မတွေးတောမိသမျှ ပစ္စည်းများ အားလုံး ရှိနေသည်။
ဥပဒေမှ တားမြစ်ထားသည့် မည်သည့်အရာကိုမဆို ဤဒေသတွင် ပြုလုပ်နိုင်ပြီး မည်သည့် ပြဿနာ၊ မည်သည့် တားမြစ်ချက်မျှ ရှိမည် မဟုတ်ပေ။
အနက်ရောင် တြိဂံဒေသကို အင်အားစု တစ်ခုတည်းက ထိန်းချုပ်ထားခြင်း မဟုတ်ဘဲ နယ်မြေ တစ်ခုစီရှိ နယ်မြေခံ ခေါင်းဆောင် ၃၀ ကျော်က အသီးသီး အုပ်ချုပ်နေကြသည်။
နယ်မြေခံ ခေါင်းဆောင်တိုင်းတွင် ကိုယ်ပိုင် စစ်တပ်များ ရှိကြပြီး သူတို့ထံတွင် တင့်ကားများ နှင့် အဆင့်မြင့် နည်းပညာသုံး လက်နက်များလည်း ရှိကြသည်။
နေထိုင်သူ အရပ်သားများတွင်လည်း လက်နက်များကိုယ်စီ ရှိတတ်ကြပြီး နယ်မြေခေါင်းဆောင်များကိုမူ မယှဉ်နိုင်ကြချေ။
ထို့ပြင် ဤရှုပ်ထွေးသော နယ်မြေထဲတွင် အခြားနိုင်ငံများမှ ထွက်ပြေး ခိုလှုံလာကြသော ရာဇဝတ်ကောင်ဆိုသူများ လည်း ရှိနေကြသည်။
အနက်ရောင် တြိဂံဒေသကို ထိန်းချုပ်ထားသော နယ်မြေများကို အင်္ဂလိပ်အက္ခရာကြီးများဖြင့် အလွယ်တကူ အမည်ပေးထားကြသည်။
ဥပမာ - နယ်မြေ (A)၊ နယ်မြေ (B) စသည်ဖြင့် ဖြစ်ပြီး အက္ခရာကြီးများကုန်သွားလျှင် အက္ခရာသေးများဖြင့် ဆက်လက် အမည်ပေးလေ့ ရှိသည်။
ယခုအချိန်တွင် နယ်မြေ (B) ရှိ မီတာ ၅၀ ခန့် မြင့်သော အမြင့်ဆုံး အဆောက်အအုံအတွင်း၌ ဝတ်စုံအပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ခြေထောက်ချိတ်ထိုင်ရင်း လက်ထဲမှ ဖုန်းကို ချထားလိုက်သည်။
သူသည် ဖုန်းပြောခြင်းကို ယခုလေးတင် အဆုံးသတ်လိုက်ပုံ ရပေသည်။
အဆိုပါလူသည် လီကွမ် ပြောဆိုခဲ့သော 'ဘော့စ်' ဆိုသူ ဖြစ်ပြီး ခေါင်းပြောင်မှာလည်း သူ့လက်အောက်ငယ်သား တစ်ဦးပင် ဖြစ်သည်။
သူသည် ရုံးဝန်ထမ်း တစ်ဦးကဲ့သို့ သာမန်ကာလျှံကာ ပုံစံရှိသော်လည်း ကမ္ဘာ့ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှု လုပ်ငန်း၏ ထက်ဝက်ကျော်ကို ချုပ်ကိုင်ထားသူလည်း ဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း ထိုလိမ်လည်မှုများမှတစ်ဆင့် သူတို့ ရရှိနေသော ငွေပမာဏမှာ တိုင်းတာလို့ပင် မရလောက်အောင် များပြားလှသည်။
၎င်းမှာ အားလုံးတော့ မဟုတ်သေးချေ။
သူ့ကုမ္ပဏီမှာ အပေါ်ယံတွင်တော့ အနုပညာနှင့် ယဉ်ကျေးမှုကုမ္ပဏီတစ်ခု ဖြစ်ပြီး အများပြည်သူ ရှေ့မှောက်တွင် ပုံရိပ်ကောင်းမွန်လှသော အနုပညာရှင် အများအပြားကို မွေးထုတ်ပေးထားသည်။
ထိုအနုပညာရှင်များမှာ လူမှုကွန်ရက် စာမျက်နှာများတွင် အလွန်နာမည်ကြီးကာ ခေတ်လူငယ်များမှာ သူတို့၏ရုပ်ရည်ကို အစွဲအလမ်းကြီး စွဲလမ်းနေကြသည်။
ထို့နောက် သူတို့အား အနက်ရောင်တြိဂံဒေသရှိ ကုမ္ပဏီသို့ လာရောက်ရန် ဖျားယောင်းသိမ်းသွင်းကြသည်။
ကုမ္ပဏီသည် ငယ်ရွယ်ပြီး နားမလည်သေးသော လူငယ်များကို ဆွဲဆောင်ရန်သာ ရည်ရွယ်ထား၏။
ကုမ္ပဏီရှိ အနုပညာရှင်တိုင်းတွင် ကခြင်း၊ သီချင်းဆိုခြင်း၊ သရုပ်ဆောင်ခြင်းနှင့် တူရိယာမျိုးစုံ တီးခတ်ခြင်း စသည့် ထူးခြားသော အရည်အချင်းများ ရှိကြသည်။
သူတို့သည် လူငယ်များကို ဆွဲဆောင်နိုင်ရန်အတွက် မတူညီသော ပုံရိပ်များကို ဖန်တီးကြသည်။
လူအများစုက မလှည့်စားခံရသော်လည်း ဤလောကတွင် အရူးများကတော့ တစ်ခါမျှ မရှားပါးခဲ့ချေ။
နှစ်စဉ်နှစ်တိုင်း သူတို့၏ အနုပညာကုမ္ပဏီသည် ဆက်သွယ်ရေး အွန်လိုင်းလိမ်လည်မှုများကို လုပ်ဆောင်ရန်အတွက် အနည်းဆုံး လူပေါင်းထောင်ချီကို စုဆောင်းလေ့ ရှိကြသည်။
ထိုသူများကို ငွေလိမ်လည်ယူခြင်း သို့မဟုတ် ပြန်ပေးဆွဲပြီး ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်။
ဤပုံစံဖြင့် ကုမ္ပဏီမှာ ကြွယ်ဝချမ်းသာလာခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ တရုတ်နယ်စပ်တွင် ကုမ္ပဏီမှ ယာယီဖွင့်လှစ်ထားသော လိမ်လည်မှုစခန်းကို တရုတ် အာဏာပိုင်များက ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်။
ဝတ်စုံပြည့်ဝတ် အမျိုးသားမှာ အစပိုင်းတွင်တော့ ထိုစခန်းကို လက်လွှတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အကြောင်းမှာ တရုတ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းမှာ အနည်းငယ် အလုပ်ရှုပ်သောကြောင့် ဖြစ်သည်။
သို့သော် ရုတ်တရက် ဥရောပမှ အမိန့်တစ်ခု ရောက်ရှိလာခဲ့သည်။
၎င်းမှာ သင့်လျော်သော အမျိုးသား၊ အမျိုးသမီးများ၏ နှလုံး၊ အသည်းနှင့် အဆုတ်များကို အလိုရှိကြောင်း ဖြစ်သည်။
ထိုဝယ်ယူသူဘက်က အလွန်အမင်း မြင့်မားလှကာ မယုံနိုင်စရာ ကောင်းလောက်သော ဈေးနှုန်းကို ပေးအပ်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က စတင်ပြီး ထိုငွေများကြောင့် အနက်ရောင်တြိဂံဒေသတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။
အနုပညာကုမ္ပဏီ ပိုင်ရှင်သည်လည်း ထိုအကြောင်းကို သိရှိသွားပြီး သူသည် များသောအားဖြင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို ရောင်းဝယ်ခြင်းကို မလုပ်ဆောင်သော်လည်း ယခုတစ်ကြိမ် ပေးလာသည့် မက်လုံးမှာ အလွန်ပင် ကြီးမားလွန်းလှသည်။
နယ်စပ်စခန်းတွင် ကျန်းမာသန်စွမ်းသော လူငယ် ၁၀၀ ကျော် ရှိနေသည်ကို သူ သတိရသွားသည်။
အများစုမှာ အသက် ၄၀ အောက်များ ဖြစ်ကြပြီး ထိုသူများထဲတွင် ဝယ်ယူသူများ အလိုရှိနေသော အစိတ်အပိုင်းများ ပါဝင်နိုင်ပေသည်။
ထို့ကြောင့် ဝတ်စုံပြည့်ဝတ် အမျိုးသားသည် ထိုလူများကို ပြန်လည် ခေါ်ဆောင်လာရန် စေလွှတ်လိုက်ခြင်း ဖြစ်သည်။
"အင်း... လူ ၁၀၀ ကျော် ဆိုတော့ သူတို့ လိုချင်တာ များ ပါမှာပါ"
ဝတ်စုံပြည့်ဝတ် အမျိုးသားသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ မှီချလိုက်သည်။
ကုမ္ပဏီတွင် မိမိသည် ဘော့စ်အဖြစ် အမြဲတမ်းအမြင့်ဆုံး အဆောက်အအုံပေါ်တွင် နေထိုင်ပြီး အပြင်သို့ ထွက်ခဲလှ၏။
သူသည် ဧကရာဇ် တစ်ပါးကဲ့သို့ အရာအားလုံးကို ထိန်းချုပ်ကာ အာဏာနှင့် လွှမ်းမိုးမှုကို အသုံးချနေသူ ဖြစ်သည်။
"ကြားရသလောက်တော့ ဥရောပက တချို့ တော်ဝင် မိသားစုတွေက သူတို့ရဲ့ သွေးနဲ့ အတွင်းအင်္ဂါတွေကို အကုန်လဲကြတော့မယ်တဲ့၊ ဝါး... ဝယ်လိုအားက အတော်ကြီးတာပဲ"
ထိုသူ၏ မျက်လုံးများတွင် အရောင်တစ်ချက် ဝင်းလက်သွားသည်။
အမှောင်ထုထဲမှ လူယုတ်မာများက မည်သည်ကို လုပ်ဆောင်နေကြပြီး မည်သူ့အတွက် အလုပ်အကျွေး ပြုနေကြသနည်း ဆိုလျှင် သူတို့က အလင်းထဲမှာ နေထိုင်ပြီး မြင့်မြတ်လှပါသည် ဆိုသည့် လူကုံထံများအတွက် အလုပ်အကျွေး ပြုနေကြခြင်း ဖြစ်သည်။
ဤသွေးနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဥရောပသို့ ရောက်ရှိသွားသည့်အခါ ထိုအရပ်က တော်ဝင်မိသားစုဝင်များသည် တရားဥပဒေနှင့်အညီ သူတို့မှာ "ဒီသွေး နဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လူသားချင်း စာနာထောက်ထားမှုအရ မိမိ သဘောဆန္ဒအလျောက် လှူဒါန်းထားတာပါ" ဟူ၍ ကမ္ဘာကို လိမ်ညာမှုများ အကြီးအကျယ် ပြောဆိုကြမည်။
ရုတ်တရက် သူ့ပတ်ဝန်းကျင်မှာ အလွန်ပင် လင်းထိန်သွားသလို ခံစားလိုက်ရသည်။
ဝတ်စုံပြည့်ဝတ် အမျိုးသားမှာ မျက်လုံးများကို မှိတ်ထားပြီး သတင်းကောင်းကိုသာ စောင့်မျှော်နေတော့သည်။
ယခုတစ်ကြိမ်တွင် သူသည် လက်နက်အသစ် အပြည့်အစုံ တပ်ဆင်ထားသော လူ ၃၀ ကို စေလွှတ်ထား၏။
သူသည် လီကွမ်၏ အရည်အချင်းကို ယုံကြည်သလို နာရီဝက်ခန့် တောင့်ခံထားနိုင်မည်ဟုလည်း ယူဆထားသည်။
သို့သော်လည်း ဝတ်စုံဝတ် အမျိုးသားမှာ စိတ်ပျက်ရဖို့ ကိန်းဆိုက်နေပြီ ဖြစ်သည်။
အကြောင်းမှာ ယခုတစ်ကြိမ် ကယ်ဆယ်ရေး စစ်ဆင်ရေးတွင် ပါဝင်နေသူမှာ ချင်ရန် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။