ဒီစောင့်ကြည့်ရေးအမတ်ရဲ့ အစ်ကိုက အမျိုးသား ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတာပဲ (၂)
Vol. 2 Ch. 16
မင်းသမီး ရှန်းယန်သည် ဧကရီ၏ အငယ်ဆုံး သမီးတော် ဖြစ်ပြီး ငယ်စဉ်ကတည်းက ဧကရာဇ်နှင့် ဧကရီတို့၏ အလိုလိုက်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။ သူမ၏ အစ်ကိုတော် လေးပါးနှင့် အစ်မတော် နှစ်ပါးတို့ကလည်း သူမကို အဖိုးတန် ရတနာ တစ်ပါးကဲ့သို့ အမြတ်တနိုး ထားခဲ့ကြသည်။ ထို့ကြောင့်ပင် သူမ၏ စရိုက်မှာ အခြားသူများ နှင့်မတူဘဲ အလွန်ပင် မာနကြီးလှတော့သည်။
ရှုရန်မြောင်က မင်းသမီး ရှန်းယန် အကြောင်းကို စိတ်ထဲမှ ရေရွတ်လိုက်သည်နှင့်တစ်ပြိုင်နက် ယခင်က ခံ့ညား ထည်ဝါ၍ ရဲဝံ့နေသော နန်းတွင်း စောင့်ကြည့်ရေး အမတ်ကြီး ဝမ်ရှင်းယီ၏ မျက်နှာမှာ နီမြန်းလာတော့သည်။ အခြေအနေကို မသိသူများအဖို့မူ ဤညီလာခံ ခန်းမကြီးအတွင်း၌ အောက်ဆီဂျင် ပြတ်လပ်နေသည်ဟုပင် ထင်မှတ်ရ ပေလိမ့်မည်။
မိမိ ပတ်ဝန်းကျင်ရှိ စစ်ဘက်နှင့် နယ်ဘက် အရာရှိများအားလုံးမှာ သမက်တော် လျိုယီကို အကျဉ်းချသင့်၊ မချသင့် ဆိုသည့် ကိစ္စထက် မိမိ၏ မိသားစုရေးရာ ကိစ္စများကို ပို၍ပင် စိတ်ဝင်စားနေကြသည်ကို သူ သတိထား မိလိုက်သည်။
ထို့ကြောင့်ပင် သူ၏ မျက်နှာမှာ ပို၍ နီရဲလာပြီး သွေးပေါင်ချိန်မှာလည်း ၁၈၀ အထိ မြင့်တက်နေပုံ ရသည်။
ဧကရာဇ်အိုကြီးမှာမူ ဝမ်ရှင်းယီ၏ အမူအရာကို ကြည့်ရင်း မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့လိုက်သည်။
*မင်းက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေကို စောင့်ကြည့်ရတာ ဝါသနာပါနေမှတော့ အခြားသူတွေကိုလဲ မင်းရဲ့ မိသားစု ကိစ္စတွေကို ပြန်ကြည့်ခွင့် ပေးလိုက်တာပေါ့*
ရှုရန်မြောင်ကမူ စနစ်ထဲရှိ သတင်းများကို အေးအေးဆေးဆေးပင် လှန်လှောကြည့်ရှုရင်း အတွင်းသတင်းများကို အားရပါးရ အရသာခံနေတော့သည်။
[နေပါဦး ... ငါ ကြည့်ပါရစေဦး။ ဪ ... မင်းသမီးလေး အိမ်တော်ထဲ ဝင်လာတာနဲ့တစ်ပြိုင်နက် ဝမ်ရှင်းယီက သူမကို သာမန် ဇနီးတစ်ယောက်လိုပဲ ကျင့်ဝတ်တွေ လိုက်နာဖို့ တောင်းဆိုခဲ့တာကိုး။ လက်ထပ်ပြီး ဒုတိယ မြောက်နေ့မှာ ရေချိုး၊ အဝတ်အစား လဲပြီး ခင်ပွန်းဘက်က လူကြီးသူမတွေကို အရိုအသေ ပေးရမယ်၊ သူတို့ရဲ့ သဘော တူညီချက်ကို ရယူရမယ်ဆိုပြီး ပြောခဲ့တာပဲ]
[အဲ့ဒီတော့ မင်းသမီး ရှန်းယန်က ချက်ချင်းပဲ လှည့်ထွက်သွားပြီး သူ့ရဲ့ မင်းသမီး အိမ်တော်ကိုပဲ ပြန်တော့မယ် လုပ်လို့ ဝမ်မိသားစု တစ်ခုလုံး ထိတ်လန့်ကုန်တာပေါ့၊ ဧကရာဇ်ကြီး သိသွားမှာကို ကြောက်လွန်းလို့ မင်းသမီးလေးကို ရထားလုံးပေါ် ပြန်တက်ဖို့ အသည်းအသန် တောင်းပန်ခဲ့ရတာ၊ နောက်ဆုံးတော့ သူမရဲ့ ဦးလေးနဲ့ ဒေါ်လေး ဖြစ်သူတွေကတောင် မင်းသမီးကို အရိုအသေ ပြန်ပေးလိုက်ရတော့မှပဲ သူမက စိတ်ပြေသွားပြီး အသာ တကြည် ပြန်အခြေချခဲ့တာပဲ]
အရာရှိများ : ဝါး
*အဲ့ဒီနောက် ဘာဆက်ဖြစ်လဲ၊ ဘာဆက်ဖြစ်လဲ*
ရှုရန်မြောင်က မှန်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လူဆိုသည်မှာ မိမိ အလိုအပ်ဆုံးအရာကိုသာ အမြဲတမ်း အလေးထား ပြောဆိုတတ်ကြသည်။ ဝမ်မိသားစုလည်း ထိုနည်းတူ၎င်းပင်။ တန်ခိုးအာဏာရှိသော မင်းသမီး တစ်ပါးနှင့် တွေ့သည့်အခါတွင်မှ သူမကို စကား နားမထောင်ဟု ဝေဖန် ပြစ်တင်ခဲ့ကြသည်။
*ကျွတ်စ် … ကျွတ်စ်*
[ပြီးတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ရင် ဇနီးသည်က သုံးနှစ်တိတိ အမျှဝေ ပူဆွေးရပြီး ဇနီးကွယ်လွန်ရင်တော့ ခင်ပွန်းက တစ်နှစ်ပဲ ပူဆွေးဖို့ လိုအပ်တာလေ၊ မင်းသမီးတစ်ပါး ကွယ်လွန်ရင်လဲ ဒီအတိုင်းပဲပေါ့၊ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးလက မင်းသမီး ချီယန် ကွယ်လွန်သွားတဲ့အခါမှာ မင်းသမီး ရှန်းယန် က သူမရဲ့ သမက်တော်အိမ်ကို သွားပြီး သူ့အစ်မ အတွက် သုံးနှစ်တိတိ ဝတ်ပြုပူဆွေးရမယ်လို့ အတင်းအကျပ် သွားတောင်းဆိုခဲ့တာလေ]
[ဝမ်ရှင်းယီက ဒါကို သိသွားတော့ သူ့ရဲ့ ယောက္ခမဆိုတဲ့ အရှိန်အဝါကို သုံးပြီး မင်းသမီး ရှန်းယန် ကို ပြင်းပြင်း ထန်ထန် ဝေဖန်ခဲ့တာပေါ့။ မင်းသမီးရဲ့ လုပ်ရပ်ဟာ သူမအစ်မရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပြီး ကွယ်လွန်သူ ကိုလဲ အေးအေးချမ်းချမ်း မနားရအောင် လုပ်နေတာပဲလို့ စွပ်စွဲခဲ့တာလေ၊ အဲ့ဒီမှာ မင်းသမီး ရှန်းယန် က ချက်ချင်းပဲ ပြန်ချပလိုက်တာက 'စိတ်မပူပါနဲ့၊ တကယ်လို့ ကျွန်မသာ သေခဲ့ရင် ကျွန်မရဲ့ သမက်တော်ကို သုံးနှစ်ကြီးများတောင် ဝတ်ပြုခိုင်းပြီး အချိန်ဖြုန်းနေမှာ မဟုတ်ပါဘူး၊ သူ့ကို တစ်ခါတည်း ကျွန်မနဲ့အတူ သေလူအဖြစ် ခေါ်သွားမှာမို့လို့ပါ' တဲ့]
[ဟားဟားဟား၊ ဝါး၊ ဒီမင်းသမီးကတော့ တကယ့်ကို အလန်းစားပဲ။ ဝမ်ရှင်းယီခမျာ တစ်ခွန်းမှ ပြန်မပြော နိုင်တော့ဘဲ ပါးစပ်ပိတ်သွားရတာပေါ့]
အရာရှိများ : ဝါး ဝါး
သူတစ်ပါး မိသားစု၏ အတွင်းရေး အတင်းအဖျင်းများက တကယ်ကို စိတ်ဝင်စားစရာ ကောင်းလွန်းသဖြင့် နားမထောင်ဘဲ မနေနိုင်အောင် ဖြစ်နေကြတော့သည်။
*ဒီလို ရှေးရိုးစွဲ အဘိုးကြီးက တကယ်တမ်းကျတော့ ကြောက်တတ်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ဒါဆို သူက ဘာလို့ မင်းသမီး ဝမ်ရှို့ကျမှ ဒီလောက်အထိ ရဲတင်းပြနေရတာလဲ*
*ဒါက အားနည်းသူကို နှိပ်ကွပ်ပြီး အားကြီးသူကို ကြောက်ရွံ့တဲ့ ပုံစံ မဟုတ်လား*
အရာရှိများ၏ ပြောင်ချော်ချော် အကြည့်များ အားလုံးမှာ ဝမ်ရှင်းယီထံသို့ စုပြုံရောက်ရှိသွားကြသည်။ ဝမ်ရှင်းယီ၏ လည်ပင်းမှာလည်း အဆုံးအထိ နီရဲနေပြီ ဖြစ်သော်လည်း သူ၏မျက်နှာကိုမူ တင်းထားဆဲဖြစ်ကာ လည်ပင်း ကိုလည်း မာန်အပြည့်ဖြင့် မော့ထားဆဲပင်။
မင်းသမီး ရှန်းယန်နှင့် ပတ်သက်သော ကိစ္စများ ပေါ်ပေါက်သွားလိမ့်မည်ဟု သူ ကြိုတင် တွေးထားခဲ့သော်လည်း တကယ်တမ်း လူအများ၏ တိုးတိုးတိတ်တိတ် ပြောဆိုသံများ၊ စပ်စုသော အကြည့်များနှင့် ကဲ့ရဲ့သော မှတ်ချက်များ ကြားတွင် ရောက်နေရသည့်အခါမှသာ ဤအခြေအနေမှာ မည်မျှအထိ ခံရခက်ကြောင်း သူ သိလိုက်ရတော့သည်။
*ပြီးတော့...*
*ရိုင်းစိုင်းတာက မင်းသမီး ရှန်းယန်လေ၊ ငါတို့ ဝမ်မိသားစုကတော့ သင့်တော်တဲ့ ကျင့်ဝတ်တွေကိုပဲ လိုက်နာ ခဲ့တာပဲ၊ ဒါက ဘာပြဿနာရှိလို့လဲ။ အရှက်ရသင့်တာက မင်းသမီး ရှန်းယန်လေ၊ ငါတို့ မိသားစု မဟုတ်ဘူး၊ ဒီလူတွေက ဘာဖြစ်နေကြတာလဲ၊ သူမကို ဇနီးဝတ္တရား မကျေပွန်ဘူးဆိုပြီး ဝေဖန်ရမှာ မဟုတ်ဘူးလား*
ရှေးရိုးစွဲ အဘိုးကြီးမှာမူ ဤအခြေအနေကို လုံးဝသည်းမခံနိုင်တော့သော်လည်း သူသည် ရှုရန်မြောင်ကို တားဆီးရန် နည်းလမ်း မရှိပေ။
အကြောင်းမှာ သူကသာ "ပါးစပ်ပိတ်စမ်း" ဟု အော်ဟစ်လိုက်ပါကလည်း ရှုရန်မြောင်သည် မိမိကို အော်နေခြင်း ဖြစ်မှန်း သိလိမ့်မည်မဟုတ်ပေ။ တကယ်လို့သာ ရှုရန်မြောင်၏ နာမည်ကို အော်ခေါ်လိုက်မည် ဆိုပါကလည်း အနီးနားရှိ အရာရှိများက သူ စကားမဆုံးခင်မှာပင် ရှုရန်မြောင်၏ အတွေးများကို ဆက်လက် ကြားနိုင်ရန်အတွက် သူ့ပါးစပ်ကို အလုအယက် ဝိုင်းအုပ်ကြပေလိမ့်မည်။
ရှုရန်မြောင်၏ အတွေးများမှာ အလွန်ပင် အကျိုးကျေးဇူး များလှသည်။ ဥပမာအားဖြင့် မနေ့က ပေါ်ပေါက်ခဲ့သော နန်ယွဲ့ဒေသရှိ ပုန်ကန်မှု သတင်းမျိုး ဖြစ်သည်။ ကြိုတင် သတိပေးချက်ကြောင့် ပုန်ကန်သူများမှာ ပြင်ဆင်ချိန် မရတော့ဘဲ ဤတော်လှန်ရေးကို အသေအပျောက် အနည်းဆုံးဖြင့် အောင်မြင်စွာ နှိမ်နင်းနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် နန်းတွင်းမှ မှူးမတ်မိသားစု ဆယ်စုခန့်မှာ သူတို့၏ သားများနှင့် တူများကို စစ်မြေပြင်တွင် အတွေ့အကြုံ ယူရန်အတွက် စစ်တပ်ထဲသို့ပင် စေလွှတ်လိုက်ကြပြီ ဖြစ်သည်။
ဝမ်ရှင်းယီ အနေဖြင့် လူတိုင်း၏ အကျိုးစီးပွားကို လိုက်လံနှောင့်ယှက်နေခြင်းမှာ အပိုအလုပ်သာ ဖြစ်တော့သည်။
ဝမ်ရှင်းယီကို သေချင်စိတ်ပေါက်အောင် ပို၍လုပ်ဆောင်နေသည်မှာ ရှုရန်မြောင်၏ အတွေးများက ယခုအထိ ရပ်တန့်မသွားခြင်းပင်။
သူသည် ဝမ်မိသားစု၏ အရှုပ်ထုတ်များကို ဆက်လက် တူးဆွနေဆဲ ဖြစ်သည်။ ယခုတစ်ခါတွင်မူ မင်းသမီးနှင့် သမက်တော် အကြောင်းသာ မဟုတ်တော့ပေ။
[ကျွတ်… ကျွတ် … ကျွတ် … ဒီမိသားစုမှာကတော့ အတင်းအဖျင်းတွေက အများကြီးပါလား၊ အိမ်ရှေ့စံ မင်းသားရဲ့ ကိုယ်ရံတော် အရာရှိဖြစ်တဲ့ သူ့အစ်ကိုကြီးက အမျိုးသား ပြည့်တန်ဆာတွေဆီ ခဏခဏသွားလွန်းလို့ ကာလသား ရောဂါတောင် ရနေပြီပဲ]
အရာရှိများ : ဪ
*အိမ်ရှေ့စံ မင်းသားရဲ့ အရာရှိကြီးက အမျိုးသား ပြည့်တန်ဆာတွေဆီ သွားတယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ လူဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ တကယ်ကို ဆုံးဖြတ်လို့မရပါလား*
ဝန်ကြီးချုပ်သော် : "..."
ခဏအကြာတွင် သူသည် သတိဝင်လာပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်မိသည်။
"အရာရှိကြီး ဝမ် ဟုတ်လား"
ဝမ်ရှင်းယီမှာ မျက်လုံးများ ပြူးသွားရပြီး တုန်တုန်ရင်ရင်ဖြင့် ရေရွတ်လိုက်မိသည်။
"ဒါပေမဲ့ ... ကျွန်တော့် အစ်ကိုကြီးက ... အသက် ၇၅ နှစ်ရှိပြီလေ"
တစ်ဖက်တွင်လည်း အိမ်ရှေ့စံမင်းသားမှာ မိမိ၏ လက်အောက်ငယ်သား မိသားစု၏ ရှက်ဖွယ်ရာ သတင်းကို ကြားလိုက် ရသဖြင့် သီးပင် သီးသွားတော့သည်။
“အဟွတ် ... အဟွတ် ... အဟွတ်”
သူသည် တဟွတ်ဟွတ် ချောင်းဆိုးပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အသက်ဆိုတာ ကိန်းဂဏန်း တစ်ခုပဲဆိုတာ တကယ်ပဲကိုး"
ဤသတင်းမှာ သူ၏ ခမည်းတော် ဧကရာဇ်ကြီး အသက် ၆၃ နှစ်အထိ သန်စွမ်း တက်ကြွနေဆဲ ဖြစ်သည်ဟူသော သတင်းထက်ပင် ပို၍ ပေါက်ကွဲအား ပြင်းလှသည်။
*တကယ့်ကို အလန်းစားပဲ*
သူ တကယ် သဘောကျ သွားလေသည်။
*ဒါပေမဲ့ ဒါက တကယ်ပဲ သင့်တော်ရဲ့လား*
အိမ်ရှေ့စံ မင်းသားသည် ကျန်ရှိနေသေးသော မိမိ၏ အသိတရားလေးကို ပြန်လည် ဆန်းစစ် ကြည့်သော်လည်း သူသည် ထိုအရာရှိကြီးကို တစ်ခါမှ သဘောမကျခဲ့သည်ကို သတိရသွားသည်။ ထိုအရာရှိကြီးမှာ အမြဲတမ်း ကြီးကျယ် ခမ်းနားသော စကားလုံးကြီးများဖြင့် ကြွားဝါတတ်ပြီး သူ့ကို အကြံပေးသည့်အခါတိုင်း စိတ်လှုပ်ရှား စွာဖြင့် မင်းသားရဲ့ အမူအရာတွေက တအားကို ထင်ပေါ်လွန်းနေတယ်၊ အုပ်ချုပ်သူတစ်ယောက်နဲ့ မတူဘူးဟု ဆိုကာ ကန့်ကန့်လန့်လန့် လုပ်လေ့ရှိသည် မဟုတ်ပါလား။
ဤသည်ကို တွေးမိလိုက်သည်နှင့် သူသည် မိမိ၏ အသိတရားလေးကို ချက်ချင်းပင် လွှင့်ပစ်လိုက်တော့သည်။
*ဒီအတင်းအဖျင်းက တကယ့်ကို အရသာရှိလွန်းတယ်၊ ဟဲဟဲဟဲ*
*သူကတော့ အမြဲတမ်း ယဉ်ကျေးရိုသေဖို့၊ ခြိုးခြံချွေတာဖို့နဲ့ သီလစောင့်ထိန်းဖို့တွေ ဟောပြောနေတာ၊ အနည်းဆုံးတော့ ငါက အိပ်ရာထဲမှာ လျှောက်ပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်ဘူးလေ*
အရာရှိများအားလုံးမှာလည်း ဤအတင်းအဖျင်းများကို အားရပါးရ အရသာခံနေကြပြီး မကြာမီမှာပင် ဆက်လက် အောင့်မထားနိုင်တော့ဘဲ ညီလာခံထဲ၌ပင် ဗြောင်ကျကျ ဝိုင်းဝန်း ဆွေးနွေး လာကြတော့သည်။
"အရာရှိကြီးဝမ်က အရမ်း ပေါ့ဆတာပဲ၊ ရောဂါပါ ကူးစက်ခံရတယ်ဆိုတော့"
"ငါ သိသားပဲ၊ သူတို့က အမြဲတမ်း မြင့်မြတ် ဖြူစင် ဟန်ဆောင်နေကြတာ၊ ကွယ်ရာမှာတော့ တစ်ခုခု ရှိနေမှာပဲ လို့လေ၊ အခုတော့ တစ်ယောက်ယောက်က အကုန်တူးဖော်လိုက်ပြီပေါ့"
"ခွီး … ငါကတော့ ပြဇာတ် ကြည့်ဖို့ စောင့်နေတာ။ အိမ်ရှေ့စံ မင်းသားရဲ့ ကိုယ်ရံတော် အရာရှိ ဟုတ်လား၊ ဟင်း ... ဟင်း ... ဒီနေ့ ပြီးရင်တော့ သူ ဒီရာထူးမှာ ဆက်ရှိနိုင်ပါဦးမလား မသိဘူး"
"အိမ်ရှေ့စံ မင်းသားရဲ့ အရာရှိကို ထားလိုက်ပါဦး၊ မင်းသမီး ရှန်းယန်တောင် သမက်တော် အသစ်လဲရမလို ဖြစ်နေပြီ"
စပ်စုတတ်သော အရာရှိအချို့မှာ ဧကရာဇ်အိုကြီးဘက်သို့ ခိုးကြည့်လိုက်ကြရာ မျှော်လင့်ထားသည့်အတိုင်းပင် သူ၏ မျက်နှာမှာ ပြာနှမ်းနေပြီး အလွန်ပင် စိတ်ဆိုး ဒေါသထွက်နေသော ပုံစံမျိုး ဖြစ်နေတော့သည်။
ရှုရန်မြောင်က သတိမထားမိပေ။ သူက ဆက်လက်၍ တူးဆွနေဆဲပင်။
သူ၏ မျက်လုံးများမှာ ဓာတ်မီးများကဲ့သို့ပင် တဖျတ်ဖျတ် တောက်ပနေသည်။
တော်ဝင် မိသားစုဝင်များနှင့် အရာရှိများ၏ မျက်လုံးများမှာလည်း ဓာတ်မီးများကဲ့သို့ပင် တူညီစွာ တောက်ပနေ ကြတော့သည်။