← Chapters

ဝိုး … ငါ ဒေါသထွက်လွန်းလို့ သွေးတောင် အန်မိတယ် (၁)

Vol. 2 Ch. 17

ဝိုး … ငါ ဒေါသထွက်လွန်းလို့ သွေးတောင် အန်မိတယ် (၁)

Vol. 2 Ch. 17

[ဝမ်မိသားစုရဲ့ သားကြီးက အိမ်ရှေ့စံ မင်းသားရဲ့ အပါးတော်မြဲ၊ ဒုတိယသားက စောင့်ကြည့်ရေး အမတ်၊ တတိယ သားကတော့ ... ဪ ... တတိယသားက တစ်ချိန်တုန်းက ဓားပြ ဖြစ်ခဲ့ဖူးတာပဲ။ နောက်ပိုင်းကျမှ နွေရာသီ စစ်တပ်ထဲ ဝင်သွားတာ။ စစ်ပွဲအတွင်းမှာ သူက အရင်မင်းဆက်တွေရဲ့ သင်္ချိုင်းဂူတွေကို စောင့်ရှောက်ပေး နေပါတယ်လို့ ဟန်ဆောင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ သင်္ချိုင်းတွေကို တူးဖော်ပြီး အဖိုးတန်ရတနာတွေကို ခိုးထုတ် ရောင်းစားခဲ့တာကိုး]

[ငါ မှတ်မိသလောက်ဆိုရင် အဖျက်ဆီးခံလိုက်ရတဲ့ သင်္ချိုင်းဂူတွေက]

ယဉ်ကျေးမှု ဝန်ကြီးမှာ သင်္ချိုင်းဂူများ ဖောက်ထွင်းခံရသည့်သတင်းကို ကြားသောအခါ အထူးပင် စိတ်နှလုံး ထိခိုက်သွားရသည်။

တကယ်တမ်းတွင် သူသည် ဝမ်မိသားစု၏ တတိယသား၏ လုပ်ရပ်များကြောင့်ပင် နောင်တစ်ချိန်တွင် ဤကဲ့သို့သော အဖိုးတန်အမွေအနှစ်များကို ကာကွယ်ရန် ယဉ်ကျေးမှု ဝန်ကြီး ဌာနသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ဤအကြောင်းကို တစ်ဖန်ပြန်ကြားရသောအခါ ဝန်ကြီး၏ မျက်နှာတွင် နာကျင်မှုနှင့် ဒေါသတို့ ယှဉ်တွဲ၍ ပေါ်ပေါက် လာသည်။ သူသည် ရှုရန်မြောင်၏ အတွေးများနှင့် တစ်သားတည်းကျစွာပင် တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ကျိုးမင်းဆက်ရဲ့ ရှီကျူဧကရာဇ်ရဲ့ ဂူ၊ ကောင်းကျုံးဧကရာဇ်ရဲ့ ဂူ၊ ကျိုးယွမ် မင်းသားနဲ့ သူ့ဇနီး နိုင်းအန်တို့ရဲ့ ဂူတွေပဲ"

အမြဲတမ်းလိုလို ကြောက်တတ်လှသော ဝန်ထမ်းရေးရာ ဝန်ကြီးသည်လည်း ဤစကားဝိုင်းထဲသို့ ပါဝင်လာပြီး နံနက်ခင်း နေရောင်အောက်တွင် သူ၏ မျက်နှာမှာ ဒေါသကြောင့် လိမ္မော်နီရောင်သို့ ပြောင်းလဲနေတော့သည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာက ချူမင်းဆက်ဟာ အားနည်းခဲ့ပြီး မြစ်တောင်ဘက်ပိုင်းမှာပဲ ကပ်နေခဲ့ရတာ၊ တိုင်းတစ်ပါး မျိုးနွယ်စုတွေက အလယ်ပိုင်းဒေသတွေကို ထိန်းချုပ်ခဲ့ကြပြီး လူရိုင်းမျိုးနွယ်စု ငါးစုက တရုတ်ပြည်ကို ဖျက်ဆီးခဲ့ကြတယ်၊ အနောက်ဘက် မျိုးနွယ်စုတွေကလဲ ပြည်နယ်ကိုးခုကို ခိုးယူခဲ့ကြတယ်။ အဲ့ဒီလို မှောင်မိုက်ပြီး ဝရုန်းသုန်းကားဖြစ်နေတဲ့ ကာလက နှစ်ပေါင်းသုံးရာလောက် ကြာခဲ့တာ။ အဲ့ဒီအချိန်မှာ ကျိုးရှီကျူ ဧကရာဇ်က မြို့ငယ်လေးတွေကနေ ထကြွတော်လှန်ပြီး ကျူးကျော်သူတွေကို မောင်းထုတ်ကာ တရုတ်ပြည်ကို ပြန်လည် ထူထောင်ခဲ့တာ။ ဝမ်ရှင်းယီက ဒီလို မြင့်မြတ်တဲ့ ထိုက်သင်္ချိုင်းဂူကို ဖျက်ဆီးခဲ့တယ်ဆိုတာ တကယ့်ကို စက်ဆုပ်ဖို့ ကောင်းလိုက်တာ"

"ပြီးတော့ နိုင်းအန်လဲ ပါသေးတယ်"

ယဉ်ကျေးမှု ဝန်ကြီးက ဝမ်းနည်းစွာဖြင့် ထပ်လောင်းပြောဆိုသည်။

"သူမဟာ ထူးခြားတဲ့ အမျိုးသမီး တစ်ဦးပါ၊ ကျိုးမင်းဆက် နောက်ဆုံးကာလမှာ နိုင်ငံက မတည်မငြိမ်ဖြစ်ပြီး ဓားပြတွေ သောင်းကျန်းနေချိန်မှာ သူမက မင်းသားယွမ်ကို ပြည်သူတွေကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ဖို့ တိုက်တွန်းခဲ့တာ၊ ဓားပြတွေ မြို့ထဲကို ဝင်လာတော့မယ့်အချိန်မှာ သူမကိုယ်တိုင် သံတုတ်ကိုင်ပြီး ရန်သူတွေကို တိုက်ခိုက် မောင်းထုတ်ခဲ့တယ်၊ နောက်ပိုင်းမှာ သူမဟာ မြို့ကို ကာကွယ်ရင်း ကျဆုံးသွားခဲ့ပေမဲ့ 'ပြည်သူတွေကို မထိခိုက်စေနဲ့' ဆိုတဲ့ စကားလေးတစ်ခွန်းပဲ ချန်ထားခဲ့တာ၊ သူမရဲ့ ရုပ်အလောင်းကို ပြည်သူတွေက ပြန်ရယူခဲ့ပြီး နောက်ပိုင်းမှာ မြို့ကို သိမ်းပိုက်ခဲ့တဲ့ ပုန်ကန်သူတွေတောင် ပြည်သူတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် သူမရဲ့ သင်္ချိုင်းဂူကို ပြင်ဆင်ပေးပြီး ပူဇော်မှုတွေ ပြုလုပ်ပေးခဲ့ကြတာ။ ဒါတောင်မှ အဲ့ဒီတိရစ္ဆာန်ရဲ့ လောဘဇောတွေကနေ မလွတ်ကင်းခဲ့ရှာဘူး"

[အံ့ဩစရာပဲ၊ ဟုတ်တယ်မလား၊ ဝမ်ရှင်းယီရဲ့ တစ်ဦးတည်းသော၊ သူ အချစ်ရဆုံးသား ကတော့ သူ့ဖခင်ရဲ့ လုပ်ရပ်တွေ အပေါ်မှာ အကြီးအကျယ် ဒေါသထွက်ခဲ့တာလေ။ သူဟာ သူ့ရဲ့ တောက်ပနေတဲ့ အနာဂတ်တွေကို စွန့်လွှတ်ပြီး သင်္ချိုင်းဂူတွေကို ပြုပြင်ဖို့အတွက် နေရာအနှံ့ ခရီးလှည့်လည်ခဲ့ပြီး မိမိ ဆန္ဒအလျောက် သင်္ချိုင်းစောင့် တစ်ယောက် ဖြစ်သွားခဲ့တာ]

[ကျွတ် … ကျွတ် … ကံတရားဆိုတာ လည်နေတဲ့ ဘီးတစ်ခုလိုပါပဲ၊ ဘယ်သူမှ လွတ်အောင်မရှောင်နိုင်ပါဘူး]

ဤကဲ့သို့သော ကိစ္စရပ်များကို အတွင်းကျကျ မတူးဆွပါက မည်သူမျှ သိနိုင်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ ဝမ်ရှင်းယီ၏ သားသည် ဤပြုပြင်ရေးလုပ်ငန်းများအတွက် မိမိဘာသာ ရန်ပုံငွေ ရှာဖွေခဲ့ပြီး မည်သည့်အခါမျှ လူသိ ရှင်ကြား ကြေညာရန် ရည်ရွယ်ချက် မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ဝမ်မိသားစုမှ သခင်လေးသည် ကွယ်ရာတွင် ဤကဲ့သို့သော ကောင်းမှုကုသိုလ်များ ပြုလုပ်နေသည်ကို အရာရှိများ ပထမဆုံးအကြိမ် သိရှိလိုက်ရခြင်းပင် ဖြစ်သည်။

အိမ်ထောင်စု ဝန်ကြီးဌာန ဝန်ကြီးက ဟာသလုပ်သည့်နှယ် ဤသို့ဆိုလိုက်သည်။

"ဝမ်မိသားစုရဲ့ သခင်လေးကို သူ့ဘိုးဘွားတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ဘက် လုပ်ခိုင်းဖို့ဆိုတာ တကယ့်ကို ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြီးပဲနော်"

ဤစကားမှာ အလွန်ပင် ထိပါး စော်ကားရာ ရောက်ပြီး ထက်ရှလှသည်။

ထိုစကားအဆုံးတွင် ဒုတိယအဆင့် အရာရှိကြီးများကြားမှ ရယ်မောသံများ တိုးတိုးထွက်ပေါ်လာတော့သည်။

အခြားတစ်ဦးကလည်း မှတ်ချက်ပြုလိုက်ပြန်သည်။

"ဝမ်သားအဖတွေက သင်္ချိုင်းဂူထဲအထိ ရောက်နေတဲ့ သူတို့ ဘိုးဘွားတွေကိုတောင် ဆက်ပြီး ဆန့်ကျင်နေကြ တုန်းပဲလား"

ရယ်မောသံများမှာ အနည်းငယ် ပို၍ကျယ်လောင်လာတော့သည်။

ဤရယ်သံများသည် ရှုရန်မြောင်၏ နားထဲသို့ တိုက်ရိုက် မရောက်ရှိသော်လည်း အမတ်ကြီးဝမ် ကြားနိုင်ရန်မှာမူ လုံလောက်လှသည်။

တကယ်တမ်းတွင် အကောင်းဆုံး အတင်းအဖျင်း ဟူသည်မှာ မိမိနှင့် သိကျွမ်းသူများအကြောင်းပင် ဖြစ်သည်။ ရွာငယ်ဇနပုဒ်များတွင် ကောလာဟလများမှာ အလျင်အမြန် ပျံ့နှံ့တတ်စမြဲပင်။ ရွာအရှေ့ဖျားက မုဆိုးမနှင့် ရွာအနောက်ဖျားက လူတုံးကြီးတို့ ငြိစွန်းနေကြသည်၊ ရွာတောင်ဘက်က စာဆိုတော်လေးနှင့် မြောက်ဘက်က သားသတ်သမားတို့ တိတ်တဆိတ် တွဲနေကြသည် ... စသဖြင့် ဤကဲ့သို့သော သတင်းများသည် ဝေးကွာလှသော မင်းညီ မင်းသား သို့မဟုတ် စစ်သူကြီးများ၏ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းများထက် ရွာသားများကို ပို၍ စိတ်လှုပ်ရှား စေသည်။ သူတို့သည် ညောင်ပင်ကြီးအောက်တွင် စုထိုင်ကာ တစ်ယောက်တစ်ပေါက် တိုးတိုး တိတ်တိတ်ဖြင့် အတင်းအဖျင်း ပြောကြပေလိမ့်မည်။

ယခု ညီလာခံခန်းမထဲရှိ အရာရှိတစ်စုမှာလည်း ဤရွာသားများနှင့် မခြားနားလှပေ။ သူတို့သည် ဤအရသာ ရှိလှသော အတင်းအဖျင်းများကို တစ်ခါမြည်းစမ်းကြည့်ပြီးနောက် အငမ်းမရ ဝါးမြိုနေကြတော့သည်။

သို့သော်လည်း အတင်းအဖျင်း ပြောခံနေရသူအဖို့မူ ဤသည်မှာ လုံးဝကို မပျော်ရွှင်နိုင်စရာပင်။

ဝမ်ရှင်းယီသည် သူ၏ ထုံးစံအတိုင်း တည်ကြည်ဖြောင့်မတ်သော မျက်နှာပေးကို ဆက်လက် မထိန်းထား နိုင်တော့ဘဲ သူ၏ မျက်နှာတစ်ခုလုံးမှာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သူသည် တိုးတိုးတိတ်တိတ် ဝေဖန်နေကြသော အရာရှိများ၏ မျက်နှာများကို တစ်ဦးချင်း မှတ်သားထားရင်း ဒေါသ တကြီးဖြင့် အံကြိတ်နေမိသည်။

"နေနှင့်ဦးပေါ့ ... မင်းတို့ အားလုံးမှာလည်း အမှားအယွင်းတွေ မရှိဘူးလို့ ငါ မယုံဘူး*

သူ စိတ်ထဲမှ ကြိမ်းဝါးနေတော့သည်။

[ဝါး ... နောက်ထပ် ရှိသေးတယ်.]

ရှုရန်မြောင်၏ စိတ်လှုပ်ရှားနေသော အတွေးစများ ထွက်ပေါ်လာသည်နှင့်အမျှ ဝမ်ရှင်းယီမှာမူ အလွန်အမင်း စိတ်တို ဒေါသထွက် နေတော့သည်။

*ရပ်လိုက်လို့ မရဘူးလား*

*ဒီရှုရန်မြောင်က ဘာလို့ သူ့မိသားစု အရေးကိစ္စတွေကိုပဲ အမြဲတမ်း အာရုံစိုက်နေရတာလဲ*

*သူတစ်ပါးရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ လျှို့ဝှက်ချက်တွေကိုရော မလေးစားတတ်ဘူးလား*

*ငါ့မိသားစု ဘာလုပ်လုပ် မင်းနဲ့ ဘာဆိုင်လို့လဲ*

ရှုရန်မြောင်ကမူ ဝမ်အမတ်ကြီး၏ ထိုစိတ်ထဲမှ အော်ဟစ်သံများကို မကြားနိုင်တော့ချေ။

[ဝါး ... ဝါး … သူတို့ရဲ့ စတုတ္ထမြောက်သားကတော့...]

ညီလာခံ ခန်းမအတွင်းရှိ အရာရှိအားလုံးမှာလည်း စပ်စုချင်စိတ်ဖြင့် ခြေဖျားထောက်လျက် ရှုရန်မြောင်ရှိရာဘက်သို့ အလိုလို လှည့်ကြည့်မိသွားကြသည်။

ဝမ်ရှင်းယီ၏ နဖူးပေါ်ရှိ သွေးကြောများမှာ တဒိတ်ဒိတ် တုန်ခါလာပြီး ရင်ဘတ်ထဲမှ ပြင်းထန်သော ဒေါသ မာန်များမှာ လည်ချောင်းဝအထိ ဆောင့်တက်လာတော့သည်။

“ဝေါ့”

ရှုရန်မြောင်က သူ၏အတွေးများကို ရပ်လိုက်သည်။

သူသည် ဇဝေဇဝါဖြင့် မော့ကြည့်လိုက်ရာ ရှေ့နားတွင် အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်ကို တွေ့ရ သော်လည်း ဘာဖြစ်သည်ကိုမူ သူ နားမလည်ချေ။

ထို့ကြောင့်ပင် သူသည် စစ်မက်ရေးရာ ဝန်ကြီးဌာနက အရာရှိကို ထပ်မံတို့လိုက်ပြန်သည်။

"ရှေ့မှာ ဘာတွေ ဖြစ်နေတာလဲ၊ ကျွန်တော် ခုနက အာရုံမရလိုက်လို့"

ရုတ်တရက် ရှုရန်မြောင်က စိတ်လှုပ်ရှားသွားသည်။

"ဒါ ... နာမည်ကျော် အသက်ပေး အကြံပြုချက်များလား၊ အမတ်ကြီးဝမ်က မင်းသမီးကို ခင်ပွန်းသည်ရဲ့ ဩဇာ အာဏာကို နာခံခိုင်းဖို့အတွက် ဧကရာဇ်ကို သူ့အသက်နဲ့ ခြိမ်းခြောက်ပြီး အကြံပြုနေတာလား"

*တကယ့်ကို အလန်းစား သတင်းကြီးပဲ*

စစ်မက်ရေးရာ ဝန်ကြီးဌာနက အရာရှိ : "..."

ထိုအရာရှိ၏ အကြည့်မှာ ရှုရန်မြောင် နားမလည်နိုင်လောက်အောင်ပင် အလွန်တရာ ရှုပ်ထွေးလှသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအရာရှိမှာ လူကောင်းတစ်ဦး ဖြစ်သဖြင့် စိတ်ရှည်လက်ရှည်ပင် ရှင်းပြပေး လိုက်သည်။

"အမတ်ကြီးဝမ် သွေးအန်သွားတာဗျ၊ သူ့ရဲ့ ရောဂါဟောင်း ပြန်ထလာတာ ဖြစ်မှာပါ"

"ဪ... ဪ"

ရှုရန်မြောင်က နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ သူက ဖြည်းဖြည်းချင်း သဘောပေါက် သွားလေသည်။

"အဲ့ဒီတော့ 'ဇနီးက ခင်ပွန်းကို နာခံရမယ်' ဆိုတဲ့ ကိစ္စက ..."

ထိုအရာရှိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလိုက်သည်။

"အင်း ... အဲ့ဒီအတွက်တော့ ဘယ်သူမှ ရှေ့ထွက်ပြီး ထောက်ခံပေးတော့မှာ မဟုတ်ဘူး ထင်တာပဲ"

*နိုင်ငံအတွက် အသက်ပေးတာကတော့ မျိုးချစ်စိတ် ရှိတာပေါ့၊ ဒါပေမဲ့ အနှစ်သာရ မရှိတဲ့ သမက်တော်ဟောင်း တစ်ယောက်ရဲ့ ဂုဏ်သိက္ခာအတွက်နဲ့တော့ အသက်အသေမခံနိုင်ပါဘူး*

အမတ်ကြီး ချွေ့ယီသည် ကြမ်းပြင်ပေါ်တွင် သတိမေ့မြောလျက် လဲကျနေသော အမတ်ကြီးဝမ်ကို စိုးရိမ်တကြီးဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် မိမိကိုယ်မိမိ ဂုဏ်ယူသော အပြုံးတစ်ခု ပြုံးလိုက်မိသည်။

*လူမိုက်ပဲ*

သူ စိတ်ထဲမှ တွေးလိုက်သည်။

"မင်းက ဒီဖြူစင်တဲ့ ချိုးဖြူလေး ရှုရန်မြောင်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား၊ သူ့မှာ ဘယ်လောက်တောင် သတင်း အချက်အလက်တွေ ရှိနေလဲဆိုတာ မင်း မသိဘူးလား၊ သူက အကုန်သိတယ်၊ မင်းမသိတဲ့ အရာတွေတောင် သူက သိနေတာ၊ လူပြက်တစ်ယောက် မဖြစ်ချင်ဘူးဆိုရင်တော့ ငြိမ်ငြိမ်လေးသာ ထိုင်နေပေတော့"

သူသည် မိမိကိုယ်မိမိ ကာကွယ်ရန် ရွေးချယ်ခဲ့သည်မှာ မှန်ကန်သွားသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ မဟုတ်ပါက ယခုအချိန်တွင် ကြမ်းပြင်ပေါ်၌ သွေးအန်ရင်း လဲကျနေသူမှာ နှစ်ယောက် ဖြစ်နေပေလိမ့်မည်။

ထိုစဉ် အထက်ရှိ ရာဇပလ္လင်ဆီမှ ဧကရာဇ်အိုကြီး၏ အသံ ဟိန်းထွက်လာသည်။

"ချွေ့ယီ ... ငါက လျိုယီကို အပြစ်ပေးလိုက်တဲ့ နည်းလမ်းအပေါ် မင်း ဘယ်လို ထင်မြင်သလဲ"

ချွေယီမှာ တစ်ကိုယ်လုံး တုန်လှုပ်သွားရပြီး လျင်မြန်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။

"အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က အမှန်ကန်ဆုံးပါ ဘုရား။ သမက်တော်ဟောင်းက မင်းသမီးကို စော်ကားခဲ့တာက တော်ဝင် မိသားစု တစ်ခုလုံးကို စော်ကားလိုက်တာပါပဲ။ သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွပ်စွဲတာဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက် မဟုတ်ပါဘူး ဘုရား"

All Chapters