ဝိုး … ငါ ဒေါသထွက်လွန်းလို့ သွေးတောင် အန်မိတယ် (၂)
Vol. 2 Ch. 18
ဧကရာဇ်အိုကြီးက ထပ်မံ၍ ဆိုလိုက်သည်မှာ။
"ဒါပေမဲ့ ဝမ်ရှင်းယီ ပြောသွားတဲ့ စကားထဲမှာလည်း အမှန်တရား တချို့ရှိနေတယ်လို့ ငါကိုယ်တော် ထင်တယ်၊ ခင်ပွန်းဆိုတာ ဇနီးရဲ့ အရှင်သခင်ပဲဆိုတာ လောက စံနှုန်းတစ်ခုပဲ မဟုတ်လား၊ တကယ်လို့ ငါကိုယ်တော်ကသာ အတင်းအကျပ် ဝင်ရောက် စွက်ဖက်မယ်ဆိုရင် ငါကိုယ်တော် လူမိုက်တစ်ယောက် ဖြစ်မသွားပေဘူးလား"
ချွေ့ယီသည် ဤစကားကို ကြားသောအခါ အပြုံးတစ်ခု ဖန်တီးလိုက်သည်။
"တကယ်လို့ ဒါက သာမန်မိသားစုတစ်ခုမှာ ဖြစ်တာဆိုရင်တော့ ဇနီးသည်က ခင်ပွန်းရဲ့ မိသားစုကို ပျက်စီးအောင် လုပ်တာဟာ မိသားစု ကျင့်ဝတ်ဆိုင်ရာ အလေးအနက်ထားရမယ့် ကိစ္စရပ်တစ်ခု ဖြစ်မှာပါ၊ ဒါပေမဲ့ အခုက တော်ဝင် နန်းတွင်း၊ တော်ဝင်မိသားစုထဲမှာ ဖြစ်နေတာပါ၊ ဒါတွေက ဘယ်လိုလုပ် အရေးကြီးနိုင်ပါ့မလဲ၊ ဒါကို ညီလာခံ မှာအထိ တင်ပြ ဆွေးနွေးဖို့ တန်ပါဦးပါ့မလား ဘုရား"
ဧကရာဇ်အိုကြီးက သူ၏ မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။
ချွေ့ယီက ဆက်ပြောသည်။
"ဒါ့အပြင် အရှင်မင်းကြီးရဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့ ကျွန်တော်မျိုးတို့က နန်းတွင်းမှာ ထိုင်နေကြပြီး ပြည်သူတွေရဲ့ ထောက်ပံ့မှုကို ရယူပြီးတော့ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ခံစားနေကြသူတွေ ဖြစ်ပါတယ်၊ မိသားစု တစ်ခုအတွင်း ခင်ပွန်းက ဇနီးအပေါ် အာဏာစက် ရှိ၊ မရှိဆိုတဲ့ အသေးအဖွဲ ကိစ္စရပ်တွေကို အာရုံစိုက် နေကြရမှာ မဟုတ်ပါဘူး၊ ဒါဟာ တကယ်ကို ရယ်စရာကောင်းလှပါတယ်"
သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ကာ မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သော အသံဖြင့် ဆိုလိုက်သည်။
"တကယ်လို့ ကျွန်တော်မျိုးတို့ဟာ နေ့စဉ် ညီလာခံမှာ ဒီလိုကိစ္စတွေကိုပဲ ဆွေးနွေးနေကြမယ်ဆိုရင် မြင့်မြတ်လှတဲ့ ဝန်ကြီးတွေ လူရယ်စရာ ဖြစ်မသွားဘူးလား ဘုရား၊ သူတို့က အကျိုးအမြတ် အနည်းငယ်လောက်ကိုပဲ လောဘ တက်ပြီး ရာထူးမှာလဲ အလကားသက်သက် အချိန်ဖြုန်းနေသူတွေ ဖြစ်ကုန်ကြမှာပါ ဘုရား"
ရှုရန်မြောင် ကိုယ့်ပေါင်ကိုယ် ရိုက်လုနီးပါး ဖြစ်သွားရသည်။
*တကယ့်ကို ထက်မြက်လိုက်တာ*
*ချွေ့ယီကတော့ စကားပြော တတ်လိုက်တာဗျာ၊ သူ့ရဲ့ ရှင်သန်ရေး မဟာဗျူဟာကတော့ တကယ်ကို အထင်ကြီးစရာပဲ*
သူသည် နောင်တပင် ရမိတော့သည်။
*ဘာလို့ ငါက ဒါတွေကို မသင်ယူနိုင်ရတာလဲ၊ တကယ်လို့သာ ငါသာ ဒီလို ပြောတတ်မယ်ဆိုရင် အခုလောက်ဆို ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို အပြည့်အဝ ရနေလောက်ပြီ*
ဧကရာဇ်အိုကြီးမှာ ကျေနပ်သွားလေသည်။ သူသည် လက်ကိုဝေ့ယမ်းပြီး ချွေ့ယီ၏ ဆက်လက်၍ သစ္စာရှိကြောင်း ပြောဆိုမည့် စကားများကို ဖြတ်ပြောလိုက်သည်။
"ဒါဆိုရင်တော့ စုန့်နယ်စားကြီး မိသားစုအပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို အပြောင်းအလဲ မလုပ်တော့ဘူး၊ မင်းအနေနဲ့ နောက်ပိုင်းမှာ အခွန်ဘဏ္ဍာရေးဝန်ကြီးဌာနကို သွားပြီး ဝန်ကြီးရဲ့ လက်ထောက်အရာရှိ အဖြစ် တာဝန် ထမ်းဆောင်ရမယ်၊ စကားမစပ်၊ မင်းသမီး ဝမ်ရှို့ကလဲ အဲ့ဒီဝန်ကြီးဌာနမှာပဲ လက်ထောက် အရာရှိအဖြစ် တာဝန်ယူ ထားတယ်"
ချွေ့ယီသည် ညီလာခံထဲ၌ မင်းသမီး ဝမ်ရှို့ ရောက်ရှိနေသည်ကို သတိမထားမိခဲ့ပေ။ ဧကရာဇ်၏ စကားကို ကြားရသောအခါ အမျိုးသမီးများ ရုံးတက်ခြင်းအပေါ် သူ၏ စိတ်ထဲမှ အထင်သေးသော စကားများကို အတင်းအကျပ်ပင် ပြန်လည် မျိုချလိုက်ရသည်။ သူသည် မိမိ၏ ဘိုးဘွား ကိုးဆက်လုံးကို စိတ်ထဲမှ ကန်တော့ကာ သတိကြီးစွာဖြင့် ဆိုလိုက်သည်၊
"အရှင်မင်းကြီးရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ် ဘုရား"
ထို့နောက် သူက ထပ်လောင်း ပြောဆိုလိုက်သည်။
"ဒါဆိုရင်တော့ မင်းသမီးလေးက အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လက်ထောက်အရာရှိအဖြစ် ဝင်ထွက် သွားလာ နေတဲ့ စာရွက်စာတမ်းတွေကို ကိုင်တွယ်ရမှာပေါ့"
သူသည် အလှမ်းကွာသော နေရာမှ မင်းသမီးဝမ်ရှို့အား ရိုသေစွာဖြင့် ဦးညွှတ်၍ ပြောလိုက်သည်။
"အနာဂတ်မှာ မင်းသမီးလေးဆီကနေ လမ်းညွှန်မှုတွေ အများကြီး ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဘုရား"
ချွေ့ယီသည် တုံးအသည့် ပညာတတ်တစ်ဦး မဟုတ်ပေ။ ဧကရာဇ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူ ကောင်းကောင်းကြီး နားလည်ပါသည်။
၎င်းမှာ သူသည် အခွန် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် မင်းသမီး ဝမ်ရှို့ကို ကျောထောက်နောက်ခံပြုပေးရမည်ဟု ဆိုလိုခြင်းပင်။
ကောင်းပြီလေ။ သူ ထောက်ခံပေးပါမည်။
ဧကရာဇ်အိုကြီးမှာ ပို၍ပင် ကျေနပ်သွားတော့သည်။
ထိုအတောအတွင်း ရှုရန်မြောင်ကမူ သူ၏ လုပ်ဖော်ကိုင်ဖက်ကို မရမက ထပ်မံ နှောင့်ယှက် မေးမြန်းနေပြန်သည်။
"အခွန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ လက်ထောက်အရာရှိက ဘယ်နှစ်ဆင့် ရာထူးလဲဗျ"
စစ်မက်ရေးရာ ဝန်ကြီးဌာနမှ အရာရှိက ထုံထိုင်း မှိုင်းဝေစွာဖြင့်ပင် ပြန်လည်ဖြေကြားလိုက်သည်။
"အဆင့် ၅ ဗျ"
ရှုရန်မြောင်က ရိုးအအနှင့် ပြောလိုက်သည်။
"အဆင့် ၄ ကနေ အဆင့် ၅ ဆိုတော့လဲ အကျကြီးတော့ မဟုတ်ပါဘူးနော်"
ထိုအရာရှိက ပြန်ပြောပြလိုက်သည်။
"အဲ့ဒီလို ပြောလို့မရဘူး၊ နန်းတွင်း စောင့်ကြည့်ရေး အမတ် ရာထူးက တကယ့်ကို ထူးခြားတာ၊ သူတို့မှာ အထောက် အထား မရှိတဲ့ ကောလာဟလတွေကိုတောင် တင်ပြခွင့်ရှိတဲ့ အခွင့်ထူးခံ အာဏာရှိတယ်၊ အခွန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်ထောက်အရာရှိကတော့ သာမန်ရုံးဝန်ထမ်း အလုပ်မျိုးပဲ"
ရှုရန်မြောင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
[ဪ... နားလည်ပြီ၊ ဆိုလိုတာက နတ်ပြည်ကနေ လူ့ပြည်ကို ပြုတ်ကျသွားတာမျိုးပေါ့]
စာရေး အရာရှိမှာမူ စိတ်ပျက်လက်ပျက်ဖြင့် စိတ်ထဲမှ ကြိတ်၍တွေးလိုက်မိသည်။
*မင်းပြောတာလဲ မှားတော့ မမှားပါဘူးလေ*
ထို့နောက်တွင်တော့ ညီလာခံ၏ ကျန်ရှိသော အပိုင်းများမှာ ထူးထူးခြားခြား ဖြစ်ရပ်မျိုး မရှိတော့ဘဲ မကြာမီမှာပင် ညီလာခံကို ရုပ်သိမ်းလိုက်တော့သည်။
အရာရှိ တော်တော်များများမှာမူ ရှုရန်မြောင်ထံမှ နောက်ထပ် ပေါက်ကွဲအားပြင်းသော သတင်းများကို ကြားရ ဦးမည်ဟု မျှော်လင့်ထားကြသဖြင့် အနည်းငယ်ပင် စိတ်ပျက်သွားကြတော့သည်။
ဧကရာဇ်အိုကြီးသည် ထိုနေ့က ညီလာခံတွင် အကြီးအကျယ် အောင်ပွဲရခဲ့သဖြင့် အလွန်ပင် စိတ်ကြည်လင်နေကာ စာရွက်စာတမ်းများကို စစ်ဆေးရန် ဝူရင် နန်းဆောင်သို့ ဝေါယာဉ်စီး၍ ကြွမြန်းလာခဲ့သည်။
သူသည် စာရွက်စာတမ်းများပေါ်တွင် အကြည့်ကို စိုက်ထားရင်း ခေါင်းကိုပင် မမော့ဘဲ မိန်းမစိုးအရာရှိချုပ်အား ပြောလိုက်သည်။
"ဘယ်လိုဖြစ်လို့ တစ်ယောက်မှ သတိမထားမိကြတာလဲ၊ မိဖုရားကြီး ပို့ပေးနေကျ စွပ်ပြုတ်က ဘာလို့ အခုထိ ရောက်မလာသေးတာလဲ"
နေရခက်လှသော တိတ်ဆိတ်မှုတစ်ခု ဖြစ်သွားပြီးနောက် မိန်းမစိုးအရာရှိချုပ်မှာ အိုးတိုးအန်းတန်းဖြင့် ပြန်လည် ဖြေကြားလိုက်သည်။
"အရှင်မင်းကြီး ... ဟို ... ဟို ... စွပ်ပြုတ်က မရှိပါဘူး ဘုရား"
ဧကရာဇ်အိုကြီးမှာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး မျက်လုံးများ ပြူးသွားလေသည်။
"မဖြစ်နိုင်တာ၊ မိဖုရားကြီးက ညီလာခံ ပြီးတိုင်း ငါ့ဆီကို စွပ်ပြုတ် အမြဲပို့ပေးနေကျပဲ"
မိန်းမစိုးမှာ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင် ထပ်လောင်း လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး ... တကယ်ကို စွပ်ပြုတ် မရှိတာပါ ဘုရား"
ဧကရာဇ်က သူ၏လေသံကို မြှင့်၍ ငေါက်လိုက်သည်။
"မဖြစ်နိုင်ဘူး၊ အခု လမ်းမှာ ရောက်နေလောက်ပြီ၊ မင်းလို အစေခံအိုကြီးက ပျင်းနေလို့ သွားမကြည့်တာပဲ ဖြစ်ရမယ်"
မိန်းမစိုးမှာ အမြန်ပင် ဦးညွှတ်ဝန်ခံကာ ထွက်ခွာသွားတော့သည်။ ဧကရာဇ်မှာလည်း ကျေနပ်သွားကာ စာရွက် စာတမ်းများ စစ်ဆေးခြင်းသို့ ပြန်လည် အာရုံစိုက် လိုက်သည်။ တစ်ခဏအကြာတွင် တံခါးများ ပွင့်လာပြန်သဖြင့် ဧကရာဇ်မှာ မော့ကြည့်လိုက်ရာ မိန်းမစိုး လက်ဗလာဖြင့် ပြန်ရောက်လာသည်ကိုသာ တွေ့လိုက်ရသည်။
"စွပ်ပြုတ် ဘယ်မှာလဲ"
"အရှင်မင်းကြီး... ကျွန်တော်မျိုး မိဖုရားကြီးရဲ့ နန်းဆောင်ကို သွားခဲ့ပါတယ်၊ ဒါပေမဲ့ မိဖုရားကြီးက …”
မိန်းမစိုးမှာ ချွေးများ ပြန်နေသော်လည်း သုတ်ရန်ပင် မအားဘဲ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆက်ပြောလိုက်သည်။
"မိဖုရားကြီး ပြောလိုက်တာကတော့ အရှင်မင်းကြီး စွပ်ပြုတ်သောက်ချင်ရင် စားဖိုဆောင်မှာပဲ သွားမှာလိုက်ပါ တဲ့ ဘုရား"
ဧကရာဇ်မှာ စားပွဲကို ဒေါသတကြီး ရိုက်လိုက်သည်။
"သူကများ "
"သူက ဘယ်လိုတောင် ရဲတင်းနေတာလဲ"
ဧကရာဇ်က ဒေါသတကြီး အော်ဟစ်တော့သည်။
"လမ်းမှား ရောက်နေတဲ့ နိမ့်ကျတဲ့ ကိုယ်လုပ်တော်တစ်ယောက် အတွက်နဲ့ ငါကိုယ်တော်ကို ဒီလို လျစ်လျူရှု ရဲတယ်ပေါ့လေ"
သူသည် ဒေါသမပြေနိုင်ဘဲ ဆက်လက်၍ မြည်တွန်တောက်တီးနေတော့သည်။
"ငါကိုယ်တော် သူ့အပေါ် အလိုလိုက်လွန်းခဲ့မိတာပဲ"
ဧကရာဇ်သည် သူ၏ စုတ်တံကို တင်းတင်း ဆုပ်ကိုင်လိုက်သည်။
"ငါကိုယ်တော် အလည်မလာဘဲနေရင် သူ့နန်းဆောင်ထဲမှာ ဘယ်လောက်တောင် ကြာကြာ အောင့်အည်း နေနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
သူသည် ခေါင်းငုံ့ကာ စာရွက်စာတမ်းများကို ဆက်လက်စစ်ဆေးနေပြီး တစ်နာရီခန့်အကြာတွင် ခေါင်းပြန်မော့ လာသည်။
"မိဖုရားကြီး အမှားဝန်ခံဖို့ ရောက်လာပြီလား"
"မရောက်သေးပါဘူး ဘုရား"
"အင်း..."
ဧကရာဇ်က ဘာမှမဖြစ်သယောင် ခေါင်းညိတ်ပြကာ အလုပ်ကို ဆက်လုပ်နေပြန်သည်။
နောက်ထပ် နှစ်နာရီခန့်အကြာတွင်
"မိဖုရားကြီး အမှားဝန်ခံဖို့ ရောက်လာပြီလား"
"မရောက်သေးပါဘူး ဘုရား"
"အင်း ..."
ဧကရာဇ်သည် သူ၏ခြေထောက်များကို လှုပ်ရှားလိုက်ကာ လက်များကို ဆန့်တန်းရင်း ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက် ဝေ့ကြည့်လိုက်သည်။
သုံးနာရီခန့်အကြာတွင် ...
"မိဖုရားကြီးက "
ဧကရာဇ်သည် စကားကို ရပ်လိုက်ပြီး စုတ်တံကို စားပွဲပေါ်သို့ ဒုန်းခနဲ မြည်အောင် တင်လိုက်ကာ ထိုင်ခုံကို နောက်သို့ တွန်း၍ ရုတ်တရက် ထရပ်လိုက်တော့သည်။
"ကျောင်းဖုန့် နန်းဆောင်ကို သွားမယ်၊ သူ တကယ်ပဲ ရူးသွားပြီလားဆိုတာ ငါကိုယ်တော် ကိုယ်တိုင် သွားကြည့်မယ်"
...
မင်းသမီးဝမ်ရှို့သည် အရာရှိ တံဆိပ်တုံးကို ကိုင်ဆောင်လျက် နန်းတော်ထဲသို့ ဝင်လာခဲ့သည်။ သူမသည် အုပ်ချုပ်ရေး ကိစ္စများကို သူမ၏ ခမည်းတော်နှင့် ဆွေးနွေးရန် ရည်ရွယ်ထားသော်လည်း ဝူရင် နန်းဆောင်တွင် ဧကရာဇ်ကို မတွေ့ရသဖြင့် အစောင့်များကို စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
"ခမည်းတော် ဘယ်မှာလဲ၊ ဟင် … ကျောင်းဖုန့် နန်းဆောင်မှာလား၊ ငါ အဲ့ဒီကို သွားလိုက်မယ်၊ နင်တို့ လိုက်လာဖို့ မလိုဘူး"
သူမသည် ကျောင်းဖုန့် နန်းဆောင်သို့ လျှောက်လာခဲ့ရာ တံခါးဝတွင် အစောင့်များ မရှိသဖြင့် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သူမသည် ဇဝေဇဝါဖြင့် တံခါးနားသို့ ချဉ်းကပ်လိုက်စဉ် နန်းဆောင်အတွင်းမှ သူမ၏ ခမည်းတော်၏ အသံကို ခပ်သဲ့သဲ့ ကြားလိုက်ရလေသည်။
"စိတ်မဆိုးပါနဲ့တော့၊ တကယ်လို့ သူ့ကို ကွပ်မျက်တာမျိုး မလုပ်ရင်တောင် နယ်နှင်ဒဏ်ပဲ ပေးလိုက်ရင်ကော မရဘူးလား"
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ နယ်နှင်ဒဏ် မပေးပါဘူး၊ မပေးပါဘူး။ သူ့ကို နယ် မနှင်တော့ဘူး၊ ယဲ့ထင် နန်းဆောင် ကိုပဲ ပို့လိုက်ကြတာပေါ့"
"အင်းပါ၊ အင်းပါ၊ ယဲ့ထင် နန်းဆောင်ကိုလည်း မပို့တော့ဘူး၊ မင်းပြောတာ မှန်ပါတယ်၊ မင်းပြောတာ အားလုံး မှန်တယ်၊ သူ ကလေးမွေးပြီးမှ ဘုရားကျောင်းမှာပဲ တရားမှတ်ဖို့ လွှတ်လိုက်ကြတာပေါ့။ ငါတို့ကပဲ သဘောထား ကြီးကြီးထားပြီး သူမနဲ့ အခြေအတင် မဖြစ်ဘဲ နေကြတာပေါ့”