ငါတို့ ဘာအပြစ်တွေများ ကျူးလွန်မိလို့တုန်း
Vol. 12 Ch. 1123
ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကို ခေတ္တမျှသာ ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်တော့သည်။ ကောင်းကင်ယံရှိ အစောင့်အရှောက်ဝိညာဥ်ဆိုလျှင် ပြောနေစရာတောင် မလိုတော့ပေ။ အစတွင် သူသည် ပိုင်ရှောင်ချန်း အရူးဖြစ်သွားမည်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့သော် ယခုတွင်မူ သူ မှင်သက်နေရပြီဖြစ်ပြီး သူမြင်နေရသည့် အရာများကို မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်နေတော့သည်။ အမှောင်သမားတော်များမှာ ရူးသွပ်နေကြပြီ မဟုတ်ပါလော။ အော်ဟစ်သံများ၊ ပင့်သက်ရှိုက်သံများ၊ ဟစ်ကြွေးသံများနှင့် တစ်ခါတရံတွင် ပေါ်ထွက်လာသည့် ကျေနပ်အားရစွာ သက်ပြင်းချနေသံများမှာ ရောထွေးနေကြသဖြင့် အစောင့်အရှောက်ဝိညာဥ်မှာ တုန်ရီသွားပြီး သူ၏မျက်လုံးများကိုပင် ပွတ်လိုက်တော့သည်။
" မဖြစ်နိုင်တာကွာ... "
သူသည် တစ်ကိုယ်ထဲ ရေရွတ်လိုက်သည်။
" ငါအမြင်မှားနေတာပဲ နေမှာပါ။ ဟားဟားဟား။ ဟုတ်တယ်။ အတုအယောင်တွေ ... အတုအယောင်တွေပဲနေမှာပါ ... "
ယခုတွင် ဘဝနှင့်ပတ်သတ်သည့် သူ၏နားလည်မှု လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။
သို့သော်လည်း နှစ်ကြိမ်၊ သုံးကြိမ်ခန့် ထပ်၍စစ်ဆေးကြည့်လိုက်ပြီး သူ၏နားများ ကောင်းမွန်စွာ အလုပ် လုပ်၊မလုပ်ကိုပင် ဆန်းစစ်ပြီးသွားသောအခါတွင် သူ၏ရှေ့ရှိမြင်ကွင်းမှာ အစစ်အမှန်ဖြစ်နေကြောင်း သိသွားတော့သည်။ ထိုအချိန်တွင် သူသည် ပင့်သက်ရှိုက်မိသွားပြီး ဂယောင်ချောက်ချားဖြစ်သွားတော့သည်။
" သူ ... သူတို့က ... အမှောင်သမားတော်များတွေလေ။ မိုးမြေဧကရာဇ်ကြီးကတောင် သူတို့ကိုကြောက်ရတာ။ သောက်ကျိုးနည်းကွာ။ ဒီ...ဒီကောင်တွေက အမှောင်သမားတော် အစစ်တွေမဟုတ်လောက်ဘူး "
သူ အော်ငိုချင်စိတ်များပေါက်နေပြီဖြစ်သည်။ ဤအရှက်မဲ့လှသော ကလိမ်ကကျစ်ကောင် ပိုင်ရှောင်ချန်းမှာ ဆေးဖော်စပ်ခြင်းအရာတွင် အမှောင်သမားတော်များထက် ပို၍ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူ လုံးဝ မတွေးထားမိပေ။
" ကိစ္စမရှိပါဘူး။ ဒီအဆင့်မှာ ငါပဲနိုင်မှာ။ အမှောင်သမားတော်တွေရဲ့ စွမ်းအားအစစ်က သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆေးတွေကိုဖော်စပ်နိုင်တဲ့ အရည်အချင်းတစ်ခုထဲမှ မဟုတ်ပဲ။ သူတို့ရဲ့ စွမ်းအားအစစ်အမှန်က သူတို့ရဲ့ ဇွဲနဲ့ အရှုံးမပေးလိုတဲ့ စိတ်ဓာတ်ပဲ။ အဲဒါတွေကြောင့် သူတို့ကကြောက်ဖို့ကောင်းတာ "
" ဒီအမှောင်သမားတော်တွေ အသိစိတ်ပြန်ရသွားပြီဆိုတာနဲ့ အနိုင်ပြန်ယူဖို့ ကြိုးစားမယ်လို့ ငါပြောရဲတယ်။ သူတို့က ဘယ်သူ့ကိုမှ ဒီအဆင့်ကို ပေးကျော်မှာမဟုတ်ဘူး "
အစောင့်အရှောက်ဝိညာဥ်မှာ သူ့ကိုယ်သူ နှစ်သိမ့်ကာ သွေးလေချောက်ချားလုမတတ် ဖြစ်နေတော့သည်။ သူလက်သင့်ခံရန် အဆင်သင့်မဖြစ်သေးပါသော်လည်း ပိုင်ရှောင်ချန်းကိုရင်ဆိုင်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေသည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းကမူ လေပေါ်တွင်ရစ်ဝဲ၍ ဆေးလုံးများထပ်မံ ပစ်လွှတ်ရန် တွေးလိုက်သည်။ သို့သော် သူ၏ထည့်စရာအိတ်ကို ပုတ်ကြည့်လိုက်သောအခါ သူ၏လက်ကျန်ဆေးလုံးများ၏ အရေအတွက်မှာ နည်းပါးနေပြီဖြစ်ကြောင်း သိလိုက်သည်။
" မဖြစ်ဘူး။ ငါကလည်းသမားတော်တစ်ယောက်ဆိုတော့ ငါတို့လိုသမားတော်တွေ ဘယ်လိုစဥ်းစားတွေးခေါ်လဲဆိုတာကို ငါနားလည်တယ်။ အောင်မြင်တဲ့သမားတော်တွေ ဇွဲကြီးပြီး အရှုံးမပေးတတ်ကြဘူး။ အရှုံးပေးခြင်းဆိုတာက ငါတို့အတွက် ရွေးချယ်စရာ မဟုတ်ဘူး။ ရူးသွပ်မှုအပြည့်နဲ့ အာရုံစူးစိုက်နိုင်မှရမယ် "
သူသည် အမှောင်သမားတော်များကို စိုးရိမ်တကြီးလှမ်းကြည့်လိုက်ပြီး သူတို့ကို တစ်ခဏမျှ အရေးနိမ့်သွားစေရန် ဆောင်ရွက်နိုင်ပါသော်လည်း နောက်ဆုံးတွင် သူတို့မှာ အသိစိတ်များပြန်ဝင်လာမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိလိုက်သည်။ ထိုအချိန်သို့ရောက်ပါက ယခုကဲ့သို့ ဆေးလုံးလက်ကျန်ပမာဏနည်းပါးနေသည့်အချက်က ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ နောက်ဆုံးတွင် ဆေးလုံးအားလုံး ကုန်သွားမည်ဖြစ်ပြီး ဤမှင်စာများ၏လက်ဝယ်တွင် သူ ကျရှုံးသွားနိုင်ခြေ အလွန်များပေသည်။ ထိုအခါ နောက်ဖြစ်လာမည့် အကျိုးဆက်ကို သူ မတွေးရဲလောက်အောင်ပင်။
သူသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး သူ၏ထည့်စရာအိတ်ကို ပုတ်လိုက်တော့သည်။
" ငါ့ဆီမှာ ဆေးလုံးတွေမဟုတ်ပဲ နောက်ထပ် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတစ်ခု ရှိနေသေးတာကို ဘာလို့များမေ့နေတာပါလိမ့်။ ငါ့ရဲ့ ဆေးဖော်စပ်နည်းတွေလေကွာ ... ငါဆေးဖော်စပ်တိုင်း ထူးဆန်းတဲ့အရာတွေ အမြဲတမ်းဖြစ်တာ။ အရင်တုံးက အဲ့လိုမျိုးတွေ မဖြစ်အောင်လို့ ငါ့မှာ မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ... အဲဒီထူးဆန်းတဲ့အရာတွေဖြစ်ဖို့ လိုအပ်နေတာပဲ "
" လိုအပ်တဲ့ပစ္စည်းတွေ ငါ့မှာ များများစားစား မရှိပေမဲ့ အမှောင်သမားတော်တွေဆီမှာ ရှိမှာတော့ အသေအချာပဲ... "
သူသည် ထိုသို့အဆင့်ဆင့် တွေးတောလိုက်ပြီးနောက် လှစ်ခနဲလှုပ်ရှားလိုက်တော့သည်။ အမှောင်သမားတော်များ ရူးသွပ်နေကြသည်ကို အခွင့်ကောင်းယူ၍ သူသည် အနီးဆုံးတွင်ရှိသော လူမျိုးစု၏ ဌာနချုပ်ဆီသို့ သွားလိုက်သည်။
သူ ခန့်မှန်းထားသည့်အတိုင်းပင် အမှောင်သမားတော်များ၏ အိမ်ဖြစ်သော တောင်တန်းများထဲတွင် ဆေးဖက်ဝင် ပါဝင်ပစ္စည်းများ အပြည့်ရှိနေသည်။ သားရဲအရိုးများ၊ ဆေးပင်များ၊ ထူးဆန်းသောကျောက်တုံးများနှင့်ကျောက်စရစ်ခဲများ သာမက သူလုံးဝမမြင်ဖူးသည့် အခြားပစ္စည်းများစွာ ရှိနေသည်။ ဖျတ်ခနဲကြည့်လိုက်မည်ဆိုပါက ထိုအရာများမှာ အစစ်အမှန်ဟုထင်ရပါသော်လည်း သူတို့၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးအတိုင်းပင် ၎င်းတို့မှာ အစစ်တစ်ဝက် အတုအယောင်တစ်ဝက် ဖြစ်နေသည်။
သို့သော် ဆေးလုံးအချို့ဖော်စပ်ရန်အတွက် လုံလောက်ပေသည်။ မည်သည့်ဆေးလုံးပေါ်ထွက်လာမည်ကိုမူ လောလောဆယ်တွင် အတိအကျပြောရန် မဖြစ်နိုင်သေးပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုကိစ္စနှင့်ပတ်သတ်၍ အချိန်ပေးကာ တွေးတောနေရန်မလိုပေ။ သူသည် အမှောင်သမားတော်များ အရှုံးပေးရန်သာ လိုအပ်သည်။
" ဒီအဆင့်ကိုကျော်ချင်တယ်ဆိုရင် အဲ့အမှောင်သမားတော်တွေကို ဦးညွှတ်လာအောင်လုပ်မှရမယ် "
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လူမျိုးစုဌာနချုပ်တစ်ခုဆီမှ အခြားတစ်ခုဆီသို့သွား၍ မြေရိုင်းဒေသထဲတွင် သူတတ်မြောင်ခဲ့သည့် ကျွမ်းကျင်မှုများကို အပြည့်အဝ အသုံးချနေတော့သည်။ သူသည် ကျိုးကောင်များကဲ့သို့ တောင်တန်းများကိုဖြတ်၍ မြက်ပင်နှင့် ကျောက်ခဲပါမကျန် အရာအားလုံးကို သိမ်းယူနေတော့သည်။
သို့သော်လည်း လူမျိုးစုဌာနချုပ်များမှာ အလွန်များပြားပြီး အချို့မှာ ကြီးမားကာ အချို့မှာ သေးငယ်ကြသည်။ သူသည် ဤကဲ့သို့သော အလုပ်တွင် အလွန်ကျွမ်းကျင်ပါသော်လည်း ထိုဌာနချုပ်အားလုံးဆီသို့ သွားရန် အချိန်မရှိပေ။ နှစ်နာရီခန့် ကြာမြင့်သွားပြီးနောက် သူသည် ဌာနချုပ် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ကို စစ်ဆေးပြီးသွားပြီဖြစ်ပြီး မှင်စာများမှာလည်း အသိစိတ်ပြန်ဝင်လာကြတော့သည်။
သူတို့၏ စိတ်များပြန်လည်ကြည်လင်သွားပြီး ပြီးခဲ့သောနှစ်နာရီအတွင်း သူတို့လုပ်ခဲ့သည့် အရာများကို ပြန်တွေးမိလိုက်ကြသောအခါ သူတို့အားလုံး ဒေါသတကြီး အော်ဟစ်ကုန်ကြတော့သည်။
" ငါမင်းကို သတ်မယ် "
" စမ်းသပ်ခံလေး … အမှောင်သမားတော်တွေက အသက်စွန့်ပြီး မင်းကို မရရအောင် ချေမှုန်းတော့မှာကွ "
" မင်းသေပြီပဲ။ အားးးး… ငါကျိန်တယ်။ နောက်ဆုံးမှာ ငါတို့အမှောင်သမားတော်တွေနဲ့ မင်း … တစ်ဖက်ပဲ အသက်ရှင်မှ ဒီရန်ငြှိုးပြေမယ်ကွ "
မှင်စာပေါင်းများစွာမှာ သူတို့၏ဘဝတွင် တစ်ခါမျှ မခံစားခဲ့ရဖူးသည့် ရူးသွပ်မှုမျိုးဖြင့် ပေါက်ကွဲနေကြတော့သည်။ ထိုဒေါသမှာ ဖျောက်ဖျက်ရန် လုံးဝမဖြစ်နိုင်သည့် အရှက်တကွဲအကျိုးနည်းမှုကြီးကြောင့် ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး အထက်ဘဝဂ်သို့တိုင် လွင့်ပျံသွားသည်။
ယခုတွင် သူတို့မှာ ပိုင်ရှောင်ချန်းအား သူတို့၏စမ်းသပ်ခံလေးတစ်ခုအဖြစ် အသုံးချရန်ဆန္ဒမရှိကြတော့ပေ။ သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ သူ့အား နှစ်ပေါင်းတစ်သောင်းတိတိ ညှဥ်းပန်းနှိပ်စက်ရန်သာ ဖြစ်သည်။
သူတို့အားလုံးက သူတို့မျိုးနွယ်စု၏ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းခဲ့ကြသောဆေးလုံးများဖြစ်စေ၊ သူတို့ကိုယ်တိုင် ဖော်စပ်ထားခဲ့သည့်ဆေးလုံးများဖြစ်စေ၊ လျှို့ဝှက်ဆန်းကြယ်သော ဆေးလုံးများစွာကို ထုတ်လိုက်ကြသည်။ သူတို့၏သတ်ဖြတ်လိုသော အငွေ့အသက်များ ကောင်းကင်အထိမြင့်တက်နေပုံကြောင့် သူတို့က ပိုင်ရှောင်ချန်းကို ဖမ်မိရန်အတွက်ဆိုလျှင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးပစ်ရန်အဆင်သင့် ဖြစ်နေသည့်ပုံ ပေါက်နေကြသည်။
သူတို့သာ သူ့ကိုရှာတွေ့သွားပါက ဖြစ်ပွားမည့် ဆေးလုံးတိုက်ပွဲကြီးကို စိတ်ကူးကြည့်ရုံနှင့် သိနိုင်သည်။
သို့သော် အမှောင်သမားတော်များ ဒေါသများတထောင်းထောင်းထွက်ကာ ရုတ်ရုတ်သဲသဲဖြစ်နေကြစဥ် ပိုင်ရှောင်ချန်းမှာ သူ့ကို သူတို့ ရှာမတွေ့စေရန် ဆောင်ရွက်ပြီးသွားပြီဖြစ်သည်။ သူ၏ ပထမဆုံးအမှားတစ်ခုဖြစ်သော တစ်နေရာထဲတွင် နေခဲ့သည့်အမှားမှ သင်ခန်းစာရသွားပြီဖြစ်သဖြင့် ယခုအကြိမ်တွင် သူသည် တည်နေရာရွှေ့ပြောင်းခြင်းကိုအသုံးပြု၍ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေပြီဖြစ်သည်။ တစ်ဖက်တွင် သူသည် မှင်စာများ၏ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာမှုကြောင့် အံ့သြတုန်လှုပ်နေရပြီး အခြားတစ်ဖက်တွင်လည်း သူသည် အလျှော့ပေးလိုက်ရန် လုံးဝဆန္ဒရှိမနေပေ။
" ဟမ့် မင်းတို့ကောင်တွေ စောင့်ထားဦးပေါ့ကွာ။ ဒီလောက်နဲ့ မပြီးသေးဘူးကွ "
သူသည် အသေးစား ဆေးပေါင်းဖိုများစွာနှင့်အတူ အကြီးစား ဆေးပေါင်းဖို အနည်းငယ်ကိုပါ လျင်မြန်စွာထုတ်လိုက်ပြီး စတင်ဖော်စပ်လိုက်တော့သည်။
" အမှည့်ခြွေစစ်ပွဲအသေးစားလေးကို ငါကြောက်မယ်လို့ မင်းတို့က ထင်နေကြတာလား "
သူသည် အံကြိတ်၍ လက်နှစ်ဖက်သုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ဆေးပင်များကို ခွဲခြမ်းကာ ဆေးပေါင်းဖိုများထဲသို့ ပစ်ထည့်လိုက်သောအခါ ၎င်းတို့မှာ လျင်မြန်စွာပင် တုန်ခါလာကြသည်။
ပိုင်ရှောင်ချန်းမှာ ဆေးစတင်ဖော်စပ်ပြီဆိုပါက ရူးသွပ်သည့် အခြေအနေသို့ အလျင်အမြန် ရောက်ရှိသွားစမြဲပင်။ သူသည် မျက်ထောင့်နီကြီးများဖြင့် ဆေးလုံးများပြုလုပ်ရန်မဟုတ်ပဲ တမူထူးခြားသော ဘေးထွက်ဆိုးကျိုးများကို ဖန်တီးရန် အာရုံအပြည့်စိုက်ထားတော့သည်။
မကြာမီ အမှောင်သမားတော်များမှာ သူ၏လက်ရှိ ပုန်းကွယ်နေသည့်နေရာကို ရှာတွေ့သွားကြတော့သည်။ ဆေးပေါင်းဖိုများမှာ နီမြန်းနေပြီဖြစ်ပြီး ပေါက်ကွဲတော့မည့် အရိပ်အယောင်များ ပေါ်နေပြီဖြစ်သည်။ ယခင်ကဆိုလျှင် ဤမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်းမှာ တုန်လှုပ်ခြောက်ခြားကာ ကြောက်ရွံ့နေမည်ဖြစ်ပါသော်လည်း ယခုတွင်မူ ပျော်ရွှင်ဝမ်းမြောက်နေပြီဖြစ်သည်။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးပေါင်းဖိုများကို အပြင်ဘက်သို့ ပျံတက်သွားစေလိုက်သည်။
သူသည် ချိန်ပင် ချိန်မနေပေ။ အဆင်ပြေသလို ပစ်လွှတ်လိုက်သည်သာ ဖြစ်သည်။ အနည်းငယ်အကြာတွင် တအုန်းအုန်းမြည်သံများ တစ်သံပြီးတစ်သံ ပေါ်ထွက်လာပြီးနောက် မှင်စာများ၏ ဒေါသတကြီးအော်ဟစ်သံများကိုပါ ကြားလိုက်ရတော့သည်။ ထိုအချိန်တွင် သူသည် ပျောက်ကွယ်သွားပြီး အခြားတစ်နေရာတွင် သွား၍ပုန်းအောင်းလိုက်ပြီး သူ၏ဖော်စပ်ခြင်းလုပ်ငန်းများကို ပြန်လည်စတင်လိုက်တော့သည်။
သုံးရက်တိတိ ကုန်ဆုံးသွားပြီး အမှောင်သမားတော်များမှာ ယခင်ကထက်ပင် ပို၍ဒေါသထွက်လာကြပြီဖြစ်သည်။ သူတို့အတွက်မူ ထိုသုံးရက်ဆိုသောအချိန်မှာ ညှင်းပန်းနှိက်စက်မှုကြီးတစ်ခုကဲ့သို့ပင်။ ပေါက်ကွဲနေသောဆေးပေါင်းဖိုများ၏ အားမှာ ပြင်းထန်ကြီးမားရုံသာမက ပိုင်ရှောင်ချန်းသည် အလွန်သေးငယ်သော အမှောင်သမားတော်များအတွက် အလွန်အမင်း တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော အရွယ်အစားကြီးမားသည့် ဆေးပေါင်းဖိုများကိုပါ ထည့်သွင်းထားပေသည်။
ထိုမျှသာမကပေ .... တတိယမြောက်နေ့ ကောင်းကင်ယံတွင် တိမ်တိုက်များစုဝေးလာပြီး အက်ဆစ်မိုးများ စတင်ရွာသွန်းလာတော့သည်။
ထိုအက်ဆစ်မိုးရေများ မှင်စာများအပေါ်သို့ ကျသွားသောအခါ သူတို့၏အဝတ်အစားများ အရည်ပျော်ကျကုန်ပြီး သူတို့မှာ အလွန်နာကျင်စွာ ခံစားလိုက်ရတော့သည်။ မြေပြင်သာမက တောင်ထိပ်များပင် ယိုယွင်းပျက်စီးစပြုလာတော့သည်။
" ချီးလိုပဲ ဒါရိုးရိုး အက်ဆစ်မိုးမဟုတ်ဘူးဟ။ ဒီမိုးရေတွေက အရမ်းအဆိပ်ပြင်းတယ် "
" သောက်ကျိုးနည်းကွာ.. သောက်ကျိုးနည်း... သောက်ကျိုးနည်းဟေ့ "
မှင်စာများမှာ ဒေါသတထောင်းထောင်းထွက်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင်ယံမှ ခရမ်းရောင် လျှပ်စီးတန်းများ ကျဆင်းလာပြီး မြေပြင်ကို မရပ်မနားပဲ တစ်ကြိမ်ပြီးတစ်ကြိမ် ပစ်ခတ်နေတော့သည်။.
တခဏအကြာတွင် မည်သည့်အမှောင်သမားတော်မှ အပြင်သို့ထွက်ပင် မထွက်ရဲ ကြတော့ပေ။ သူတို့မှာ သူတို့၏ တောင်တန်းများပေါ်ရှိဂူများထဲတွင် အမြီးကုပ်၍ ငြိမ်နေရပြီဖြစ်သည်။ သို့သော်လည်း.... အကြီးမားဆုံး ဆင်းရဲဒုက္ခကြီးမှာ ရောက်မလာသေးပေ။
သူတို့၏ ဂူများထဲသို့ မြူခိုးများ စိမ့်ဝင်လာကြတော့သည်...
ထိုမြူခိုးများမှာ အလွန်ရနံ့စူးရှပြီး ကာမအားတိုးဆေးနှင့် မူးယစ်ဆေးနှစ်မျိုးစလုံး၏ အစွမ်းအချို့ပါဝင်နေသဖြင့် အမှောင်သမားတော်များမှာ ထိတ်လန့်သွားကြတော့သည်။ ယခင်က ဤကြောက်မက်ဖွယ်ဖြစ်ရပ်ကြီးကို နှစ်နာရီမျှသာ သူတို့ ခံစားတွေ့ကြုံခဲ့ရသည်ဖြစ်သော်လည်း ယခုတွင်မူ... ၎င်းမှာ မရပ်တန့်တော့ပေ။
" ငါ့လခွမ်းတဲ့မှ ဘာလို့ ဒီလိုတောင် ဖြစ်နိုင်ရတာလဲ "
" တော်ပါတော့။ ငါ့ကို သေခွင့်သာပေးလိုက်ပါတော့... "
" ဒါ လုံးဝမဖြစ်နိုင်ဘူး။ ငါတို့ အမှောင်သမားတော်တွေက ဘာအပြစ်ကိုကျူးလွန်မိခဲ့လို့လဲ။ ဘာလို့ ဘုရားသခင်က ငါတို့ကို ဒီလိုအပြစ်ပေးနေရတာလဲ "