ထွက်သွားပါတော့
Vol. 12 Ch. 1124
သို့သော် အမှောင်သမားတော်များမှာ လွန်စွာ ဇွဲနပဲကြီးလှပြီး အလွယ်တကူ အရှုံးမပေးတတ်သည့် သတ္တဝါများဖြစ်ကြသည်။ ဤယပ်တောင်ကြီး၏ ယခင်ပိုင်ရှင်ဖြစ်ခဲ့ဖူးသော မိုးမြေဧကရာဇ်ကြီးကိုပင် အလွန်အမင်းအံ့အားသင့်စေခဲ့သည့် လူမျိုးစုတစ်ခုက ထိုသို့ဖြစ်နေသည်မှာ မထူးဆန်းပေ။
အခြားသူများဆိုပါက ယခုအချိန်ဆိုလျှင် ပြိုလဲနေလောက်ပြီဖြစ်သည်။ သို့သော် အမှောင်သမားတော်များကား အဆိုးရွားဆုံးသော အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရဖူးသည် မဟုတ်ပါလော။
ပထမဆုံး အက်ဆစ်မိုးများ သည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ခရမ်းရောင်လျှပ်စီးတန်းများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုနှစ်ခုစလုံးကြောင့် ကမ္ဘာတစ်ခွင် ချိုင့်ခွက်များ၊ ကျဥ်းကြီးများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အခြေအနေဆိုးရွားလွန်းလှသဖြင့် ကုန်းမြေကြီးမှာ မကြာမီ ပျောက်ကွယ်ပျက်စီးသွားတော့မည့်အလားပင်။
တောင်ထိပ်များမှာလည်း ထိုနည်းတူပင် ပျက်စီးနေပြီဖြစ်ပြီး အခေါင်းပေါက်များ ဗရပွနှင့် သစ်ပင်ပန်းမန်အားလုံးနီးပါးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုအချင်းအရာများမှာ အမှောင်သမားတော်များအတွက် အသက်ပျောက်လိုစိတ်များပေါက်လာစေသည့် နောက်ဆုံး ထိုးနှက်ချက်တစ်ခုကဲ့သို့ပင် ...
ထို့အပြင် နေရာအနှံ့ ဆက်တိုက်ပေါက်ကွဲနေသည့် ဆေးပေါင်းဖိုများနှင့် မှင်စာများ အနားယူမရအောင် မြည်ဟည်းနေသည့် ပဲ့တင်ထပ်သံများကိုပင် ထည့်မတွက်ရသေးပေ။
ဤအချင်းအရာများကား မည်သည့်သက်ရှိမှ မတောင့်ခံနိုင်မည့် ညှဥ်းပန်းနှိပ်စက်မှုမျိုးဖြစ်သည်။ သို့သော် အမှောင်သမားတော်များမှာ အဆက်မပြတ် ညည်းတွားကာ ညည်းညူနေကြပါသော်လည်း ဆက်လက်တောင့်ခံထားဆဲပင်။
တစ်လတိတိ ကြာမြင့်သွားသည်။
အဆုံးသတ်တွင် ပိုင်ရှောင်ချန်းပင် သူတို့ကို လေးစားလာရတော့သည်။ သူတို့မှာ ဒေါသထွက်စရာကောင်းသော သတ္တဝါများဖြစ်ပါသော်လည်း သူတို့အားလုံးတွင် သမားတော်ကောင်းတစ်ယောက်ဖြစ်ရန် လိုအပ်သောအရည်အချင်းများကို ပိုင်ဆိုင်ထားပေသည်။
" ဒီလိုမျိုး သမားတော်တွေကို ငါ နည်းနည်းပါးပါး လေးစားပေးရမယ် "
ပိုင်ရှောင်ချန်းမှာ သူ၏လက်ကျန်ပစ္စည်းများကိုအသုံးပြု၍ ဘေးထွက်ဆိုးကျိုးအသစ်များကို ဖန်တီးရန်ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုမှသာ သူသည် ကြောက်မက်ဖွယ်ကောင်းသည့် သမားတော်အစစ်တစ်ယောက်ဖြစ်ကြောင်း ပြသနိုင်မည် ဖြစ်သည်။
ထို့ကြောင့် ... သူသည် အလုပ်ထဲတွင် ပို၍စိတ်နှစ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဆေးလုံးများနှင့် တမူထူးခြားသော ဘေးထွက်ဆိုးကျိုးများကို ဖန်တီးနေတော့သည်။
သုံးလတိတိ ကုန်ဆုံးသွားပြန်သည်။ ထိုအချိန်တွင် အမှောင်သမားတော်များမှာ နေ့စဥ်ရက်ဆက် ငိုကြွေးနေရပြီဖြစ်သည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဝင်သက်ထွက်သက်များကို ရှူထုတ်နေရသကဲ့သို့ဖြစ်နေကြပြီး မျှော်လင့်ချက်များအားလုံး ပျက်သုဥ်းနေကြပြီဖြစ်သည်။ ထိုကုန်ဆုံးသွားခဲ့သည့် လများအတွင်း သူတို့မှာ ရှိရှိသမျှ နည်းလမ်းအားလုံးကိုအသုံးချ၍ သူတို့ကို ဒုက္ခပေးနေသည့် ဆေးစွမ်းများကို ချေဖျက်ရန် ကြိုးစားနေခဲ့ကြပါသော်လည်း အချည်းနှီးပင်။ သူတို့ရင်ဆိုင်ကြုံတွေ့နေရသည့် ကြောက်မက်ဖွယ် သတ္တဝါကြီးကြောင့် သူတို့ လုံးဝစိတ်ဓာတ်ကျနေကြပြီ ဖြစ်သည်။
" ငါတို့က သေရမှာမကြောက်ဘူး။ ငါတို့ လူမျိုးစုတွေ ပျက်သုဥ်းသွားမှာကိုလည်း မကြောက်ဘူး။ အနိုင်အကျင့်ခံရပြီး အရှက်တကွဲဖြစ်ရတာကိုတောင် မကြောက်ဘူးကွာ။ ဒါပေမဲ့ ဆေးလုံးတွေကို ဒီလိုအသုံးချပြီး ငါတို့ကို အနိုင်ယူတာကြီးက ငါတို့ဘဝမှာရှိတဲ့ စံနှုန်းတွေ၊ ဝါသနာတွေကို စော်ကားလိုက်တဲ့အတိုင်းပဲ။ တကယ့်ကို အဆိုးရွားဆုံး အိပ်မက်ဆိုးကြီးတွေနဲ့ ကြုံတွေ့နေရတဲ့အတိုင်းပဲ "
" သူက လူမှမဟုတ်ပဲ။ ဆေးမိစ္ဆာကောင်ပဲ ဖြစ်ရမယ်။ ဆေးသတ္တဝါဆိုးကြီးတစ်ကောင်ပဲ "
" သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အရည်အချင်းအစစ်မှန်တွေကို အစောကြီးထဲက ထုတ်ပြခဲ့တယ်လို့ ငါတို့က ထင်ခဲ့တာလေ။ ဘယ်လိုနည်းနဲ့များ သူ့ဆီကနေ ပိုပြီး ကြောက်ဖို့ကောင်းတဲ့ အရည်အချင်းတွေ တစ်ခုပြီးတစ်ခု ထွက်လာရတာလဲ "
" အို ကောင်းကင်ဘုံကြီးရယ်။ ဘာလို့များ ဒီလိုလူစားမျိုး ရှိနေနိုင်ရတာလဲဗျာ "
" ဘာလို့ ကျုပ်တို့ အမှောင်သမားတော်တွေက ဒီလိုကောင်နဲ့ တွေ့ဆုံခဲ့ရတာတုန်း "
ဤကမ္ဘာကြီး စတင်ဖြစ်တည်ခဲ့သည့် အချိန်မှစ၍ ယခုအထိ ပထမဆုံးအကြိမ်အဖြစ် လူမျိုးစုအားလုံး၏ ခေါင်းဆောင်များမှာ တွေ့ဆုံလိုက်ကြတော့သည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အဆိပ်မီးခိုးငွေ့များ၊ အဆိပ်မြူခိုးများကို အံတုကာ သူတို့၏ စိတ်ထဲတွင်ပေါ်ထွက်လာသော လှုံ့ဆော်မှုများကို ကြိုးစားထိန်းချုပ်၍ တစ်ခဏမျှ ဆုံတွေ့လိုက်ကြခြင်း ဖြစ်ပေသည်။
ထိုအစည်းအဝေးပွဲအတွင်း ခေါင်းဆောင်များအားလုံးမှာ သဘောတူညီချက်တစ်ခု ရသွားတော့သည်။ စစချင်း မည်သူမှအရှုံးပေးလိုစိတ် မရှိခဲ့ပါသော်လည်း ယခုတွင်မူ ဤလျှို့ဝှက်ဆန်းကြယ် ဆေးမိစ္ဆာကောင်ကို နှင်ထုတ်ရန် လိုအပ်လာပြီဖြစ်ကြောင်း သူတို့အားလုံးက သဘောတူလိုက်ကြသည်။
အမှောင်သမားတော်များအားလုံးမှာ ထိုဆုံးဖြတ်ချက်ကို လက်ခံလိုက်ကြသည်။ ထိုသတင်း ပျံ့နှံ့သွားနှင့် နောက်ဆုံးအကြိမ်အဖြစ် အံတုနေသည့်ပုံ ပေါက်နေကြသည့် မှင်စာများပင် အပါအဝင် မှင်စာအားလုံးက အသံကုန်အော်ဟစ်လိုက်ကြတော့သည်။
" သူ့ကို ထွက်သွားအောင် လုပ်ပေးပါ "
" သူ့ကို ရန်ထပ်စလို့ မဖြစ်တော့ဘူး။ ဒီနေရာကနေ သူ့ကိုခေါ်သွားတော့ "
" သူ့ကိုသာ ထွက်သွားအောင်လုပ်ပေးရင် ကျုပ်တို့ ဘာမဆို လုပ်ပါ့မယ် "
ဤကမ္ဘာကြီးမှာ ယပ်တောင်အစုတ်ကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အင်မော်တယ်ကမ္ဘာမှ မိုးမြေဧကရာဇ်တစ်ပါးက ဖန်တီးထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းကိုပြုလုပ်ရာတွင် ရှင်သန်ခြင်းနှင့် သေခြင်းတရားတို့၏ တာအိုအနှစ်သာရကို အသုံးပြုထားသဖြင့် အမှောင်သမားတော်များအားလုံး လက်ခံမည်ဆိုပါက အစောင့်အရှောက်ဝိညာဥ်ပင် မည်သည့်နည်းနှင့််မှ ရလဒ်ကိုပြောင်းလဲနိုင်မည်မဟုတ်ပေ။
အစောင့်အရှောက်ဝိညာဥ်မှာမူ ဖြစ်ပျက်နေသည့် အချင်းအရာများကို ကြည့်နေရုံနှင့်ပင် အမှောင်သမားတော်များထက်ပင် ပို၍ရူးသွပ်နေပြီဖြစ်သည်။
အဆုံးသတ်တွင် ပိုင်ရှောင်ချန်းကို သူ လျှော့တွက်မိခဲ့ကြောင်း လက်ခံလိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ရိုးရိုးတန်းတန်း အရှက်မရှိရုံတင်မကပဲ ဆေးဖော်စပ်ရာတွင်ပါ အလွန့်အလွန် အရှက်မရှိခြင်း ဖြစ်သည်။ သူ အသက်ရှင်နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဤပိုင်ရှောင်ချန်းဆိုသူမှာ သူ ကြုံတွေ့ဖူးသမျှ သတ္တဝါအားလုံးထဲတွင် အရှက်တရား အကင်းမဲ့ဆုံးလူသားပင်ဖြစ်သည်။
အမှောင်သမားတော်များ အရှုံးပေးလိုက်သည့်အချက်ကို တွေးမိလိုက်ရုံနှင့် သူ အလွန်အမင်း အံ့သြတုန်လှုပ်နေရပြီဖြစ်သည်။
" သူ ... သူတို့ရဲ့ လုံးဝအရှုံးမပေးတတ်တဲ့ အမူအကျင့်ကြောင့် မိုးမြေဧကရာဇ်ကြီးကတောင် သူတို့ကိုချီးမွမ်းခဲ့ရတာလေ။ ဒါပေမဲ့ အခုတော့... သူတို့က တကယ့်ကို အရှူံးပေးနေတာပဲ "
ထိုကောင်လေးမှာ ငိုမဲ့မဲ့ ဖြစ်နေသည်။ စစချင်း သူသည် ပိုင်ရှောင်ချန်းကို ဤအဆင့်ထဲတွင် နှစ်ပေါင်းတစ်သောင်းလောက် ပိတ်ထားရန် ကြံစည်ခဲ့ပါသော်လည်း ယခုတွင်မူ ရက်အနည်းငယ်မျှသာ ရှိသေးပါသော်လည်း အမှောင်သမားတော်များမှာ အရှုံးပေးသွားပြီဖြစ်သည့်အပြင် သူတို့၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးမှာလည်း ပျက်စီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။
ထိုကောင်လေးမှာ နှမြောတွန့်တိုသည့် မျက်ဝန်းများနှင့် ကြည့်နေစဥ် အမှောင်သမားတော်များမှာ သဘောတူညီချက်တစ်ခု ရရှိသွားကြပြီး ဆေးလုံးဖော်စပ်ရာတွင် စိတ်နှစ်ထားနေသည့် ပိုင်ရှောင်ချန်းမှာ ရုတ်တရက် ပျောက်ကွယ်စပြုလာတော့သည်။
" ငါလက်မခံနိုင်ဘူး "
အစောင့်အရှောက်ဝိညာဥ်သည် ရင်ထဲတွင် စိတ်ဓာတ်များကျဆင်းလာပြီး အံကြိတ်၍ ဆိုလိုက်သည်။
" အရှက်ကင်းမဲ့လှပါလား ရွံစရာကောင်းတဲ့ မျိုးမစစ်ကောင် ပိုင်ရှောင်ချန်း။ မင်းရဲ့နာမည်က ဘယ်လိုနည်းနဲ့များ ပိုင်ရှောင်ချန်းဆိုပြီး ဖြစ်နေရတာလဲ။ မင်း...မင်းက အဲ့နာမည်ကို ဖျက်ဆီးနေတာပဲ။ မင်းရဲ့ မိသားစုနာမည်က ' ဟေ ' ဖြစ်ရမှာ။ ပြီးရင် မင်းရဲ့နာမည်အရင်းက တဝူ ဖြစ်ရမှာ။ ခွေးကောင် ဟေတဝူ … ငါနောက်ထပ်တစ်ကြိမ် နိုးလာတာကိုသာ မင်းစောင့်နေ။ မင်းကိုငါ ဖျက်ဆီးပစ်မယ်။ အဆုံးသတ်ပစ်မယ်ဟေ့။ မင်းကို ထာဝရပျက်သုဥ်းသွားအောင် လုပ်ပစ်မယ်ကွ "
ကောင်လေး၏မျက်နှာမှာ အထွတ်အထိပ်သို့ရောက်နေပြီဖြစ်သော ရူးသွပ်မှုများ၊ ဒေါသများဖြင့် ရှုံ့မဲ့နေတော့သည်။
ထိုစဥ် အဆင့်သုံးဆယ်၏အပြင်ဘက်ရှိ ယပ်တောင်ရိုးပေါ်တွင် ပိုင်ရှောင်ချန်းမှာ အံ့အားသင့်နေသည့် မျက်နှာထားဖြင့် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
" ဟင်။ ငါဘယ်လိုလုပ်ပြီး အပြင်ကိုရောက်လာတာတုံး "
သူသည် တအံ့တသြဖြင့်ခေါင်းယမ်းလိုက်ပြီး သူ၏ထည့်စရာအိတ်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သောအခါ အဆင့်သုံးဆယ်ထဲတွင် သူရှိနေခဲ့စဥ်က အောင်မြင်စွာဖော်စပ်နိုင်ခဲ့သည့် ဆေးလုံးများ မရှိတော့ကြောင်း တွေ့လိုက်ရသည်။
" ကဲ ကြည့်ရတာ ငါအဆင့်သုံးဆယ်ကို အောင်မြင်သွားပြီထင်တယ် "
သူသည် သက်ပြင်းချရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ အဆင့်သုံးဆယ်ထဲတွင် သူနှင့် ဘဝခံယူချက်တူသော လူများဖြင့် ပြည့်နှက်နေသည် မဟုတ်ပါလော။ ဆေးပညာကိုအသုံးချ၍ သူတို့နှင့်ယှဥ်ပြိုင်ရသည်မှာ အမှန်တကယ်ပင် ပျော်ရွှင်စရာကောင်းခဲ့ပေသည်။ သူက တည်နေရာအရွှေ့ပြောင်းမခံရစေရန်ပင် ဆုတောင်းလုနီးပါး ဖြစ်ခဲ့ရသည့်အထိပင်။
" အဲဒီနေရာက ဆေးလုံးတွေဖော်စပ်ဖို့ အကောင်းဆုံးနေရာပဲ။ မိုးမြေဧကရာဇ်ကြီးရဲ့ စိတ်ဆန္ဒနဲ့ ဖန်တီးထားတဲ့ အတုအယောင် ကမ္ဘာကြီးတစ်ခုဆိုတော့ ငါ့ရဲ့ဆေးဖော်စပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို တာဝန်ယူစရာမလိူဘူး။ အဲဒီလိုမျိုးဘဝကို ငါအမြဲတမ်း လိုချင်ခဲ့တာကွ... ခဏနေပါဦး။ ငါအဲဒီအထဲကို ပြန်ဝင်လို့ရ၊ မရ စမ်းကြည့်လိုက်ဦးမယ် "
သူသည် ထိုကမ္ဘာသို့ဝင်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း သူ့အားတွန်းထုတ်နေသည့် စွမ်းအားကြီးတွန်းအားတစ်ခု ရှိနေသဖြင့် သူ အတွင်းသို့ မဝင်နိုင်ကြောင်း သိလိုက်ရသည်။
ထိုစဥ် အဆင့်သုံးဆယ်အတွင်း၌ အမှောင်သမားတော်များမှာ ကောင်းကင်ကြီး တုန်ရီလာသည်ကို မော့ကြည့်ကာ တုန်လှုပ်ချောက်ချားသွားကြသည်။ သို့သော် တခဏအကြာတွင် ထိုလျှို့ဝှက်ဆန်းကြယ် ဆေးမိစ္ဆာကောင်မှာ အတွင်းသို့ ပြန်မဝင်နိုင်တော့ကြောင်း သိလိုက်ရသည်။ ထိုအခါမှ စိတ်သက်သာရာရသွားသည့် သက်ပြင်းချသံများ ထွက်ပေါ်လာပြီး မျက်ဝန်းပေါင်းများစွာထဲတွင် စိတ်လှုပ်ရှားမှုများကြောင့် မျက်ရည်စက်များဖြင့် ပြည့်လာတော့သည်။ အများစုဆိုလျှင် လင်ကွင်းများ၊ ဗုံများပင်ထုတ်လိုက်ကြပြီး ကျယ်လောင်စွာ အောင်ပွဲခံနေကြတော့သည်။
" နောက်ဆုံးတော့ ... သူထွက်သွားခဲ့ပြီ။ ပြီးတော့ သူပြန်ဝင်လာလို့လည်း မရတော့ဘူးကွ "
" ကောင်းကင်ကြီးမှာ မျက်လုံးပါသားပဲ။ အဲဒီအရူးမိစ္ဆာကောင်က ငါတို့ကြုံတွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ကပ်ဘေးကြီးပဲ။ ငါတို့အမှောင်သမားတော်တွေက အမြဲတမ်း ရိုးသားပြီး ကြင်နာသနားစိတ်အပြည့်ရှိတာကွ။ ငါတို့က လူကောင်းတွေ။ လူကောင်းတွေဆိုတာ အနိုင်ကျင့်ခံရဖို့ မဟုတ်ဘူး "
" ဘယ်လို အိပ်မက်ဆိုးကြီးလဲကွာ။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ငါဖြင့် ပြန်တောင်မတွေးရဲဘူး။ ပြီးတော့ ငါ လျှို့ဝှက်ဆန်းကြယ် ဆေးလုံးတွေထပ် မဖော်စပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီ။ ကျိန်တယ်ကွာ … အခုကစပြီး ရိုးရိုးဆေးလုံးတွေပဲ ဖော်စပ်တော့မယ် "
အမှောင်သမားတော်များ ပျော်ရွှင်နေကြစဥ် ပိုင်ရှောင်ချန်းမှာ အပြင်ဘက်ရှိ ယပ်တောင်ရိုးပေါ်တွင် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေ၏။ ထိုကိစ္စကို အချိန်အနည်းငယ်ခန့် ထပ်၍တွေးတောလိုက်ပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။
" အာ ထားလိုက်ပါတော့။ ငါဒီယပ်တောင်ကြီးရဲ့ ပိုင်ရှင်အစစ်ဖြစ်သွားတဲ့ တစ်ရက်ကြမှ အဲဒီအထဲ ပြန်သွားပြီး သူတို့နဲ့ ဆေးလုံးတိုက်ပွဲတစ်ခု ထပ်တိုက်ရတာပေါ့ "
သူသည် သက်ပြင်းချလိုက်ပြီး ယပ်တောင်အစုတ်ကြီးထဲတွင် ရှိနေသည်မှာ အချိန်အတော်အတန်ကြာသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ထိုအတောအတွင်း ထာဝရနယ်မြေများထဲတွင် မည်သည့်ကိစ္စရပ်များ ဖြစ်ပျက်ခဲ့မည်နည်းဟူ၍ တွေးတောကာ သူ ထွက်ခွာသွားရန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် ယပ်တောင်အစုတ်ကြီး၏ အလွန်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် သူ့ဆီသို့ ဦးတည်လာနေသည့် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ၎င်းသည်ကား ... ဧရာမ နန်းတော်ကြီးတစ်ခု ဖြစ်ပေသည်။
နန်းတော်ကြီးမှာ ပျက်စီးယိုယွင်းနေပြီဖြစ်ပါသော်လည်း ထည်ဝါလှသော အငွေ့အသက်တစ်ခုနှင့် မျက်စိကျိန်းမတတ် စူးရှသော အပြာရောင် အလင်းများကို ထုတ်လွှတ်နေဆဲပင်။
ဘာသာပြန်မှတ်စု။ ပိုင်ရှောင်ချန်း၏နာမည်ရှိ စာလုံးများမှာ ' အဖြူရောင်၊ သေးငယ်ခြင်း၊ ဖြူစင်ခြင်း ' ဟူ၍အဓိပ္ပါယ်ရပြီး ဟေတဝူ ဆိုသည့်နာမည်မှာ ' အမည်းရောင်၊ ကြီးမားခြင်း၊ ညစ်ပတ်ခြင်း ' ဟူ၍ အဓိပ္ပါယ်ရသည်။ စာဖတ်သူများက ပိုင်ရှောင်ချန်းအတွက် ' ဟေတဝူ ' ဟူသည့် နာမည်ပြောင်ကို အစောပိုင်းတုံးက ဖန်တီးထားခဲ့သဖြင့် ထိုနာမည်ကို ဇာတ်လမ်းထဲတွင် မူရင်းစာရေးဆရာ Ergen က အမှန်တကယ်ထည့်သုံးခဲ့သည့်အခါတွင် သူတို့မှာ အရူးအမူးဖြစ်သွားခဲ့ကြသည်။