← Chapters

လောကနတ်ဘုရားဝိညာဥ်

Vol. 12 Ch. 1125

လောကနတ်ဘုရားဝိညာဥ်

Vol. 12 Ch. 1125

ပိုင်ရှောင်ချန်းမှာ အလွန်တည်ကြည်သွားပြီး သူ၏နှလုံးသားမှာ မျှော်လင့်ချက်များနှင့်အတူ အခုန်မြန်လာတော့သည်။ ဤယပ်တောင်စုတ်ကြီးပေါ်တွင် သူ အချိန်များစွာ မနေရသေးပါသော်လည်း ယခင်က သူ အဆင့်များထဲသို့ ရောက်မနေခဲ့သည့် အတောအတွင်း ဟင်းလင်းပြင်ကြီး၏ မည်းနက်နေသော အမှောင်ထုကြီးထဲသို့ သူ မကြာခဏ လှမ်းကြည့်ခဲ့ဖူးသည်။

စကြည့်ခဲ့စဥ်က စူးစမ်းသိရှိလိုစိတ်များ ပြင်းထန်ခဲ့ပါသော်လည်း နောက်ပိုင်းတွင်မူ သူ တဖြည်းဖြည်း ပျင်းရိလာခဲ့သည်။ ၎င်းမှာ ကြယ်တာရာများစုံလင်နေသော ကောင်းကင်ကြီးတစ်ခုပင် မဟုတ်ပေ။ အမှောင်ထုကြီး သက်သက်သာ ဖြစ်နေသည် မဟုတ်ပါလော။

ဖယောင်းတိုင်များအားလုံးကို ငြှိမ်းသက်ထားသည့် အလုံပိတ်အခန်းတစ်ခန်းထဲသို့ရောက်နေသည့် အလားပင်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုပင်လယ်ကြီးမှတစ်ပါး အခြားမည်သည့်အရာကိုမှ မမြင်ရပေ။

ထို့ကြောင့် အပြာရောင်အလင်းများ ထုတ်လွှတ်နေသည့် ဤနန်းတော်ကြီးမှာ စူးရှတောက်ပသော ကြယ်တစ်လုံးနှင့်ပင်တူနေပြီး မျက်စိအာရုံကို အလွန်ဖမ်းစားနေတော့သည်။

ဤသို့သော ရုတ်တရက်ပြောင်းလဲမှုကြောင့် ပိုင်ရှောင်ချန်းမှာ မည်သည့်နည်းဖြင့် စိတ်မလှုပ်ရှားအောင် နေရပါမည်နည်း။ သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး ယပ်တောင်၏အစွန်းနားသို့သွား၍ မတ်တတ်ရပ်လျက် သူ့ဆီသို့ တဖြည်းဖြည်းနီးကပ်စွာ ပျံသန်းလာနေသည့် ဧရာမ နန်းတော်ကြီးကို ကြည့်လိုက်တော့သည်။

ထိုနန်းတော်ကြီး အနီးသို့ရောက်လာသောအခါ ၎င်းမှာ ပို၍အရွယ်အစားကြီးမားသော အခြားနန်းတော်ကြီးတစ်ခုမှ ကျိုးပဲ့ထွက်လာခဲ့သည်ဟု ထင်ရသော ထောင့်စွန်းပိုင်းတစ်ခုသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းမှာ အနီးသို့ရောက်လာသည်နှင့်အမျှ တစ်စစီပြိုကွဲတော့မည့်ဆဲဆဲဖြစ်နေကြောင်း ပို၍သိသာထင်ရှားလာတော့သည်။

နှစ်ပေါင်းများစွာကတည်းက ခြောက်သွေ့သွားခဲ့ပုံရသည့် အနက်ရောင်သွေးကွက်များကို မြင်နိုင်သည်။ ခြုံကြည့်လိုက်မည်ဆိုပါက ဤနန်းတော်ကြီးမှာ ကမ္ဘာပျက်လောက်သည့်အထိ ပြင်းထန်သော ဘေးအန္တရာယ်များနှင့် ကြုံခဲ့ရသည့် ပုံပင်။

ပိုင်ရှောင်ချန်းမှာ နန်းတော်ကြီးအား တစ်ခဏမျှ စစ်ဆေးကြည့်လိုက်ပြီးနောက် ၎င်းထံသို့သွား၍ အသေးစိတ် စူးစမ်းရှာဖွေလိုစိတ်များ ပေါ်လာတော့သည်။ သို့သော် သူ၏ သတိကြီးသောစိတ်က ထိုအန္တရာယ်များသော အတွေးစကို လျင်မြန်စွာပင် ဖျောက်ဖျက်ပစ်လိုက်သည်။

သို့သော် ဤထူးဆန်းပြီးမှောင်မည်းနေသော ဟင်းလင်းပြင်ကြီးထဲတွင် ဤနန်းတော်ကြီးတစ်ဖြစ်လဲ ရုတ်တရက်ပေါ်ထွက်လာသည့် အလင်းပျောက်လေးမှာ အလွန်အမင်း စိတ်ဝင်စားဖွယ်ကောင်းနေသည်။ ထို့အပြင် ၎င်းအား စွန့်လွှတ်လိုက်ရန်မှာလည်း အလွန်နှမြောစရာကောင်းမည်ဟု သူ မတွေးပဲ မနေနိုင်လောက်အောင် ဖြစ်နေရသည်။

" အဲဒီထဲမှာ ရတနာတွေ ရှိနေရင်ရော… "

သူကတွေးလိုက်သည်။ သူသည် ယပ်တောင်စုတ်ကြီးကို ငုံ့ကြည့်လိုက်ပြီးနောက် ထိုနန်းတော်ကြီးကို ပြန်၍မော့ကြည့်လိုက်သောအခါ အကြံတစ်ခု ရသွားသဖြင့် သူ၏မျက်ဝန်းများ အရောင်လက်သွားတော့သည်။

" အဲဒီနန်းတော်ကြီးက ယိုင်နဲ့နဲ့ဖြစ်နေတာ သေချာတယ်။ ဒီ မိုးမြေဧကရာဇ်အဆင့် အဖိုးတန်ရတနာလောက်လည်း စွမ်းအားကြီးမှာမဟုတ်ပါဘူး "

ထိုသို့တွေးလိုက်ပြီး သူသည် ယပ်တောင်ကြီးကို သုံးဆယ်ရာခိုင်နှုန်းတိတိ ထိန်းချုပ်နိုင်နေပြီဖြစ်သည့် သူ၏ စွမ်းရည်ကို ထုတ်လိုက်သည်။

သူသည် အဆင့်သုံးဆယ်ကို ကျော်လွန်ခဲ့ပြီးဖြစ်၍ ယပ်တောင်ကြီးရွေ့လျားရာ လမ်းကြောင်းကို အနည်းငယ်ခန့် လွှမ်းမိုးထားနိုင်ပြီဖြစ်သည်။

သူသည် သူ၏နတ်ဘုရားအာရုံများကို ထုတ်လွှတ်လိုက်သည့်အခါတွင် ထိုယပ်တောင်ကြီးမှာ အနည်းငယ်ခန့် တုန်ရီသွားသည်။ ကံကောင်းသည်မှာ အစောင့်အရှောက်ဝိညာဥ်က အိပ်စက်နေပြီဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက ပိုင်ရှောင်ချန်းမှာ ဤသို့ပြုလုပ်ရာတွင် အောင်မြင်ရန် အလွန်ခဲယဥ်းနေမည်သာဖြစ်သည်။

ထို့ကြောင့် ယပ်တောင်ကြီးမှာ ဦးတည်ချက်ပြောင်းလဲသွားပြီး ထိုနန်းတော်ဆီသို့ တည့်မတ်စွာ ဦးတည်သွားတော့သည်။

ထိုအချိန်တွင် ယခင်က တည်ငြိမ်ကာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် နန်းတော်ကြီးမှာ ရုတ်တရက် တုန်ရီသွားကြောင်း ပိုင်ရှောင်ချန်း သတိထားမိလိုက်သည်။ ထိုထဲမှ ထိုးထွက်နေသည့် အပြာရောင်အလင်းမှာလည်း အတွင်းသို့ပြန်ဝင်သွားပြီး တခဏအကြာတွင် ဦးချိုနှစ်ချောင်းပါသော ကြောက်မက်ဖွယ်ဧရာမဦးခေါင်းကြီးတစ်လုံးအသွင်ဖြင့် ပြန်၍ထွက်ပေါ်လာတော့သည်။ ၎င်းမှာ ပိုင်ရှောင်ချန်းနှင့် ယပ်တောင်စုတ်ကြီးတို့ရှိရာဘက်ကို ကြည့်လိုက်ပြီး အသံတိတ် အော်ဟစ်လိုက်သည်။

တချိန်ထဲမှာပင် ထိုအတုအယောင်ဦးခေါင်းကြီးထဲမှ မြင့်မြတ်သော လောကနတ်ဘုရားအဆင့် စွမ်းအားအနည်းငယ် ထွက်ပေါ်လာသည်။

" လောကနတ်ဘုရားအဆင့် ဝိညာဥ်တစ်ခုပဲ "

ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်။

ထိုသို့သော ဝိညာဥ်များကို အမျိုးအစားခွဲနိုင်သူမှာ မရှိသလောက် နည်းသည်။ သို့သော် ပိုင်ရှောင်ချန်းမှာ အာကာသအောက်လမ်းဆရာတစ်ယောက်ဖြစ်ပြီး ဝိညာဥ်များနှင့်ပတ်သတ်လာလျှင် အလွန်အတွေ့အကြုံရှိသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ချက်မျှကြည့်လိုက်ရုံနှင့် နန်းတော်ထဲမှ အပြာရောင်အလင်းအသွင်ဖြင့် ပေါ်ထွက်နေသည့် ဦးခေါင်းပုံရိပ်ကြီးမှာ လောကနတ်ဘုရားအဆင့် ဝိညာဥ်တစ်ခုမှလွဲ၍ အခြားအရာမဖြစ်နိုင်ကြောင်း ချက်ချင်းသိလိုက်ခြင်းပင် ဖြစ်သည်။

အတိတ်က လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ယောက် ဤနန်းတော်ကြီးထဲတွင် သေဆုံးခဲ့ဖူးသည့်ပုံပင်။ ထို့နောက် နန်းတော်ကြီး၏ ထူးခြားသော သဘောသဘာဝများကြောင့်လား၊ အခြားသောအကြောင်းအရင်းများကြောင့်လားတော့မသိ။ ထိုသေဆုံးသွားခဲ့သော ကျင့်ကြံသူ၏ ဝိညာဥ်မှာ ကျန်ရစ်ခဲ့ပြီး နန်းတော်နှင့် တစ်သားထဲကျသွားခဲ့ခြင်းဖြစ်သည်။ ထိုဝိညာဥ်မှာ အသိဉာဏ်မရှိတော့သလို ၎င်း၏ပတ်ဝန်းကျင်ကို သတိမမူနိုင်တော့သော်လည်း အသက်ရှင်နေဆဲပင်။

အပြာရောင် အလင်းက အကာအကွယ်ထောင်ချောက်တစ်မျိုးမျိုး ဖြစ်နေသည်မှာ အသေအချာပင်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ထိုနန်းတော်ထဲသို့ ပေါ့ပေါ့တန်တန် သဘောထား၍ ဝင်သွားမည်ဆိုပါက ထိုလောကနတ်ဘုရားဝိညာဥ်၏ တိုက်ခိုက်ခြင်းကို ခံရမည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ ယပ်တောင်စုတ်ကြီးက ၎င်းထံသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ဖြစ်ရာ ၎င်းမှာ ရုပ်လုံးပေါ်ထွက်လာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

၎င်းမှာ အသံတိတ်အော်ဟစ်မြည်တမ်းနေစဥ် ဟင်းလင်းပြင်ကြီးထဲတွင် တုန်ခါမှုလှိုင်းဂယက်များ ပျံ့နှံ့နေပြီး အသွင်မဲ့သောတိုက်ကွက်တစ်ခုက ယပ်တောင်အစုတ်ကြီးဆီသို့ ဦးတည်လာတော့သည်။ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး ယပ်တောင်၏အစွန်းမှ နောက်သို့ဆုတ်လိုက်သည်။ သို့သော် ထိုတုန်ခါလှိုင်းများက ယပ်တောင်အစုတ်ကြီးဆီသို့ ရောက်လာသည်နှင့်တပြိုင်နက် ၎င်းတို့မှာ ယပ်တောင်ကြီးကို မထိခိုက်စေသည့်အပြင် အရှိန်ပင်နှေးသွားအောင် မလုပ်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ ဝမ်းမြောက်သွားတော့သည်။ ထို့အပြင် ထိုတုန်ခါမှုလှိုင်းများမှာ ယပ်တောင်ကြီး၏ အလိုအလျောက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် တန်ပြန်ဒဏ်များကိုပင် ခံစားလိုက်ရသေးသည့် ပုံပင်။

ယပ်တောင်ကြီးဆီမှ ထွက်ပေါ်လာသည့် အငွေ့အသက်များမှာ ထိုလောကနတ်ဘုရားဝိညာဥ်ထက်ပင် သာလွန်နေပြီး ပိုင်ရှောင်ချန်းအား ပင့်သက်များပင်ရှိုက်သွားစေသည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။ သူပင် ထိုအငွေ့အသက်များကြောင့် အနည်းငယ် ဒဏ်ရာရသွားသေးသည်။ ဤသည်မှာ ... လောကနတ်ဘုရားတစ်ပါးထက် များစွာ သာလွန်နေသည့် စွမ်းအားမျိုးပင်ဖြစ်သည်။

၎င်းမှာ ပိုင်ရှောင်ချန်း ယခင်က တစ်ခါမှ မခံစားဖူးခဲ့သည့် ... မိုးမြေဧကရာဇ်တစ်ပါး၏ စွမ်းအားပင် ဖြစ်ပေသည်။

ထိုစွမ်းအားကြောင့် ဟင်းလင်းပြင်ကြီး တုန်ရီသွားပြီး ဧရာမအပြာရောင်ဦးခေါင်းကြီး၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများနှင့်အတူ ပြူးကျယ်သွားရသည်။ ၎င်းမှာ ထွက်ပြေးရန်ပြင်လိုက်ပါသော်လည်း လွတ်မြောက်နိုင်လောက်အောင် မလျင်မြန်သဖြင့် မိုးမြေဧကရာဇ်အဆင့် စွမ်းအားက နန်းတော်ကြီးကို ရိုက်ခတ်သွားတော့သည်။

ထိုဧရာမနန်းတော်ကြီးမှာ ဟင်းလင်းပြင်ကြီး၏ အလယ်တွင် သိမ့်ခနဲတုန်၍ ရပ်တန့်သွားသည်။ ထို့နောက် ၎င်းမှာ တွန့်လိမ်ကွေးကောက်သွားပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ ယပ်တောင်ဆီသို့ ပျံသန်းလာသဖြင့် ပိုင်ရှောင်ချန်းမှာ အံ့သြတုန်လှုပ်သွားတော့သည်။ ယပ်တောင်ကြီးမှာ ထိုအလင်းတန်းကို ၎င်းဆီသို့ ဆွဲခေါ်နေသည့် အတိုင်းပင်။ တစ်ခဏအကြာတွင် ထိုနန်းတော်ကြီး ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှု၍ အသက်ပင်ကောင်းကောင်း မရှူနိုင်တော့ပေ။ ဖြစ်ပျက်သွားခဲ့သည့် အချင်းအရာကို သူ အတော်အတန်မျှ သိရှိနားလည်လိုက်သည်။ သူသည် ဤအဖိုးတန်ရတနာကြီး၏ အစွမ်းကို လုံးဝလျှော့တွက်မိခဲ့ကြောင်း သိသွားသဖြင့် မျက်နှာပေါ်တွင် ချွေးသီးများကျဆင်းလာပြီး ယပ်တောင်ကြီးကို ငုံ့ကြည့်လိုက်တော့သည်။

ယခင်က ယပ်တောင်ကြီး၏ မျက်နှာပြင်ပေါ်ရှိ ပုံရိပ်ထဲတွင် တောင်တစ်လုံး၊ မြစ်တစ်စင်း၊ ၎င်းမြစ်ထဲရှိ လှေတစ်စင်းနှင့် ထိုလှေပေါ်တွင် ကျားထိုးနေကြသည့် လူနှစ်ယောက်သာ ပါရှိသည်။ သို့သော် ယခုတွင်မူ မြစ်ဝ၌ နန်းတော်တစ်ခုကို မြင်နေရပြီဖြစ်သည်။

" အဲ့နန်းတော်က ပန်းချီပုံရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားတာပဲ ... ဒီယပ်တောင်ကြီးရဲ့မျက်နှာပြင် တစ်စိတ်တစ်ပိုင်း ဖြစ်သွားတာပဲ "

သူ၏မျက်လုံးများ ပြူးနေပြီဖြစ်ပြီး သူ့အသိစိတ်များ ချာချာလည်နေပြီ ဖြစ်သည်။ ဤပြောင်းလဲမှုကြီးမှာ သူ၏စိတ်ကူးစိတ်သန်းများထက်ပင် သာလွန်နေပြီဖြစ်သည်။ သူသည် ထိုအချင်းအရာအားလုံးကို သေသေချာချာ စဥ်းစားသုံးသပ်လိုက်ပြီးနောက် မျက်နှာပျက်သွားတော့သည်။

" ငါက အဲဒီထဲမှာ ရတနာလေးတွေများရှိ၊ မရှိ သိရအောင် ဝင်ပြီးလှည့်ပတ်ကြည့်ချင်ရုံလေးပဲကို။ ဘာရတနာမှ မရှိဘူးဆိုရင် လောကနတ်ဘုရားအဆင့်ဝိညာဥ်ကိုရရင်လည်း အဆင်ပြေတယ်။ ဒါပေမဲ့ ဒီယပ်တောင်က အဲဒါကိုစားပစ်ရတယ်လို့ကွာ... "

သူသည် အလွန်အမင်းနစ်နာသွားကြောင်း တွေး၍ ငိုမဲ့မဲ့ဖြစ်နေတော့သည်။ သို့သော် သူသည် လက်မလျှော့လိုသေးသဖြင့် သူ၏နတ်ဘုရားအာရုံအချို့ကို နန်းတော်ဆီသို့ စေလွှတ်လိုက်ပြီး ယပ်တောင်၏ သုံးဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်သည့် သူ၏အစွမ်းကိုထုတ်သုံးကာ ပန်းချီပုံထဲမှ ထိုနန်းတော်ကို ထုတ်ယူ၍ ရ၊မရစမ်းသပ်ကြည့်လိုက်သည်။

သူက သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည်နှင့် မြစ်ကြီးမှာ ခေတ္တမျှ ရပ်တန့်သွားသည်။ ထိုမြစ်ကြီး ပြန်လည်စီးဆင်းလာသောအခါ ၎င်းထဲမှ ရေစက်တစ်စက် ပျံထွက်လာပြီး နန်းတော်ဆီသို့ ဦးတည်သွားသည်။ ထိုရေစက်မှာ နန်းတော်ကြီးနှင့် ထိတွေ့မိသွားသောအခါ နန်းတော်ကြီးမှာ တောက်ပစွာ ဖျတ်ခနဲလက်သွားပြီး ဖီဆန်လိုသောလေသံဖြင့် ဟိန်းဟောက်လိုက်သည်။ ရေစက်မှာ ပြန့်ကားသွားပြီး အပြာရောင်အလင်းရောင်ကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ၎င်းက နန်းတော်ကိုဆောင့်ဆွဲလိုက်ပြီး ၎င်း၏သုံးပုံပုံ တစ်ပုံတိတိကို ဆုတ်ဖြဲလိုက်တော့သည်။ ထို့နောက် ၎င်းမှာ ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်း၏ လက်ထဲတွင် ပြန်ပေါ်လာတော့သည်။

ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေလျက် သူ၏လက်ဖဝါးအထက်တွင် မျောလွင့်နေပြီး အပြာရောင်အလင်းပျောက်လေးတစ်ပျောက်နှင့် အနည်းငယ်ဆင်တူသော ရေစက်ကိုကြည့်လိုက်သည်။ ၎င်းကို သေသေချာချာ အနီးကပ်ကြည့်လိုက်သောအခါ ထိုအပြာရောင်အလင်းပျောက်ထဲတွင် ဒေါသနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် ဦးခေါင်းတစ်လုံးရှိနေသည်ကို မြင်လိုက်ရသည်။

ထိုဦးခေါင်းမှာ ရေစက်ကိုမည်မျှပင် ရိုက်ခတ်နေစေကာမူ ၎င်းထဲမှ မလွတ်မြောက်နိုင်ပေ။ ထို့အပြင် ၎င်းထံမှ ပေါ်ထွက်နေသည့် အငွေ့အသက်ကြောင့် ၎င်းမှာ လောကနတ်ဘုရားအဆင့် ဝိညာဥ်တစ်ခုဖြစ်ကြောင်း ပိုင်ရှောင်ချန်းက သိလိုက်သည်။

သို့သော် ၎င်းမှာ လောကနတ်ဘုရားအဆင့် ဝိညာဥ်အစစ်တစ်ခု၏ သုံးဆယ်ရာခိုင်နှုန်းခန့်သာ အစွမ်းထက်ပေသည်။

ပိုင်ရှောင်ချန်းအတွက်မူ ထိုပမာဏမှာ လိုအပ်သည်ထင်ပင် ပိုနေသေးသည်။

" ငါဒီလိုလုပ်လို့ရတာ ငါ့ဖြင့်မယုံနိုင်လောက်အောင်ပဲ " သူက နှုတ်ခမ်းကို လျှာကိုဖြင့်လျက်၍ ဆိုလိုက်သည်။ ထို့နောက်သူသည် ခေါင်းကိုနောက်ပစ်၍ အားပါးတရ ရယ်မောလိုက်တော့သည်။

" ဒီယပ်တောင်က ဝေမျှသုံးစွဲခွင့် ပြုတာပဲကွ။ သဘောကျသွားပြီဟေ့ "

ဤယပ်တောင်ကြီး၏ စွမ်းအားအစစ်အမှန်ကို သူနားလည်သွားသဖြင့် အလွန်စိတ်လှုပ်ရှားတော့သည်။ ထို့အပြင် ၎င်းမှာ ပစ္စည်းများကို စုပ်ယူပြီးလျှင် ယပ်တောင်ကြီးအပေါ်တွင်ရှိသည့် သူ၏ထိန်းချုပ်မှုအပေါ်မူတည်၍ ထိုပစ္စည်းများကို သူ့ထံသို့ ပြန်လည် ဝေမျှပေးသေးသည်လည်း ဖြစ်သည်။

သူ ဤယပ်တောင်ကြီး၏ ပိုင်ရှင်ဖြစ်သွားမည့် တစ်နေ့တွင် သူသည် အရာအားလုံးကို အလွယ်တကူလွှမ်းမိုးခြယ်လှယ်နိုင်ပြီဖြစ်သည်။ ထိုအတွေးမှာ အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းလှသည်။

ထို့နောက် သူက ဤယပ်တောင်ကြီးကို ရရှိရန် ကြိုးပမ်းခဲ့ရသည့်အရာအားလုံးမှာ ထိုက်တန်ကြောင်း ထပ်၍ယုံကြည်နားလည်သွားပြန်သည်။

" ကောင်းပြီလေ ငါပြန်ပြီးတော့ အနားယူမှရမယ် "

သူသည် လောကနတ်ဘုရားအဆင့် ဝိညာဥ် အစိတ်အပိုင်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့သည့် ကိစ္စရပ်ကြီး၏ အလှတရားကို ခံစားကာ အတွေးတစ်ခုကိုထုတ်လွှတ်၍ ပျောက်ကွယ်သွားတော့သည်။

သူက မြောက်ပိုင်း၌တည်ရှိသော ယွမ်ဟိုင်စီရင်စုနယ်မြေထဲရှိ သူ၏ကိုယ်ပိုင်အခန်းထဲတွင် ပြန်ပေါ်လာပြီးနောက် နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်လိုက်သောအခါ မဟာကောင်းကင်သခင်မှာ သူပြန်ရောက်လာသည်ကို သတိထားမိသွားသဖြင့် သူနှင့်စကားပြောရန် အပြေးလာနေသည်ကို သိလိုက်ရသည်။

" ဘာများဖြစ်နေတာပါလိမ့် "

ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားပြီး သိချင်စိတ်များ ပေါ်လာတော့သည်။

All Chapters