← Chapters

အခန်း (၄၁၆-၄၁၇)

Vol. 39 Ch. 416-417

အခန်း (၄၁၆-၄၁၇)

Vol. 39 Ch. 416-417

အခန်း ၄၁၆ - စိုးရိမ်ပူပန်နေသော နွားချိုမမ

မည်သည့်ကရုဏာမျှမပါသော အားပြင်းသည့် တိုက်ခိုက်မှုတစ်ခု ကျရောက်လာ၏။

ရုပ်ဆိုးအဘွားအိုသည် ခုခံရန် ကြိုးစားရင်း မျက်လုံးများ ပြူးကျယ်သွားသည်။

သို့သော် သူမ၏မပြောပလောက်သော နတ်ဘုရားစွမ်းအားသည် ကျိယွမ်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်ထက်ပင် အားနည်းနေသည်ကတော့ သူမ၏ ကံဆိုးခြင်းပင်။

"သတင်းပေးမ... ငရဲသွားလိုက်တော့"

ကျိယွမ်သည် ရုပ်ဆိုးအဘွားအိုကို အမှုန်အမွှားဖြစ်သွားအောင် ချေမှုန်းပစ်လိုက်၏။

ယခုလောက်ကြီးမားကာ လွှမ်းမိုးနိုင်သောစွမ်းအားကို အသုံးပြုလိုက်ခြင်းသည် ပုံမှန်အားဖြင့်ဆိုလျှင်တော့ မိုလိုမြင့်မြတ်မျှော်စင်ရှိ ယန်နတ်ဘုရားများကို သတိပြုမိစေမည် ဖြစ်သည်။ သိူ့သော် အနီးနားရှိ ယန်နတ်ဘုရားများမှာ ကျိယွမ်၏ လက်ချက်ဖြင့် ဘဝကူးသွားကြကုန်ပြီဖြစ်သောကြောင့် အဘွားအို သေဆုံးသွားသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

ယခုတစ်ကြိမ်တွင် ကျိယွမ်သည် သေချာဂရုစိုက်ခဲ့ပြီး အဘွားအို၏ သိုလှောင်အိတ် ပျက်စီးမသွားစေရန် လည်း သေသေချာချာ လုပ်ဆောင်ခဲ့၏။

"သတင်းပေးတွေကို သတ်လိုက်ရတာ တကယ်ကို စိတ်လက်ပေါ့ပါးသွားတာပဲ"

ကျိယွမ်သည် မိမိဘာသာ တွေးရင်း စိတ်သက်သာရာ ရသွားလေသည်။

သို့သော် ရုတ်တရက် သူ၏စိတ်ထဲတွင် မတင်မကျ ဖြစ်မှုတစ်ခု ဝင်ရောက်လာ၏။

"ငါ့အပြုအမူတွေကို ပြန်ဆင်ခြင်သင့်သလား"

"သတင်းပေးတစ်ယောက်ကို ဒီလောက်အထိ အကွက်ကျကျ လက်စားချေလိုက်တာ... ဒါကို အွန်လိုင်းမှာ တင်လိုက်ရင် ငါကနည်းနည်း အကဲဆတ်သလိုများဖြစ်သွားမလား"

တစ်စုံတစ်ယောက်က သူ့ကိုတိုင်တန်းလိုက်သည်နှင့် သူကထိုသူကို ချက်ချင်း သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ဒါက လူမှုပတ်ဝန်းကျင်ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ပြဿနာတွေ ရှိနေတာကို ပြနေသလိုပဲ။

"ကိစ္စမရှိပါဘူး... သူက အခုသေသွားပြီဆိုတော့ ဘယ်သူမှ သိမှာမဟုတ်တော့ဘူး"

ကျိယွမ်သည် ကံကောင်းသည်ဟု ခံစားရပြီး သူ၏ စိုးရိမ်မှုများကို ဘေးဖယ်လိုက်၏။

ဘယ်သူမှ မသိသရွေ့ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေက ပျက်စီးသွားမှာ မဟုတ်ပေ။

သူသည် ထိုသို့ပြောရင်း အဘွားအို၏ သိုလှောင်အိတ်ကို ဖွင့်ကာ ရတနာများကို စစ်ဆေးလိုက်သည်။

"ဟမ်... နွားချိုမမရဲ့ အငွေ့အသက်တွေ ပါနေတဲ့ ကောင်းကင်ဖြတ်သန်းကျောက်စိမ်းပါလား... နွေးတောင် နွေးနေသေးတယ်"

ချက်ချင်းပင် ကျိယွမ်အတွက် အရာအားလုံး ရှင်းလင်းသွားလေသည်။

သူ့စိတ်ထဲတွင် ရှိနေသော အပြစ်ရှိစိတ် အကြွင်းအကျန်အားလုံးမှာလည်း လုံးဝ ပျောက်ကွယ်သွား၏။

"ဒါဆို ခင်ဗျားက ကျုပ်ဆီကခိုးဖို့ ကြိုးစားနေတာပေါ့... ခင်ဗျားက တကယ်ကို သေထိုက်ပါတယ်"

သူသည် အိတ်ထဲတွင် ထပ်မံရှာဖွေကြည့်ရာ နတ်ဘုရားနည်းစနစ် အချို့ကို တွေ့ရသည်။

သို့သော် ထိုနည်းစနစ် အများစုမှာ ကျိယွမ် မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားများထံမှ ရရှိထားပြီးသား ပညာရပ်များနှင့် အတူတူပင် ဖြစ်နေ၏။

"ထင်တဲ့အတိုင်းပဲ... မျှော်လင့်ခြင်းလမင်းတွေနဲ့ယှဉ်ရင် ခင်ဗျားက တကယ့်ကို ဆင်းရဲတာပဲ... ရေတောင် ချိုးပုံမရဘူး"

ကျိယွမ်သည် စိတ်ပျက်စွာ ပခုံးတွန့်လိုက်ပြီး ထွက်ခွာသွား၏။

ရုပ်ဆိုးအဘွားအို သေဆုံးသွားခြင်းက အရေးမကြီးပေ။ မဟူရာနတ်ဆိုးချောက်စခန်းရှိ လူများသိရှိသွားချိန်တွင် ကျိယွမ်သည် အထက်ဘုံသို့ ရောက်ရှိနေမည် ဖြစ်သည်။

အဘွားအိုကို ရှင်းလင်းပြီးနောက် ပြန်လာသောအခါ ကျိယွမ်သည် ဟုန်ယုကို ရှာဖွေပြီး အထက်ဘုံအကြောင်း ထပ်မံ မေးမြန်းနေပြန်၏။

သူသည် ယန်နတ်ဘုရားများနှင့် အထက်ဘုံရှိ အင်အားစုများအကြောင်း ပိုမိုသိရှိလာရသည်။

ဆဌမမြောက်ကောင်းကင်ဘုံတွင် အင်အားအကြီးဆုံးအဖွဲ့မှာ မူလသဘောတရားအသင်း ဖြစ်သည်။

မူလသဘောတရားအဆင့် ကျွမ်းကျင်သူအားလုံးနီးပါးသည် မူလသဘောတရားအသင်းနှင့် ဆက်နွှယ်နေကြ၏။

အကြောင်းမှာ ထိုအသင်းတွင် ဖန်တီးရှင်ရတနာ ဖြစ်သော သဘောတရားပေါင်းစုံနံရံ ရှိသောကြောင့် ဖြစ်သည်။

ထိုအမည်သည် မူလသဘောတရားတံခါးနှင့် အတော်လေး ဆင်တူနေပေသည်။

ထိုနံရံရှေ့တွင် ယန်နတ်ဘုရားများသည် သူတို့၏ လမ်းစဉ်ကို ပိုမိုနားလည်နိုင်ပြီး ကိုယ်ပိုင်နိယာမသဘောတရားများကို ဖော်ဆောင်နိုင်ကြ၏။

ထို့ကြောင့် သဘာဝအရ မာနကြီးကြသော ယန်နတ်ဘုရားများပင် မူလသဘောတရားအသင်းရှေ့တွင် နှိမ့်ချကြရလေသည်။ ထို့အပြင် မူလသဘောတရားနှီးနှောဖလှယ်ပွဲဆိုသည်မှာလည်း လူတိုင်း ဖိတ်ကြားခြင်း ခံရသော သာမန်ပွဲလေးမဟုတ်ပါ။

"ယန်နတ်ဘုရား မိုကျိက နှီးနှောဖလှယ်ပွဲ ဖိတ်စာရဖို့အတွက် မူလသဘောတရားအသင်းမှာ နှစ်ပေါင်းများစွာ အခမဲ့ အလုပ်လုပ်ပေးခဲ့ရတယ်ဆိုတာ မယုံနိုင်စရာပဲ"

ယန်နတ်ဘုရား မိုကျိ၏နေအိမ်တွင် ကျိယွမ်သည် နှီးနှောဖလှယ်ပွဲ ဖိတ်စာကို တွေ့ရှိခဲ့၏။ ၎င်းမှာ နှစ်ပေါင်းများစွာ အခမဲ့ လုပ်အားပေးခဲ့ခြင်းအတွက် ရရှိသော ဆုလာဘ်ဖြစ်သည်။

ယခုမူ ၎င်းမှာ ကျိယွမ်အသုံးပြုရန် ဖြစ်လာခဲ့လေပြီ။

အထက်ဘုံရှိ မျှော်လင့်ခြင်းလမင်းများသည် အတော်လေး သဘောကောင်းကြသည်ဟု တွေးကာ သူသည် ခပ်တိုးတိုး ရယ်မောလိုက်၏။

အခြား အံ့အားသင့်စရာ အချက်တစ်ခုလည်း ရှိနေသေးသည်။

ဆဌမမြောက်ကောင်းကင်ဘုံတွင်ရှိသော ယန်နတ်ဘုရား အများစုမှာ ကောင်းကင်ဘုံ၌နေရာယူခြင်းအဆင့်များ ဖြစ်ကြလေသည်။

ထို့အပြင် ယန်နတ်ဘုရား အများစုမှာ အဖွဲ့အစည်းမရှိသော လေလွင့်ကျင့်ကြံသူများဖြစ်ကြပြီး တိုးတက်မှုများ ရှာဖွေရန်အတွက် ဆိတ်ငြိမ်ရာတွင် အိပ်စက်နေလေ့ ရှိကြ၏။

ယန်နတ်ဘုရားတိုင်းမှာ မူလသဘောတရားအဆင့်သို့ ရောက်ရှိရန် အခွင့်အရေး မရှိကြပေ။

ယန်နတ်ဘုရားတိုင်းကလည်း သူတို့၏ တိုးတက်နိုင်ခြေကို မြှင့်တင်ရန်အတွက် မူလသဘောတရားအသင်းတွင် အခမဲ့ အလုပ်လုပ်ပေးလိုကြသူများချည်းတော့လည်း မဟုတ်ပေ။

ထို့ကြောင့် "အခြားလမ်းစဥ်ယန်နတ်ဘုရားများ" ဟု လူသိများသော ယန်နတ်ဘုရား အုပ်စုတစ်စု ရှိနေခြင်း ဖြစ်သည်။

"သူတို့က မူလသဘောတရားအဆင့်ကို မတက်လှမ်းနိုင်တဲ့အတွက် တချို့အဆင့်မြင့် ယန်နတ်ဘုရားတွေက မတူညီတဲ့ လမ်းစဉ်တွေကို လိုက်ကြတယ်... သူတို့က စွမ်းအားကိုပဲ အဓိကထား ကျင့်ကြံတာ ဒါမှမဟုတ် နတ်ဘုရားနယ်ပယ်တွေကို ချဲ့ထွင်တာမျိုး လုပ်ကြတယ်... ဒီ အခြားလမ်းစဥ်ယန်နတ်ဘုရားတွေက သာမန်ယန်နတ်ဘုရားတွေထက်တော့ ပိုသန်မာကြတယ်"

"သူတို့ထဲက အတော်ဆုံးလူတွေဆိုရင် မူလသဘောတရားအဆင့်နိမ့် ယန်နတ်ဘုရားတွေကိုတောင် ယှဉ်နိုင်တယ်"

"ဒါပေမဲ့ မူလသဘောတရားအဆင့် ကျွမ်းကျင်သူတွေအတွက်တော့ သူတို့က အားနည်းနေတုန်းပဲ"

ဟုန်ယုက သေချာရှင်းပြလေသည်။

သို့သော် ရှင်းပြနေရင်းမှ ဟုန်ယု၏ စိတ်ထဲတွင်မူ ဇဝေဇဝါ ဖြစ်နေ၏။

မဟူရာနတ်ဆိုးချောက်၏ ဧည့်သည်တော်အကြီးအကဲ တစ်ယောက်သည် အထက်ဘုံ အကြောင်းကို အဘယ်ကြောင့် ဤမျှအထိ မသိနားမလည် ဖြစ်နေရသနည်း။

သူသည် ယခုမှ အထက်ဘုံသို့ ပျံတက်လာသူနှင့်ပင် တူနေ၏။

သို့သော် သာမန် ဘုံပျံတက်လာသူတစ်ဦးကလည်း ကျိယွမ်ကဲ့သို့ သန်မာမည် မဟုတ်ပေ။

"အော်"

ကျိယွမ်က အံ့သြသလိုရေရွတ်လိုက်ပြီးနောက်...

ရုတ်တရက် သူသည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုက်၏။

ဟုန်ယုသည် တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ကျိယွမ်ရှေ့၌ သတိလစ်ကာ လဲကျသွားလေသည်။

"အစ်ကိုကြီး... ဘာလုပ်တာလဲ"

ကျန်းလင်းစုပင် အံ့အားသင့်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိ၏။

"ငါတို့က အထက်ဘုံကို သွားတော့မှာဆိုတော့ သူမကို ငါ့ရဲ့ မြေအောက်ကမ္ဘာထဲ ထည့်ထားဖို့ လိုတယ်"

"ငါ့ရဲ့ မြေအောက်ကမ္ဘာအကြောင်းကို ပြင်ပလူတွေကို မသိစေချင်ဘူး"

"ဟဲဟဲ... ငါ့ရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အံ့သြစရာ ကောင်းတယ် မဟုတ်လား... ဘယ်သူမှ ကြိုတင် မသိနိုင်ဘူး"

ကျန်းလင်းစုသည် ဆွံ့အသွားရ၏။

သူတို့သည် ပုံမှန်အတိုင်း စကားပြောနေကြရင်းမှ ထိုသို့ ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။

"အစ်ကိုကြီး... ကျွန်မကိုတော့ အဲ့လို ခိုးမတိုက်ပါနဲ့... နောက်တစ်ခါဆိုရင် ကြိုပြီးတော့ အသိပေးပါ"

ကျန်းလင်းစုသည် မနေနိုင်ဘဲ ကန့်ကွက်လိုက်၏။

"ကောင်းပါပြီ"

ကျိယွမ်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။

ရုတ်တရက် ကျန်းလင်းစု၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများ နက်ရှိုင်းသွား၏။

"အစ်ကိုကြီး ကျွန်မလည်း အစ်ကိုကြီးရဲ့ ခရမ်းရောင်နန်းတော်ထဲကိုပဲ ပြန်သွားသင့်မယ် ထင်တယ်...ရှင်နဲ့ အတူရှိနေရင် လူတွေက ကျွန်မကို ထူးထူးဆန်းဆန်း ကြည့်ကြတယ်"

သူမကို ကျိယွမ်နှင့်အတူ မြင်ရသည်မှာ လူတိုင်းအတွက် အံ့သြစရာ ဖြစ်နေသည်ကတော့ အမှန်ပင်။

သူမ၏ ကျင့်ကြံမှုအဆင့်က နိမ့်လွန်းလှ၏။

သူမ၏အဆင့်နှင့်ဆိုလျှင် ကျိယွမ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး၏ အစေခံ ဖြစ်ရန်ပင် အရည်အချင်း မပြည့်မီပေ။

ဟုန်ယုကလည်း ထိုစကားမျိုးကို ထုတ် မပြောသော်လည်း သူမ၏ မျက်လုံးထဲရှိ အကြည့်များကို ကျန်းလင်းစုက အမျိုးသမီးတစ်ဦးအနေဖြင့် သတိမထားမိဘဲ မနေနိုင်ပေ။

သူမသည် ကျိယွမ်၏ လက်မောင်းကို ဆွဲကိုင်ကာ သူ့ကို မော့ကြည့်လိုက်၏။

"အစ်ကိုကြီး... ကျွန်မ ကျင့်ကြံမှုနိမ့်နေလို့ ကျွန်မကို အထင်သေးသွားမှာလား"

"ဘာလို့ အထင်သေးရမှာလဲ... အခုက လူတိုင်း တန်းတူညီမျှ ဖြစ်နေပြီ မဟုတ်လား"

ကျိယွမ်သည် ဇဝေဇဝါ ဖြစ်သွားပြီးနောက် သက်ပြင်းချလိုက်၏။

"မသေမျိုးကမ္ဘာရဲ့ လေထုက တကယ်ကို ဆိုးရွားလွန်းတယ်"

ကျိယွမ်အတွက်မူ ကျန်းလင်းစုသည် အခြေခံအဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ယန်နတ်ဘုရား ဖြစ်နေသည်ဖြစ်စေ၊ တာအိုဘိုးဘေး ဖြစ်နေသည်ဖြစ်စေ သူ၏ ညီမလေးသာ ဖြစ်သည်။

ကျင့်ကြံခြင်းဆိုသည်မှာ လွတ်လပ်မှုအတွက် ဖြစ်သည်။ အကယ်၍ မိမိကိုယ်ကိုယ် အခြားသူများထက် သာလွန်သည်ဟု မြင်နေလျှင် မည်သို့ လွတ်လပ်နိုင်မည်နည်း။

ကျန်းလင်းစုသည် ဤစကားကို ကြားရသောအခါ ဝမ်းသာခြင်းနှင့်အတူ စိုးရိမ်စိတ်လည်း ဖြစ်ပေါ်လာ၏။

"ကျွန်မ ပိုပြီးတော့ ကြိုးစားရဦးမယ်"

"ကြိုးစားပါ... အမြုတေအဆင့် ကျင့်ကြံသူ ဖြစ်အောင် ရည်မှန်းထားလိုက်"

ကျိယွမ်က အားပေးလိုက်၏။

..........

မိုလိုမြင့်မြတ်မျှော်စင်တွင် ယန်နတ်ဘုရား မိုကျိအဖြစ် ဟန်ဆောင်ထားသော ကျိယွမ်သည် မဟူရာမြူထုများအတွင်း ဖုံးလွှမ်းနေလေ့ရှိသည်။

သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မိုလိုမျိုးနွယ်စု၏ ယင်နတ်ဘုရားအားလုံးသည် အရိုအသေပေးကာ ဦးညွှတ်လိုက်ကြ၏။

"ကောင်းကင်ဘုံအရှင်သခင်ကို ဂါရဝပြုပါတယ်"

ယင်နတ်ဘုရားများ၊ အဆင့်မြင့် ယင်နတ်ဘုရားများ သို့မဟုတ် ဒဏ္ဍာရီလာအဆင့်များ ဖြစ်စေ အားလုံးက သူတို့၏ မြင့်မြတ်သော ဦးခေါင်းများကို နှိမ့်ချလိုက်ကြသည်။

သူတို့၏ မျက်လုံးထဲတွင် ယန်နတ်ဘုရားမိုကျိသည် မိုလိုမြင့်မြတ်မျှော်စင်ရှိ တစ်ဦးတည်းသော ယန်နတ်ဘုရားဖြစ်ပြီး ဤကျယ်ပြောလှသော နယ်မြေ၏ စစ်မှန်သော အုပ်စိုးသူလည်း ဖြစ်၏။

ဧရိယာအရဆိုလျှင် ယန်နတ်ဘုရား မိုကျိ၏ နယ်မြေသည် ကမ္ဘာဂြိုဟ်နှင့် နှိုင်းယှဉ်ပါက နေမင်းကြီးထက်ပင် ပိုမိုကျယ်ဝန်းလေသည်။

ပို၍ အရေးကြီးသည်မှာ ၎င်းမှာ လူသူကင်းမဲ့သော လွင်ပြင်မဟုတ်ဘဲ ကျင့်ကြံခြင်းအတွက် အကောင်းဆုံး နယ်မြေတစ်ခု ဖြစ်နေခြင်းပင်။

"အင်း"

ကျိယွမ်၏ သရုပ်ဆောင်မှုမှာလည်း အပြစ်ပြောစရာ မရှိပေ။

သူသည် စိိတ်ကျန်းမာရေးလက်မှတ်ရ အရူးတစ်ယောက်အဖြစ်ပင် အပီအပြင် သရုပ်ဆောင်ခဲ့ဖူးသေးသည်။

ယန်နတ်ဘုရားမိုကျိအဖြစ် ဟန်ဆောင်ရသည်မှာ ဘာမှမဟုတ်ပေ။

မှောင်မိုက်ခြင်းများဖြင့် ဖုံးလွှမ်းထားသောကြောင့် မည်သူမျှလည်း သူ၏ မျက်နှာကို မမြင်နိုင်ကြပေ။

ထို့နောက် သူသည် ရှေ့သို့ တစ်လှမ်း တက်လိုက်ပြီး မိုလိုမြင့်မြတ်မျှော်စင်၏ အမြင့်ဆုံးအဆင့်သို့ ဝင်ရောက်လိုက်၏။ ထိုနေရာတွင် ဆဌမမြောက်ကောင်းကင်ဘုံသို့ သွားသော နယ်မြေဖြတ်ကျော်အစီအရင် ရှိနေ၏။

ပုံမှန်အားဖြင့် ဤအစီအရင်ကို ဖွင့်ရန်အတွက် လုပ်ထုံးလုပ်နည်း အများအပြား လိုအပ်၏။

သို့သော် ယခုမူ ကျိယွမ်သည် ယန်နတ်ဘုရား မိုကျိဖြစ်နေသောကြောင့် ထိုလုပ်ထုံးလုပ်နည်းများသည် သူ့အတွက် ဘာမှ မဟုတ်တော့ပေ။

"ကောင်းကင်ဖြတ်သန်းကျောက်စိမ်း"

ကျိယွမ်သည် ကျောက်စိမ်းကို အစီအရင်ထဲတွင် ထားလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် အစီအရင်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ပတ်ဝန်းကျင် တစ်ခုလုံးကလည်း စတင် ပြောင်းလဲသွား၏။

ထိုအချိန်မှာပင်...

အခြား မိုလိုမြင့်မြတ်မျှော်စင် တစ်ခုတွင်မူ ဟင်းလင်းပြင် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး အားကောင်းသော အငွေ့အသက်တစ်ခု ကျဆင်းလာသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးပေါ်လာပြီး ဆဌမမြောက်ကောင်းကင်ဘုံမှ ပဉ္စမမြောက်ကောင်းကင်ဘုံသို့ ဆင်းသက်လာ၏။

အစီအရင်ကို စောင့်ကြပ်နေသော ယင်နတ်ဘုရားများသည် သူမကို မြင်သောအခါ အံ့အားသင့်စိတ်များဖြင့် ဦးညွှတ်လိုက်ကြသည်။

ဤအမျိုးသမီးသည် မဟူရာနတ်ဆိုးချောက်၏ အမာခံ အဖွဲ့ဝင်တစ်ဦး ဖြစ်လေသည်။

"သွေးဝတ်စုံ"

ရောက်ရောက်ချင်းမှာပင် သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေပြီး မဟူရာနတ်ဆိုးချောက် စခန်းသို့ တိုက်ရိုက်ပျံသန်းသွား၏။

ခဏအကြာတွင် သူမသည် မိလော်နယ်မြေသို့ ဦးတည်သွားလေသည်။

သို့သော် သူမ မည်မျှပင် ရှာဖွေစေကာမူ ရင်းနှီးနေသော ထိုပုံရိပ်ကို မတွေ့ရှိရပေ။

"တောက်... သူ ဘယ်ကို သွားတာလဲ... ငါ့ရဲ့ သတင်းစကားတွေကို သူ ဘာလို့ မရတာလဲ... သူ ပဉ္စမမြောက်ကောင်းကင်ဘုံမှာ မရှိတော့တာများလား"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ပျာယာခတ်နေ၏။

ကျိယွမ်၏ သွေးမျိုးဆက်လင်းလက်မှုကို မှတ်တမ်းတင်ပြီးနောက် သူမသည် ၎င်းကို ဘိုးဘေးများအား ပြသရန် မဟူရာနတ်ဆိုးချောက်သို့ ပြန်သွားခဲ့ခြင်း ဖြစ်သည်။

သူမ၏ ဘိုးဘေးက ၎င်းကို မြင်သောအခါ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး သွေးဝတ်စုံကို ဘိုးဘေးတို့၏နယ်မြေသို့ မရမက ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့လေသည်။

ထိုအချိန်တွင် သွေးဝတ်စုံ၏ သွေးမျိုးဆက်သည် သူမ ထင်ထားသည်ထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းကြောင်း သူမ သိရှိသွားခဲ့၏။

သူမ ဘိုးဘေး၏ မျက်နှာအမူအရာအရ ဆိုလျှင် အကယ်၍ သူသာ ကိုယ်တိုင် ဆင်းလာနိုင်မည်ဆိုပါက ဆင်းလာလိမ့်မည်မှာ သေချာပေသည်။

သို့သော် သူမ၏ ဘိုးဘေးကဲ့သို့ စွမ်းအားကြီးသော ပုဂ္ဂိုလ်မျိုးသည် လွတ်လပ်စွာ ထွက်ခွာနိုင်ခြင်း မရှိပါ။

ထို့ကြောင့် သွေးဝတ်စုံကို လျှို့ဝှက်စွာ ပြန်ခေါ်လာရန် သူမတွင် တာဝန်ရှိနေခြင်းပင်။

သို့သော် ယခုမူ သွေးဝတ်စုံကို ဘယ်နေရာမှာမှ ရှာမတွေ့တော့သဖြင့် သူမ အလွန်အမင်း စိုးရိမ်ပူပန်နေရပြီ ဖြစ်သည်။

"သူ ဒုတိယမြောက်ကောင်းကင်ဘုံကို ပြန်သွားတာလား... ဒါမှမဟုတ် တခြားနယ်မြေတစ်ခုကို သွားတာလား"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီး၏ စိတ်ထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ဤမျှအထိ ကြီးမားသော ပြောင်းလဲမှု ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူမ ထွက်သွားသည်မှာ တစ်လပင် မပြည့်သေးပါ။

ယခုမူ... ထိုလူက ပျောက်ကွယ်သွားပြီလား။

ဒီသွေးဝတ်စုံက စွမ်းအားလည်း အများကြီး မရှိပါဘူး။ သူက ကောင်းကင်ဖြတ်သန်းကျောက်စိမ်းကို ဘယ်ကနေ ရလိုက်တာလဲ။ တစ်စုံတစ်ယောက်ဆီမှာ မိမိကိုယ်ကိုယ် ရောင်းစားလိုက်တာလား။

ဒါမှမဟုတ်... သူမ ထားခဲ့တဲ့ လက်ဆောင်လေးကို သူ ရသွားတာလား။

"ဘယ်သူရှိလဲ... ပဉ္စမမြောက်ကောင်းကင်ဘုံ တစ်ခုလုံးကို ရှာကြ... သွေးဝတ်စုံကို ရှာတွေ့အောင် ရှာရမယ်"

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် မဟူရာနတ်ဆိုးချောက် စခန်းသို့ ပြန်သွားပြီး အမိန့်ပေးလိုက်၏။

ထို့နောက် သူမသည် မိုလိုမြင့်မြတ်မျှော်စင်၏ ထိပ်ဆုံးသို့ တက်လှမ်းကာ အခြေအနေကို ဘိုးဘေးထံ သတင်းပို့ရန် မဟူရာနတ်ဆိုးချောက် ဌာနချုပ်သို့ ပြန်ရန် ပြင်ဆင်လိုက်လေသည်။

….......

"ဒါက ဆဌမမြောက်ကောင်းကင်ဘုံလား"

မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲတွင် ရပ်နေရင်း ကျိယွမ်သည် မျက်လုံးများကို မှေးကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် စူးစမ်းလိုစိတ်နှင့် အံ့သြမှုများ ပြည့်နှက်နေ၏။

ပဉ္စမမြောက်ကောင်းကင်ဘုံ၏ ပတ်ဝန်းကျင်မှာ ကန်းလန်ကမ္ဘာနှင့် အတော်လေး ဆင်တူသော်လည်း ဝိညာဉ်စွမ်းအင် ပိုမို သိပ်သည်းခြင်းသာ ကွာခြားပေသည်။

သို့သော် ဆဌမမြောက်ကောင်းကင်ဘုံမှာမူ... တစ်ချိန်တည်းမှာပင် ခိုင်မာသလိုရှိပြီး ကျိုးပဲ့လွယ်သလိုလည်း ခံစားနေရ၏။

"ဆဌမမြောက်ကောင်းကင်ဘုံကို မူလသဘောတရားအဆင့် ကျွမ်းကျင်သူတစ်ယောက်က ဖန်တီးခဲ့တယ်ဆိုတာ တကယ်ပဲ ဖြစ်ရမယ်"

မဟုတ်ပါက ဤကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်နေသော ခံစားချက်မျိုး ရှိနေမည် မဟုတ်ပေ။

"ကောင်းကင်ဘုံအရှင်သခင်... ယန်နတ်ဘုရားမော့ခွမ်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထွက်ခွာသွားပါပြီ... ဒါက ကျွန်တော်တို့ တွမ်းယွဲ့ချောက်ရဲ့ အမှတ်အသားတံဆိပ်ပါ"

မိုလိုမျိုးနွယ်စုမှ ယင်နတ်ဘုရားတစ်ဦးက တံဆိပ်ကို အရိုအသေပေးကာ ကမ်းလှမ်းလိုက်၏။

လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က တွမ်းယွဲ့ချောက်ကို စောင့်ကြပ်နေသူများအတွက် စိုးရိမ်ပူပန်စရာ ကောင်းခဲ့ပေသည်။ အကြောင်းမှာ ယန်နတ်ဘုရား တစ်ပါးမျှ မရှိသောကြောင့် သူတို့ကိုယ်သူတို့ အားနည်းသည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။

ယခုမူ ယန်နတ်ဘုရားမိုကျိ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သူတို့အားလုံး သက်ပြင်းချနိုင်ကြလေပြီ ။

"အင်း"

ကျိယွမ်သည် တံဆိပ်ကို လက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် သတင်းအချက်အလက် အများအပြား သူ၏ စိတ်ထဲသို့ စီးဝင်လာ၏။

မဟူရာနတ်ဆိုးချောက်၏ အထက်ပိုင်းဒေသကို နယ်မြေ ဆယ့်ကိုးခု ခွဲခြားထားပြီး တစ်ခုစီကို မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရား တစ်ပါးစီက အုပ်ချုပ်လေသည်။

ယန်နတ်ဘုရား ဆယ့်ကိုးပါးအနက် သုံးပါးမှာ မူလသဘောတရားအဆင့် ဖြစ်ကြပြီး ကျန်ရှိသူများမှာ ယန်နတ်ဘုရား အငယ် သို့မဟုတ် အကြီးများ ဖြစ်ကြ၏။

ကျိယွမ်ကို တွမ်းယွဲ့ချောက်သို့ တာဝန်ပေးထားပြီး သူနှင့် အနီးဆုံး ယန်နတ်ဘုရားမှာ မိုလိုမျိုးနွယ်စုမှ မူလသဘောတရားအဆင့် ယန်နတ်ဘုရား တစ်ပါး ဖြစ်ပေသည်။

ဤနယ်မြေ ဆယ့်ကိုးခုကို မိုလိုရေတွင်းဟု သိကြသော ဖန်တီးရှင်ရတနာဖြင့် ဆက်သွယ်ထားပြီး ပေါင်းစပ်ကာကွယ်ရေးနှင့် တိုက်စစ်ကွန်ရက်တစ်ခုကို ဖွဲ့စည်းထား၏။

"ဒီမိုလိုမျိုးနွယ်စုကတော့ တကယ်ကို ကံဆိုးတာပဲ... သူတို့က လနတ်ဘုရားနန်းတော်ကို တိုက်ခိုက်ဖို့ ထိုက်ဟွမ်နန်းတော်ကို ကူညီပေးနေရတာတောင် စစ်စရိတ်ကို ကိုယ်တိုင် ကျခံနေရသေးတယ်"

မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားများတွင် ဆဌမမြောက်ကောင်းကင်ဘုံ၌ အမြဲတမ်း နေထိုင်ခွင့် မရှိကြပေ။

ထို့ကြောင့် မဟူရာနတ်ဆိုးချောက်တွင် အခြေစိုက်နေစဉ်အတွင်း လနတ်ဘုရားနန်းတော်နှင့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန်အတွက် ထိုက်ဟွမ်နန်းတော်ကို ငွေပေးနေရခြင်း ဖြစ်သည်။

ဤအကြောင်းကို ကြားသောအခါ ကျိယွမ်သည် ဆွံ့အသွားရ၏။

မိုလိုမျိုးနွယ်စုမှာ တကယ်ကို ကံမကောင်းပုံရပေသည်။

သူသည် စုဝေးနေသော မိုလိုမျိုးနွယ်စု၏ ယင်နတ်ဘုရားများကို ကြည့်လိုက်ပြီး "အားလုံး စုံပြီလား" ဟု မေးမြန်းလိုက်၏။

သူ ရောက်ရှိလာပြီးနောက် တွမ်းယွဲ့ချောက်ရှိ အဆင့်မြင့် ပုဂ္ဂိုလ်များသည် သူ့ကို ကြိုဆိုရန် စုဝေးသင့်လေသည်။

ဦးဆောင်လာသော ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဦးညွှတ်ကာ ပြောလိုက်၏။

"ထိုက်ဟွမ်နန်းတော်က သံတမန်ကတော့ တစ်ခုခုနဲ့ အလုပ်ရှုပ်နေပုံရလို့ မရောက်သေးပါဘူး"

ထိုသူသည် အလွန်သတိထားကာ ပြောဆိုနေပုံရ၏။

အမှန်စင်စစ် ထိုက်ဟွမ်နန်းတော်မှ သံတမန်များသည် အမြဲတမ်း မာနကြီးကြပြီး မိုလိုမျိုးနွယ်စုကို သူတို့အောက်နိမ့်သည်ဟု ဆက်ဆံ၏။ သူတို့သည် ဤကဲ့သို့သော အခမ်းအနားများကို တက်ရောက်ရန် ခဲယဉ်းလှပေသည်။

ဒါကလည်း မိုလိုမျိုးနွယ်စုရဲ့ ခေါင်းဆောင်က နာမည်ကြီးသိုးကလေးဖလီးစီးနဲ့ ဆံပင်ပုံစံ တူနေတာကြောင့်လည်း ပါနိုင်၏။

မဟုတ်ပါက ထိုက်ဟွမ်နန်းတော်မှ သံတမန်များသည် ဤကဲ့သို့သော ပွဲမျိုးကို လာရန် မည်သို့ ပျက်ကွက်ရဲမည်နည်း။

အကယ်၍ ကျိယွမ်နေရာ၌ ယန်နတ်ဘုရားမိုကျိအစစ်သာ ဆိုလျှင် သူသည် အနည်းငယ် မကျေမနပ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယခုကိစ္စအား သည်းခံပေလိမ့်မည်။

သို့သော် ကျိယွမ်သည် ယန်နတ်ဘုရား မိုကျိမဟုတ်ပါ။ ထို့ကြောင့်... သူသည် သည်းခံနေမည် မဟုတ်ပေ။

ပြဿနာရှာလိုက်ရင် ကိစ္စတွေ ဖြစ်လာမလား။

အဲ့ဒါက မိုလိုမျိုးနွယ်စုရဲ့ ကိစ္စပဲ... ငါ့ကိစ္စ မဟုတ်ဘူး။

"ထိုက်ဟွမ်နန်းတော်က သံတမန်ကို သွားခေါ်လိုက်... ငါ့မှာ သူ့အတွက် လက်ဆောင်ရှိတယ်လို့ ပြောလိုက်ပါ"

ကျိယွမ်သည် သူ၏အသံကို အက်ရှရှပြုလုပ်ကာ အမိန့်ပေးလိုက်၏။

မိုလိုမျိုးနွယ်စု၏ ယင်နတ်ဘုရားများသည် အံ့အားသင့်သွားကြပြီးနောက် သူတို့၏ မျက်နှာများတွင် မနာလိုစိတ်နှင့် အားကျစိတ်များ ပြည့်နှက်သွားလေသည်။

ထိုက်ဟွမ်နန်းတော်က သံတမန်ကတော့ တကယ်ကို ကံကောင်းတာပဲ...

ခန့်ညားထည်ဝါလှတဲ့ ယန်နတ်ဘုရား မိုကျိကတောင် သူ့ကို လက်ဆောင်ပေးချင်နေတယ်တဲ့...

သူတို့၏ အားကျစိတ်များမှာ သိသိသာသာ ပေါ်လွင်နေလေသည်။

ကျိယွမ်သည် သူတို့၏ တုံ့ပြန်မှုများကို လျစ်လျူရှုလိုက်ပြီး ဆက်ပြော၏။

"ပြီးတော့ လနတ်သမီး ကျင်းလီက ဘယ်စစ်မြေပြင်မှာ တာဝန်ကျနေသလဲဆိုတာကို ငါ့အတွက် စုံစမ်းပေး"

မဟူရာနတ်ဆိုးချောက်သည် ကျယ်ပြောလှပြီး ကန်းလန်ကမ္ဘာထက်ပင် ပိုမို ကျယ်ဝန်းလေသည်။

ကျိယွမ်သည် လနတ်သမီး ကျင်းလီကို ရှာတွေ့နိုင်ရန်အတွက် သူမ၏ တိကျသော တည်နေရာကို သိရှိရန် လိုအပ်၏။

သို့သော် သူသည် လနတ်ဘုရားနန်းတော်၏ နယ်မြေအတွင်းသို့ တိုက်ရိုက် ဝင်ရောက်၍ မရနိုင်ပေ။

မဟုတ်ပါက လနတ်ဘုရားနန်းတော်၏ ကာကွယ်ရေး အစီအရင်များနှင့် ဖန်တီးရှင်ရတနာများက သူ့ကို တိုက်ခိုက်ပေလိမ့်မည်။

ယန်နတ်ဘုရားများ၏ တိုက်ပွဲများကို မဟူရာနတ်ဆိုးချောက်အတွင်းရှိ အက်ကွဲကြောင်း နယ်မြေများတွင်သာ ကန့်သတ်ထား၏။

"ကောင်းကင်ဘုံအရှင်သခင်က လနတ်သမီးကို စိတ်ဝင်စားနေတာလား"

ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတစ်ဦးက ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။

ယန်နတ်ဘုရားတစ်ပါးအနေဖြင့် အခြား ယန်နတ်ဘုရားများကိုသာ အာရုံစိုက်သင့်သည် မဟုတ်ပါလား။ သူက ဘာကြောင့် သာမန်လနတ်သမီးတစ်ဦးအကြောင်းကို မေးနေရသနည်း။

"ငါ တစ်ခါက သူမရဲ့ ပုံတူပန်းချီကို မြင်ဖူးခဲ့ပြီး သူမရဲ့ အလှမှာ မိန်းမောသွားခဲ့ရတယ်... သူမက ကောင်းကင်တမန်တစ်ပါးလိုပဲ"

"ငါ သူမကို ရှာတွေ့ပြီး ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်အောင် လုပ်ချင်တယ်"

ကျိယွမ်သည် သူ၏ ဦးခေါင်းကို မော့လိုက်ပြီး ကောင်းကင်ယံရှိ မရေမတွက်နိုင်သော ကြယ်စင်များကို ကြည့်လိုက်၏။

၎င်းတို့အနက် သူသည် ကျင်းလီ၏ ကြယ်ကို ချက်ချင်း ရှာတွေ့သွားလေသည်။

သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုနှင့် ကြည်နူးဖွယ် အမှတ်ရမှုများ ရောယှက်ကာ တောက်ပလာသည်။

ထိုအချိန်တွင် ဒဏ္ဍာရီလာအဆင့် ကျွမ်းကျင်သူတစ်ဦးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ဒီလနတ်သမီးက ကျွယ်ယွဲ့ချောက်မှာ တာဝန်ကျနေတယ်လို့ ကျွန်တော် ကြားဖူးပါတယ်"

"အော်... အဲ့ဒါက အနားမှာပဲလား"

ကျိယွမ်၏ မျက်လုံးများ လင်းလက်သွား၏။

အမှတ်အသားတံဆိပ်ထဲရှိ သတင်းအချက်အလက်များအရ ကျွယ်ယွဲ့ချောက်သည် တွမ်းယွဲ့ချောက်နှင့် ကပ်လျက်တွင် ရှိနေပေသည်။

ကျွယ်ယွဲ့ချောက်ကို တာဝန်ယူထားသူမှာ မဟူရာနတ်ဆိုးချောက်၏ မူလသဘောတရားအဆင့် ယန်နတ်ဘုရားများအနက် တစ်ပါး ဖြစ်လေသည်။

"ဟုတ်ကဲ့... ဒီလနတ်သမီးက ထူးခြားတဲ့ ပါရမီရှိပါတယ်... သူမက ကျွယ်ယွဲ့ချောက်မှာ ရှိနေတာ နှစ်ပေါင်း တစ်သောင်းလောက် ရှိပါပြီ... သူမ စရောက်တုန်းက အဆင့်မြင့် ယင်နတ်ဘုရားတောင် မဟုတ်သေးပါဘူး... အခုဆိုရင်တော့ သူမက ဒဏ္ဍာရီလာအဆင့် ဖြစ်နေပါပြီ"

ထိုကျွမ်းကျင်သူသည် လနတ်သမီး ကျင်းလီ၏ အမည်ကို အလွန် လေးစားသော အသံဖြင့် ပြောဆိုနေ၏။

အခြားသူများထံမှ လနတ်သမီး ကျင်းလီ၏ အမည်ကို ကြားရခြင်းက ကျိယွမ်၏ စိတ်ထဲတွင် များစွာသော ပျော်ရွှင်မှုနှင့် လွမ်းဆွတ်မှုကို ဖြစ်ပေါ်စေလေသည်။

မိမိ ချစ်မြတ်နိုးရသူ၏ အမည်ကို အခြားသူတစ်ဦး၏ ပါးစပ်မှ ကြားရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းသော အရာတစ်ခုပင် မဟုတ်ပါလား။

ငါတို့နီးလာပြီ ကျင်းလီ....။

-------------

အခန်း ၄၁၇ - ကျိယွမ်၏ အစီအစဉ်နှင့် ကျင်းလီ၏ ဆုံးဖြတ်ချက်

"တစ်နေ့ကျရင် ငါသူမကို ခိုးပြေးပြီး ငါ့ရဲ့ တာအိုလက်တွဲဖော်အဖြစ် တိုက်ရိုက် သိမ်းပိုက်ရမယ် ထင်တယ်"

ကျိယွမ်က တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်၏။

အောက်တွင်ရှိနေသော မိုလိုမျိုးနွယ်စု ကျင့်ကြံသူအားလုံးသည် နားလည်မှုရှိသော အပြုံးများဖြင့် ရယ်မောလိုက်ကြသည်။

လကညာများသည် အိမ်ထောင်ပြုခွင့် မရှိကြပေ။

အကယ်၍ ကောင်းကင်ဘုံအရှင်သခင် တစ်ပါးက လကညာတစ်ဦးကို တာအိုလက်တွဲဖော်အဖြစ် ခိုးယူသွားမည်ဆိုပါက ၎င်းမှာ လနတ်ဘုရားနန်းတော်ကို တိုက်ရိုက် စော်ကားခြင်းပင် ဖြစ်ပေလိမ့်မည်။

"အရှင်သခင့်ရဲ့ အောင်မြင်မှုအတွက် ကြိုတင် ဂုဏ်ပြုပါတယ်"

"နောက်တစ်လဆိုရင် လမင်းစားသောက်ပွဲ ရှိတယ်လို့ ကြားပါတယ်... အဲ့ဒီအချိန်မှာ အရှင်သခင်က လကညာကို ခိုးယူနိုင်မယ်ဆိုရင် ပျော်ရွှင်စရာတွေ ထပ်တူကျသွားမှာပါပဲ"

မိုလိုမျိုးနွယ်စု ကျင့်ကြံသူများသည် ရယ်မောရင်း အလိုက်သင့်မြှောက်ပင့်လိုက်ကြ၏။

လမင်းစားသောက်ပွဲ ဆိုသည်မှာ လနတ်ဘုရားနန်းတော်၏ ထူးခြားသော မွေးနေ့ပွဲတစ်ခု ဖြစ်သည်။

လနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူတစ်ဦးသည် အသက်တစ်သောင်းပြည့်သည့် အခါတိုင်း သူတို့၏ ဂုဏ်ပြုပွဲအဖြစ် လမင်းစားသောက်ပွဲကို ခမ်းနားစွာ ကျင်းပလေ့ ရှိကြ၏။

"အော်... ဘယ်သူ့ရဲ့ စားသောက်ပွဲလဲ"

ကျိယွမ်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။

ကျင်းလီရဲ့ ပွဲများလား။

"ကျွယ်ယွဲ့ချောက်ရဲ့ စစ်မြေပြင် မှတ်တမ်းမှာ ထိပ်ဆုံး သုံးယောက်စာရင်းဝင်တဲ့ ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူ တစ်ယောက်အတွက်ပါ"

မိုလိုမျိုးနွယ်စုကျင့်ကြံသူ တစ်ဦးက ပြန်ဖြေလေသည်။ သူသည် ကျွယ်ယွဲ့ချောက်၏ အခြေအနေကို အတော်လေး သိရှိထားပုံရ၏။

လမင်းစားသောက်ပွဲကို နှစ်ပေါင်း တစ်သောင်းလျှင် တစ်ကြိမ်သာ ကျင်းပသောကြောင့် လနတ်ဘုရားနန်းတော်က အလွန်ခမ်းနားစွာ ကျင်းပလေ့ရှိပြီး ဧည့်သည် အများအပြားကို ဖိတ်ကြားလေ့ ရှိသည်။

မိုလိုမျိုးနွယ်စုမှ ဤဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူသည် ဤနေရာတွင် ရာစုနှစ် အနည်းငယ် ကြာနေပြီ ဖြစ်သော်လည်း လမင်းစားသောက်ပွဲ အနည်းငယ်အကြောင်းသာ ကြားဖူးခဲ့၏။

"အဲလိုလား"

ကျိယွမ်က ဝတ်ကျေတမ်းကျေ ပြန်ဖြေလိုက်သည်။

ကျင်းလီရဲ့ ပွဲမဟုတ်ဘူးဆိုရင်တော့ သူ့အတွက် ဘာမှ အရေးမကြီးပေ။

သူပြောချင်သည်များ ပြောပြီးနောက် သူ၏ ပုံရိပ်သည် လွင့်ပြယ်သွားပြီး သူ၏ တာဝန်ကျရာသို့ ဦးတည်သွားလေသည်။

သူသည် လောလောဆယ်တွင် ယန်နတ်ဘုရားမိုကျိအဖြစ် ဟန်ဆောင်ထားသဖြင့် ထိုဟန်ဆောင်မှုကို ဆက်လက် ထိန်းသိမ်းထားရန်လို၏။

မဟုတ်လျှင် သူ့တွင် ဆဌမမြောက်ကောင်းကင်ဘုံ၌ နေထိုင်ရန် တရားဝင် အထောက်အထားများ မရှိပေ။

ထို့အပြင် သူသာ ဖော်ထုတ်ခံရပါက မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားများက သူ့ကို လိုက်လံ ဖမ်းဆီးကြမည် ဖြစ်ရုံသာမက ထိုက်ဟွမ်နန်းတော်မှ အရှင်သခင်များကလည်း သူ၏ မည်သူမည်ဝါဖြစ်ကြောင်း သိရှိသွားပါက သူ့ကို သေချာပေါက်အရေးယူကြမည် ဖြစ်သည်။

လနတ်ဘုရားနန်းတော်နှင့် ပတ်သက်လျှင်မူ...

သူ၏ ဇနီးကျင်းလီနှင့် ဆရာသခင်တို့မှလွဲ၍ ကျန်သောသူများမှာ သူ့အတွက်သူစိမ်းများသာ ဖြစ်ကြ၏။

လကညာများသည် လနတ်ဘုရားနန်းတော်တွင် အဆင့်အတန်း မြင့်မားကြသော်လည်း စစ်မှန်သော အာဏာကိုမူ မဆုပ်ကိုင်ထားနိုင်ကြပေ။ လနတ်ဘုရားနန်းတော် နယ်မြေအတွင်းသို့ မဆင်မခြင် ဝင်ရောက်မိပါက ဖန်တီးရှင်ရတနာများ၏ ချေမှုန်းခြင်းကို ခံရနိုင်ပေသည်။

ထို့ကြောင့် သူသည် ကျင်းလီနှင့် ဘေးကင်းသော နည်းလမ်းဖြင့် တွေ့ဆုံရန် လိုအပ်၏။

သူသည် သူ၏ "ယောက္ခမ" ကိုပင် စည်းရုံးရန် လိုအပ်နေသေးသည်။

ကျိယွမ်သည် မိမိကိုယ်ကိုယ် "ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည် (EQ) မြင့်မားသူ" တစ်ဦးအဖြစ် ဂုဏ်ယူလေ့ ရှိသာဖြစ်၏။

သူသည် သူ၏ ညီမလေးကျန်းလင်းစုကို ရက်ပေါင်းတစ်ရာကြာ ကြင်နာမှုများဖြင့် နွေးထွေးစေခဲ့သကဲ့သို့ ကျင်းလီကိုလည်း သူ့နှင့် လနတ်ဘုရားနန်းတော်ကြားတွင် အခက်မတွေ့စေလိုပေ။

"လနတ်ဘုရားနန်းတော်က လကညာတွေကို အိမ်ထောင်မပြုရဘူးလို့ တားမြစ်ထားပေမဲ့... သူတို့ရဲ့ စည်းမျဉ်းတွေက တကယ့် အိမ်ထောင်ရေးဥပဒေထက် သာလွန်နိုင်ပါ့မလား"

ကျိယွမ်သည် လနတ်ဘုရားနန်းတော်ကို ရင်ဆိုင်ရန်အတွက် အိမ်ထောင်ရေးဥပဒေဆိုသည့်အလံကို အသုံးချသင့်မသင့် စဉ်းစားနေမိ၏။

သို့သော် သူ ပြန်လည် စဉ်းစားကြည့်သောအခါ လနတ်ဘုရားနန်းတော်မှာ ကျင်းလီ၏အိမ် ဖြစ်နေပြန်သည်။

၎င်းမှာ ကောင်းမွန်သော နည်းလမ်း မဟုတ်ပေ။

သူသည် သူတို့ကို စိတ်ခံစားမှုဖြင့်သာ ချဉ်းကပ်ရမည် ဖြစ်၏။

"ငါက ဒီကို အသစ်ရောက်လာတာဆိုတော့ ကျွယ်ယွဲ့ချောက်ရဲ့ ခေါင်းဆောင်ဆီကို သွားပြီး ဂါရဝပြုသင့်တယ်... ဟင်း... ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည် မြင့်မားတဲ့ အမျိုးသားတစ်ယောက် ဖြစ်ရတာ တကယ်ကို ပင်ပန်းတာပဲ"

ကျိယွမ်သည် တစ်ခါတစ်ရံတွင် ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည် မြင့်မားနေခြင်းက ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်နိုင်သည်ဟု ဆင်ခြင်နေမိ၏။

တွမ်းယွဲ့ချောက် အနီးတွင် ရှိသော ကျွယ်ယွဲ့ချောက်ကို မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးက အုပ်ချုပ်လေသည်။

ထိုမူလသဘောတရား ယန်နတ်ဘုရားမှာ ယန်နတ်ဘုရားမိုကျိ၏ အထက်လူကြီး ဖြစ်သည်။

အကယ်၍ ကျိယွမ်သည် ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည် နိမ့်ပါးသူ တစ်ဦးသာဆိုပါက ထိုခေါင်းဆောင်ကို လျစ်လျူရှုထားမည် ဖြစ်သည်။

သို့သော် သူသည် "EQ မြင့်မားသော" ကျင့်ကြံသူ တစ်ဦး ဖြစ်သောကြောင့် ခေါင်းဆောင်ကို သွားရောက် ဂါရဝပြုရန် လိုအပ်၏။

မဟုတ်ပါက နောက်ပိုင်းတွင် သူ အခက်တွေ့နိုင်သည်။

"လူမှုဆက်ဆံရေး ကြောက်ရွံ့မှုနဲ့ ပေါင်းသင်းဆက်ဆံရေး ဉာဏ်ရည် မြင့်မားမှုတို့ တစ်ဦးတည်းမှာ ဒွန်တွဲနေတာက... 'နေလကို ဆုပ်ကိုင်၊ ကြယ်စင်ကို ဆွတ်ခူး' ဆိုတဲ့ နာမည်ကြီးစကားကိုတောင် သတိရစေတယ်..."

မှန်ထဲတွင် သူ၏ ပုံရိပ်ကို ကြည့်ရင်း ကျိယွမ်သည် မိမိကိုယ်ကိုယ် မချီးကျူးဘဲ မနေနိုင်ပေ။

ယခုအချိန်တွင် သူသည် "ယုံကြည်မှု အပြည့်ရှိသော အမျိုးသား" တစ်ဦး၏ စံနမူနာပင် ။

ကျိယွမ်သည် အသေးအဖွဲ ကိစ္စများကို ဆက်မတွေးတော့ဘဲ လက်ရှိ အခြေအနေအတွက် အစီအစဉ်များကို စတင် ရေးဆွဲလိုက်၏။

အတန်ကြာသောအခါ သတင်းစကားတစ်ခု ရောက်ရှိလာသည်။

ကျိယွမ်၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။

တွမ်းယွဲ့ချောက်တွင် အခြေစိုက်သော ထိုက်ဟွမ်နန်းတော်မှ သံတမန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ဝင်ခဲ့ပါ"

သူ၏ အမိန့်နှင့်အတူ ခမ်းနားသော ခန်းမတံခါးကြီး ပွင့်သွားပြီး ဒဏ္ဍာရီလာအဆင့် တစ်ဦး ဝင်ရောက်လာ၏။ သူ၏နောက်တွင် မိုလိုမျိုးနွယ်စုမှ ယင်နတ်ဘုရားအချို့လည်း ပါလာကြသည်။

ထိုက်ဟွမ်နန်းတော်မှ ထိုဒဏ္ဍာရီလာအဆင့်ဖြစ်သူမှာ ဆရာသခင်ပိုင်ထန် ဆိုသူဖြစ်ပြီး သူ၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။

ထိုက်ဟွမ်နန်းတော်တွင် သူသည် ဒဏ္ဍာရီလာအဆင့်တစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ နေထိုင်နိုင်သည်။

သို့သော် ဤကဲ့သို့ မြင့်မားသော အဆင့်အတန်းမှာ သာမန် ယင်နတ်ဘုရားများနှင့် ဆက်ဆံရာတွင်သာ အကျုံးဝင်လေသည်။

ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်သခင်များနှင့် ဆိုလျှင်မူ သူသည် အလွန် သတိထားရမည် ဖြစ်ပြီး တွေ့ဆုံခွင့်ရရန်ပင် များစွာ ကြိုးစားရမည် ဖြစ်၏။

သို့သော် ဤမဟူရာနတ်ဆိုးချောက်တွင်မူ သူသည် တကယ့် မင်းစိုးရာဇာ သားသမီးတစ်ဦးကဲ့သို့ နေထိုင်နေရလေသည်။

မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားများပင် သူ့ကို လေးစားသမှုဖြင့် ဆက်ဆံကြ၏။

ယခုမူ တွမ်းယွဲ့ချောက်သို့ အသစ်ရောက်ရှိလာသော ယန်နတ်ဘုရားကလည်း သူ့ကို ချက်ချင်း တွေ့ဆုံချင်နေပြန်သည်။

ထို့အပြင် အပိုဆုအနေဖြင့် ကောင်းကင်ဘုံအရှင်သခင်က သူ့ကို လက်ဆောင်ပင် ပေးဦးမည်ဆို၏။

ဤအချိန်တွင် ဆရာသခင်ပိုင်ထန်သည် အလွန် စိတ်အားထက်သန်နေပြီး ဤယန်နတ်ဘုရားက သူ့ကို မည်သည့်လက်ဆောင် ပေးမည်နည်းဟု သိချင်စိတ်ဖြင့် ရောက်လာခဲ့လေသည်။

"ဂါရဝပြုပါတယ်... ကောင်းကင်ဘုံအရှင်သခင်"

ဆရာသခင် ပိုင်ထန်သည် ရိုသေသမှုဖြင့် ဦးညွှတ်လိုက်၏။

သူသည် အခြားသူများအပေါ် မာနကြီးသော်လည်း ယန်နတ်ဘုရား တစ်ပါးအပေါ်တွင်မူ မှန်ကန်သော အမူအရာကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်းတော့ သိပါသည်။

ဦးညွှတ်ပြီးနောက် သူသည် ခေါင်းမော့ကာ ကောင်းကင်ဘုံအရှင်သခင်၏ ပုံရိပ်ကို ခိုးကြည့်လိုက်၏။

ထိုက်ဟွမ်နန်းတော်တွင် ဆိုလျှင်မူ သူသည် ယန်နတ်ဘုရား တစ်ပါးကို တိုက်ရိုက် ကြည့်ရဲမည် မဟုတ်သော်လည်း ဤနေရာတွင်မူ သူ သတ္တိရှိနေပေသည်။

သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ ထိုပုံရိပ်မှာ ဖုံးကွယ်ထားသောကြောင့် ယန်နတ်ဘုရား၏ ရုပ်သွင်ကို မမြင်နိုင်ပေ။

၎င်းမှာ ကြည်ညိုလေးစားဖွယ်ကောင်းသော သူလိုကိုယ်လို ပုံမှန်ပြယုဂ်တစ်ခုပင် ။

ထိုအချိန်တွင် ပလ္လင်ပေါ်၌ ထိုင်နေသော ယန်နတ်ဘုရားက သူ၏ ခံ့ညားထည်ဝါပြီး သန့်ရှင်းသော အသံဖြင့် စကားပြောလိုက်၏။

"မင်း ဒီထဲကို ဘယ်ဘက်ခြေထောက်နဲ့ အရင် ဝင်လာတာလဲ"

"ဟင်.."

မိုလိုမျိုးနွယ်စုမှ ယင်နတ်ဘုရားများသည် ဇဝေဇဝါ ဖြစ်သွားကြပြီး ယန်နတ်ဘုရားက အဘယ်ကြောင့် ဤကဲ့သို့သော မေးခွန်းကို မေးရသနည်းဟု နားမလည်နိုင် ဖြစ်နေကြ၏။

ဆရာသခင်ပိုင်ထန်မှာလည်း ခေတ္တမျှ မှင်တက်သွားရပြီး ဤကဲ့သို့သော ရုတ်တရက် မေးခွန်းကို မမျှော်လင့်ထားပေ။

သို့သော် ထူးခြားသော မှတ်ဉာဏ်ရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတိုင်း သူသည် အသေးစိတ် အချက်အလက်များကို လျင်မြန်စွာ ပြန်လည် မှတ်မိလိုက်၏။

"ကျွန်တော်မျိုးက ခြေနှစ်ဖက်လုံးစုံဝင်လာခဲ့တာပါ"

သူက ပြန်ဖြေလိုက်သည်။

ပလ္လင်ပေါ်တွင် ထိုင်နေသော ကျိယွမ်မှာ ထိုအဖြေကြောင့် အံ့အားသင့်သွားရ၏။

ဒီကောင်က ဇာတ်ညွှန်းအတိုင်း မဟုတ်ပါလား။

ငါက ဘယ်ခြေနဲ့ဝင်ရင် စော်ကားတယ်လို့ပြောပြီး ညာခြေနဲ့ဝင်ရင် မခန့်လေးစားနိုင်တယ်လို့ ပြောမလို့လေ ။ အခုတော့ မင်းက စုံပစ်ဝင်လာတယ်တဲ့လား။

သူ၏ စိတ်အခြေအနေပင် မှောင်မိုက်သွားလေသည်။

ထားတော့ မင်းဘာသာ ဘာနဲ့ဝင်ဝင်...။

"ခြေနှစ်ဖက်လုံးစုံပစ်ပြီး ဝင်လာတာလား... ငါက အဲ့လိုလူတွေကို အမုန်းဆုံးပဲ"

ကျိယွမ်၏အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားပြီး သူတို့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကိုပါ တုန်ခါသွားစေ၏။

ယန်နတ်ဘုရား တစ်ပါး အမျက်ထွက်သောအခါ ကောင်းကင်နှင့် မြေကြီးကိုပါ သက်ရောက်မှု ရှိစေနိုင်ပြီး ကမ္ဘာလောကကြီးကိုပင် တုန်လှုပ်သွားစေနိုင်သည်။

ဆရာသခင်ပိုင်ထန်၏ မျက်နှာမှာ ဖြူလျော်သွားပြီး သွေးများ ဆူပွက်လာ၏။ သူသည် ယန်နတ်ဘုရားကို မည်သို့ စော်ကားမိသွားသနည်း ဆိုသည်ကို လုံးဝ မသိနားမလည် ဖြစ်နေရသည်။

ပတ်ဝန်းကျင်ရှိ မိုလိုမျိုးနွယ်စု၏ ယင်နတ်ဘုရားများသည်လည်း စိုးရိမ်တုန်လှုပ်စွာဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး ဤကိစ္စတွင် သူတို့ပါ ပါဝင်သွားမည်ကို ကြောက်ရွံ့နေကြ၏။

ယန်နတ်ဘုရားများသည် ထိုက်ဟွမ်နန်းတော်ကိုကြောက်ရွံ့သောကြောင့်ထိုက်ဟွမ်နန်းတော်၏ သံတမန်ကို တိုက်ရိုက်ထိခိုက်စေမည် မဟုတ်သော်လည်း သူတို့လိုဒေသခံ ယင်နတ်ဘုရားများမှာမူ အလွယ်တကူ ပဲလှောကြားဆားညှပ်ဖြစ်သွားနိုင်ပေသည်။

"ကျွန်တော်မျိုး နားမလည်ပါဘူး... ကျွန်တော်မျိုးက ကောင်းကင်ဘုံအရှင်သခင်ကို ဘယ်လို စော်ကားမိလို့ပါလဲ"

ဆရာသခင် ပိုင်ထန်သည် စိုးရိမ်စိတ်ဖြင့် တုန်တုန်ယင်ယင် မေးမြန်းလိုက်၏။

"မင်းက ခြေနှစ်ဖက်လုံး တစ်ပြိုင်တည်း စုံပြီး ဝင်လာတယ်... ဒါက ငါ့ရဲ့ အယူအဆကို ချိုးဖောက်တာပဲ... အဲ့ဒါကြောင့် မင်း သေရမယ်"

ထိုစကားကို ကြားသောအခါ ယင်နတ်ဘုရားများမှာ ထပ်မံ ဆွံ့အသွားရ၏။

ခြေနှစ်ဖက်လုံး စုံဝင်တာက ဘာဖြစ်လို့လဲ။

သူတို့သည် ကျိယွမ်၏ ထူးဆန်းသော အမူအကျင့်နှင့်ဟာသဉာဏ်ကို နားမလည်ကြသဖြင့် တဟာဟာ တဟင်ဟင်ဖြစ်နေကုန်သည်။

"စော်ကားတဲ့ကောင် သေလိုက်တော့"

ကျိယွမ်သည် လက်ညှိုးတစ်ချောင်း ဆောင့်ထိုးလိုက်၏။

ယန်နတ်ဘုရားနှင့် ယင်နတ်ဘုရားကြားရှိ ကွာဟချက်မှာ ကျော်ဖြတ်နိုင်စရာ မရှိပေ။

ဖန်ထုံနယ်မြေတွင် ဒဏ္ဍာရီလာအဆင့်များသည် ဝူရှီးမယ်တော်ကိုကူညီရန် ရန်သူအားခုခံပေးခဲ့စဉ်ကပင် သူတို့သည် အသက်ရှူကြိမ် နှစ်ဆယ်မျှသာ ခံနိုင်ခဲ့ကြ၏ ။

ဆရာသခင်ပိုင်ထန်တွင် ခုခံနိုင်စရာ အင်အားလုံးဝမရှိဘဲ ကျိယွမ်၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းပင် အမှုန်အမွှား ဖြစ်သွားလေသည်။

လေထုထဲတွင် သွေးနံ့ သင်းသင်းလေး ပျံ့လွင့်သွား၏။

ထိုခဏအတွင်းမှာပင် တစ်ချိန်က ဂုဏ်ယူဝင့်ကြွားခဲ့သော ဆရာသခင် ပိုင်ထန် မှာ ဝိညာဥ်ပါမကျန် သေဆုံးသွားခဲ့လေပြီ။

အခန်းထဲရှိ ယင်နတ်ဘုရားများသည် မှင်တက်ကာ တိတ်ဆိတ်စွာ ရပ်နေကြပြီး အသက်ရှူရန်ပင် ကြောက်ရွံ့နေကြ၏။

အခြေအနေမှာ သိသိသာသာ ပြင်းထန်သွားခဲ့ပြီ ဖြစ်သည်။

ထိုက်ဟွမ်နန်းတော်မှ သံတမန်သည် ထိုနန်းတော်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြု၏။

ယခုမူ... သူတို့၏ယန်နတ်ဘုရားက ထိုသံတမန်ကို သတ်လိုက်ပြီလား။

အကယ်၍ ထိုက်ဟွမ်နန်းတော်က သိသွားပြီး အမျက်ထွက်လာမည်ဆိုလျှင်...

ယန်နတ်ဘုရားကတော့ အဆင်ပြေနိုင်ပါလိမ့်မည်။

သို့သော် ကျန်ရှိသော သူတို့မှာမူ...

မိုလိုမျိုးနွယ်စုသည် ထိုက်ဟွမ်နန်းတော်၏ အမျက်ဒေါသကို ဖြေဖျောက်ရန်အတွက် သူတို့ထဲမှ အချို့ကို ဓားစာခံအဖြစ် သေချာပေါက် ပေးအပ်ပေလိမ့်မည်။

"ဘာဖြစ်လို့လဲ... ငါ ဆရာသခင် ပိုင်ထန်ကို သတ်လိုက်တာနဲ့ ပတ်သက်ပြီး မင်းတို့ထဲက တစ်ယောက်ယောက်မှာ ကန့်ကွက်စရာ ရှိလို့လား"

ကျိယွမ်၏ အကြည့်သည် ယင်နတ်ဘုရားများကို ဖြတ်သန်းသွားပြီး သူ၏ မျက်နှာမှာ တည်ငြိမ်နေ၏။

ယင်နတ်ဘုရားများသည် ကြီးမားသော ဘေးအန္တရာယ်တစ်ခု သူတို့အပေါ် ကျရောက်တော့မည်ဟု ခံစားရသဖြင့် တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ယင်နတ်ဘုရားတစ်ဦးသည် ရုတ်တရက် စကားပြောလိုက်၏။

သူ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"ကောင်းကင်ဘုံအရှင်သခင် လုပ်တာ မှန်ပါတယ်... ဒီလူက သေထိုက်ပါတယ်... ကျွန်တော်မျိုးက သူ့ကို အမြဲတမ်း မုန်းနေခဲ့တာပါ... သူက အရှင်သခင့်ရဲ့ အယူအဆကို ချိုးဖောက်ခဲ့တာဆိုတော့ သူ သေကို သေရမှာပါ"

၎င်းကို ကြားသောအခါ ကျိယွမ်သည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"မင်းနာမည် ဘယ်သူလဲ"

မြှောက်ပင့်တတ်တဲ့ ငယ်သားတစ်ယောက်ရှိတာက အမြဲတမ်း ကောင်းမွန်တဲ့ အရာတစ်ခုပင်။

"ကျွန်တော်မျိုးက ချွမ်းဖုပါ"

ထိုယင်နတ်ဘုရားသည် စိတ်လှုပ်ရှားစွာဖြင့် ရိုသေသမှုပြုကာ ဦးညွှတ်လိုက်၏။

ကျိယွမ်သည် မရယ်ဘဲ မနေနိုင်တော့ပေ။

"မင်းရဲ့ နာမည်က မင်းရဲ့ အပြုအမူနဲ့ တကယ်ကို လိုက်ဖက်တာပဲ"

သူသည် ဤကဲ့သို့သော ထူးခြားသည့် တိုက်ဆိုင်မှုမျိုးကို မမျှော်လင့်ထားခဲ့ပေ။

ဘဝဆိုသည်မှာ အမှန်တကယ်ပင် ရယ်မောစရာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေသည်။

ချွမ်းဖုသည် ကျိယွမ် ဆိုလိုရင်းကို နားမလည်သော်လည်း ကောင်းကင်ဘုံအရှင်သခင် ကျေနပ်နေသည်ကို မြင်သောအခါ သူလည်း လိုက်ပြီး ပြုံးလိုက်၏။

"ငါ ဆရာသခင် ပိုင်ထန်ကို သတ်လိုက်တာက သူ့ကို ငါ မကြိုက်တာ ကြာပြီမို့လို့ပဲ"

"ဟွန့်... ငါတို့က ဒီစစ်ပွဲမှာ တိုက်ဖို့အတွက် ငွေတွေတောင်ပေးနေရတာကို မာနကြီးတဲ့ အရူးတစ်ယောက်က လာပြီး ငါတို့ကို ဗိုလ်ကျနေတာက... တကယ်ကို စိတ်ပျက်ဖို့ ကောင်းတယ်"

အခြား ယင်နတ်ဘုရားများသည်လည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြပြီး သူတို့ထဲမှ အချို့မှာ လက်စားချေလိုက်ရသလို ကျေနပ်မှုကိုပါ ခံစားလိုက်ကြရ၏။

အမှန်တကယ်ပင် ဆရာသခင်ပိုင်ထန်သည် သူတို့ကို နှိပ်စက်ဗိုလ်ကျနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။

"သူက သေထိုက်တယ်"

"ဒီဆရာသခင် ပိုင်ထန်က ထိုက်ဟွမ်နန်းတော်က ယန်နတ်ဘုရားတွေကို လိမ်ညာပြီး ကျွန်တော်တို့ကို နှိပ်စက်နေခဲ့တာပါ... သူ သေသွားတာက မှန်ကန်တဲ့ လုပ်ရပ်ပါပဲ"

သူတို့သည် ထိုက်ဟွမ်နန်းတော်အပေါ် အငြိုးအတေးများ ရှိနေကြသော်လည်း မည်သူမျှ ယန်နတ်ဘုရားများကို ရည်ရွယ်၍ မပြောရဲကြပေ။

မည်သို့ပင်ဆိုစေကာမူ ယန်နတ်ဘုရားများသည် ကြင်နာတတ်ကြသော်လည်း ဆရာသခင် ပိုင်ထန်ကဲ့သို့သော သူများ၏ လိမ်ညာမှုကို ခံခဲ့ကြရပြီး သူလုပ်သမျှကို သတိမထားမိခြင်းသာ ဖြစ်ပေလိမ့်မည်။

….........

ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွား၏။

လလှေတစ်စင်းသည် လခြမ်းကွေးလေးတစ်ခုကဲ့သို့ တောက်ပနေပြီး ကြည်လင်ပြတ်သားကာ ကောင်းကင်ဘုံ ရတနာများ၊ ကောင်းမွန်သော အရက်များနှင့် အစားအသောက်များစွာ တင်ဆောင်လာခဲ့လေသည်။

လရောင်သည် ဝတ်စုံဖြူနှင့် အမျိုးသမီးအပေါ်သို့ ဖြာကျနေ၏။

သူမ၏ ပြေပြစ်သော ဝတ်စုံပေါ်ရှိ ဇီးပန်းလေးများသည် ပိုမို တောက်ပလာပြီး နှင်းတောထဲတွင် ပွင့်နေသော ဇီးပန်းလေးများကဲ့သို့ အေးစက်သော အလှတရားကို ထုတ်ဖော်နေသည်။

သို့သော် ဝတ်စုံပိုင်ရှင်နှင့် နှိုင်းယှဉ်ပါက ထိုပန်းလေးများပင် မှေးမှိန်သွားရ၏။

"ယွဲ့ရွှမ်း... နင် ဘာလို့ လာတာလဲ"

အဖြူရောင် ဝတ်ဆင်ထားသော ကျင်းလီသည် အေးစက်သော အမျိုးသမီး ချဉ်းကပ်လာသည်ကို မြင်သောအခါ အံ့အားသင့်စိတ်ဖြင့် ပြုံးလိုက်၏။

"နောက်တစ်လ မပြည့်ခင်မှာ နင့်ရဲ့ မွေးနေ့ ရောက်တော့မှာလေ... အဲ့ဒါကြောင့် နင့်ကို လာကြည့်တာပါ"

ယွဲ့ရွှမ်းက ပြုံးလိုက်၏။

"နင် တစ်ယောက်တည်း ပျင်းနေမှာ စိုးလို့ပါ"

"ဒါက သာမန် မွေးနေ့ တစ်ခုပဲလေ... လမင်းစားသောက်ပွဲမှ မဟုတ်တာ"

ကျင်းလီ၏လေသံမှာ အေးဆေးနေသော်လည်း သူမ၏ ရင်ထဲတွင် နွေးထွေးမှု အစအနလေးတစ်ခု ခံစားလိုက်ရသည်။

"ယွီထျောင်းက နင်နဲ့ မွေးနေ့တူတယ်လေ... သူကကျတော့ လမင်းစားသောက်ပွဲ ကျင်းပနေတာ... သူ့ရဲ့ သူငယ်ချင်းတွေအားလုံး အဲ့ဒီမှာ ရှိနေကြမှာ... နင် ကျတော့ ဒီမှာတစ်ယောက်တည်း ရှိနေတာကို ငါ မကြည့်ရက်ဘူး"

ယွဲ့ရွှမ်းက အသံတိုးတိုးဖြင့် ပြောလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် အပြစ်ရှိစိတ် အနည်းငယ် ပေါ်လွင်နေ၏။

ဝမ့်ယုကုန်းမြေတိုက်ကြီးတွင် ရှိစဉ်က သူမနှင့် ကျင်းလီတို့ ပိတ်မိနေခဲ့ကြသည်။

လကညာ နှစ်ဦးအနက် တစ်ဦးကို စွန့်ပစ်ခဲ့ရမည် ဖြစ်၏။

ထိုတစ်ဦးမှာ ကျင်းလီပင် ဖြစ်လေသည်။

အကယ်၍ မျက်နှာမဲ့ဓားနတ်ဘုရားသာ မရှိခဲ့လျှင် ကျင်းလီသည် ထိုစဉ်ကပင် သေဆုံးသွားနိုင်ပေသည်။

ထိုအကြောင်းကြောင့် ယွဲ့ဆောင်သည် သူမ၏ ညီမလေးအပေါ် အမြဲတမ်း အပြစ်ရှိစိတ် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

"ဒါက မွေးနေ့တစ်ခုပါပဲ... တခြားရက်တွေနဲ့ မခြားနားပါဘူး... ငါ နောက်ရက်တွေမှာ ကျွယ်ယွဲ့ချောက်ရဲ့ အနက်ရှိုင်းဆုံးနေရာကို သွားပြီး မိုလိုမျိုးနွယ်စုက လူအချို့ကို ထပ်ပြီး ရှင်းလင်းပစ်ဖို့ စဉ်းစားထားတယ်"

ထိုစကားကို ပြောလိုက်သောအခါ ကျင်းလီထံမှ ပြင်းထန်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာ၏။

တစ်ချိန်က နူးညံ့သိမ်မွေ့ခဲ့သော မိန်းကလေးငယ်လေးသည် နှစ်ပေါင်းများစွာအတွင်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

"နင် ကောင်းမှုကုသိုလ် အလုံအလောက် ရပြီလား"

ယွဲ့ရွှမ်းက မေးလိုက်၏။

"အင်း... နည်းနည်းပဲ လိုတော့တယ်"

ကျင်းလီက အလေးအနက် ခေါင်းညိတ်လိုက်ရာ သူမ၏ လှပသော မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့် လင်းလက်လာသည်။

နောက်ထပ် ဆယ်စုနှစ် တစ်ခုခန့် ကြာလျှင် သူမ၏ ကောင်းမှုကုသိုလ်မှာ အလုံအလောက် ဖြစ်လာမည်ဖြစ်ပြီး သူမသည် လနတ်ဘုရားအရှင်သခင်ထံမှ ဆန္ဒတစ်ခုကို တောင်းဆိုနိုင်တော့မည် ဖြစ်သည်။

"နင် တော်တော်လေး နီးစပ်နေပြီပဲ... အလျင်စလို လုပ်စရာ မလိုပါဘူး... လမင်းစားသောက်ပွဲနေ့မှာ ငါတို့ နှစ်ယောက်တည်း အေးအေးဆေးဆေး ထမင်းစားကြတာပေါ့... အဲ့ဒါပြီးမှ ငါ နင်နဲ့အတူ လိုက်ခဲ့မယ်"

ယွဲ့ရွှမ်းက ပြုံးကာ အကြံပြုလိုက်၏။

ကျင်းလီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်၏။

"ကောင်းပါပြီ"

ထိုအချိန်တွင် ယွဲ့ရွှမ်းက ရုတ်တရက် မေးမြန်းလိုက်သည်။

"နင် လနတ်ဘုရားအရှင်သခင်ဆီက ဘာတောင်းဆိုဖို့ စဉ်းစားထားလဲ"

"အဲ့ဒါက... သူ့ကို ရှာပေးဖို့လား၊ ကယ်တင်ပေးဖို့လား၊ ဒါမှမဟုတ် အသက်ပြန်သွင်းပေးဖို့လား..."

"လကညာတွေက အိမ်ထောင်ပြုခွင့် မရှိဘူးလေ... လနတ်ဘုရားအရှင်သခင်က နင့်အတွက် သူ့ကို ရှာပေးရင်တောင် နင်က သူ့နောက်ကို လိုက်သွားလို့ မရဘူး..."

"ဒါမှမဟုတ် နင်က လနတ်သမီးဆိုတဲ့ ဘွဲ့ကနေ စွန့်လွှတ်ခွင့်ပေးဖို့ တောင်းဆိုပြီး သူ့ကို ကိုယ်တိုင် သွားရှာပြီး အတူတူ နေထိုင်ဖို့ စဉ်းစားထားတာလား"

လကညာတိုင်းသည် သူတို့၏ ဘဝသက်တမ်းအတွင်း လနတ်ဘုရားအရှင်သခင်ထံမှ ဆန္ဒတစ်ခုကို တောင်းဆိုခွင့် ရရှိကြလေသည်။

ကျင်းလီသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် နှင်းတောထဲရှိ ဇီးပန်းလေးများကဲ့သို့ ထူးခြားသော အလှတရားဖြင့် ပြုံးလိုက်၏။

"သူသာ အသက်ရှင်နေသေးမယ်ဆိုရင် သူ့ကို နောက်တစ်ကြိမ် မြင်ခွင့်ရတာကပဲ ငါ့ဘဝရဲ့ အကြီးမားဆုံး ကောင်းချီးတစ်ခု ဖြစ်မှာပါ"

"ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ"

ယွဲ့ရွှမ်းက ကြင်နာစွာသက်ပြင်းချလိုက်၏။

အကယ်၍ အနာဂတ်တွင် အတူတူရှိနိုင်ဖို့ အခွင့်အရေး မရှိဘူးဆိုလျှင် အစောတည်းက အဆက်အသွယ် ဖြတ်ထားတာက ပိုကောင်းပေလိမ့်မည်။

"သူ အသက်ရှင်နေသရွေ့တော့... သူ ငါ့ကို လာရှာလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

ကျင်းလီ၏ လှပသောမျက်နှာလေးက ခိုင်မာသော ဆုံးဖြတ်ချက်များဖြင့် ပြတ်သားနေ၏။

သူမသည် စစ်သည်တော်မှတစ်ဆင့် ကျိယွမ် ပေးပို့ခဲ့သော ဒုတိယမြောက် သတင်းစကားကို သတိရနေမိသည်။

ထိုစဉ်က သူမသည် ၎င်း၏ ဆိုလိုရင်းကို အပြည့်အဝ နားမလည်ခဲ့ပေ။

နောက်ပိုင်းတွင် မျက်နှာမဲ့ဓားနတ်ဘုရား၏ရုပ်တုကို မြင်ရပြီးနောက် အတိတ်မှ အမှတ်ရမှုများကို ပြန်လည် စဉ်းစားကြည့်သောအခါ သူမ အရာအားလုံးကို နားလည်သွားခဲ့၏။

ထိုစကားများသည် ဇူလိုင်ရေကန်တွင် အချည်းနှီး စောင့်ဆိုင်းနေခဲ့သော မျက်နှာမဲ့ဓားနတ်ဘုရားက အဝေးတစ်နေရာမှ အနာဂတ်ဧကရီကျင်းလီကို ရည်ရွယ်၍ ပြောကြားခဲ့ခြင်း ဖြစ်ပေသည်။

အချိန်အတားအဆီးများကို ဖြတ်ကျော်၍ပင် သူသည် သူမကို ပြန်တွေ့ရမည်ဟု ကြေညာခဲ့၏။

"နင်ကတော့..."

ယွဲ့ရွှမ်းသည် အကူအညီမဲ့စွာဖြင့် သက်ပြင်းသာ ချနိုင်တော့သည်။

"မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာက ဘယ်အရာကိုမဆို မြှုပ်နှံပစ်နိုင်တယ်... ဒါက အတော်လေး ကြာနေပြီဆိုတော့... သူက နင် မှတ်မိနေတဲ့ လူတစ်ယောက်အဖြစ် ဆက်ရှိနေသေးတယ်လို့ နင် ဘယ်လို သေချာပေါက် ပြောနိုင်မှာလဲ"

အမှတ်ရမှုတစ်ခု၏ စွမ်းအားမှာ အလွန် ပြင်းထန်လေ့ရှိသဖြင့် စစ်မှန်သော လူသားတစ်ဦးပင် ၎င်းကို ကျော်လွန်နိုင်ခြင်း မရှိပေ။

သူမ၏လင်လုံယွီရှီကို ဆုပ်ကိုင်ထားရင်း ကျင်းလီ၏ မျက်လုံးများမှာ တောက်ပသော အပြုံးများဖြင့် လင်းလက်နေသည်။ နှင်းများ ပခုံးပေါ်တွင် ဖုံးလွှမ်းနေသော်လည်း ဇူလိုင်ရေကန်အနားတွင် စောင့်ကြပ်နေခဲ့သော ထိုလူကို သူမ သတိရနေမိ၏။

သူမ၏ လက်ကိုဆွဲကာ မြို့ပေါင်း တစ်ရာကို ဖြတ်ကျော်ပြီး ဝတ်စုံနက်အစောင့်တပ်ဖွဲ့ကို သတ်ဖြတ်ခဲ့သော ဓားကိုင်သူရဲကောင်းကို သူမ သတိရနေမိသည်။

သေမင်းတံခါးဝကို တစ်ကိုယ်တည်း ကာကွယ်ရင်း နှစ်ပေါင်းသုံးရာကြာ တိုက်ပွဲဝင်ကာ ပြင်ပနတ်ဆိုးသုံးထောင်ကို ချေမှုန်းခဲ့သော မကြောက်မရွံ့သော ဓားသမားကို သူမ တွေးနေမိ၏။

သူမသည် သူ၏ မျက်နှာကို တစ်ခါမျှ မမြင်ဖူးသော်လည်း သူမ၏ ရင်ထဲတွင်မူ သိနေပေသည်။

"သူက ငါ မှတ်မိနေတာထက်တောင် ပိုပြီးတော့ ကောင်းပါတယ်... အဆပေါင်း တစ်ထောင်၊ တစ်သောင်းမက ပိုပြီးတော့ ကောင်းတဲ့သူပါ"

.........

"အရာအားလုံး အသင့်ဖြစ်ပြီ... အခုက ယန်နတ်ဘုရားမော့ထုံဆီကို သွားပြီး ဂါရဝပြုရမယ့် အချိန်ပဲ"

ခမ်းနားသော ခန်းမအတွင်း၌ ကျိယွမ်၏ ပုံရိပ်မှာ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

ယန်နတ်ဘုရား မော့ထုံသည် ကျွယ်ယွဲ့ချောက်၏ အရှင်သခင်ဖြစ်ပြီး မူလသဘောတရားအဆင့် ယန်နတ်ဘုရား တစ်ပါး ဖြစ်ကာ ယန်နတ်ဘုရား မိုကျိ၏ အထက်လူကြီးလည်း ဖြစ်ပေသည်။

မိုလိုမျိုးနွယ်စုတွင် မူလသဘောတရား ယန်နတ်ဘုရား စုစုပေါင်းငါးပါး ရှိပြီး ၎င်းတို့အနက်သုံးပါးမှာ မဟူရာနတ်ဆိုးချောက်တွင် အခြေစိုက်နေကြ၏။

၎င်းမှာ မိုလိုမျိုးနွယ်စုက လနတ်ဘုရားနန်းတော်နှင့် စစ်ပွဲကို မည်မျှအထိ အလေးထားကြောင်း ပြသနေခြင်းပင်။

"ဒီတစ်ခါ ယန်နတ်ဘုရား မော့ထုံနဲ့ တွေ့ဆုံမှုက ငါ့ရဲ့ သရုပ်ဆောင်မှု အရည်အချင်းကို တကယ့်ကို စမ်းသပ်မဲ့အချိန်ပဲ"

"ငါ ခံစားနေရတာကတော့ ဒီပြပွဲပြီးရင် ငါ ကမ္ဘာကို ပြန်ပြီး အော်စကာဆုအတွက်တောင် ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ပဲ"

"ငါက တကယ်ကို... ယုံကြည်မှု အပြည့်ရှိတဲ့ အမျိုးသားတစ်ယောက်ပဲ ...ဖိုက်တင်း.."

ယန်နတ်ဘုရား မိုကျိနှင့် ယန်နတ်ဘုရား မော့ထုံတို့မှာ အဆက်အသွယ် အများကြီး မရှိသော်လည်း နှစ်ဦးစလုံးမှာ မိုလိုမျိုးနွယ်စု၏ ယန်နတ်ဘုရားများ ဖြစ်ကြ၏။

ကျိယွမ်၏ အနည်းငယ်သော အမှားအယွင်းတစ်ခုကပင် သူ၏ ဟန်ဆောင်မှုကို ဖော်ထုတ်သွားနိုင်ပေသည်။

ထို့အပြင် ယန်နတ်ဘုရား မော့ထုံဆီသို့ သွားရောက်ခြင်းမှာ အထက်လူကြီးကို ဂါရဝပြုရန် သက်သက် မဟုတ်ပေ။

ကျိယွမ်သည် "ငါးဖမ်းခြင်း" ကို ပြုလုပ်ရန်နှင့် ထိုအဆင့်မြင့် ခေါင်းဆောင်ကို ဆွဲဆောင်မှုရှိသော ရတနာများဖြင့် မျှားခေါ်ရန်လည်း စီစဉ်ထား၏။

ထိုရည်ရွယ်ချက်အတွက် သူသည် အသေးစိတ် အချက်အလက်များကို ရရှိနိုင်သမျှ ရရှိရန်အတွက် ယန်နတ်ဘုရားမိုကျိကို အသေအချာ ဦးနှောက်ဆေးထားပြီးလည်း ဖြစ်သည်။

သူသည် သူ၏ ပြပွဲအတွက် တွမ်းယွဲ့ချောက်တွင် ထောင်ချောက်များကိုပင် ဆင်ထားခဲ့လေပြီ။

"မူလသဘောတရား ယန်နတ်ဘုရား တစ်ပါးဆိုတာ... သိပ်တော့ မခက်ခဲလောက်ပါဘူး .."

"ဟုတ်တယ် ..မဟုတ်လား"

ကျိယွမ်က တွေးတောနေမိ၏။

သူသည် မူလသဘောတရား ယန်နတ်ဘုရား တစ်ပါးနှင့် တစ်ခါမျှ မတိုက်ခိုက်ဖူးပေ။

သို့သော် လျင်မြန်စွာ ဆန်းစစ်ကြည့်ပြီးနောက် သူသည် ပြဿနာ မရှိနိုင်ဟု ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ သူ၏ ညာဘက်မျက်ခုံးမှာလည်း အဆက်မပြတ် လှုပ်ယမ်းမနေသောကြောင့် အရာအားလုံးမှာ အစီအစဉ်အတိုင်း ဖြစ်လာလိမ့်မည်ဟု ဆိုလိုပေသည်။

"နှမြောစရာကောင်းတာက ဒါက မိုလိုမျိုးနွယ်စုရဲ့နယ်မြေမဟုတ်ဘဲ မဟူရာနတ်ဆိုးချောက် ဖြစ်နေတာပဲ... အကယ်၍ ယန်နတ်ဘုရား မော့ထုံသာ အချိန်အကြာကြီး ပျောက်ကွယ်သွားမယ်ဆိုရင် သေချာပေါက် သတိထားမိသွားလိမ့်မယ်"

ကျိယွမ်သည် သက်ပြင်းချလိုက်ပြီးနောက် ကျွယ်ယွဲ့ချောက်သို့ ဦးတည် ထွက်ခွာသွားလေသည်။

................

All Chapters