အခန်း (၄၂၂-၄၂၃)
Vol. 39 Ch. 422-423
အခန်း ၄၂၂ - ကျင်းလီ၏ နူးညံ့သိမ်မွေ့မှု
ယန်နတ်ဘုရား လုံယွဲ့၏ စကားကို ကြားသောအခါ ကျင်းလီသည် ကျိယွမ်ကို သိသိသာသာ တစ်ချက် ကြည့်လိုက်၏။
သူမ၏အကြည့်မှာ နူညံ့နေရာမှ ခိုင်မာပြတ်သားသွားသည်။
"ကျွန်မ လကညာအဆင့်အတန်းကနေ စွန့်လွှတ်ချင်ပါတယ်"
လနတ်ဘုရားနန်းတော်၏ လကညာ ဖြစ်လာခြင်းမှာ အိမ်ထောင်ပြုခွင့် မရှိခြင်းကို ဆိုလိုပြီး ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိပြီးနောက်တွင်လည်း လောကီအနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ရမည် ဖြစ်သည်။ ဤအရာက အမှန်တကယ် ဘာကို ဆိုလိုသည်ကို သူမထက် ပိုနားလည်သူ မရှိပေ။
ဤစကားကို ကြားသောအခါ ယန်နတ်ဘုရားလုံယွဲ့သည် သက်ပြင်းကို တိုးတိက်စွာ ချလိုက်မိ၏။
လကညာ အဆင့်အတန်းဆိုသည်မှာ မည်သူမဆို ရရှိနိုင်သော အရာမဟုတ်ပေ။
ရရှိမည့် အကျိုးကျေးဇူးများမှာ ယန်နတ်ဘုရားတစ်ပါးနှင့် တူညီသည်။ သူမ၏ မိသားစုသည်လည်း အရင်းအမြစ်များနှင့် အခွင့်ထူးပေါင်းများစွာကို ခံစားရမည် ဖြစ်သည်။ လကညာအဆင့်အတန်း မရှိတော့ဘဲ လနတ်ဘုရားနန်းတော်၏ အထောက်အပံ့များ မရရှိတော့လျှင် သူမ၏ မိသားစုမှာ ထိုအခွင့်အရေးများ ဆုံးရှုံးသွားမည့်အပြင် သူမကိုယ်တိုင်လည်း ယန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် ခက်ခဲသွားပေလိမ့်မည်။
ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိရန်မှာ ပါရမီတစ်ခုတည်းနှင့် မလုံလောက်ပေ။
ဆဋ္ဌမကောင်းကင်ဘုံတွင် ရေတွက်၍မရနိုင်သော ကမ္ဘာပေါင်းများစွာ ရှိနေ၏။ မရေမတွက်နိုင်သော ပါရမီရှင်များမှာလည်း ပိုးစုန်းကြူးများကဲ့သို့ အလွန်ပင် များပြားလှသည်။ သို့သော်လည်း ကမ္ဘာတိုင်းမှာ ယန်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာနိုင်ခြင်း မရှိပေ။
ကျင်းလီသည် လကညာအဆင့်အတန်းကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ ကြီးမားသော ပေးဆပ်မှုပင် ။
အမှန်စင်စစ် လနတ်ဘုရားနန်းတော်၏ သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ ပြုလုပ်ခဲ့သူမှာ တစ်ဦး သို့မဟုတ် နှစ်ဦးသာ ရှိခဲ့ဖူး၏။
"ဒီကိစ္စကို ငါကိုယ်တိုင် ဆုံးဖြတ်လို့မရဘူး၊ လနတ်ဘုရားဘိုးဘေးဆီကနေ ခွင့်ပြုချက် တောင်းရလိမ့်မယ်"
ယန်နတ်ဘုရား လုံယွဲ့က ညင်သာစွာ ပြောလိုက်သည်။
"ဒါပေမဲ့ အခုလောလောဆယ်မှာ လနတ်ဘုရားဘိုးဘေးက တံခါးပိတ်ကျင့်ကြံနေတာဆိုတော့ အနှောင့်အယှက် ပေးလို့မရဘူး။ ဒါကြောင့် ဒီကိစ္စကို ခေတ္တဆိုင်းငံ့ထားရလိမ့်မယ်။ မင်းမှာ ကောင်းမှုကုသိုလ်တွေ လုံလောက်နေပြီဆိုတော့ ဘိုးဘေးကလည်း မင်းကို ခက်ခဲအောင် လုပ်မှာမဟုတ်ပါဘူး။ ဘိုးဘေး ကျင့်ကြံရာကနေ ပြန်ထွက်မလာမချင်းတော့ မင်းအနေနဲ့ လူမသိအောင် နေထိုင်ရလိမ့်မယ်... နန်းတော်ရဲ့ ဂုဏ်သိက္ခာအတွက် ပုံစံတကျတော့ နေထိုင်ပေးရမှာပေါ့"
လက်ရှိတွင် လနတ်ဘုရားဘိုးဘေးမှာ ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်သက်သာရန် ကြိုးစားနေခြင်းဖြစ်ရာ မည်သည့်အချိန်တွင် ပြန်ထွက်လာမည်ကို မည်သူမှ မသိနိုင်ပေ။
ယန်နတ်ဘုရား လုံယွဲ့၏ ဆိုလိုရင်းမှာ ရှင်းလင်းလှ၏။ ကျင်းလီသည် သူမ၏ အဆင့်အတန်းကို စွန့်လွှတ်နိုင်သော်လည်း ဘိုးဘေး ထွက်လာသည်အထိ စောင့်ရမည် ဖြစ်သည်။ ထိုအချိန်မတိုင်မချင်း နန်းတော်၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် လူသိရှင်ကြား လက်ထပ်ပွဲများကဲ့သို့ ပြောင်ပြောင်တင်းတင်း ပြုမူခြင်းမျိုးကို ရှောင်ကြဉ်ရမည် ဖြစ်၏။
"ကျေးဇူးတင်ပါတယ် ယန်နတ်ဘုရား"
ကျင်းလီက ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူမ၏ ရင်ထဲတွင် ပျော်ရွှင်မှုများမှာ လှိုက်မောနေတော့သည်။
ထိုအချိန်တွင် ကျိယွမ်သည် ယန်နတ်ဘုရား လုံယွဲ့ကို ကြည့်ကာ တစ်စုံတစ်ခုကို သတိရသွားသဖြင့် အမှတ်တံဆိပ်တစ်ခုကို ထုတ်ယူလိုက်၏။
"မိတ်ဆွေ... ဒီလမင်းအမှတ်တံဆိပ်က လနတ်ဘုရားနန်းတော်ကလာတာလားဆိုတာ သိနိုင်မလား"
ကျိယွမ်က လမင်းအမှတ်တံဆိပ်တစ်ခုကို ပြသလိုက်သည်။
သူသည် ကျိစယ်တောင်ထိပ်သို့ တက်ကာ ဆရာဖြစ်သူကို ရှာဖွေခဲ့စဉ်က ဆရာနှင့် မတွေ့ခဲ့ရဘဲ ဤလမင်းအမှတ်တံဆိပ်ကိုသာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ မျက်လုံးများမှ ရရှိသော အချက်အလက်များအရ ၎င်းမှာ လနတ်ဘုရားဘိုးဘေးနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခု ဖြစ်၏။
"ဒီအမှတ်တံဆိပ်ကို ကျုပ်ရဲ့ဆရာ ရွမ်ယူရှမ်းက ပေးခဲ့တာပါ၊ သူက လနတ်ဘုရားနန်းတော်နဲ့ ပတ်သက်မှုရှိပုံရတယ်။ စီနီယာ... ဒီလိုအမည်နဲ့လူ လနတ်ဘုရားနန်းတော်မှာ ရှိသလားဆိုတာ သိပါသလား"
ကျိယွမ်က အလေးအနက် မေးလိုက်သည်။
ကျင်းလီသည် နားမလည်နိုင်သလို မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။
ကျိယွမ်နှင့် လနတ်ဘုရားနန်းတော်တို့အကြား ဆက်နွယ်မှု ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယန်နတ်ဘုရား လုံယွဲ့သည် လမင်းအမှတ်တံဆိပ်ကို ကြည့်ကာ မျက်လုံးများ အနည်းငယ် မှေးသွားပြီးနောက် မျက်နှာမှာ သိသိသာသာတည်ကြည်သွားတော့သည်။
"ဒါက... အရင်မျိုးဆက် လနတ်ဘုရားဘိုးဘေးရဲ့ အမှတ်တံဆိပ်ပဲ"
"အရင်မျိုးဆက် လနတ်ဘုရားဘိုးဘေးလား"
ကျိယွမ်မှာ အံ့အားသင့်သွား၏၊ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်ထားမခဲ့မိပေ။
"အရင်မျိုးဆက် လနတ်ဘုရားဘိုးဘေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မလည်း အများကြီး မသိပါဘူး။ ရွမ်ယူရှမ်း ဆိုတဲ့သူနဲ့ ပတ်သက်လို့လည်း တစ်ခါမှ မကြားဖူးဘူး"
ယန်နတ်ဘုရား လုံယွဲ့က သူမသိသလောက် ပြန်ပြောလိုက်၏။
မဟာမူလသဘောတရားနယ်ပယ်ရှိ အရင်မျိုးဆက် ဘိုးဘေးကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ လျှို့ဝှက်ချက်နှင့် ပတ်သက်လာလျှင် သူမကဲ့သို့ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားတစ်ပါးပင်လျှင် အသေးစိတ်ကို သိရှိခွင့် မရှိပေ။
ကျိယွမ်သည် ဤစကားကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွား၏။
"ဒါဆိုရင် လက်ရှိ လနတ်ဘုရားဘိုးဘေးနဲ့ တွေ့လို့ရမလား"
သူသည် သူ၏ဆရာ ရွမ်ယူရှမ်း၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ယခုအခါ မည်သည့်နေရာတွင် ရှိနေသနည်းဆိုသည်ကို သိရှိချင်နေမိသည်။
ယန်နတ်ဘုရား လုံယွဲ့က ခေါင်းခါပြလိုက်၏။
"လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ဒါပေမဲ့... အရင်မျိုးဆက် လနတ်ဘုရားဘိုးဘေးနဲ့ ပတ်သက်တာဆိုရင်တော့ ယွဲ့ဟွာယန်နတ်ဘုရားနဲ့ စကားပြောကြည့်ရင် ပိုကောင်းလိမ့်မယ်"
ယွဲ့ဟွာယန်နတ်ဘုရားမှာ လနတ်ဘုရားနန်းတော်ရှိ မဟာမူလသဘောတရားနယ်ပယ်ယန်နတ်ဘုရား နှစ်ပါးအနက် တစ်ပါး ဖြစ်၏။
လနတ်ဘုရားဘိုးဘေး မရှိသည့်အချိန်တွင် ယွဲ့ဟွာယန်နတ်ဘုရားက နန်းတော်ကို တာဝန်ယူထား၏။
"ယွဲ့ဟွာယန်နတ်ဘုရားနဲ့ ဘယ်တော့တွေ့လို့ရမလဲ"
ကျိယွမ်က ချက်ချင်းစပ်စုလိုက်သည်။
"မကြာခင်မှာ မူလသဘောတရား လမ်းစဉ်နှီးနှောဖလှယ်ပွဲ စတော့မယ်၊ အဲဒီပွဲမှာ ယွဲ့ဟွာယန်နတ်ဘုရားက လနတ်ဘုရားနန်းတော်ကိုယ်စား တက်ရောက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင်သူနဲ့ တွေ့နိုင်ပါတယ်"
ယန်နတ်ဘုရား လုံယွဲ့က ယွဲ့ဟွာယန်နတ်ဘုရားအကြောင်းကို ရိုသေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
ယန်နတ်ဘုရားအချင်းချင်းကြားတွင်ပင် ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။
မဟာမူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားနှင့် သာမန် မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားကြားတွင် ကွာခြားချက်မှာ ပို၍ပင် ကြီးမားသေး၏။ အစွမ်းထက်လာလေလေ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းရန် ခက်ခဲလေလေ ဖြစ်ပြီး အဆင့်ငယ်လေးတစ်ခု တက်လှမ်းရန်ပင် ကောင်းကင်ဘုံသို့ တက်လှမ်းရသကဲ့သို့ ခက်ခဲလှသည်။
"မူလသဘောတရား လမ်းစဉ်နှီးနှောဖလှယ်ပွဲလား"
ကျိယွမ်က တီးတိုးရေရွတ်လိုက်၏။ ထိုပွဲကို သူ သေချာပေါက် တက်ရောက်ရပေလိမ့်မည်။
ကျင်းလီနှင့်အတူ နန်းတော်မှ ထွက်လာပြီးနောက် ကျိယွမ်သည် သူမ၏လက်လေးကို ယုယစွာဆုပ်ကိုင်ထားပြီး လနတ်ဘုရားနန်းတော်အတွင်း အေးအေးဆေးဆေး လမ်းလျှောက်နေကြ၏။
ကျင်းလီမှာ နုနယ်သော အမျိုးသမီးငယ်လေးတစ်ဦးကဲ့သို့ ဖြစ်နေပြီး သူမ၏ ယခင်က အေးစက်သော အသွင်အပြင်မှာ နွေးထွေးသော နူးညံ့မှုဖြင့် အစားထိုးခံလိုက်ရပြီ ဖြစ်သည်။
လမ်းတွင် လနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူ အချို့က သူတို့ကို တွေ့လိုက်ရသောအခါ အံ့အားသင့်စွာ တီးတိုးပြောဆိုနေကြ၏။
"ငါ မျက်စိမှားနေတာလား"
"ငါ ဘာကို မြင်လိုက်ရတာလဲ"
"လကညာက တကယ်ပဲ အမျိုးသားတစ်ယောက်ရဲ့ လက်မောင်းကို တွဲထားတာလား"
လနတ်ဘုရားနန်းတော်ရှိ လူတိုင်းက လကညာကျင်းလီမှာ ရေခဲတောင်ကဲ့သို့ အေးစက်ပြီး အမြဲတမ်း တိုက်ပွဲများထဲတွင်သာ နစ်မြုပ်နေသူဟု သိထားကြသည်။
သူမ၏ ယခုကဲ့သို့ နူးညံ့ပြီး မိန်းကလေးဆန်သော ပုံစံကို သူတို့ တစ်ခါမျှ မမြင်ဖူးကြပေ။ အချို့မှာလည်း မနာလိုစိတ်နှင့် မနာလိုဖြစ်မှုများကို ခံစားနေကြရ၏။
"လကညာက သဘာဝအတိုင်း အေးစက်တာ မဟုတ်ဘူးပဲ၊ ငါတို့ကိုပဲ အဲလိုဆက်ဆံတာကိုး"
"အဲဒီလူက သူမဘေးမှာ ရပ်နေတာ မြင်ရတာ တကယ့်ကို ပြည့်စုံလွန်းတယ်။ ဒါပေမဲ့ သူက ဘယ်သူလဲ"
"သူက ငါတို့ လကညာနဲ့ ထိုက်တန်ရဲ့လား"
"လကညာရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ဖို့ဆိုရင် သူက တကယ့်ကို ထူးခြားတဲ့သူ ဖြစ်ရမယ်"
လူပေါင်းများစွာက စပ်စုလိုသော မျက်လုံးများဖြင့် ကျင်းလီနှင့် ကျိယွမ်ကို ကြည့်နေကြ၏။
မကြာမီတွင် လမ်းမထက်၌ ကျက်သရေရှိသော အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ သူမမှာ လမင်းစားသောက်ပွဲ၏ အိမ်ရှင်ဖြစ်သူ ယွီထျောင်းပင် ။
သူမသည် လကညာ ကျင်းလီကို တွေ့လိုက်သောအခါ စပ်စုလိုသော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးနောက် ကျိယွမ်ထံသို့ အကြည့်ရောက်သွားသည်။
"နှုတ်ခွန်းဆက်ပါတယ် လကညာ"
သူမက ထိုသို့ဆိုလိုက်သော်လည်း ကျိယွမ်ကို ကြည့်ခြင်းအား မရပ်တန့်နိုင်ပေ။
"ဒါက ဘယ်သူများလဲ"
သူမသည် ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး ဤစစ်မြေပြင်တွင် သူမ၏ အဆင့်အတန်းမှာ ကျင်းလီထက် အနည်းငယ်သာ နိမ့်ကျသော်လည်း အဆက်အသွယ်ပိုင်းတွင်မူ ကျင်းလီထက် များစွာ သာလွန်လှသည်။
သို့သော် ကျင်းလီဘေးမှလူကို သူမ မသိပါ။
ကျင်းလီသည် ကျိယွမ်ကို တစ်ချက်ကြည့်လိုက်၏။သူမ၏စိတ်ထဲတွင် အမှတ်တရများ စီးဆင်းလာပြီးနောက် သတ္တိမွေး၍ ပြောလိုက်သည်။
"သူက... ငါ့ရဲ့ ချစ်သူပါ"
ချစ်သူဆိုသော စကားမှာ ကျင့်ကြံဖော်ကို ဆိုလိုခြင်း ဖြစ်သည်။ ယခုအချိန်တွင် ကျင်းလီသည် နောက်ဆုတ်ရန် မရည်ရွယ်တော့ဘဲ ခိုင်မာစွာ ရပ်တည်ရန် သာ ဆုံးဖြတ်လိုက်၏။
သူမက ထိုသို့ပြောလိုက်သောအခါ ယွီထျောင်းနှင့်တကွ ဘေးနားရှိ လူအားလုံးမှာ သိသိသာသာ တောင့်တင်းသွားကြသည်။
အဘယ်ကြောင့်ဆိုသော် လကညာများမှာ ချစ်သူထားခွင့် မရှိခြင်းကို အားလုံး သိထားကြသောကြောင့်ပင်။
"လကညာ ပြောတာက..."
ယွီထျောင်းမှာ အံ့အားသင့်မှုများဖြင့် စကားထစ်သွားတော့သည်။
အေးစက်လှသော လကညာ ကျင်းလီတွင် တကယ်ပဲ ချစ်ရသူ ရှိနေသည်တဲ့လား။
"ကျွန်မမှာ ကောင်းမှုကုသိုလ်တွေ လုံလောက်နေပြီ။ လနတ်ဘုရားဘိုးဘေးနဲ့ တွေ့ပြီးရင် ကျွန်မ လနတ်ဘုရားနန်းတော်ရဲ့ လကညာ မဟုတ်တော့ပါဘူး"
ကျင်းလီက ပြတ်သားစွာ ပြောလိုက်၏။
ထိုနေရာရှိ လူအားလုံး၏ မျက်နှာများမှာ စပ်စုလိုမှုမှသည် ထိတ်လန့်အံ့အားသင့်မှုသို့ ရုတ်တရက် ပြောင်းလဲသွားကြပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကြတော့သည်။
လကညာဆိုသော ရာထူးမှာ လနတ်ဘုရားဘိုးဘေး၏ အထောက်အပံ့ဖြင့် ယန်နတ်ဘုရားအဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်မည့် လမ်းစဉ်တစ်ခုကို ကိုယ်စားပြုသည်။
ထိုအဆင့်အတန်းကို မိမိသဘောဖြင့် စွန့်လွှတ်လိုက်ခြင်းမှာ လူအများအတွက် နားမလည်နိုင်စရာ ဖြစ်နေပြီး အံ့အားသင့်မှုနှင့်အတူ မနာလိုစိတ်များကိုပါ ခံစားလိုက်ရစေသည်။
အချို့က ကျင်းလီကို "အချစ်ရူး" တစ်ယောက်ကဲ့သို့ ကြည့်နေကြ၏။
အမျိုးသားတစ်ယောက်အတွက်နှင့် လကညာအဆင့်အတန်းကို စွန့်လွှတ်ရသည်လား။
ဘယ်သူက ဒီလောက်အထိ အသိဉာဏ်ကင်းမဲ့ရတာလဲ။
ဒီအမျိုးသားက ကြည့်ကောင်းပေမဲ့ ရုပ်ချောတာက ထမင်းကျွေးနိုင်မှာမို့လို့လား။
ကျင်းလီသည် သူတို့၏ မျက်နှာရိပ်မျက်နှာကဲများကို သိသော်လည်း စိတ်မလှုပ်ရှားပါ။
သူမသည် သူမဘာလိုချင်သည်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်း သိထားပြီး အခြားသူများ၏ အသိအမှတ်ပြုမှုကိုလည်း မလိုအပ်ပေ။
ယွီထျောင်းသည် ခဏမျှ အံ့အားသင့်ရာမှ ပြန်လည်သက်သာလာပြီးနောက် ကျိယွမ်ကို သေသေချာချာ အကဲခတ်လိုက်၏။
မြင့်မြတ်သော အဆင့်အတန်းကိုပင် စွန့်လွှတ်စေလောက်အောင် ကျင်းလီအပေါ် လွှမ်းမိုးမှုရှိသော ထိုအမျိုးသားက မည်ကဲ့သို့သော သူဖြစ်မည်ကို သူမ စိတ်ဝင်စားသွားခြင်းပင်။
ကျိယွမ်သည် ကျင်းလီဘက်သို့ လှည့်ကာ ခိုင်မာသော အကြည့်ဖြင့်ကြည့်၏။
"မင်း ဆုံးရှုံးသွားသမျှကို ငါ ပြန်ဖြည့်ဆည်းပေးမယ်"
သူက ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။
ဤစကားကြောင့် ဘေးနားရှိ လနတ်ဘုရားနန်းတော်မှ ကျင့်ကြံသူများအကြား နောက်ထပ် အံ့အားသင့်မှု လှိုင်းလုံးတစ်ခု ဖြစ်ပေါ်သွားပြန်သည်။
ကျိယွမ်သည် အလွန်ပင် မောက်မာစွာ စကားပြောနေသည်ဟု သူတို့အားလုံး ခံစားလိုက်ရ၏။
ကျင်းလီ ဆုံးရှုံးရမည့်အရာမှာ လကညာအဆင့်အတန်း ဖြစ်ပြီး ၎င်းနှင့်အတူ ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိမည့် လမ်းစဉ်လည်း ပါဝင်သည်။
သို့သော်လည်း သံသယများ ရှိနေသော်လည်း မည်သူမှ သူ့ကို ပြောင်ပြောင်တင်းတင်း မငြင်းရဲကြပေ။
ယွီထျောင်းသည် သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။
"လကညာရဲ့ ပြတ်သားမှုက တကယ့်ကို အားကျဖို့ ကောင်းပါတယ်"
ကျိယွမ်၏ စကားနှင့် ပတ်သက်၍မူ သူမက ယဉ်ကျေးစွာ လျစ်လျူရှုလိုက်သည်။ ကျိယွမ်သည် ယန်နတ်ဘုရားတစ်ပါး ဖြစ်လျှင်ပင် လနတ်ဘုရားနန်းတော်နှင့် လကညာအဆင့်အတန်းက ပေးနိုင်သည်ထက် ပို၍ ကျင်းလီကို ပေးနိုင်ပါ့မလား။
ခဏမျှ စကားပြောပြီးနောက် သူတို့ လမ်းခွဲခဲ့ကြ၏။
လမ်းဆက်လျှောက်နေစဉ်တွင် ကျင်းလီသည် ကျိယွမ်၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
"သူတို့ရဲ့ စကားတွေကို ဂရုမစိုက်ပါနဲ့"
သူမက ကျိယွမ်အား ချစ်မြတ်နိုးစွာ မော့ကြည့်ပြီး ညင်သာစွာ ဆို၏။
"ကျွန်မ လကညာအဆင့်အတန်းကို စွန့်လွှတ်တာက ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒကြောင့်ပါ"
သူမ၏ ဆုံးဖြတ်ချက်ကြောင့် ကျိယွမ်ကို အပြစ်ရှိသကဲ့သို့ မခံစားစေချင်ပါ။
ကျိယွမ်က နွေးထွေးစွာ ပြုံးလိုက်၏။
"ငါတို့ကြားမှာ တွက်ကပ်နေဖို့ ဒါမှမဟုတ် တခြားသူတွေ ဘယ်လိုမြင်မလဲဆိုတာ စိတ်ပူနေဖို့ မလိုပါဘူး။ မဟုတ်ရင်... ကိစ္စတွေက တော်တော်လေး ပျင်းစရာကောင်းသွားလိမ့်မယ်"
ကျိယွမ်သည် မိမိကိုယ်ကို ဂုဏ်သိက္ခာရှိသူ တစ်ဦးအဖြစ်သာမက စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ်လည်း မှတ်ယူထား၏။
သူသည် ကျင်းလီကို အလွန်ပင် ယုံကြည်သည်။
သူမက သူ့ကို အကောင်းဆုံးပေးဆပ်ရန် ကြိုးစားသကဲ့သို့ သူသည်လည်း သူမကို အကောင်းဆုံး ပေးဆပ်နိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်သည်။
အကယ်၍ သူတို့သည် ရရှိမည့်အရာနှင့် ဆုံးရှုံးမည့်အရာများကိုသာ တွက်ချက်နေခဲ့မည်ဆိုလျှင် လင်လုံယွိရှီမှတစ်ဆင့် ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မည် မဟုတ်သလို ယခုနေရာသို့လည်း သူရောက်လာမည် မဟုတ်ပေ။
ကျင်းလီကဲ့သို့ ထူးခြားသောသူကို ရရှိခြင်းမှာ အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသော်လည်း ဤနေရာမှာ ကျင့်ကြံသူများ၏ ကမ္ဘာဖြစ်သဖြင့် ဘာမဆို ဖြစ်နိုင်ပါသည်။
"မင်းက ပုရွက်ဆိတ်ကိုတောင် မနင်းမိအောင် ရှောင်တဲ့သူပဲ၊ ငါကလည်း တရားဥပဒေကို လေးစားတဲ့ အကောင်းမြင်သမားဆိုတော့ ငါတို့က အတူတူရှိဖို့ ဖန်တီးထားတာပေါ့"
ကျိယွမ်က နောက်ပြောင်လိုက်၏။
"အင်း..."
ကျင်းလီက ပြန်ထူးလိုက်သော်လည်း သူမ၏ မျက်နှာလေးမှာ နောက်တစ်ကြိမ် နီမြန်းသွားပြန်သည်။
မကြာမီတွင် သူတို့သည် ကျင်းလီ၏ နေအိမ်သို့ ရောက်ရှိလာကြ၏။
ကျင်းလီသည် ရှက်ရွံ့နေသော်လည်း တွေဝေမနေဘဲ ကျိယွမ်ကို သူမ၏ ကိုယ်ပိုင် အိပ်ဆောင်ထဲသို့ တန်းပြီး ခေါ်ဆောင်သွားတော့သည်။
အခန်းတွင်း အပြင်အဆင်မှာ ရိုးရှင်းလှပြီး ပြတင်းပေါက်ဘေးရှိ စားပွဲပေါ်တွင် စုတ်တံနှင့် မှင်အိုးများ ရှိနေ၏။
ပန်းအိုးတစ်ခုထဲတွင် နတ်ဘုရားပင်အနွယ်အချို့ ရှိနေပြီး ချစ်စရာကောင်းသော အသီးကလေးများ သီးနေသည်။ တောင်နှင့် မြစ်ပုံများ ဆွဲထားသောပိတ်ကားများနှင့် လိုက်ကာပါးလေးများက အိပ်စက်ရာ၊ ထိုင်နားရာနှင့် ရေချိုးရာ နေရာများကို ခွဲခြားပေးထား၏။
ကိုယ်ပိုင်ပစ္စည်း အနည်းငယ်မှလွဲ၍ ကျန်နေရာအားလုံးမှာ တိတ်ဆိတ်ပြီး အေးမြကာ စင်ကြယ်နေပြီး နှင်းများဖြင့် ထွင်းထုထားသော ဂူတစ်ခုနှင့်ပင် တူနေတော့သည်။
အခန်းထဲတွင် ကျင်းလီ၏ ကိုယ်သင်းရနံ့နှင့် ဆင်တူသော ထူးခြားသော ရနံ့လေးတစ်ခု သင်းပျံ့နေ၏။
"အမှန်တော့ ငါ အောက်ဘုံမှာရှိနေတုန်းက မင်းဆီကို လာဖို့ ကြိုးစားခဲ့သေးတယ်၊ ဒါပေမဲ့ မင်းအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးလို့ မလာဖြစ်ခဲ့တာ။ မကြာခင်တုန်းက ငါ့ရဲ့ အမြုတေက မင်းရဲ့ ကြယ်ကို ဖြတ်သန်းသွားခဲ့သေးတယ်"
ကျိယွမ်က ကျင်းလီ၏ ဆံနွယ်နုနုလေးမှ ရနံ့ကို ခံစားရင်း တည်ငြိမ်စွာ ပြောလိုက်၏။
"ဟင်..အဲဒါ... အဲဒါ ရှင်လား"
ကျင်းလီ၏မျက်နှာလေးမှာ အံ့အားသင့်သွားခြင်းနှင့်အတူ သူမ၏ အတွေးများမှာ ကောင်းကင်တွင် နေမင်းဆယ်စင်း ပေါ်လာပြီး သူမ၏ ကြယ်ကို ဖြတ်သန်းသွားခဲ့သည့် နေ့ဆီသို့ ပြန်ရောက်သွား၏။
ထို့နောက် သူမ၏ မျက်နှာမှာ စိုးရိမ်မှုကြောင့် သိသိသာသာ ဖြူလျော့သွားတော့သည်။
"ရှင်က နေမင်းဆယ်စင်း အရှင်သခင်လား"
"ဟုတ်တယ်လေ"
ကျိယွမ်က အရေးမကြီးသလို ခေါင်းငြိမ့်ပြလိုက်၏။
ဤစကားကို ကြားသောအခါ ကျင်းလီမှာ ချိုမြိန်မှုကို ခံစားရသလို ထိတ်လန့်မှုကိုလည်း ခံစားလိုက်ရသည်။
သူမသည် ကျိယွမ်အနားသို့ ပို၍နီးကပ်စွာတိုးကပ်လိုက်ပြီး နွေးထွေးသော အသက်ရှူသံများနှင့်အတူ တိုးတိုးလေး ပြောလိုက်၏။
"ဒါကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ မဟုတ်ရင်... ကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်"
"အော်... ဟုတ်လား"
သူမက အနားတိုးလာသဖြင့် သူမ၏ နွေးထွေးသော အသက်ရှူသံများကြောင့် ကျိယွမ်မှာ ယားကျိကျိ ဖြစ်သွားရသည်။
"ထိုက်ဟွမ်နန်းတော်က ရှင့်ကို လာရှာရုံတင်မကဘူး၊ လနတ်ဘုရားနန်းတော်ကလည်း ရှင့်ကို လာရှာလိမ့်မယ်"
ကျင်းလီက လေးနက်စွာ ပြောလိုက်၏။ ကျိယွမ်သည် နေမင်းဆယ် စင်းအရှင်သခင်အဖြစ် ကြီးမားသော အစွမ်းရှိခြင်းမှာ သူမကို ပျော်ရွှင်စေသလို စိုးရိမ်မှုကိုလည်း ဖြစ်စေသည်။
ကျိယွမ်မည်သူမည်ဝါဖြစ်ကြောင်း၏ အကျိုးဆက်များကိုလည်း လျစ်လျူရှု၍ မရပေ။
"လနတ်ဘုရားဘိုးဘေးက ထိုက်ရင်အရှင်သခင်ရာဇပလ္လင်ကို ယူထားတာ၊ ထိုက်ဟွမ်နန်းတော်ရဲ့ အရှင်ကကျတော့ မဟာနေမင်းအရှင်သခင်ရာဇပလ္လင်ကို ယူထားတာ... အဲဒီရာဇပလ္လင်တွေက ရှင်လည်း ကြိုးစားနေတာ မဟုတ်လား။ မဟာနေမင်းနဲ့ ထိုက်ရင်ဆိုတာက သဘာဝအတိုင်း ရန်သူတွေပဲ။ တစ်ယောက်က ရှေ့ဆက်တက်လှမ်းနိုင်ဖို့ဆိုရင် နောက်တစ်ယောက်ကို ဝါးမြိုရမှာ။ ရှင်... လနတ်ဘုရားဘိုးဘေးနဲ့ ဘယ်တော့မှ မတွေ့ပါနဲ့။ အကယ်၍ သူမက ရှင့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားရင် ရှင်... ရှင် တကယ့်ကို အန္တရာယ်ရှိသွားလိမ့်မယ်"
ကျင်းလီသည် အကျိုးဆက်များကိုဆက်ပင်မတွေးရဲပေ။
မဟာမူလသဘောတရားနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အကြံအစည်မှာ နက်နဲလှပြီး လနတ်ဘုရားဘိုးဘေးမှာ လည်း သာမန် ကျင့်ကြံသူ မဟုတ်ပေ။
မဟာမူလသဘောတရားနယ်ပယ်ကို ပိုင်နိုင်စွာ ကျင့်ကြံထားသူတစ်ဦးမှာ ဆဋ္ဌမကောင်းကင်ဘုံတွင်ပင် ရှားပါးလှသည်။ လနတ်ဘုရားဘိုးဘေးကဲ့သို့သော သူမျိုးတွင် မရေမတွက်နိုင်သော စွမ်းရည်များနှင့် မခန့်မှန်းနိုင်သော အစီအစဉ်များ ရှိနေပေလိမ့်မည်။
အကယ်၍ သူမက ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိသွားလျှင် ကျိယွမ်၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ သူ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မြင်သွားနိုင်၏။
ကျိယွမ်တွင် သူမအပေါ် ရန်ငြိုးမရှိလျှင်ပင်၊ သို့မဟုတ် ထိုက်ရင်အရှင်သခင်ရာထူးကို မလိုချင်လျှင်ပင် ၎င်းက အရေးမကြီးပေ။
ကျိယွမ်သည် ဤစကားကို ကြားသောအခါ ရင်ထဲတွင် နွေးထွေးသွား၏။
"သမီးမိန်းကလေးတွေက အပြင်လူဘက် ပါတတ်တယ်ဆိုတာ အမှန်ပဲ။ မင်း ငါနဲ့ မလက်ထပ်ရသေးဘူး၊ အခုကတည်းက ငါ့ဘက်ကနေ ရပ်တည်နေပြီပဲ"
ကျင်းလီသည် မဆိုင်းမတွဘဲ သူမ၏ လနတ်ဘုရားနန်းတော်အပေါ် သစ္စာစောင့်သိမှုထက် ကျိယွမ်ကို ပံ့ပိုးပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူသည် ဤအချက်ကြောင့် အလွန်ပင် စိတ်လှုပ်ရှားသွားရ၏။
အကယ်၍ လနတ်ဘုရားဘိုးဘေး၏ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် နန်းတော်၏ ရပ်တည်ချက်မှာ အေးစက်ပြီး တွက်ကပ်လွန်းသည်ဟု ထင်ရပေလိမ့်မည်။
ကျင်းလီ၏ အမြင်တွင်မူ ယခုအချိန်၌ လနတ်ဘုရားဘိုးဘေးမှာ ကျိယွမ်အတွက် အန္တရာယ်တစ်ခု ဖြစ်နေပြီး ကျိယွမ်ကတော့ လနတ်ဘုရားဘိုးဘေးအတွက် ခြိမ်းခြောက်မှု ဟုတ်မနေပေ။
လက်ထပ်ခြင်းအကြောင်း ပြောလိုက်သောအခါ ကျင်းလီ၏ မျက်နှာလေးမှာ နှင်းဆီပွင့်ကလေးများကဲ့သို့ နီမြန်းသွားပြန်သည်။
ကျိယွမ်သည် ကျင်းလီကို ကြည့်ကာ သူမ၏ ကြင်နာပြီး ချစ်ခင်စရာကောင်းသော မျက်လုံးများ၊ ချယ်ရီပွင့်လေးကဲ့သို့ နှုတ်ခမ်းလွှာများကို မြင်သောအခါ ရင်ထဲတွင် လှုပ်ရှားသွား၏။
တစ်ခါတစ်ရံတွင် သူသည်လည်း သဘာဝအတိုင်း စီးမျောတတ်သူ ဖြစ်သည်။
သူသည် မထိန်းနိုင်တော့ဘဲ ကျင်းလီ၏ ခါးလေးမှပွေ့ဖတ်ကာ နူးညံ့သော နှုတ်ခမ်းလွှာလေးများကို နမ်းရှိုက်လိုက်မိ၏။
သူမ၏ ခန္ဓာကိုယ်မှာ ခဏမျှ တောင့်သွားပြီးနောက် သူ့ရင်ခွင်ထဲတွင် ပျော့ခွေသွားတော့သည်။ သူမ၏ လှပသော မျက်လုံးလေးများမှာ တစ်ဝက်မှေးသွားပြီး အသက်ရှူသံများမှာလည်း မြန်ဆန်လာ၏။
အချိန်အတော်ကြာပြီးနောက် သူတို့၏ အနမ်းမှာ ပြီးဆုံးသွားသော်လည်း သူတို့အကြားရှိ လွမ်းမောမှုများမှာ ပို၍သာ ပြင်းထန်လာတော့သည်။
ခဏတာ ခွဲခွာနေရခြင်းက သူတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ပြီး ယခု ပြန်လည်ဆုံတွေ့ရခြင်းမှာ အချိန်အတော်ကြာ ခွဲခွာပြီးနောက် ချစ်သူအသစ်များ ပြန်လည်ဆုံတွေ့ရသကဲ့သို့ပင်။
"အကယ်၍ ရှင် ဆန္ဒရှိရင်... ကျွန်မ..."
ကျင်းလီက တိုးတိုးလေး ပြောလိုက်သ်လည်း ရှက်လွန်း၍ စကားမဆုံးရှာပါ။
သူမ၏ မျက်နှာတွင် ချစ်ခင်မှုများ ပြည့်နှက်နေပြီး သူမ၏ ဝတ်ရုံစမှာလည်း ပုခုံးပေါ်မှ လျောကျသွားတော့သည်။ သူမ၏ ရှည်လျားသောဆံနွယ်နုနုလေးများမှာ ရှေ့သို့ ဝေ့ကျဆင်းလာကာ သူမ၏ ကိုယ်ဟန်ကို ဖုံးကွယ်ထား၏။
သူမ၏ မျက်နှာမှာ အရာအားလုံးကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေသော ပုံစံရှိသော်လည်း သူမ၏ တုန်ရီနေသော ပုခုံးများက သူမ စိတ်လှုပ်ရှားနေသည်ကို ဖော်ပြနေ၏။
"မင်းက ဧကရီလား၊ လကညာလား ဒါမှမဟုတ် ကျင်းလီလား"
ကျိယွမ်က အနားသို့ တိုးကာ ညင်သာစွာ မေးလိုက်သည်။
ကျင်းလီသည် မျက်လုံးများကို မှိတ်ထားပြီး နောက်သို့ မဆုတ်ဘဲ ကျိယွမ်ကို တင်းတင်းကြပ်ကြပ် ပြန်လည်ဖက်ထားလိုက်၏။
သို့သော် မည်မျှပင် ရစ်တွယ်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားပါစေ သူမ ရင်ထဲက နှစ်ပေါင်းထောင်ချီသော လွမ်းမောမှုများကို အပြည့်အဝ ဖော်ပြနိုင်မည် မဟုတ်ပါ။
ရှေးစကားအတိုင်း ခံစားချက်များကို စီးမျောခွင့်ပြုသော်လည်း စည်းကမ်းကိုမူ စောင့်ထိန်းရမည် ဖြစ်သည်။
လောလောဆယ်တွင် ကျင်းလီမှာ လကညာတစ်ဦး ဖြစ်နေဆဲဖြစ်ပြီး ကျိယွမ် ပြင်ဆင်ထားသော အိမ်ထောင်ရေးလက်မှတ်တွင် သူမ၏ ဓာတ်ပုံကို မကပ်နိုင်သေးပေ။ ကျိယွမ်မှာ အစဉ်အလာကို လေးစားသူတစ်ဦး ဖြစ်သဖြင့် သူ၏ ရင်ထဲတွင် လွမ်းမောမှုများ ပြည့်နှက်နေသော်လည်း မိမိကိုယ်ကို ထိန်းချုပ်ကာ ရှေ့မဆက်ရန် ဆုံးဖြတ်လိုက်၏။
သူတို့မှာ မလက်ထပ်ရသေးသောကြောင့်ပင်။
သူသည် ကျင်းလီကို ရင်ခွင်ထဲတွင် ထည့်ထားရင်း သက်ပြင်းတိုးတိုးလေး ချလိုက်၏ ။
"အင်း... လောကကြီးက ခက်ခဲတယ်ဆိုတာ ငါ အစောကြီးကတည်းက သိခဲ့ပေမဲ့ ဒီလို ချိုမြိန်တဲ့ နိဗ္ဗာန်ဘုံမှာတော့ ငါ ခဏလောက် ထပ်နေချင်သေးတယ်"
ကျင်းလီမှာ ပို၍ပင်တိုးကာ ဖတ်ထားမိရှာလေသည်။
သူလေးကလည်း လွမ်းတတ်သူမို့ လွမ်းရှာပေလိမ့်မည် မဟုတ်ပါလား။
သို့သော်လည်း ကျိယွမ်မှာ ကြာကြာမနေနိုင်သည်ကို သိထားသည်။ နတ်ဆိုးချောက်၏ အခြေအနေမှာ လျင်မြန်စွာ ပြောင်းလဲနေပြီး နှောင့်နှေးနေလျှင် ဘေးအန္တရာယ်များ ကြုံလာရနိုင်၏။
သူ့အနေဖြင့် အခြေအနေများကို ထိန်းချုပ်ရန်အမြန်ဆုံး ပြန်သွားရမည် ဖြစ်သည်။
ကျင်းလီ၏ မျက်လုံးထဲရှိ မခွဲနိုင်မခွာရက်မှုကို မြင်သောအခါ သူမ၏ ဝမ်းနည်းမှုကို သူ နားလည်လိုက်သည်။
ကျိယွမ်သည် နတ်ဆိုးချောက်ကို တိုက်ခိုက်ရန် စီစဉ်နေသည်ကို သူမ သိထား၏။ သူမသည် သူ့နောက်သို့ လိုက်မသွားနိုင်ပေ၊ လိုက်သွားလျှင်လည်း သူ့အတွက် အနှောင့်အယှက်သာ ဖြစ်ပေလိမ့်မည်။
"ဖြစ်နိုင်ရင်... ရှင့်နောက်ကို ခေါ်သွားပြီး ကျွန်မကို အကျဉ်းချထားလိုက်ပါလား"
ကျင်းလီက နောက်ပြောင်သလိုနှင့် မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်၏။ သူမ၏ ပုံမှန် မြင့်မြတ်ပြီး အေးစက်သော ပုံစံမှာ ခဏတာ ပျောက်ကွယ်နေတော့သည်။
ကျိယွမ်က ခေါင်းခါပြလိုက်၏။
"ငါတို့ လနတ်ဘုရားနန်းတော်ကို အားနာရဦးမယ်၊ ပြီးတော့ ငါ့ဘေးမှာနေရင်... အန္တရာယ်ရှိနိုင်တယ်"
ကျိယွမ်အတွက်မူ ကျင်းလီကို လနတ်ဘုရားနန်းတော်တွင် ထားခဲ့ခြင်းမှာ အလုံခြုံဆုံး ရွေးချယ်မှုပင်။ သူသည် နတ်ဆိုးချောက်ကို ရင်ဆိုင်ပြီး သူ၏အရာများကို ပြန်တောင်းရန် စီစဉ်နေခြင်းဖြစ်ရာ တုံ့ပြန်မှုများ သေချာပေါက် ရှိလာပေလိမ့်မည်။
သူသည် ကျင်းလီကို သူ၏ ငရဲဘုံနန်းတော်တွင် အမြဲတမ်း ပိတ်လှောင်ထားပြီး ကျင့်ကြံခြင်းကို မရပ်တန့်စေလိုပေ။
သူသည် သူ၏ညီမလေး ကျန်းလင်းစုကို စွမ်းအင်များ မျှဝေပေးနိုင်သော်လည်း ၎င်းမှာ သူမ၏ အစွမ်းမှာ နိမ့်ပါးနေသေးသောကြောင့် ဖြစ်၏။
ဒဏ္ဍာရီလာအဆင့်သို့ ရောက်နေသော ကျင်းလီအတွက်မူ ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။
ကျင်းလီ၏ မျက်လုံးထဲရှိ စိတ်ပျက်မှုကို မြင်သောအခါ ကျိယွမ်က သက်ပြင်းချလိုက်ရင်း သူမ၏ ဆံနွယ်နုနုလေးများအား ပွတ်သပ်ပေးလိုက်၏။
"စိတ်မပူပါနဲ့၊ ငါ အဆင်ပြေမှာပါ။ တကယ်လို့ အန္တရာယ်များလာရင် ငါ လနတ်ဘုရားနန်းတော်ကို ပြန်လာခဲ့ပါ့မယ်"
သူက စိတ်ချစေရန် ပြောလိုက်၏။ ကျင်းလီမှာ သူ့ကို မထွက်သွားစေချင်သော်လည်း သူ၏ တာဝန်များကိုမူ မတားဆီးလိုပေ။
"ဂရုစိုက်ပါ"
သူမက စိုးရိမ်မှုအပြည့်ဖြင့် တိုးတိုးလေး မှာရှာ၏။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦး၏ ဂရုစိုက်မှုကို ခံရခြင်းမှာ တကယ့်ကို ကောင်းမွန်လှသည်။
၂၁ရာစုကမ္ဘာမြေပေါ်က အရင်ဘဝမှာ ငါက အချစ်ငတ်ခဲ့ဖူးလို့များလား။
.....
အခန်း ၄၂၃ - မင်းကို ချမ်းသာစေမယ့် နည်းလမ်းတစ်ခု ပြောပြမယ်
နောက်တစ်ကြိမ် ပြန်ခွဲခွာရတော့မည်ကို သိနေ၍လားမသိ၊ ကျင်းလီသည် ပုံမှန်ထက် စကားပိုပြောနေမိ၏။
“နေမင်းဆယ်စင်းအရှင်သခင် ဆိုတဲ့ အမှတ်အသားကို ဘယ်တော့မှ အသိမပေးရဘူးနော်”
“အင်းပါ”
ကျိယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
လက်ရှိတွင် သူသည် ယန်နတ်ဘုရားများကို ရင်ဆိုင်ရာ၌ လှည့်ကွက်များကိုသာ သုံးနေခြင်းဖြစ်ပြီး သူတို့ကို ငရဲဘုံထဲသို့ မျှားခေါ်ကာ သတ်ဖြတ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူ့ကို နေမင်းဆယ်စင်းအရှင်သခင်ဟု ဆက်စပ်တွေးမိမည် မဟုတ်ပေ။
သူသည် ဝမ်ယုကုန်းမြေတိုက်ကြီးမှ တက်လာသည်ဟူသောအချက်ကို ဖုံးကွယ်ထားပြီး တိုက်ပွဲတွင်လည်း ကြယ်အမြုတေများကို ထုတ်မသုံးသရွေ့ သူသည် နေမင်းဆယ်စင်းအရှင်သခင် ဖြစ်ကြောင်း မည်သူမှ ရိပ်မိနိုင်မည်မဟုတ်ပေ။
“ကျွန်မ လိုက်ပို့ပေးမယ်”
ကျင်းလီ၏ မျက်လုံးများတွင် မခွဲနိုင်မခွာရက်မှုများ ပြည့်နှက်နေဆဲပင်။
“ဒါကို ကြည့်ပါဦး၊ ဘာဖြစ်မယ် ထင်လဲ”
ထိုအချိန်တွင် ကျိယွမ်၏ လက်ထဲ၌ ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။
ဤကျောက်စိမ်းပြားမှာ လင်လုံယွိရှီနှင့် ဆင်တူလှသည်။ ကျိယွမ်သည် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကျင်းလီ၏လင်လုံယွိရှီနှင့် အလိုက်ဖက်ဆုံးဖြစ်အောင် သူ၏ စိတ်ဝိညာဥ်ကို အသုံးပြု၍ ဖန်တီးထားခြင်း ဖြစ်သည်။
ယခုအချိန်တွင် သာမန် ဆက်သွယ်ရေး ကျောက်စိမ်းပြားများကိုသုံး၍ စကားပြောနိုင်သော်လည်း လင်လုံယွိရှီမှာ ကျင်းလီအတွက် အလွန်ပင် အရေးပါသော အမှတ်တရတစ်ခု ဖြစ်နေသောကြောင့် သူကအမှတ်တရအဖြစ်ပြုလုပ်ပေးမိခြင်းပင်။
“ငါတို့ရဲ့ လင်လုံယွိရှီတွေကို အချင်းချင်း လဲလိုက်ရအောင်လေ”
ကျိယွမ်က ကျောက်စိမ်းပြားကို ကိုင်မြှောက်ကာ လွှဲယမ်းပြလိုက်သည်။သူပြုလုပ်ထားသော လင်လုံယွိရှီတွင် ကျင်းလီ၏ လုံခြုံရေးကို ကာကွယ်ပေးနိုင်သည့် အပိုဆောင်းစွမ်းရည်များလည်း ပါရှိ၏။
“ဟုတ်ကဲ့”
ကျင်းလီသည် ကျိယွမ်၏ လင်လုံယွိရှီကို ယူလိုက်ရင်းမှ တောက်ပစွာ ပြုံးလိုက်သည်။
ခဏအကြာတွင် သူတို့နှစ်ဦး ခန်းမထဲမှ ထွက်လာခဲ့ကြ၏။ အတူရှိရသော အချိန်မှာ အမြဲတမ်း တိုတောင်းလွန်းလှသလိုခံစားနေရပြီး ကျင်းလီ၏ မျက်နှာပေါ်တွင် စိုးရိမ်မှုအရိပ်အယောင်လေးများဖြင့် ကျိယွမ်အား ကြည့်နေသည်။
သူမအတွက် အရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရ၏ ။ သူမ၏ လက်ဖဝါးကို မသိမသာဆိတ်ကြည့်ပြီး နာကျင်မှုကို ခံစားရမှသာ သူမ စိတ်အေးသွားတော့သည်။
“သခင်မလေး”
သူတို့ ခန်းမထဲမှ ထွက်လာပြီး မကြာမီမှာပင် သွေးညှီနံ့များ ထွက်ပေါ်နေပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး သူတို့ဆီသို့ လျှောက်လာသည်။ သူမ၏ မျက်နှာမှာ အေးစက်နေပြီး အရေးကြီးသည့်ပုံစံ ရှိနေ၏။
ကျင်းလီသည် ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် သူမ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားကာ အေးစက်သွားတော့သည်။ ကျိယွမ်နှင့် ရှိနေစဉ်က ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
“ဘာကိစ္စလဲ”
ကျင်းလီက ကျိယွမ်ကို တွဲထားရင်း မေးလိုက်၏။ ထိုသူမှာ သူမ၏ အမျိုးသားဖြစ်ကြောင်း အမှတ်အသား ပြုလုပ်နေခြင်းပင်။
ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးမှာ အဆင့်အတန်းမြင့်မားသော ယင်နတ်ဘုရားတစ်ဦး ဖြစ်သည်။ လနတ်ဘုရားနန်းတော်တွင် 'လကညာမျိုးနွယ်စု' ဟု ခေါ်သော မိသားစုအချို့ ရှိကြ၏။ ဤအမျိုးသမီးမှာ ကျင်းလီနှင့် မျိုးနွယ်တူပင် ဖြစ်သည်။
ကျင်းလီသည် သူမ၏ မိဘများ ကွယ်လွန်ပြီးနောက် လကညာ ဖြစ်လာခဲ့ပြီး သူမ၏ မိသားစုမှာလည်း ထိုအချိန်မှစ၍ မြင့်မြတ်သော ဆက်ဆံမှုကို ရရှိခဲ့ကြကာ တိုးတက်လာခဲ့၏။
“သခင်မလေး... သခင်မလေးက လကညာအဆင့်အတန်းကို စွန့်လွှတ်တော့မယ်လို့ ကြားတယ်”
ချပ်ဝတ်တန်ဆာနှင့် အမျိုးသမီးမှာ ရိုသေစွာ ပြောဆိုနေသော်လည်း ကျိယွမ်ကိုမူ ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူမတို့၏ မိသားစုမှ လကညာတစ်ဦး ပေါ်ထွက်လာရန်မှာ မလွယ်ကူလှပေ။ ကျင်းလီရှိနေခြင်းကြောင့်သာ သူမ၏ မိသားစုမှာ နှစ်ပေါင်းသောင်းချီ၍ ချမ်းသာကြွယ်ဝနေခြင်း ဖြစ်သည်။
“ဒါကို ပြန်စဉ်းစားသင့်တယ် မဟုတ်လား၊ မိသားစုထဲက လူကြီးတွေက... သူတို့မှာ သဘောထားကွဲလွဲတာတွေ ရှိနိုင်တယ်”
အမျိုးသမီးက အံကြိတ်ကာ ပြောလိုက်၏။ သို့သော်လည်း ကျင်းလီကို ပြောရာ၌ သူမ၏ လေသံထဲတွင် ကြောက်ရွံ့မှုအချို့လည်း ပါဝင်နေသည်။
“အဲဒီလူကြီးတွေမှာ သဘောထားကွဲလွဲတာတွေ ရှိနေရင် သူတို့လည်း ရာထူးက ဆင်းပြီး တခြားသူတွေကို နေရာဖယ်ပေးလိုက်လို့ ရတယ်”
ကျင်းလီကတော့ ဆိုင်းတွခြင်းမရှိဘဲ ပြတ်သားစွာ ပြောလိုက်၏။
အမျိုးသမီးမှာ ကျင်းလီက ဤမျှအထိ တင်းမာနေပြီး ညှိနှိုင်းရန် နေရာမချန်ထားသည်ကို မမျှော်လင့်ထားသဖြင့် တောင့်တင်းသွားတော့သည်။
သူမက ထပ်ပြောချင်သေး၏။ အကယ်၍ ကျင်းလီသာ လကညာအဆင့်အတန်း ဆုံးရှုံးသွားလျှင် မိသားစု၏ အရင်းအမြစ်များနှင့် အခွင့်ထူးများမှာ လျော့နည်းသွားပေလိမည်။
“သခင်မလေး... လကညာအဆင့်အတန်း မရှိတော့ရင် ယန်နတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ တကယ်ကို ခက်ခဲသွားပါလိမ့်မယ်”
အမျိုးသမီးသည် စိုးရိမ်တကြီးဖြင့် ကျိယွမ်ကို ရန်လိုစွာ ကြည့်ရင်း ပြောလိုက်၏။
ရုပ်ရည်ချောမောခြင်းက အန္တရာယ်ရှိလှပေသည်။ သူမ၏ သခင်မလေးမှာ တောက်ပသောအနာဂတ်ကိုပင် ဂရုမစိုက်တော့ဘဲ ရုပ်ချောသော အမျိုးသားတစ်ဦးနောက်တွင် အရူးအမူး ဖြစ်နေလေပြီ။
“ငါ လကညာ ဖြစ်မဖြစ်ဆိုတာ ငါရဲ့ ဆုံးဖြတ်ချက်ပဲ”
ကျင်းလီက ပြတ်သားစွာ ပြန်ပြောလိုက်၏။
မိသားစုက ယနေ့လို အခြေအနေမျိုး ထိရောက်နေခြင်းမှာ သူမကြောင့် ဖြစ်သည်။ ယခုအခါ အခွင့်ထူးများ ဆုံးရှုံးသွားရခြင်းကြောင့် သူတို့၏ စိတ်ထဲတွင် မကျေနပ်မှုများ ရှိနေခြင်းမှာလည်း သဘာဝကျပါသည်။
၎င်းမှာ လူတစ်ဦးကို နေ့စဉ် ရွှေဒင်္ဂါး တစ်ရာ ပေးနေသော်လည်း တစ်နေ့တွင် ရုတ်တရက် ရပ်တန့်လိုက်သကဲ့သို့ ဖြစ်သည်။ ထိုလူမှာ ကျေးဇူးတင်မည့်အစား “ငါ့ပိုက်ဆံတွေ ဘယ်ရောက်သွားပြီလဲ” ဟု မေးကာ မကျေမနပ်ဖြစ်နေခြင်းမျိုးပင်။
“သူက ငါရဲ့ ကျင့်ကြံဖော် ဖြစ်လာမှာ”
ကျင်းလီက ကျိယွမ်ကို ဖက်ထားရင်း တရားဝင် ကြေညာလိုက်၏။
အမျိုးသမီးမှာ အလွန်ပင် စိတ်ပျက်သွားတော့သည်။
“သခင်မလေး... မိသားစုရဲ့ အကျိုးစီးပွားက သေးငယ်ပေမဲ့ သခင်မလေးရဲ့... အနာဂတ်က...”
သူမ စကားမဆုံးခင်မှာပင် ကျိယွမ်က ရှေ့သို့ တက်လာခဲ့သည်။
“ကျင်းလီ ငါ့နောက်လိုက်ရင် အနာဂတ်က တောက်ပနေမှာပဲ၊ ငါ့ရဲ့ ဘယ်ဘက်မျက်ခွံက လှုပ်နေတယ်... ဒါက ကံကောင်းခြင်း နိမိတ်ပဲ”
သူက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
လနတ်ဘုရားနန်းတော်၏ ပံ့ပိုးမှုအောက်တွင် ကျင်းလီသည် ယန်နတ်ဘုရားအဆင့်သို့ သေချာပေါက် ရောက်နိုင်ပါသည်။ သို့သော် မဟာမူလသဘောတရားနယ်ပယ်သို့ ရောက်ဖို့လား။ ၎င်းမှာ အလှမ်းဝေးလွန်းသော အိပ်မက်တစ်ခုသာ ဖြစ်လိမ့်မည်။
သို့သော် သူ၏ အကူအညီဖြင့်ဆိုလျှင်...
သူမကို မူလသဘောတရားတံခါးအတွင်း ထားရှိကာ နှစ်သန်းပေါင်းများစွာ ကျင့်ကြံစေမည်ဆိုလျှင် ကျင်းလီသည် ဆဋ္ဌမကောင်းကင်ဘုံတွင် အနှိုင်းမဲ့ ဖြစ်လာပေလိမ့်မည်။ ၎င်းမှာ ဆဋ္ဌမကောင်းကင်ဘုံ၏ အကြီးမြတ်ဆုံး ရတနာဖြစ်သော မူလသဘောတရားတံခါး၏ စွမ်းအားပင် ဖြစ်၏။
ထို့ကြောင့် သူ၏နောက်သို့ လိုက်ခြင်းမှာ လကညာအဆင့်အတန်းထက် များစွာ သာလွန်သော အနာဂတ်ကို ရရှိစေမှာ အသေအချာပင်။
အမျိုးသမီးကတော့ ကျိယွမ်၏ စကားများကို နားမလည်ဘဲ ဇဝေဇဝါ ဖြစ်နေ၏။
ဘာပဲပြောပြော သူမသည် ကျိယွမ်၏ စကားကို မယုံကြည်ပေ။
ဆဋ္ဌမကောင်းကင်ဘုံတွင် လနတ်ဘုရားနန်းတော်ထက် အစွမ်းထက်သော အဖွဲ့အစည်းမှာ အနည်းငယ်သာ ရှိ၏။ ကျင်းလီသည် အခြားအစွမ်းထက် အဖွဲ့အစည်းများဆီ သွားလျှင်ပင် ဤနေရာကဲ့သို့ အခွင့်အရေးမျိုး ရနိုင်မည် မဟုတ်ပေ။
ကျိယွမ်သည် လှပသောရုပ်ရည်အပြင်ချိုသာသော စကားများဖြင့်လည်း ကျင်းလီကို ဖျားယောင်းထားခြင်း ဖြစ်မည်ဟု သူမ သံသယဝင်နေမိသည်။ သို့သော် သံသယသာ ဖြစ်သဖြင့် ပြောင်ပြောင်တင်းတင်း မပြောရဲပေ။
“မင်းတို့က ကျင်းလီရဲ့ မိသားစုဆိုတော့ ငါ့ရဲ့ မိသားစုပဲပေါ့”
ဟု ကျိယွမ်က ကြင်နာသော အမူအရာဖြင့် ပြောလိုက်၏။
“လကညာအဆင့်အတန်း မရှိတော့ရင် အခွင့်အရေးတွေ နည်းသွားမှာ မှန်ပေမဲ့... မင်းတို့ကို ချမ်းသာစေမယ့် လျှို့ဝှက်နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်၊ ဒါကို ဘယ်သူ့ကိုမှ မပြောရဘူးနော်”
ကျိယွမ်၏စကားကြောင့် အမျိုးသမီးမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားတော့သည်။
သူတို့ကို ချမ်းသာအောင် လုပ်ပေးမည်တဲ့လား။
ကျင်းလီကလည်း ဝင်ပြောလိုက်၏။
“သူ့ရဲ့ စကားက ငါ့ရဲ့ စကားပဲ”
သူမသည် ကျိယွမ်ဘက်မှ ခိုင်မာစွာ ရပ်တည်ပေးလိုက်သည်။
“ဒါဆိုရင်... ကျွန်မကို ပြောပြပေးပါဦး သခင်လေး”
အမျိုးသမီးမှာ နားမလည်သော်လည်း ရိုသေစွာ ပြောလိုက်၏။ အမှန်အတိုင်း ပြောရလျှင် ကျိယွမ်၏ "ချမ်းသာမည့်နည်းလမ်း" ကိုတော့ သူမ လုံးဝ မယုံကြည်ပါ။
ကျိယွမ်က သူမ၏ နားထဲသို့ အသံပို့ကာလှမ်းပြောလိုက်၏။
“ငါ့မှာ အတွင်းသတင်း ရှိတယ်၊ နတ်ဆိုးချောက်ကမ်းပါးမျိုးနွယ်စုက မကြာခင် ပြိုလဲတော့မှာ။ အဲဒါကြောင့် မင်းတို့ အခွင့်အရေးယူပြီး သူတို့ဆီကနေ နတ်ဘုရားကျောက်တုံးတွေ အများကြီး ချေးထားလိုက်။ နတ်ဆိုးချောက်ကမ်းပါးမျိုးနွယ်စု ပျက်သုဉ်းသွားရင် မင်းတို့ အဲဒါတွေကို ပြန်ဆပ်စရာ မလိုတော့ဘူး"
နတ်ဆိုးချောက်ကမ်းပါးမျိုးနွယ်စုနှင့် လနတ်ဘုရားနန်းတော်တို့မှာ လက်ရှိတွင် စစ်ဖြစ်နေကြသော်လည်း အောက်ခြေအဆင့်များကြားတွင်မူ ကုန်သွယ်မှုအချို့ ရှိနေဆဲ ဖြစ်သည်။
စစ်က စစ်၊ ကုန်သွယ်မှုက ကုန်သွယ်မှုပင်။ အဆိုးဆုံး အခြေအနေတွင် ကျင်းလီ၏ မိသားစုသည် အခြားအင်အားစုများနှင့် ပူးပေါင်းကာ အမည်ဝှက်ဖြင့် နတ်ဆိုးချောက်ထံမှ နတ်ဘုရားကျောက်တုံးများ ချေးယူနိုင်၏။
အမျိုးသမီးမှာ လုံးဝကို ဆွံ့အသွားတော့သည်။
သူက ကျိယွမ်အား နားမလည်စွာကြည့်လိုက်သည်။
သခင်မလေးတော့ လူပေါင်းမှားပြီ..
ကျိယွမ်၏ စကားများမှာ လုံးဝ အဓိပ္ပာယ်မရှိပေ။
နတ်ဆိုးချောက်ကမ်းပါးမျိုးနွယ်စုက ပျက်သုဉ်းတော့မည်တဲ့လား။
သူတို့ဆီက ကျောက်တုံးတွေ သွားချေးရမည်တဲ့။
ဤအကြံဉာဏ် နှစ်ခုစလုံးမှာ မဖြစ်နိုင်သလိုပင်။ နတ်ဆိုးချောက်ကမ်းပါးမျိုးနွယ်စုမှာ ထိုက်ဟွမ်နန်းတော်နှင့် မဟူရာနတိဆိုးချောက်တို့၏ လက်အောက်ခံ ဖြစ်သော်လည်း ပဉ္စမကောင်းကင်ဘုံရှိ အင်အားကြီး မျိုးနွယ်စုတစ်ခု ဖြစ်သည်။ ဆဋ္ဌမကောင်းကင်ဘုံရှိ အစွမ်းထက်ဆုံး အင်အားစု အခုသုံးဆယ်အတွင်းတွင် ပါဝင်၏။ ထိုကဲ့သို့ အင်အားကြီးသော မျိုးနွယ်စုက အချိန်တိုအတွင်း ပြိုလဲမည် မဟုတ်ပေ။
မဟာမူလသဘောတရားနယ်ပယ် ကျင့်ကြံသူရှိသော မြင့်မြတ်နယ်မြေကြီးတစ်ခုက ဖျက်ဆီးရန် ဆုံးဖြတ်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ထို့အပြင် နတ်ဆိုးချောက်တွင် မိုလိုရေတွင်း ဆိုသည့် ကောင်းကင်ဘုံရတနာလည်း ရှိနေသေးသည်။
အကယ်၍ သူတို့က မဟာမူလသဘောတရား ကျင့်ကြံသူကို မယှဉ်နိုင်လျှင်ပင် ထိုရေတွင်းကို အသုံးပြု၍ ပထမကောင်းကင်ဘုံသို့ ထွက်ပြေးပုန်းအောင်းနိုင်ကြ၏။ ထို့ကြောင့်လည်း မည်သည့် မြင့်မြတ်နယ်မြေကမှ ထိုကဲ့သို့ ကိစ္စရပ်များကို မကိုင်တွယ်ချင်ကြခြင်းပင်။
အရေးကြီးဆုံးမှာ ကျိယွမ်က ဤအရာကို မည်သို့ သိနေသနည်း ဆိုသည့် အချက်ပင်။
“စိတ်မပူပါနဲ့၊ နတ်ဆိုးချောက်မျိုးနွယ်စုက လုံးဝ မပျက်သုဉ်းသွားရင်တောင်မှ သူတို့ အင်အား တော်တော်လေး ချည့်နဲ့သွားမှာ သေချာတယ်။ အဲဒီတော့ မင်းတို့ အကြွေးပြန်ဆပ်ဖို့ စိတ်ပူစရာ မလိုတော့ဘူး”
ကျိယွမ်က ထပ်မံ အာမခံလိုက်၏။ သူသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် အတွေ့အကြုံ များစွာ ရှိပြီးသားပင်။
ယခင်က သူနှင့်ရေခဲတောင်သခင်မတို့အလင်းနန်းတော်ထံမှ ဝိညာဉ်ကျောက်တုံးများ ချေးခဲ့ဖူးသည်။ ယခုမူ သူက ပစ်မှတ်ကို နတ်ဆိုးချောက်သို့ ပြောင်းလဲလိုက်ခြင်းသာ ဖြစ်သည်။
အမျိုးသမီးမှာ ဝေခွဲမရ ဖြစ်နေတော့သည်။ အကယ်၍ ကျင်းလီသာ ထိုနေရာတွင် ရှိမနေလျှင် သူမက “ရှင် နောက်နေတာလား” ဟု သေချာပေါက် မေးမိပေလိမ့်မည်။
ကျိယွမ်၏ အစီအစဉ်မှာ အမှန်တကယ် ဖြစ်လာနိုင်ရန် အလွန်ပင် ခဲယဉ်းလှသည်။ အကယ်၍ လနတ်ဘုရားဘိုးဘေးက နတ်ဆိုးချောက်ကို ဖျက်ဆီးရန် အမှန်တကယ် ရည်ရွယ်ထားလျှင်တော့ သူမသည် သူပြောသလို သေချာပေါက် အသေးစိတ် စီစဉ်ထားမိနည်ဖြစ်၏။
သို့သော် ထိုကဲ့သို့ အရေးကြီးသော သတင်းမျိုးကလည်း ကျောက်တုံးချေးမည့်သူထံသို့ ကြိုတင်ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။
ကျင်းလီသည် သူမ၏ တွန့်ဆုတ်မှုကို မြင်သောအခါ စိတ်မရှည်သလို မျက်ခုံးကြုံ့၏။
“ဒါကို ဘယ်သူမှ မသိပါစေနဲ့၊ အခု ချက်ချင်း ပြန်သွားပြီး မိသားစုထဲက လူကြီးတွေကို နတ်ဆိုးချောက်ဆီကနေ နတ်ဘုရားကျောက်တုံးတွေ ဖြစ်နိုင်သမျှ အများဆုံး ချေးခိုင်းလိုက်”
သူမက ပြတ်သားစွာ အမိန့်ပေးလိုက်၏။ ကျင်းလီမှာ ယခင်ကကဲ့သို့ နုနယ်သော ဧကရီတစ်ဦး မဟုတ်တော့ဘဲ သူမ၏ လုပ်ဆောင်ချက်များမှာ ပြတ်သားလွန်းလှသည်။
အမျိုးသမီးမှာ သံသယများ ရှိနေသော်လည်း မတတ်သာတော့ပေ။
“ကောင်းပါပြီ သခင်မလေး”
အောက်ကမ္ဘာမှ ပြန်လာပြီးနောက် သူမ၏ သခင်မလေးမှာ ပြောင်းလဲသွားပြီး ပို၍အေးစက်ကာပြတ်သားလာခဲ့သည်။ သူမ အမိန့်ပေးလိုက်လျှင် ၎င်းမှာ အပြီးသတ်ပင်။
“များများချေးနိုင်လေ ပိုကောင်းလေပဲ”
ကျင်းလီက ထပ်လောင်း ပြောလိုက်၏။ သတင်းပေါက်ကြားသွားမည်ကိုတော့ သူမ စိတ်မပူပေ။ ကျိယွမ်က နတ်ဆိုးချောက်ကမ်းပါးအရှင် ကိုယ်တိုင်ကို သွားပြောလျှင်ပင် ထိုအရှင်က ယုံမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံကိုးထပ်၌ မြင့်မြတ်နယ်မြေကြီးတစ်ခုက အခြားနယ်မြေတစ်ခုကို မဖျက်ဆီးမီတွင် ကျောက်တုံးများ ရသလောက်ချေးယူသည့် ကိစ္စမျိုး မည်သည့်အခါမှ မရှိခဲ့ဖူးသောကြောင့်ပင်။
အမျိုးသမီး ထွက်သွားသည်ကို ကြည့်ရင်း ကျိယွမ်က ရယ်မောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ့နောက်လိုက်ရင် မင်းတို့ ဘဝက ကောင်းသွားမှာပါ။ ထမင်းလည်း ဝဝစားရမယ်၊ ဟင်းဆိုရင်လည်း အမဲသားဟင်း ပါမယ်၊ ခေါက်ဆွဲစားရင်တောင် ကြက်ဥတစ်လုံး အပိုပါဦးမယ်”
အမျိုးသမီးမှာမူ စကားတစ်လုံးမှ ပြန်မပြောနိုင်တော့ပေ။
သခင်မလေးကတော့ အချစ်ကြောင့် စုံလုံးကန်းနေလေ၂ပြီ..။
.............
လနတ်ဘုရားနန်းတော်မှ ထွက်လာပြီးနောက် ကျိယွမ်သည် အထီးကျန်ခြင်းနှင့်အတူ ဝမ်းနည်းသလို ခံစားလိုက်ရ၏။
“ဟင်း... ငါ့ရဲ့ သရုပ်ဆောင်ဦးထုပ်ကို ပြန်ဆောင်းရမယ့် အချိန်ရောက်ပြီပေါ့”
“ငါ ကမ္ဘာ့အကြီးဆုံး လျှို့ဝှက်ချက် ဆယ်ခုထဲက တစ်ခုကို ရှာတွေ့သွားပြီ ထင်တယ်”
“ထူးဆန်းလိုက်တာ၊ ဒါရိုက်တာက ဘယ်သူလဲ၊ ထုတ်လုပ်သူက ဘယ်သူလဲ၊ ငါက ဘာလို့ ပိုက်ဆံမရတာလဲ”
“ဘယ်သူက ငါ့ကို ပိုက်ဆံပေးဖို့ ကျန်နေသေးတာလဲ”
ကျိယွမ်မှာ သူ၏ထုံးစံအတိုင်း အတန်ကြာအထိ အတွေးများ ကွန့်မြူးနေတော့သည်။
သို့သော် ယခုအခါမှာ ထိုအရာများကို တွေးနေရမည့် အချိန်မဟုတ်ပေ။ သူသည် သရုပ်ဆောင်ခြင်းအပေါ်မှာသာ အာရုံစိုက်ရမည် ဖြစ်သည်။
နတ်ဆိုးချောက်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ကျဆင်းလာ၏။ ကြီးမားသော မျက်လုံးကြီးတစ်ခုမှာလည်းကြောက်လန့်တကြားဖြင့် ကျုံ့သွားပြီး
၎င်း၏ အသိုက်ထဲသို့ အမြန်ဝင်ပြေးသွားတော့သည်။
နတ်ဆိုးချောက်တွင် ရှိနေသော ယင်နတ်ဘုရားတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရ၏။ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ပျက်နေပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။
ထိုအခိုက်မှာပင် ကြီးမားသော အသံကြီးတစ်ခု ယင်နတ်ဘုရားအားလုံး၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။
“ကာကွယ်ရေး အစီအရင်တွေကို ဖွင့်လိုက်ကြ၊ အစွမ်းကုန် ကာကွယ်ကြ”
“ဒီယန်နတ်ဘုရားက တံခါးပိတ် ကျင့်ကြံတော့မယ်၊ ငါ့ကို လာမနှောင့်ယှက်ကြနဲ့”
အမိန့်သံကို ကြားလိုက်ရသောအခါ နတ်ဆိုးချောက်မျိုးနွယ်စုမှ ယင်နတ်ဘုရားအများစုမှာ မျက်နှာပျက်သွားကြပြီး အများစုမှာ တည်ကြည်လေးနက်သွားကြသည်။
ချက်ချင်းဆိုသလို တီးတိုးပြောဆိုမှုများနှင့် လျှို့ဝှက်သတင်းပေးပို့မှုများ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
“ဘာတွေ ဖြစ်နေတာလဲ”
“အရှင်သခင်ဖုန်းကွေ့နဲ့ တခြားအရှင်တွေ ပျောက်နေတာ ရက်အနည်းငယ် ရှိပြီ...”
“ကြီးမားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်နေတာတော့ သေချာတယ်"
နတ်ဆိုးချောက်ကမ်းပါးအရှင်၏ လနတ်ဘုရားနန်းတော်သို့ တိုက်ခိုက်မှုမှာ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း နတ်ဆိုးချောက်အတွင်းရှိ ဒဏ္ဍာရီလာအဆင့် ကျင့်ကြံသူ အများအပြား ပျောက်ဆုံးသွားခြင်းကိုတော့ သတိမထားမိဘဲ မနေနိုင်ပေ။
ထို့အပြင် မကြာသေးမီ ရက်များအတွင်းက လနတ်ဘုရားနန်းတော်ဘက်မှ ယန်နတ်ဘုရားအဆင့် တိုက်ပွဲများ၏ တုန်ခါမှုများကို သူတို့ ခံစားခဲ့ရဖူးသည်။
ယခုအခါ နတ်ဆိုးချောက်အရှင်သခင်၏ ရုတ်တရက် တံခါးပိတ် ကျင့်ကြံခြင်းနှင့် ကာကွယ်ရေး အစီအရင်များဖွင့်လှစ်ခြင်းတို့ကို ပေါင်းစပ်ကြည့်လိုက်သောအခါ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီ ဖြစ်ကြောင်း သူတို့ ခန့်မှန်းမိသွားကြတော့သည်။
အားလုံးမှာ စိုးရိမ်စိတ်များဖြင့် ထိတ်လန့်နေကြကုန်သည်။
ထိုအချိန်တွင် နတ်ဆိုးချောက်အရှင်၏ အသိုက်အတွင်း၌ ကျိယွမ်မှာ ပြင်းထန်သော ဒဏ်ရာများ ရထားသကဲ့သို့ တည်ငြိမ်မှုမရှိသော အရှိန်အဝါဖြင့် စောင့်ဆိုင်းနေ၏။
“ဒီမျက်လုံးကြီးက တကယ်ကို ကြည့်ရဆိုးတာပဲ”
“ဟင်း... အခုခေတ် သရုပ်ဆောင်တွေက ကြည့်ရဆိုးတဲ့ မိတ်ကပ်တွေ ပြင်ရမှာ ဒါမှမဟုတ် လူဆိုးနေရာက သရုပ်ဆောင်ရမှာကို မကြိုက်ကြတာ မဆန်းပါဘူး။ ငါ့ရဲ့ အစီအစဉ်သာ မဟုတ်ရင် ငါက ဘာလို့ ဒီလို မျက်လုံးကြီးနဲ့သတ္တဝါအဖြစ် သရုပ်ဆောင်နေပါ့မလဲ”
ကျိယွမ်တွင် အသေးစိတ် အစီအစဉ်တစ်ခု ရှိပြီးသားပင်။ ထိုစစ်ဆင်ရေး၏ အမည်မှာ “ရေတွင်းကို အိမ်ပြန်ခေါ်ခြင်း” ဖြစ်သည်။
၎င်းတွင် အဆင့် သုံးဆင့် ရှိ၏။ ဤအစီအစဉ် အောင်မြင်စေရန် သူသည် ဗုဒ္ဓနိုင်ငံတော်ကိုရတနာကို ဆောင်ထားသော ဝူထျန်းဗုဒ္ဓကိုပင် ခေါ်ယူထားသည်။
တိကျမှုနှင့် စေ့စပ်မှုအရ ဤအစီအစဉ်မှာ ကျိယွမ် ဖန်တီးခဲ့ဖူးသမျှ အစီအစဉ်များအနက် ထိပ်တန်း သုံးခုအတွင်း ပါဝင်ပေသည်။
ဝူထျန်းဗုဒ္ဓကို သူ၏ ဗုဒ္ဓနိုင်ငံတော်နှင့်အတူ ခေါ်ဆောင်လာခြင်းမှာ ဟန်ရှန်း၏ နာမည်ကျော် စစ်ဗျူဟာဖြစ်သော အခြားတစ်ဖက်မှ လှည့်စားကာ ရန်သူ့နယ်မြေကို လျှို့ဝှက်ဖြတ်ကျော်ခြင်းနှင့် တူလှသည်။ ဟန်ရှန်းမှာ စစ်နတ်ဘုရားဟု ကျော်ကြားသော်လည်း ကျိယွမ်ကမူ မိမိကိုယ်ကို အစီအစဉ်များ၏ အရှင်သခင်ဟု မှတ်ယူထား၏။
အဆင့် (၁) - မူလသဘောတရားတံခါးကို အသုံးပြု၍ နတ်ဆိုးချောက်အရှင်များနှင့် သူတို့၏ လက်အောက်ခံများကို မျှော်ခေါ်ကာ သတ်ဖြတ်ရန်။
အဆင့် (၂) - အားလုံး အာရုံလွဲနေစဉ်တွင် ပဉ္စမကောင်းကင်ဘုံသို့ လျှို့ဝှက်ဝင်ရောက်ကာ နောက်ထပ် နတ်ဆိုးချောက်အရှင်များကို သတ်ဖြတ်ရန်။
အဆင့် (၃) - ရေတွင်းကို အိမ်ပြန်ခေါ်ရန်။
သူ၏ ရေတွင်းမှာ တစ်ဦးတည်း လွင့်မျောနေခဲ့ရသည်မှာ ကြာလှပြီဖြစ်ပြီး နှိပ်စက်မှုများကိုလည်း ခံခဲ့ရသည်။
ယခုမှာ အိမ်သို့ ပြန်လာပြီး စည်းစိမ်ခံရမည့် အချိန်ပင် ဖြစ်သည်။ ကျိယွမ်သည် ထိုအကြောင်းကို တွေးရင်း အစီအစဉ်ကို သူ၏ စိတ်ထဲတွင် ဆက်လက် ပြင်ဆင်နေ၏။ အချိန်မည်မျှ ကုန်ဆုံးသွားသည်မသိ၊ နတ်ဆိုးချောက်အတွင်း ကြီးမားသော အရှိန်အဝါတစ်ခု ပျံ့နှံ့လာသည်။
ကျိယွမ်သည် မျက်လုံးများကို မှေးလိုက်ကာ တည်ကြည်သော အမူအရာဖြင့် စကားဆိုလိုက်၏။
“မိုဟန်အရှင်သခင်... ရောက်နေပြီဆိုမှတော့ အထဲကို ဘာလို့ ဝင်မလာတာလဲ”
သူ၏ စကား ပဲ့တင်ထပ်သွားသည်နှင့်အမျှ နတ်ဆိုးချောက်အရှင်၏ အသိုက်အတွင်း အစွမ်းထက်သော တည်ရှိမှုကြီးတစ်ခု တိုးလာသည်။
မိုဟန်အရှင်သခင်၏ ပုံရိပ်ပေါ်လာပြီး ကျိယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်၏။
“နတ်ဆိုးချောက်အရှင်... မင်း ဘာဖြစ်နေတာလဲ”
မိုဟန်အရှင်သခင်မှာ နတ်ဆိုးချောက်မျိုးနွယ်စု၏ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား သုံးပါးအနက် တစ်ပါး ဖြစ်ပြီး နတ်ဆိုးချောက်အရှင်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသူ ဖြစ်သည်။
“ဟင်း... အဲဒီ လုံယွဲ့ ဆိုတဲ့ မိန်းမယုတ်ရဲ့ ထောင်ချောက်ထဲကို ငါ မိသွားတာပေါ့"
ကျိယွမ်၏ အသံမှာ အက်ကွဲနေပြီး မျက်လုံးကြီးများတွင် မုန်းတီးမှုများ ပြည့်နှက်နေ၏။
“သူက လက်ထောက်နယ်မြေစောင့်ကြပ်သူ တစ်ယောက်ကိုတောင် စတေးပြီး ယို့ဟွမ်လခြမ်း အစီအရင်ရဲ့ အခွင့်အာဏာ အချို့ကို ဖျက်ဆီးပြီး ငါ့ကို သူ့အစီအစဉ်ထဲ မျှော်ခေါ်ခဲ့တာ”
ကျိယွမ် စကားပြောနေစဉ်တွင် သူ၏ အရှိန်အဝါမှာ ဒေါသများဖြင့် ပြည့်နှက်နေသည်။ အသိုက်အတွင်းရှိ သံကြိုးများပင် မြည်ဟည်းနေပြီး ဟင်းလင်းပြင်မှာလည်း တုန်ခါနေ၏။
ဤသည်ကို ကြားသောအခါ မိုဟန်အရှင်သခင်မှာ ဖြစ်ပျက်ခဲ့သည်ကို အနည်းနှင့်အများ နားလည်သွားသည်။
“နတ်ဆိုးချောက်အရှင်... မင်း ဒီတစ်ခါတော့ သတိလက်လွတ် ဖြစ်သွားခဲ့တာပဲ"
နတ်ဆိုးချောက်အရှင်မှာ လုံယွဲ့၏ အစီအစဉ်အတွင်းသို့ ရောက်ရှိသွားကာ လက်အောက်ခံအများအပြား ဆုံးရှုံးခဲ့ရပုံပေါ်သည်။
“ဒဏ်ရာတွေက ပြင်းထန်လား၊ နတ်ဆိုးချောက်မှာ စစ်ကူတွေ လိုအပ်မလား”
မိုဟန်အရှင်သခင်က မေးလိုက်၏။
နတ်ဆိုးချောက်အရှင်၏ မျက်ဝန်းများမှာ ရုတ်တရက် ကျုံ့သွားပြီး သူ၏ အရှိန်အဝါမှာ ပြင်းထန်စွာ မြင့်တက်လာသည်။
“ငါ ဒဏ်ရာမရဘူး.. နတ်ဆိုးချောက်မှာ ဘာစစ်ကူမှ မလိုဘူး”
ဤသည်ကို မြင်သော်လည်း မိုဟန်အရှင်သခင်၏ အမူအရာမှာ မပြောင်းလဲပေ။ နတ်ဆိုးချောက်အရှင်မှာ အမြဲတမ်း မောက်မာပြီး ဂုဏ်သိက္ခာကြီးမားသူဖြစ်ရာ အားနည်းချက်ကို မည်သည့်အခါမှ ပြသလိုသူ မဟုတ်ပေ။
“အင်း...နတ်ဆိုးချောက်ကို ဆုံးရှုံးအောင်တော့ မလုပ်နဲ့”
မိုဟန်အရှင်သခင်က ပြောလိုက်ပြီးနောက် သူ၏ ပုံရိပ် ကွယ်ပျောက်သွားတော့သည်။
အသိုက်အတွင်း၌ ကျိယွမ်သည် ပလ္လင်ပေါ်တွင် ထိုင်ကာ မျက်လုံးများကို မှေးထားလိုက်၏။
“ငါ သရုပ်ဆောင်တာ ကောင်းရဲ့လားမသိဘူး”
တစ်ဖက်တွင်မူ နတ်ဆိုးချောက်အပြင်ဘက်၌ မိုဟန်အရှင်သခင်၏ ဝိညာဉ်ပုံရိပ် ပြန်ပေါ်လာပြီး သူ၏ အကြည့်မှာ နက်နဲနေသည်။
“နတ်ဆိုးချောက်အရှင်နဲ့ ပတ်သက်ပြီး... တစ်ခုခု ထူးခြားနေသလိုပဲ”
မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရားတစ်ပါးအနေဖြင့် မိုဟန်အရှင်သခင်၏ အာရုံခံစားမှုမှာ အလွန်ပင် ထက်မြက်လှသည်။
“ဒီနေရာနဲ့ ဝေးနေတော့ နတ်ဆိုးချောက်အရှင်ကို အမြဲတမ်း စောင့်ကြည့်လို့ မရဘူး။ ဒါက ပြဿနာပဲ”
မိုဟန်အရှင်သခင်သည် ပြန်လည်စဉ်းစားနေမိ၏။ နတ်ဆိုးချောက်အရှင်နှင့် ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ သံသယဝင်နေမိသည်။
“ဟုတ်ပြီ... မိုချီ က ဒီအနီးအနားမှာ ရှိနေတာပဲ။ ငါ သူ့ကိုရှာပြီး နတ်ဆိုးချောက်အရှင်ကို စောင့်ကြည့်ခိုင်းရမယ်”
မိုဟန်အရှင်သခင်က ထိုသို့တွေးတောရင်း လမင်းအက်ကြောင်းချောက် ဘက်သို့ ဦးတည်လိုက်တော့သည်။
...........