အခန်း (၄၂၀-၄၂၁)
Vol. 39 Ch. 420-421
အခန်း ၄၂၀ - လမင်းစားသောက်ပွဲ
လမင်းစားသောက်ပွဲသည် လမင်းနတ်ဘုရားနန်းတော်၏ အပျော်ရွှင်ရဆုံးနှင့် အစည်ကားဆုံးသော ပွဲတော်များထဲမှ တစ်ခု ဖြစ်သည်။
ကျင့်ကြံသူများအတွက် နှစ်ပေါင်း တစ်သောင်းပြည့် မွေးနေ့ဆိုသည်မှာ အမှန်တကယ်ပင် ဂုဏ်ပြုထိုက်သော ကိစ္စပင် ဖြစ်၏။
လူ့လောကတွင်မူ ထိုကဲ့သို့သော ပွဲမျိုးကို မီးရှူးမီးပန်းများ၊ လမ်းတစ်လျှောက် မိုင်ပေါင်းများစွာ ချိတ်ဆွဲထားသော အနီရောင် အလှဆင်မှုများဖြင့်သာ ကျင်းပကြပေလိမ့်မည်။
ကျင့်ကြံခြင်း လောကတွင်မူ ကျင်းပပုံများက ပို၍ပင် ခမ်းနားထည်ဝါလှသည်။ မီးအိမ်သစ်ပင်များမှာ မီးရောင်ပေါင်း ထောင်ချီ၍ လင်းထိန်နေပြီး မီးရှူးမီးပန်း ပန်းပွင့်များမှာ ခုနစ်ရောင်ခြည်လျှင် တောက်ပစွာ ဖြာထွက်နေ၏။
ထိုညတွင် ပုံမှန်အားဖြင့် မှောင်မိုက်နေလေ့ရှိသော လနတ်ဘုရားနန်းတော်မှာ နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေသည်။ ရံဖန်ရံခါတွင် အခြားတိုက်ပွဲနယ်မြေများမှ ရောက်ရှိလာကြသော ကျင့်ကြံသူများသည် ဝတ်ရုံရှည်များ ဝတ်ဆင်ကာ လက်ဆောင်များ ကိုင်ဆောင်လျက် ကောင်းကင်ယံမှ ပျံသန်းလာကြရာ ပွဲတော်မှာ ပို၍ပင် သက်ဝင်လှုပ်ရှားလာတော့သည်။
လမင်းစားသောက်ပွဲ၏ အိမ်ရှင်ဖြစ်သူ ယွီထျောင်းမှာ အပြာရောင်အတွင်းခံနှင့် အနီရောင်ပိုးပါးဝတ်ရုံကို တွဲဖက်ဝတ်ဆင်ထားရာ ပျော်ရွှင်မှုနှင့် မြင့်မြတ်မှုတို့မှာ သူမထံမှ အတိုင်းသား ပေါ်လွင်နေ၏။
သူမသည် ခန်းမ၏ အရှေ့ဆုံးတွင် ထိုင်နေပြီး သူမ၏ မျက်နှာတွင် အပြုံးများ အမြဲ ရှိနေသည်။
"နယ်မြေစောင့်ကြပ်သူ ဟုန်ကျွင်းကို ကျွန်မကိုယ်စား ကျေးဇူးတင်စကား ပါးပေးပါဦး"
လက်ဆောင် ယူဆောင်လာသော ဧည့်သည်မှာ နယ်မြေစောင့်ကြပ်သူ ဟုန်ကျွင်း၏ ညီဖြစ်သူ ဖြစ်သည်။
နယ်မြေစောင့်ကြပ်သူ ဆိုသည်မှာ နတ်ဆိုးချောက်၏ နယ်မြေတစ်ခုတွင် ယန်နတ်ဘုရားပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်၏။ ထူးခြားသော အခြေအနေမျိုးမှလွဲ၍ နယ်မြေစောင့်ကြပ်သူများသည် သူတို့၏ နယ်မြေမှ ထွက်ခွာလေ့ မရှိကြပေ။
စားသောက်ပွဲ အိမ်ရှင်ယွီထျောင်းအတွက်မူ နယ်မြေစောင့်ကြပ်သူ ဟုန်ကျွင်းက သူ၏ညီကို လက်ဆောင်နှင့်တကွ စေလွှတ်လိုက်ခြင်းမှာ ငြင်းမရသော ဂုဏ်ပြုမှုပင် ဖြစ်သည်။
"နယ်မြေ ၁၉ ခုထဲက စောင့်ကြပ်သူ တစ်ဝက်လောက်က အစ်မကို ဂုဏ်ပြုဖို့ လူလွှတ်ထားကြတာပဲ။ အစ်မယွီထျောင်းကတော့ တကယ့်ကို အားကျဖို့ ကောင်းတယ်"
"ငါသာ မွေးနေ့ပွဲ လုပ်ရင်တော့ ဘယ်သူမှ လာမှာ မဟုတ်ဘူး။ နယ်မြေစောင့်ကြပ်သူတွေ ဆိုရင်တော့ လူလွှတ်ဖို့ နေနေသာသာ စိတ်တောင် ဝင်စားမှာ မဟုတ်ဘူး"
လမင်းနတ်ဘုရားနန်းတော်၏ ခန်းမအတွင်းအပြင်တွင် စကားပြောသံများနှင့် ရယ်မောသံများမှာ ဖုံးလွှမ်းနေ၏။ လူအများမှာ ယွီယောင်းကို အားကျသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။
တိတ်ဆိတ်သော ထောင့်တစ်နေရာမှာတော့ လရောင်နုနုအောက်တွင် ပတ်ဝန်းကျင်မှာ ပို၍တည်ငြိမ်အေးချမ်းနေသည်။
ယွဲ့ရွှမ်းက ဘေးနားရှိ အမျိုးသမီးကို ကြည့်လိုက်ပြီး မှတ်ချက်ချ၏။
"နင် မွေးနေ့ပွဲ လုပ်တဲ့ အခါကျရင်တော့ အခုထက် ဆယ်ဆ မကဘူး၊ အဆပေါင်း တစ်ရာလောက် ပိုပြီး စည်ကားမှာ သေချာတယ်"
ထိုအမျိုးသမီးမှာ ဘာမှမပြောဘဲ တည်ငြိမ်စွာပင် ရှိနေသည်။
ယွဲ့ရွှမ်းက သူမကို သေသေချာချာ ထပ်မံကြည့်လိုက်ပြီး ထပ်မံချီးကျူးလိုက်ပြန်၏။
"နင်က နည်းနည်းလေး ပြင်ဆင်လိုက်တာနဲ့တင် ဒီမှာရှိတဲ့ လူအားလုံးကို လွှမ်းမိုးသွားတာပဲ။ နင် ယွီထျောင်းကို သွားပြီး ဂုဏ်မပြုတာ ပိုကောင်းမယ်။ မဟုတ်ရင် သူက မနာလိုဖြစ်ပြီး နင့်ကို ကျိန်ဆဲနေဦးမယ်"
မွေးနေ့ဖြစ်သောကြောင့်လား သို့မဟုတ် ယွဲ့ရွှမ်းက တိုက်တွန်းသောကြောင့်လား မသိရပေ။ ကျင်းလီသည် ယနေ့တွင် သူမ၏ ရိုးရှင်းသော ဝတ်ရုံများကို လဲလှယ်ထားသည်။
သူမ၏ နှင်းကဲ့သို့ ဖြူစင်သော အသားအရေပေါ်တွင် မိတ်ကပ်ပါးပါး လိမ်းခြယ်ထားပြီး ဆံပင်ကို ရွှေရောင်ဆံထိုးဖြင့် ထိုးထားရာ နုနယ်ပြီး ဆွဲဆောင်မှု ရှိနေ၏။
သူမသည် ရွှေရောင်ဖျော့ဖျော့ ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး အဝါရောင်ပဝါပါးကို ခြုံထား၏။ အတွင်းမှ ကြာပန်းရောင်ဝတ်စုံကို ဝတ်ထားပြီး ခါးတွင် ငှက်နီကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ လင်လုံယွီရှီမှာလည်း ကျကျနန တွဲလောင်းကျနေသည်။
သူမ၏ စကတ်ပေါ်တွင်မူ ရွှေချည်မျှင်များဖြင့် ပန်းချီကားချပ်သဖွယ် ထိုးထား၏။
သွယ်လျသော ခါးလေးနှင့် သူမ၏ဖွံ့ဖြိုးသောရင်အစုံမှာ သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။
မိတ်ကပ်ပါးပါးနှင့် သူမ၏ လှပသော မျက်နှာမှာ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ပင်။
"ဒါက... တိုက်ပွဲဝင်ဖို့အတွက်တော့ မသင့်တော်ဘူး"
ပန်းတစ်ပွင့်ကဲ့သို့ လှပသော အမျိုးသမီးက သတ်ဖြတ်လိုသော အငွေ့အသက်များ ပါဝင်နေသည့် အသံဖြင့် ပြောလိုက်သည်။
ထိုအခါ ယွဲ့ရွှမ်းက သက်ပြင်းချ၏။
"လမင်းကညာတွေထဲမှာ နင်ကတော့ ပိုးပန်းတဲ့သူ အနည်းဆုံးပဲ။ အဲဒီ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေနဲ့ လူတွေကို ခြောက်လှန့်နေတာကိုး"
လမင်းကညာများကို အိမ်ထောင်ပြုခွင့် တားမြစ်ထားသော်လည်း သူတို့ကို ပိုးပန်းသူများမှာမူ ဒုနဲ့ဒေး ရှိနေဆဲပင်။
အကယ်၍ ခဏတာ ရင်းနှီးမှုမျိုး ရှိခဲ့လျှင်လည်း လမင်းနတ်ဘုရားနန်းတော်က လျစ်လျူရှုပေးလေ့ ရှိသည်။
ကျင်းလီမှာမူ ဘာမှမဖြစ်သကဲ့သို့ပင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ လင်လုံယွီရှီကိုသာ ညင်သာစွာ ပွတ်သပ်နေ၏။
မွေးနေ့ပွဲ ကျင်းပနေစဉ် လူများမှာ ပို၍ ရောက်ရှိလာကြသည်။ ယခုအချိန်တွင် မဟာအုပ်စိုးရှင်များမှာ လူအများ၏ အာရုံစိုက်မှုကို မရတော့ပေ။ ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တစ်ဦး ရောက်လာမှသာ လူများက သတိထားမိကြတော့သည်။
"ကျိကွေက စီနီယာအစ်မကို ဂုဏ်ပြုပါတယ်။ လက်ဆောင်အဖြစ် မွေးရာပါမူလစွမ်းအင်သုံးခုကို ဆက်သပါတယ်၊ စီနီယာအစ်မ ကြယ်စင်နယ်မြေကို မြန်မြန် ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်"
ထိုအချိန်တွင် ဒဏ္ဍာရီလာအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက သူမ၏ လက်ဆောင်ကို ပေးအပ်လိုက်ရာ အောက်ခြေရှိ ယင်နတ်ဘုရားများစွာ၏ အာရုံကို ဖမ်းစားလိုက်သည်။
သို့သော် ဂုဏ်သရေရှိ ဧည့်သည်များ ကြားတွင်မူ ဤလက်ဆောင်မှာ သာမန်မျှသာ ဖြစ်၏။
ယွီထျောင်း၏ မျက်လုံးများမှာ တောက်ပသွားလေသည်။
"ကျေးဇူးပါပဲ ဂျူနီယာညီမလေး။ နင်လည်း ကြယ်စင်နယ်မြေကို မြန်မြန် ရောက်ပါစေ"
သူမက ပြုံးလျက် ပြန်ပြောလိုက်သည်။
ကျိကွေက ယဉ်ကျေးစွာ ပြုံးပြပြီး အနည်းငယ် စကားစမြည် ပြောဆိုလိုက်၏။ ဤမြင်ကွင်းကို ယွဲ့ရွှမ်းက သတိထားမိလိုက်ပြီး သူမ၏ မျက်လုံးများတွင် သံသယများ အရိပ်အယောင် ပေါ်လာသည်။
"သူ့ကိုကြည့်ရတာ တစ်ခုခု မှားနေတယ်..."
"ဟင် ဘာလို့လဲ "
ငြိမ်သက်နေသော ကျင်းလီက အံ့အားသင့်သလို မေးလိုက်၏။
"သူက ငါတို့ကို သစ္စာဖောက်ဖို့ ကြံနေတယ်လို့ သတင်းတွေ ကြားထားတယ်။ သူက ဒီလိုလူတွေအငိုက်မိတဲ့နေ့မျိုးမှာ လနတ်ဘုရားနန်းတော်ကနေ ထွက်ပြေးပြီး နတ်ဆိုးချောက်နဲ့ ပူးပေါင်းဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်"
ယွဲ့ရွှမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။ ကျင်းလီနှင့် မတူသည်မှာ ယွဲ့ရွှမ်းသည် သတင်းအချက်အလက် စုဆောင်းသော လျှို့ဝှက်စုံစမ်းရေးအဖွဲ့ဝင် ဖြစ်၏။
"သူနဲ့ သူ့ရဲ့ အဆက်အသွယ်ကို ကြားဖြတ်ဖမ်းဖို့ စိတ်ဝင်စားလား။ ဒါက တကယ့် အောင်မြင်မှုကြီး ဖြစ်မှာနော်"
ယွဲ့ရွှမ်းက ကျင်းလီအား လှည့်ကာမေးလိုက်သည်။
သူတို့ကသာ လနတ်ဘုရားနန်းတော်အတွင်း၌ ရှိနေသေးသရွေ့ ကျိကွေက ထွက်မပြေးနိုင်ပါက ဘာမှ အမှားအယွင်းဖြစ်မည် မဟုတ်ပေ။
ယို့ဟွမ်လခြမ်းနှင့် လုံယွဲ့ယန်နတ်ဘုရားတို့ ရှိနေသရွေ့ ဤနေရာမှာ လုံခြုံမှု ရှိသည်။ ကျိကွေကဲ့သို့ သစ္စာဖောက်များမှာ လနတ်ဘုရားနန်းတော်တွင်သာမက နတ်ဆိုးချောက်ထဲတွင်လည်း ရှိနေကြ၏။
"ကောင်းပြီလေ"
ကျင်းလီက ခေါင်းငြိမ့်လိုက်သည်။
"နင့်ကို မွေးနေ့မှာတောင် အလုပ်လုပ်ခိုင်းနေမိပြီ။ ငါကတော့ တကယ်ကို နှလုံးသား မရှိတဲ့သူပဲ"
ယွဲ့ရွှမ်းက နောက်ပြောင်လိုက်၏။
အပေါ်ဘက်တွင် လူအများက ပျော်ရွှင်စွာ ရယ်မောနေကြသော်လည်း ထောင့်တစ်နေရာရှိ ကျင်းလီမှာမူ ထိုပွဲတော်နှင့် လုံးဝ ဝေးကွာနေသကဲ့သို့ပင်။
"ဟူး.. နင်က ယွီထျောင်းလိုမျိုး ခမ်းနားတဲ့ ဘဝနဲ့ နေသင့်တာ"
ထို့နောက် ယွဲ့ရွှမ်းက စည်ကားနေသောလူများကိုကြည့်ကာ အားမရစွာ ညည်းတွားလိုက်မိပြန်သည်။
ကျင်းလီသည် လကညာတစ်ဦးဖြစ်ပြီး လနတ်ဘုရားနန်းတော်တွင် ယန်နတ်ဘုရားများထက်ပင် အဆင့်မြင့်သော ပုဂ္ဂိုလ် ဖြစ်၏။
အခြားသော လကညာများမှာမူ မွေးနေ့ပွဲ မကျင်းပလျှင်တောင် ဧည့်သည်များစွာကို လက်ခံရလေ့ ရှိသည်။ မလာနိုင်သော သူများကပင် စာများနှင့် လက်ဆောင်များ ပေးပို့ကြ၏။
သို့သော် ယနေ့ အချိန်အတော်ကြာသည့်တိုင်အောင် ကျင်းလီထံသို့ လက်ဆောင် သို့မဟုတ် စာ တစ်စောင်မျှပင် ရောက်မလာခဲ့ပေ။
သတင်းအချက်အလက်ဌာနကို တာဝန်ယူထားသော ယွဲ့ရွှမ်းမှာလည်း ကျင်းလီအတွက် မည်သည့် စာကိုမျှ မရရှိခဲ့ပါ။ ကျင်းလီသည် ပြန်ရောက်လာပြီးကတည်းက အချိန်အားလုံးကို နတ်ဆိုးချောက်ထဲတွင်သာ ကုန်ဆုံးစေပြီး တိုက်ပွဲဝင်နေခဲ့ရာ အခြားသူများနှင့် ဆက်ဆံမှု နည်းပါးလှသည်ကို ယွဲ့ရွှမ်းက နားလည်ထား၏။ ထို့ကြောင့်လည်း သူမထံသို့ လာရောက်သူ နည်းပါးနေခြင်းပင်။
"ဒါတွေက အရေးမကြီးပါဘူး"
ကျင်းလီက ခေါင်းခါလျက် ပြောလိုက်သည်။ ဤအရာများမှာ သူမအတွက် တစ်ခါမျှ အရေးမပါခဲ့ပေ။
"နင်ကတော့လေ..."
ယွဲ့ရွှမ်းက သက်ပြင်းချကာ ခေါင်းခါ၏။
"သွားရအောင်။ သူ့နောက်ကို လိုက်ကြမယ်"
ကျိကွေမှာ ခဏသာနေပြီး ထွက်ခွာသွားပြီ ဖြစ်သည်။
"ကောင်းပြီ"
သူတို့ နှစ်ဦးစလုံးသည် ကိုယ်ယောင်ဖျောက်ကာ စည်ကားနေသော လမင်းစားသောက်ပွဲမှ ထွက်ခွာခဲ့ကြသည်။ လနတ်ဘုရားနန်းတော်မှာမူ မီးရောင်စုံများဖြင့် ဆက်လက် စည်ကားနေဆဲပင် ဖြစ်၏။
"သူ ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် သွားနေတာ ကြည့်ရတာ တစ်ခုခုတော့ လုပ်တော့မှာ သေချာတယ်"
ယွဲ့ရွှမ်းက မျက်လုံးများ တောက်ပလာလျက် ပြောလိုက်သည်။ သစ္စာဖောက်တစ်ဦးကို၊ အထူးသဖြင့် ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ဖမ်းမိခြင်းမှာ ကြီးမားသော အောင်မြင်မှုပင်။
ကျင်းလီနှင့် ယွဲ့ရွှမ်းတို့မှာ ကျိကွေ၏နောက် ခပ်လှမ်းလှမ်းမှ လိုက်ပါသွားကြ၏။
"ဒဏ္ဍာရီလာအဆင့် တစ်ယောက်က သစ္စာဖောက်ဖို့ ရွေးချယ်လိုက်တာတော့ နှမြောစရာပဲ။ သူ ဘယ်သူနဲ့ တွေ့မှာပါလိမ့်။ မဟာအုပ်စိုးရှင်လား ဒါမှမဟုတ် နောက်ထပ် ဒဏ္ဍာရီလာအဆင့် တစ်ယောက်လား"
ယွဲ့ရွှမ်းက အတွေးနက်စွာရေရွတ်လိုက်သည်။
မှိန်ပျပျ လရောင်အောက်တွင် လကညာ နှစ်ဦးမှာ ကျိကွေ၏ နောက်မှ တည်ငြိမ်စွာ လိုက်နေကြ၏။
"အစွမ်းထက်တဲ့လူ ဖြစ်ရင်တော့ ကောင်းမှာပဲ"
ကျင်းလီက အေးစက်စွာ ပြောလိုက်သည်။ သူမအတွက်တော့ ပြိုင်ဘက်က ပိုပြီး အစွမ်းထက်လေလေ ရရှိမည့် တိုက်ပွဲအောင်မြင်မှုက ပိုကြီးလေလေပင် ဖြစ်၏။ထိုအခါမှသာ ကုသိုလ်ရမှတ်က မြန်မြန်ပြည့်မည် ဖြစ်သည်။
"ဟုတ်တာပေါ့"
ယွဲ့ရွှမ်းက သဘောပေါက်စွာရယ်မောလိုက်သည်။
ဤနေရာမှာ လနတ်ဘုရားနန်းတော်၏ နယ်မြေဖြစ်ရာ အကယ်၍ သူတို့ အနိုင်မတိုက်နိုင်သော ရန်သူနှင့် တွေ့ခဲ့လျှင်ပင် အလွယ်တကူ ထွက်ပြေးနိုင်ပေသည်။
သူတို့သည် ကျိကွေ၏ နောက်သို့ မိုင်ပေါင်း ထောင်ချီ၍ လိုက်လာခဲ့ကြ၏။
လနတ်ဘုရားနန်းတော်၏ ဆူညံသံများနှင့် အရောင်အသွေးများမှာ ကွယ်ပျောက်သွားပြီး ခြောက်ကပ်ငြိမ်သက်မှုနှင့် အေးစက်သော လရောင်တို့က အစားထိုးလာခဲ့သည်။ နောက်ဆုံးတွင် ကျိကွေသည် ရေကန်ဘေး တစ်နေရာ၌ ရပ်လိုက်၏။
ရုတ်တရက် ယွဲ့ရွှမ်း၏ မျက်လုံးများမှာ အံ့အားသင့်ကာ ဝိုင်းစက်သွားသည်။
"နေဦး။ သူက တစ်ယောက်တည်း မဟုတ်ဘူးလား"
ရှေ့တွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ပေါ်လာ၏။ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရသည်မှာ အမျိုးသမီးတစ်ဦး ဖြစ်ပုံရသည်။
ယွဲ့ရွှမ်း၏ မျက်နှာမှာ သတိကြီးစွာ ထားလိုက်သည့် ပုံစံ ပေါ်လာသည်။
"ဒဏ္ဍာရီလာအဆင့်ပဲ"
ကျင်းလီကလည်း မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
"သူက ဘယ်သူလဲ။ အကြွင်းမဲ့လမင်းချောက်က ဒဏ္ဍာရီလာအဆင့် တစ်ယောက်လား"
ယွဲ့ရွှမ်းက အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနေမိသည်။ အနက်ရောင်ဝတ်စုံအမျိုးသမီးနှင့် ကျိကွေတို့မှာ ရေကန်ဘေးတွင် ရပ်ကာ စကားပြောနေကြပုံ ရသည်။
ထိုစဉ် ယွဲ့ရွှမ်း၏ မျက်လုံးများမှာ အံ့အားသင့်ဟန်များပေါ်လာပြီး ကျင်းလီကို ကြည့်၏။
"အော်... နင့်မွေးနေ့ကို မှတ်မိနေတဲ့လူ ရှိနေသေးတာပဲ။ နင် စာတစ်စောင် ရထားတယ်"
ယွဲ့ရွှမ်းသည် နတ်ဆိုးချောက်၏ သတင်းအချက်အလက်ဌာနကို တာဝန်ယူထားသူ ဖြစ်သည်။ ပြင်ပလောကမှ မည်သည့်စာမဆို သူမ၏ ကွန်ရက်ကို ဖြတ်သန်းရ၏။ လွန်ခဲ့သော ခဏကပင် သူမသည် စာအချို့ကို လက်ခံရရှိခဲ့သည်။
ထိုအထဲမှ တစ်စောင်မှာ ကျင်းလီထံသို့ ပေးပို့ထားခြင်း ဖြစ်၏။
"အင်း"
ကျင်းလီသည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကိုသာ ဆက်လက် အာရုံစိုက်နေသည်။
အကြွင်းမဲ့လမင်းချောက်တွင် ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်များစွာ မရှိပေ။ ထို့ကြောင့် ယခုသစ္စာဖောက်မှုအပေါ် တွေးတောရင်း သူမ စိတ်မအေး ဖြစ်နေရသည်။
စာနှင့် ပတ်သက်၍မူ သူမ သိပ်ပြီး စိတ်မဝင်စားပေ။ ယွဲ့ရွှမ်း ပြောသကဲ့သို့ပင် သူမမှာ လကညာ တစ်ဦးဖြစ်ရာ မွေးနေ့တွင် ဂုဏ်ပြုစာများ ရရှိခြင်းမှာ သဘာဝပင် ။
"စာက ရောက်လာမှတော့ ..ငါ အဲဒါကို ဖွင့်ဖတ်လိုက်ရမလား"
ယွဲ့ရွှမ်းက မေးလိုက်သည်။ ကျင့်ကြံသူများအတွက်မူ အလုပ်နှစ်ခုကို တစ်ပြိုင်တည်း လုပ်ဆောင်ရန်မှာ လွယ်ကူသော ကိစ္စပင်။
ကျင်းလီမှာမူ ဘာတုံ့ပြန်မှုမျှ မပြဘဲ တည်ငြိမ်စွာသာ ရှိနေသည်။
"အိုး.. စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဒုတိယကောင်းကင်ဘုံက နင် သိတဲ့လူတစ်ယောက်က ပို့လိုက်တာပဲ။ ဒီစာ ရောက်လာဖို့ သုံးနှစ်တောင် ကြာသွားတယ်"
ယွဲ့ရွှမ်းက အံ့အားသင့်စွာ မှတ်ချက်ပေးလိုက်၏။
ထိုစာမှာ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကြန့်ကြာနေခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့တွင်မှ ကျင်းလီထံသို့ ပေးပို့ရန် သတ်မှတ်ထားခြင်း ဖြစ်သည်။
"ဟုတ်လား"
လရောင်အောက်တွင် ကျင်းလီ၏ နှလုံးသားမှာ ဒိတ်ခနဲ ဖြစ်သွား၏။
ယွဲ့ရွှမ်းက စာပါ အကြောင်းအရာများကို ကျောက်စိမ်းပြားတစ်ခုထဲသို့ ထည့်သွင်းကာ ကျင်းလီထံသို့ ပေးလိုက်သည်။
"ကြည့်ကြည့်ဦး။ ဒါက နည်းစနစ်တစ်ခုခုနဲ့ တူတယ်"
"ဒုတိယကောင်းကင်ဘုံကနေ ဆဋ္ဌမကောင်းကင်ဘုံအထိ နည်စနစ်တစ်ခုကို ခက်ခက်ခဲခဲ ပို့ပေးတယ်ဆိုတာ တကယ်ကို ထူးဆန်းတာပဲ"
ကျင်းလီ၏ တည်ငြိမ်နေသော မျက်လုံးများတွင် ခံစားမှုလှိုင်းကလေးများ ပေါ်လာ၏။
သူမသည် မျှော်လင့်ချက်နှင့်အတူ ကြောက်ရွံ့မှုတို့ ရောပြွမ်းစွာခံစားနေရသည်။
သူမ၏ သွယ်လျသော လက်ကလေးဖြင့် ကျောက်စိမ်းပြားကို လှမ်းယူလိုက်၏။
လွန်ခဲ့သော အချိန်များက စစ်သူကြီး ပြောခဲ့သော စကားများမှာ သူမ၏နားထဲတွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာတော့သည်။
"အတိတ်တုန်းက ကျွန်မ အရှင့်ကို မတွေ့ခဲ့ရဘူး၊ ဝမ်းနည်းမှုတွေက နှင်းထုတွေလိုပဲ နှစ်ပေါင်းများစွာ ကျွန်မအပေါ်မှာ လွှမ်းမိုးထားခဲ့တယ်"
"ဒီနေ့မှာလည်း ကျွန်မ အရှင့်ကို မတွေ့ရသေးဘူး၊ ကျွန်မရဲ့ မျက်လုံးတွေက နှင်းစက်ကလေးတွေကို ကြည့်နေရသလိုမျိုး အချိန်တွေ ကုန်ဆုံးသွားတာကိုတောင် သတိမထားမိလောက်အောင် အရှင့်ကို တမ်းတနေမိတယ်"
"အနာဂတ်မှာ ကျွန်မ အရှင့်ကို တွေ့ရတဲ့အခါ၊ ကျွန်မတို့ နောက်ကျပြီးမှ ပြန်ဆုံရတာကိုလည်း နောင်တမရဘူး၊ ကျွန်မတို့ အတူရှိရတဲ့ အချိန်တွေ တိုတောင်းတာကိုလည်း အပြစ်မတင်ပါ"
"သင်နှင့်တွေ့ဆုံခြင်း..."
ထိုနည်းစနစ်၏ အမည်မှာ 'သင်နှင့်တွေ့ဆုံခြင်း' ပင် ဖြစ်၏။
ထိုခဏတွင် ကျင်းလီ၏ မျက်လုံးများတွင် မျက်ရည်များ ဝဲလာတော့သည်။
ဇူလိုင်ရေကန် ဘေးတွင်၊ ဆောင်းရာသီ နှင်းများကြားတွင် ငါးမျှားနေသော မျက်နှာမဲ့ဓားနတ်ဘုရား၏ ပုံရိပ်မှာ သူမ၏ စိတ်ထဲတွင် ပေါ်လာ၏။
သူက ငါ့ကို အမြဲတမ်း စောင့်နေခဲ့တာပဲ။
ထိုအချိန်က သူမသည် သူ့ကို မတွေ့ရသေးပေ။ သူကလည်း သူစောင့်နေခဲ့သော လကညာလေးမှာ သူ တမ်းတနေခဲ့သော သူဖြစ်ကြောင်းကို မသိခဲ့ပေ။
ကျင်းလီသည် ကျောက်စိမ်းပြားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
ထိုနည်းစနစ်၏ အမည်ကို မြင်ရုံနှင့်ပင် ဤစာမှာ သူ့ထံမှ ဖြစ်ကြောင်း သူမ ဧကန်မလွဲ သိလိုက်ရလေပြီ။
သူ အသက်ရှင်နေသေးသည်။
ပြီးတော့ သူက သူမနှင့် တွေ့ဆုံရန် လာနေပြီ။
သူသည် ဒုတိယကောင်းကင်ဘုံတွင် ရှိနေ၏။
ကျင်းလီမှာ ဝမ်းသာအားရ ဖြစ်သွားပြီး မျက်ရည်များဝဲလာကာ ယွဲ့ရွှမ်းကို ကြည့်လိုက်ပြီး အရေးတကြီးပြောလိုက်သည်။
"ငါ ဒုတိယကောင်းကင်ဘုံကို သွားရမယ်"
သူမ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။
သူမသည် ဆဋ္ဌမကောင်းကင်ဘုံတွင် နောက်ထပ် တစ်စက္ကန့်မျှပင် မနေချင်တော့ပါ။
ယွဲ့ရွှမ်း၏ အပြုံးမှာ အေးခဲသွားတော့သည်။
သူမသည် တစ်ခုခုကို ရိပ်မိသွားပုံရကာ ချကိချင်းမေးလိုက်သည်။
"ဒါက သူ့ဆီကလား"
ဝန်ခံရလျှင် သူမသည် သူမ၏ သူငယ်ချင်းကို လနတ်ဘုရားနန်းတော်မှ ထွက်မသွားစေချင်ပေ။
"အရင်ဆုံး ဒီကိစ္စကို အရင် ရှင်းကြရအောင်... နေပါဦး။ တစ်ခုခု မှားနေပြီ"
ရုတ်တရက် ယွဲ့ရွှမ်း၏ မျက်နှာမှာ ဖြူလျော့သွားသည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဝတ်စုံနှင့် ဒဏ္ဍာရီလာအဆင့် ပုဂ္ဂိုလ်က သူမ၏ ဦးထုပ်ကို ချွတ်လိုက်သောအခါ ရင်းနှီးလွန်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာသောကြောင့်ပင်။
"လက်ထောက်နယ်မြေစောင့်ကြပ်သူ"
ဤအမျိုးသမီးမှာ အခြားသူမဟုတ်ဘဲ အကြွင်းမဲ့လမင်းချောက်၏ လက်ထောက်နယ်မြေစောင့်ကြပ်သူ ဖြစ်ပြီး ယို့ဟွမ်လခြမ်းကို တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နိုင်သော ဒဏ္ဍာရီလာအဆင့်ပုဂ္ဂိုလ် ဖြစ်နေ၏။
လက်ထောက်နယ်မြေစောင့်ကြပ်သူ တစ်ဦး၏ သစ္စာဖောက်မှုမှာ သာမန် ဒဏ္ဍာရီလာအဆင့်နှင့် လုံးဝမတူတော့ပါ။
ယွဲ့ရွှမ်း၏ နှလုံးသားမှာ လေးလံသွားပြီး မျက်နှာမှာ ဖြူလျော့သွားတော့သည်။
"ယို့ဟွမ်လခြမ်းကို ဒီနေရာမှာ အလုပ်မလုပ်အောင် လုပ်ထားပြီပဲ"
သူမက စိုးရိမ်စွာရေရွတ်လိုက်၏။
ဤသည်မှာ ဘာကို ဆိုလိုသည်ကို သူမ ကောင်းစွာ နားလည်သည်။
အကယ်၍ နတ်ဆိုးချောက်ကမ်းပါးမှ ဒဏ္ဍာရီလာအဆင့်များ အငိုက်ဖမ်းကာ ရောက်လာလျှင် အကြွင်းမဲ့လမင်းချောက်မှ ယန်နတ်ဘုရားများက တုံ့ပြန်ရန် အချိန်ရမည် မဟုတ်တော့ပေ။
နတ်ဆိုးချောက်က ဤအခွင့်အရေးကို လုံးဝ လက်လွတ်ခံမည် မဟုတ်ပါ။
ကြီးမားသော ပူးပေါင်းကြံစည်မှုကြီး တစ်ခု ဖြစ်နေသည်ကို သူမ ခံစားလိုက်ရပြီး သူမမျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
"မကောင်းတော့ဘူး "
သူတို့ ကျိကွေ၏ နောက်ကို မလိုက်ခဲ့သင့်ပေ။
အကြွင်းမဲ့လမင်းချောက်၏ ယန်နတ်ဘုရားမှာ ယခုအချိန်တွင် ဤနေရာသို့ ရောက်နေလောက်ပြီ ဖြစ်၏။
ကျင်းလီမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း သူမ၏ လက်များမှာမူ ကျောက်စိမ်းပြားကို တုန်ယင်စွာဆုပ်ကိုင်ထားဆဲပင် ဖြစ်ရာ သူမမှာလည်း လုံးဝ တည်ငြိမ်မှု မရှိကြောင်း ပေါ်လွင်နေသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ယွဲ့ရွှမ်းက ထိတ်လန့်တကြား မေးလိုက်၏။ ယခုအချိန်တွင် သတင်းပို့ရန် ကြိုးစားလျှင်ပင် အချိန်နှောင်းသွားပြီ ဖြစ်သည်။
ထိုစဉ် အေးစက်သော လေပြင်းတစ်ခု တိုက်ခတ်လာပြီး ယွဲ့ရွှမ်းသည် အေးစက်သော နှင်းစက်များကို ခံစားလိုက်ရသည်။
လေထုထဲတွင် ပန်းပွင့်များ ပွင့်လာသကဲ့သို့ပင်။
နှင်းပွင့်များ ကျဆင်းလာပြီး သူမ မော့ကြည့်လိုက်သောအခါ လရောင်အောက်တွင် ထိုနှင်းပွင့်များမှာ တောက်ပနေပြီး လှပသောအမျိုးသမီးတစ်ဦး ကပြနေသကဲ့သို့ပင် နုနယ်လှသည်။
ယွဲ့ရွှမ်းမှာ မှင်တက်သွားပြီး စိုးရိမ်စိတ်များ ပို၍တိုးလာ၏။
လောက၏ အစွန်အဖျား၊ နှင်းများ ပို၍ ထူထပ်စွာ ကျနေသော နေရာတွင် သွေးရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်တစ်ဦး ပေါ်လာသည်။ သူသည် ဓားကို ပိုက်ထားပြီး မျက်နှာမှာ မျက်နှာမဲ့မျက်နှာဖုံး နောက်ကွယ်တွင် ဖုံးကွယ်နေ၏။ နှင်းပွင့်များမှာ သူ၏ ပခုံးပေါ်သို့ ကျဆင်းနေပြီး သူ၏ အနက်ရောင် ဆံပင်များနှင့် ရောယှက်နေသည်။
ရေကန်ဘေးရှိ ဒဏ္ဍာရီလာအဆင့် နှစ်ဦးမှာ ချက်ချင်းပင် ဦးညွှတ်လိုက်ကြ၏။
ယွဲ့ရွှမ်းသည် အလွန် ကြီးမားသော ဘေးအန္တရာယ်ကို ခံစားလိုက်ရသဖြင့် အံများပင် ကြိတ်ထားမိသည်။
ယန်နတ်ဘုရား။
ဒါက သေချာပေါက် ယန်နတ်ဘုရားပဲ။ ငါတို့တော့ သွားပြီ။
သို့သော် သူမ ဆက်လက် မစဉ်းစားနိုင်ခင်မှာပင် သူမ ဘေးနားရှိမိန်းမပျိုက ထိုမျက်နှာမဲ့လူသားထံသို့ ဝုန်းခနဲ ထပြေးသွားလေတော့သည်။
နှင်းများကြားတွင် သူမသည် မကြောက်မရွံ့ဘဲ၊ မဆိုင်းမတွဘဲ အတားအဆီး အားလုံးကို ဖြတ်ကျော်ကာ ပြေးသွားခြင်း ဖြစ်၏။
ယွဲ့ရွှမ်းမှာ မယုံနိုင်ဘဲ မှင်တက်ကျန်ရစ်ခဲ့သည်။
ကျဆင်းနေသော နှင်းပွင့်များအောက်တွင် သွေးရောင်ဝတ်စုံနှင့် လူသားမှာ မြင့်မားစွာရပ်နေ၏။
"ငါ သေခြင်းတရားကနေ ပြန်လာခဲ့ပြီ၊ မင်းကို စောင့်နေခဲ့တာ တော်တော် ကြာသွားတယ်"
သူ၏ အသံမှာ နက်ရှိုင်းပြီး ရှုပ်ထွေးသော ခံစားချက်များနှင့် တမ်းတမှုများဖြင့် ပြည့်နှက်နေသည်။
ယွဲ့ရွှမ်းသည် အာရုံထဲတွင် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ထ
မျက်နှာမဲ့လူသားက ဓားကို ကိုင်လျက် ရေကန်ဘေးတွင် တစ်စုံတစ်ဦးကို စောင့်နေသည့် ပုံရိပ်။
အချိန်များ ကုန်ဆုံးသွားပြီး ဇူလိုင်ရေကန်ရှိ စီးချောင်သစ်ပင်တွင် သစ်သားကွင်းများ ပို၍ တိုးလာခဲ့သည်။
သွေးရောင်ဝတ်စုံနှင့်လူသားမှာ နူးညံ့သော မျက်နှာထားဖြင့် နှင်းများကြားတွင် ပြေးလာသော မိန်းမပျိုကို ကြင်နာစွာ ကြည့်နေ၏။
သူမ၏ လှုပ်ရှားမှုမှာ လိပ်ပြာလေးတစ်ကောင် ကပြနေသကဲ့သို့ပင်။နှင်းပွင့်များကြားတွင် သူမ၏ရွှေရောင်ပဝါလေးပင် ကျကျန်ရစ်၏။
သူသည် မြင်ရုံမျှနှင့်ပင် ထိုမိန်းမပျိုမှာ လကညာ ကျင်းလီဖြစ်ကြောင်း၊ သူ ဇူလိုင်ရေကန်ဘေးတွင် စောင့်နေခဲ့ရသော သူဖြစ်ကြောင်း သိလိုက်ရသည် မဟုတ်ပါလား.. ။
အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်လာခဲ့သော သူတို့၏ ကတိစကားမှာ ယခုအခါ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အိပ်မက်တစ်ခုကဲ့သို့ပင် ဝေးလံနေသယောင် ရှိနေသည်။
"ကျိ.."
"ယွမ်....."
လကညာကျင်းလီသည် သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလျက် ရပ်လိုက်၏။
သူမသည် သုံးလှမ်းအကွာတွင် ရပ်လိုက်ခြင်း ဖြစ်သည်။ သူမသည် အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ကြောက်ရွံ့ခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် တုန်ရီနေရှာ၏။
ထိုအခိုက် သွေးရောင်ဝတ်စုံနှင့် လူသားသည် သူ၏ မျက်နှာဖုံးကို ချွတ်လိုက်ရာ အလွန် ချောမောလှပသော်လည်း ရင်းနှီးနေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
သူ၏ ရုပ်ရည်မှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး အနှိုင်းမဲ့လှပသည်။ သူသည် သူ၏ဓားကို ကိုင်ဆောင်လျက် ကတိအတိုင်း လမင်းကညာ ကျင်းလီထံသို့ လျှောက်လှမ်းသွားလေ၏။
"မင်းရဲ့ ကကွက်ကို မြင်ရတာက ကောင်းမွန်တဲ့ ဝိုင်ကို သောက်ရသလိုပါပဲ"
ထိုစကားများမှာ သူ သူမကို တစ်ချိန်က ပြောခဲ့ဖူးသော စကားများ ဖြစ်သည်။
"ဒီနေ့မှာ ကျွန်မ အရှင့်ကို မတွေ့ရသေးဘူး၊ ကျွန်မရဲ့ မျက်လုံးတွေက နှင်းစက်ကလေးတွေကို ကြည့်နေရသလိုမျိုး အချိန်တွေ ကုန်ဆုံးသွားတာကိုတောင် သတိမထားမိလောက်အောင် အရှင့်ကို တမ်းတနေမိတယ်"
"ဒီနေ့မှာတော့ ငါ မင်းရဲ့ ပုံရိပ်ကို မြင်လိုက်ရပြီ၊ ဒါက ကောင်းမွန်တဲ့ ဝိုင်ကို သောက်ရသလိုပါပဲ"
ကျင်းလီ၏ အမြင်တွင်မူ သူ တစ်ယောက်တည်းသာ ရှိတော့သည်။
သူမ၏ ကိုယ်လေးမှာ တုန်ရီနေပြီး သူမ၏ နှလုံးသားထဲတွင် နှစ်ရှည်လများ မြှုပ်နှံထားခဲ့သော တမ်းတမှုများမှာ လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာတော့သည်။
"ကျင်းလီ၊ နောက်ဆုံးတော့ ငါ မင်းကို မြင်လိုက်ရပြီ"
ကျိယွမ်သည် သူ၏ရှေ့ရှိ တုန်ရီနေသော မိန်းမပျိုလေးကို ကြည့်လိုက်ပြီး သူ၏ လက်အင်္ကျီကို မတင်ကာ သူ၏ လက်မောင်းကို ပြလိုက်သည်။ ချောမွေ့သော အသားအရေပေါ်တွင် လခြမ်းပုံစံ အမှတ်အသားလေးတစ်ခုမှာ ဖြည်းဖြည်းချင်း ပြန်လည် ပေါ်လာနေ၏။
၎င်းမှာ လကညာ ချန်ထားခဲ့သော အမှတ်အသားပင် မဟုတ်ပါလား။
အကြွင်းမဲ့သေခြင်းနယ်ပယ်တွင် ပြင်ပနတ်ဆိုးများကို အနိုင်ယူပြီးနောက် ကျိယွမ် နိုးလာသောအခါ ထိုအမှတ်အသားမှာ ပျောက်ကွယ်နေခဲ့၏။ ယခုအခါ ၎င်းမှာ ပြန်လည် ရောက်ရှိလာခဲ့လေပြီ ။
ကျင်းလီမှာ မျက်ရည်များတသွင်သွင် စီးကျလျှက် ငြိမ်သက်စွာ ရပ်နေပြီး သူ၏ မျက်နှာကို စိုက်ကြည့်နေမိသည်။
အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း သူမထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေဆဲပင် ။
"ကျိယွမ်၊ ကျွန်မလည်း ရှင့်ကို စောင့်နေခဲ့တာပါ"
သူမသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ကျိယွမ်၏မျက်နှာကို အလွန်ညင်သာစွာ ကိုင်လိုက်သည်။
တစ်ချိန်က ပျက်စီးနေသော ဘုရားကျောင်းတွင် မျက်နှာမဲ့ရုပ်တုကို သူမ ကိုင်ခဲ့သကဲ့သို့ပင်။
ထိုခဏတွင် အချိန်နှင့် ဟင်းလင်းပြင်မှာ တစ်သားတည်း ဖြစ်သွားပြီး သူတို့၏ ပုံရိပ်များမှာ နှစ်ပေါင်းများစွာကို ဖြတ်ကျော်ကာ ထပ်တူကျသွားတော့သည်။
မတွေ့ရသော ဘဝမှာ ကြယ်စုများ ဝေးကွာသကဲ့သို့ပင် ဝေးလံသော်လည်း ....။
နောက်ဆုံးတွင်တော့ သူမသည် သူ့ကို တွေ့ဆုံနိုင်ခဲ့ပြီ ဖြစ်သည်။
ငါတို့ တကယ်ဆုံခွင့်ရခဲ့ပြီ...။
..................
အခန်း ၄၂၁ - ကျင်းလီအတွက် မွေးနေ့လက်ဆောင်
နှင်းပွင့်များက လေထဲလွင့်ပျံ့ကျဆင်းနေပြီး ရေပြင်ထက်တွင် တလက်လက် တောက်ပနေ၏။
၎င်းမှာ ရေစီးကြောင်းထဲတွင် မျောပါနေသော ပန်းပွင့်ကလေးများနှင့်ပင် တူနေတော့သည်။
ယွဲ့ရွှမ်းသည် တဖွဲဖွဲကျနေသောနှင်းများ၊ လရောင်နှင့်အတူ ရိုမန်းတစ်ဆန်သော မြင်ကွင်းကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေမိ၏။
သို့သော် အံ့အားအသင့်ဆုံးသူများမှာ ကျိကွေနှင့် လက်ထောက်နယ်မြေစောင့်ကြပ်သူတို့ပင် ဖြစ်သည်။
သူတို့၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေ၏။
ယခုကိစ္စမှာ သစ္စာဖောက်ပြီး လနတ်ဘုရားနန်းတော်ကို ကျူးကျော်ရန် သို့မဟုတ် လုံယွဲ့ယန်နတ်ဘုရားကို ချုံခိုတိုက်ခိုက်ရန် မဟုတ်ပါလား။
အခုတော့ ဘာဖြစ်လို့ သူက လကညာတစ်ယောက်ကို ပြေးဖက်ထားရတာလဲ။
စစ်ပွဲဇာတ်လမ်းကနေ ရုတ်တရက် အချစ်ဇာတ်လမ်း ဖြစ်သွားတာလား။
သူတို့ နားမလည်နိုင်သော်လည်း နတ်ဆိုးချောက်မှယန်နတ်ဘုရား၏ ဆွဲဆောင်မှုမှာ လနတ်ဘုရားနန်းတော်မှ လကညာတစ်ဦးပင် စိတ်ညွတ်သွားရလောက်အောင် ပြင်းထန်သည်ဟုသာ မှတ်ယူလိုက်ကြတော့သည်။
သူတို့သည် ကျိယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ သံသယမဖြစ်မိကြပေ။
ပထမအချက်အနေဖြင့် သူတို့သည် မော့ထုံယန်နတ်ဘုရားနှင့် တစ်ခါမျှ မဆုံဖူးကြချေ။ ဒုတိယအချက်မှာ ဤပုဂ္ဂိုလ်မှာ နတ်ဆိုးချောက်မှ လာသော ယန်နတ်ဘုရားတစ်ပါး ဖြစ်သည်။
ထို့ကြောင့် မော့ထုံမဟုတ်လျှင် အခြားဘယ်သူ ဖြစ်နိုင်ဦးမည်နည်း။
အကြွင်းမဲ့လမင်းချောက်၏ လက်ထောက်နယ်မြေစောင့်ကြပ်သူသည် ခဏမျှ စဉ်းစားပြီးနောက် ကျိယွမ်ကို လှမ်း၍ ဦးညွှတ်လိုက်၏။
"အရှင်နတ်ဘုရားရဲ့ ဆွဲဆောင်မှုကတော့ တကယ့်ကို ထူးခြားပါတယ်၊ လနတ်ဘုရားနန်းတော်က လကညာကိုတောင် သိမ်းပိုက်နိုင်တာပဲ။ အရှင်က..လနတ်ဘုရားနန်းတော်ရဲ့ ဗဟိုချက်ကို တိုက်ခိုက်ပြီး လုံယွဲ့ယန်နတ်ဘုရားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် ဘယ်တော့ လုပ်မှာလဲ"
လက်ထောက်နယ်မြေစောင့်ကြပ်သူက ခိုင်မာသော ဆုံးဖြတ်ချက်ဖြင့် မေးလိုက်သည်။
လုံယွဲ့ယန်နတ်ဘုရားသာ ဒဏ်ရာရသွားလျှင် မော့ထုံယန်နတ်ဘုရားက သူမကို ယန်နတ်ဘုရားအဖြစ် တက်လှမ်းနိုင်မည့် အခွင့်အရေး ပေးမည်ဟုလည်း ယုံကြည်နေ၏။
သူမ၏ ဦးညွှတ်လိုက်သံက ချစ်သူနှစ်ဦး၏ ခဏတာ တိတ်ဆိတ်မှုကို ပျက်ပြားသွားစေသည်။
ခပ်လှမ်းလှမ်းမှ ယွဲ့ရွှမ်းသည်လည်း ကြီးမားသော ဘေးအန္တရာယ်ကို ခံစားလိုက်ရ၏။
သူမသည် ကျင်းလီကို "အစ်မရယ်.. အစ်မက နတ်ဆိုးချောက်က ယန်နတ်ဘုရားတစ်ပါးနဲ့ တွဲနေတာဆိုရင် ကျွန်မကို ကြိုပြောလို့ မရဘူးလား။ ဖြစ်နိုင်ရင် ကျွန်မအသက်ကို ချမ်းသာပေးဖို့ သူ့ကို ပြောပေးပါလား" ဟု မေးချင်နေမိသည်။
ကျိယွမ်သည် နတ်ဆိုးချောက်မှ ယန်နတ်ဘုရားတစ်ပါး ဖြစ်ရမည်ဟု သူမက သဘာဝအတိုင်း ယူဆလိုက်ခြင်း ဖြစ်၏။
မဟုတ်လျှင် သူသည် မော့ထုံကို ဘယ်လိုကျော်ဖြတ်ပြီး ဒီကို ရောက်လာနိုင်မည်နည်း။
သူမ၏ မျက်လုံးများမှာ ကျင်းလီ၏ရွေးချယ်မှုအပေါ် နားမလည်ခြင်း ၊ စိတ်ပျက်ခြင်းနှင့်အတူ မယုံကြည်နိုင်မှုတို့ဖြင့် မှေးမှိန်သွားသည်။
နင်ဘာတွေ တွေးနေတာလဲ ကျင်းလီ။
ယွဲ့ရွှမ်းသိထားသည်မှာ ကျင်းလီသည်အောက်ဘုံမှ လူတစ်ယောက်ကို စွဲလမ်းနေပြီး အခြားအရာများကို လျစ်လျူရှုထားသူ မဟုတ်ပါလား ။
အခုတော့ ...ရန်သူ့ဖြစ်သည့် ယန်နတ်ဘုရားတစ်ယောက်ကို မြတ်နိုးစွာပြေးဖက်နေ၏။
ထိုအချိန်တွင် ကျိယွမ်သည် ကျင်းလီ၏ နုနယ်သော လက်ကလေးကို ဆုပ်ကိုင်ကာ ညင်သာစွာပြောလိုက်သည်။
"ဒီနေ့က မင်းရဲ့ မွေးနေ့ဆိုတော့ ငါ မင်းအတွက် အထူးလက်ဆောင်တစ်ခု ပြင်ဆင်ထားတယ်"
ကျင်းလီသည် ခေါင်းငြိမ့်ပြသော်လည်း ကျိယွမ်၏ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူ၏မျက်နှာကိုသာ လွမ်းမောစွာငေးကြည့်နေရှာသည်။
ဇူလိုင်ရေကန်ဘေးတွင် မျက်နှာမဲ့ဓားနတ်ဘုရား၏လက်ကို ဆုပ်ကိုင်ကာ ထွက်မသွားစေရန် တောင်းပန်ခဲ့စဥ်က ကဲ့သို့ပင်။
ထို့နောက် ကျိယွမ်၏ အကြည့်မှာ ကျိကွေနှင့် လက်ထောက်နယ်မြေစောင့်ကြပ်သူတို့ဆီသို့ ကျရောက်သွား၏။
သူ၏ အကြည့်မှာ ဓားသွားများကဲ့သို့ ထက်ရှလှသည်။
ဒဏ္ဍာရီအဆင့်ရှိသူ နှစ်ဦးမှာ ချက်ချင်းပင် ထိတ်လန့်သွားကြ၏။ ရုတ်တရက် သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ ဖြူလျော့သွားပြီး သွေးများ အန်ထုတ်လိုက်ကြရသည်။
"ဒူးထောက်စမ်း။"
ကျိယွမ်၏ အသံမှာ လျှပ်စီးလက်သံကဲ့သို့ ဟိန်းထွက်သွား၏။ ဒဏ္ဍာရီအဆင့်ရှိသူ နှစ်ဦးမှာ ခုခံနိုင်စွမ်း မရှိတော့ဘဲ မယုံကြည်နိုင်သော မျက်နှာများဖြင့် အင်အားမဲ့စွာဒူးထောက်ကျသွားကြတော့သည်။
ယန်နတ်ဘုရားနှင့် ဒဏ္ဍာရီအဆင့်ကြားက ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
"မျက်လုံးမှိတ်ထားလိုက်"
ကျိယွမ်၏ စကားကြောင့် ကျင်းလီသည် သူ့ကို အနည်းငယ် ကြောက်လန့်နေသော ပုံစံဖြင့် ကြည့်လိုက်သော်လည်း သူမသည် နာခံမှုရှိစွာပင် မျက်လုံးကို မှိတ်ထားလိုက်သည်။
အရာအားလုံးမှာ အိပ်မက်တစ်ခုလို ကွယ်ပျောက်သွားမည်ကို ကြောက်သကဲ့သို့ ကျိယွမ်၏ လက်ကိုတော့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲပင်။
ထိုအချိန်တွင် ကျိယွမ်၏ မျက်နှာမှာ တည်ကြည်သွား၏။
ကျင်းလီအတွက် မွေးနေ့လက်ဆောင်မှာ အထူးခြားဆုံးနှင့် တစ်မူထူးခြားနေရမည်။ ထို့ပြင် ကျင်းလီ၏ လိုအပ်ချက်နှင့်လည်း ကိုက်ညီရမည်။
ဒီကို မလာခင်မှာ ကျိယွမ်က တိတ်တဆိတ် စုံစမ်းထားခဲ့၏။
နတ်ဆိုးချောက်တွင် ကျင်းလီမှာ ကြောက်စရာကောင်းသော တိုက်ခိုက်ရေးသမားအဖြစ် နာမည်ကြီးသည်။ သူမ၏ ရည်မှန်းချက်မှာ အမြဲတမ်း ကောင်းမှုကုသိုလ်အမှတ်များ ရရှိရန် ဖြစ်၏။
ကျိယွမ်သည် အရာအားလုံးကို သေချာစွာ စီစဉ်ထားခဲ့သည်။ သူ၏ ဝတ်ရုံစကို ဝေ့ယမ်းလိုက်သောအခါ အနက်ရောင် အရိပ်များမှာ ဝတ်ရုံထဲမှ ကျဆင်းလာတော့သည်။
ရုတ်တရက် ဒဏ္ဍာရီအဆင့် ပုဂ္ဂိုလ် ၃၀ နီးပါး ပေါ်လာ၏။ ထို့ပြင် ယင်နတ်ဘုရားအရှင်သခင် ရာပေါင်းများစွာမှာလည်း သူ၏ ဝတ်ရုံထဲမှ လွင့်စင်ထွက်လာခဲ့ကြသည်။
ဤယင်နတ်ဘုရားအရှင်သခင်များမှာ အစွမ်းထက်သော မှော်ပညာဖြင့် ချည်နှောင်ခံထားရသဖြင့် မလှုပ်ရှားနိုင်သလို စကားလည်း မပြောနိုင်ကြပေ။ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုနှင့် ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေ၏။
ကျိယွမ်က သူတို့ကို ကျိကွေနှင့် လက်ထောက်နယ်မြေစောင့်ကြပ်သူတို့၏ ရှေ့တွင် တန်းစီ၍ ချထားလိုက်သည်။
ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး ကျိယွမ်မှာ အတော်လေး ကျေနပ်သွား၏။ ကျင်းလီက စိတ်လှုပ်ရှားလွန်းလို့ မငိုလျှင်ပင် ဤလက်ဆောင်ကို သေချာပေါက် ကြိုက်နှစ်သက်ပေလိမ့်မည်။
"မျက်လုံးဖွင့်ပြီး ငါပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်ကို ကြည့်လို့ရပြီ"
ကျိယွမ်က ပျော်ရွှင်စွာ ပြောလိုက်၏။
လကညာကျင်းလီသည် မျက်လုံးဖွင့်လိုက်သော်လည်း သူမ၏ အကြည့်မှာ ကျိယွမ်ထံသို့သာ အရင်ဆုံး ကျရောက်သွားသည်။ သူပျောက်သွားမည်ကို ကြောက်နေ၏။
"ရှေ့ကို ကြည့်ဦးလေ"
ကျိယွမ်က သူမအားကြင်နာစွာ တိုက်တွန်းလိုက်သည်။
ကျင်းလီသည် အကြည့်ကို ရွှေ့လိုက်သောအခါ မလှမ်းမကမ်းတွင် နတ်ဆိုးချောက်မှ ကျင့်ကြံသူ ရာပေါင်းများစွာကို...
"ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ။"
ဆိုသည့် ပုံစံအတိုင်း စီတန်းထားသည်ကို တွေ့လိုက်ရသည်။ ချုပ်နှောင်ခံထားရသော နတ်ဆိုးချောက်မှ ကျင့်ကြံသူများ အားလုံးမှာ ကျင်းလီ၏ မွေးနေ့ကို ဂုဏ်ပြုရန် လာကြသကဲ့သို့ နွေးထွေးပြီး တောက်ပသော အပြုံးများကို ဆင်မြန်းထားကြ၏။
ပုံမှန်အားဖြင့် တည်ကြည်နေတတ်သော သူများပင်လျှင် သူတို့၏ ဗိုက်ပေါ်တွင် အပြုံးမျက်နှာလေးများ ဆွဲထားကြရာ ကြည့်ရသည်မှာ အတော်လေး ရယ်စရာကောင်းနေတော့သည်။
ကျင်းလီသည် ခဏမျှ မှင်တက်ကာ စိုက်ကြည့်နေမိ၏။ သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိယွမ်မှာ အောင်နိုင်သူတစ်ဦးကဲ့သို့ ခံစားလိုက်ရသည်။
မိပြီ။
သူက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
"မင်းမှာ ကောင်းမှုအမှတ်တွေ လိုနေတာမလား၊ အခု ဒီမှာ သာမန်ယင်နတ်ဘုရား ၄၉၀၊ ဒဏ္ဍာရီအဆင့် ၂၉ ယောက်နဲ့ သစ္စာဖောက်ကြီး ၂ ယောက် ရှိတယ်"
ကျိယွမ်က အရေအတွက်ကိုပင် စာရင်းပြုစုပေးထားခဲ့၏။
ကျင်းလီသည် သေချာနားထောင်နေသော်လည်း သူမ၏ မျက်လုံးထဲတွင် ကျိယွမ်မှလွဲ၍ ဘာမှမရှိပေ။
လက်ဆောင်နှင့် ပတ်သက်၍မူ သူ့ကို တွေ့ရခြင်းမှ သူမဘဝအတွက် အစားမထိုးနိုင်သည့် အကြီးမားဆုံးသော ကံကောင်းမှုပင်။
"ဟဲဟဲ၊ အားလုံးပေါင်း ၅၂၁ ယောက်တိတိပဲ။"
ကျိယွမ်က သူမကို ထပ်မံ သတိပေးလိုက်၏။ သူသည် ကံကောင်းစေမည့် ဂဏန်းဖြစ်အောင် သေချာစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သူသည် အခြားတစ်ဖက်တွင်လည်း ထောက်ထားစာနာပေးခဲ့သေး၏။ အစပိုင်းတွင်မူ ဤနတ်ဆိုးချောက်မှ သူများကို ကျင်းလီအတွက် မွေးနေ့သီချင်း ဆိုခိုင်းရန်ပင် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
စားသောက်ဆိုင် ဝန်ထမ်းများက ဖောက်သည်တစ်ဦးကို ဂုဏ်ပြုပေးသကဲ့သို့ပင်။
၎င်းမှာ အလွန်ပျော်စရာကောင်းသော မြင်ကွင်း ဖြစ်ပေလိမ့်မည်။ သို့သော် ပြန်စဉ်းစားကြည့်သောအခါ ကျင်းလီသည်လည်း သူ့ကဲ့သို့ပင် လူအများရှေ့တွင် ထင်ပေါ်ရခြင်းကို မကြိုက်သော Introvert တစ်ဦး ဖြစ်နိုင်သည်ဟု ယူဆကာ ထိုအစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။
လကညာ ကျင်းလီသည် အကြည့်ကို စုစည်းလိုက်ပြီး "၅-၂-၁..." ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
သူမသည် ထိုအဓိပ္ပာယ်ကို နားလည်လိုက်သည်။ သူမသည် ကျိယွမ်ကို ကြည့်ကာ ခြေဖျားထောက်လိုက်ပြီး မဆိုင်းမတွဘဲ သူ၏ ပါးကို ညင်သာစွာ နမ်းလိုက်လေ၏။
ရေပြင်ထက်မှ ပုစဉ်းရင်ကွဲလေး တစ်ကောင်ကဲ့သို့ပင်။
ကျိယွမ်သည် ခဏမျှ တောင့်သွား၏။
နူးညံ့နွေးထွေးသောခံစားချက်မှာ လျပ်စီးလက်သလိုပင် လျင်မြန်စွာ ကွယ်ပျောက်သွားသည်။ သူသည် ကျင်းလီကို စိုက်ကြည့်နေမိ၏။
သူမ၏ လှပသော မျက်နှာမှာ သူ့ကို ဖမ်းစားထားလေသည်။
ငါ ရုတ်တရက် အနမ်းခံလိုက်ရတာလား။
အကယ်၍ အခြားအမျိုးသမီးသာ ဖြစ်လျှင် သူ ခွင့်ပြုမည် မဟုတ်ပေ။
သို့သော် ယခုမှာ ကျင်းလီ ဖြစ်သည်။
သူ၏ အွန်လိုင်းသူငယ်ချင်း ဖြစ်ပြီး သူ၏ ကလေးအမေလည်း ဖြစ်သည်။
ထို့ကြောင့်... သူ လျစ်လျူရှုပေးရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ ဘေးနားတွင် လူများစွာ မရှိလျှင် သူလည်း ပြန်နမ်းမိပေလိမ့်မည်။
သူက အသာစီး အယူမခံနိုင်ပါ။
သို့သော် သူ၏ လက်ဆောင်က သူမကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်ကိုတော့ သူ နားလည်လိုက်သည်။ အကယ်၍ ၂၁ရာစု ကမ္ဘာမြေပေါ်မှ အချစ်ကြီးသော အမျိုးသားများသာ ဤနည်းလမ်းကို လေ့လာနိုင်လျှင် သူတို့ ချစ်ရသူများကို အလွယ်တကူ သိမ်းပိုက်နိုင်ပေလိမ့်မည်။
"ဒါတွေအားလုံးက ကောင်းမှုတွေပဲ။ သူတို့ကို သတ်ပစ်ရမလား"
ကျိယွမ်က ကြင်နာစွာ မေးလိုက်၏။
ကျင်းလီသည် နတ်ဆိုးချောက်မှ သူများကို ကြည့်လိုက်ပြီး ကျိယွမ်နှင့် လင်လုံယွီရှီကို သုံးကာ စကားပြောခဲ့သည့် အချိန်ကို ပြန်သတိရသွားသည်။ ထိုအချိန်က သူမသည် အလွန်ပင် ရိုးသားဖြူစင်ပြီး ကြင်နာတတ်ခဲ့သူ ဖြစ်၏။ အခု တိုက်ခိုက်ရေးသမား ဖြစ်နေသည်နှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
"ကျွန်မ... လူသတ်ရတာကို သိပ်မကြိုက်ဘူး"
ကျင်းလီက မျက်နှာလေး နီမြန်းလျက် ပြောလိုက်သည်။ သူမသည် ဒီနေ့ အလှပြင်ထားခဲ့မိသည်ကိုလည်း ဝမ်းသာနေမိ၏။
"ဟင်။"
ကျိယွမ်သည် ခဏမျှ ကြောင်သွားပြီး ကျင်းလီကို ကြည့်လိုက်သည်။
"မင်းရဲ့ ကိုယ်ပေါ်မှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက ထွက်နေတာပဲကို။"
ယန်နတ်ဘုရားတစ်ပါးအနေဖြင့် ကျိယွမ်သည် သူမ၏ သတ်ဖြတ်လိုသော အရှိန်အဝါကို တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမတွင် သူ လျူဖုန်းနယ်မြေမှ ထွက်လာစဉ်ကထက်ပင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုရှိနေသေးသည်။
"ဒါက..."
ကျင်းလီ၏ မျက်နှာမှာ ပို၍ နီမြန်းသွားပြီး နားရွက်ဖျားလေးများအထိ ရဲတက်သွားတော့သည်။
ခပ်လှမ်းလှမ်းမှ ယွဲ့ရွှမ်းကတော့ မျက်လုံးပြူးကာ ကြည့်နေမိ၏။
ယနေ့ ဖြစ်ပျက်သမျှမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
ထို့ပြင် သွေးရောင်ဝတ်စုံနှင့် လူသားမှာ တကယ်ပဲ ယန်နတ်ဘုရားတစ်ပါးလား။
သူ ပြုမူပုံမှာ... တကယ့်ကို ထူးဆန်းလှသည်။
ကျိယွမ်မှာ အန္တရာယ်မရှိကြောင်းနှင့် ကျင်းလီနှင့်အလွန်ရင်းနှီးကြောင်း မြင်လိုက်ရသဖြင့် ယွဲ့ရွှမ်းမှာ သတ္တိရှိသွားပြီး စတင် စကားပြောလိုက်တော့သည်။
"လူတိုင်းရဲ့ ကိုယ်ပေါ်မှာ ရှိတဲ့အရာတွေက တူတာမဟုတ်ဘူး။ ကျင်းလီက ပုရွက်ဆိတ်တစ်ကောင်ကို မတော်တဆ နင်းမိရင်တောင် သူ့ရဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေက ထွက်လာနိုင်တာပဲ"
"အော်... ဟုတ်လား။ ငါကတော့ အသိပညာ နည်းနေခဲ့တာပဲ။ ဒီနေ့တော့ ဗဟုသုတတွေ တိုးသွားပြီ"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်၏။
အစပိုင်းတွင်မူ သူသည် ငရဲပြည်မှ ယင်နတ်ဘုရားများကို ကျင်းလီအတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးရန် စဉ်းစားခဲ့သေးသည်။ သို့သော် သူတို့ကို သတ်လိုက်လျှင် သူ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်သွားနိုင်သည်ကို သတိထားမိလိုက်၏။
ယွဲ့ရွှမ်းမှာတော့ သက်ပြင်းချလိုက်မိသည်။
ဤယန်နတ်ဘုရားမှာ... အတော်လေး ထူးဆန်းလှသည်။
"စီနီယာ့ရဲ့ နာမည်ကို မေးလို့ရမလား"
ယွဲ့ရွှမ်းက စပ်စုသော မျက်လုံးလေးများဖြင့် မေးလိုက်၏။ သူမတွင် မေးခွန်းပေါင်းများစွာ ရှိနေသည်။
"ငါက ကျိယွမ်ပါ"
ကျိယွမ်က မဆိုင်းမတွဘဲ ပြောလိုက်၏။
"ဝမ်ယုကုန်းမြေတိုက်ကြီးက သူငယ်ချင်းဟောင်းတစ်ယောက်ပေါ့"
မထင်မှတ်ထားသော စကားကို ကြားသောအခါ ယွဲ့ရွှမ်းမှာ လုံးဝ ထိတ်လန့်သွားတော့သည်။
တကယ်ပဲ သူလား....
အစပိုင်းတွင် ကျင်းလီ၏ ပြုမူပုံကြောင့် သူမ သံသယဖြစ်မိသော်လည်း ယုံကြည်ရန် ခဲယဉ်းနေခဲ့ခြင်း ဖြစ်၏။
အချိန်တိုအတွင်းမှာ သူ ယန်နတ်ဘုရားတစ်ပါး ဖြစ်လာရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဖြစ်နိုင်ခဲ့လျှင်တောင် အဆင့်နိမ့် ယန်နတ်ဘုရားသာ ဖြစ်နိုင်ပြီး နတ်ဆိုးချောက်ဘက်မှ ဖြတ်သန်း လာရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
သူသည် နတ်ဆိုးချောက်မှ ယန်နတ်ဘုရားတစ်ပါး မဟုတ်လျှင်ပေါ့။
"သူက ကျိယွမ်ပါ။"
ယွဲ့ရွှမ်း၏ သံသယကို ရိပ်မိသကဲ့သို့ ကျင်းလီက ယုံကြည်မှုရှိရှိ အတည်ပြုပေးလိုက်သည်။
ကျိယွမ်၏ အကြည့်မှာ အမှတ်တရများဖြင့် နူးညံ့သွားပြီး စကားဆို၏။
"ငါ အကြွင်းမဲ့သေခြင်းနယ်ပယ်ကနေ ထွက်လာခဲ့တယ်၊ ငါတို့ရဲ့ ချိန်းဆိုမှုကို စောင့်ထိန်းဖို့ပေါ့။ ဒါပေမဲ့ ငါရောက်လာတဲ့ အခါကျတော့ မင်းက အဲဒီမှာ မရှိတော့ဘူး"
သူသည် ကျင်းလီကို ကြင်နာစွာ ကြည့်နေမိသည်။ သူသည် ဇူလိုင်ရေကန်ဘေးရှိ ရှေးဟောင်းသစ်ပင်အောက်တွင် အချိန်အတော်ကြာ စောင့်နေခဲ့၏။
"ဒါပေမဲ့ မင်းလုပ်ပေးတဲ့ ခပ်စပ်စပ်ဘဲကင်ကိုတော့ ငါ စားလိုက်ရပါသေးတယ်"
သူ၏ အမှတ်တရထဲတွင် လကညာလေးယွဲ့နု၏ ပုံရိပ် ပေါ်လာသည်။ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
ထိုစဉ်က ကျင်းလီသည် သူ ဇူလိုင်မြို့လေးကို ရောက်လာသောအခါ သူမ၏ လက်ရာဖြစ်သော ခပ်စပ်စပ်ဘဲကင်ကို ချက်ကျွေးမည်ဟု ကတိပေးခဲ့ဖူးသည်။
ထိုအချိန်က သူ ကျင်းလီနှင့် မတွေ့ခဲ့ရဘဲ လကညာတစ်ဦးနှင့်သာ တွေ့ခဲ့ရခြင်း ဖြစ်၏။ ကျင်းလီက မချက်ပေးခဲ့သော်လည်း လကညာလေးက ချက်ပေးခဲ့သည်။
နောက်ဆုံးတော့ သူ ဘဲကင်ကို စားလိုက်ရသည်ပင်။
ဤစကားကို ကြားသောအခါ ယွဲ့ရွှမ်းမှာ စိတ်လှုပ်ရှားသွား၏။
"ရှင်...ယန်နတ်ဘုရားက ဒီကို ဘယ်လိုရောက်လာတာလဲ"
သူမက အံ့သြစွာမေးလိုက်သည်။
ဤမေးခွန်းမှာ အရေးကြီးလှ၏။
အကယ်၍ ကျိယွမ်သည် နတ်ဆိုးချောက်မှ ယန်နတ်ဘုရားတစ်ပါးသာ ဖြစ်လျှင် ကျင်းလီ၏ ကံကြမ္မာမှာ ဆိုးရွားသွားနိုင်ပေသည်။
"ငါက အောက်ဘုံကနေပြီး နတ်ဆိုးချောက်ရဲ့ ပဉ္စမကောင်းကင်ဘုံကို တက်လာခဲ့တာ။ နတ်ဆိုးချောက်က ယန်နတ်ဘုရားတစ်ပါးက ငါ့အိမ်ကို လာခိုးတာနဲ့ သူ့ကို လက်ရဖမ်းပြီး ဖမ်းဆီးထားလိုက်တယ်။ ပြီးတော့ အဲဒီ ယန်နတ်ဘုရားအဖြစ် ဟန်ဆောင်ပြီး နတ်ဆိုးချောက်ကို လာခဲ့တာပေါ့"
"အဲဒီမှာ မော့ထုံယန်နတ်ဘုရားက ငါ့ကို တိတ်တဆိတ် စုံစမ်းဖို့ ကြိုးစားနေတာနဲ့ ငါလည်း သူ့ကို အနိုင်ယူလိုက်တယ်။ အခုတော့ သူ့အဖြစ် ဟန်ဆောင်ပြီး ဒီကို လာခဲ့တာ"
ကျိယွမ်က အမှန်အတိုင်း ရှင်းပြလိုက်၏။
ယွဲ့ရွှမ်း၏ မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ကျိယွမ် ပြောသမျှ စကားတိုင်းမှာ လုံးဝ မဖြစ်နိုင်သကဲ့သို့ပင်။ ယန်နတ်ဘုရားတစ်ပါးကို ဖမ်းဆီးပြီးနောက် မော့ထုံယန်နတ်ဘုရားကိုပါ အနိုင်ယူလိုက်သည်တဲ့လား။
မော့ထုံဆိုသည်မှာ မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါး မဟုတ်ပါလား။
၎င်းမှာ နားရှိ၍သာကြားရ၏ ။ ယုံကြည်ရန် ခဲယဉ်းလှသည်။
အကြွင်းမဲ့သေခြင်းနယ်ပယ်တွင် ခရမ်းရောင်နန်းတော်ကျင့်ကြံသူဟောင်းများ၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရသော ကျိယွမ်မှာ အခုတော့ ရုတ်တရက် ယန်နတ်ဘုရားတစ်ပါး ဖြစ်နေပြီလား။
သူ ဘယ်လိုများ ဒီလောက်အထိ တိုးတက်လာခဲ့တာလဲ။
ကျင်းလီကတော့ ကျိယွမ်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
ဆဋ္ဌမကောင်းကင်ဘုံတွင် သူမနှင့် တွေ့ဆုံနိုင်ရန် ကျိယွမ် မည်မျှ ပေးဆပ်ခဲ့ရသည်ကို သူမ နားလည်လိုက်ပြီ ဖြစ်၏။
၎င်းမှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ မိုင်ပေါင်း ထောင်ချီဝေးကွာသော နေရာမှ သူငယ်ချင်းဟောင်းတစ်ယောက်သည် ခက်ခဲစွာပြန်ရောက်လာပြီး သူမ၏ ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်နေသကဲ့သို့ပင်။
ဤခရီးရှည်ကြီး၏ အခက်အခဲများကို ဘယ်သူက နားလည်နိုင်မည်နည်း။
"အရှင်ယန်နတ်ဘုရားက လုံယွဲ့ယန်နတ်ဘုရားနဲ့ တွေ့မှာလား"
ယွဲ့ရွှမ်းက မေးလိုက်၏။
ဤသည်မှာလည်း အရေးကြီးသော ကိစ္စဖြစ်သည်။ ကျိယွမ် ပြောနေသည်မှာ အမှန်ဟုတ်မဟုတ် သူမ အတည်မပြုနိုင်သေးပေ။
ထို့ပြင် အကယ်၍ ကျိယွမ်က ကျင်းလီကို ခေါ်သွားရန် စီစဉ်နေလျှင် လနတ်ဘုရားဘိုးဘေးနှင့် တိုင်ပင်ရန် လိုအပ်ပေလိမ့်မည်။
ကျင်းလီမှာ လကညာတစ်ဦး ဖြစ်နေသောကြောင့် မည်သို့ပင်ဖြစ်စေ လနတ်ဘုရားနန်းတော်၏ ယန်နတ်ဘုရားနှင့် တွေ့ဆုံရန်တော့ လိုအပ်လေသည်။
"ကောင်းပြီလေ"
ကျိယွမ်က ခေါင်းငြိမ့်လျက် သဘောတူလိုက်၏။ ထိပ်တိုက်မတွေ့ဘဲ ရုတ်တရက် ရောက်လာခြင်းမှာ ခိုးဝင်လာစဉ် မိသွားခြင်းထက် အများကြီး ပိုကောင်းသည်။
မော့ထုံက လက်ထောက်နယ်မြေစောင့်ကြပ်သူကို ထိန်းချုပ်ထားနိုင်သဖြင့် ယခုလိုခိုးဝင်ပြီး တိုက်ခိုက်လိုက်ပါက လုံယွဲ့ယန်နတ်ဘုရားကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် လုံလောက်နေပြီးသားပင်။
လုံယွဲ့ယန်နတ်ဘုရားသာ ဤနေရာတွင် ဘာဖြစ်ခဲ့သည်ကို သိသွားလျှင် သူမ နားလည်သွားပေလိမ့်မည်။ ထိုအခါ သူမသည် ကျိယွမ်ကို ကျူးကျော်သူတစ်ဦးအဖြစ် မြင်တော့မည် မဟုတ်ပေ။
အမှန်တကယ်တော့ သူမသည် သူ့ကို ကျေးဇူးပင် တင်ရပေဦးမည်။
အကယ်၍ ကျိယွမ်သာ မရှိလျှင် နတ်ဆိုးချောက်ထဲရှိ လနတ်ဘုရားနန်းတော်၏ အခြေအနေမှာ အလွန်ပင် ဆိုးရွားသွားမည်ဖြစ်ပြီး လုံယွဲ့ယန်နတ်ဘုရားကိုယ်တိုင်လည်း ဒဏ်ရာရသွားမှာ အသေအချာပင်။
လမင်းစားသောက်ပွဲမှာ ဆက်လက် စည်ကားနေဆဲဖြစ်ပြီး ရယ်မောသံများမှာ ဖုံးလွှမ်းနေ၏။
"ဒီလောက် စည်ကားတဲ့ ပွဲမျိုး မကြုံရတာ တော်တော်ကြာပြီ။ အစ်မယွီထျောင်းရဲ့ အဆက်အသွယ်တွေက တကယ့်ကို အားကျဖို့ ကောင်းတာပဲ"
"နယ်မြေစောင့်ကြပ်သူ တစ်ဝက်လောက်က လက်ဆောင်တွေ ပို့ထားကြတာပဲ၊ တကယ့်ကို အံ့သြဖို့ ကောင်းတယ်"
ချီးကျူးစကားများနှင့် စကားပြောသံများမှာ ပျံ့လွင့်နေ၏။ ယွီထျောင်း၏ မျက်နှာတွင် အပြုံးများ ဝေဆာနေသည်။
သို့သော် ရုတ်တရက် ကြီးမားပြီး အစွမ်းထက်သော စွမ်းအင်တစ်ခု လေထုထဲတွင် ပျံ့နှံ့သွား၏။ ဧည့်သည်အားလုံးမှာ ထိတ်လန့်တကြား ဖြစ်သွားကြပြီး သတိကြီးစွာ ထားလိုက်ကြတော့သည်။
"လုံယွဲ့ယန်နတ်ဘုရားလား "
ဤစွမ်းအင်၏ အရင်းအမြစ်မှာ အခြားသူမဟုတ်ဘဲ ဤနယ်မြေကို တာဝန်ယူထားသော မူလသဘောတရားအဆင့် ယန်နတ်ဘုရားထံမှ ဖြစ်၏။
လုံယွဲ့ယန်နတ်ဘုရား ကိုယ်တိုင် ထွက်လာသည်ဆိုလျှင် ကြီးမားသော ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့ခြင်းလား။
လူတိုင်းမှာ ထူးခြားသော ကိစ္စတစ်ခု ဖြစ်ပျက်နေပြီဟု ခံစားလိုက်ရသဖြင့် သတိကြီးစွာ ထားလိုက်ကြ၏။
ခဏချင်းမှာပင် ဧည့်သည်အားလုံးမှာ တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ ပြောင်းလဲလိုက်ကြတော့သည်။
ထိုအချိန်တွင် နန်းတော်အတွင်းမှာတော့ ကျိယွမ်သည် ကျင်းလီ၏ လက်ကို ဆုပ်ကိုင်ကာ ရှေ့မှ ယန်နတ်ဘုရားကို တည်ငြိမ်စွာ ကြည့်နေ၏။ လုံယွဲ့ယန်နတ်ဘုရားကလည်း ကျိယွမ်ကို အကဲခတ်သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီးမှ စကားဆိုသည်။
" ရှင့်ကို ကျေးဇူးတင်ပါတယ် မိတ်ဆွေ"
ယွဲ့ရွှမ်းက ဖြစ်ပျက်ခဲ့သမျှကို လုံယွဲ့ယန်နတ်ဘုရားထံ သတင်းပို့ထားပြီး ဖြစ်သည်။ အသေးစိတ်ကို သိလိုက်ရသောအခါ လုံယွဲ့ယန်နတ်ဘုရားပင် ထိတ်လန့်သွားရ၏။
အကယ်၍ မော့ထုံယန်နတ်ဘုရား၏ အစီအစဉ်သာ အောင်မြင်သွားလျှင် နတ်ဆိုးချောက်ထဲရှိ လနတ်ဘုရားနန်းတော်၏ အခြေအနေမှာ ပျက်စီးသွားပေလိမ့်မည်။
"ရပါတယ်၊ ကိစ္စမရှိပါဘူး။ ကျင်းလီနဲ့ ကျုပ်ရဲ့ပတ်သက်မှုအရ ဒါက သဘာဝပါပဲ"
ကျိယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
လုံယွဲ့ယန်နတ်ဘုရားမှာ ကျင်းလီအတွက် အုပ်ထိန်းသူတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် သူက ရိုသေမှု ပြသလိုက်ခြင်းပင်။
လုံယွဲ့ယန်နတ်ဘုရားသည် ကျင်းလီကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်လိုက်၏။
"ဒီကလေးမလေးကတော့... ဟူး..."
သူမက မတတ်သာစွာ သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူမက ကျိယွမ်ကို ပြန်ကြည့်ကာ ဆက်ပြောလိုက်၏။
"ရှင်က ဆဋ္ဌမကောင်းကင်ဘုံကို အခုမှ ရောက်လာတာဆိုတော့ အင်အားကြီး အဖွဲ့အစည်းတစ်ခုခုနဲ့ မပူးပေါင်းထားရင် ဒီမှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး။ လနတ်ဘုရားနန်းတော်ကို ဝင်ချင်လား"
သူမက နွေးထွေးစွာ ဖိတ်ခေါ်လိုက်၏။
သူမသည် မော့ထုံယန်နတ်ဘုရား၏ ဝိညာဉ်အကြွင်းအကျန်ကို မြင်လိုက်ရပြီးဖြစ်ရာ ရှေ့မှ လူသား၏ ထိတ်လန့်ဖွယ် အစွမ်းကို နားလည်ထားပြီး ဖြစ်သည်။
အကယ်၍ ဤကဲ့သို့သော မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးသာ လနတ်ဘုရားနန်းတော်နှင့် ပူးပေါင်းမည်ဆိုလျှင် သူတို့၏ အင်အားမှာ အလွန်ပင် တိုးတက်သွားပေလိမ့်မည်။
သို့သော် ကျိယွမ်က ခေါင်းခါလိုက်၏။
"မဝင်ချင်ပါဘူး"
သူက ချက်ချင်း ငြင်းလိုက်သည်။
သူသည် သူ၏ အိမ်ထောင်ရေးလက်မှတ်ကိုပါ ယူဆောင်လာခဲ့ခြင်း ဖြစ်ရာ လနတ်ဘုရားနန်းတော်သို့ ဘယ်လိုလုပ် ဝင်နိုင်မည်နည်း။
အဓိကအချက်မှာ လကညာများ အိမ်ထောင်ပြုခွင့် မရှိခြင်းပင်။
ထို့ပြင် အခြားအကြောင်းရင်းတစ်ခုမှာ သူသည် လွတ်လပ်မှုကို မြတ်နိုးသူ ဖြစ်၏။
လနတ်ဘုရားနန်းတော်သို့ ဝင်သော ယန်နတ်ဘုရားများသည် လနတ်ဘုရားဘိုးဘေး၏ လက်အောက်ခံနတ်ဘုရားများ ဖြစ်ကြရ၏။ ၎င်းမှာ ကျိယွမ် လက်မခံနိုင်သော အချက်ပင်။
ဤစကားကို ကြားသောအခါ လုံယွဲ့ယန်နတ်ဘုရားမှာ စိတ်ပျက်သွား၏။ လနတ်ဘုရားနန်းတော်မှာ အန္တရာယ်ရှိသော အခြေအနေနှင့် ရင်ဆိုင်နေရသည်ကို သူမ သိထားပြီး သူကဲ့သို့သော မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးမှာ ဝင်ရောက်ချင်မည် မဟုတ်ကြောင်းလည်း နားလည်ထားသည်။
အခြားသော အင်အားကြီး အဖွဲ့အစည်းများကလည်း ထိုသူကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ငြင်းပယ်မည် မဟုတ်ပေ။
"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို လျှို့ဝှက်ပေးထားပါ"
ကျိယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။
"ကျုပ်မဗာ နတ်ဆိုးချောက်နဲ့ ရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ပါ"
သူ၏ ရေတွင်းမှာ အခိုးခံထားရသဖြင့် ၎င်းကို ပြန်ယူရန် လိုအပ်နေသည်။
"ကောင်းပါပြီ။"
လုံယွဲ့ယန်နတ်ဘုရားက ခေါင်းငြိမ့်လိုက်၏။
ကျိယွမ်က နတ်ဆိုးချောက်ကို တိုက်ခိုက်မည်ဆိုလျှင် ၎င်းမှာ လနတ်ဘုရားနန်းတော်အတွက် သတင်းကောင်းပင်။
"အကယ်၍ အကူအညီ လိုအပ်ရင် ကျွန်မကို ဆက်သွယ်လို့ ရပါတယ်"
သူမက သေသေချာချာ စဉ်းစားပြီး ထပ်လောင်းပြောလိုက်၏။ အခု မော့ထုံယန်နတ်ဘုရား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီ ဖြစ်ရာ နတ်ဆိုးချောက်တွင် မူလသဘောတရားအဆင့် ယန်နတ်ဘုရား နှစ်ပါးသာ ကျန်တော့သည်။ ၎င်းမှာ လနတ်ဘုရားနန်းတော်အတွက် အခွင့်အရေးပင်။
"ကောင်းပါပြီ"
ကျိယွမ်က မဆိုင်းမတွ သဘောတူလိုက်၏။ သူသည် နှစ်ဖက်ချွန်သူလျှိုအဖြစ် ဆက်လက်ပြီး လျှို့ဝှက်အသွင်ယူရဦးမည်ဟု တွေးလိုက်မိသည်။
ထို့နောက် လုံယွဲ့ယန်နတ်ဘုရားသည် ကျင်းလီကို ကြည့်လိုက်၏။
ယခုအခါ ကျိယွမ်နှင့် ကျင်းလီတို့၏ ပုဂ္ဂိုလ်ရေး ကိစ္စကို ရှင်းရမည့်အချိန် ရောက်လာပြီ ဖြစ်သည်။
လနတ်ဘုရားနန်းတော်တွင် လကညာများမှာ အိမ်ထောင်ပြုခွင့် မရှိပေ။
"ကျင်းလီ... နတ်ဆိုးချောက်က ယင်နတ်ဘုရား ၅၂၁ ယောက်ကို ပေါင်းလိုက်ရင် မင်းရဲ့ အောင်မြင်မှုတွေက လုံလောက်တာထက်တောင် ပိုနေပြီ"
လုံယွဲ့ယန်နတ်ဘုရားက အများကြီး မပြောသော်လည်း သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှသည်။
ကျင်းလီတွင် ယခုအခါ လနတ်ဘုရားဘိုးဘေးထံမှ တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်ရန် လုံလောက်သော စစ်ရေးအောင်မြင်မှုများ ရှိနေပြီ ဖြစ်ပေသည်။
"နင် ဘယ်ဆုကိုတောင်းမလဲ ကျင်းလီ.."
-----------