ဟေဟေ့ … ဧကရာဇ်အိုကြီးက ငါ့ကို အသပြာ သုံးထောင် ဆုချလိုက်တယ် (၂)
Vol. 2 Ch. 20
ရှုရန်မြောင်သည် စစ်မက်ရေးရာ အရာရှိအား ဟော့ပေါ့ ကျွေးရန် ရည်ရွယ်ချက်ဖြင့် သူ၏အိမ်သို့ ခေါ်ဆောင် လာခဲ့သည်။
သို့သော် လမ်းတစ်လျှောက် လျှောက်လာခဲ့သည်မှာ မြို့လယ်နှင့် တဖြည်းဖြည်း ဝေးကွာသွားကာ လမ်းများ မှာလည်း ပို၍ဆိုးရွားလာတော့သည်။
စစ်မက်ရေးရာ အရာရှိမှာ တုန်လှုပ်ချောက်ချားဟန်ဆောင်လိုက်သည်။
"ရှုလန်၊ မင်း ဘာလုပ်မလို့လဲ၊ အစိုးရအရာရှိတစ်ယောက်ကို တိုက်ခိုက်တာက ဥပဒေနဲ့မကင်းဘူးနော်"
ရှုရန်မြောင်က သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဘေးဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ဟိုမှာကြည့်... ရောက်ပြီ"
ထိုအရာရှိက လှည့်ကြည့်လိုက်ရာ အံ့အားသင့်သွားတော့သည်။
"ဒါ... ဒါ မင်းရဲ့အိမ်လား"
*ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ စုတ်ပြတ်သတ်နေရတာလဲ*
"ဟုတ်တယ်ဗျ၊ မြို့တော်က အိမ်ခြံမြေဈေးတွေက ကြီးလွန်းတယ်၊ မြေတစ်လက်မကို ရွှေတစ်လက်မ တန်တာ ဆိုတော့ အိမ်ငှားခကလဲ မသက်သာဘူးလေ၊ ကျွန်တော်ကတော့ ဒီနေရာလေးကိုပဲ ငှားထားတာ"
ရှုရန်မြောင်သည် မြောင်းပုပ်ရေ လျှံနေသော နေရာတစ်ခုကို ကျော်ခွလိုက်ပြီး တံခါးသော့ကိုဖွင့်ကာ တွန်းဖွင့် လိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဒီနေ့ အသားတွေ အဝစားနိုင်ဖို့အတွက် ကျွန်တော် ပိုက်ဆံ တော်တော်လေး စုထားပါတယ်၊ တကယ့်ကို အားရပါးရ ဟော့ပေါ့ စားကြတာပေါ့"
စစ်မက်ရေးရာ အရာရှိသည် ခြေလှမ်းများကို အတတ်နိုင်ဆုံး လျှော့၍ သတိကြီးစွာဖြင့် အိမ်ထဲသို့ ဝင်လာခဲ့ သော်လည်း ကြမ်းပြင်မှာမူ သူခြေလှမ်းတိုင်းတွင် တကျွိကျွိ မြည်လျက် ရှိနေသည်။ အနီးကပ် ကြည့်လိုက်သောအခါ ကြမ်းပြင် သစ်သားပြားများမှာ မညီမညာ ဖြစ်နေပြီး အက်ကြောင်းများစွာဖြင့် ဟောင်းလောင်း ပွင့်နေကာ အချို့နေရာ များတွင် သစ်သားပြားများ မပြုတ်ကျစေရန် သစ်သားချောင်းလေးများဖြင့် ဘေးတိုက် သို့မဟုတ် ထောင့်ဖြတ်၍ ထောက်ထားရသည်ကို တွေ့လိုက်ရသည်။
ထိုအရာရှိမှာ လျှောက်လှမ်းရင်း စိတ်ထဲတွင် ပို၍ပင် မချိတင်ကဲ ဖြစ်လာတော့သည်။
အငွေ့တထောင်းထောင်း ထနေသော ဟော့ပေါ့အိုးကို စားပွဲပေါ်တင်လိုက်သည့်အခါ စားပွဲခြေထောက်များမှာ ယိမ်းထိုး နေသဖြင့် အရာရှိ၏ လက်များပင် တုန်ရီသွားရသည်။
"မင်း ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ဆင်းရဲနေရတာလဲ"
သူသည် စိတ်ဓာတ်ကျလုနီးပါးဖြင့် အော်ဟစ်မိတော့သည်။
ရှုရန်မြောင်ကမူ ဇဝေဇဝါ ဖြစ်သွားလေသည်။
"ကျွန်တော် ဘာလို့ မဆင်းရဲနိုင်ရမှာလဲ၊ ကျွန်တော့်လို အဆင့် ၉ အရာရှိ တစ်ယောက်ရဲ့ လစဉ်လစာက အသပြာ ၁,၀၅၀ ပဲ ရှိတာလေ၊ အဲ့ဒီထဲမှာ စားစရိတ်၊ အထွေထွေစရိတ်နဲ့ အစေခံခတွေ ပါဝင်ပေမဲ့ ကျွန်တော် အစေခံ နှစ်ယောက်လုံးကို မငှားထားဘူး၊ အဲ့ဒီအစား ကျွန်တော်က တစ်လကို အသပြာ ၄၁၇ ပဲ ယူပြီးတော့ သက်သာ ချောင်ချိရေး ရွေးချယ်စရာ နှစ်ခုကိုပဲ ယူထားတာ၊ အားလုံး ပေါင်းလိုက်ရင်တောင် တစ်လကို အသပြာ ၂,၀၀၀ မပြည့်ပါဘူး၊ ဒီစုတ်ပြတ်နေတဲ့ အိမ်ရဲ့ ငှားခက တစ်လကို အသပြာ ၅၀၀ ပေးရတယ်၊ ဆိုလိုတာက ကျွန်တော့် လစာရဲ့ လေးပုံတစ်ပုံက အိမ်လခထဲ ပါသွားတာပေါ့၊ ကျွန်တော် စားရဦးမယ်၊ အဝတ်အစား ဝယ်ရဦးမယ်လေ၊ တကယ်လို့ နန်းတွင်းကသာ တားမြစ်မထားဘူးဆိုရင် ကျွန်တော် အိပ်ရာလိပ်လေးပိုက်ပြီး ရုံးခန်းထဲမှာပဲ သွားအိပ်လိုက်ချင်တာ"
စစ်မက်ရေးရာ အရာရှိက မဆင်မခြင်ပင် လွှတ်ခနဲ မေးလိုက်မိသည်။
"မင်း လာဘ်ယူဖို့ရော မစဉ်းစားဖူးဘူးလား..."
*အများကြီး ယူစရာမလိုပါဘူး၊ လက်ဆောင်လေး တစ်ခုလောက် လက်ခံလိုက်ရုံပါပဲ၊ စာရေးအရာရှိရုံးက လူတိုင်းလဲ ဒီလိုပဲ လုပ်နေကြတာပဲလေ၊ သူတို့က စာရွက်စာတမ်းတွေကို ဖြန့်ဝေပေးရတဲ့သူတွေ မဟုတ်လား၊ တစ်စုံတစ်ယောက်ရဲ့ စာရွက်စာတမ်းကို အနည်းငယ်လောက် ကြန့်ကြာအောင် လုပ်လိုက်တာက သိပ်ပြီး သိသာတာမျိုး မဟုတ်ဘူး၊ ပြီးတော့ ဒါက စည်းမျဉ်းစည်းကမ်းတွေ အတွင်းမှာပဲဆိုရင် ဘယ်သူကမှလဲ ဘာမှပြောလို့မရဘူး*
*အရင်တုန်းက ဂိုဏ်းဂဏအချင်းချင်း အားပြိုင်မှုတွေ ဖြစ်ခဲ့တုန်းက ဂိုဏ်းတစ်ခုက သူတို့ကို ဘာလက်ဆောင်မှ မပေးခဲ့ဘူးလေ၊ အဲ့ဒါနဲ့ သူတို့က အဲ့ဒီဂိုဏ်းရဲ့ စာရွက်စာတမ်းတွေကို တမင်တကာ ကြန့်ကြာအောင်လုပ်ပြီးတော့ ကျန်တဲ့ဂိုဏ်းရဲ့ စာရွက်စာတမ်းတွေကိုကျ အမြန်ဆုံး ဆောင်ရွက်ပေးလိုက်ကြတယ်၊ ရလဒ်အနေနဲ့ကတော့ အဲ့ဒီဂိုဏ်းက အသာစီးရသွားပြီးတော့ ပြိုင်ဘက်ဂိုဏ်းက အရာရှိ သုံးပုံတစ်ပုံလောက်ကို ရာထူးကနေ ဖယ်ရှားပစ် နိုင်ခဲ့ကြတယ်*
ရှုရန်မြောင်မှာမူ လုံးဝကို အပြစ်ကင်းစင်ပြီး ဇဝေဇဝါဖြစ်နေ၏။
"ဘာပြောတာလဲဗျ"
စစ်မက်ရေးရာ အရာရှိက သက်ပြင်းချလိုက်သည်။
"ထားလိုက်ပါတော့”
ရှုရန်မြောင်ရဲ့ ဖြူစင်ရိုးသားလွန်းတဲ့ အမူအရာကို ကြည့်ပြီး သူ လာဘ်ယူလိမ့်မည်ဟု ထိုအရာရှိ မထင်တော့ပေ။ ထို့ကြောင့် သူသည် ရှုရန်မြောင်ကို တစ်နည်းနည်းနဲ့ ကူညီပေးဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
"ကဲ ... စားကြစို့ ... အဲ့ဒီ ... ဟော့ပေါ့ကို"
အရာရှိက ဘုတ်ခနဲ ထိုင်ချလိုက်ရာ ထိုင်ခုံက ကျွီခနဲ မြည်သွားသဖြင့် သူသည် လန့်ဖြန့်ကာ ဖင်ကို ချက်ချင်း ပြန်ကြွ လိုက်မိသည်။
ရှုရန်မြောင်က စိတ်ချလက်ချဖြစ်စေရန် နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ဗျ၊ ကျွန်တော် ဒီခုံပေါ်မှာ ထိုင်လာတာ လပေါင်းများစွာရှိပြီ၊ ဘာမှမဖြစ်ပါဘူး"
"ဪ ... အေးအေး"
ထိုအရာရှိသည် ပြန်ထိုင်လိုက်သော်လည်း သတိကြီးစွာဖြင့် ထိုင်ခုံ၏ တစ်ဝက်လောက်ကိုသာ တင်ပါးတင်ထားပြီး ဘယ်အချိန်မဆို ပြန်ထနိုင်ရန် အသင့်ပြင်ထားသည်။
ရှုရန်မြောင်ကမူ သူ၏ ထိုင်ခုံပေါ်သို့ ဖတ်ခနဲ ထိုင်ချလိုက်ရာ သစ်သားခြေထောက်များမှာ ယိမ်းထိုးသွားပြီး အသံမျိုးစုံ ထွက်ပေါ်လာတော့သည်။ ထိုအရာရှိမှာ ခုံကြီး ကျိုးကျသွားမည်ကို စိုးရိမ်နေမိသည်။
ထိုအချိန်တွင်ပင် သူတို့နှစ်ဦးစလုံး တံခါးခေါက်သံကို ကြားလိုက်ရသည်။
"ဒေါက် ဒေါက် ဒေါက်"
ရှုရန်မြောင်က လှမ်းအော်မေးလိုက်သည်။
"ဘယ်သူလဲဗျ"
အပြင်ဘက်မှ အသံကြီးမှာ အထူးပင် ကျယ်လောင်လှသည်။
“ကောင်လေးရှု၊ အိမ်လခပေးရမယ့်အချိန် ရောက်ပြီဟေ့"
"ဟာ"
ရှုရန်မြောင်သည် ချက်ချင်းပင် တံခါးဆီသို့ လျှောက်သွားရာ သူ၏ခြေလှမ်းများအောက်တွင် ကြမ်းပြင်ကြီးမှာ သိမ့်သိမ့်တုန်သွားပြီး သူသည် ဆင်တစ်ကောင်ကဲ့သို့ အလေးချိန်စီးနေသယောင် ထင်မှတ်ရသည်။
သူ တံခါးဖွင့်လိုက်သောအခါ အနက်ရောင် ဝတ်ရုံကို ပတ်ထားသည့် ပိန်ပိန်ပါးပါး ပုံသဏ္ဌာန်နှင့် အိမ်ရှင်ကို တွေ့လိုက်ရသည်။ အိမ်ရှင်က လေထဲမှ အနံ့ကို ရှူရှိုက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
"အသားစားနေတာလား၊ ဂုဏ်ယူပါတယ်"
ဤကဲ့သို့သော နေရာမျိုးတွင် နေထိုင်သူများအဖို့ တစ်နှစ်လျှင် တစ်ကြိမ် အသားစားရခြင်းမှာပင် အလွန် ကြီးကျယ် သော စည်းစိမ်ကြီးတစ်ခု ဖြစ်နေချေပြီ။
ရှုရန်မြောင်သည် အသပြာ ၅၀၀ ကို ထုတ်ယူ၍ ပေးကမ်းလိုက်ပြီး မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည်။
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ လစာထုတ်ထားလို့ပါ"
ချူမင်းဆက် ကာလတွင် အိမ်ရှင်ထံ၌ ထင်းခုတ်၊ ရေခပ်ပေးရသော အိမ်ငှားများကို ရက်ပေါင်း ၃၀၀ လုပ်အား အတွက် အသပြာ ၂,၀၀၀ ကို လုပ်အားခအဖြစ် ပေးလေ့ရှိသည်။ အချိန်ကြာလာသည်နှင့်အမျှ လစာ ဟူသော စကားလုံးမှာ လစဉ် ခံစားခွင့်များအတွက် အသုံးများသော အသုံးအနှုန်း ဖြစ်လာခဲ့သည်။
အိမ်ရှင်မှာ ကျေနပ်သွားလေသည်။
"ကဲ ... အေးအေးဆေးဆေး စားကြပါဗျာ၊ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး၊ ဒါပေမဲ့ ကောင်လေးရှု၊ သတိတော့ထားဦး၊ မင်းရဲ့လစာတွေကို တစ်ခါတည်းနဲ့ ကုန်အောင် မဖြုန်းလိုက်နဲ့ဦး"
ရှုရန်မြောင်သည် သူ၏ ပိုက်ဆံအိတ်လေးကို စိုးရိမ်တကြီးဖြင့် ငဲ့ကြည့်လိုက်သည်။
"သိပါပြီဗျ"
သူသည် ဤလအတွင်း နောက်ထပ် ဟော့ပေါ့ ဘယ်နှစ်နပ်လောက် ထပ်စားနိုင်ဦးမလဲနှင့် အိမ်တွင် ဆန်နှင့် ဂျုံမှုန့် ဘယ်လောက် ကျန်သေးလဲဆိုသည်ကို စိတ်ထဲမှ အလိုလို တွက်ချက်နေမိတော့သည်။
ရှုရန်မြောင်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ထားလိုက်ပါတော့၊ ရှိတာနဲ့ပဲ ဖြစ်သလို နေရမှာပေါ့၊ အဆိုးဆုံး ဖြစ်လာရင်တော့ မနက်စာနဲ့ နေ့လယ်စာကို နန်းတော်မှာပဲ ကပ်စားတော့မယ်၊ ညစာလား၊ မစားတော့ဘူး"
သူသည် မိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြင့် နှစ်သိမ့်နေရှာသည်။
ထိုအတောအတွင်း အရှေ့ဈေး၏ အဝင်ဝတွင်မူ မိန်းမစိုးအရာရှိချုပ်သည် ထိုနေရာတစ်ဝိုက်ကို စိုက်ကြည့်ရင်း သူ၏မွေးစားသားကို တတိယအကြိမ်မြောက်အဖြစ် ထပ်မံမေးမြန်းနေသည်။
"ဒီလမ်းက သေချာရဲ့လား"
မွေးစားသား ဖြစ်သူကမူ ခိုင်ခိုင်မာမာ ပြောလိုက်သည်။
"ဒီနေရာ အစစ်ပါပဲ၊ အဖေ မသိလို့ပါ၊ အရှေ့ဈေးရဲ့ အစွန်ဆုံးဘက်မှာ နိမ့်ကျတဲ့ ရပ်ကွက်တစ်ခု ရှိတယ်၊ အဲ့ဒီမှာ အခန်းပေါင်း ရှစ်ရာလောက် ခွဲထားပြီးတော့ ကုန်သည်တွေနဲ့ ဆင်းရဲသားတွေကို ငှားစားနေကြတာလေ"
ရှုရန်မြောင်က ဘာကြောင့် ဒီနေရာမှာ နေထိုင်နေရသလဲ ဆိုသည်ကိုတော့ မွေးစားသားလည်း မသိချေ။ အပြင်ပန်း အသွင်အပြင်မှာ လှည့်စားတတ်သည်ဆိုသောအချက်ကို သူ လွန်ခဲ့သောအချိန်ကတည်းက သင်ခန်းစာ ရရှိထားပြီး ဖြစ်သည်။ တစ်စုံတစ်ယောက်က တကယ်ပဲ အကျင့်စာရိတ္တကောင်းမွန်ပြီး လာဘ်မစားတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား ဆိုသည်ကိုတော့ လက်တွေ့စစ်ဆေးကြည့်ရန် လိုအပ်ပေသည်။
ထိုနေရာသို့ရောက်သောအခါ သူတို့၏ မြင်းရထားမှာ ရှေ့ဆက်သွား၍ မရတော့ပေ။ မိန်းမစိုး အရာရှိချုပ်သည် သူ၏ လက်ဝါးဖြင့် မျက်နှာကိုအုပ်ကာ သွားကြားထဲမှ အသံထွက်အောင် ညှစ်ထုတ်၍ အမိန့်ပေးလိုက်သည်။
"မကြစမ်း"
မိန်းမစိုးငယ်လေးများအားလုံးမှာ တစ်ကိုယ်လုံး တုန်တက်သွားကြတော့သည်။
ဒါက အသပြာ သုံးသိန်း ဖြစ်သည်။ အရှေ့ဈေးက ကြီးမားပြီး အဝင်ဝမှ ထိုနိမ့်ကျသော ရပ်ကွက်အထိဆိုလျှင် အနည်းဆုံး မိုင်ဝက်နီးပါးမျှ ကွာဝေးလေသည်။
သူတို့သည် ဝမ်းနည်းပူဆွေးသော မျက်နှာများဖြင့် ငွေအသပြာများနှင့် ပိုးထည်များ ပြည့်နှက်နေသည့် သေတ္တာကြီး ကို မလိုက်ကြပြီး၊ စပ်စုနေသော လူအုပ်ကြီးကြားမှ တိုးဝှေ့ကာ အိမ်ထဲသို့ရောက်ရန် သတိကြီးစွာဖြင့် ချီတက် လာကြတော့သည်။