လခွမ်း … ရွှေတုံးကို စအိုထဲ ထည့်ဖွက်ထားတာပဲ (၁)
Vol. 2 Ch. 21
မိန်းမစိုးငယ်လေးများမှာ သေတ္တာကြီးများကို မလာကြရသဖြင့် အမောတကော ဖြစ်နေကြပြီး လက်မောင်း များမှာလည်း တောင့်တင်းနာကျင်နေကာ တစ်လမ်းလုံး ငိုမဲ့မဲ့ဖြင့် ညည်းညူလာကြတော့သည်။
သူတို့သည် လူအများကို ပြုစုလုပ်ကျွေးရသူများဖြစ်သည်မှာ မှန်သော်လည်း ယေဘုယျအားဖြင့် မိန်းမစိုးများကို ဤကဲ့သို့ လေးလံသော ပစ္စည်းများ မခိုင်းကြပေ။
"ပါးစပ်ပိတ်ထားကြစမ်း၊ တိတ်တိတ်နေကြ"
မိန်းမစိုးအရာရှိချုပ်မှာ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ငါတောင် ဘာမှ မညည်းရသေးဘူး"
သူရော မပင်ပန်းဘူးတဲ့လား။ သူလည်း လဲကျတော့မည့် အခြေအနေ ဖြစ်နေပြီလေ။
သေတ္တာကြီးကို မလျက် အဆုံးမရှိသယောင် ထင်ရသော လမ်းမကြီးကို မော့ကြည့်ရင်း မိန်းမစိုး အရာရှိချုပ်မှာ သူ၏ အသေအချာ ထိန်းသိမ်းထားသော လက်မောင်းများ၊ ခြေထောက်များနှင့် ကျောရိုးတို့မှ နာကျင်မှုကြောင့် အော်ဟစ် နေသည့်အသံကိုပင် ကြားနေရသယောင် ရှိတော့သည်။
*အရှင်မင်းကြီးရယ်... အသပြာတွေနဲ့ ပိုးထည်တွေအစား ရှုရန်မြောင်ကို အိမ်တစ်လုံးလောက်သာ ဆုချလိုက်ပါ တော့လားဗျာ*
တံခါးခေါက်သံ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာသဖြင့် ရှုရန်မြောင်မှာ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
"..."
[ဒီတစ်ခါကော ဘယ်သူပါလိမ့်၊ ငါ့ဘာသာ အေးအေးဆေးဆေး ဟော့ပေါ့လေးတောင် စားခွင့်မရှိတော့ဘူးလား]
စစ်မက်ရေးရာ အရာရှိကမူ အနီရောင် ဟင်းရည်ထဲ၌ ကျန်ရှိနေသော ငါးဆုပ်လုံးများကို လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဆယ်ယူလိုက်သည်။ လေထဲတွင် ငါးအသားနံ့မှာ မွှေးပျံ့လျက် ရှိနေဆဲပင်။
"အပြင်မှာ လူတွေ အများကြီး ရောက်နေတဲ့ပုံပဲ၊ သခင်လေးရှု၊ မင်းအနေနဲ့ ဘယ်သူ့ကိုမှ ဖိတ်ထားတာ မရှိဘူးဆိုရင် ဒါက မင်းရဲ့ ရန်သူတွေများလား၊ တစ်စုံတစ်ယောက်က လူမိုက်တွေ လွှတ်လိုက်တာများလား"
"မဖြစ်နိုင်တာ၊ ကျွန်တော်က အမြဲတမ်း သတိဝီရိယရှိရှိ နေထိုင်တတ်သလို ဘယ်သူနဲ့မှလဲ အငြင်းပွားတာမျိုး မရှိပါဘူး၊ ကျွန်တော့်မှာ ဘယ်လိုလုပ် ရန်သူရှိမှာလဲ"
ရှုရန်မြောင်က ခေတ္တမျှ စဉ်းစားလိုက်သည်။
*မူလပိုင်ရှင်ကလဲ ဘယ်သူ့ကိုမှ ရန်မစခဲ့တဲ့ပုံပဲ၊ ဒါဆို … အပြင်က ဘယ်သူများ ဖြစ်မလဲ*
ရှုရန်မြောင်က မိမိကိုယ်မိမိ သတိဝီရိယရှိသူဟု ပြောလိုက်ချိန်တွင် စစ်မက်ရေးရာ အရာရှိ၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးလှသော အမူအရာကို သူ သတိမထားမိလိုက်ပေ။
*မြန်မြန်၊ အမဲသား စားပြီး စိတ်ကို အေးအေးထားစမ်း*
စစ်မက်ရေးရာ အရာရှိသည် တံခါးဘက်ကို မျက်ခြေမပြတ် စောင့်ကြည့်ရင်း အမဲသားများကို ပါးစပ်ထဲသို့ အတင်း ထိုးထည့်နေသည်။ တစ်ခုခု ထူးဆန်းနေသည်ကို မြင်လိုက်ရသဖြင့် သူသည် အိုးအသေးလေးကို ဆွဲယူကာ ပွက်ပွက်ဆူနေသော အနီရောင်ဟင်းရည်များကို အပြင်သို့ ပက်ထုတ်လိုက်တော့သည်။
ထိုစဉ် ရှုရန်မြောင်က တံခါးကို ဖွင့်လိုက်သည်။
တံခါးဝတွင် မိန်းမစိုးဝတ်စုံနှင့် လူတစ်ယောက် ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။ ထိုလူ၏ ဖိနပ်အောက်ခြေများမှာ ရွှံ့စော်နံသော ရေပုပ်များနှင့် ဗွက်များ ပေကျံနေပြီး ၎င်းမှာ နိမ့်ကျသော ဤရပ်ကွက်ထဲသို့ ခြေချမိခဲ့သောကြောင့် ဖြစ်ပေလိမ့်မည်။
ထိုလူက သူ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။
“သခင်လေးရှု"
ထို့နောက်တွင် ထိုသူက ထပ်ပြောလိုက်သည်။
"အရှင်မင်းကြီးက အမိန့်တော် ချမှတ်လိုက်ပါတယ်၊ အမိန့်တော်ကို နာခံယူပါဦး ရှုသခင်လေး"
"ဪ ... ဟုတ်ကဲ့"
ရှုရန်မြောင်သည် သူ၏ မှတ်ဉာဏ်ထဲရှိ နန်းတွင်းထုံးတမ်းစဉ်လာများအတိုင်း အလျင်အမြန်ပင် အမိန့်တော် စာလွှာကို အိုးတိုးအန်းတန်းဖြင့် လက်ခံလိုက်သည်။ စစ်မက်ရေးရာ အရာရှိသည်လည်း ဂါရဝပြုရန် အိမ်ထဲမှ အပြေးအလွှား ထွက်လာခဲ့သည်။ မိန်းမစိုး အရာရှိချုပ်က အမိန့်တော်ကို သွက်လက်စွာ ဖတ်ကြားလိုက်ပြီး၊ ရှုရန်မြောင်က အမိန့်တော်လွှာကို လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် မိန်းမစိုးငယ်လေးများသည်လည်း ဆုလာဘ် သေတ္တာကြီးများကို အိမ်ထဲသို့ စိတ်အားထက်သန်စွာဖြင့် မယူလာကြတော့သည်။
"ဒီဆုလာဘ်တွေကို ဘယ်နေရာမှာ ထားပေးရမလဲ အရာရှိမင်း"
ရှုရန်မြောင်က ပြန်ဖြေလိုက်သည်။
"အဆင်ပြေတဲ့ ထောင့်တစ်နေရာမှာပဲ ချထားလိုက်ပါဗျာ"
သေတ္တာကြီးများ ကြမ်းပြင်ပေါ်သို့ ကျသွားသော အသံမှာ တစ်စုံတစ်ယောက်က စိတ်သက်သာရာရစွာ အော်ဟစ်လိုက်သည့်အလားပင်။
"နောက်ဆုံးတော့ လွတ်မြောက်သွားပြီ"
မိန်းမစိုး အရာရှိချုပ်က ရုတ်တရက် ပြောလိုက်သည်။
"သခင်လေးရှု ... ဒီအမိန့်တော်စာလွှာက အရှင်မင်းကြီး ကိုယ်တိုင် ရေးထားတာပါ"
"အာ ... ဟုတ်ကဲ့"
ရှုရန်မြောင်သည် ထိုသူ၏ မျက်နှာပေါ်ရှိ အံ့ဩနေသော အမူအရာကို ရိပ်မိလိုက်သဖြင့် အလျင်အမြန်ပင် တုံ့ပြန် လိုက်သည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ် ... ပြီးတော့ တော်ဝင် မိန်းမစိုးကြီးကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ"
တော်ဝင် မိန်းမစိုးကြီး ဆိုသည်မှာ ဧကရာဇ်၏ မျက်နှာသာပေးမှုကို ခံရသော မိန်းမစိုးကြီးများအား ရိုသေစွာ ခေါ်ဝေါ်သော အသုံးအနှုန်းဖြစ်သည်။
မိန်းမစိုးအရာရှိချုပ်က သဘောကောင်းစွာ ပြုံးပြလိုက်သည်။
"သခင်လေးရှုရဲ့ ကျေးဇူးတင်စကားကို အရှင်မင်းကြီးထံ လျှောက်တင်ပေးပါ့မယ်"
ထို့နောက် မိန်းမစိုးငယ်လေးများကို ခေါ်ဆောင်၍ ပြန်လည်ထွက်ခွာသွားတော့သည်။
စစ်မက်ရေးရာ အရာရှိမှာမူ သူတို့၏အရိပ်အယောင်များ ပျောက်ကွယ်သွားသည်အထိ လည်ပင်းကို ဆန့်ကြည့် နေမိသည်။ သူတို့ မြင်ကွင်းမှ ပျောက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် ချက်ချင်းပင် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။
"နောက်ဆုံးတော့ သူတို့ သွားကြပြီဟေ့"
ရှုရန်မြောင်ကမူ ယုန်သူငယ်တစ်ကောင်ကဲ့သို့ အိမ်ထဲသို့ အပြေးအလွှား ဝင်သွားခဲ့ပြီဖြစ်သည်။ သူ၏အသံမှာ အလွန်ပင် ပျော်ရွှင်မြူးတူးနေလေသည်။
"ဟေဟေ့ … ငါ ပိုက်ဆံတွေ အများကြီး ရပြီဟေ့"
ထို့နောက်တွင်တော့ သူ၏ အတွေးများမှာလည်း ရွှင်မြူးစွာ ထွက်ပေါ်လာတော့သည်။
[ဧကရာဇ်အိုကြီးက သမက်တော် လျိုယီကို နှိမ်နင်းတဲ့နေရာမှာ ကူညီပေးခဲ့လို့ ငါ့ကို ဆုချတာများလား]
[တောင်းပန်ပါတယ် အရှင်မင်းကြီးရယ်၊ နောက်ဆိုရင် အရှင်မင်းကြီးကို ကပ်စေးနည်းတယ်လို့ ခိုးပြီး မပြောတော့ပါဘူး]
[အသပြာ သုံးသိန်းတောင်ဗျာ]
[အခုဆိုရင် ငါ ဒီထက်သာတဲ့ အိမ်ကောင်းကောင်းတစ်လုံး ငှားနေလို့ ရပြီ]
စစ်မက်ရေးရာ အရာရှိသည် ရှုရန်မြောင်၏ ကျောပြင်ကို ကြည့်ရင်း အတွေးဝင်သွားသည်။ ဧကရာဇ်၏ သဘာဝအရ ဤကဲ့သို့ သာမန်ကိစ္စလေးတစ်ခုအတွက် ဆုလာဘ် အမြောက်အမြား ပေးသနားရန်မှာ မဖြစ်နိုင်သလောက်ပင်။ ၎င်း၏နောက်ကွယ်တွင် အခြားသော အကြောင်းရင်းတစ်ခု ရှိရပေမည်။
ဧကရာဇ်၏ အခက်အခဲအချို့ကို ရှုရန်မြောင်က သူ၏ အတွေးများဖြင့် ဖြေရှင်းပေးနိုင်ခဲ့သောကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဧကရာဇ်၏ လူယုံတော် မိန်းမစိုးကြီးကိုယ်တိုင်က ရှုရန်မြောင်အား ရှုသခင်လေးဟု ရိုသေစွာ ခေါ်ဝေါ်ပြီး မိမိကိုယ်ကို အစေခံဟု နှိမ့်ချသုံးနှုန်းသွားခြင်းမှာ ထိုသူတို့ကြားရှိ ရင်းနှီးမှု အခြေအနေကို သွယ်ဝိုက်သောနည်းဖြင့် ပြသနေခြင်းပင်။
စစ်မက်ရေးရာ အရာရှိမှာ မျက်လုံးလေးများကို မှေးစင်းကာ ပြုံးလိုက်မိပြီး အလွန်ပင် ကျေနပ်နေပုံရသည်။
*ရှုသခင်လေးကတော့ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို အပြည့်အဝ ရနေပြီပဲ*
ရှုရန်မြောင်သည် သူ၏တူကို တတိယအကြိမ်မြောက် ပြန်ကောက်ကိုင်လိုက်ပြီးနောက် စားစရာများကို ပွက်ပွက်ဆူ နေသော ဆီပူနီနီထဲသို့ နှစ်ရန် ပြင်လိုက်စဉ်မှာပင် ...
"ဒေါက် ... ဒေါက် ... ဒေါက် ..."
တံခါးခေါက်သံမှာ တတိယအကြိမ်မြောက်အဖြစ် ထပ်မံထွက်ပေါ်လာပြန်သည်။
စစ်မက်ရေးရာ အရာရှိ - "..."
ရှုရန်မြောင် - "..."
ရှုရန်မြောင်သည် သူ၏တူကို ဒေါသတကြီး ပစ်ချလိုက်တော့သည်။
[တောက်၊ ဒါကတော့ လွန်လွန်းပြီ]
[ငါ့ဘာသာ အေးအေးဆေးဆေး ထမင်းလေးတစ်နပ်တောင် စားခွင့် မရှိဘူးလား]
သို့သော်လည်း သူသည် တံခါး သွားဖွင့်ပေးရန်သာ ရှိတော့သည်။
ရှုရန်မြောင်သည် စစ်မက်ရေးရာ အရာရှိ၏ သနားကရုဏာသက်နေသော အကြည့်များကြားမှ တံခါးကို တတိယ အကြိမ်မြောက် အဖြစ် ဖွင့်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ ဝင်လုဆဲဆဲ နေဝင်ဆည်းဆာ အလင်းတန်း အောက်၌ နှိမ့်ချသော အမူအရာဖြင့် ရပ်နေသော သူစိမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။
"ရှုသခင်လေး... ကျွန်တော်မျိုးက သော်မိသားစုရဲ့ အိမ်တော်ထိန်းပါ၊ သခင်ကြီးက သခင်လေးကို ပွဲတော် တစ်ခုသို့ အထူး ဖိတ်ကြားလိုက်ပါတယ်၊ ကြွရောက်ပေးပါဦး ခင်ဗျာ"
ရှုရန်မြောင် အံ့အားသင့်သွားလေသည်။
"သော်မိသားစု ဟုတ်လား"
*ဝန်ကြီးချုပ်သော်လား*
"သူ့ကို တွေ့ပြီလား"
"သတင်းပို့ပါတယ် သခင်ကြီး၊ သူ့ကို ရှာမတွေ့ပါဘူး"
"မင်းတို့အားလုံး အမှန်အတိုင်း ဝန်ခံကြပြီလား"
"သတင်းပို့ပါတယ် သခင်ကြီး၊ အစေခံအားလုံးက သူတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုနေကြပါတယ်၊ သခင်လေးရဲ့ မင်္ဂလာ ခန်းဝင်ပစ္စည်း လက်ဆောင်တွေကို ခိုးယူခဲ့ပါတယ်လို့ ဘယ်သူကမှ ဝန်မခံကြပါဘူး"
အမတ်ကြီးသော်သည် သူ၏နားနှစ်ဖက်ကို အုပ်ထားရင်း ဂိုဒေါင် တံခါးကြီးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်။
ထိုတံခါးကြီးကို ရွှေရောင်ဆေးများ ခြယ်သထားပြီး သားရဲမျက်နှာပုံစံဖြင့် အလှဆင်ထားကာ အလွှာသုံးထပ်နှင့် သော့ခလောက် သုံးခုဖြင့် ခိုင်ခံ့စွာ ပိတ်ထားလေသည်။