အရှိုက်ထိုးခြင်း
Vol. 12 Ch. 1126
ပိုင်ရှောင်ချန်းမှာ မအံ့ဩဘဲ မနေနိုင်တော့ပေ။ ယွမ်ဟိုင်စီရင်စုသည် အရေးအကြီးဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည် မဟုတ်ပါလော။ ယခု ထာဝရအင်မော်တယ်နယ်မြေများတွင် နေထိုင်သည့် ကောင်းကင်တံတားဒေသမှ လူအများအတွက် သန့်စင်မွန်မြတ်သော နယ်မြေတစ်ခုအလား ဖြစ်လေသည်။
၄င်းတည်ရှိနေသရွေ့ သူတို့အတွက် မျှော်လင့်ခြင်းမီးပြတိုက်ပမာပင်။
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီဖြစ်ပြီး ယွမ်ဟိုင်စီရင်စု၏ နေရာအများစုသို့ သူ၏နတ်ဘုရားအာရုံကို စေလွှတ်လိုက်သည်။ သို့သော် အရာအားလုံးမှာ ပုံမှန်အတိုင်းပင်။ သူက ထရပ်ပြီး ခြေတစ်လှမ်းလှမ်းလိုက်ရာ အပြင်ဘက်တွင် မဟာကောင်းကင်သခင် ရပ်နေသော မဟာခန်းမဆောင်အတွင်း ပေါ်လာ၏။
" ကျွန်တော်မျိုး စီတု ကြီးမြတ်သော ကောင်းကင်ဧကရာဇ်အား အခစားဝင်ရန် တောင်းဆိုပါတယ် ။ အရေးတကြီး တင်ပြစရာ ကိစ္စတစ်ခုရှိလို့ပါ "
မဟာကောင်းကင်းသခင်၏ အသံမှာ သူပြောနေသည့်ကိစ္စက အတော်လေး လေးနက်သည့်အလား မဆိုစလောက်လေး တုန်ယင်နေ၏။ ပိုင်ရှောင်ချန်းမှာ ခါတိုင်းထက် ပို၍ နိုးကြားသွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ ခန်းမဆောင်၏ တံခါးပွင့်သွားလေသည်။ မဟာကောင်းကင်းသခင်က သုတ်သီးသုတ်ပျာဝင်လာြပီး သူက အလွန်စိုးရိမ်နေသဖြင့် လက်ယှက်အရိုအသေပေးရန်ပင် လုံးလုံးလျားလျားမေ့လျော့သွား၏။
" ကောင်းကင်ဧကရာဇ် … ဆိုးဆိုးဝါးဝါးတစ်ခုဖြစ်သွားလို့ ယွမ်ဟိုင်စီရင်စု အကျဥ်းအကြပ်ထဲ ရောက်နေပါပြီ။ ကျွန်တော်မျိုးတို့ ဒီပြဿနာကို မဖြေရှင်းရင် ကျွန်တော်မျိုးတို့ တည်ထောင်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရတဲ့ ဒီအုတ်မြစ်ကို ထာဝရဆုံးရှုံးရပါလိမ့်မယ်။ အမှန်ဆိုရင် သူတော်စင်ဧကရာဇ်နိုင်ငံတော်အတွင်းက ကျွန်တော်မျိုးတို့ရဲ့ ရပ်တည်ချက်တောင် ပြောင်းလဲသွားနိုင်လောက်ပါတယ် "
သူ၏နဖူးမှာ ချွေးများရွှဲနစ်နေပြီး သူက ပိုင်ရှောင်ချန်းပျောက်နေခဲ့၍ သူနှင့် သရဲကြီးဘုရင်တို့ ဘာမှမစွမ်းဆောင်နိုင်ခဲ့သည့် မကြာသေးသောနေ့ရက်များကို ပြန်တွေးလိုက်သည်။ ယခုတွင်ကား အရေးအကြီးဆုံး အခိုက်အတန့်ကို ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ပိုင်ရှောင်ချန်း မှတ်မိရသရွေ့ မဟာကောင်းကင်းသခင်၏ မျက်နှာအပေါ်တွင် ဤကဲ့သို့ အမူအရာတစ်ခု ပေါ်လာခဲ့ဖူးသည့်အချိန်မှာ ဗဟိုဧကရာဇ်မြို့တော်က စစ်တပ်များဖြင့် အဝိုင်းခံခဲ့ရသည့် အချိန်တွင်သာ ဖြစ်သည်။ ထိုအချက်လေးကပင် သူ၏နှလုံးသားကို ပို၍ ပြင်းထန်စွာ ခုန်သွားစေသည်။
" ဘာဖြစ်သွားတာလဲ "
သူက ချက်ချင်း မေးလိုက်သည်။
" ကြီးမြတ်တဲ့ ကောင်းကင်ဧကရာဇ်ခင်ဗျား။ ယွမ်ဟိုင်စီရင်စုက စိတ်စွမ်းအင်အဆင့်မြှင့်တင်တဲ့နေရာမှာ အကောင်းဆုံးနေရာဆိုတဲ့ ဂုဏ်သတင်းက ဟိုးလေးတကျော်ကျော် ပျံ့နှံ့ခဲ့ပြီးပါပြီ။ ဒါပေမဲ့ သူတော်စင်ဧကရာဇ်နိုင်ငံတော်က ဗိုက်ဆာနေတဲ့လူတစ်ယောက် အရည်ရွှမ်းတဲ့ အမဲကင်ကို ငမ်းငမ်းတက်စားချင်နေတဲ့အတိုင်း ကျွန်တော်မျိုးတို့ကို လိုချင်လာကြတယ်။ သူတို့က ဝင်စီးပြီး ထိန်းချုပ်ဖို့ အချိန်ကောင်းကိုပဲ စောင့်နေကြတာပါ "
ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်လုနီးပါးပင်။ အမှန်ပင် ဤကဲ့သို့အရာတစ်ခု ဖြစ်ပျက်လာလိမ့်မည်ဟု အချိန်အတော်ကြာကတည်းက သူ ခန့်မှန်းထားခဲ့၍ အဆင့်တက်ရန် အပြင်းအထန်အားထုတ်နေရခြင်း ဖြစ်လေသည်။
" ပြီးခဲ့တဲ့ လတွေကတည်းက … " မဟာကောင်းကင်းသခင်က ဆက်ပြောသည်။
" ကျွန်တော်မျိုးတို့ရဲ့ အရှေ့မှာ လျှောက်စရာ လမ်းကြောင်းတစ်ကြောင်းပဲရှိတယ်ဆိုတာ ပေါ်လွင်လာခဲ့တယ်။ ကျွန်တော်မျိုးတို့ အဲဒီလမ်းကြောင်းအတိုင်း ဆက်လျှောက်မသွားရင်အခက်အခဲတွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်မျိုးတို့ ဆက်သွားရင် သူတော်စင်ဧကရာဇ်နိုင်ငံတော်က ကျွန်တော်မျိုးတို့ဆီ ရောက်မလာခင် အချိန်ရဖို့လိုပါတယ်။ အဆိုးဆုံးက သူတော်စင်ဧကရာဇ်က မကြာခင်လှုပ်ရှားဖို့ စဥ်းစားနေတယ်ဆိုတာကို အခိုင်အမာ အဆိုပြုနေတဲ့ အမိန့်တွေ တသီတသန်းကြီး ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်တော်မျိုးတို့မှာ လုပ်စရာ အချိန်မရှိတော့ဘူး “
" ကြီးမြတ်တဲ့ ကောင်းကင်ဧကရာဇ်ခင်ဗျား၊ သေချာပေါက် နှစ်ဝက်အတွင်းနဲ့ လောကနတ်ဘုရားအဆင့်ကို ရောက်မှ ဖြစ်ပါမယ်။ တစ်ခုတည်းသောရွေးချယ်စရာက ဒုတိယဖြစ်နိုင်ချေရှိတဲ့ လမ်းကြောင်းတစ်ခုကို ဖန်တီးဖို့နဲ့ တတ်နိုင်သမျှ မြန်မြန်လုပ်ဖို့ပဲ ရှိပါတော့တယ်။ ဒုတိယနည်းလမ်းအတွက် သော့ချက်က မိစ္ဆာဧကရာဇ်နိုင်ငံတော်နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ပါပဲ။ ကျွန်တော်မျိုးတို့ အဲဒီလိုလုပ်ရင် သူတော်စင်ဧကရာဇ် ခါတိုင်းထက်ပိုပြီးတောင် ဒွိဟဖြစ်သွားပါလိမ့်မယ်။ အဲဒါဆို ကျွန်တော်မျိုးတို့ အချိန်ဆွဲနိုင်ပြီ “
" ကံဆိုးတာက ကျွန်တော်မျိုးတို့မှာ မိစ္ဆာဧကရာဇ်နိုင်ငံတော်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ နည်းလမ်းတစ်ခုမှ မရှိဘူး။ အထူးသဖြင့် မြောက်ပိုင်းက စီရင်စုတွေအားလုံးက သူတို့နဲ့သက်ဆိုင်နေတာကို စဥ်းစားကြည့်ရင် သိသာပါတယ်။ ပြီးတော့ ကျွန်တော်မျိုးတို့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်တွေက သူတို့အတွက် အရေးကြီးပေမယ့် ကျွန်တော်မျိုးတို့ကို လမ်းဖွင့်ပေးဖို့ မလုံလောက်ဘူး။ မိစ္ဆာဧကရာဇ်နိုင်ငံတော်က အဝင်အထွက် တင်းတင်းကြပ်ကြပ် ပိတ်ထားတော၊ သရဲကြီးဘုရင်နဲ့ ကျွန်တော်မျိုးလဲ အခုတလော ဘာလုပ်မလဲ အသည်းအသန်စဥ်းစားပေမယ့် ဘာမှမတွေးနိုင်ဘူး။ အရှင်ကောင်းကင်ဧကရာဇ်ရော ဘယ်လိုမြင်ပါသလဲ "
မဟာကောင်းကင်းသခင်မှာ မချိတင်ကဲဖြစ်နေသည်။ ပိုင်ရှောင်ချန်းမှာလည်း ရှင်းပြနေသည့်တစ်လျှောက်လုံး အလွန်စိုးရိမ်သောကရောက်နေ၏။ သို့သော် အဆုံးသတ်ရောက်သည်နှင့် အတန်ငယ် စိတ်သက်သာရာရသွားလေသည်။ သူသည် ကုန်းစွန်းဝမ်အာနှင့် သူ၏ပတ်သက်မှုကို အတန်ငယ် မယုံသင်္ကာဖြစ်နေသေးသော်လည်း ထိုအပေါ်တွင် သူ ပုံအပ်နိုင်ကြောင်း သူသိသေးသည်။
" အိမ်း … ခင်ဗျားဗျာ ကျုပ်ကို တစ်မိနစ်လောက် ရင်တုန်ပန်းတုန်ဖြစ်အောင်လုပ်တယ် " သူက ပြော၏။
" ဒါပေမဲ့ အဆုံးသတ်ကျတော့ မိစ္ဆာဧကရာဇ်နိုင်ငံတော်အကြောင်းပဲမလား။ ကျုပ် ကုန်းစွန်းဝမ်အာနဲ့ အပေးအယူ သွားလုပ်လိုက်မယ်။ အဲဒါပြီးရင် ... ခဏ... နေပါဦး "
သို့သော် သူဘာမှထပ်မပြောနိုင်ခင် မဟာကောင်းကင်းသခင်က ချောင်းဟန့်လိုက်သည်။ သူ၏ယခင်စိုးရိမ်ကြောင့်မှုအရိပ်အယောင် တစ်ခုကိုမှ မမြင်ရတော့ဘဲ သူက ပိုင်ရှောင်ချန်းကို တည်ကြည်စွာကြည့်၍ လက်ယှက်အရိုအသေပေးလိုက်သည်။ ထို့နောက် ကရားရေလွှတ်တရပ်စပ်ပြောတော့သည်။
" ကောင်းကင်ဧကရာဇ်တစ်ပါး ပြောကြားလိုက်ပြီဆိုတာနဲ့ အမိန့်တွေကို တင်းတင်းကြပ်ကြပ် ဥပဒေပြဌာန်းရပါတယ်။ ကြီးမြတ်တဲ့ ကောင်းကင်ဧကရာဇ်ခင်ဗျား ကောင်းကင်ဧကရာဇ်သရဲမယ်တော်နဲ့ စီးပွားရေးဆွေးနွေးညှိနှိုင်းမှုတွေ ကျေးဇူးပြုပြီး မြန်နိုင်သမျှ မြန်မြန်လုပ်ပါ။ အကောင်းဆုံးကတော့ ပုဂ္ဂိုလ်ရေးအရ သူနဲ့ ပိုအဆင်ပြေအောင်လုပ်တာပါပဲ။ ကောင်းကောင်းအဆင်ပြေရင်တော့ ကောင်းကင်တံတားဒေသမှာ ကျွန်တော်မျိုးတို့ဖက်က နောက်ထပ်ကောင်းကင်ဧကရာဇ်တစ်ပါး ရရင်ရသွားမှာပေါ့။ တကယ့်အကောင်းဆုံးက အရှင်တို့နှစ်ယောက် လင်မယားဖြစ်လာတာပဲ ဖြစ်ပါမယ် “
" ကဲ ကြီးမြတ်တဲ့ ကောင်းကင်ဧကရာဇ်ခင်ဗျား၊ အခုလေးတင် တံခါးပိတ်ကျင့်ရာက ထွက်လာတာက ကျွန်တော်မျိုး သိပါတယ်။ နည်းနည်းလောက် အနားယူလိုက်ပါဦး။ ကျွန်တော်မျိုး ထပ်ပြီး အနှောင့်အယှက်မပေးတော့ဘူး။ အခု ကျွန်တော်မျိုး သွားပါတော့မယ် ...."
သူက ခပ်တိုးတိုးရယ်၍ ဦးညွှတ်ပြီးနောက် ခန်းမဆောင်ထဲမှ အလောသုံးဆယ် ထွက်သွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားဖြစ်လျက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်၍သာ ကျန်ရစ်ခဲ့လေသည်။
" စီတု ခင်ဗျား သောက်အဖိုးကြီး။ ခင်ဗျား ကျုပ်ကို နှပ်ချတယ် "
ပိုင်ရှောင်ချန်းမှာ ဒေါသထွက်ချင်ပါသော်လည်း တစ်နည်းနည်းကြောင့် ထွက်မရပေ။ ကြည့်ရသရွေ့ ယွမ်ဟိုင်စီရင်စုတွင် မည်သည့်ကပ်ဘေးမှ ရှိပုံမရချေ။ မဟာကောင်းကင်သခင်၏ အထိတ်တလန့်ပြောစကားများအားလုံးက ပိုင်ရှောင်ချန်းကို ကုန်းစွန်းဝမ်အာနှင့် ပို၍ရင်းနှီးအောင် ကြိုးစားရန် မာယာတစ်ခုသာ ဖြစ်ခဲ့ပေသည်။
သိသာထင်ရှားစွာပင် သူသည် သူတို့၏ဝိုးတိုးဝါးတား ပတ်သက်မှုအကြောင်း ကောလာဟလများကို ကြားခဲ့ဟန်တူ၏။ ဉာဏ်နီဉာဏ်နက်များသော မြေခွေးကြီးဖြစ်၍ တိုက်ရိုက်အကြံပေးလျှင် ပိုင်ရှောင်ချန်း ငြင်းဆိုမည်ကို သူ သိလေသည်။ အမှန်တွင် ပိုင်ရှောင်ချန်းက ကုန်းစွန်းဝမ်အာကို အတန်ငယ် ကြောက်နေမိသည် မဟုတ်ပါလော။
မဟာကောင်းကင်းသခင်မှာ ကုန်းစွန်းဝမ်အာကို ကောင်းကင်တံတားဒေသဖြင့် ပူးပေါင်းစေချင်သည်။ သူတို့ဖက်ရှိ ကောင်းကင်ဧကရာဇ်နှစ်ပါးဖြင့် ထာဝရအင်မော်တယ်နယ်မြေများတွင် သူတို့၏ နေရာသည် ယခင်ကထက်ပို၍ တောင့်တင်းခိုင်မာလာမည်ဖြစ်သည်။
သူ၏ပြောစကားအချို့က သွေးထွက်အောင် မှန်သည်။ ယွမ်ဟိုင်စီရင်စု ဆက်သွားနေနိုင်ရန် သူတော်စင်ဧကရာဇ်နိုင်ငံတော်ဖြင့် ကုန်သွယ်မှုအပေါ်တွင်သာ မှီခိုနေ၍မဖြစ်ပေ။ သူတော်စင်ဧကရာဇ် သိပ်သဘောမကျလျှင်တောင်မှ သူတို့က မိစ္ဆာဧကရာဇ်နိုင်ငံတော်ဖြင့် ကုန်သွယ်မှုဆက်ဆံရေး တည်ဆောက်ရမည်ဖြစ်သည်။
ထို့ပြင် ယင်းသည် ဖြေရှင်းရန်ခက်သည့် အချက်များအားလုံး တည်ရှိသည့်နေရာပင်။ သူတို့မှာ သူတို့၏ လုံခြုံရေးကို ဦးစားပေးစဥ်းစားရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက သတိပင်မထားမိလိုက်ဘဲ အန္တရာယ်များသော အခြေအနေအတွင်း သက်ဆင်းသွားနိုင်သည်။
အမှန်တကယ်တော့ သူတို့ ဒုက္ခရောက်နေသည်ဆိုသော မဟာကောင်းကင်သခင်၏ အခြားအကဲဖြတ်မှုများသည်လည်း မမှားပေ။ သို့သော် တကယ့်ခြိမ်းခြောက်မှုကြီးမဖြစ်ခင် အချိန်အနည်းငယ်ကြာဦးမည်ဖြစ်သည်။
ထိုကိစ္စအား အတန်ငယ် ခွဲခြမ်းစိတ်ဖြာပြီးနောက် ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင် ကိုင်တွယ်ခဲ့ပုံနှင့်ပတ်သက်၍ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ အမှန်တကယ် အရေးမကြီးသရွေ့ သူက ကုန်းစွန်းဝမ်အာနှင့် မပတ်သက်ချင်သည်မဟုတ်ပါလော။
" ငါ အမြဲတမ်း သူ့ကို တင်ပါးကြည့်ချနေမိတာ... "
သူက သက်ပြင်းချလိုက်သည်။ သူစိတ်အပူဆုံးက တင်ပါးချခြင်းမှာသည် ပို၍သိသာသောအခြင်းအရာတစ်ခုထံ ဦးတည်သွားလောက်မည်ဆိုသည်ကိုပင် ...
ကံဆိုးစွာပင် မဟာကောင်းကင်သခင်၏ ပရိယာယ်လေးကောင်းမှုကြောင့် သူ ပါးစပ်ဟပြီးသွားလေပြီ။ ထို့ကြောင့် သူက သက်ပြင်းခပ်ယဲ့ယဲ့ချ၍ မြောက်ပိုင်းကို ကြည့်ကာ သူ့ကိုယ်သူ အားတင်းပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် ပျောက်ကွယ်သွားလေသည်။
သာမန်ကျင့်ကြံသူတစ်ယောက်အတွက် ကုန်းစွန်းဝမ်အာ၏ စီမံရေးရာနန်းတော်တည်ရှိသည့် စီရင်စုသည် ယွမ်ဟိုင်စီရင်စုမှ အလှမ်းဝေးကွာသဖြင့် တစ်နေရာမှ တစ်နေရာသို့သွားရန် တစ်ဘဝစာ ကြာမည်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းအတွက် အချိန်အနည်းငယ်သာကြာလေသည်။
ထိုမျှသာမက သူ၏ ထာဝရအတွဲ ကျေးဇူးကြောင့် တားမြစ်အစီအရင် မည်မျှများပြားစေကာမူ သူ့ကို အရှိန်လျှော့အောင် မပြုလုပ်နိုင်ပေ။ သူရောက်သည့်အချိန်တွင် ညနေစောင်းနေလေပြီ။ သူက မျက်မှောင်ကြုတ်၍ ဝင်သင့်၊မဝင်သင့် စဥ်းစားနေချိန်မှာပင် စိတ်ကူးယဥ်ဆန်လွန်းသောအသံတစ်သံ အတွင်းထဲမှ လွင့်ပျံ့လာသည်ကို ကြားလိုက်ရ၏။
" ဒီလောက်နောက်ကျမှ ဘာလို့ ညီမကို လာတွေ့တာလဲ အချစ်လေး။ တကယ်ပဲ ညီမနဲ့အတူ တစ်ညတာ ကုန်ဆုံးချင်နေတာများ ဖြစ်နိုင်မလား "
သူမ၏အသံသည် အလွန်သာယာနာပျော်ဖွယ်ကောင်းလှသဖြင့် ပိုင်ရှောင်ချန်း၏နှလုံးသားမှာ ချက်ချင်းတုန်ရီသွားလေသည်။ သို့သော် သူက ကုန်းစွန်းဝမ်အာ၌ စရိုက်နှစ်မျိုးရှိကြောင်း သဘောပေါက်လာခဲ့၏။ တစ်မျိုးက သူ့ကို အချစ်လေးဟု ခေါ်ရန် သဘောကျပြီး တစ်မျိုးက စိတ်ဆိုးလွယ်ပြီး သတ်ဖြတ်ချင်စိတ်ရှိလေသည်။
" သူက ဒီလိုဖြစ်လေ့မရှိပါဘူး။ သရဲမယ်တော်နဲ့ ပေါင်းလိုက်တာက သူ့ကို တစ်နည်းနည်းနဲ့ ပြောင်းလဲသွားစေတာများလား "
သူ ခေါင်းကိုက်လာပြီဖြစ်သည်။ သူမကိုနောက်ဆုံးတစ်ခေါက် လာတွေ့တုန်းကကဲ့သို့ ဖြစ်ပျက်သွားမည်ကို ထိတ်လန့်ကာ သူက လည်ချောင်းရှင်း၍ ပြောသည်။
" မဟုတ်ဘူး ဝမ်အာ။ ငါ တရားဝင်စီးပွားရေးအတွက် လာတာ "
" တရားဝင် စီးပွားရေးဟုတ်လား။ နင် ပထမဆုံး အလည်လာတုန်းကလဲ အဲဒီလိုပြောတာပဲ။ ဒါပေမဲ့ နောက်ဆုံးကျ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို အသေဖျက်ဖို့ ငါ့ကို အကူအညီလာတောင်းတာလေ။ နောက် ငါတို့ ယွမ်ဟိုင်စီရင်စုမှာ တွေ့တော့လဲ တရားဝင်စီးပွားရေးလို့ပြောတယ်။ ဒါပေမယ့် နင် ငါ့စီရင်စုကို သိမ်းပိုက်တာနဲ့ပဲ အဆုံးသတ်သွားခဲ့တယ် "
သူမ၏လေသံသည် ခါတိုင်းကဲ့သို့ ညုတုတုဖြစ်နေသေးသော်လည်း ဒေါသအနည်းငယ်ပါနေသေးသည်။
" ဘာလဲ အထဲတောင် မဝင်တော့ဘူးလား။ အင်အားကြီးမားတဲ့ ဗဟိုဘိုးဘေးကြီး၊ မြင့်မြတ်တဲ့ ကောင်းကင်ဧကရာဇ်ကြီးက အဲဒီလောက် သတ္တိနည်းတယ်လား။ အိုး ဟုတ်သားပဲ ကောင်းကင်ဧကရာဇ်ကြီးက သရဲကြောက်တာ မေ့သွားတယ် "
သူမ၏အသံက ညနေခင်းတွင် လွင့်ပျံ့လာချိန်မှာပင် သရဲပုံရိပ်များ နန်းတော်အတွင်း ပေါ်လာရာ ပိုင်ရှောင်ချန်း၏ ခေါင်းကိုက်မှုမှာ ပို၍ဆိုးရွားသွားတော့သည်။ ထူးဆန်းသည်က သူ၏အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းကို စဥ်းစားကြည့်လျှင် သူမက သူ့ကို သူအနားလာစေချင်မည်မဟုတ်ဟု သင်ထင်လောက်ပေမည်။
" သူ ငါ့ကို ခြောက်နေတာလို့ မပြောနဲ့နော် "
သူက ပို၍သတိရှိထားလာကာ တွေးလိုက်သည်။
သူက ခမ်းနားကြီးကျယ်စွာ သက်ပြင်းချ၍ နန်းတော်ကို စိုက်ကြည့်ကာ ပြော၏။
" လာစမ်းပါ ဝမ်အာရာ မင်း တမင်လုပ်နေတာမလား။ ငါ အဲဒီအထဲဝင်လာပြီး အတိတ်ပြန်ဝင်စားခြင်းကျမ်းကို သုံးပြီးတော့ မင်းတင်ပါးကို ငါချဖို့ ငါ့စိတ်ကို ဆွနေတာမလား"
ထို့နောက် သူ၏စကားလုံးများကြောင့် သူမက သူ့ကို တိုက်ခိုက်ရန် ဝုန်းဒိုင်းကြဲထွက်လာလိမ့်မည်ဟု သူ တထစ်ချယုံကြည်ကာ ခုခံသည့် ကိုယ်ဟန်အနေအထား အသင့်ပြင်လိုက်သည်။ သို့ပေမည့် တခဏကြာသော် ကုန်းစွန်းဝမ်အာက ဘာမှပြန်မပြောသည်ကို သဘောပေါက်လိုက်သဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။
" မဖြစ်နိုင်တာ ... ငါ ချက်ကောင်းတည့်တည့် မထိလိုက်ဘူးလို့ မပြောစမ်းနဲ့ "