← Chapters

လခွမ်း … ရွှေတုံးကို စအိုထဲ ထည့်ဖွက်ထားတာပဲ (၂)

Vol. 2 Ch. 22

လခွမ်း … ရွှေတုံးကို စအိုထဲ ထည့်ဖွက်ထားတာပဲ (၂)

Vol. 2 Ch. 22

ပထမဆုံး သော့ခလောက်မှာ ငါးခေါင်းပုံသဏ္ဌာန် ပြုလုပ်ထားသည့် ပဟေဠိသော့ တစ်ခုဖြစ်ပြီး သော့ပေါက်ကို ငါး၏ မျက်လုံးထဲတွင် ဝှက်ထားသည်။ ငါးများသည် ညဘက်တွင် မျက်စိဖွင့်၍ အိပ်တတ်သည် ဟူသော အယူအဆဖြင့် နိုးကြားမှုကို ကိုယ်စားပြုရန် ဒီဇိုင်းဖော်ထားခြင်းဖြစ်သည်။

ဒုတိယသော့မှာ ပုစွန်မြီးပုံသဏ္ဌာန် ငွေသော့ဖြစ်ပြီး ငွေကြေးနတ်မင်းဟုလည်း လူသိများသည်။ ၎င်းသော့သည် ခွေနေသော ပုစွန်တစ်ကောင်နှင့် တူပြီး ကိုယ်ထည်ကို ဆလင်ဒါပုံစံ ပြုလုပ်ထားကာ အနုစိတ်လက်ရာများပါသော သံကွင်း သုံးကွင်းဖြင့် ထိန်းချုပ်ထားသည်။

တတိယသော့မှာ စာသားပါသော ကဗျာသော့ ဖြစ်ပြီး ၎င်းပေါ်တွင် စာလုံးများကို ကြိုတင် ထွင်းထုထားသည်။ စုစုပေါင်း စာလုံး ခုနစ်လုံးရှိပြီး ထိုစာလုံးများကို မှန်ကန်သော အစီအစဉ်အတိုင်း ညှိနိုင်မှသာ သော့ကို ဖွင့်နိုင်မည် ဖြစ်သည်။

ထို့အပြင် အိမ်တော် အတွင်း၌လည်း နေ့ရောညပါ ကင်းလှည့်မှုများ တင်းကျပ်လှသည်။ တံခါးကြီး နှစ်ခုကြား တိုင်းတွင် လူငါးယောက်စာ ရပ်နိုင်သော ကြားလပ်လေးများရှိရာ အိမ်တော်ထိန်းသည် ကြားလပ် တစ်ခုစီတွင် အစောင့် နှစ်ယောက်စီ ချထားသည်။ နေ့စဉ် နံနက်နှင့် ညနေတိုင်းတွင်လည်း အစေခံများ ဝင်ရောက်၍ ရတနာများကို ရေတွက်ရပြီး ရေတွက်ပြီးချိန်တွင် ထိုအစေခံများကိုလည်း ကိုယ်ခန္ဓာ ရှာဖွေမှုများ ပြုလုပ်သေးသည်။

ဝန်ကြီးချုပ်သော် အလွန်ပင် ဇဝေဇဝါ ဖြစ်နေရသည်။

*ဒီလောက်အထိ တင်းကျပ်ထားတာတောင် ခန်းဝင်ပစ္စည်း လက်ဆောင်တွေထဲက တချို့ ပစ္စည်းတွေက ဘယ်လိုလုပ် ပျောက်သွားတာလဲ*

သော်မိသားစု၏ ခမည်းခမက်ဖြစ်သူ ယဉ်ကျေးမှုဝန်ကြီးမှာ သတင်းကြားကြားချင်း ရေပင်မသောက်နိုင်ဘဲ ဝန်ကြီးချုပ်သော်၏ အိမ်တော်သို့ အပြေးအလွှား ရောက်ရှိလာကာ ချက်ချင်းပင် မေးမြန်းတော့သည်။

"ဘာတွေ ပျောက်သွားတာလဲ"

"ငွေရည်စိမ် သတို့သမီး ပန်းဖွား တစ်စုံ၊ အဖြူရောင် ကျောက်စိမ်း နဂါးပုံ ဆံထိုး တစ်စုံ၊ ရွှေနဲ့ ကျောက်စိမ်း နားကပ် တစ်စုံ၊ ကျောက်စိမ်း ခေါင်းနှစ်လုံးပါ ဟင်္သာပုံ ဆံထိုး တစ်စုံ၊ ပြီးတော့ ကျောက်မျက် ၅၅ လုံးပါတဲ့ ရွှေဦးရစ်တစ်ခု... အဲ့ဒီအထဲက ကျောက်မျက် ၂၀ လောက် ပျောက်နေတာကတော့ သိသိသာသာကြီးပဲ၊ ဒါ့အပြင် အခုထိ စာရင်း မတွက်ရသေးတဲ့ တခြား ပစ္စည်း အသေးအဖွဲလေးတွေလဲ ပျောက်နေသေးတယ်"

ပျောက်ဆုံးသွားသော ပစ္စည်းအရေအတွက်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း ၎င်းတို့အားလုံးမှာ စေ့စပ်ကြောင်း လမ်းခြင်း လက်ဆောင်စာရင်းတွင် အတိအကျ ပါဝင်နေသည်။ ဓလေ့ထုံးတမ်းအရ ဆိုလျှင် ဤလက်ဆောင် ပစ္စည်းများကို သတို့သမီး၏ အိမ်ရှေ့တွင် ခင်းကျင်း ပြသထားရမည် ဖြစ်ပြီး အိမ်တော်ထိန်းက တစ်မျိုးချင်းစီကို ကျယ်လောင်စွာ အော်ဟစ် ကြေညာရမည် ဖြစ်သည်။

ထိုအချိန်တွင် ရောက်ရှိလာသော ဧည့်သည်တော်များ၊ အမျိုးသားနှင့် အမျိုးသမီး ဆွေမျိုး အသိုင်းအဝိုင်းများ အားလုံးက ထိုတန်ဖိုးကြီး လက်ဆောင်များကို ကြည့်ရှုချီးမွမ်းကြရမည်။

ဤသည်မှာ သတို့သမီးဘက်မှ မိသားစုအတွက် ဂုဏ်ယူစရာဖြစ်သလို သတို့သားဘက်ကလည်း သတို့သမီးကို မည်မျှ အလေးထားသည်ကို ပြသရာရောက်သည်။ သို့သော် ယခုမူ ဤအစီအစဉ်မှာ မိသားစုနှစ်စုလုံးအတွက် ဘေးအန္တရာယ် တစ်ခု အသွင်သို့ ကူးပြောင်းသွားချေပြီ။

အကယ်၍ လူပုံအလယ်တွင် စေ့စပ်လက်ဆောင်များ မပြည့်မစုံ ဖြစ်နေသည်ကို သိသွားကြပါက သတို့သမီးဘက်မှ မိသားစု သာမက သော်မိသားစု၏ ဂုဏ်သိက္ခာပါ မြေဇာပင် ဖြစ်ရတော့မည်။

အထူးသဖြင့် ဤတစ်ကြိမ် စေ့စပ်ပွဲမှာ သူ၏ သားကြီးအတွက် ဒုတိယအကြိမ်မြောက် လက်ထပ်ပွဲဖြစ်နေသဖြင့် ဒုတိယဇနီးအပေါ် သော်မိသားစုက ပေါ့လျော့စွာ ဆက်ဆံသည်ဟူသော အပြောအဆိုမျိုးကို အဖြစ်မခံနိုင်ခြင်းပင်။

ဝန်ကြီးချုပ်သော်မှာ အသက်အရွယ်ရလာပြီဖြစ်၍ မျက်နှာပေါ်တွင် အရေးအကြောင်းများစွာ ရှိနေသော်လည်း ယခုအခါတွင်မူ ထိုအရေးအကြောင်း တစ်ခုချင်းစီ၌ စိုးရိမ်ပူပန်မှုနှင့် ပင်ပန်းနွမ်းနယ်မှုများက အထင်းသား ပေါ်လွင် နေတော့သည်။

"လက်ဆောင်စာရင်း ကြေညာရမယ့် အခမ်းအနားက နောက်ထပ် နာရီဝက်နေရင် စတော့မှာ၊ အခုမှ ပြန်ပြီး အစားထိုးဖို့လဲ နောက်ကျသွားပြီ။ လက်ဆောင်စာရင်းကို အသစ် ပြန်ရေးဖို့တောင်မှ အချိန်က မလောက်တော့ဘူး"

သူခိုးမှာ တကယ့်ကို ပါးနပ်လွန်းလှသည်။ သူသည် ပစ္စည်း အသေးအဖွဲလေးများကိုသာ ရွေးချယ် ခိုးယူသွားပြီး ပစ္စည်း အကြီးစားများကိုမူ လက်ဖျားနှင့်မျှ မထိဘဲ ထားရစ်ခဲ့သည်။ ထိုသို့သာ မဟုတ်ပါက ဤပျောက်ဆုံးမှုကို ယခုထက် စောစီးစွာ သိရှိသွားနိုင်ပေသည်။ သို့သော် ပစ္စည်း အသေးလေးများမှာမူ အစားထိုးရန် အလွန် ခက်ခဲလှ၏။ မည်သည့်ပစ္စည်း ပျောက်ဆုံးသွားသနည်း သို့မဟုတ် မည်သည့်ရတနာထဲမှ ကျောက်မျက်များ အခွာခံ လိုက်ရသနည်း ဆိုသည်ကို အတိအကျ သိရှိရန်မှာ မလွယ်ကူလှချေ။

ယဉ်ကျေးမှုဝန်ကြီးသည် ဒေါသတကြီးဖြင့် ကြွေးကြော်လိုက်သည်။

"ဒါကို ဘယ်သူလုပ်ခဲ့တာလဲဆိုတာ ငါသာ သိလိုက်လို့ကတော့ သူ့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

ဝန်ကြီးချုပ်သော်၏ မိသားစု ကံကောင်းသေးသည်ဟု ဆိုရမည် အကြောင်းမှာ သူတို့ဘက်က ဇနီးအသစ်ကို လက်ခံ ရယူရမည့်သူများ ဖြစ်နေသောကြောင့်ပင်။ သို့သော် ဟိုဘက်မိသားစုမှာမူ သမီးဖြစ်သူကို အိမ်ထောင်ချပေးရမည် မဟုတ်ပါလား။ သမီးကို အိမ်ထောင်ချပေးရမှာ ဖြစ်၏။

ထိုအမတ်ကြီးနှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဆုံသွားကြပြီးနောက် မိမိတို့၏ ပူပန်နေသော မျက်နှာပေးများကို တစ်ဖက်လူ မမြင်စေရန် ယဉ်ကျေးစွာဖြင့် မျက်နှာလွှဲလိုက်ကြသည်။

"မြို့တော် လုံခြုံရေး အရာရှိချုပ်ကို ခေါ်ခိုင်းလိုက်ရင်ကော ဘယ်လိုလဲ"

"နောက်ထပ် နာရီဝက်နေရင် အခမ်းအနားက စတော့မှာလေ၊ အခုမှ ခေါ်ရင် နောက်ကျသွားပြီ"

"ဟုတ်တော့လည်း ဟုတ်တာပဲ၊ မြို့တော်လုံခြုံရေး အရာရှိချုပ်က မြို့တော်အတွင်းက အမှုအခင်းတွေကို စုံစမ်း ဖော်ထုတ် ဖမ်းဆီးရတဲ့ တာဝန်ရှိတယ် ဆိုပေမဲ့ ဘယ်လောက်ပဲ တော်တဲ့ စုံထောက်ဖြစ်ပါစေ၊ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာတော့ အမှုကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

"နတ်ဘုရားတစ်ပါး ဆင်းလာမှပဲ ဖြစ်နိုင်တော့မယ်"

*ဟမ်*

သူတို့နှစ်ဦးသည် ရုတ်တရက် တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြရာ နှစ်ဦးလုံး၏ မျက်ဝန်းထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်နှင့် စိတ်လှုပ်ရှားမှုများကို မြင်လိုက်ကြရသည်။

တစ်ပြိုင်နက်တည်းမှာပင် သူတို့နှစ်ဦးစလုံးက အော်ဟစ်လိုက်ကြသည်။

"ရှုရန်မြောင်"

"ဟတ်ချိုး"

ရှုရန်မြောင်သည် သူ၏နှာခေါင်းကို ပွတ်လိုက်ရင်း ဂိုထောင် တံခါးကြီးကို အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြင့် စိုက်ကြည့်နေမိသည်။

[တောက်၊ ပြောတော့ စားပွဲသောက်ပွဲ ဖိတ်တာဆို၊ မစားရသေးခင် အရင် အလုပ်လုပ်ရမယ်လို့ မပြောထားဘူးလေ]

[ဒါနဲ့ နေပါဦး၊ ဘယ်သူကများ အမှုစစ်ဖို့အတွက် ဝန်ထမ်းရေးရာက အရာရှိတွေကို လာခိုင်းရတာလဲ]

ရှုရန်မြောင် ရောက်လာသည့်အခါမှ သိလိုက်ရသည်မှာ ဝန်ကြီးချုပ်သော်သည် သူ့တစ်ယောက်တည်းကိုသာ ဖိတ်ကြားခဲ့ခြင်း မဟုတ်ပေ။ သော်အိမ်တော်သည် ဝန်ထမ်းရေးရာ ဌာနရှိ အရာရှိ အားလုံးကို စားပွဲသောက်ပွဲသို့ လာရောက်ရန် ဖိတ်စာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုပွဲမစတင်မီ သူတို့အားလုံး ၏ ပျောက်ဆုံးနေသော စေ့စပ်လက်ဆောင်များကို ရှာဖွေပေးရန် လိုအပ်နေသည်။ အချိန်က နာရီဝက်သာ...။

အမှန်စင်စစ် ဝန်ထမ်းရေးရာ ဌာနရှိ လူတိုင်းက သူတို့သည် ဤနေရာသို့ အမှုစစ်သည့်ဟန်ဆောင်ရန်သာ ရောက်ရှိ နေခြင်း ဖြစ်ကြောင်း သိကြသည်။ ထို့ကြောင့် တစ်ယောက်ပြီး တစ်ယောက် အခြေအနေကို စစ်ဆေးသယောင် ဟန်ဆောင် နေကြသော်လည်း တကယ်တမ်းတွင်မူ ရှုရန်မြောင်ကိုသာ ခိုးကြောင်ခိုးဝှက် ကြည့်နေကြတော့သည်။

ရှုရန်မြောင်မှာမူ စိတ်မပါလက်မပါ အလုပ်လုပ်နေရင်း တတွတ်တွတ် ညည်းညူနေမိသည်။

[ပစ္စည်းပျောက်တာကို ဘာလို့ ဝန်ထမ်းရေးရာဌာနက လာရှာနေရတာလဲ။ ဒါက မြို့တော် လုံခြုံရေး အရာရှိချုပ် ကိုင်တွယ် ရမယ့်ကိစ္စ မဟုတ်ဘူးလား? တကယ်လို့ ခက်ခဲနေရင်တောင် ဆောက်လုပ်ရေးဌာနကို ခေါ်ပြီး လျှို့ဝှက် လမ်းတွေ၊ စက်ကွင်းတွေ ရှိမရှိ စစ်ခိုင်းရမှာလေ]

[ဝန်ထမ်းရေးရာဌာနက အမှုဖြေရှင်းရမယ်တဲ့လား၊ ရယ်စရာကြီး]

[ပြီးတော့ အခုက ရုံးဆင်းချိန်ကြီးလေ၊ အချိန်ပိုတွေ ဆင်းနေရတာ တကယ့်ကို မတရားတာပဲ၊ အချိန်ပိုကြေးတောင် ရမှာမဟုတ်ဘူး]

[ဒါနဲ့... ဒီလောက် လုံခြုံရေး တင်းကျပ်နေတာကို သူတို့ ဘယ်လိုများ ခိုးသွားကြတာပါလိမ့်]

ရှုရန်မြောင်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ မည်သူမျှ သူ့ကို သတိမထားမိကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် ကျောက်တိုင်တစ်ခုကို မှီလိုက်ပြီး သူ၏ စနစ်မျက်နှာပြင်ပေါ်သို့ အာရုံစိုက်လိုက်ရာ သူ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာတော့သည်။

*လာပြီဟေ့*

မြို့တော်လုံခြုံရေး အရာရှိချုပ်နှင့် အခြားသူများမှာ ရှုရန်မြောင်ကို မနှောင့်ယှက်မိစေရန် အသက်ပင် မရှူဝံ့ကြချေ။ အချို့ဆိုလျှင် ရှုရန်မြောင် ဘာလုပ်နေသလဲ သိရှိနိုင်ရန် လည်ပင်းကိုပင် ဆန့်ကြည့်နေကြသည်။

*တောက် ... ငါတော့ အဲ့ဒီနောက်ကွယ်က လက်သည်တရားခံက ဘယ်သူလဲဆိုတာ တကယ် သိချင်နေပြီ။ တကယ့်ကို သတ္တိခဲ သူခိုးပဲ၊ စေ့စပ်လက်ဆောင်တွေက တစ်ညတည်းနဲ့ ပျောက်သွားတာလို့ ပြောကြတာပဲ၊ ပြီးခဲ့တဲ့ ခြောက်လပတ်လုံး ပစ္စည်းစာရင်း စစ်ခဲ့တုန်းကလည်း ဘာပြဿနာမှ မရှိခဲ့ဘူးလေ*

နောက်ဆုံးတွင် သူတို့သည် သူခိုးကို ဖမ်းမိတော့မည် ဖြစ်သည်။

ဝန်ကြီးချုပ်သော်သည် သော့ခလောက်ကို စစ်ဆေးရန် ငုံ့နေရာမှ ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော အကြွေစေ့အချို့ကို နင်းမိသွားသည်။ သူ၏ ဒေါသတကြီး ခြေလှမ်းကြောင့် ထိုအကြွေစေ့များမှာ ဂွပ်ခနဲ မြည်ကာ အက်ကွဲသွားတော့သည်။

ယဉ်ကျေးမှုဝန်ကြီးမှာလည်း အသက်ကို ပြင်းပြင်းရှူသွင်းပြီးမှ ပြန်ထုတ်လိုက်သည်။ အေးစက်လှသော ဆောင်းရာသီ လေထုထဲတွင် သူ၏ ထွက်သက်များမှာ ရေငွေ့များအဖြစ် ပြောင်းလဲသွား၏။

*ပြင်ဆင်ထားတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို အခုတော့ အသုံးချလို့ ရတော့မယ်*

[တွေ့ပြီ]

ရှုရန်မြောင်သည် စနစ်မျက်နှာပြင်၏ နောက်စာမျက်နှာကို စိတ်အားထက်သန်စွာဖြင့် လှန်လိုက်သည်။

[နေပါဦး...]

သူ ကြောင်အသွားသည်။

သူ့မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားရ၏။

[ဒါ ... ဒါက ...]

အခြားသူများ - “ဘာဖြစ်တာလဲ၊ ဘာဖြစ်လို့လဲ”

တစ်ယောက်ပြီး တစ်ယောက် စိတ်ထဲမှ မေးမြန်းနေကြကာ သူတို့၏ လည်ပင်းများကို အတင်းဆန့်၍ ချောင်းကြည့် နေကြတော့သည်။

ထိုစဉ် ရှုရန်မြောင်က အံ့ဩတုန်လှုပ်ခြင်း၊ ချီးကျူးခြင်းနှင့် အံ့သြဘနန်းဖြစ်ခြင်းတို့ ရောပြွမ်းနေသော လေသံဖြင့် ရေရွတ်လိုက်သည်။

[ဒီလိုနည်းနဲ့ ခိုးတာလားဟ]

[သူတို့က ကျောက်မျက်အသေးလေးတွေကို ... ထဲမှာ ထည့်ဝှက်ထားတာလား၊ ဒါပေမဲ့ အဲ့ဒီညပုလဲလုံးကြီးတွေက မသေးဘူးလေ၊ နာမှာ မစိုးရိမ်ကြဘူးလား]

လူတိုင်းမှာ လှုပ်ရှားမှုတွေ ရပ်တန့်သွားပြီး နားစွင့်နေကြကာ နောက်ထပ် ကြားချင်နေကြသည်။

*ဘာ၊ ဘယ်သူက ထည့်တာလဲ၊ ဘယ်နေရာထဲကို ထည့်တာလဲ၊ နာတယ်၊ ဘယ်နားက နာတာလဲ၊ မြန်မြန် ပြောပါဦး*

ရှုရန်မြောင်: [တကယ့်ကို ပါးနပ်လွန်းတယ်၊ ရွှေတွေကို ဖင်ထဲမှာ ဝှက်ထားတာကိုး]

All Chapters