အခန်း (၃၅၁-၃၅၂)
Vol. 36 Ch. 351-352
အပိုင်း (၃၅၁)
''ငါက မိသားစုရဲ့ အထပ်ငယ်တစ်ထောင်ကမ္ဘာထဲမှာပဲ...ဆယ်စုနှစ်တစ်ခုကျော်ကြာ တံခါးပိတ်ကျင့်ကြံနေခဲ့တာလေ..."
"မကြာသေးခင်ကမှ...အပြင်လောကကို ပြန်ထွက်လာခဲ့တာ...''
''ဒါကြောင့်လည်း အခုလက်ရှိ ရှန့်ကျိုးပြည်နယ်ရဲ့ အခြေအနေကို သိပ်ပြီးနားမလည်သေးဘူးဆိုရမှာပဲ...''
ကျုံးရှန်သည် အကြောင်းပြချက်တစ်ခုကို အလွယ်တကူပင် လုပ်ကြံပြောဆိုလိုက်သည်။
သို့သော်လည်း ကျန်းရှောင်နှင့် ယွမ်ရှုံတို့သည် ထိုစကားကို ကြားသောအခါ တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏မျက်ဝန်းအစုံတွင် အလွန် အံ့အားသင့်ဖွယ်ရာ ကိစ္စတစ်ခုကို ကြားလိုက်ရသကဲ့သို့ အံ့ဩသင့်ဟန်များထင်ဟပ်နေသည်။
'အထပ်ငယ်တစ်ထောင်ကမ္ဘာတဲ့လား...' 'ကိုယ်ပိုင် အထပ်ငယ်တစ်ထောင်ကမ္ဘာကို ပိုင်ဆိုင်ထားနိုင်တယ်ဆိုတာ ရှန့်ကျိုးပြည်နယ်ရဲ့ ထိပ်တန်းမိသားစုကြီးတွေပဲ ဖြစ်ရမယ်...'
'ဒါပေမဲ့ ကျုံးမိသားစုဆိုတာက ထိပ်သီးမိသားစုကြီး ၁၀ စုထဲမှာ မပါဘူးမဟုတ်လား...'
'ဒါက အသစ်ပေါ်ထွက်လာတဲ့ မိသားစုအသစ်တစ်ခုလား မသိဘူး...'
သူတို့နှစ်ဦးသည် စိတ်ထဲမှ ကြိတ်၍ စဉ်းစားနေကြကာ ကျုံးရှန်အပေါ်ထားရှိသော လေးစားမှုမှာလည်း ပိုမိုတိုးပွားလာခဲ့သည်။
အမှန်စင်စစ်တွင် ကျုံးရှန်သည် အချက်တစ်ခုကို မေ့လျော့သွားခဲ့ခြင်းဖြစ်၏။ ရှန့်ကျိုးအသေးစားကမ္ဘာသည် အစစ်အမှန်ကမ္ဘာ မဟုတ်ဘဲ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ အထပ်တစ်ထောင်ကမ္ဘာများစွာထဲမှ တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာယင်း၏ ကမ္ဘာ့အဆင့်အတန်းသည် အထပ်ငယ်တစ်ထောင်ကမ္ဘာနှင့် အထပ်လတ်တစ်ထောင်ကမ္ဘာ အကြား၌သာ ရှိလေသည်။
ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် နတ်ဘုရားအဆင့် သို့မဟုတ် ကောင်းကင်အရှင်အဆင့်အထိ အစွမ်းထက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်လာနိုင်သော်လည်း မိမိ၏ သူတော်စင်ကမ္ဘာကို အထပ်ငယ်တစ်ထောင်ကမ္ဘာအဆင့်ရောက်သည်အထိ အဆင့်မြှင့်တင်ဖန်တီးရန်မှာ ခက်ခဲလှသေးသည်။ ယင်းသည် အနှီကမ္ဘာငယ်၏ ကန့်သတ်ချက်ကြောင့် ဖြစ်သည်။ ရှန့်ကျိုးပုံတူကမ္ဘာငယ်အတွင်းရှိ အစွမ်းထက်သူတစ်ဦးသည် ကမ္ဘာ့ ကန့်သတ်ချက်ကို ချိုးဖျက်၍ အပြင်ဘက်ရှိ ဟင်းလင်းပြင်များသို့ ထွက်ခွာနိုင်ခြင်း မရှိသရွေ့ ထိုအတားအဆီးကို ကျော်လွှားရန်သည် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ယခုအချိန်တွင် ဂူချန်ရှာသည်လည်း ရင့်ကျက်မှုမရှိသေးသလို နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးသဖြင့် ယခုကမ္ဘာ၏ ကန့်သတ်ချက်ကို ချိုးဖျက်ရန် မဖြစ်နိုင်သေးချေ။ အမှန်တကယ်တွင် ထိုကဲ့သို့သော ကန့်သတ်ထားသည့် ကမ္ဘာများ၌ ဖွံ့ဖြိုးတိုးတက်မှု အရှိန်မှာ များစွာ နှေးကွေးသွားတတ်ကာ ကျင့်စဉ်များကို နားလည်သဘောပေါက်မှုတွင်လည်း ထိုသို့ပင် ဖြစ်တတ်လေသည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ယခုကဲ့သို့မြောက်မြားစွာသော ကမ္ဘာငယ်များကို ဖန်တီးထားခြင်းသည် ကမ္ဘာတည်ဆောက်မှုဆိုင်ရာ စမ်းသပ်ချက်အချို့ကို လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်၏။ ထိုကဲ့သို့သော စမ်းသပ်ချက်များသည် အန္တရာယ်များသောစွန့်စားမှုတစ်ခုဖြစ်ကာ ကမ္ဘာတစ်ခုအတွင်း၌ သက်ရှိများကို ဖန်တီးနိုင်ရန် မြောက်မြားစွာသောနည်းလမ်းများရှိနေသည်။ ထို့ကြောင့်ပင် ကျုံးရှန်သည် ယခုအချိန်အထိ ဖြတ်သန်းခဲ့သော ကမ္ဘာများစွာထဲတွင် ဂူမုံမြက်ခင်းပြင်နှင့် ရှန့်ကျိုးအသေးစားကမ္ဘာတို့၌သာ လူသားများ တည်ရှိနေခြင်း ဖြစ်သည်။
ထိုအထဲမှ ဂူမုံမြက်ခင်းပြင်ကမ္ဘာတွင် ဝိညာဉ်စွမ်းအင် မရှိဘဲ ယဇ်ပူဇော်မှုယဉ်ကျေးမှုမှ ဆင်းသက်လာသည့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ခွန်အားမြှင့်တင်ခြင်းနည်းစနစ်သာ ရှိသည်။ ထိုကမ္ဘာသည် ရိုးရှင်းသော လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေးကို အခြေခံသည့် ကမ္ဘာတစ်ခု ဖြစ်သည်။ ရှန့်ကျိုးအသေးစားကမ္ဘာမှာမူ လုံးဝ ခြားနားလှကာ ပြည့်စုံသော ကျင့်ကြံခြင်းစနစ် ရှိနေသည်။
ထို့အပြင် ရှေးခေတ် ရှန့်ကျိုးပြည်နယ်၏ အခြေအနေနှင့် အင်အားစုများ ဖြန့်ကျက်ထားပုံကိုလည်း တူပဖန်တီးထားပြီး ဂူချန်ရှာအတွက်လည်း မူရင်းသမိုင်းကြောင်းအလျောက် တူညီသော အစပျိုးမှုကို ပေးထားသည်။ သို့သော်လည်း ယခုကမ္ဘာသည် အစစ်အမှန် ရှန့်ကျိုးပြည်နယ်ကို ယှဉ်နိုင်ခြင်းမရှိသေးဘဲ အချို့သော ပုံရိပ်များကိုသာ ပုံဖော်ထားနိုင်သေးလေသည်။ မူရင်းသမိုင်းကြောင်းရှိ ဂူချန်ရှာသည် ထျန်းဖူဧကရာဇ် (ဂူထရှန်း) ၏ စီစဉ်မှုများအတိုင်း တစ်ဆင့်ချင်း ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
ယခုပုံတူကမ္ဘာတွင်မူ အကန့်အသတ်မဲ့ ကောင်းကင်တာအိုနှင့် ထို ကောင်းကင်တာအိုကိုယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ထျန်းဖူဧကရာဇ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုး မရှိဘဲ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ဖန်တီးထားသော နောက်ခံသမိုင်းကြောင်း အတုအယောင်သာ ရှိသည်။ သို့သော်လည်း ဤကမ္ဘာတွင် ကျင့်ရှန်းဌာနနှင့် လူသားနဂါးလက်သီးတို့ ပေါ်ထွက်လာခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အချို့သော ဖြစ်ရပ်များသည် မူရင်းအတိုင်း ထပ်တူကျနေသည်ကို တွေ့နိုင်ပေသည်။ ကျုံးရှန်သည် သူ့ထံတွင်အချိန်များစွာ ရှိနေသေးသဖြင့် ရှန့်ကျိုးအသေးစားကမ္ဘာတွင် လှည့်လည်သွားလာရန် ဆုံးဖြတ်လိုက်သည်။
အထူးသဖြင့် နီကျိုးပြည်နယ်ရှိ အနန္တမိစ္ဆာပင်လယ် နှင့် အကန့်အသတ်မဲ့မိစ္ဆာနယ်မြေတို့သည် ငရဲပြည်နှင့် ဆက်သွယ်မှုရှိနေသည်ဟုဆိုသောကြောင့်ဖြစ်သည်။ ကျုံးရှန်သည် ယခင်က ထိုအကြောင်းကို စဉ်းစားဖူး၏။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် နဂါးမဲ့နတ်ဘုရားဘုရင်၏ အမှတ်အသားများ ရှိခဲ့ဖူးပြီး ထိုစဉ်က နဂါးမဲ့နတ်ဘုရားဘုရင်သည် ငရဲပြည်ကိုပင် ပိတ်ဆို့ခဲ့ဖူးသည်ဟု ဆိုကြသည်။
သို့ဖြစ်ပါလျှင် အဘယ်ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးနှင့် ငရဲကမ္ဘာကြီးတို့တွင် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ ယဉ်ကျေးမှုများ မထွန်းကားခဲ့ပါသနည်း။
စိတ်နှလုံး၏ စွမ်းအားကို အသုံးမပြုဘဲ အင်အားကြီးသူသာရှင်သန်နိုင်သည့်တောတွင်းဥပဒေဖြစ်သည့် ကမ္ဘာဟောင်း ၏ ယဉ်ကျေးမှုကိုသာ အဘယ်ကြောင့် ကျင့်သုံးနေကြပါသနည်း။
ထိုသည်မှာ ကျုံးရှန် နားမလည်နိုင်သော ပဟေဠိများဖြစ်သည်။ အမှန်တကယ်တွင် ကျုံးရှန်သည်ထိုအခြေအနေများနှင့် ပတ်သက်၍ ပိုမိုကျယ်ပြန့်စွာ တွေးတောရန်လိုအပ်နေခြင်းဖြစ်နိုင်လေသည်။ အင်အားကြီးသူသာရှင်သန်နိုင်သည့်လမ်းစဉ် ဖြစ်စေ ပေးကမ်းခြင်းလမ်းစဉ် ဖြစ်စေ စိတ်နှလုံးစွမ်းအား ဖြစ်စေ ပြင်ပစွမ်းအား ဖြစ်စေ ထိုအရာအားလုံးတည်ရှိနေခြင်းသည်သာ စစ်မှန်သော အမှန်တရား ဖြစ်သည်။
ကျုံးရှန်တွင် လောကကြီးတစ်ခုလုံးကို ပြောင်းလဲပစ်မည်ဟူသော ကြီးကျယ်ခမ်းနားသော ဆန္ဒမျိုး မရှိချေ။ သူ၏ အမြင်တွင် ဂူချန်ရှာသည် အစွန်းရောက်သော စွဲလမ်းမှုမျိုး ရှိနေသူ ဖြစ်သည်။ စိတ်နှလုံးသည် အတိုင်းအဆမရှိ ကျယ်ပြောလှသည်ဟု ဆိုသော်လည်း အကယ်၍ ဂူချန်ရှာ၏ စံနှုန်းအတိုင်း လူတိုင်းသည် ကမ္ဘာ တည်ဆောက်သူများ ဖြစ်လာကာ လူတိုင်းလူတိုင်းသည် စိတ်နှလုံးစွမ်းအားကိုသာ ထုတ်ဖော်နေကြမည်ဆိုပါက ထို ကြိုးပမ်းမှုမှဖြစ်ပေါ်လာသည့်အရာကို ကမ္ဘာဟု ခေါ်နိုင်ပါဦးမည်လော။
ထိုအခါ လူတိုင်းသည် တူညီသောပါဝင်ပစ္စည်းများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည့် စက်ရုပ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ထို စက်ရုပ်များဖန်တီးထားသည့် လောကကြီးကို ပန်းရနံ့များ၊ ဝိညာဉ်ပင်များ၊ ဝိညာဉ်စမ်းရေများဖြင့် ပြည့်နှက်နေအောင် ပြုပြင်လိုက်လျှင်ပင် အဘယ်အကျိုးရှိမည်နည်း။ ယင်းသည် စစ်မှန်သော လွတ်မြောက်ခြင်း မဟုတ်ဘဲ သွယ်ဝိုက်သော နည်းလမ်းဖြင့် ကျွန်ပြုထားခြင်းသာ ဖြစ်သည်။ အမှန်တကယ်တွင် ထိုသည်မှာ ကျုံးရှန် တစ်ဦးတည်း၏ အတွေးသာ ဖြစ်သည်။
သူသည် နဂါးမဲ့နှလုံးသားကျင့်စဉ်ကို လေ့ကျင့်ခဲ့ဖူးပြီး ထိုကျင့်စဉ်၏ အတိုင်းအဆမရှိသော အနက်အဓိပ္ပာယ်များကိုလည်း သိရှိထားသူဖြစ်၏။ သို့သော်လည်း ထိုကျင့်စဉ်၏အတွေးအခေါ်အယူအဆများသည် သူ၏ မူလစိတ်ဆန္ဒကို ယိမ်းယိုင်သွားစေခြင်း မရှိချေ။ လူတစ်ဦးစီ၏ မူလစိတ်နှလုံးသည် ကမ္ဘာတစ်ခု၊ စကြဝဠာတစ်ခု ဖြစ်ကာ မည်သူမျှ လှုပ်ခါနိုင်ခြင်းမရှိသော ဖြစ်တည်မှု ဖြစ်သည်။
အကယ်၍ ထိုစိတ်ဆန္ဒ ယိမ်းယိုင်သွားပါက ထိုသူသည် သေဆုံးသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဥပမာအားဖြင့် ဂူချန်ရှာ၏ အတွေးအခေါ်သာ ယိမ်းယိုင်သွားမည်ဆိုပါက ဂူချန်ရှာသည်လည်း ကျဆုံးသွားပေလိမ့်မည်။
'အခွင့်ကြုံလာတဲ့အခါကျရင် ဂူချန်ရှာနဲ့ သွားတွေ့ရမယ်...'
ကျုံးရှန်သည် သူ၏ စိတ်ထဲမှ ကြိတ်၍ စဉ်းစားလိုက်သည်။ သူသည် တစ်ခဏမျှအတွေးထဲ နစ်မျောသွားခဲ့ခြင်းဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားဖြင့်ဆိုလျှင် ထိုကဲ့သို့ အတွေးလွန်သွားခြင်းသည် ပုံမှန်မဟုတ်သော အခြေအနေ ဖြစ်သည်။
'တစ်ခုခုတော့ ထူးဆန်းနေတယ်...'
ကျုံးရှန်သည် ခေါင်းကို ခါယမ်းလိုက်ကာ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။ ဘေးနားရှိ ကျန်းရှောင်နှင့် ယွမ်ရှုံတို့မှာမူ ဘာမှ မပြောရဲဘဲ တိတ်ဆိတ်နေကြလေသည်။
''သွားကြစို့... ငါတို့ နီကျိုးပြည်နယ်ရဲ့ နီဟိုင်မြို့ကို သွားကြည့်ကြတာပေါ့...''
ကျုံးရှန်သည် သူတို့နှစ်ဦးကို ပြောလိုက်သည်။
ထို့နောက် သုံးဦးသားသည် လေထဲသို့ ပျံတက်လိုက်ကာ တိမ်စီးနင်းခြင်း နည်းစနစ်ကို အသုံးပြုလျက် လေသင်္ဘောဆိပ်နှင့်သိပ်မဝေးသည့်နေရာတွင်ရှိသည့် နီဟိုင်မြို့သို့ ဦးတည်ပျံသန်းသွားကြတော့သည်။
နီဟိုင်မြို့သည်လည်း ယုံအင်ပါယာ၏မြို့တော်ဟောင်းကဲ့သို့ အလွန် ကြီးမားလှသော မြို့တော်ကြီး တစ်ခု ဖြစ်သည်။ မိုင်ပေါင်း သန်းနှင့်ချီ၍ ကျယ်ဝန်းလှသော ထိုကဲ့သို့ မြို့တော်ကြီးမျိုးကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် တွေ့ရခဲလှ၏။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် မငြိမ်မသက် ဖြစ်နေပြီး ရှန့်ကျိုးပြည်နယ်ထက်လည်း များစွာ ပိုမို ကျယ်ပြောလှသောကြောင့် ဖြစ်သည်။
နီဟိုင်းမြို့ကဲ့သို့သော မြို့ကြီးများ တည်ဆောက်ခြင်းသည် ရန်သူအတွက် ပစ်မှတ်တစ်ခု ဖြစ်လာနိုင်သဖြင့် ကောင်းမွန်သော နည်းလမ်း မဟုတ်ချေ။ ထို့အပြင် မြို့တစ်မြို့၏အကာအကွယ်အစီရင်များ ခင်းကျင်းရာတွင်လည်း ကျယ်ပြောလှသော နယ်မြေဖြစ်ပါက တစ်မြို့လုံးကိုကာကွယ်နိုင်ရန်အတွက် ရှားပါးရတနာများစွာ လိုအပ်မည် ဖြစ်သည်။ တည်ဆောက်ပြီးပါလျှင်လည်း အမှားအယွင်းများရှိနိုင်သဖြင့် အချည်းအနှီးအကျိုးမဲ့ အားထုတ်မှုမျိုးဖြင့်အဆုံးသတ်ရနိုင်လေသည်။
ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင် အစွမ်းထက်သော အင်အားစုများသည် သူတို့၏ အဓိကနယ်မြေများကို သူတော်စင် နိုင်ငံများအတွင်း၌သာ ထားရှိကြသည်။ ရှေးဟောင်းအင်အားစုအချို့ဆိုလျှင် အထပ်လတ်တစ်ထောင်ကမ္ဘာများကိုပင် ပိုင်ဆိုင်ထားကြ၏။ ထိုသည်မှာ မြို့တော်ကြီးများ တည်ဆောက်ခြင်းထက် ပိုမို ကောင်းမွန်သောနည်းလမ်းဖြစ်လေသည်။
ယခုအချိန်၌ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးပေါ်တွင်သာ အခြေစိုက်ထားခြင်း ဖြစ်သည်။ ထိုအချိန်က ကျုံးရှန်၏ကျင့်ကြံမှုသည် သူတော်စင်အဆင့် အောက်၌သာ ကန့်သတ်ခံထားရသဖြင့် ကိုယ်ပိုင် သူတော်စင်နိုင်ငံကို မတည်ဆောက်နိုင်ခဲ့သောကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းရှိ ရှေးဟောင်းအင်အားစုများကဲ့သို့ ထျန်ဂိုဏ်းမြင့်မြတ်နယ်မြေကို သူတော်စင်နိုင်ငံအတွင်းသို့ထည့်သွင်းထားနိုင်ခြင်းမရှိခဲ့ချေ။ သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်သည်။
ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေ၏ အဆင့်မြင့် ပုဂ္ဂိုလ်များဖြစ်သည့် နတ်ဘုရားကျင့်ကြံခြင်းအဆင့်ကျင့်ကြံသူများသည် မိမိတို့၏ ကိုယ်ပိုင် သူတော်စင်ကမ္ဘာများကို အထပ်ငယ်တစ်ထောင်ကမ္ဘာငယ်များအဖြစ်အဆင့်မြင့်တင်ကာ ဂိုဏ်း၏ အခြေစိုက်စခန်းအဖြစ် တည်ဆောက်ရန် ပြင်ဆင်နေကြလေသည်။
ကျုံးရှန်တို့ သုံးဦးသည် စည်ကားလှသော နီဟိုင်မြို့အတွင်းသို့ ဆင်းသက်လိုက်ကြသည်။ မြို့တော်အတွင်း၌ သာမန်လူများနှင့် နိယာမနယ်ပယ် ကျင့်ကြံသူများ ရောနှောနေကာ အားမာန်တက်ကြွမှုအပြည့်ဖြင့်စည်ကားအသက်ဝင်နေသည်။ လူသားနဂါးလက်သီးနည်းစနစ်ပြန့်နှံ့လာသည်နှင့်အမျှ သာမန်လူဟူ၍ မရှိသလောက် နည်းပါးသွားခဲ့ပြီဖြစ်သည်။
လမ်းမပေါ်ရှိ အသက် ၈၀ အရွယ် အဖိုးအိုတစ်ဦးကို ကြည့်လိုက်လျှင်ပင် ဝူကျုံးအဆင့် (သိုင်းဆရာသခင်အဆင့်) အစွမ်းမျိုးပိုင်ဆိုင်ထားလေသည်။ ထိုကဲ့သို့သော စွမ်းအား ဖြန့်ကျက်ထားပုံမှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ လူသားမျိုးနွယ်များ လုံးဝ မယှဉ်နိုင်သော အချက် ဖြစ်၏။ ပြည်သူများ သန်မာခြင်းသည် နိုင်ငံတစ်ခု ၊ လူမျိုးစုတစ်ခု၏ အင်အားကို တိုးပွားစေသည့် အဓိကကျသောအခြေခံဖြစ်သည်။
ကျုံးရှန် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်သောအခါ ပထမဆုံး လုပ်ဆောင်မည့် အရာမှာ လူသားမျိုးနွယ်အားလုံးကို စုစည်းရန် ဖြစ်သည်။ ကျုံးရှန်တွင် ဂူချန်ရှာကဲ့သို့ လောကကြီးတစ်ခုလုံးကိုပြောင်းလဲပစ်ကာ စိတ်ကူးယဥ်ဆန်သောကမ္ဘာအသစ်တစ်ခုကို ဖန်တီးမည်ဟူသော ရည်ရွယ်ချက်မျိုး မရှိချေ။
အပိုင်း (၃၅၂)
နီကျိုးပြည်နယ်သည် မူလက အနန္တမိစ္ဆာပင်လယ်ကြောင့် မိစ္ဆာဒီရေလှိုင်းများ အဆက်မပြတ်ထွက်ပေါ်လေ့ရှိသည့် ရှေ့တန်းစစ်မျက်နှာပြင်တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် လူသားတို့ နေထိုင်ရန် မသင့်သော ပြည်နယ်တစ်ခုလည်း ဖြစ်ခဲ့၏။ သို့သော်လည်း ယခုအခါတွင်မူ ဂူချန်ရှာသည် မိစ္ဆာလောကကို ငြိမ်သက်အောင်ထိန်းချုပ်နိုင်ထားသဖြင့် အခြေအနေမှာ အရမ်းဆိုးဝါးသောအနေအထားတွင်ရှိမနေတော့ချေ။
ကျင့်ကြံသူများအတွက်မူ ထိုမိစ္ဆာနယ်မြေအတွင်းရှိ မိစ္ဆာမျိုးနွယ်များသည် တစ်ကိုယ်လုံး ရတနာများဖြင့် ပြည့်နှက်နေသော အရာများ ဖြစ်ကြသည်။ ဥပမာအားဖြင့် မိစ္ဆာနယ်မြေအတွင်း အတွေ့ရအများဆုံးဖြစ်သည့် မှောင်မိုက်သံချပ်ကာ မိစ္ဆာ နှင့် သိုးချိုမိစ္ဆာတို့ကို ကြည့်နိုင်လေသည်။ မှောင်မိုက်သံချပ်ကာ မိစ္ဆာများ၏ ကိုယ်ပေါ်ရှိ သံချပ်ကာများသည် ရှားပါးသော လက်နက်ကိရိယာ ဖန်တီးရာတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ ဖြစ်သည်။
ယင်းတို့ဖြင့် သံချပ်ကာများ ထုတ်လုပ်နိုင်ကာ ထိုသံချပ်ကာသည် မိစ္ဆာစွမ်းအင်များ စိတ်နှလုံးအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းကို သဘာဝအတိုင်း ခုခံနိုင်စွမ်း ရှိသည့်အပြင် မိစ္ဆာစွမ်းအင်များကိုလည်း စုပ်ယူနိုင်စွမ်း ရှိလေသည်။ တိုက်ပွဲများအတွင်း၌ ထိုစုပ်ယူထားသော စွမ်းအင်များကို မှောင်မိုက်သော မိစ္ဆာအလင်းတန်းများအဖြစ် ပြောင်းလဲကာ ပြန်လည်တိုက်ခိုက်နိုင်သဖြင့် အသုံးဝင်မှုမှာ အတိုင်းအဆမရှိလှချေ။ ထို့အပြင် သံချပ်ကာအတွင်းရှိ သန့်စင်သော မိစ္ဆာဝိညာဉ်သည် အဆင့်မြင့် ယဇ်ပူဇော်မှုများအတွက် အကောင်းဆုံး ပစ္စည်းဖြစ်သကဲ့သို့ ဝိညာဉ်စွမ်းအင်ကိုလည်း အားဖြည့်ပေးနိုင်သော ဆေးစွမ်းကောင်း တစ်ခု ဖြစ်သည်။
သိုးချိုမိစ္ဆာသည်လည်း တစ်ကိုယ်လုံးရတနာဟုပင် ဆိုရပေမည်။ ယင်း၏ ဦးချိုနှစ်ချောင်းနှင့် ခွာများသည် လက်နက်ကိရိယာများ ဖန်တီးရန် အထူးကောင်းမွန်လှသည့် ပစ္စည်းများ ဖြစ်ကာ အသားမှာလည်း အလွန်အရသာရှိလှပြီး ကျင့်ကြံသူများ စားသုံးမည်ဆိုပါက ခန္ဓာကိုယ်ကို တဖြည်းဖြည်း သန်မာလာစေနိုင်သည်။ အပြင်လောကတွင် ထိုအသားများကို ရောင်းချမည်ဆိုပါက ကောင်းမွန်သော ဈေးနှုန်းတစ်ခုကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
ထိုကဲ့သို့သော အကျိုးအမြတ်များ ရှိနေခြင်းကြောင့်လည်း မိစ္ဆာဒီရေလှိုင်း၏ အန္တရာယ်အရှိဆုံး အရှိန်အဟုန်ကို ဟန့်တားထားနိုင်ချိန်တွင် မြောက်မြားစွာသော ကျင့်ကြံသူများသည် မိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်စွန့်စားရန်အတွက် နီကျိုးပြည်နယ်၌ လာရောက်စုဝေးခဲ့ကြသည်။ ထို့ကြောင့်ပင် နီကျိုးပြည်နယ်၏ မြို့တော်ကြီးများသည်အလွန်စည်ကားလာခဲ့၏။ ထိုမြို့များတွင် ကုန်သည်ရေးအဖွဲ့အစည်းများနှင့် ဈေးတန်းများသည် နွားအမွှေးအမျှင်ကဲ့သို့ များပြားလှသည်။
ကုန်သည်ရေးအဖွဲ့အစည်းများသည် မိစ္ဆာများထံမှ ရရှိသော ပစ္စည်းများကို ဝယ်ယူကာ လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ပြန်လည်ရောင်းချပေးခြင်းဖြင့် ပြည်နယ်အသီးသီးသို့ ကျင့်ကြံခြင်းအရင်းအမြစ်များကို လည်ပတ်စီးဆင်းစေသည်။ ထို့အပြင် အမျိုးမျိုးသော မိသားစုကြီးများ ဂိုဏ်းများနှင့် အင်အားကြီးမြင့်မြတ်နယ်မြေများသည်လည်း ထိုမြို့တော်များရှိရာသို့ စုရုံးလာကြကုန်၏။ သာမန် ဝူကျုံးအဆင့် များမှသည် သူတော်စင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များအထိ မိစ္ဆာနယ်မြေ၏ မတူညီသော အထပ်အလွှာများအတွင်းသို့ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းနှင့် လုယက်ခြင်းများကို ပြုလုပ်နေကြလေသည်။
တိုက်ပွဲမှတစ်ဆင့် မိမိတို့၏ ကျင့်ကြံမှုကို မြှင့်တင်နေကြခြင်း ဖြစ်သည်။
ကျန်းရှောင် နှင့် ယွမ်ရှုံတို့၏ မူလ ရည်ရွယ်ချက်မှာလည်း ထိုသို့ပင် ဖြစ်သည်။ မိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်ပြီး အားနည်းသော မိစ္ဆာအချို့ကို သတ်ဖြတ်ကာ လိုအပ်သော အထောက်အပံ့ပစ္စည်းများနှင့် လဲလှယ်မည်။ သို့သော်လည်း နီကျိုးပြည်နယ်သို့လာသည့်လမ်းခရီးတစ်လျှောက်တွင် ကျုံးရှန်ကို ခေါင်းဆောင်အဖြစ် အကြွင်းမဲ့ လက်ခံလိုက်ကြပြီ ဖြစ်သဖြင့် ကျုံးရှန်ဦးဆောင်သည့်နောက်သို့လိုက်ရန်သာ ဆုံးဖြတ်လိုက်ကြလေသည်။
"သွားကြစို့... ငါတို့ အနန္တမိစ္ဆာပင်လယ်ကနေတဆင့် မိစ္ဆာနယ်မြေထဲကို ဝင်ကြတာပေါ့..."
ကျုံးရှန်သည် မြို့အတွင်းရှိ အခြေအနေများကို တစ်ချက်လှည့်ကြည့်ကာ စိတ်ထဲမှ အကြမ်းဖျင်း တွက်ချက်လိုက်ပြီးနောက်တွင် မိစ္ဆာနယ်မြေကို သွားရောက် ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ယခုရှန့်ကျိုးအသေးစားသည် ပုံတူကမ္ဘာတစ်ခုသာဖြစ်သော်လည်း အချို့ မူလဇစ်မြစ်များကိုကြည့်ရှုလေ့လာခြင်းဖြင့် ထိုးထွင်းသိမြင်မှုရရှိရန် လုံလောက်ပေသည်။ ပုံတူကမ္ဘာတစ်ခုသာဖြစ်သော်လည်း အချို့ မူလဇစ်မြစ်များကိုကြည့်ရှုလေ့လာခြင်းဖြင့် ထိုးထွင်းသိမြင်မှုရရှိရန် လုံလောက်ပေသည်။
"အစ်ကိုကျုံးရဲ့ ဆန္ဒအတိုင်းပါပဲ..."
ကျန်းရှောင် နှင့် ယွမ်ရှုံတို့သည် ရိုသေ လေးစားစွာ ဆိုလိုက်ကြသည်။
"ကောင်းပြီ... မိစ္ဆာနယ်မြေကို မသွားခင် ငါ မင်းတို့ကို ပေးစရာ ရှိတယ်..."
ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ ငွေဖြူရောင် တောက်ပြောင်နေသော ဗြက်ကျယ်ဓားကြီးနှစ်လက်ကို ထုတ်ယူလိုက်သည်။
ထိုဓားများ၏ လက်ကိုင်နေရာတွင် ပါးစပ်ဟထားသော ကျားဖြူ တစ်ကောင်၏ ရုပ်ပုံ ရှိနေကာ ဓားရိုးတွင် သတ္တုကွင်း ကိုးကွင်းကို ချိတ်ဆွဲထား၏။ ဓားသွားပေါ်တွင်မူ အလွန်ထက်မြက်လှသော သတ္တုစွမ်းအင်များ ဖုံးလွှမ်းနေသဖြင့်သာမန်မဟုတ်မှန်း သိသာလှသည်။ အနှီဓားများသည် ယခင်က ကျုံးရှန်တစ်ယောက် ချင်ထျန်းတောင်ထိပ်ရှိ မိစ္ဆာစစ်တပ် အသုံးပြုရန် ထောက်ပံ့ပေးခဲ့သော ကိုးကွင်းပါ ဆေဘာဓားကြီးများ ဖြစ်သည်။
ထိုဓားများမှ ထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုချင်းစီသည် နိယာမနယ်ပယ် အဆင့် ၁၈ ရှိ ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့်ပင် နိုင်းယှဉ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကိုးကွင်းပါဆေဘာဓားကြီးများသည် အလွန် ထူးခြားဆန်းပြားလှသည့် အရာများ ဖြစ်ကြသည်။ နိယာမနယ်ပယ် အဆင့် ၁၈ ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးနောက်တွင် ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားသဖြင့် ထိုအဆင့်ရှိကျင့်ကြံသူများကို မသေမျိုး ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။
ကျန်းရှောင် နှင့် ယွမ်ရှုံတို့သည် ကျုံးရှန်ပေးသည့် ကိုးကွင်း ဆေဘာဓားကြီးများကိုကိုင်ဆောင်ကြည့်လိုက်သောအခါ သူတို့၏မျက်နှာတွင် အံ့ဩသင့်သည့်အရိပ်အ ယောင်များ ပေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဓားကြီးများမှ ပေးစွမ်းသောစွမ်းအင်သည် လူသားနဂါးဓားများထက်ပင် များစွာ ပိုမို အစွမ်းထက်ကြောင်း ခံစားလိုက်ရသောကြောင့်ဖြစ်သည်။ သူတို့၏ စွမ်းအင်အနည်းငယ်မျှကို ဓားအတွင်းသို့ထည့်သွင်းလိုက်ရုံဖြင့် နိယာမနယ်ပယ် အဆင့် ၂၀ ရှိသူကို ယှဉ်ပြိုင်နိုင်စွမ်းရှိကာ နိယာမနယ်ပယ်အဆင့် ၁၈ ရှိသူကို အလွယ်တကူသတ်ဖြတ်နိုင်သည်ဟု ခံစားချက် ပေးစွမ်းနေလေသည်။
အနှီဓားများသည် အလွန်ပင် တန်ဖိုးကြီးမားလှသည်။
"အစ်ကိုကျုံးကျန်း... ဒီဓားတွေက အရမ်း တန်ဖိုးကြီးလွန်းတယ်..."
"ကျွန်တော်တို့လက်ခံလို့ဖြစ်ရဲ့လား..."
သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ လက်ခံရန် ဝန်လေးနေကြသည်။ သို့သော်လည်း ကျုံးရှန်ကမူ ဂရုမစိုက်ဟန်ဖြင့် လက်ကို ခါယမ်းလိုက်သည်။
"ငါပေးတယ်ဆိုမှတော့...မင်းတို့ယူကြရမှာပေါ့"
"ငါနဲ့ မင်းတို့ကြားမှာ အားနာနေစရာမှမလိုတာ..."
"ကဲကဲ...သိမ်းလိုက်ကြတော့ အခုလမ်းမပေါ်မှာပဲရှိနေသေးတယ်..."
ကျုံးရှန် ထိုသို့ပြောလိုက်မှသာ သူတို့သည် လမ်းမပေါ်တွင် ရှိနေသေးသည်ကို သတိရလိုက်ကြသည်။
ထိုအခါမြောက်မြားစွာသော လူများသည် သူတို့ထံသို့ အာရုံစိုက်နေကြသည်ကို သတိပြုမိသွားကာ မတော်တဆမှုများ မဖြစ်စေရန်အတွက် ကိုးကွင်းပါ ဆေဘာဓားကြီးများကို သူတို့၏ ကိုယ်ပိုင်သို လှောင်အိတ်များအတွင်းသို့ အလျင်အမြန် သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် ကျုံးရှန်ကို ထပ်မံ၍ လေးစားစွာဖြင့်လက်သီးဆုပ်အရိုအသေပေးလိုက်ကြသည်။ အနှီဓားနှစ်လက်သည် သူတို့အတွက် အကြီးမားဆုံးသော ကံကောင်းမှုဖြစ်ကာ ကျုံးကျန်းဟူသော ပုဂ္ဂိုလ်၏ နောက်လိုက်အဖြစ် လိုက်ပါရန် ခိုင်မာသော ယုံကြည်မှုကို ပေးလိုက်ခြင်း ဖြစ်သည်။
"သွားကြစို့... ငါတို့ အနန္တမိစ္ဆာပင်လယ်ကို သွားကြည့်ရအောင်..."
ကျုံးရှန်သည် သူ၏ အစွမ်းအချို့ကို ထုတ်ဖော်ပြရန် ဆုံးဖြတ်လိုက်ကာ ကိုယ်ခန္ဓာကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူတို့နှစ်ဦးကို ခေါ်ဆောင်၍ ကောင်းကင်သို့ ပျံတက်သွားလေသည်။ သူတို့သည် တခဏချင်းအတွင်းပင် မိုင်ပေါင်း သောင်းနှင့်ချီသော ခရီးကို ဖြတ်ကျော်ကာ အနန္တမိစ္ဆာပင်လယ်၏ ဘေးသို့ ရောက်ရှိသွားကြသည်။ ထိုနည်းစနစ်သည် နိယာမနယ်ပယ် အဆင့် ၁၂ ကျင့်ကြံသူတစ်ဦး စွမ်းဆောင်နိုင်သည်ထက် များစွာ ကျော်လွန်နေသည်။
ကျန်းရှောင် နှင့် ယွမ်ရှုံတို့သည် ကျုံးရှန်က သူ၏ အစွမ်းကို ဖုံးကွယ်ထားကြောင်း သိရှိလိုက်ကြသဖြင့် သူတို့အတွက် မှီခိုအားထားရာထောက်တိုင်ကြီးတစ်ခု ရရှိလိုက်သကဲ့သို့ ယုံကြည်မှုများ ပိုမို ခိုင်မာလာကြသည်။ ကျုံးရှန်သည် သူတို့နှစ်ဦးကို ခေါ်ဆောင်ကာ ကျင့်ရှန်းဌာနမှ တည်ဆောက်ထားသော ခံတပ်ဝင်ပေါက်အတိုင်း မိစ္ဆာနယ်မြေ၏ ပထမထပ်အတွင်းသို့ ဝင်ရောက်လိုက်သည်။ ရှန့်ကျိုးအသေးစားသည် ပုံတူကမ္ဘာငယ်တစ်ခုသာဖြစ်သော်လည်း မိစ္ဆာနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည့် တစ်ခဏ၌ ကျုံးရှန်သည် သူ၏ပတ်ဝန်းကျင်ရှိအချိန်နှင့် ဟင်းလင်းပြင် ပြောင်းလဲသွားမှုကို ခံစားလိုက်ရသည်။
ဟင်းလင်းပြင်များသည် အဆက်မပြတ် ဖိသိပ်ခံနေရကာ ထူးခြားသော ပုံရိပ်များကို ဖြစ်ပေါ်စေသဖြင့် အလွန် လှပသောမြင်ကွင်းများဖြစ်ပေါ်နေသည်။ မိစ္ဆာနယ်မြေအတွင်း၌ နေတစ်စင်းမျှထွက်ပေါ်နေခြင်း မရှိချေ။ ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မိုက်နေကာ ဟင်းလင်းပြင်မှ ထွက်ပေါ်လာသော အလင်းတန်းအချို့ဖြင့်သာ မြင်ကွင်းများကို ကြည့်ရှုနိုင်သည်။
'ဒါက မိစ္ဆာနယ်မြေ အသေးစားလား...'
ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်ပြီး ပထမထပ်တစ်ခုလုံးကို စစ်ဆေးလိုက်သောအခါ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ယခုအခါတွင် ပထမထပ်တစ်ခုလုံးသည် လူသားတို့၏ ရှင်းလင်းမှုကို ခံထားရကာ လူသားခံတပ်များစွာ တည်ဆောက်ထားသည်။ မိစ္ဆာမျိုးနွယ်များမှာ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ပြီး အစွန်အဖျားဒေသများတွင်သာ အားနည်းသော မိစ္ဆာအချို့ ကျန်ရှိနေတော့သည်။
"သွားစို့... နောက်တစ်ထပ်ကို ဆက်သွားမယ်..."
ပထမအထပ်တွင် ဆက်နေရန် အကျိုးမရှိတော့ဘဲ ကျန်ရှိနေသော မိစ္ဆာအနည်းငယ်မှာလည်း မကြာမီ လူသားအဖွဲ့များ၏ သတ်ဖြတ်ခြင်းကို ခံရတော့မည် ဖြစ်သည်။သို့နှင့် ကျုံးရှန်တို့အဖွဲ့သည် နောက်တစ်ထပ်သို့ သွားသည့်ဝင်ပေါက်ဆီသို့ ဦးတည်လိုက်ကြသည်။ ကျုံးရှန်၏ အရှိန်အဟုန်ဖြင့် မိနစ်အနည်းငယ်အတွင်း နောက်တစ်ထပ်သို့ ရောက်ရှိသွားလေသည်။
သို့သော် ဒုတိယထပ်သည်လည်း ပထမထပ်ကဲ့သို့ပင် လူသားများက သိမ်းပိုက်ထားပြီး ဖြစ်နေသည်။
"မလုံလောက်သေးဘူး... ငါတို့ နောက်ထပ် အထပ်တွေကို ဆက်သွားရမယ်..."
ကျုံးရှန်သည် ကျေနပ်ခြင်းမရှိသေးဘဲ လေပွေတစ်ခုကဲ့သို့ ကျန်းရှောင်နှင့်ယွမ်ရှုံတို့ကို ခေါ်ဆောင်ကာ မိစ္ဆာနယ်မြေ၏ အောက်ခြေအထပ်များဆီသို့ ဆက်လက်ဝင်ရောက်သွားသည်။ သူတို့သည် အထပ်ပေါင်း တစ်ရာကျော်အထိ ရောက်ရှိသွားသောအခါတွင် မိစ္ဆာရှာဖွေရေးအဖွဲ့များမှာ အလွန် နည်းပါးသွားပြီ ဖြစ်သည်။ သို့သော်လည်း ထိုနေရာတွင် နိယာမနယ်ပယ် အဆင့် ၂၀ အထက်ရှိသော မိစ္ဆာများ ရှိနေကာ ကျုံးရှန်သည် အနက်ရှိုင်းဆုံးနေရာတွင် ပုန်းအောင်းနေသော သူတော်စင်အဆင့် မိစ္ဆာကြီးအချို့ကိုပင် တွေ့ရှိလိုက်ရသည်။
သာမန် ကျင့်ကြံသူများမှာ ယခုအထပ်များဆီသို့ လာရဲကြခြင်းမရှိဘဲ နိယာမနယ်ပယ် အဆင့် ၂၄ ရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်များသာ လာရောက်နိုင်ကြပေလိမ့်မည်။
"ကောင်းပြီ... ဒီနေရာကစကြတာပေါ့..."
"ငါတို့ မိစ္ဆာတွေကို သွားသတ်ကြမယ်..."
ကျုံးရှန်သည် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကာ အနီးဆုံးတွင်ရှိနေသော မိစ္ဆာမျိုးနွယ်စုတစ်ခုဆီသို့ ဦးတည်ပျံသန်းသွားလိုက်သည်။
ယင်းမှာ ကျူးရုမိစ္ဆာမျိုးနွယ်စု ဖြစ်၏။ ကျူးရုမိစ္ဆာများသည် အရပ်အလွန် ပုပြီး ရက်စက်ကြမ်းကြုတ်သောစရိုက်ရှိကာ ဓားမြောင်တိုများနှင့် အရိုးတူများကို ကိုင်ဆောင်လျက် ကျယ်လောင်စွာအော်ဟစ်နေကြလေသည်။