← Chapters

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အခန်း (၃၅၅-၃၅၆)

Vol. 36 Ch. 355-356

အပိုင်း (၃၅၅)

ရှန့်ကျိုးအသေးစားကမ္ဘာနှင့် မိစ္ဆာနယ်မြေအသေးစားတို့မှ အဆင့်မြင့်ပုဂ္ဂိုလ်များအားလုံးသည် မိစ္ဆာနယ်မြေ၏ အထပ်ပေါင်း ၅၀၀ ကို ဆက်တိုက်ချိုးဖျက်သွားသော ထူးဆန်းသည့် အစွမ်းထက်ပုဂ္ဂိုလ်ထံသို့ အာရုံရောက်နေကြသည်။ သို့သော်လည်း ထိုအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော တရားခံဖြစ်သူ ကျုံးရှန်မှာမူ အလွန်ကို အေးအေးလူလူ ဖြစ်နေခဲ့သည်။ မိစ္ဆာများကို သတ်ဖြတ်ရခြင်းသည် သူ့အတွက် ဖုန်မှုန့်တစ်မှုန့်ကို မှုတ်ထုတ်ရသကဲ့သို့ အားစိုက်ထုတ်ရန်ပင် မလိုအပ်ပဲ လွယ်ကူလွန်းလှသည်။

ကျုံးရှန်၏ ခွန်အားသည် ချင်ထျန်းတောင်ပေါ်မှ စတင်ဆင်းသက်လာချိန်ကထက် များစွာ သာလွန်သွားပြီဖြစ်ကာ သူ့ကို နှစ်သိန်းပေါင်းများစွာတိုင်အောင် ချုပ်နှောင်ထားခဲ့သည့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ ကောင်းကင်တာအိုမှ ကံတရားကျိန်စာသည်ပင် သူ၏ နှိမ်နင်းဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။

ယခုအခါ ကျုံးရှန်တွင် မဟာကမ္ဘာကြီး တစ်ခုလုံးကို စိုးမိုးနိုင်စွမ်းရှိသော စွမ်းဆောင်ရည်မျိုး ပိုင်ဆိုင်နေပြီ ဖြစ်သည်။

"ဝုန်း..."

ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာပြီးနောက် ကြီးမားသော အစွယ်ရှည်မိစ္ဆာမျိုးနွယ်စု တစ်ခုလုံး ကျုံးရှန်၏ ဧရာမ လက်ဝါးကြီးအောက်တွင် ဖျက်စီးခံလိုက်ရသည်။ ကျုံးရှန်သည် သူ၏လက်ကိုပြန်လည်ရုပ်သိမ်းလိုက်သည်။ ယခုအချိန်တွင် ကျုံးရှန်တို့အဖွဲ့သည် မိစ္ဆာနယ်မြေအသေးစား၏ ၉၇၆ထပ် မြောက်အထိ ရောက်ရှိလာပြီဖြစ်သည်။

ယင်းသည် မိစ္ဆာနယ်မြေအသေးစား တစ်ခုလုံး၏ ဆယ်ပုံတစ်ပုံခန့်ကို ရှင်းလင်းသတ်ဖြတ်ပြီးဖြစ်သည်ဟုဆိုရပေမည်။ ထိုသည်မှာ ကျန်းရှောင်နှင့် ယွမ်ရှုံတို့ နှစ်ဦးကို အကြွင်းအကျန် ရတနာများ သိမ်းဆည်းရန် အချိန်ပေးလိုသဖြင့် ကျုံးရှန် တမင် အရှိန်လျှော့ထားခြင်း၏ ရလဒ်ဖြစ်သည်။ ကျုံးရှန်အတွက်မူ သူ၏ ရည်ရွယ်ချက်မှာ မိစ္ဆာနယ်မြေတစ်ခုလုံးကို ဖြိုခွင်းရန် မဟုတ်ဘဲ နှစ်ဖက်စလုံးမှ စွမ်းအားကြီးပုဂ္ဂိုလ်များ ကို ဆွဲဆောင်လှုံ့ဆော်ရန်သာ ဖြစ်သည်။

၉၇၆ထပ်မြောက်ကို ရှင်းလင်းပြီးနောက်တွင် ကျုံးရှန်သည် နောက်ထပ် အောက်တစ်ထပ်သို့ ဆက်လက် မသွားတော့ချေ။

"တစ်ယောက်ယောက် ငါတို့ကို လာရှာနေပြီ..."

"ဒီနေရာကနေပဲ စောင့်ကြတာပေါ့..."

သူသည် ကျန်းရှောင်နှင့် ယွမ်ရှုံတို့ကို ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

ထို့နောက် လက်ကို ဝှေ့ယမ်းလိုက်သောအခါ နူးညံ့လှသော တိမ်တိုက်ကုတင်ကြီးတစ်ခု ပေါ်ထွက်လာလျှင် ယင်းပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်လေသည်။ သူတော်စင်အဆင့် အဆင့် ၃ သို့ ရောက်ရှိပြီးနောက်တွင် ကျုံးရှန်သည် အတွေးတစ်ချက်ဖြင့်ပင် အရာဝတ္ထုများကို ဖန်ဆင်းနိုင်စွမ်းရှိနေပြီဖြစ်သည်။

စိတ်ကူးတစ်ချက်ဖြင့် ဟင်းလင်းပြင်အတွင်းရှိ ပရမ်းပတာစွမ်းအင် (ဖရိုဖရဲစွမ်းအင်)များကို စုစည်းနိုင်ခြင်း။

ထိုသည်မှာ သူတော်စင်နိုင်ငံတစ်ခုကို ဖန်တီးနိုင်သောစွမ်းရည်ဖြစ်သည်။ သို့သော်လည်း ကျုံးရှန်သည် သူ၏ ကိုယ်ပိုင် သူတော်စင်နိုင်ငံကို ဖန်တီးရန် အလျင်လိုခြင်းမရှိပေ။ သာမန် သူတော်စင်အဆင့်ကျင့်ကြံသူများသည် တတိယအဆင့်သို့ ရောက်ရှိပြီးနောက် သူတော်စင်နိုင်ငံ၏ မြင့်မြတ်သောတံခါးမကြီးကို ဖြည်းညင်းစွာ ဖွင့်လှစ်ကာ နိုင်ငံ အတွင်းပိုင်းကို ဖန်တီးတည်ဆောက်ကြသည်။

ထိုမှတစ်ဆင့် သက်ရှိများကို မွေးမြူပြီး သူတော်စင်နိုင်ငံကို တဖြည်းဖြည်း အဆင့်မြှင့်တင်ကာ ယုံကြည်မှုစွမ်းအားများ ရယူစု‌ဆောင်းခြင်းဖြင့် မိမိ၏ ကိုယ်ပိုင် ကျင့်ကြံမှုအဆင့်များကို မြင့်တက်ရလေသည်။သို့သော် ကျုံးရှန်သည် ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် သူ၏ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်းတာအို လမ်းစဉ်ကို အဆက်မပြတ် ဖော်ထုတ်ခြင်းဖြင့် ကျင့်ကြံမှုအဆင့်ကို တဖြည်းဖြည်း မြှင့်တင်ကာ သူတော်စင်အဆင့် ၉သို့ ရောက်ရှိရန် ရည်ရွယ်ထားသည်။

အထွတ်အထိပ် မဟာသူတော်စင် အဆင့်သို့ ရောက်ရှိမှသာ သူတော်စင်နိုင်ငံကို စတင် တည်ဆောက်မည် ဖြစ်သည်။ ထိုအချိန်ရောက်မှသာ သူသည် များပြားလှသော ကျင့်ကြံခြင်းအရင်းအမြစ်များနှင့် စွမ်းအင် အနှစ်သာရများစွာကို ပေါင်းစပ်ထည့်သွင်းကာ ထိပ်တန်းအဆင့် သူတော်စင်နိုင်ငံတစ်ခုကို ဖန်တီးရန် ကြိုးပမ်းပေမည်။

ကျန်းရှောင်နှင့် ယွမ်ရှုံတို့ နှစ်ဦးသည် ကျုံးရှန်၏ အေးဆေးလှသော ပုံစံကို ကြည့်ကာ တစ်ယောက်နှင့်တစ်ယောက်အကြည့်ခြင်းဖလှယ်လိုက်သည်။ ထို့နောက် အလိုက်သိစွာဖြင့် ကျုံးရှန်၏ ဘေးနားတွင်သာ ငြိမ်သက်စွာ ရပ်လိုက်ကြသည်။ သူတို့သည် ဝက်တစ်ကောင်ကဲ့သို့ တုံးအနေလျှင်ပင် ကျုံးကျန်း၏ အစွမ်းအစသည် မိစ္ဆာနယ်မြေတစ်ခုလုံးကို တစ်ယောက်တည်းနှင့်ပင် နှိမ်နင်းနိုင်စွမ်းရှိကြောင်း နားလည်နေကြပြီဖြစ်သည်။

ကျုံးကျန်းသည် သာမန် သူတော်စင်အဆင့်နှင့် နတ်ဘုရားအဆင့် အစွမ်းထက်သူများ လုံးဝ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် ပုဂ္ဂိုလ်မျိုး ဖြစ်၏။

တိမ်တိုက်ကုတင်ပေါ်တွင် လဲလျောင်းနေသော ကျုံးရှန်သည် ရုတ်တရက် ထိုင်လိုက်ကာသူ၏ မျက်လုံးများထဲတွင် စူးရှသော အလင်းတန်းတစ်ခု တောက်ပသွားသည်။

"ရောက်လာပြီ..."

သူ၏စကားသံအဆုံးတွင် ၉၇၆ထပ်မြောက်အထပ်သည် အောက်သို့ပြိုကျသွားကာ အထပ်နှစ်ခုကြားရှိ အတားအဆီးများ ပျောက်ကွယ်သွားသည်။ ထို့နောက်ဟင်းလင်းပြင်တစ်ခုလုံးလည်း ပြင်းထန်စွာ တုန်ခါသွားကာ မျက်စိဖြင့်မမြင်ရသော လှိုင်းဂယက်များသည် အရပ်မျက်နှာအနှံ့သို့ပြန့်နှံ့သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများပိုင်ဆိုင်ထားသည့် ပုံရိပ်များစွာသည် ဟင်းလင်းပြင်အတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

ထိုပုံရိပ်များသည်မျက်စိတစ်မှိတ်အတွင်းပင် ကျုံးရှန်ကိုဗဟိုပြုကာ အရပ်မျက်နှာအသီးသီးမှ ဝိုင်းရံလိုက်ကြသည်။ ပုံရိပ်တိုင်းသည် ကြောက်မက်ဖွယ်ရာ နတ်ဘုရားအဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေကြသဖြင့် သူတို့ကို စိုက်ကြည့်မိပါက နက်ရှိုင်းလှသော ချောက်ကမ်းပါးကြီးကို စိုက်ကြည့်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားစေလေသည်။

"ဝုန်း..."

မတူညီသောမိစ္ဆာစွမ်းအင်အငွေ့အသက်များသည် ရုတ်တရက် ပေါင်းစည်းသွားသွားကာ ပေပေါင်းများစွာ ရှည်လျားသော ခြေသည်းငါးခုပါသည့် မိစ္ဆာနဂါးနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျုံးရှန်ထံသို့တိုးဝင်လာသည်။ ထိုသည်မှာ နတ်ဘုရားအဆင့် မိစ္ဆာ ၆၈ ကောင်၏ စွမ်းအင်များကို ပေါင်းစပ်၍ ဖန်တီးထားသော မိစ္ဆာနဂါး ဖြစ်သည်။ ကျန်းရှောင်နှင့် ယွမ်ရှုံတို့ နှစ်ဦးသည် ထိုသို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးကြသဖြင့် သူတို့ဆီသို့ပြေးဝင်လာသောနဂါးနက်ကြီးကိုမြင်လျှင် ခြေထောက်နှစ်ဖက်လုံး တုန်ယင်လာကာ ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

သို့သော်လည်း ကျုံးရှန်ကမူ တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်ကာ အနည်းငယ်မျှပင် တုန်လှုပ်သွားခြင်းမရှိချေ။

"မလန့်ကြနဲ့... ကလေးကလား အကွက်တွေပါ..."

သူသည် အနည်းငယ် ပြုံးလိုက်ပြီး လက်ဝါးကို ဓားအဖြစ် ပြောင်းလဲကာ ထိုစွမ်းအင်အငွေ့အသက်များနှင့် ဖွဲ့စည်းထားသော နဂါးမည်းကြီးဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်သည်။

"ဖောက်..."

ရေပူပေါင်း ပေါက်သွားသကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာသည်။ စွမ်းအင်အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော ခြေသည်းငါးချောင်းပါ နဂါးနက်ကြီးသည် တစစီကြေကွဲသွားကာ ဖုန်မှုန့်များအဖြစ် လွင့်စဉ် ပျောက်ကွယ်သွားသည်။

"အဟွတ်..."

နတ်ဘုရားအဆင့် မိစ္ဆာများ အားလုံး၏ ပါးစပ်မှ နာကျင်စွာညည်းတွားသံများ ထွက်ပေါ်လာသည်။

ထိုမိစ္ဆာနဂါးနက်ကြီးသည် သူတို့၏ စိတ်၊ ဝိညာဉ်၊ ခွန်အား တို့၏ စွမ်းအင်များကိုပေါင်းစပ်ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် ကျုံးရှန် ခုတ်ပိုင်းဖျက်ဆီးလိုက်သောအခါ သူတို့အားလုံး ဒဏ်ရာအချို့ ရရှိသွားကြတော့သည်။

"ဂူချန်ရှာ မဟုတ်ဘူးပဲ..."

"ဒီလောကမှာ ဒီလောက် အစွမ်းထက်တဲ့သူ ရှိနေသေးတာလား..."

နတ်ဘုရားအဆင့်မိစ္ဆာများသည် တစ်စုံတစ်ရာကို ရိပ်မိသွားကာ အလွန်အမင်း ထိတ်လန့်သွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးရန် ပြင်လိုက်ကြသည်။

"ပြေးချင်လို့လား... နောက်ကျသွားပြီ..."

ကျုံးရှန်တစ်‌ယောက် လေထဲသို့လက်ညှိုးတစ်ချက် တောက်လိုက်သည်နှင့် ဟင်းလင်းပြင် တစ်ခုလုံး အေးခဲသွားသည်။ထို့နောက် သူ၏ လက်ဝါးသည် ပိုက်ကွန်တစ်ခုကဲ့သို့ ဟင်းလင်းပြင်ကိုဖမ်းဆုပ်လိုက်လျှင် နတ်ဘုရားအဆင့် မိစ္ဆာများ အားလုံး သူ၏ လက်ဝါးထဲသို့ရောက်သွားလေသည်။ကျုံးရှန်၏လက်ဝါး ပေါ်တွင် ထိုမိစ္ဆာများသည် မြေပဲစေ့ အရွယ်အစားခန့်အထိသေးငယ်သွားသည်။

သူသည် လက်ချောင်းငါးချောင်းကို အသုံးပြု၍ လှောင်အိမ်တစ်ခု ဖန်တီးကာ နတ်ဘုရားအဆင့် မိစ္ဆာ ၆၈ ကောင်လုံးကို ပိတ်လှောင်ထားလိုက်သည်။ ထိုလှောင်အိမ်သည် ပြင်ပရှိအရာအားလုံးနှင့် အဆက်အသွယ် ဖြတ်တောက်ထားသဖြင့် မိစ္ဆာများသည် သူတို့၏ စွမ်းအားများကို ခံစား၍ မရတော့ချေ။ သူတို့၏ သူတော်စင်ကမ္ဘာများကိုပင် အာရုံခံ၍ မရနိုင်တော့ခြင်းဖြစ်သည်။

အကြွင်းမဲ့ ပိတ်လှောင်ခံရခြင်း။

ထိုအဖြစ်သည် နတ်ဘုရားအဆင့်ရှိမိစ္ဆာများအတွက် အလွန်ပင်အရှက်ရဖွယ်ကိစ္စဖြစ်သည်။ ထိုရှက်ရွံ့မှုနှင့်အတူ မကြာခင် အတိုင်းအဆမရှိသော ကြောက်ရွံ့ထိတ်လန့်မှုများလည်း ကပ်ပါလာသည်။

"ကြည့်လိုက်... တကယ်တော့ နတ်ဘုရားတွေဆိုတာ တစ်ချို့ရှုထောင့်ကနေ ကြည့်ရင် ရေတွင်းထဲက ဖားသူငယ်တွေပဲ..."

ကျုံးရှန်သည် သူ၏ လက်ဝါးကို မြှောက်ကာ လှောင်အိမ်ထဲတွင် ပိတ်လှောင်ထားသည့်နတ်ဘုရားအဆင့်မိစ္ဆာများကို ကျန်းရှောင်နှင့် ယွမ်ရှုံတို့အား ပြသလိုက်သည်။

သူတို့နှစ်ဦးသည် စကားတစ်ခွန်းမျှပင် ပြန်လည်ပြောဆိုဝံ့ခြင်းမရှိကြတော့ပေ။ လက်ဝါးတစ်ချက်တည်းဖြင့် နတ်ဘုရားအဆင့် မိစ္ဆာ ၆၈ ကောင်လုံးကို လက်ထဲတွင် ချုပ်နှောင်နိုင်ခဲ့သည်။

ထိုသို့ပြုလုပ်ရန် မည်မျှ ကြီးမားသော စွမ်းအားမျိုးပိုင်ဆိုင်ရမည်နည်း။

သူတို့ လုံးဝပင်မတွေးဝံ့ပါချေ။

"ရောက်နေမှတော့ ဘာလို့ ထွက်မလာရတာလဲ..."

ကျုံးရှန်သည် ခေါင်းကို အနည်းငယ် မော့ကာ အေးခဲနေသော ဟင်းလင်းပြင်၏ တစ်နေရာသို့ ကြည့်လျက် ရေရွတ်လိုက်သည်။

"ဖြောင်း... ဖြောင်း... ဖြောင်း..."

တိတ်ဆိတ်ငြိမ်သက်နေသောပတ်ဝန်းကျင်တွင် ကျယ်လောင်သောလက်ခုပ်တီးသံများထွက်ပေါ်လာကာ ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် ဟင်းလင်းပြင်အတွင်းမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း မည်သည့်လှိုင်းဂယက်မျှ ဖြစ်ပေါ်လာစေခြင်းမရှိခဲ့ချေ။ သူသည် မူလကတည်းက ထိုနေရာတွင် ရှိနေခဲ့သကဲ့သို့ ဖြစ်သည်။

"မဆိုးဘူးပဲ... မင်းက ငါ့ရဲ့ လှုပ်ရှားမှုကိုတောင် မြင်နိုင်စွမ်းရှိတယ်ဆိုတော့..."

"မင်းက ငါတို့ ရှန့်ကျိုးက လူ မဟုတ်ဘူးမလား..."

ထွက်ပေါ်လာသူသည် ပုံတူကူးချထားသော ဂူချန်ရှာပင်ဖြစ်သည်။ သူ၏ စရိုက်လက္ခဏာသည် မူလ ဂူချန်ရှာနှင့် အလွန်ပင် ဆင်တူလှကာ မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်းမရှိသော ပုံစံမျိုးဖြစ်နေသည်။ ကျုံးရှန်တစ်ယောက် လက်ဝါးတစ်ချက်တည်းဖြင့် နတ်ဘုရားအဆင့် အစွမ်းထက်သူ ၆၈ ယောက်ကို ဖမ်းဆီးလိုက်သည်ကို မြင်သော်လည်း သူသည် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိချေ။

ထို့နောက်သူသည် တိမ်တိုက်ကုတင်ဘေးသို့ လျှောက်လှမ်းလာကာ ကျုံးရှန်နှင့် နှစ်ပေါင်းများစွာ ခင်မင်ခဲ့သော မိတ်ဆွေဟောင်းများကဲ့သို့ ဘေးချင်းယှဉ် ထိုင်လိုက်သည်။ ကျုံးရှန်သည် ပုံတူဂူချန်ရှာ၏အပြုအမူကိုမြင်လျှင် ပြုံးလိုက်၏။ ဂူချန်ရှာသည် တွက်ချက်မှုများတွင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်သည်။

သူကိုယ်တိုင်သည် အလွန် ဉာဏ်ကောင်းနေခြင်းမျိုး မဟုတ်ဘဲ သူ၏ ပြိုင်ဘက်များ၏ ဉာဏ်ရည်ကသာ နိမ့်ကျလွန်းနေခြင်း ဖြစ်သည်။ ရှုံးနိမ့်နေသည့် အခြေအနေတွင်ပင် ထိုပြိုင်ဘက်များသည် သူတို့ကိုယ်သူတို့ အသာစီးရနေသည်ဟု အမြဲ ထင်မှတ်နေတတ်ကြသည်။ ဉာဏ်ရည်နိမ့်ကျမှုနှင့် မောက်မာမှုတို့သည် ကျဆင်းပျက်စီးခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။

ဒုတိယအချက်မှာ ဂူချန်ရှာ၏ ကောင်းကင်တာအိုနိယာမကြောင့် ဖြစ်သည်။ ထိုအရာကြောင့် ဂူချန်ရှာသည် မိမိကိုယ်ကိုဖုံးကွယ်နိုင်ကာ မည်သူ့အသွင်ကိုမဆို ပြောင်းလဲနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

"မင်းက ငါ့ရဲ့ ကောင်းကင်တာအိုနိယာမ ဖုံးကွယ်မှုကို ဘယ်လိုလုပ် ဖောက်မြင်သွားတာလဲ..."

ဂူချန်ရှာသည် ရုတ်တရက် မေးလိုက်သည်။

"အဟက်..."

ကျုံးရှန်သည် လှောင်ပြုံးတစ်ချက် ပြုံးလိုက်ကာ ခေါင်းကို ခါယမ်းလိုက်သည်။

"မင်းရဲ့ စွမ်းအားက အဆင့်မြင့်တယ်ဆိုပေမဲ့... ကောင်းကင်တာအိုနိယာမရဲ့ စစ်မှန်တဲ့ နယ်ပယ်ထဲကိုတော့ မရောက်သေးပါဘူး..."

ကျုံးရှန်၏ စကားကြောင့် ဂူချန်ရှာ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။

"အစစ်အမှန် ကောင်းကင်တာအိုနိယာမကဘာလဲဆိုတာ.. ငါ ပြမယ်..."

ကျုံးရှန်သည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထိုအခါ သူ၏ ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့သော အလင်းတန်းများ စတင် ဖြာထွက်လာကာ မိစ္ဆာနယ်မြေအသေးစားနှင့် ရှန့်ကျိုးအသေးစားကမ္ဘာတို့၏ နေရာတိုင်းကို လင်းထိန်သွားသည်။ အရာအားလုံးသည် ထိုအလင်းတန်းများအောက်တွင် မှေးမှိန်ဖျော့တော့သွားကြလေတော့သည်။

အပိုင်း (၃၅၆)

ထိုအလင်းတန်းများသည် ရှန့်ကျိုးအသေးစားကမ္ဘာနှင့် မိစ္ဆာနယ်မြေအသေးစားတို့ကိုသာမက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဟင်းလင်းပြင်အတားအဆီးများကိုပါ ထိုးဖောက်သွားကာ ငရဲကမ္ဘာ၏ဟင်းလင်းပြင်အတွင်း ဖြာထွက်သွားသည်။ ထို့နောက် ကျုံးရှန်သည် အလင်းတန်းများကို ပြန်လည်ရုပ်သိမ်းလိုက်လျှင် လူတိုင်းသည် ကမ္ဘာလောကကြီးတစ်ခုလုံး မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အခိုက်အတန့်မျှသာ မြင်တွေ့လိုက်ရသော ထိုမြင်ကွင်းကြောင့် ရှန့်ကျိုးအသေးစားနှင့် မိစ္ဆာနယ်မြေအသေးစားရှိ သက်ရှိများအားလုံးသည် မိမိတို့ နေထိုင်ရာ အရပ်သည် မဟာစကြာဝဠာကြီးအတွင်းရှိ သဲတစ်ပွင့်အဆင့်မျှသာ ရှိကြောင်း ရုတ်တရက် သတိပြုမိသွားကြသည်။

သေးငယ်လွန်းလှသဖြင့် ထပ်၍ သေးငယ်စရာ မရှိတော့ချေ။ ကမ္ဘာလောကကို ထိုးဖောက်နိုင်သော ထိုအလင်းတန်းအောက်တွင် မြောက်မြားစွာသောကမ္ဘာအသီးသီး၏ ပုံသဏ္ဌာန်များကိုမြင်တွေ့လိုက်ရသဖြင့် သူတို့၏ သေးငယ်မှုကိုလည်း ပိုမိုထင်ရှားသိသာစေခဲ့သည်။ မိမိတို့ကိုယ်ကို ဧရာမ ပန်းကန်လုံးကြီးတစ်လုံးအောက်တွင် ပိတ်လှောင်ခံထားရသော ပုရွက်ဆိတ်များဟု မှတ်ထင်ထားခဲ့ရာမှ တစ်နေ့တွင် ထိုပန်းကန်လုံးကြီး ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားချက်မျိုး ဖြစ်သည်။

ကမ္ဘာကြီးသည် ထိုမျှလောက်အထိ ကျယ်ပြောလှပါလားဟူသော နားလည်သဘောပေါက်မှုသည် သူတို့၏ စိတ်အတွင်း၌ ကျယ်လောင်စွာမြည်ဟီးသွားသည်။ ထိုသို့နားလည်သဘော ပေါက်သွားသူများထဲတွင် ပုံတူကူးချထားသော ဂူချန်ရှာလည်း ပါဝင်လေသည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများထဲ၌ တစ်ခဏမျှတုန်လှုပ်ချောက်ချားမှုများ ပြည့်နှက်နေပြီးနောက် ဉာဏ်အလင်းပွင့်သွားသည့် အရိပ်အယောင်များပေါ်ပေါက်လာကာ တစ်ကိုယ်လုံးမှ အရှိန်အဝါများသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာ၏။

နတ်ဘုရားအဆင့်ကို ချိုးဖျက်ကာ လွတ်မြောက်ခြင်းအဆင့်သို့ ဝင်ရောက်မည့်အခြေအနေမျိုးဖြစ်ပေါ်လာပြီး အဋ္ဌမအထပ်တစ်ထောင် ကမ္ဘာ၏ဟင်းလင်းပြင်တစ်ခုလုံး စတင်၍မတည်မငြိမ်ဖြစ်လာလေသည်။ အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ ဟင်းလင်းပြင် အတားအဆီးများပေါ်တွင်ပင် သေးငယ်သော အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"ကမ္ဘာတစ်ခုမှာ စိတ်ဝိညာဉ်တစ်ခု... သက်ရှိတိုင်းမှာ စိတ်ဝိညာဉ်တစ်ခု..."

ပုံတူဂူချန်ရှာသည် ငေးငိုင်နေလျက် စကားလုံးအချို့ကိုတီးတိုး ရေရွတ်နေသည်။သို့သော်လည်း ထိုသို့ အဆင့်တက်လှမ်းရန် ကြိုးပမ်းမှုသည် ခဏမျှသာ ကြာမြင့်ပြီးနောက် ပျောက်ကွယ်သွားသည်။ ပုံတူဂူချန်ရှာသည် နောက်ဆုံးကျန်ရှိနေသည့် အချုပ်အနှောင်ကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ဘဲ အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ ဟင်းလင်းပြင်အတားအဆီးကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့ချေ။

"တကယ်တော့ မင်းက ကောင်းကင်ပြင်ပကနေ လာတာကိုး..."

ဂူချန်ရှာသည် သတိပြန်ဝင်လာပြီးနောက် ကျုံးရှန်ကို ပြန်လည်ကြည့်ရှုလိုက်သည့်အခါ သူ၏ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပါဝင်လာသည်။

ကျုံးရှန်သည် သူ၏စကားကိုကြားသောအခါပြုံးနေခဲ့ပြီး ပြန်လည်ဖြေကြားခြင်းမရှိချေ။ သူ၏ ယခုလက်ရှိစွမ်းရည်ဖြင့် နဂါးမဲ့ နတ်ဘုရားဘုရင် အစစ်အမှန်နှင့် ရင်ဆိုင်ရပါက သေလမ်းတစ်လမ်းသာ ရှိပေလိမ့်မည်။ သို့သော်လည်း သူ၏ရှေ့မှောက်ရှိ ဂူချန်ရှာသည် နဂါးမဲ့ နတ်ဘုရားဘုရင် အစစ်အမှန် မဟုတ်ဘဲ အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာအတွင်း ဂူချန်ရှာ၏ စရိုက်လက္ခဏာများကို အခြေခံ၍ ပုံတူကူးချ ဖန်တီးထားသော ဖြစ်တည်မှုသာ ဖြစ်သည်။

ထို့ကြောင့် သူ၏ ကောင်းကင်တာအိုနိယာမသည်လည်း ပြီးပြည့်စုံမှု မရှိဘဲ စစ်မှန်သော မဟာကောင်းကင်တာအိုနိယာမနှင့် အလှမ်းဝေးနေဆဲ ဖြစ်ကာ အဆုံးမဲ့ ကောင်းကင်တာအိုနိယာမ ဆိုလျှင် စိတ်ကူးယဉ်ကြည့်ရန်ပင်မဖြစ်နိုင်သေးပေ။ သို့သော်ငြားလည်း သူသည် ကမ္ဘာလောက၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အစွမ်းထက်သည့် လက္ခဏာရပ်အချို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ဥပမာအားဖြင့် ယခု ကျုံးရှန် ပြသလိုက်သော ကောင်းကင်တာအို ခန္ဓာကိုယ်သည် သူ့ကို ထိတ်လန့်သွားစေခြင်း မရှိသည့်အပြင် အပြင်လောကရှိ အကန့်အသတ်မဲ့သော ကမ္ဘာများကို မြင်တွေ့စေခဲ့ခြင်းကြောင့် သူ၏ စိတ်နှလုံး တုန်လှုပ်သွားကာ ဉာဏ်အလင်းပွင့်သွားပြီး နေရာတွင်ပင် အဆင့်ချိုးဖျက်လုနီးပါး ဖြစ်သွားခဲ့လေသည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ စမ်းသပ်ဖန်တီးထားသည့် အထပ်တစ်ထောင်ကမ္ဘာမျိုးတွင် လွတ်မြောက်ခြင်းအဆင့်သို့ တက်လှမ်းရန်သည် ပြင်ပလောကတွင် နတ်ဘုရားအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရသည်ထက် များစွာ ပို၍ ခက်ခဲလှသည်။ ထိုသည်မှာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထပ်တစ်ထောင် ဟင်းလင်းပြင် အတားအဆီးကို ရုန်းထွက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

"မှန်တယ်... ငါက အပြင်ဘက်ကနေ လာတာ ပဲ... ပြီးတော့ မကြာခင် ထွက်သွားတော့မှာ..."

ကျုံးရှန်သည် ပုံတူဂူချန်ရှာကို အကဲခတ်နေသကဲ့သို့ ဂူချန်ရှာသည်လည်း သူ့ကို ပြန်လည် အကဲခတ်နေ၏။

ထိုသို့ဖြင့် သူတို့နှစ်ဦးစလုံးသည် မည်သူမျှ စကားမပြောကြဘဲ အချိန်အတော်ကြာတိတ်ဆိတ်သွားကြသည်။ နောက်ဆုံးတွင် ပုံတူဂူချန်ရှာဘက်မှ စတင်၍ စကားပြောလာသည်။

"မင်းဆီမှာ ငါ့အပေါ် ရန်လိုတဲ့စိတ် မရှိဘူးလို့ ခံစားမိတယ်..."

"ဒါ့အပြင်မင်းဆီကနေ ငါနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ အငွေ့အသက် တစ်ခုကိုလည်း ခံစားရတယ်..."

"မင်းဆီမှာ ကြီးမားတဲ့ ကံတရားနဲ့ ကြီးမားတဲ့ အခွင့်အရေးတွေ ရှိနေပြီး ကောင်းကင်နဲ့မြေကြီးရဲ့ အချုပ်အနှောင်ကို ချိုးဖျက်နိုင်ဖို့ အမည်မသိ စွမ်းအားတစ်ခုက လမ်းပြနေသလိုပဲ..."

ပုံတူဂူချန်ရှာသည် ကျုံးရှန်ကိုစိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

"မင်းပြောတာ ဒီအရာလား..."

ကျုံးရှန်သည် သူ၏လက်ဝါးကိုဖြန့်လိုက်လျှင် အလင်းလုံးလေး တစ်လုံး ထွက်ပေါ်လာသည်။

ထိုအလင်းလုံးလေးသည် ဧရာမ စကြဝဠာကြီး တစ်ခုလုံးကို သိုဝှက်ထားသကဲ့သို့အတွင်းတွင် မရေမတွက်နိုင်သော အချက်အလက်များ စီးဆင်းတွက်ချက်နေသည်။ ထိုသည်မှာ သူ၏ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် ၏ မူလကိုယ်ထည် ဖြစ်သည်။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီး၏ကံတရားကျိန်စာ အချုပ်အနှောင်ကို ချိုးဖျက်ကာ သူတော်စင်အဆင့် တတိယအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဖြစ်လာပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ အမြဲ ကပ်တွယ်နေသော စနစ်ကို အလင်းလုံးတစ်ခုအဖြစ် ထုတ်ဖော်ပြသနိုင်စွမ်း ရှိလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းကို ဝါးမျိုရန် သို့မဟုတ် ခန္ဓာကိုယ်ပြင်ပသို့ လုံးဝ ထုတ်ပစ်ရန်သည် လက်ရှိအချိန်တွင် မဖြစ်နိုင်သေးချေ။ ထိုအလင်းလုံးလေးထဲတွင် အတိုင်းအဆမရှိ ကြီးမားလှသည့် စွမ်းအားများ ကိန်းအောင်းနေသဖြင့် ယင်းကို ရင်ဆိုင်ရခြင်းသည် ပြီးပြည့်စုံသော စကြဝဠာတစ်ခုကို ရင်ဆိုင်ရသကဲ့သို့ ခံစားရစေသည်။ စကြဝဠာတစ်ခုအတွင်းတွင် မရေမတွက်နိုင်သော မဟာကမ္ဘာများ ရှိနေပြီး အဆုံးမဲ့ကမ္ဘာများကိုပင် မွေးဖွားပေးနိုင်စွမ်းရှိသည်။

ထို့ကြောင့် စကြဝဠာတစ်ခုစာမျှစွမ်းအင်များကိုပိုင်ဆိုင်ထားသော စနစ်သည်မည်မျှအစွမ်းထက်လှမည်ကိုအကြမ်းဖျင်းမှန်းဆနိုင်လေသည်။

"ဟုတ်တယ်... အဲဒါပဲ..."

"အဲဒီအရာဆီမှာ ငါနဲ့ အရမ်းကို ရင်းနှီးနေတဲ့ အငွေ့အသက်တချို့ ရှိနေတယ်..."

ပုံတူဂူချန်ရှာသည် စနစ်၏အလင်းလုံးပုံစံလေးကို မြင်သောအခါ ရင်းနှီးကျွမ်းဝင်သည့် ခံစားချက်သည် ပိုမိုပြင်းထန်လာသကဲ့သို့ ခံစားလိုက်ရသည်။

"ငါ နားလည်တယ်... ဒါက အနာဂတ်မှာ မဖြစ်မနေ ရှင်းပစ်ရမယ့် အရာတစ်ခုပဲ..."

ကျုံးရှန်သည် ခေါင်းကို ခါယမ်းကာ တစ်စုံတစ်ရာကို ပြောရန် ခက်ခဲနေသည့်ပုံစံဖြင့် စနစ်ကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

စနစ်သည် သူ ဝိညာဉ်ကူးပြောင်းလာသည့်အချိန်မှစ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတွင်ခြေကုပ်ယူရန် ကူညီပေးခဲ့သော အဓိက အချက်အချာ ဖြစ်သည်။ မဟာကောင်းကင်တာအိုကို သူ အနိုင်ယူနိုင်ခဲ့ခြင်းသည် စနစ်ကြောင့်ပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း သူသည် ကံတရားကျိန်စာမှအချုပ်အနှောင်များကို ချိုးဖျက်ကာ ကျင့်ကြံမှုအဆင့် မြင့်တက်လာပြီးနောက်တွင် ယင်းအထဲ၌ ဖုံးကွယ်နေသောဆိုးကျိုးအချို့ကိုပါ သတိပြုမိလာသည်။

စနစ်သည် သူ့ကို ဝက်တစ်ကောင်ကို မွေးမြူနေသကဲ့သို့ ပျိုးထောင်နေခြင်း ဖြစ်သည်။

လောကကြီးတွင် အကျိုးအမြတ်မပါဘဲ ကူညီပေးသည့်အရာသည် မည်ကဲ့သို့ ရှိနိုင်မည်နည်း။

ကျုံးရှန်၏ အမြင်တွင် ထိုကဲ့သို့အရာမျိုး ရှိမည်ဟု လုံးဝမယုံကြည်ပါချေ။ သူကိုယ်တိုင်သည် ရွေးချယ်ခံရသော ဝက်တစ်ကောင် ဖြစ်ပြီး စနစ်သည် ထိုဝက်ကို ပျိုး ထောင်ပေးနေခြင်း ဖြစ်သည်။

ဝက်တစ်ကောင်ကိုမွေးမြူခြင်း။

ထိုဝက်သည် ဆူဖြိုးလာမည့်အချိန်သို့ရောက်လာပါက သတ်ဖြတ်စားသောက်ခြင်းခံရမည်သာဖြစ်လေသည်။ ထို့ကြောင့် ယခုအချိန်တွင် ကျုံးရှန်သည် စနစ်ကို သူ၏ ကံကောင်းမှုတစ်ခုအဖြစ် ရှုမြင်နိုင်ခြင်း မရှိတော့ပေ။ စနစ်သည် ဆုလာဘ်များကို အခြေအနေအရ ပေးအပ်ရုံသာ ဖြစ်ပြီး အခွင့်အရေးများနှင့် ကံတရားဖန်တီးမှု အားလုံးသည် သူကိုယ်တိုင် အဆက်မပြတ် ကြိုးစားအားထုတ်ကာ လေ့ကျင့်မှုများ ပြုလုပ်ရန်ခြင်းဖြင့် ရရှိလာသောအရာများဖြစ်သည်။

အပြောင်းအလဲမရှိသော စနစ်နှင့် နှိုင်းယှဉ်ပါက လူသားတစ်ဦး၏ ဖြစ်နိုင်ခြေသည် အကန့်အသတ်မဲ့ဖြစ်သည်။ ဇာတ်လိုက်တစ်ဦး ဖြစ်လာရန် လိုအပ်သော အရင်းအမြစ်များကို ပေးအပ်ပြီး မည်ကဲ့သို့သော အခက်အခဲများနှင့် ရင်ဆိုင်ဖြတ်သန်းရမည်ကို စောင့်ကြည့်ကာ နောက်ဆုံးတွင် ထိုသူ၏ ကံကြမ္မာ၊ ကံတရား၊ ကျင့်ကြံမှုနှင့် နားလည်သဘောပေါက်မှု အားလုံးကို သိမ်းယူခြင်းသည် စနစ်၏ သဘောသဘာဝဖြစ်နိုင် သည်။ အချိန်ကျလာပါက စနစ်သည် သူပေးအပ်ခဲ့သမျှကို အတိုးအရင်းနှင့်တကွ ပြန်လည် သိမ်းယူသွားမည့် အရာဖြစ်သည်။

"ဒီမိစ္ဆာတွေကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စီစဉ်ထားလဲ..."

ကျုံးရှန်သည် လက်ချောင်းငါးချောင်း လှောင်အိမ်ထဲရှိ မိစ္ဆာများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂူချန်ရှာကို ပြန်ကြည့်ကာ မေးလိုက်သည်။

"လွှတ်ပေးလိုက်ပါ... ဒီကောင်တွေ မရှိရင် ဒီကမ္ဘာကြီးက အတော်လေး ပျင်းစရာကောင်းသွားလိမ့်မယ်..."

ဂူချန်ရှာသည် ဖြည်းညင်းစွာ ပြောလိုက်၏။

ကျုံးရှန် ရောက်ရှိလာမှုသည် သူ၏ကိုယ်တွင်းရှိ အမည်မသိ အရာအချို့အား တဖြည်းဖြည်း နိုးကြားလာစေခဲ့သည်။ ထိုသည်မှာ ကံကြမ္မာက သတ်မှတ်ထားသော အာရုံခံစားမှု တစ်မျိုး ဖြစ်သည်။ ကျုံးရှန်သည် ခေါင်းညိတ်လိုက်ပြီး လက် ဝှေ့ယမ်းလိုက်ကာ လက်ချောင်းငါးချောင်း လှောင်အိမ်ထဲမှ နတ်ဘုရားအဆင့် မိစ္ဆာ ၆၈ ကောင်လုံးကို လွှတ်ပေးလိုက်သည်။

ထိုအစွမ်းထက် မိစ္ဆာများသည် သူတို့၏ မူလပုံစံအတိုင်း ပြန်လည်ပြောင်းလဲသွားကြလျှင် သူတို့၏ မျက်နှာပေါ်၌ အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှု အမူအရာများ ထင်ဟပ်နေသည်။ ကျုံးရှန်သည် သူတို့ကို တစ်စုံတစ်ရာ ပြုလုပ်မည် သို့မဟုတ် အရှက်ခွဲမည်ဟု သူတို့ ထင်မှတ်ထားကြခြင်းဖြစ်သည်။ အထူးသဖြင့် ဂူချန်ရှာသည် ထိုကြောက်မက်ဖွယ်ကောင်းသော လူ၏ ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ထဲတွင် ပို၍ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"ထွက်သွားကြစမ်း..."

ကျုံးရှန်၏ အသံသည် ခေါင်းလောင်းကြီး ထိုးလိုက်သကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာလျှင် ဟင်းလင်းပြင်ကို ပိတ်လှောင်ထားသော စွမ်းအားများသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုအခါဟင်းလင်းပြင်သည် ပုံမှန်အတိုင်းပြန်လည် စီးဆင်းလှုပ်ရှားလာသည်။ နတ်ဘုရားအဆင့်မိစ္ဆာများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက်ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထိုနေရာမှ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားကြတော့သည်။

"မင်း သွားတော့မလို့လား..."

ပုံတူဂူချန်ရှာသည် ရုတ်တရက် မေးလိုက်၏။

ယခုအချိန်တွင် သူတို့နှစ်ဦးကြား၌ တစ်ယောက်ကိုတစ်ယောက် လေးစားနားလည်သော ခံစားချက်မျိုး ရှိနေပြီဖြစ်သည်။ သို့သော်လည်း ကျုံးရှန်ကမူ ပိုမို၍နားလည်ထားလေသည်။ တစ်နေ့တွင် အနှီပုံတူဂူချန်ရှာလည်း မူလနဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံကဲ့သို့ ကြီးပြင်း အစွမ်းထက်လာပေလိမ့်မည်။

ဂူချန်ရှာသည် မည်သူ့နောက်တွင်မှ ရှိနေမည့်သူ မဟုတ်သကဲ့သို့ ကျုံးရှန်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ နောင်တစ်ချိန်တွင် သူတို့နှစ်ဦးသည် မလွဲမသွေ ရင်ဆိုင်ကြရမည် ဖြစ်ကာ အနိုင်ရသူကသာ မိမိ၏ကံကြမ္မာကို ဆုပ်ကိုင်ပြီး ဆက်လက်ကြီးထွားရှင်သန်နိုင်ပေလိမ့်မည်။ ပုံတူဂူချန်ရှာသည် ကျုံးရှန်မှ မိမိကိုယ်တိုင်အတွက် ရည်ရွယ်၍ ပျိုးထောင်ပေးလိုက်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။

ထို့ကြောင့်သူသည်လည်း ပုံတူဂူချန်ရှာ ကြီးပြင်း အစွမ်းထက်လာရန်အတွက် လုံလောက်သောအချိန်ပေးမည်သာ ဖြစ်သည်။

All Chapters