← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အပိုင်း (၃၅၇)

သို့သော်လည်း ကျုံးရှန်သည် ထိုအရာများကို အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ပုံတူကူးချထားသော ဂူချန်ရှာကိုပင် သူ ကြောက်ရွံ့နေမည်ဆိုလျှင် အနာဂတ်တွင် အစစ်အမှန် နဂါးမဲ့နတ်ဘုရားဘုရင်နှင့် မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။

သူသည်လည်း အင်အားကြီးမားသော စိတ်နှလုံးကို ပိုင်ဆိုင်ထားသူ ဖြစ်ကာ အမြင့်ဆုံးသို့ တက်လှမ်းရန် ရည်မှန်းထားသူ ဖြစ်သည်။

"ဒီမှာ ရက်အနည်းငယ်လောက်နေပြီးရင် တော့ထွက်သွားမှာပါ..."

ကျုံးရှန်သည် ပွင့်လင်းစွာပင် ပြောလိုက်သည်။

ရှန့်ကျိုးအသေးစားကမ္ဘာသည် ရှန့်ကျိုးပြည်နယ်၏ ပုံတူကူးချထားမှုတစ်ခုသာ ဖြစ်သော်လည်း ယင်းသည် မူရင်းရှန့်ကျိုးပြည်နယ်၏ ဇစ်မြစ်အနှစ်သာရအချို့ဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အတိတ်ကာလတွင် ရှန့်ကျိုးပြည်နယ်သည် အကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီး၏ အဓိကဗဟိုချက်နေရာ ဖြစ်ခဲ့ကာ ထိုအကန့်အသတ်မဲ့ကုန်းမြေတိုက်ကြီးသည် များပြားလှသော စကြာဝဠာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့သော မူလအစ ဖြစ်၏။

ထို့ကြောင့် ရှန့်ကျိုးအသေးစားကမ္ဘာကို နားလည်သဘောပေါက်အောင် ကြိုးစားခြင်းဖြင့်ယင်းအတွင်းရှိ ဆန်းကြယ်သော လျှို့ဝှက်ချက်အချို့ကို သိရှိနိုင်ပေလိမ့်မည်။

"ကောင်းပြီ... ငါ မင်းနဲ့ အတူလိုက်ဖို့ လိုသေးလား..."

ဂူချန်ရှာသည် အဓိပ္ပါယ်ပါပါဖြင့် မေးလိုက်သည်။

"မလိုပါဘူး... .. ဒါနဲ့ ဒီနေရာမှာ ရှန့်ကျိုးရဲ့နံပါတ်တစ် အကြမ်းကြုတ်ဆုံးမိစ္ဆာက ဘယ်သူလဲ..."

"ရှင်းချုံးရှီ လို့ပဲ ခေါ်တာလား..."

ကျုံးရှန်သည် ရုတ်တရက် မေးလိုက်၏။ ပုံတူဂူချန်ရှာသည် ထိုစကားကို ကြားသောအခါ ခေါင်းခါယမ်းလိုက်သည်။

"ဒီမှာ ရှန့်ကျိုးရဲ့ နံပါတ်တစ် အကြမ်းကြုတ်ဆုံးမိစ္ဆာ ဆိုတာမျိုး မရှိဘူး... ဂူရှားရှန် လို့ခေါ်တဲ့ သတ်ဖြတ်ခြင်းနတ်ဆိုး တစ်ပါးပဲ ရှိတယ်..."

"သူက နှစ်ပေါင်းများစွာအတွင်း သတ်ဖြတ်ခြင်းအငွေ့အသက်တွေ စုစည်းသိပ်သည်းမှုကနေဖြစ်ပေါ် လာတဲ့တည်ရှိမှုတစ်ခုပဲ..."

ကျုံးရှန်သည် ခေါင်းညိတ်လိုက်သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။

သူ၏ ခြေလှမ်းများကို ဖွဖွလေးလှမ်းလိုက်လျှင် နောက်တစ်ခဏတွင် မူလနေရာမှ ပျောက်ကွယ်သွားကာ မည်သည့်နေရာသို့ ရောက်ရှိသွားကြောင်း မည်သူမျှ မသိနိုင်တော့ပေ။ ကျုံးရှန်‌ ပျောက်ကွယ်သွားသောအခါ ဘေးတွင်ကျန်ရှိနေခဲ့သော ကျန်းရှောင်နှင့် ယွမ်ရှုံတို့သည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြလေသည်။

"မင်းတို့နှစ်ယောက် ငါ့ရဲ့ ကျင့်ရှန်းဌာန ကို ဝင်ချင်ကြလား..."

...

ဟင်းလင်းပြင်သည် တစ်ခဏမျှ ပြောင်းလဲသွားပြီး ကျုံးရှန် ထပ်မံထွက်ပေါ်လာချိန်တွင် သူသည် ရှန့်ကျိုးအသေးစားကမ္ဘာ၏ ဟွမ်ဟိုင်းပင်လယ် ဒေသသို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ဂူရှားရှန်..."

"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ..."

"ဒီရှန့်ကျိုးအသေးစားကမ္ဘာက ထူးဆန်းတဲ့ အပြောင်းအလဲတစ်ခုခုကို ဖန်တီးလိုက်ပုံရတယ်..."

"ပုံစံတူ ဖန်တီးထားတဲ့ ဂူထရှန်းနဲ့ အကန့်အသတ်မဲ့ကောင်းကင်တာအိုတို့က အချိန်မတိုင်ခင် ပေါင်းစပ်သွားပြီး ထူးဆန်းတဲ့ စိတ်ဆန္ဒတစ်ခုကို မွေးဖွားပေးလိုက်တာ ဖြစ်ရမယ်..."

"ငါ အဲဒါကို ဖမ်းဆီးပြီး သုတေသနလုပ်ကြည့်ရင် တန်ဖိုးရှိတဲ့ အတွေ့အကြုံတချို့ ရနိုင်ကောင်း ရနိုင်တာပဲ..."

ကျုံးရှန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူသည် စစ်မှန်သော မသေမျိုး ထာဝရလမ်းစဉ်၏ အနှစ်သာရအချို့ကို စတင်နားလည်နေပြီ ဖြစ်သည်။ လောကတွင်အဖိုးတန်ဆုံးသော အရာသည် မှော်ရတနာများ မဟုတ်သကဲ့သို့ နတ်ဘုရားအဆင့်ဆေးလုံးများလည်း မဟုတ်ချေ။ အတွေ့အကြုံသည်သာလျှင် တန်ဖိုးအရှိဆုံးသော အရာ ဖြစ်သည်။

အတွေ့အကြုံများသည် အမှန်တရားကို ဖော်ဆောင်နိုင်ကာ ကျောက်ရိုင်းတုံးကို ကျောက်စိမ်းအဖြစ်သို့ ပြောင်းလဲပေးနိုင်သော အစစ်အမှန် ရတနာ ဖြစ်သည်။ ကျုံးရှန်သည် အတွေ့အကြုံများစွာကို ရယူပြီး သဘောတရားများစွာကို နားလည်သဘောပေါက်ပါက သူ၏ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်းတာအိုလမ်းစဉ်ကို ပြီးပြည့်စုံအောင် ဖော်ထုတ်နိုင်မည် ဖြစ်သည်။ လူ့စိတ်နှလုံးသည် အကန့်အသတ်မဲ့ဖြစ်ပြီး လူတစ်ဦးစီ၏ ဖော်ထုတ်တွက်ချက်မှုနှင့် နားလည်သဘောပေါက်မှုတို့သည် အကန့်အသတ်မရှိပေ။

ထို့ကြောင့် သူသည် မိမိ၏ စွမ်းအားများကို ထပ်မံ၍ ဖိနှိပ်ထားခြင်း မရှိတော့ဘဲ သူ၏ အစွမ်းထက်သည့် နတ်ဘုရားအာရုံကို ရှန့်ကျိုးအသေးစားကမ္ဘာနှင့် မိစ္ဆာနယ်မြေအသေးစား တစ်ခုလုံးသို့ လွှမ်းခြုံလိုက်ကာ ဂူရှန်းရှာ၏တည်နေရာကိုရှာဖွေလိုက်သည်။ အကြွင်းမဲ့စွမ်းအားအောက်၌ မည်သည့်အရာမျှ ပုန်းကွယ်နေ၍ မရချေ။

"မင်းကို တွေ့ပြီ..."

ကျုံးရှန်သည် မျက်လုံးများကို မှေးလိုက်ကာ ဟွမ်ဟိုင်းပင်လယ် ဒေသ၏ တစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ထို့နောက် သူ၏ လက်ကို မြှောက်ကာ လက်ချောင်းငါးချောင်းဖြင့် လေထဲသို့ ဆုပ်ကိုင်လိုက်လျှင် မိုင်ပေါင်းသိန်းချီ ကျယ်ဝန်းသော ပင်လယ်ရေပြင်သည် သူ၏ လက်ဝါးထဲသို့ ရောက်ရှိလာပြီး အလုံးလေးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။

လက်ချောင်းငါးချောင်း လှောင်အိမ်။

ထိုသည်မှာ ကျုံးရှန်တစ်ယောက် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း တိုက်ပွဲများစွာမှ ရရှိလာသော အတွေ့အကြုံများဖြင့် ဖန်တီးထားသည့် ယာယီကမ္ဘာငယ်လေးတစ်ခု ဖြစ်သည်။ အနှီကမ္ဘာငယ်သည် အရာအားလုံးကို ပိတ်လှောင်တာဆီးနိုင်စွမ်း ရှိကာ အပြင်လောကနှင့် အတွင်းထဲရှိသက်ရှိ၏ ဆက်သွယ်မှုများကို အကြွင်းမဲ့ဖြတ်တောက်နိုင်လေသည်။ လှောင်အိမ်အတွင်း၌ မိုင်ပေါင်းသိန်းချီ ကျယ်ဝန်းသော ဟွမ်ဟိုင်းပင်လယ် ဒေသသည် အလုံးလေးတစ်ခုအဖြစ် စုစည်းသွားကာ ယင်းအတွင်းမှ အမည်းရောင်ပုံရိပ်တစ်ခု စတင်ထွက်ပေါ်လာသည်။

အမည်းရောင် ပုံရိပ်သည် ကျုံးရှန်၏ လှောင်အိမ်မှ ဖောက်ထွက်ရန် ကြိုးပမ်းနေသော်လည်း အချည်းနှီးသာ ဖြစ်နေသည်။ ထို့နောက် အမည်းရောင်ပုံရိပ်သည် သူ၏ လက်ဝါးထဲတွင် ရုတ်တရက် ပြောင်းလဲသွားကာ အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ခံ့ညားထည်ဝါသည့် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုပုံရိပ်၏ မျက်နှာသွင်ပြင်သည် ကောလာဟလများထဲရှိ ဂူထရှန်းနှင့် တစ်ပုံစံတည်း တူညီနေသော်လည်း အဆုံးမဲ့သော မိစ္ဆာစိတ်ဆန္ဒများနှင့် သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့်လွှမ်းခြုံနေသည်။

"မင်းက ဘယ်သူလဲ..."

"ဘယ်လိုလုပ်ပြီး ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားမျိုး ရှိနေရတာလဲ..."

ဂူရှားရှန်သည် ဆက်လက်ရုန်းကန်ခြင်း မပြုတော့ဘဲ တည်ငြိမ်မှုကို ပြန်လည်ရယူကာ ကျယ်လောင်စွာ မေးလိုက်သည်။

"ငါ ဘယ်သူလဲဆိုတာကို သိဖို့ မင်းမှာ အရည်အချင်းမမီသေးဘူး..."

"ဒါပေမဲ့ မင်းရဲ့ မိစ္ဆာစိတ်ဆန္ဒနဲ့ အဟောင်းနဲ့အသစ် စိတ်ဆန္ဒနှစ်ခုကနေ ဖြစ်တည်လာတဲ့ စိတ်ဝိညာဉ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်..."

ကျုံးရှန်၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် သူသည် လက်ချောင်းငါးချောင်းကို စုစည်းကာ အားကုန်သုံး၍ ညှစ်လိုက်လျှင် လှောင်အိမ်အတွင်း၌ ရွှေရောင်မီးတောက်များ စတင် လောင်ကျွမ်းလာသည်။ ထိုမီးလျှံများသည် အညစ်အကြေးအားလုံးကို လောင်ကျွမ်းသွားစေကာ သန့်စင်သော ဝိညာဉ်စွမ်းအင်များသာ ကျန်ရစ်သည်အထိ လောင်ကျွမ်းပစ်န်ိုင်စွမ်းရှိသည်။

နို့နှစ်ရောင်ရှိသော အသန့်စင်ဆုံး ဝိညာဉ်စွမ်းအင်များသာ ကျန်ရစ်သည်အထိလောင်ကျွမ်းခြင်း။

ထိုသည်မှာ သူ၏ကောင်းကင်ကို အောင်နိုင်ခြင်း အသိဖြင့် ဖန်တီးထားသော အောင်နိုင်ခြင်းမီးလျှံ ဖြစ်သည်။ အရာအားလုံးကို တွန်းလှန်နိုင်စွမ်းရှိသော ဂူရှားရှန်သည် အနည်းငယ် ထူးခြားမှုရှိသော်လည်း ကျုံးရှန်၏အောင်နိုင်ခြင်းမီးလျှံများကို တားဆီးခုခံနိုင်ခြင်း မရှိခဲ့ပေ။ ရှန့်ကျိုးအသေးစားကမ္ဘာရှိ ကျုံးရှန်သည် ပုရွက်ဆိတ်အုံထဲသို့ ဝင်ရောက်လာသော ဘီလူးကြီးတစ်ကောင်နှင့် တူညီနေပြီး သူ၏ စွမ်းအားများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်မှ ဖန်တီးထားသော အထပ်တစ်ထောင်ကမ္ဘာက ယှဉ်နိုင်သော အရာ မဟုတ်ပါချေ။

"ငါ့ရဲ့ အသိ စိတ်နဲ့ မင်းကို ကျိန်စာတိုက်တယ်"

ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း မီးတောက်သည် တဟုန်းဟုန်း လောင်ကျွမ်းနေပြီး ဂူရှားရှန်၏စိတ်ဝိညာဉ်အတွင်းကျန်ရှိနေသော အညစ်အကြေးများကို စတင် ချေဖျက်လာသည်။ ထိုအညစ်အကြေးများသည် အလွန်တရာ ခေါင်းမာလွန်းလှပြီး ထဝရဖြစ်တည်ခြင်းကို ကိုယ်စားပြုသော မသေမျိုးလက္ခဏာရပ်အချို့ ပိုင်ဆိုင်ထားသည်။ ထိုအချိန်တွင် ဂူရှားရှန်သည် သူ၏စိတ်ဝိညာဉ်ကိုအသုံးပြုကာ ကျိန်စာတစ်ခုကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းပင် ရှန့်ကျိုးအသေးစားတစ်ခုလုံးမှ ကံကြမ္မာစွမ်းအင်များသည် ကြီးမားလေးလံသော သံကြိုးများအဖြစ် ပြောင်းလဲကာ ကျုံးရှန်ဆီသို့ ဦးတည်ကျဆင်းလာသည်။

"ဟားဟား... ကျိန်စာ နောက်တစ်ခုလား..."

"လာခဲ့... လာခဲ့...ပိုများလေ ပိုကောင်းလေပဲ..."

ကျုံးရှန်သည် ရုတ်တရက် ရယ်မောလိုက်သည်။

ထိုကံကြမ္မာစွမ်းအားများမှ ပြောင်းလဲလာသော ကျိန်စာသံကြိုးများသည် ကျုံးရှန်ဆီသို့ ရစ်ပတ်ကျဆင်းလာကာ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များလည်း ပါဝင်နေသည်။ ထိုကျိန်စာသံကြိုးများသည် ကျုံးရှန်၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကာ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလာသည်။ ကျုံးရှန်၏ လက်ချောင်းငါးချောင်း လှောင်အိမ်ထဲရှိ ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း မီးတောက်သည်လည်း ငြိမ်းသက်တော့မည့်အရိပ်အယောင်များစတင်ဖြစ်ပေါ်လာသည်။

"ဟားဟားဟားဟား... တကယ်တော့ မင်းကကြွားရုံပဲ ကြွားနေတာကိုး..."

ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း မီးတောက်များ လျော့ကျသွားပြီးနောက် အမည်းရောင် သတ်ဖြတ်ခြင်းအငွေ့အသက် အညစ်အကြေးများသည် ချက်ချင်း ပြန်လည်အားကောင်းလာသည်။ ဂူရှာရှန်းသည် သူ၏ ကျိန်စာများ အောင်မြင်နေသည်ဟု ထင်မှတ်ကာ ရယ်မောလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း သူ၏ ရယ်သံသည် ရုတ်တရက် ရပ်တန့်သွား၏။

"အား..."

"မင်း အသေဆိုးနဲ့သေရလိမ့်မယ်"

အလွန်တရာ စူးရှနာကျင်လှသော အော်ဟစ်သံကြီးသည် ရှန့်ကျိုးအသေးစားကမ္ဘာ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်းနီးပါး ထိုအသံကို ကြားလိုက်ရသည်။ ထိုအဖြစ်သည် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

ကျုံးရှန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန်ကြိုးစားနေသော ကံကြမ္မာစွမ်းအင်၏ကျိန်စာသံကြိုးများသည် ရုတ်တရက် ကြေမွသွား၏။ ထိုအရာများသည် ကြယ်ပွင့်လေးများကဲ့သို့ နို့နှစ်ရောင် စွမ်းအင်များအဖြစ် ပြောင်းလဲသွားကာ ကျုံးရှန်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် အားဖြည့်ပေးလိုက်သည်။

"မဆိုးဘူး... မဆိုးဘူး... ဒီကျိန်စာရဲ့ စွမ်းအားက ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးရဲ့ ကံတရားကျိန်စာနဲ့ ယှဉ်ရင် အများကြီး ကွာခြားပေမယ့် သန့်စင်မှုတော့ရှိပါသေးတယ်..."

"ငါ့ရဲ့ ကောင်းကင်တာအို ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ အနေတော်ပဲဖြစ်သွားတာပေါ့..."

"ရွှပ်"

လက်ချောင်းငါးချောင်း လှောင်အိမ်ထဲရှိ မီးတောက်များသည် ပိုမိုပြင်းထန်လာပြီး ကြွင်းကျန်ရစ်နေသော အမည်းရောင် အညစ်အကြေးများကို အချိန်တိုအတွင်း လုံးဝ သန့်စင်လိုက်သည်။ မူလနေရာတွင် အဖြူရောင် နို့နှစ်ရောင်ရှိပြီး ရွှေရောင်ဖျော့ဖျော့သန်းနေသော စိတ်ဝိညဉ်စွမ်းအင်အနှစ်သာရ အစုအဝေးလေးတစ်ခုသာ ကျန်ရှိနေခဲ့ သည်။ ကျုံးရှန်သည် လက်ကို ဖြေလျှော့လိုက်ကာ လက်ချောင်းငါးချောင်း လှောင်အိမ်၏ အချုပ်အနှောင်ကို ဖယ်ရှားလိုက်ပြီး သူ၏ အခြားလက်တစ်ဖက်ဖြင့် ထိုအနှစ်သာရလေးကို ထိလိုက်သည်။

ထို့နောက် ကျုံးရှန်၏ နတ်ဘုရားအာရုံသည် အနှစ်သာရလေးအတွင်းသို့ဝင်ရောက်သွားကာ လေ့လာဆန်းစစ်မှုစတင်လိုက်လေသည်။

အပိုင်း (၃၅၈)

"ဟမ်..."

"ဒါက တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ..."

ကျုံးရှန်၏ နတ်ဘုရားအာရုံသည် ထိုစိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရ၏ အတွင်းပိုင်းသို့ ထိတွေ့လိုက်သည်နှင့် ယင်း၏ ထူးခြားဆန်းကြယ်မှုများကို ချက်ချင်း ခံစားလိုက်ရသည်။ စိတ်ဝိညာဉ်၏ အတွင်း၌ ထူးဆန်းသော ကမ္ဘာတစ်ခု တည်ရှိနေလေသည်။ ထိုစိတ်ဝိညာဉ်သည် အိပ်မက်တစ်ခုကို မက်နေသည့်အလား စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲတွင် နစ်မျောနေ၏။

ကျုံးရှန်၏ နတ်ဘုရားအာရုံသည် ထိုအထဲသို့ နစ်မြုပ်သွားကာ အိပ်မက်ကမ္ဘာအတွင်း၌ ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံပေါ်လာသည်။ ထို့နောက် သူ၏ နတ်ဘုရားအာရုံဖြင့် အိပ်မက်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံကြည့်ရှုလိုက်သောအခါ အံ့သြတုန်လှုပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် အိပ်မက်ကမ္ဘာသည်လည်း ရှန့်ကျိုးအသေးစားကမ္ဘာတစ်ခု ဖြစ်နေပြီး မိစ္ဆာနယ်မြေအသေးစားလည်း ရှိနေကာ နတ်ဘုရားအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ၊ သက်ရှိသတ္တဝါများနှင့် စည်းမျဉ်းဥပဒေသများစွာပါဝင်နေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ယခုကမ္ဘာတွင် ထျန်းဖူဧကရာဇ် ဂူထရှန်းအပါအဝင် ယုံအင်ပါယာမင်းဆက်နှင့် ဂူချန်ရှာတို့ မပါရှိခြင်းသာဖြစ်သည်။ အထူးဆန်းဆုံးအချက်သည် အနှီအိပ်မက်ကမ္ဘာသည်လည်း အစစ်အမှန် ဖြစ်တည်နေသော ကမ္ဘာတစ်ခုဖြစ်ကာ မည်သည့်ရှုထောင့်မှ ကြည့်ရှုစစ်ဆေးစေကာမူ အတုအယောင် လုံးဝမပါသော စစ်မှန်သည့် ကမ္ဘာတစ်ခုဖြစ်ကြောင်း သက်သေပြနေသည်။ အိပ်မက်ကမ္ဘာ၏ အခြေခံစွမ်းအင်သည် ဟင်းလင်းပြင်အတွင်းမှလာခြင်းမဟုတ်သလို ဟွမ်လွမ်စွမ်းအင်များမှဖြစ်ပေါ်လာခြင်းမဟုတ်ဘဲကမ္ဘာဦးစွမ်းအင်များမှဖြစ်ပေါ်လာခြင်းလည်းမဟုတ်ချေ။

ယင်းသည် အိပ်မက်စိတ်ကူးယဉ်မှုတစ်ခုမှ ဖြစ်ပေါ်တည်ရှိနေသော အစစ်အမှန်ကမ္ဘာတစ်ခုသာဖြစ်သည်။ ထိုသည်က အလွန်ထူးခြားလှပြီး ပြိုင်ဘက်ကင်း‌သော ကမ္ဘာသစ်ဖန်ဆင်းခြင်းအနုပညာတစ်ခုဟုပင် ဆိုနိုင်ပေသည်။ အနှီကမ္ဘာသည် အိပ်မက်ကို အခြေခံ၍ မွေးဖွားလာခြင်း ဖြစ်သော်လည်း အစစ်အမှန်ဖြစ်တည်မှု လက္ခဏာရပ်များကို ပိုင်ဆိုင်ထားသည်။

မရှိခြင်းမှ မွေးဖွား‌ဖြစ်တည်လာသော အစစ်အမှန်ကမ္ဘာတစ်ခု။

"အိပ်မက်ကမ္ဘာကလည်း အစစ်အမှန်အဖြစ် ပြောင်းလဲသွားနိုင်တာလား..."

ကျုံးရှန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။

အလွန်အရေးကြီးသော အရာတစ်ခုခုကို သူ ထပ်မံ၍ ထိတွေ့မိသွားသကဲ့သို့ ခံစားလိုက်ရ သည်။ အိပ်မက်ဆိုသည်မှာလည်း လူတို့၏ စိတ်နှလုံးစွမ်းအားတစ်မျိုး ဖြစ်ကာ အကန့်အသတ်မဲ့ ဖြစ်နိုင်ခြေများကို ပိုင်ဆိုင်ထားသည်။ အိပ်မက်ဟူသည် မသိစိတ်၏ စိတ်ကူးယဉ်မှုဖြစ်ပြီး မိမိ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောအရာ ဖြစ်သည်။

သီအိုရီအရ အိပ်မက်သည် စိတ်စွမ်းအင်ကဲ့သို့ပင် အဆုံးအစမဲ့ပြီး လွတ်လပ်သောစိတ်နှလုံးစွမ်းအင်တစ်မျိုးဖြစ်သည်။ အိပ်မက်ထဲရှိ ကမ္ဘာသည် ပုံမှန်အားဖြင့် လက်တွေ့အဖြစ်သို့ ပြောင်းလဲ၍ မရနိုင်ချေ။

"စွဲလမ်းမှု... ပြင်းပြတဲ့ စွဲလမ်းမှုပဲ"

ကျုံးရှန်သည် ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားသည်။

စိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရထဲတွင် ပြင်းထန်သော စွဲလမ်းမှုတစ်ခု ရှိနေသည်။ ထိုစွဲလမ်းမှုသည် ဂူချန်ရှာ မရှိသော ရှန့်ကျိုးအသေးစားကမ္ဘာတစ်ခုကို ဖန်တီးချင်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် အနှီကမ္ဘာသည် အိပ်မက်ကမ္ဘာထဲတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။

စွဲလမ်းမှု၏ လမ်းညွှန်မှုကြောင့် ကြီးမားလှသော စိတ်စွမ်းအင်များသည် စိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရ၏ အိပ်မက်အထဲသို့ စီးဝင်သွားခဲ့ကာ အဆက်မပြတ် ပြောင်းလဲလာစေပြီး မရှိခြင်းမှသည် လက်တွေ့ဖြစ်တည်လာခြင်းဆီသို့ ကူးပြောင်းနိုင်ခဲ့သည်။

ပြင်ထန်လွန်းသောစွဲလမ်းမှု၏ အိပ်မက်တစ်ခုမှ မွေးဖွားလာ သောအစစ်အမှန်ကမ္ဘာတစ်ခု။

ကျုံးရှန်သည်အရာအားလုံးကို နားလည်သွားလေ၏။ သူ၏ နတ်ဘုရားအာရုံသည် ချက်ချင်းပင် မူလခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာကာ ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်သည်။ မကြာခင်တွင် ကျုံးရှန်ဆီမှ ဟောက်သံများ ထွက်ပေါ်လာသည်။

သူ၏ တစ်ကိုယ်လုံးသည် လေထဲမှ ရုတ်တရက် ပြုတ်ကျသွားကာ အောက်ဘက်ရှိ ကျွန်းတစ်ကျွန်းပေါ်သို့ ဥက္ကာခဲတစ်လုံး ပြုတ်ကျလာသောအရှိန်ဖြင့် ကျဆင်းသွားသည်။ ပြင်းထန်သောကျဆင်းမှုအရှိန်သည် ကျွန်းပေါ်တွင် ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။

"ခလော... ခလော..."

ထိုသို့ဖြစ်လင့်ကစား ကျုံးရှန်သည် နှစ်နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်သည်။

အိပ်မက်ထဲတွင် သူ၏ စိတ်နှလုံးနှင့် တွေးခေါ်မှုအပေါ် ထိန်းချုပ်နိုင်စွမ်းသည် အနိမ့်ဆုံးအဆင့်အထိ ဖိနှိပ်ခံလိုက်ရလေသည်။ တွေးတောမှုနှင့် အိပ်မက်ကမ္ဘာကြားတွင် သာမန်မျက်စိဖြင့် မမြင်ရသော အတားအဆီးတစ်ခုဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ ဖြစ်နေကာ အသိစိတ်ကို အိပ်မက်ကမ္ဘာနှင့် ချိတ်ဆက်၍ မရဖြစ်နေသည်။ သို့သော်လည်း ကျုံးရှန်သည် သိစိတ်နှင့် အိပ်မက်ကမ္ဘာကို ချိတ်ဆက်နိုင်ရန် အစွမ်းကုန် ကြိုးပမ်းနေ၏။

အဘယ်ကြောင့်ဆိုသော် သူသည် သိစိတ် တစ်နည်း တွေးတောမှုမှတစ်ဆင့် အိပ်မက်ကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ထားကာ တစ်ချိန်တည်း၌ပင် စိတ်နှလုံးစွမ်းအားများကို အိပ်မက်ကမ္ဘာထဲသို့ ထည့်သွင်းမည် ဖြစ်သည်။ ထိုဖြစ်စဉ်သည် လွယ်ကူမှုမရှိလှချေ။ မသိစိတ်၏ ဟန့်တားမှုသည် စိတ်အတွင်းတွေးတောမှုများ၏ အတားအဆီးပင် ဖြစ်သည်။

ထိုအရာသည် သက်ရှိတိုင်းတွင် မွေးရာပါ ပိုင်ဆိုင်ထားသော အတားအဆီး ဖြစ်ကာ သိစိတ် (တွေးတောမှု)ကို အိပ်မက်၏ လွှမ်းမိုးမှု မခံရစေရန် ကာကွယ်ပေးထားခြင်း ဖြစ်သည်။ သဘာဝနိယာမစည်းမျဉ်းမှသတ်မှတ်ထားသော ထိုအတားအဆီးကို ချိုးဖျက်ရန်သည် အလွန်တရာ ခက်ခဲလှ၏။ ကျုံးရှန်သည် သူ၏ စိတ်ကို စုစည်းကာ သူ၏ စိတ်စွမ်းအင်များကို လှံရှည်ကြီးတစ်လက်အဖြစ် ပြောင်းလဲလိုက်ပြီး ထိုအတားအဆီးကို အကြိမ်ကြိမ် ထိုးနှက်တိုက်ခိုက်နေသည်။

တစ်ချက်။

နှစ်ချက်။

သုံးချက်။

...

စိတ်နှလုံးကမ္ဘာအတွင်း၌ အချိန်ကုန်ဆုံးခြင်းဟူသော သဘောတရား မရှိချေ။ ကျုံးရှန်သည် မမောမပန်းနိုင်ဘဲ အကြိမ်ပေါင်း မည်မျှတိုက်ခိုက်မိသည်ကိုပင်ရေတွက်နိုင်ခြင်းမရှိတော့ပေ။ ထိုထူးဆန်းသော နယ်ပယ်အတွင်း၌ နှစ်ပေါင်းသိန်းချီသော အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရသကဲ့သို့ ခံစားလိုက်ရကာ သူသည် အတားအဆီးကိုဖောက်ထွက်နိုင်ရန်အတွက် ကြိုးစားတိုက်ခိုက်နေခဲ့သည်။

နောက်ဆုံးတွင် အတားအဆီးပေါ်၌ အက်ကွဲကြောင်းငယ်လေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်း ပေါ်လာခြင်းသည် အောင်မြင်မှု၏ အရုဏ်ဦးပင် ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် အတားအဆီးကို တစ်ချက်ပြီးတစ်ချက် ဆက်လက်တိုက်ခိုက်နေကာ သူ၏ကြိုးပမ်းမှုများသည် ရေစက်ချ၍ ကျောက်တုံးကို ဖောက်ထွက်နိုင်ရန်ကြိုးစားသကဲ့သို့ ဖြစ်သည်။

ထပ်မံ၍ အကြိမ်ပေါင်းမြောက်မြားစွာတိုင်အောင် တိုက်ခိုက်ပြီးနောက်တွင် အတားအဆီးတစ်ခုလုံးသည် နောက်ဆုံးတွင်မခံနိုင်တော့ဘဲ ကွဲကြေပျက်စီးသွားတော့သည်။ အပျက်အစီးအပိုင်းအစများသည် နို့နှစ်ရောင် အလင်းစက်လေးများအဖြစ် ပြောင်းလဲသွားကာ ကျုံးရှန်၏ စိတ်နှလုံးထဲသို့ ပေါင်းစပ်ဝင်ရောက်သွားပြီး သိစိတ်(တွေးတောမှု)နှင့် အိပ်မက်ကမ္ဘာကို ချိတ်ဆက်လိုက်သည်။ ကျုံးရှန်၏ စိတ်နှလုံးအတွင်း၌ ပိုမိုကျယ်ပြောလာကာ လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

အတားအဆီးကို ချိုးဖျက်လိုက်နိုင်သည်နှင့်အမျှ ကျုံးရှန်သည် မိမိ၏ စိတ်နှလုံးစွမ်းအားများနှင့် တွေးတောမှုစွမ်းအားများကို အိပ်မက်ကမ္ဘာထဲသို့ လွတ်လပ်စွာ ထည့်သွင်းနိုင်သွားပြီဖြစ်သည်။

"သစ်ပင်..."

သူ၏ အတွေး တစ်ချက်လှုပ်ရှားလိုက်သည်နှင့် အိပ်မက်ကမ္ဘာထဲတွင် စိတ်နှလုံးစွမ်းအားများ ချက်ချင်း စုစည်းသွားကာ သစ်ပင်တစ်ပင် ဖြစ်ပေါ်လာသည်။

"ပန်းပွင့်... အသီးသီးစမ်း..."

ကျုံးရှန်၏ အတွေးများထပ်မံလှုပ်ရှားသွားလျှင် သူ၏ရှေ့မှောက်ရှိ သစ်ပင်သည် ပန်းများပွင့်လာကာ အသီးများ သီးလာပြီး သစ်ကိုင်းများပေါ်တွင် နီရဲနေသော အသီးများဖြင့် ပြည့်နှက်သွား၏။ သူ၏ နတ်ဘုရားအာရုံသည် အိပ်မက်ကမ္ဘာအတွင်း၌ ခန္ဓာကိုယ်တစ်ခုအဖြစ် ပုံပေါ်လာကာ သစ်ပင်ပေါ်မှ အသီးတစ်လုံးကို ခူးလိုက်သည်။ ထို့နောက် ပါးစပ်ထဲထည့်ကာ တစ်ကိုက်ကိုက်လိုက်သည်။

လတ်ဆတ်ချိုမြိန်မှု။

သစ်သီး၏ လတ်ဆတ်ချိုမြိန်သောအရသာသည် ကျုံးရှန်၏ခံတွင်းအတွင်းပျံ့နှံ့သွားသည်။

ဂူရှားရှန်၏စိတ်ဝိညာဉ်အနှစ်သာရမှတစ်ဆင့် စိတ်နှလုံး နယ်ပယ်၏ အိပ်မက်စွမ်းအားကို ကျုံးရှန်တစ်ယောက် နားလည်သဘောပေါက်သွားခြင်း ဖြစ်သည်။ ထိုစိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရထဲရှိ အိပ်မက်ကမ္ဘာသည် စွဲလမ်းမှုမှ မသိစိတ်ကို လှုံ့ဆော်မှုကြောင့် မွေးဖွားလာခြင်း ဖြစ်သည်။ ဂူရှားရှန်သည် နည်းလမ်းအချို့ကို အသုံးပြု၍ ထိုအထဲသို့ ဝင်ရောက်နိုင်သော်လည်း သူ၏ စိတ်ဆန္ဒအတိုင်း ပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ချေ။

ကျုံးရှန်ကမူ မတူညီပေ သူသည် ထိုအတားအဆီးလွှာကို ချိုးဖျက်ခဲ့ကာ တွေးတောမှုနှင့် အိပ်မက်ကမ္ဘာကို ချိတ်ဆက်နိုင်သည့် အဆင့်အထိ ရောက်ရှိခဲ့သည်။ ကျုံးရှန်သည် စိတ်နှလုံးစွမ်းအားများကို အိပ်မက်ကမ္ဘာထဲသို့ ဆွဲသွင်းနိုင်ပြီး မိမိ ဖန်တီးလိုသောအရာများကို ဖန်တီးနိုင်စွမ်း ရှိသွားလေသည်။

"ဒီလိုကိုး..."

ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်း၌ ကြည်လင်သောအသံတစ်သံနှင့်အတူ အတားအဆီးတစ်ခု ကျိုးပျက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် စွမ်းအားတစ်ရပ်သည် သူ၏ တစ်ကိုယ်လုံးသို့ စီးဆင်းပျံ့နှံ့သွားကာ ကျုံးရှန်သည် နေရာတွင်ပင် အဆင့်တက်သွားလေသည်။

သူတော်စင်အဆင့် ၄။

ဟွမ်လွမ် ပြောင်းလဲခြင်းအဆင့်။

ကျုံးရှန်သည် နတ်ဘုရားအာရုံကို စိတ်ဝိညာဉ်အနှစ်သာရ၏ အိပ်မက်ကမ္ဘာထဲမှ ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် အမည်းနှင့် အဖြူရောင် ဟွမ်လွမ်စွမ်းအင်များ ရစ်ပတ်လည်ပတ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုဟွမ်လွမ်စွမ်းအင်များသည် စိတ်နှလုံးစွမ်းအားများနှင့် မယှဉ်နိုင်သော်လည်း မဟာကမ္ဘာများအတွင်း ပြောင်းလဲဖြစ်ပေါ်နိုင်သမျှ အရာအားလုံးနီးပါးကို ဖန်တီးနိုင်စွမ်း ရှိသည်။

အကယ်၍ လုံလောက်သောဟွမ်လွမ်စွမ်းအင်များကိုပိုင်ဆိုင်ပါက ဖန်ဆင်းခြင်းအဆင့်လက်နက်များကိုပင် ဟွမ်လွမ်စွမ်းအင်ကိုကြားခံ၍ မရှိခြင်းမှတစ်ဆင့်ဖန်တီးနိုင်သည်။ ထို့နောက် ကျုံးရှန်သည် သူ၏ လက်ထဲရှိ ဂူရှားရှန်၏စိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရကို တိုက်ရိုက် ဝါးမြိုလိုက်သည်။ ထိုအနှစ်သာရထဲတွင် ကောင်းကင်ကို ကျော်လွှားအောင်နိုင်ခြင်း မီးတောက်၏ သန့်စင်မှုကို ခံထားရသဖြင့် ယခုအချိန်၌ ကိန်းအောင်းနေသည်များမှာ အသန့်စင်ဆုံးသော စိတ်နှလုံးစွမ်းအားများသာ ဖြစ်သည်။

ထိုစိတ်နှလုံးစွမ်းအားများသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ စုစည်းသွားကာ သူ၏ ဝိညာဉ်အရည်အသွေးကို တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်ပေးနေသည်။ စိတ်နှလုံးစွမ်းအင်၏ သန့်စင်မှုသည် အလွန်ကောင်းမွန်လှပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို တက်လှမ်းရခြင်းထက်ပင် များစွာသာလွန်နေသည်။ ထို့ကြောင့်ကျုံးရှန်၏ ဝိညာဉ်အရည်အသွေးသည် ချက်ချင်းပင် ဘုရင်အဆင့်ကို ချိုးဖျက်သွားကာ ဧကရာဇ်အဆင့် ပထမအလွှာသို့ ရောက်ရှိသွားသည်။

သို့သော် ဝိညာဉ်သန့်စင်မှုသည် ထိုမျှဖြင့်ပြီးဆုံးသွားခြင်းမရှိဘဲ ကျုံးရှန်၏ ဝိညာဉ်အရည်အသွေး ဧကရာဇ်အဆင့် ၉ အထိ မြင့်တက်သွားချိန်မှသာ ထိုစိတ်ဝိညာဉ်စွမ်းအင်အနှစ်သာရ၏ စွမ်းအားများအားလုံး ကုန်ခမ်းသွားလေသည်။ ယခုအချိန်တွင် ကျုံးရှန်၏ ဝိညာဉ်အရည်အသွေးသည် ဧကရာဇ် အဆင့် ၉ ကိုကျော်ဖြတ်ရန် အနည်းငယ်သာလိုတော့သည်။ မကြာမီတွင် အရှင်သခင်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ ထိုအဆင့်၏ အထက်တွင် ကောင်းကင်တာအိုအဆင့်သာ ကျန်ရှိ တော့သည်။

ကောင်းကင်တာအိုအဆင့် ခန္ဓာကိုယ် နှင့် ဝိညာဉ်ကို ပေါင်းစပ်လိုက်ပါက ယခင်က တစ်ခါမှ မဖြစ်ဖူးသော ကိစ္စရပ်တစ်ခု ဖြစ်လာပေလိမ့်မည်။

"အင်း... အရှင်သခင်အဆင့်ကို ရောက်ဖို့ နည်းနည်းလေးပဲ လိုတော့တာပဲ..."

"အပြင်ရောက်ရင် လှေကားလေး ဘာလေး တက်ရဦးမယ်..."

ကျုံးရှန်သည် အညောင်းအညာဆန့်လိုက်သောအခါ သူ၏တစ်ကိုယ်လုံးသည် အလွန်အမင်း သက်တောင့်သက်သာဖြစ်နေပြီး ပေါ့ပါးလွတ်လပ်မှုကိုခံစားလိုက်ရသည်။ အိပ်မက်ကမ္ဘာထဲတွင် လေ့လာသုတေသနပြုရန် ထိုက်တန်သော နေရာများစွာ ကျန်ရှိနေသေးသည်။ သို့သော်လည်း ကျုံးရှန်သည် ထိုအထဲတွင် နစ်မွန်းနေရန် ရည်ရွယ်မထားချေ။

အဘယ်ကြောင့်ဆိုသော် ရှန့်ကျိုးအသေးစားကမ္ဘာသို့ လာရောက်ရခြင်း၏ အကြီးမားဆုံး အကျိုးအမြတ်အနေဖြင့် ဂူရှားရှန်၏ အနှစ်သာရကို သန့်စင်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

All Chapters