← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 36 Ch. 359-360

အပိုင်း (၃၅၉)

ထိုအချိန်၌

ဟင်းလင်းပြင်အတွင်းရှိ ဟုန်မွန်သစ်ပင်ငယ်လေးအောက်တွင်ကျင့်ရှန်းဌာနမှ အထက်လူကြီးများသည် စက်ဝိုင်းပုံစံ ထိုင်နေကြသည်။ သူတို့၏ ရှေ့မှောက်တွင် ကျုံးရှန်၏ အခြေအနေကို ပြသနေသည့် မှန်ဝိုင်းကြီးတစ်ခု ရှိနေ၏။

"ချန်ရှာ... ဒီလူက တကယ်ပဲ ကောင်းကင်အပြင်ဘက်က လာတာလို့ မင်းထင်လား..."

ဘေးတွင်ရှိနေသော ပုံတူကူးချထားသည့် လိုပိုင်ယွဲ့သည် မှန်ဝိုင်းအတွင်းရှိ မြင်ကွင်းကို ကြည့်ကာ မေးလိုက်သည်။

မြင်ကွင်းထဲတွင် ကျုံးရှန်သည် သူ၏ သိစိတ် (တွေးတောမှု)နှင့် အိပ်မက်ကမ္ဘာကို ချိတ်ဆက်နေလေသည်။ ပုံတူလိုပိုင်ယွဲ့၏ အမြင်အရ ထိုအရာသည် လုံးဝကို မယုံနိုင်စရာပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျုံးရှန်၏ စိတ်နှလုံးစွမ်းအားနှင့် အဆုံးမဲ့တွေးတောမှုတို့အပေါ် လေ့လာမှုသည် သူတို့ကြားပင်မကြာဖူးသည့် နယ်ပယ်အသစ်တစ်ခုသို့ ဝင်ရောက်သွားသောကြောင့်ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဂူချန်ရှာ၏ မျက်လုံးများထဲတွင် လေးနက်သော အရိပ်အယောင်များ ပေါ်လာသည်။ သူ မြင်တွေ့နေရသောအရာမှာ လုံပိုင်ယွီထက် များစွာ ပို၍ နက်ရှိုင်းလှသည်။ သူသည် အဓိပ္ပာယ်ပါပါဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။

"ပိုင်ယွဲ့... ကောင်းကင်အပြင်ဘက် ဆိုတာ မရှိပါဘူး... ငါတို့နေတဲ့ ကမ္ဘာကြီးက အကျဉ်းထောင်တစ်ခု ဖြစ်နေရုံပါပဲ..."

"ငါတို့က လှောင်ချိုင့်ထဲက ငှက်တွေလိုမျိုး တစ်ပါးသူရဲ့ စောင့်ကြည့်လေ့လာတာကို ခံနေရတာလေ..."

"လှောင်ချိုင့်အပြင်ဘက်ကသာ အစစ်အမှန်ကမ္ဘာဖြစ်ပြီး ဒီနေရာမှာတော့ ငါတို့တွေ အကန့်အသတ်မဲ့ခြင်းကို မဖန်တီးနိုင်ဘူး..."

ဂူချန်ရှာ၏ စကားသည် ပြင်းထန်သော ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ပုံတူလူသားများအားလုံး၏ မျက်နှာများကို ချက်ချင်း ပြောင်းလဲသွားစေသည်။ ဘေးတွင်ရှိနေသော ပုံတူ ကျူးကော့ယာနှင့် ဝမ်ဟုန်တို့သည်လည်း အလွန်အမင်း အံ့အားသင့်နေကြသည်။

"ချန်ရှာ ပြောတာ မှန်တယ်..."

"ငါလည်းငါ့ရဲ့ စိတ်နှလုံးက မပြည့်စုံဘူးလို့ခံစားနေရတယ်..."

"ငါ့ရဲ့ တာအိုလမ်းစဉ်ကလည်း မရှင်းလင်းဘူး... ငါဘယ်လောက်ပဲ နားလည်အောင် ကြိုးစားကြိုးစား တစ်ခုခု လိုအပ်နေသလို အမြဲခံစားနေရတယ်..."

"လိုအပ်နေတာက ဒီကမ္ဘာကြီးတင် မဟုတ်ဘူး... ငါတို့ကိုယ်တိုင်လည်း လိုအပ်ချက်တွေ ရှိနေတာပဲ..."

ထိုစကားကိုပြောလိုက်သူသည် ပုံတူ ချန်ဝေ့ယန် ဖြစ်သည်။ ထိုအမျိုးသမီးငယ်သည် ထူးခြားဆန်းကြယ်မှုများအပေါ် ခံစားသိရှိနိုင်စွမ်း အလွန်တရာ ထက်မြက်လှ၏။

ဂူချန်ရှာသည် သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ချေ။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ သူသည် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။

"ပြောရမယ်ဆိုရင်... ငါတို့ ရှိနေတဲ့ ကမ္ဘာကြီးက အတုအယောင်ပဲ...စွမ်းအားကြီး တန်ခိုးရှင်တစ်ဦးက ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုပေါ့..."

"ငါတို့ တစ်ယောက်ချင်းစီ အပါအဝင် အားလုံးက မတူညီတဲ့ ကံကြမ္မာလမ်းကြောင်းတွေ၊ နောက်ခံသမိုင်းကြောင်းတွေ၊ စရိုက်လက္ခဏာတွေအပေါ် အခြေခံပြီး ပုံဖော်ဖန်တီးခံထားရတာ..."

"ဒီကမ္ဘာကြီးနဲ့ ငါတို့တွေ မွေးဖွားလာရတဲ့ ရည်ရွယ်ချက်က သုတေသနလုပ်ဖို့ သက်သက်ပဲ..."

"အတိုချုပ်ပြောရရင် ငါတို့ရော ဒီကမ္ဘာကြီးပါ ပုံတူကူးချထားတဲ့ အရာတွေဖြစ်တယ်..."

"ရည်ရွယ်ချက်က ငါတို့ရဲ့ မူလခန္ဓာကိုယ်တွေနဲ့ သူတို့ ရှိနေတဲ့ ကမ္ဘာကြီးကို စမ်းသပ်သုတေသနပြုလုပ်ဖို့အတွက်ဖြစ်တယ်..."

ပုံတူဂူချန်ရှာသည် နဂါးမဲ့နတ်ဘုရားဘုရင်၏ စရိုက်နှင့် အတွေ့အကြုံများကို အခြေခံဖန်တီးထားသူ ဖြစ်သည်။ သို့ဖြစ်ရာ ယခုအချိန်တွင် သူ၏ ကျင့်ကြံမှုသည် မူလဂူချန်ရှာကို မမှီသေးသော်လည်း အလွန်မြင့်မားသော ဉာဏ်ပညာကို ပိုင်ဆိုင်ထား လေသည်။ သူသည် ကျုံးရှန်၏လုပ်ဆောင်မှုများကိုကြည့်ရှုပြီး သဲလွန်စ အနည်းငယ်မှတစ်ဆင့် မိမိနေထိုင်သည့်ကမ္ဘာ၏အဖြစ်အမှန်ကို ထိုးဖောက်မြင်သွားခြင်း ဖြစ်သည်။

"ဘာ..."

"ငါတို့အားလုံးက ပုံတူတွေလား..."

လိုပိုင်ယွဲ့၊ ကျူးကော့ယာ၊ ကျင်းဆွေ့ပေါ်နှင့် ဝမ်ဟုန်တို့သည် အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ကြသည်။ သူတို့သည် ရုတ်တရက်ကြားလိုက်ရသည့် အမှန်တရားကို ချက်ချင်း လက်ခံနိုင်စွမ်း မရှိကြချေ။

ဂူချန်ရှာ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာကာ လူအများကို လက်ကာပြလိုက်သည်။

"ကိစ္စမရှိပါဘူး..... ဒီအခြေအနေကို လက်ခံဖို့ ခက်ပေမဲ့ ငါတို့ သိသွားပြီဆိုကတည်းက အခွင့်အရေး တစ်ခု ရလိုက်တာပဲ..."

"ဒီကမ္ဘာက ငါတို့ကို ချုပ်နှောင်ထားတာလေ... ကိုယ့်အားကိုယ်ကိုးပြီး ဒီချုပ်နှောင်မှုကို ဖောက်ထွက်ဖို့ဆိုရင် နှစ်ပေါင်း ဘယ်လောက်ကြာမယ်မှန်း မသိဘူး..."

"ဒါပေမဲ့ ဒီလူ ရောက်လာတာက ငါတို့အတွက် အခွင့်အရေးပဲ"

"ခုနက ငါ အဆင့်တက်သွားတဲ့အချိန်...ဒီကမ္ဘာကြီးရဲ့ အတားအဆီးထဲမှာအက်ကွဲကြောင်းလေးတစ်ခု ဖြစ်သွားတာကို တွေ့လိုက်ရတယ်..."

"ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ တံခါးမှာလည်း ငါ့ရဲ့ ဝိညာဉ်အငွေ့အသက်အချို့ ချန်ထားခဲ့တယ်... အဲဒီ တံခါးပေါက်ကို ငါတို့ အမြဲတမ်း ဖြတ်ကျော်လို့ မရခဲ့ဘူးလေ..."

"တံခါးပေါက်က ဖြာထွက်နေတဲ့ ကြိမ်နှုန်းတွေက ငါတို့ကို အသိအမှတ်မပြုဘူး... ဒါကြောင့် ငါတို့ ဖြတ်ကျော်လို့ မရတာပေါ့..." "ဒါပေမဲ့ ဒီလူကတော့ ရနိုင်မှာသေချာတယ်... သူ တံခါးကို ဖြတ်သွားတဲ့ အခါကျရင်...အဲ့ဒီတံခါးကထွက်ပေါ်လာတဲ့ကြိမ်နှုန်းတွေကို လေ့လာပြီး ကမ္ဘာ့အတားအဆီးကို ဘယ်လို ချိုးဖျက်ရမလဲဆိုတာ ငါတို့ သိနိုင်လိမ့်မယ်"

"ငါတို့အတွက်..အပြင်လောကကို ထွက်နိုင်မှသာ... အစစ်အမှန် လွတ်လပ်ခွင့်ရမှာဖြစ်တယ်"

ဂူချန်ရှာ၏ အမူအရာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာကာ ရုတ်တရက်မတ်တပ်ထရပ်လိုက်သည်။

သူတို့သည် စစ်မှန်သောလွတ်လပ်ခြင်းကိုလိုလားသူများဖြစ်သည်။ ထိုအခွင့်အရေးရရန်အတွက် မည်သည့်ကိစ္စမျိုးကိုမဆိုလုပ်ဆောင်ကြရမည်ဖြစ်သည်။

ဘေးတွင်ရှိနေသော ကျင့်ရှန်းဌာန၏ အထက်လူကြီးများသည်လည်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။

"ဒီလိုပဲ လုပ်ရတော့မှာပေါ့..."

"ဟူး... ငါတို့က ဒီကမ္ဘာကြီးရဲ့ ကံတရားသားတော်တွေ ပါရမီရှင်တွေလို့ ထင်ခဲ့တာ... ဒါပေမဲ့ ငါတို့က ပုံတူကူးချခံထားရသူတွေ ဖြစ်နေမှန်း မထင်ထားခဲ့မိဘူး... ငါတို့ နေထိုင်နေတဲ့ ရှန့်ကျိုးတောင်မှ အတုအယောင် ဖြစ်နေတယ်..."

"ဒါဆို ယုံအင်ပါယာမင်းဆက်ကို ကာကွယ်စောင့်ရှောက်နေတာကရော အဓိပ္ပာယ်ရှိသေးလို့လား..."

ထိုအချက်သည် လူတိုင်း၏ ဘဝအပေါ် မိမိ၏ ယုံကြည်ချက်ကို သံသယဝင်လာစေလေသည်။

"အဲဒီလို မပြောနဲ့... ယုံအင်ယာမင်းဆက်ဆိုတာ ငါတို့ စိတ်နှလုံးထဲက ဆန္ဒတွေကဋေ ဖော်ဆောင်ထားတဲ့ အရာတစ်ခုပဲ..."

"ငါတို့ရဲ့ မူလဆန္ဒက သက်ရှိအားလုံးကို လွတ်မြောက်မှု ပေးချင်တာလေ..."

"ဒီလမ်းက ဆူးခက်တွေနဲ့ ပြည့်နေပေမဲ့ ငါတို့ ဆက်လျှောက်ရမှာပဲ"

ဂူချန်ရှာသည် လက်ကာပြလိုက်သည်။ သူ မြင်တွေ့နေရသည်က အခြားသူများထက် များစွာ ပိုမိုနက်ရှိုင်းသဖြင့် ထိုသို့ပြောနိုင်ခြင်းဖြစ်သည်။

အကယ်၍ သူတို့ထဲမှအနည်းငယ်ပင် လွတ်မြောက်နိုင်ခြင်း မရှိပါက လူသန်းပေါင်းများစွာကို ခေါ်ဆောင်၍ လွတ်မြောက်နိုင်ရန် ဆိုသည်မှာ မည်သို့ဖြစ်နိုင်မည်နည်း။

သူတို့သည် အရှိတရားကို လက်သင့်မခံနိုင်လျှင် ရေတွင်းအောက်ခြေက ဖားသူငယ်များကဲ့သို့ ကောင်းကင်ကို ကြည့်နေရသူများအဖြစ်သာ အမြဲကျန်ရစ်နေမည်ဖြစ်သည်။ အခြားသူများ လက်မခံနိုင်လျှင်တောင်မှ သူတို့ကဲ့သို့သော ကျင့်ရှန်းဌာန၏ ခေါင်းဆောင်ပိုင်းများသည် စစ်မှန်သောအရှိတရားကို လက်ခံရပေမည်။

"ငါတို့ အခု စိတ်အေးအေးထားပြီး ကောင်းကင်အပြင်ဘက်က လာတဲ့ ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကို ဆက်လက် စောင့်ကြည့်ကြတာပေါ့..."

"သူ့မှာ..ငါ့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘဲ... ငါတို့ကိုလည်း တိတ်တဆိတ် လမ်းပြနေတယ်လို့ ခံစားရတယ်..."

"ဒါပေမဲ့ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဘာလဲဆိုတာတော့ ငါတို့ မသိနိုင်သေးဘူး..."

ဂူချန်ရှာသည် ပြန်၍ထိုင်လိုက်သည်။ သူ၏ စကားများကြောင့် လူအများသည်လည်း တည်ငြိမ်မှုပြန်လည်ရရှိသွားကြကာ လက်တွေ့အခြေအနေကို စတင် လက်ခံလာကြသည်။

"ချန်ရှာ... မင်းရဲ့ လက်ရှိစွမ်းအားက အဲဒီကောင်းကင်အပြင်ဘက်က အစွမ်းထက်ပုဂ္ဂိုလ်နဲ့ ယှဉ်ရင် ဘယ်လိုလဲ..."

လိုပိုင်ယွဲ့သည် ထပ်မံမေးမြန်းလိုက်သည်။ သို့သော် ဂူချန်ရှာသည် ချက်ချင်းပင်လက်ကာပြလိုက်၏။

"ငါနဲ့ သူရဲ့ ကွာခြားချက်က ပိုစုန်းကြူးနဲ့ လမင်းကြီးလိုပဲ..."

"ငါ့ရဲ့ ကောင်းကင်တာအိုကျင့်စဉ်က တကယ်တော့ မပြည့်စုံသေးဘူး... ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေ ကန့်သတ်ထားမှုကြောင့် အတုအယောင် ကောင်းကင်တာအိုကျင့်စဉ်လို့ပဲ သတ်မှတ်လို့ရတယ်..."

"ဒါပေမဲ့ သူကတော့ အစစ်အမှန် ကောင်းကင်တာအိုခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ထားတာ... ပြီးတော့ အဲဒီ ကောင်းကင်တာအိုရဲ့ကမ္ဘာအဆင့်အတန်း က ငါတို့ကမ္ဘာထက် အများကြီး ပိုမြင့်တယ်..."

"အကယ်၍သာ သူက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာမယ်ဆိုရင် ငါတို့အားလုံး ပျက်စီးကိန်းဆိုက်သွားနိုင်တယ်..."

ဂူချန်ရှာ၏ စကားကြောင့် လူအများသည် ထပ်မံ၍ ဂနာမငြိမ် ဖြစ်သွားကြပြန်သည်။

သူတို့သည် ပုရွက်ဆိတ်အုံတစ်ခုအတွင်းသို့ လူတစ်ယောက် ရုတ်တရက် ဝင်ရောက်လာသကဲ့သို့ ခံစားနေကြရကာ ထိုလူသားသည် သူတို့ကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်စွမ်း ရှိ နေလေသည်။

"ငါတို့ နည်းလမ်းတချို့ ပြင်ဆင်ထားသင့်သလား..."

"ဒီလိုပဲ ထိုင်ပြီး အသေခံရမှာလား..."

ကျင်းဆွေ့ပေါ်သည် ရုတ်တရက် ဝင်ပြောလိုက်သည်။ သူ၏စကားများသည် လူတိုင်း၏ စိတ်ထဲရှိ အတွေးများကို ဖွင့်ဟလိုက်ခြင်းပင် ဖြစ်သည်။

ဂူချန်ရှာသည် ထပ်မံ၍ လက်ကာပြရုံသာ တတ်နိုင်တော့သည်။

"မလိုပါဘူး...သူရဲ့ စွမ်းအားက ငါတို့ထက် အများကြီး သာလွန်းတယ်... အပိုလုပ်သလိုပဲ ဖြစ်နေလိမ့်မယ်..."

"ဘယ်လိုနည်းလမ်းတွေ ပြင်ဆင်ထားပြင်ဆင်ထား အချည်းနှီးဖြစ်မှာပဲ..."

" ဒီတိုင်းပဲ ငြိမ်ငြိမ်လေး စောင့်ကြည့်နေတာ ပိုကောင်းတယ်..."

"မင်းတို့ ကြည့်လိုက်ဦး... သူ နိုးလာပြီ"

ဂူချန်ရှာသည် မှန်ထဲရှိ မြင်ကွင်းကို လက်ညှိုးထိုးပြလိုက်သည်။

ထိုအခါမှ လူအများသည် ဆက်လက်စကားမပြောကြတော့ဘဲ မှန်ထဲရှိမြင်ကွင်းကို အာရုံစူးစိုက်ကာ စောင့်ကြည့်လိုက်ကြသည်။ မြင်ကွင်းထဲတွင် ကျုံးရှန်သည် ခေါင်းမော့လိုက်ကာ သူတို့ ကြည့်နေသည့် မှန်သားပြင် ရှိရာဘက်သို့ လှမ်း၍ ပြုံးပြလိုက်သည်။ ထို့နောက် နှုတ်ဆက်သည့်ဟန်ဖြင့် လက်ဝှေ့ယမ်းပြကာ လေထဲသို့လက်ညှိုးတစ်ချောင်းဖြင့် ဖွဖွလေး ထိုးလိုက်သည်။

လူအများ၏ မြင်ကွင်းထဲတွင် လက်ချောင်းတစ်ချောင်း နီးကပ်လာသည်ကို မြင်တွေ့လိုက်ရကာ နောက်ဆုံးတွင် မှန်ပြင်တစ်ခုလုံး ကွဲကြေသွားလေတော့သည်။

"ငါတို့ သူ့ကို စောင့်ကြည့်နေတာကို သူ သိနေတယ်... သူ ခွင့်ပြုထားလို့သာ ငါတို့ မြင်နေရတာပဲ"

ဂူချန်ရှာသည် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

...

ကျုံးရှန်သည် ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် နီကျိုးနယ်မြေသို့ နေရာကူးပြောင်းရောက်ရှိသွားပြန်သည်။ သူသည် ကောင်းကင်ယံတွင် လွင့်မျောနေကာ သူ၏ နတ်ဘုရားအာရုံသည် ဧရာမ ပိုက်ကွန်ကြီးတစ်ခုအလား အရာအားလုံးကို လွှမ်းခြုံထားသည်။ ဤရှန့်ကျိုးအသေးစားကမ္ဘာတွင်လည်း အကန့်အသတ်မဲ့ ရတနာ ၃၆ ပါး ၊ ကောင်းကင်ဘုံ၏ အစပျိုးပုံစံနှင့် ကောင်းကင်ဧကရာဇ်၏ရာဇပလ္လင်တို့ ရှိ‌ နေသည်။

ထိုရတနာများတွင် မူလအစစ်အမှန်ရတနာများ၏ ဇစ်မြစ်စွမ်းအင် အနည်းငယ်သာ ရှိသော်လည်း သေချာစွာ ဆင်ခြင်သုံးသပ်မည်ဆိုပါက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိကာ နားလည်သဘောပေါက်မှုများ ရရှိနိုင်ပေလိမ့်သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး နီကျိုးနယ်မြေ၏ ကောင်းကင်ထက်၌ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာဖြင့် အမှန်တရားကို နားလည်ရန်စတင် ကြိုးစားလိုက်သည်။ ထိုအတောအတွင်း အစွမ်းထက်သော ဖြစ်တည်မှုများစွာသည် သူ့ကို လာရောက် စမ်းသပ်ခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်လာကြလေသည်။

ထိုအထဲတွင် ရှန့်ကျိုးအသေးစားကမ္ဘာမှ ရှန်းကျူ နတ်ဘုရားသခင်၊ ဝမ်ရှန်းရှီး နှင့် ကောင်းကင်အရှင်သခင် သုံးဦးစသည့် စွမ်းအားကြီးပုဂ္ဂိုလ်များကို ပုံတူကူးချထားသော တည်ရှိမှုများလည်း ပါဝင်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုသူတို့၏တိုက်ခိုက်မှုများအားလုံးသည် သူ၏ ခန္ဓာကိုယ်နှင့် ထိတွေ့လိုက်သည်နှင့် ကြေမွပျက်စီးသွားခြင်းဖြစ်သည်။ မှော်ရတနာများ၊ ဝင်္ကပါများ၊ အင်းကွက်များ၊ မိုးကြိုးများ၊ မီးတောက်များ၊ ကျိန်စာများ စသည့် အရာများသည် သူ့ကို တုန်လှုပ်စေခြင်းပင်မရှိချေ။ သူသည် ကောင်းကင်နှင့် မြေကြီးအကြား ပေါင်းစပ်သွားသော ဖျက်ဆီး၍မရနိုင်သည့် ကျောက်ဆောင်ကြီးတစ်ခုအလား တိုက်ခိုက်မှုများကိုသာ ခံယူ‌နေခဲ့သည်။

လူအများသည် တစ်လတိတိ နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ကျုံးရှန်ကို စမ်းသပ်တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း သူ၏ ဆံချည်မျှင်တစ်မျှင်ကိုပင် ထိခိုက်စေခြင်း မရှိခဲ့ပေ။ ကံကောင်းသည်မှာ ကျုံးရှန်သည် သူတို့ကိုပြန်လည်မတိုက်ခဲ့ခြင်းဖြစ်သည်။

ထိုစွမ်းအားကြီးပုဂ္ဂိုလ်များသည် ဆက်လက်ပြီး တိုက်ခိုက်ရဲကြခြင်းမရှိတော့ချေ။ အကယ်၍ သူတို့ရှေ့ရှိ အနှီလျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက်ပုဂ္ဂိုလ်သာ နိုးထလာပါက သူတို့၏ ရိုင်းစိုင်းမှုများကြောင့်ဒေါသထွက်သွားနိုင်သောကြောင့်ဖြစ်သည်။ သို့နှင့် သူတို့သည် ကျုံးရှန်ရှိ‌နေသည့် နီကျိုးပြည်နယ်၏ကောင်းကင်မှ ပြန်လည်ဆုတ်ခွာသွားကြလေတော့သည်။

အပိုင်း (၃၆၀)

တစ်လကျော်ကြာပြီးနောက်…

"ခရက်"

အက်ကွဲသံတစ်သံသည် ရှန့်ကျိုးအသေးစားကမ္ဘာ တစ်ခုလုံးတွင်သာမက ကောင်းကင်တက်လှမ်းခြင်းမျှော်စင် တစ်ခုလုံးသို့ပါ ပဲ့တင်ထပ်သွားသည်။ ထို့နောက်တွင် ငရဲမဟာကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးဆီသို့ပါ ဆက်လက်ပျံ့နှံ့သွားခဲ့ပြီးသက်ရှိတိုင်း၏ စိတ်နှလုံးအတွင်း၌ ကြည်လင်ရှင်းလင်းသော ထိုအက်ကွဲသံ ကို ကြားလိုက်ကြရသည်။ ထိုကမ္ဘာနှစ်ခုရှိ သက်ရှိတိုင်းသည် ဥခွံအက်ကွဲကာ တစ်စုံတစ်ရာသော သက်ရှိတစ်ကောင်မွေးဖွားလာသကဲ့သို့ လည်းကောင်း၊ တစ်စုံတစ်ရာသော အစွမ်းထက်လှသည့် အချုပ်အနှောင်တစ်ခု ပြေလျော့သွားသကဲ့သို့လည်းကောင်း ခံစားလိုက်ကြရသည်။

ထိုအချိန်တွင် ရှန့်ကျိုးအသေးစားကမ္ဘာအတွင်းရှိ နီကျိုးနယ်မြေ၏ ကောင်းကင်ယံ၌ ကျောက်ဆောင်ကြီးကဲ့သို့ လွင့်မျောနေသောကျုံးရှန်သည် ရုတ်တရက် လှုပ်ရှားလာသည်။

"မဆိုးဘူး... ရှန့်ကျိုးရဲ့ အနှစ်သာရအချို့ကို ငါ နားလည်သွားပြီ..."

"ကောင်းကင်ဘုံကို မွေးဖွားပေးနိုင်ပြီး များပြားလှတဲ့ စကြာဝဠာတွေကို ဖန်တီးနိုင်တာက တကယ်ကို ဆန်းကြယ်လှပါပေတယ်"

ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်ပေါ်တွင်တင်ကျန်နေသော ဖုန်မှုန့်များကိုခါချလိုက်သည်။ အံ့သြဖွယ်ကောင်းလှစွာပင် ထိုဖုန်မှုန့်များသည် ထူးဆန်းသော ကံကောင်းခြင်း အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ရှန့်ကျိုး၏ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

သူ၏ခန္ဓာကိုယ်မှ ကွာကျလာသော ဖုန်မှုန့်များသည်ပင် ရှန့်ကျိုးအသေးစားကမ္ဘာငယ်အတွင်းရှိ ကံကောင်းခြင်း အခွင့်အရေးများအဖြစ် ပြောင်းလဲသွားခြင်း။

ယင်းကို ကြည့်ခြင်းအားဖြင့် ကျုံးရှန်၏ လက်ရှိစွမ်းအားသည် ဤကမ္ဘာငယ်လေး၏ ခံနိုင်ရည်ထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။

သူ၏ အကြည့်များသည် အေးချမ်းနေပြီး အရပ်လေးမျက်နှာသို့ ဖြည်းညင်းစွာ ဝေ့ကြည့်လိုက်သောအခါ သက်ရှိများ၏ရှင်သန်နေထိုင်မှုပုံစံအမျိုးမျိုးသည် သူ၏ မျက်လုံးထဲတွင် ရှင်းလင်းပြတ်သားစွာ ထင်ဟပ်သွားသည်။

"တကယ်ကို အဓိပ္ပာယ်ရှိတဲ့ စမ်းသပ်မှုတစ်ခုပဲ..."

"ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲမှာပဲ ချုပ်နှောင်ခံထားရတာကတော့ နှမြောစရာကောင်းလွန်းတယ်..."

"ငါ မင်းတို့ကို ကူညီပေးရတာပေါ့..."

ကျုံးရှန်သည် ပေါ့ပါးသောလေသံဖြင့် ပြောလိုက်သည်။

နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ်သည်လှုပ်ရှားသွားကာ နီကျိုးမြေ၏ ကောင်းကင်ယံတွင်ရှိနေသော နေရာပြောင်းရွှေ့ခြင်း တံခါးပေါက်ဆီသို့ ရောက်ရှိသွားသည်။ ထိုတံခါးပေါက်သည် ရှန့်ကျိုးအသေးစားကမ္ဘာရှိ သက်ရှိများ၏ စိတ်ထဲတွင် ရှေးပဝေဏသီကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ သွားရောက်နိုင်သည်ကို မည်သူမျှ မသိကြချေ။ နေရာပြောင်းရွှေ့ခြင်း တံခါးပေါက်ကို ဖြတ်ကျော်နိုင်ပါက လွတ်မြောက်မှုကို ရရှိနိုင်မည်ဟူသော ဒဏ္ဍာရီတစ်ခုသာ ရှိလေသည်။

ထိုအဆိုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးရှိ ဝမ်ချန်းတစ်ဖက်ကမ်းသို့ ကူးပြောင်းလွတ်မြောက်ခြင်းဟူသော အဆိုနှင့် အနည်းငယ် ဆင်တူနေသည်။ သို့သော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး ဟူသော မဟာကမ္ဘာကြီးသည်လည်း ပိုပြီး ကြီးမြတ်သောတည်ရှိမှုတစ်ခုမှ ဖန်တီးထားသည့် ကစားစရာတစ်ခု ဖြစ်နေမည်လား ဆိုသည်ကိုမူ မည်သူမျှမသိနိုင်ပေ။ ကျုံးရှန်သည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် နေရာပြောင်းရွှေ့ခြင်း တံခါးပေါက်ကို ဆုပ်ကိုင်လိုက်သည်။

ထိုအခါ ပြင်းထန်လှသော စွမ်းအားတစ်ရပ်သည် တံခါးပေါက်၏ လေဟာနယ်လမ်းကြောင်းမှတစ်ဆင့် အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထို့နောက်တွင် ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးပေါက်မှ ထွက်လာခဲ့ပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည်။ သူ၏ လက်တစ်ဖက်တွင် စက်လုံးတစ်ခုကို ကိုင်ဆောင်ထားသည်။

ထိုစက်လုံးသည် ရှန့်ကျိုးအသေးစားကမ္ဘာပင် ဖြစ်သည်။ ကျုံးရှန်သည် သူ၏ အခြားလက်တစ်ဖက်ဖြင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အတားအဆီးကို ဆုတ်ဖြဲလိုက်ကာ အက်ကွဲကြောင်းတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူသည် အားကုန်သုံး၍ ရှန့်ကျိုးအသေးစားကမ္ဘာကို မျှော်စင်အပြင်သို့တွန်းပို့လိုက်ကာ ငရဲကမ္ဘာ အတားအဆီး၏ ထောင့်တစ်နေရာဆီသို့ ဦးတည် ပျံသန်းသွားလေသည်။

ရှန့်ကျိုးအသေးစားသည် ငရဲကမ္ဘာ၏ အစွန်အဖျားသို့ ပျံသန်းသွားကာ ကျုံးရှန်၏ စွမ်းအားကာကွယ်မှုအောက်တွင် မဟာကမ္ဘာ့အတားအဆီးကို ဖြတ်ကျော်၍ ကျယ်ပြောလှသော ပိုင်ရွှီနယ်မြေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ ကျုံးရှန်သည် သူ၏ လက်ကို ခါလိုက်သည်။ ယနေ့မှစ၍ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ အထပ်တစ်ထောင် ကမ္ဘာတစ်ခု လျော့နည်းသွားပြီ ဖြစ်သည်။

"မင်း ဒီလို မလုပ်သင့်ဘူး..."

အိုမင်းရင့်ရော်နေသော အသံတစ်ခု သူ၏ အနောက်ဘက် တစ်နေရာမှ ထွက်ပေါ်လာသည်။ ကျုံးရှန်သည် နောက်သို့လှည့်ကြည့်ခြင်းမရှိခဲ့ချေ။ ရောက်ရှိလာသူသည် တက်လှမ်းခြင်း အဘိုးအိုဖြစ်ကြောင်းသိရှိပြီးဖြစ်သည်။

"ဒီရှန့်ကျိုးအသေးစားကမ္ဘာက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ ယခင်ပိုင်ရှင် ချန်ထားရစ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုပဲ..."

"ကမ္ဘာတစ်ခုလုံးရဲ့ ဆင့်ကဲပြောင်းလဲမှု စည်းမျဉ်းနိယာမတွေ တိုးတက်မှု အဆင့်ဆင့်တွေ အားလုံးက အတိတ်က အစစ်အမှန် ရှန့်ကျိုးကမ္ဘာကို အခြေခံပြီး ပုံတူကူးချထားတာဖြစ်တယ်..."

"အဲ့ကမ္ဘာတည်ရှိနေရခြင်းရည်ရွယ်ချက်က စကြာဝဠာပေါင်းစုံရဲ့ ထိပ်သီးမှာ ရပ်တည်နေတဲ့ နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံကို လေ့လာဖို့အတွက်ပဲ..."

"ရှန့်ကျိုးအသေးစားကမ္ဘာက ပုံတူကူးချထားတာ မှန်ပေမယ့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ ချုပ်နှောင်မှုနဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်ပြီး ပိုင်ရွှီ နယ်မြေထဲကို ဝင်ရောက်သွားရင် အကန့်အသတ်မရှိ ကျယ်ပြန့်လာလိမ့်မယ်..."

"အဆုံးသတ်မှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး..."

"ဒါ့အပြင် တန်ဖိုးရှိတာက ဒီရှန့်ကျိုးအသေးစားကမ္ဘာ မဟုတ်သလို ရှန့်ကျိုးအသေးစားကမ္ဘာထဲက လူတွေလည်း မဟုတ်ဘူး... ရှန့်ကျိုးအသေးစားကမ္ဘာကို ဖြစ်ပေါ်စေတဲ့ အဆုံးမဲ့ကုန်းမြေတိုက်ကြီးရဲ့ ကမ္ဘာဖန်ဆင်းခြင်း အချက်အလက်တွေပဲ"

"အဲဒါကမှ အဖိုးတန်ဆုံး ရတနာတွေလေ"

ကောင်းကင်တက်လှမ်းခြင်း အဘိုးအိုသည် စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်သည်။

သို့သော် ကျုံးရှန်ကမူ သူ၏စကားများကို လုံးဝ ဂရုစိုက်ခဲ့ချေ။

"ကိစ္စမရှိပါဘူး... ငါက ကမ္ဘာဖန်ဆင်းခြင်း အချက်အလက်တွေကို လေ့လာဖို့ စိတ်မဝင်စားဘူးလေ..."

"လမ်းဆိုတာက နောက်ဆုံးမှာ ကိုယ်တိုင်ပဲ လျှောက်ရမှာ...ယူလို့ရတာဆိုရင်အတွေ့အကြုံကိုပဲ ယူသင့်တယ်..."

"ရှန့်ကျိုးရဲ့ လျှို့ဝှက်ချက်တွေကို ငါ သိပြီးပြီ... ငါ သိချင်တာက စရိုက်နဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲဆိုတာပဲ..."

"လူတစ်ယောက်ရဲ့ စွမ်းရည်နဲ့ အကန့်အသတ်က ဘယ်နေရာမှာရှိနေတာလဲ..."

"နဂါးမဲ့နတ်ဘုရားဘုရင်ရဲ့ ပုံတူကူးချထားတဲ့ ဂူချန်ရှာကရော အတိတ်ကနဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ပြန်လည်ဖော်ဆောင်နိုင်မလား..."

"အတိတ်က နဂါးမဲ့နတ်ဘုရားဘုရင်လိုမျိုး တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းပြီး တာ့ယွီကျုံးယဉ်ကျေးမှုထွန်းကားတဲ့ စကြဝဠာကို ဖန်တီးနိုင်မလား"

"အဆုံးသတ်မှာဘယ်လိုဖြစ်လာမှာလဲဆိုတာ...ငါတို့စောင့်ကြည့်ကြတာပေါ့"

ကျုံးရှန်သည် စကားပြောအပြီးတွင် တက်လှမ်းခြင်း အဘိုးအိုကို ဆက်လက် ဂရုမစိုက်တော့ဘဲ အထက်သို့ ဆက်လက် တက်လှမ်းနေလိုက်သည်။

မူလနေရာတွင် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော တက်လှမ်းခြင်း အဘိုးအို၏ မျက်နှာသည် အဆက်မပြတ် ပြောင်းလဲနေကာ နောက်ဆုံးတွင် အောင့်သက်သက်ဖြင့်သာ ကျန်ရစ်ခဲ့သည်။ သူသည် ထျန်းယွမ် အဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း ကျုံးရှန်သည် သူ့ကို ရိုသေလေးစားစွာဆက်ဆံခြင်းမရှိချေ။ အမှန်စင်စစ်တွင် သူ့အတွက် အကြီးမားဆုံးသော ချုပ်နှောင်မှုသည် ကျုံးရှန်၏ စွမ်းအားမဟုတ်ဘဲ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများ ဖြစ်သည်။

သူသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ လွတ်လပ်စွာသွားလာနိုင်သော်လည်း မျှော်စင်တက်လှမ်းခြင်း စည်းမျဉ်းနိယာမများ၏ ဖိနှိပ်မှုကို အများဆုံး ခံရသူ ဖြစ်သည်။ သို့မဟုတ်ပါက သူသည် ကျုံးရှန်၏ အပြုအမှုများကြောင့် သူ့ကို တိုက်ရိုက် ဖမ်းဆီးရန် ရွေးချယ်မိပေလိမ့်မည်။

'မျှော်စင်တက်လှမ်းခြင်း စည်းမျဉ်းတွေရဲ့ ကန့်သတ်ချက်ကြောင့် မျှော်စင်တက်မယ့်သူကို ငါ အကွက်ချလို့မရဘူး...'

'ဒါပေမဲ့ သူ မျှော်စင်ထိပ်ကို ရောက်တဲ့အချိန်ကျရင် မျှော်စင်ရဲ့ အာဏာကို လက်ခံရယူပြီး မရေမတွက်နိုင်တဲ့ ကံတရားတွေအတူ ဘေးဒုက္ခတွေ သူ့အပေါ် ကျရောက်လာလိမ့်မယ့်...'

'အဲဒီအချိန်က ငါ ပြန်တိုက်ခိုက်ရမယ့် အချိန်ပဲ..'

တက်လှမ်းခြင်း အဘိုးအိုသည် မူလနေရာ၌ပင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး စိတ်ထဲတွင် အကြံအစည်များချမှတ်လိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်သည် ထိုနေရာမှတဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားလေတော့သည်။

ကျုံးရှန်သည် ရှန့်ကျိုးအသေးစားကမ္ဘာကို ဖယ်ရှားပြီးနောက်တွင်ပင် မျှော်စင်၏ လှေကားများကိုဆက်လက် တက်လှမ်းနေခဲ့သည်။ သူသည် တက်လှမ်းခြင်း အဘိုးအို၏ အတွေးများကို ဂရုစိုက်ခြင်းမရှိခဲ့ချေ။ ယခုအခါ သူသည် မျှော်စင်ကြီးတစ်ခုလုံးကို အတင်းအဓမ္မ သိမ်းယူနိုင်စွမ်း မရှိသေးသော်လည်း တစ်ထပ်ချင်းစီ ခွဲထုတ်ပြီး မျှော်စင်ကို ဖြုတ်ချနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော် သူ သတိထားရမည့် အရာတစ်ခုလည်း ရှိနေသည်။ ထိုသည်မှာ အထပ်တစ်ထောင် ကမ္ဘာများအားလုံး၏ စွမ်းအားသည် မျှော်စင်ထိပ်ဆုံးရှိ အထပ်လောက် မစွမ်းသာဟု သော ခံစားချက်မျိုးဖြစ်သည်။ ထိုအထပ်သည် ဒဏ္ဍာရီလာ ကောင်းကင်ဘုံသို့ သွားရာ အထပ် ဖြစ်သဖြင့် နက်ရှိုင်းသောအန္တရာယ်များ ဖုံးကွယ်တည်‌ရှိနေနိုင်လေသည်။

"ဆက်တက်ကြတာပေါ့..."

ကျုံးရှန်သည် လည်ပင်းကို အကြောဆန့်လိုက်ကာ ခိုင်မာပြတ်သားစွာဖြင့် အထက်သို့ ဆက်လက် တက်လှမ်းသွားလိုက်သည်။

...

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း။

ကျုံးရှန်သည် အထပ်ရှစ်ထောင်နှင့် ကိုးထောင်ကြားသို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထက်ပိုင်းနယ်မြေ ဖြစ်နေပြီဟု ဆိုနိုင်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင် တစ်ခုလုံး၏ ဆယ်ပုံကိုးပုံခန့်ကို ကျုံးရှန် လေ့လာစူးစမ်းပြီးသွားပြီ ဖြစ်ကာ အမြင့်ဆုံးနေရာ ဖြစ်သော မျှော်စင်၏ထိပ်ဆုံးသို့ဦးတည်နေခြင်းဖြစ်သည်။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ခရီးစဉ်သည်မကြာခင်တွင် ပြီးဆုံးပေတော့မည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ထိုခရီးစဉ်မှကျုံးရှန်ရရှိခဲ့သော အကျိုးအမြတ်များသည် အလွန်များပြားလှသည်။ လှေကားထစ်များကို ဆက်လက်တက်လှမ်းလာသည်နှင့်အမျှ သူ၏ဝိညာဉ်အရည်အသွေးသည်လည်း ထပ်မံ၍ အဆင့်တက်သွားပြန်သည်။

မူလက ရှန့်ကျိုးအသေးစားကမ္ဘာထဲတွင် သူ၏ ဝိညာဉ်အရည်အသွေးသည် အရှင်သခင်အဆင့်သို့ တက်လှမ်းနိုင်ရန် ဆံချည်တစ်မျှင်စာသာ လိုအပ်နေခဲ့သည်။ ယခုအခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ သန့်စင်ပေးမှုအောက်တွင် အရှင်သခင်အဆင့်၏ ပထမအလွှာသို့ ဝင်ရောက်သွားလေသည်။ နတ်ဘုရားဝိညာဉ်တစ်ခုလုံး၏ ကြံ့ခိုင်မှုသည် မျှော်စင်မတက်မီကနှင့်နှိုင်းယှဉ်ပါက လုံးဝ ကွာခြားသွားခဲ့ပြီဖြစ်သည်။

ယခုလက်ရှိ သူ၏ အခြေအနေနှင့်ဆိုလျှင် ချောက်နက်မိစ္ဆာသခင်၏ စိတ်ဝိညာဉ်စွမ်းအားတိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပါက သူသည် ထိုတိုက်ခိုက်မှု အတွင်းကျဆင်းသွားမည်မဟုတ်တော့ပေ။ ထို့အပြင် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိလာပြီဖြစ်သည်။

"နေလို့ကောင်းလိုက်တာ... တစ်ခါမှမခံစားဖူးတဲ့ လန်းဆန်းမှုပဲ..."

"ဒါပေမဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေကတော့ အရင်ကလောက် သက်တောင့်သက်သာ ရှိတော့မှာ မဟုတ်ဘူး..."

ကျုံးရှန်သည် အထက်ရှိ လှေကားများသို့ အေးအေးလူလူတက်လှမ်းနေသည်။ ပြီးခဲ့သော နှစ်တစ်သန်းကာလကို ပြန်တွေးကြည့်လျှင် အားလပ်ရက် အပန်းဖြေခရီးထွက်ခဲ့ရသလိုပင်ဖြစ်သည်။ သို့သော် မကြာခင်တွင် အစီအစဉ်များနှင့် လုပ်ဆောင်ချက်များကို တစ်ဆင့်ချင်းစီ စတင်အကောင်အထည်ဖော်ရန် စတင်တော့မည် ဖြစ်သည်။

....

အပြင်ဘက် ငရဲကမ္ဘာတွင်မူ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အဆင့်သတ်မှတ်ချက်များကို မည်သူမျှ ဂရုစိုက်ခြင်းမရှိတော့ချေ။ ကျုံးရှန်တစ်ယောက်သူတော်စင်အဆင့်သို့ တက်သွားပြီးနောက်ပိုင်းတွင် ကောင်းကင်တက်လှမ်းခြင်း အဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ကြီးသည် လုံးဝ ပျောက်ကွယ်သွားခဲ့ကာ အရိပ်အယောင်မျှပင် ရှာမတွေ့ရတော့ပေ။ ထို့ပြင် ငရဲကမ္ဘာအတွင်းရှိ အင်အားစုအားလုံးနီးပါးနှင့် အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။

သူတို့အားလုံးသည် ယွီထျန်းမဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်လာကြသဖြင့် မဟာမိတ်အဖွဲ့အစည်းသည် ပိုမိုခိုင်မာတည်ငြိမ်လာသည်။ ယွီထျန်းမဟာမိတ်အဖွဲ့အစည်းကို ကောင်းကင်တာအို၏ ကိုယ်ပွားဖြစ်သော ဟွာထျန်းက ဦးဆောင်ပြီး ငရဲယမမင်း၊ လျန့်ယွီမိစ္ဆာအရှင်၊ ချောက်နက်မိစ္ဆာအရှင်၊ ရွှံ့နွံမိစ္ဆာအရှင်သခင်၊ ပင်လယ်မိစ္ဆာဧကရာဇ် နှင့် အရိပ်မိစ္ဆာအရှင်သခင် စသည့် နယ်မြေအသီးသီးကို စိုးမိုးထားကြသော အဆင့် ၃ မိစ္ဆာနတ်ဘုရားနယ်ပယ် ထိပ်သီးမဟာမိစ္ဆာသခင်များက အကူအညီပေးကြသည်။ ထိုမျှလောက်သော အင်အားစုများကြောင့်သာ ငရဲကမ္ဘာတစ်ခုလုံး၏ စွမ်းအားများကို စုစည်းရန်သည် ပိုမိုချောမွေ့လာခြင်းဖြစ်သည်။

သို့သော်လည်း ထိုသို့ ငရဲပြည်၏အင်အားများကို အဆင်‌ပြေစွာစုစည်းလာနိုင်ခြင်း၏အဓိကအကြောင်းသည် ငရဲပြည်၏ ကောင်းကင်တာအိုကိုယ်တိုင် ရှေ့ထွက်လာခြင်းကြောင့်ပင် ဖြစ်သည်။ အကယ်၍ အခြား မဟာမိစ္ဆာအရှင်သခင်များ သို့မဟုတ် လွတ်မြောက်ခြင်းအဆင့် အရှင်သခင်ခုနစ်ပါးဖြစ်ပါက ငရဲကမ္ဘာတစ်ခုလုံးရှိ အင်အားစုအားလုံးကို စုစည်းရန် သည် အိပ်မက်မက်နေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ငရဲကမ္ဘာအတွင်းရှိ ထိပ်တန်း တည်ရှိမှုအဆင့်အထိ ကျင့်ကြံလာနိုင်ခဲ့သူများသည် အခြားသူတစ်ဦးတစ်ယောက်ထံသို့ အလွယ်တကူ အညံ့ခံမည့်သူများ မဟုတ်ကြပေ။

အတင်းအကြပ် စုစည်းလိုက်လျှင်ပင် တစ်ယောက်တစ်ပေါက်နှင့် ကိုယ်ကျိုးအတွက်သာ ကြံစည်နေကြမည်ဖြစ်သည်။ သို့သော် သူတို့နေရာတွင် မဟာကမ္ဘာ ကောင်းကင်တာအို၏ ကိုယ်ပွားဖြစ်ပါက မတူညီတော့ချေ။ မိစ္ဆာအရှင်သခင်များသည် လွတ်မြောက်ခြင်းအဆင့်သို့ မရောက်သေးသရွေ့ မဟာကမ္ဘာကောင်းကင်တာအို၏ ကလေးငယ်များသာ ဖြစ်ကြသည်။

မဟာကမ္ဘာ ကောင်းကင်တာအိုသည် အိမ်ထောင်ဦးစီးတစ်ဦးနှင့် တူညီ၏။ ကလေးများအနေဖြင့် မည်မျှပင် အတွေးအခေါ်များ ရှိနေပါစေ သူ့ကို ဆန့်ကျင်ပုန်ကန်ရန် အခွင့်အရေး မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်တာအို၏ အလိုကို လိုက်နာပါက ကြီးမားသော ကံတရားအထောက်အပံ့များနှင့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် ယခုတစ်ကြိမ်တွင် လျှပ်စီးကဲ့သို့အဟုန်ဖြင့် ယွီထျန်းမဟာမိတ်အဖွဲ့၏ အင်အားကို လျင်မြန်စွာ ချဲ့ထွင်လာနိုင်ခြင်း ဖြစ်သည်။

Book 36 end.

All Chapters