အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အခန်း (၅၄၁) - ဝိညာဉ်ပတ် ကျောက်စိမ်း ၊ အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ဟောကိန်းထုတ်ခြင်း နှင့် အန္တရာယ်
~ယဲ့ဖုန်းသည် ကျောက်စိမ်းဆွဲပြား၏ နောက်ခံမှာ သာမန်မဟုတ်ကြောင်း တွေ့ရှိသွား၏။
အမည် - ဝိညာဉ်ပတ် ကျောက်စိမ်း။
အဆင့် - ဝိညာဉ်ရတနာ အဆင့် (တံဆိပ်ခတ်နှိပ်ထားသည်)။
မှတ်ချက် - ကောင်းကင်နှင့် မြေပြင်၏ ထူးခြားသော အနှစ်သာရများ ပါဝင်သော ကျောက်စိမ်းအမျိုးအစား။ ကျင့်ကြံခြင်း အဆင့်များကို ချိုးဖြတ်ရာတွင် အသုံးပြုလေ့ ရှိသည်။ ယွီကျူး က အထူးနည်းလမ်းဖြင့် တံဆိပ်ခတ်နှိပ်ထားပြီး သူမ ကိုယ်တိုင်သာလျှင် ၎င်းကို ဖြေဖျက်နိုင်၏။
မှတ်ချက်ကို ဖတ်ကြည့်ပြီးနောက် ယဲ့ဖုန်းမှာ ဆွံ့အသွားရ၏။
ယွီကျူး ဟုတ်လား။
ဤသူက မည်သူနည်း။
ယဲ့ဖုန်းမှာ နားမလည်နိုင်သော်လည်း ဤ ဝိညာဉ်ပတ် ကျောက်စိမ်း ကို တံဆိပ်ခတ်နှိပ်ထားနိုင်သော ဤ ယွီကျူး ဟူသော ပုဂ္ဂိုလ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သူ ဖြစ်ရမည်မှာ သေချာလှသဖြင့် မဆင်မခြင် ရန်မစသင့်ပေ။
'ထားလိုက်ပါတော့... သူက ဘယ်သူပဲဖြစ်ဖြစ် ငါတို့က သူ့ကို ရန်မစထားဘူးဆိုမှတော့ သူ ငါတို့ကို တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ဒီ ဝိညာဉ်ပတ် ကျောက်စိမ်း က ယွီကျူး ရဲ့ ပစ္စည်းဆိုရင် သူ လာတောင်းတဲ့အခါ ငါ ပြန်ပေးလိုက်ရုံပေါ့...'
ယဲ့ဖုန်းသည် မိမိဘာသာ တွက်ချက်လိုက်မိ၏။
မကြာမီမှာပင် အဖွဲ့သားများမှာ လေဝူ မင်းဆက် ၏ နန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။
“ဂိုဏ်းချုပ် ယဲ့... ကြိုဆိုပါတယ် ခင်ဗျာ”
အနက်ရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော လေဝူ ဧကရာဇ် သည် အေးအေးလူလူ လျှောက်လှမ်းလာကာ ကြိုဆိုလိုက်၏။ သူသည် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဖြစ်၏။ သူ၏ နောက်တွင်လည်း အလားတူ အဆင့်ရှိသူ နောက်ထပ် နှစ်ဦး ပါဝင်လာ၏။
‘လေဝူ မင်းဆက် ရဲ့ အခြေခံ အင်အားက တကယ့်ကို နက်နဲတာပဲ’
ယဲ့ဖုန်းမှာ အံ့အားသင့်သွားရ၏။ လေဝူ မင်းဆက် မှာ ကြယ် (၄) ပွင့် အဆင့် အင်အားစု ဖြစ်ပြီး လေဝူ ဘိုးဘေး မှာလည်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော ဝါရင့် ပုဂ္ဂိုလ်ကြီး ဖြစ်၏။ သူ၏ လက်အောက်တွင် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၃) ဦး ရှိသလို မူလနတ်ဘုရား အဆင့် ရှိသော ကျင့်ကြံသူပေါင်း ရာနှင့်ချီ၍ ရှိနေ၏။
ဤကဲ့သို့သော အင်အားစုမျိုးကသာ ကြယ် (၄) ပွင့် အဆင့်နှင့် ထိုက်တန်၏။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် မှာ ငယ်ရွယ်လွန်းနေသေးသာည်။
“ဂိုဏ်းချုပ် ယဲ့ က တကယ့်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက် နက်နဲတဲ့ ကျင့်ကြံခြင်း ရှိနေတာကို ကျုပ်တောင်မှ အနက်အဓိပ္ပာယ် မဖော်နိုင်ဘူး”ဟု လေဝူ ဧကရာဇ် က ချီးကျူးလိုက်၏။
သူသည် လေဝူ ဘိုးဘေး ထံမှ လျှို့ဝှက် အမိန့်တစ်ခု ရရှိထားခြင်း ဖြစ်၏။ ယဲ့ဖုန်း၏ အဆင့်အတန်းမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော အကြီးအကဲ တစ်ဦးနှင့် ညီမျှသဖြင့် ပေါ့ပေါ့တန်တန် မဆက်ဆံရန် သတိပေးထားခြင်းပင်။
ယခု လူကိုယ်တိုင် တွေ့လိုက်ရသောအခါ ယဲ့ဖုန်းမှာ တကယ်ပင် ခန့်ညားထည်ဝါလှသလို သူ၏ ကျင့်ကြံခြင်း အဆင့်ကိုလည်း မိမိကိုယ်တိုင်ပင် မသိမြင်နိုင်ကြောင်း လေဝူ ဧကရာဇ် က တွေ့ရှိလိုက်ရ၏။
ဤစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းနှင့် သူ၏ အဖော်များမှာ ထူးန်းသော မျက်နှာထားများ ဖြစ်သွားကြတော့၏။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။
လေဝူ ဧကရာဇ် မှာ မျက်တောင်တခတ်ခတ် ဖြစ်သွားကာ အခြေအနေ မဟန်သည်ကို သတိထားမိလိုက်၏။
“အဟမ်း”
ယဲ့ဖုန်းက အနေရခက်သော အခြေအနေကို ဖြတ်တောက်ကာ ဖွင့်ဟလိုက်သည်။
“တကယ်တော့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းတွေ အကုန် ဆုံးရှုံးနေတာမို့လို့ ဘာမှ မခံစားရတာက သဘာဝပါပဲ... ... ...”“အာ... အဲဒီလိုကိုး”
လေဝူ ဧကရာဇ် ၏ နှုတ်ခမ်းဖျားမှာ တုန်ခါသွားတော့၏။ သူက မြှောက်ပင့် စကားပြောချင်သော်လည်း နေရာမှားသွားသဖြင့် တကယ့်ကို အရှက်ရစရာ ဖြစ်သွားရ၏။
“လာပါ... လာကြပါ... စားသောက်ဆောင်မှာ အရင် ထိုင်ကြတာပေါ့”
လေဝူ ဧကရာဇ် သည် အတွေ့အကြုံရှိသူဖြစ်ရာ စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ပြီး အားလုံးကို စားသောက်ဆောင်သို့ ဖိတ်ခေါ်လိုက်သည်။ သူ၏ အကြည့်များမှာ လူသားပုံသဏ္ဍာန် ပြောင်းလဲထားသော နတ်ဆိုး ဧကရာဇ် (၅) ပါးပေါ်သို့ ကျရောက်သွားကာ ချီးကျူးလိုက်ပြန်၏။
“ဂိုဏ်းချုပ် ယဲ့ နဲ့ တကယ် ထိုက်တန်ပါတယ်... လေနတ်ဆိုး တောင်တန်း က နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးကို သိမ်းသွင်းနိုင်တာဟာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စပါပဲ”
“မင်းကြီး ကလည်း မြှောက်ပင့်လွန်းနေပါပြီ”ယဲ့ဖုန်းက ဦးညွှတ်ကာ ပြန်လည် တုံ့ပြန်လိုက်၏။
လူတိုင်းမှာ မိမိတို့ နေရာတွင် ထိုင်လိုက်ကြကာ စားသောက်ရင်း စကားစမြည် ပြောဆိုနေကြ၏။ သောက်စားမှု (၃) ကြိမ်ခန့် ပြုလုပ်ပြီးနောက်၊
ယဲ့ဖုန်းသည် သူ၏ ခွက်ကို ချလိုက်ကာ ပြောလိုက်သည်။
“လေဝူ ဧကရာဇ် ခင်ဗျာ... ကျွန်တော်က အဝေးက လာတာဆိုတော့ လေဝူ မင်းဆက် အတွင်းမှာ တပည့်တွေ စုဆောင်းလို့ ရနိုင်မလားဆိုတာ သိချင်လို့ပါ ခင်ဗျာ”
“တပည့် စုဆောင်းမယ် ဟုတ်လား”
လေဝူ ဧကရာဇ် မှာ အံ့အားသင့်သွား၏။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် နှင့် လေဝူ မင်းဆက် မှာ မိုင်ပေါင်း (၈) သန်းခန့် ဝေးကွာနေသည်ဖြစ်ရာ ဤမျှ ဝေးကွာသော အရပ်မှ မြူခိုးဂိုဏ်း သို့ မည်သူက ဝင်ချင်ပါမည်နည်းဟု သူ တွေးတောလိုက်မိ၏။ ထို့ကြောင့် သူက ခေါင်းခါယမ်းကာ ပြောလိုက်၏။
“သဘောတူတာကတော့ သဘောတူပါတယ်... ဒါပေမဲ့ ဂိုဏ်းကို ဝင်ချင်တဲ့လူ ရှိပါ့မလားလို့ ကျွန်တော် စိုးရိမ်မိတယ် ခင်ဗျာ။ ဘာလို့လဲဆိုတော့ နေရာနှစ်ခုကြားမှာ အတော်လေး ဝေးတာကိုး။ အကယ်လို့ တပည့်တွေက အိမ်ပြန်ချင်တယ်ဆိုရင်တောင် ခရီးစရိတ်အတွက် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ကုန်မှာလေ”
ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းက လက်ယမ်းပြလိုက်၏။
“ဒါက စိုးရိမ်စရာ မဟုတ်ပါဘူး မင်းကြီး... နေရာနှစ်ခုကြား သွားလာရ လွယ်ကူအောင် ကျွန်တော် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု တည်ဆောက်ပေးနိုင်ပါတယ် ခင်ဗျာ”
သူ၏ စကားကြောင့် ရှိနေသမျှသော လူတိုင်းမှာ မှင်သက်သွားကြတော့သည်။ တပည့်များ သွားလာရ လွယ်ကူစေရန်အတွက် ယဲ့ဖုန်းက နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို တည်ဆောက်ရန် ကြံရွယ်နေသည်လား။ ၎င်းမှာ တကယ့်ကို ရက်ရောလှ၏။
လေဝူ ဧကရာဇ် ပင်လျှင် စိတ်လှုပ်ရှားသွားပေ၏။ အကယ်၍ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ရှိလာမည်ဆိုပါက လေဝူ မင်းဆက် နှင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကြား သွားလာရသည်မှာ များစွာ ပိုမို လွယ်ကူသွားပေလိမ့်မည်။ သို့သော်လည်း ကုန်ကျစရိတ်မှာ မည်သို့ ရှိမည်နည်းဟု သူ သိချင်နေ၏။
ထို့ကြောင့် လေဝူ ဧကရာဇ် က မေးမြန်းလိုက်၏။
“ဂိုဏ်းချုပ် ယဲ့ ခင်ဗျာ... ရှင့်ဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် နေရာနှစ်ခုကို ဆက်သွယ်ပေးမယ့် ခရီးဝေး နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို တကယ်ပဲ တည်ဆောက်နိုင်မှာလား ခင်ဗျာ”
“သေချာတာပေါ့... တည်ဆောက်နိုင်ပါတယ်”ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
သူသည် ဤကိစ္စနှင့် ပတ်သက်၍ အလွန်ပင် ယုံကြည်မှု ရှိနေ၏။ လျှို့ဝှက်ဆန်းကြယ် မြို့တော် ရှိ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါကြီးကို လေ့လာခဲ့ပြီးကတည်းက သူသည် ဆန်းကြယ်သော ဝင်္ကပါ ပုံစံများကို ရရှိထားခဲ့ပြီး ၎င်းကို ပိုမို ကောင်းမွန်အောင် ပြုပြင်ရန် ကြံရွယ်နေခဲ့ခြင်း ဖြစ်၏။
ပြီးဆုံးသွားသည်နှင့် သူသည် အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို ရေးထိုးနိုင်ပေလိမ့်မည်။ လိုအပ်သော ပစ္စည်းများသာ အဆင်သင့် ရှိနေမည်ဆိုပါက အသွားအပြန် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်စုံကို တည်ဆောက်ရန်မှာ ပြဿနာ မရှိပေ။
“ဒါက တကယ်ပဲ ဖြစ်နိုင်လို့လား”လေဝူ ဧကရာဇ် က အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“ဒါက ကိစ္စသေးလေးတစ်ခုပါ ခင်ဗျာ”ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ကာ နေရာမှာတင် တွက်ချက်မှုများ စတင်လိုက်ပြီး လေထဲ၌ မရေမတွက်နိုင်သော ရှေးဟောင်း ဝင်္ကပါ ပုံစံများကို ရေးထိုးပြလိုက်တော့၏။
ဤသည်ကို မြင်လိုက်ရသောအခါ လေဝူ ဧကရာဇ် နှင့် ဘေးနားရှိ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၂) ဦးတို့မှာ ချက်ချင်းပင် ထိတ်လန့်သွားကြရ၏။ ယဲ့ဖုန်းမှာ ဧရာမ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ၏ ပုံစံများကို အလယ်အလတ်စား အဖြစ်သို့ ရိုးရှင်းအောင် လုပ်ဆောင်နေခြင်းပင် ဖြစ်၏ မဟုတ်ပါလား။
ဤကဲ့သို့သော တွက်ချက်နိုင်စွမ်းမှာ တကယ်ကို ကြောက်စရာ ကောင်းလှ၏။
'ကျင့်ကြံခြင်းတွေ ဆုံးရှုံးနေတာတောင် ဘာလို့ ဘိုးဘေး က သူ့ကို လေးစားသလဲဆိုတာ မထူးဆန်းတော့ပါဘူး... ကြည့်ရတာ သူက ရှားပါးတဲ့ ဝင်္ကပါ ဆရာကြီး တစ်ယောက်ကိုး...'
လေဝူ ဧကရာဇ် က စိတ်ထဲမှနေ၍ တွေးတောလိုက်မိသည်။
နာရီဝက်ခန့် ကြာပြီးနောက်၊
ယဲ့ဖုန်းသည် ဧရာမ ဝင်္ကပါကြီးကို အလယ်အလတ်စား အဖြစ်သို့ ရိုးရှင်းအောင် လုပ်ဆောင်ပြီးသွားသည့်အပြင် လိုအပ်သော ပစ္စည်းစာရင်းကိုလည်း တွက်ချက်ပြီးစီးသွားပြီ ဖြစ်ရာ မတူညီသော ပစ္စည်းပေါင်း (၃၇၅) မျိုးကို အေးအေးလူလူပင် စာရင်းထုတ်ပေးလိုက်၏။
“ကျွန်တော့်ဆီမှာ ဒီပစ္စည်း ရှိပါတယ်”တစ်ယောက်က ပြောလိုက်၏။
“ကျွန်တော့်ဆီမှာလည်း ဒီအရာ ရှိတယ်လေ”နောက်တစ်ယောက်က ဝင်ပြောလိုက်ပြန်သည်။
“ကျွန်တော့်ရဲ့ လက်အောက်ငယ်သား တစ်ယောက်ဆီမှာ ဒီလို ပစ္စည်းမျိုး ရှိတယ်... ကျွန်တော် သွားယူလိုက်မယ်”ဟု နောက်ထပ် တစ်ဦးက ဆိုလိုက်၏။
နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာ ပစ္စည်းစာရင်းကို ကြည့်ကာ ဝတ်ရုံလက်များကို လိပ်တင်လိုက်ကြပြီး လုယက်ရန်အတွက် ပြင်ဆင်လိုက်ကြတော့သည်။ ယဲ့ဖုန်း၏ နှုတ်ခမ်းဖျားမှာတော့ အဆက်မပြတ် တုန်ခါနေပေ၏။
ဤလူရိုင်းများမှာ လုယက်တိုက်ခိုက်ဖို့သာ စဉ်းစားနေကြပြီး လုံးဝကို စည်းကမ်းမရှိကြပေ။
“အရင်ဆုံး ပစ္စည်းအားလုံးကို စုဆောင်းကြစမ်း... ဒီနေ့မှာတင် တည်ငြိမ်တဲ့ အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို သွန်းလုပ်နိုင်အောင် ကြိုးစားကြရမယ်။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့ နည်းလမ်းကိုပဲ သုံးကြနော်... လုယက်တာမျိုးတွေ လုံးဝ မလုပ်ကြနဲ့”ယဲ့ဖုန်းက တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့ပါ... ကျွန်တော်တို့က ပစ္စည်းတွေကို လုယူမှာ မဟုတ်ပါဘူး... သွားယူမှာပါ... ဒါမှမဟုတ်ရင်လည်း ခေတ္တ ခဏ ချေးငှားတာပေါ့”နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးက ခေါင်းညိတ်လိုက်ကြပြီး ထွက်ခွာသွားကြတော့သည်။
ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းမှာ လဲကျမတတ် ဖြစ်သွားရ၏။ တကယ့်ကို ဆုံးမရခက်တဲ့ လူရမ်းကားတွေပါပဲ။
သူသည် နှုတ်ခမ်းကို မဲ့လိုက်ကာ လေဝူ မင်းဆက် ၏ နန်းတော်အတွင်း၌ လီကျောက်ခွန် ၊ ဝမ်ဖင်းအန်း ၊ တတိယမင်းသား ၊ လင်ယွဲ့ နှင့် အခြားသူများနှင့်အတူ ဒေသစာသောက်ဖွယ်ရာများနှင့် လှပသော ရှုခင်းများကို ခံစားရင်း ကျန်ရစ်ခဲ့၏။
ပစ္စည်းများ စုဆောင်းရသည်မှာလည်း မနှေးကွေးလှပေ။
ထိုညမှာတင်။
နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာ နန်းတော်သို့ တစ်ဦးပြီးတစ်ဦး ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
“ဂိုဏ်းချုပ်... ပစ္စည်းအားလုံး ရပါပြီ ခင်ဗျာ”တောင်စောင့် မျောက်နတ်ဘုရားက နောက်ဆုံး ကျန်ရှိသော ပစ္စည်းကို ယဲ့ဖုန်း၏ လက်ထဲသို့ အပ်နှံလိုက်၏။
လေနတ်ဆိုး တောင်တန်း ၏ အရှင်သခင် တစ်ဦးအနေဖြင့် မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းလှသော တောင်တန်းများအတွင်းရှိ ကြွယ်ဝလှသော အရင်းအမြစ်များကြားမှ အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခု တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကို စုဆောင်းရန်မှာ သူ့အတွက် မခက်ခဲလှပေ။ (၁) ရက်ပင် မပြည့်မီမှာတင် အရာအားလုံး ပြီးမြောက်သွားတော့၏။
“ကောင်းပြီ”
ယဲ့ဖုန်းသည် ဝမ်းသာသွားကာ လက်နက်သွန်းလုပ်ရေး အိုး ကို ထုတ်ယူလိုက်ပြီး ပစ္စည်းများကို ကနဦး သန့်စင်ရန်အတွက် အတွင်းသို့ ထည့်လိုက်၏။ မကြာမီမှာပင် ဝိညာဉ်ရတနာ အပိုင်းအစ တစ်ခု ထွက်ပေါ်လာ၏။
လူတိုင်းအတွက်မူ ၎င်းမှာ အလွန်ပင် ထူးဆန်း ဆန်းသစ်နေသည်။
“အလိုအလျောက် လက်နက်သွန်းလုပ်ပေးနိုင်တဲ့ အိုး ပါလား”
လက်နက်သွန်းလုပ်ရေး အိုး ကို မြင်လိုက်ရသောအခါ လေဝူ ဧကရာဇ် မှာ ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ရတနာ အဆင့် သာ ရှိသော်လည်း တကယ့်ကို ထူးခြားလှပလှကြောင်း သဘောပေါက်လိုက်၏။ သူ၏ အမြင်တွင်တော့ ဒါက ဝင်္ကပါ ဆရာကြီး တစ်ဦး ဖြစ်သော ဂိုဏ်းချုပ် ယဲ့ ကိုယ်တိုင် လက်နက်သွန်းလုပ်ရာတွင် အဆင်ပြေစေရန်အတွက် သွန်းလုပ်ထားခြင်း ဖြစ်ရမည်ဟု ယူဆလိုက်သည်။
ညမှောင်ရီ ပျိုးချိန်တွင်၊
ယဲ့ဖုန်းသည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ နှစ်ခု၏ ကုန်ကြမ်းများကို သန့်စင်ရန်အတွက် (၁) နာရီခန့် အချိန်ပေးလိုက်ကာ ၎င်းတို့ကို လိုချင်သော ဝိညာဉ်ရတနာ အမျိုးမျိုးအဖြစ် ပြောင်းလဲလိုက်၏။ ထို့နောက် သူသည် ထိုနေရာမှာတင် အစိတ်အပိုင်းများကို စုစည်းလိုက်ကာ ၎င်းတို့ပေါ်တွင် စာသားများ ထွင်းထုလိုက်၏။ ရှုပ်ထွေးလှသော အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပုံစံများကို နေရာရွှေ့ပြောင်းခြင်း စင်မြင့် ပေါ်တွင် တဖြည်းဖြည်း ရေးထိုးလိုက်ရာ စင်မြင့်ထံမှ သန့်စင်သော ဟင်းလင်းပြင် အရှိန်အဝါများ ထွက်ပေါ်လာတော့သည်။
“ဂိုဏ်းချုပ် ယဲ့ ဟာ တကယ့်ကို ဝင်္ကပါ ဆရာကြီး ပီသပါပေတယ်... မျက်တောင်တစ်ခတ်အတွင်းမှာတင် နေရာရွှေ့ပြောင်းခြင်း စင်မြင့် ကို ဒီလောက် သိသိသာသာ ပြောင်းလဲသွားစေတာပဲ”လေဝူ ဧကရာဇ် က မချီးကျူးဘဲ မနေနိုင်တော့ပေ။
“ဧကရာဇ် မင်းကြီး ကလည်း မြှောက်ပင့်လွန်းနေပါပြီ”ယဲ့ဖုန်းက နှိမ့်ချစွာ ပြန်လည် တုံ့ပြန်လိုက်ပြီး သူ၏ ရေးထိုးခြင်းများကို ဆက်လက် လုပ်ဆောင်နေ၏။
အထက် ကောင်းကင်ယံ၌၊
မြူခိုးများ ဖုံးလွှမ်းနေသော လှပသည့် လူရိပ်တစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာ၏။ သူမသည် ယဲ့ဖုန်း ၏ ဘေးတွင် ရပ်နေသော ကတုံးလူငယ်လေး လီကျောက်ခွန် ကို ငုံ့ကြည့်လိုက်ရာ သူမ၏ အကြည့်များမှာ ဝိညာဉ်ပတ် ကျောက်စိမ်း ပေါ်သို့ ကျရောက်သွားပေ၏။
“ရှာတွေ့ပြီ”
ယွီကျူး က သူမဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်ကာ သူမ၏ နှုတ်ခမ်းဖျားမှာ အနည်းငယ် ကွေးညွတ်သွား၏။ သူမသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ဝိညာဉ်ပတ် ကျောက်စိမ်း ကို ယူရန် ပြင်လိုက်သော်လည်း ရုတ်တရက် ဝေးကွာသော အရပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်မိကာ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်၏။
နောက်တစ်ခဏတွင် ယွီကျူး မှာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
မကြာမီမှာပင် မျက်နှာဖုံး စွပ်ထားသော လူရိပ်တစ်ခုမှာ မိစ္ဆာ အရှိန်အဝါများ တလိပ်လိပ်နှင့်အတူ လျင်မြန်စွာ ပျံသန်းလာကာ လေဝူ မင်းဆက် ၏ နန်းတော် အထက်၌ ရပ်တန့်လိုက်၏။
ဤသူမှာ အခြားသူမဟုတ်ဘဲ နတ်ဆိုးဘုရားကျောင်းသခင် ပင် ဖြစ်၏။
သူသည် အောက်ဘက်ရှိ ဝင်္ကပါကို ရေးထိုးနေဆဲ ဖြစ်သော ယဲ့ဖုန်း ကို ငုံ့ကြည့်ကာ လှောင်ပြောင်လိုက်၏။
“နောက်ဆုံးတော့ မင်း ဒီမှာ ရှိနေတာကိုး။ မြက်တောထဲမှာ အပ်ရှာရသလို ဖြစ်နေပေမဲ့ ဘာမှ အားမစိုက်လိုက်ရဘဲ ရှာတွေ့သွားတာပဲ”
သူ၏ စကားအဆုံးတွင် နတ်ဆိုးဘုရားကျောင်းသခင် က ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ရာ မိမိကို ခြိမ်းခြောက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိသည်ကို တွေ့လိုက်ရသည်။ ထိုအခါ၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ (၄) ၏ ကြောက်မက်ဖွယ် အရှိန်အဝါများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ကောင်းကင်ထစ်ချုန်းမြို့ တစ်ခုလုံးကို လွှမ်းခြုံလိုက်တော့သည်။
“ဝုန်း”
တောင်တန်းများနှင့် ပင်လယ်များ ပြိုကျလာသကဲ့သို့သော ဧရာမ ဖိအားကြီးတစ်ခု ကျဆင်းလာရာ လူတိုင်းမှာ မြေပြင်ပေါ်၌ ဒူးထောက်ကျလုနီးပါး ဖြစ်သွားကြရပြီး လှုပ်ရှားရန်ပင် ခက်ခဲသွားကြရ၏။
“ဘာဖြစ်တာလဲ”
ယဲ့ဖုန်း က ကောင်းကင်ယံကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ တည်ကြည် လေးနက်သွားတော့၏။
---
အခန်း (၅၄၂) - နတ်ဆိုးဘုရား
ကျောင်းသခင်၏ စွမ်းပကား ၊ ယွီကျူး ပေါ်ထွက်လာခြင်းနှင့် ထွက်ပြေးခြင်း
~“ဘာဖြစ်တာလဲ”
လူတိုင်းမှာ မိမိတို့၏ ခေါင်းကို အသည်းအသန် မော့ကြည့်လိုက်ကြကာ ကောင်းကင်ယံထက်သို့ အကြည့်ပို့လွှတ်လိုက်ကြ၏။
ထိုနေရာတွင် တောက်ပလှသော လမင်းကြီး၏ အောက်၌ အနက်ရောင် ဝတ်ရုံကို ဆင်မြန်းထားပြီး မျက်နှာဖုံး စွပ်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော လူရိပ်တစ်ခုမှာ မတ်တတ်ရပ်နေသည်။ သူ၏ ရှည်လျားလှသော ဆံနွယ်များမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေ၏။
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် မည်သည့် စကားတစ်ခွန်းမျှ မဆိုပေ။ ထိုမျက်ဝန်းများအတွင်းရှိ အေးစက်စက် အကြည့်များမှာ ကောင်းကင်ယံရှိ လမင်းထက်ပင် ပိုမို တောက်ပနေပြီး ခြိမ်းခြောက်နေသည့် အေးစိမ့်မှုတို့ဖြင့် တဖျတ်ဖျတ် လက်နေ၏။ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုမှာ သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး ကောင်းကင်ထစ်ချုန်းမြို့ တစ်ခုလုံးကို ဖိနှိပ်ထားရာ မရေမတွက်နိုင်သော လူများမှာ မလှုပ်မယှက် ဖြစ်သွားကြရတော့သည်။
“မင်းက ဘယ်သူလဲ”
လေဝူ ဧကရာဇ် ၏ အသံမှာ အားနည်းစွာဖြင့် ထွက်ပေါ်လာ၏။
“ငါတို့က လေဝူ ဘိုးဘေး ရဲ့ နောက်ခံရှိတဲ့ လေဝူ မင်းဆက် က လူတွေပါ။ ငါတို့ မင်းကို ရန်စမိတယ်လို့ မထင်ဘူး။ စီနီယာ ဘာလို့ အခုလို ရုတ်တရက်ကြီး ရန်မူရတာလဲ”
“သူက နတ်ဆိုးဘုရားကျောင်းသခင် ပဲ”
ယဲ့ဖုန်းသည် လမင်းအောက်ရှိ ထိုလူရိပ်ကို ကြည့်ရင်း သူ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည် လေးနက်လာကာ ပြောလိုက်သည်။
“သူ ကျွန်တော့်ဆီ လာတာ”
ထိုသို့ ပြောလိုက်သည့်တိုင်အောင် ယဲ့ဖုန်း၏ မျက်နှာမှာ ပို၍ ပို၍ တည်ကြည်လာ၏။ သူ မြူခိုးဂိုဏ်း မှ ထွက်လာစဉ်က နတ်ဆိုးဘုရားကျောင်းသခင် ၏ ဖုံးကွယ်ထားသော အန္တရာယ်ကို ထည့်တွက်ဖို့ မမေ့ခဲ့ပေ။ ဤအကြောင်းကြောင့်ပင် သူသည် လေဝူ မင်းဆက် ဆီသို့ နေရာရွှေ့ပြောင်းစဉ်အတွင်း ကျောင်းယန် သန့်စင်သော မြို့တော် ၌ ကြာကြာ မနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရန်သူက မိမိနောက်သို့ တကောက်ကောက် လိုက်ပါလာလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
'ငါ ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း (၁၀) လောက် သုံးပြီးတော့ မြင့်မြတ်သော နတ်ဘုရား ပုံစံ သုံးရတော့မှာလား။ ဒါပေမဲ့ အဲဒီပုံစံနဲ့ဆိုရင်ရော နတ်ဆိုးဘုရားကျောင်းသခင် ကို တကယ်ပဲ ယှဉ်နိုင်ပါ့မလား။'
ယဲ့ဖုန်း မှာ စိုးရိမ်ပူပန်လာ၏။ တစ်ဖက်လူမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ (၄) တွင် ရှိနေခြင်း မဟုတ်ပါလား။ ဤကဲ့သို့သော အစွမ်းထက် တန်ခိုးရှင်မှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။
“ငါက နတ်ဆိုးဘုရားကျောင်းသခင် ပဲ”
ကောင်းကင်ယံထက်၌ မောက်မာလှသော ထိုလူမှာ နောက်ဆုံးတွင် စကားပြောလိုက်တော့သည်။ သူ၏ အသံမှာ ကြည်လင် ပြတ်သားလှပြီး တစ်မြို့လုံး၌ ချက်ချင်းပင် ပဲ့တင်ထပ်သွားတော့၏။
“နတ်ဆိုးဘုရားကျောင်းသခင် ဟုတ်လား”
“ဟူး...”
လေဝူ ဧကရာဇ် နှင့် ကျန်ရှိနေသော တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၂) ဦးတို့မှာ အသက်ကို ပြင်းပြင်းရှူလိုက်ကြရသည်။ ကျောင်းယန် သန့်စင်သော မြို့တော် ရှိ အင်အားစု အသီးသီးမှ ခေါင်းဆောင်များမှာ သူ၏ အကြောင်းကို ကြားဖူးကြ၏။
ရောက်လာသူမှာ နတ်ဆိုးဘုရားကျောင်းသခင် ဖြစ်ကြောင်း သိလိုက်ရသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ လေထဲရှိ မြက်ပင်များအလား သိသိသာသာ တုန်ရီလာကြတော့၏။ လေဝူ ဘိုးဘေး ပင်လျှင် နတ်ဆိုးဘုရားကျောင်းသခင် ကို လူကိုယ်တိုင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။ ၎င်းတို့မှာမူ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်များသာ ဖြစ်ကြသဖြင့် တိုက်ခိုက်ရန် ပို၍ပင် ဝန်လေးနေကြတော့သည်။
“အရမ်း ကြောက်စရာ ကောင်းတာပဲ”
“ဒီလောက် မြင့်မားတဲ့ အဆင့်ရှိတဲ့ ပုဂ္ဂိုလ်က ငါတို့ရဲ့ ကောင်းကင်ထစ်ချုန်းမြို့ ဆီကို ဘာလို့ ရောက်လာတာလဲ။ ဂိုဏ်းချုပ် ယဲ့ အတွက်လား မသိဘူး”
လူအများမှာ မသိမသာပင် ယဲ့ဖုန်း ဆီသို့ အကြည့်ပို့လွှတ်လိုက်ကြ၏။ ထိုနေရာ၌ ယဲ့ဖုန်းသည် အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ရေးထိုးခြင်းအား ဖြည်းညှင်းစွာ အဆုံးသတ်လိုက်ကာ ခေါင်းမော့လျက် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နတ်ဆိုးဘုရားကျောင်းသခင် နှင့် မျက်လုံးချင်း ဆုံလိုက်သည်။
“ကောင်လေး... နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီပေါ့”
နတ်ဆိုးဘုရားကျောင်းသခင် က အေးစက်စွာ ရယ်လျက် ပြောလိုက်၏။ သူသည် လက်ပိုက်လျက် အထင်သေးသော အမူအရာကို ပြသနေသည်။ သူ၏ အမြင်တွင်တော့ ယဲ့ဖုန်း ကျင့်ကြံခြင်း အဆင့်များ ဆုံးရှုံးနေသည်မှာ အရေးမကြီးပေ။ သူ၏ အထွတ်အထိပ် အချိန်တွင်ပင် ယဲ့ဖုန်းမှာ မိမိ၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ (၄) တွင် ရှိနေသော သူသည် ထိုအဆင့်အောက်ရှိ ကျင့်ကြံသူ တစ်အုပ်လုံးကို အလွယ်တကူပင် နှိမ်နင်းနိုင်၏။ ၎င်းတို့ကြားရှိ ကွာဟချက်မှာ အလွန်ပင် ကြီးမားလှပါလား။
ယဲ့ဖုန်းသည် နတ်ဆိုးဘုရားကျောင်းသခင် ကို ရင်ဆိုင်လျက် လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ကျုပ် နတ်ဆိုးဘုရားကျောင်း ကို တစ်ခါမှ ရန်မစဖူးဘူး၊ ခင်ဗျား ဘာလို့ ကျုပ်ကို တစ်ခါပြီး တစ်ခါ လိုက်ရှာနေရတာလဲ။ အရင်တစ်ခေါက်က အဆင့်မြင့် ဝိညာဉ်ရတနာ ပိုင်ဆိုင်ထားတဲ့ အကြီးအကဲ ဝမ်ကျုံး ကို လွှတ်ခဲ့တယ်... အခုတော့ ခင်ဗျားကိုယ်တိုင်တောင် ရောက်လာခဲ့ပြီပေါ့”
နတ်ဆိုးဘုရားကျောင်းသခင် မှာ ဆိတ်ဆိတ်သာ နေလိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများမှာ မျက်လုံးချင်း လှည့်လည် ကြည့်လိုက်ကြကာ သူသည် ယဲ့ဖုန်း ဆီသို့ တကယ် လာခြင်းဖြစ်ကြောင်း တီးတိုး ပြောဆိုနေကြပြီး နှလုံးသားထဲ၌လည်း အမည်မဖော်နိုင်သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေကြ၏။ ကြည့်ရတာ ယဲ့ဖုန်း နှင့် နတ်ဆိုးဘုရားကျောင်းသခင် ကြားတွင် ရန်ငြိုးတစ်ခု ရှိနေပုံရပြီး သူသည် ယနေ့ညတွင် ဘေးကင်းကင်းနှင့် ကျော်ဖြတ်နိုင်ပါ့မလား ဆိုသည်မှာ မသေချာတော့ပေ။
“မင်း ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်တယ်လို့ ငါ ကြားထားတယ်။ အဲဒီ နည်းလမ်းကို ငါ့ကို လိမ်လိမ်မာမာ ပြောပြလိုက်ရင် မင်းရဲ့ အသက်ကို ချမ်းသာပေးမယ်”
နတ်ဆိုးဘုရားကျောင်းသခင် က သူ၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် ဖွင့်ဟလိုက်ပြီ ဖြစ်၏။
ယဲ့ဖုန်း က ရုတ်တရက် ရယ်လိုက်သည်။ နတ်ဆိုးဘုရားကျောင်းသခင် ထံမှ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း နှင့် ဆင်တူသော အရှိန်အဝါတစ်ခုကို သူ ဘာလို့ ခံစားခဲ့ရသလဲဆိုတာ မထူးဆန်းတော့ပေ။ ကြည့်ရတာ တစ်ဖက်လူသည်လည်း ဤ နတ်ဘုရားစွမ်းရည် ကို လေ့ကျင့်ထားခြင်း ဖြစ်ရမည်။ စိတ်မကောင်းစရာကတော့ နတ်ဆိုးဘုရားကျောင်းသခင် ၏ စွမ်းရည်မှာ မပြည့်စုံခြင်းပါပင်။
“ကျုပ်က ဘာလို့ ခင်ဗျားကို ပြောပြရမှာလဲ”
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း က ပြန်လည် တုံ့ပြန်လိုက်၏။
ထိုနည်းလမ်းကို ပြောပြရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ သူသည် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး များ အသုံးပြုကာ မျက်တောင်တစ်ခတ်အတွင်း သင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် စနစ် အကြောင်းကို မည်သို့ ဖွင့်ဟနိုင်ပါမည်နည်း။ ၎င်းမှာ မဖြစ်နိုင်သော ကိစ္စပင်။ အကယ်၍ သူသာ ဉာဏ်အလင်းပွင့်မှုကြောင့် သင်ယူနိုင်ခဲ့သည်ဟု ပြောလျှင်ပင် နတ်ဆိုးဘုရားကျောင်းသခင် မှာ သေချာပေါက် ယုံကြည်လိမ့်မည် မဟုတ်ပေ။
“မပြောဘူးပေါ့လေ”
နတ်ဆိုးဘုရားကျောင်းသခင် ၏ မျက်နှာမှာ အေးစက်သွားကာ - “ဒါဆိုလည်း သေတော့”
သူသည် လေထဲသို့ ပျံလွှားတက်လိုက်ကာ သူ၏ လက်ကို ယဲ့ဖုန်း ၏ လည်ပင်းဆီသို့ ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး သူ့ကို လေထဲသို့ မ,တင်ကာ အဆက်မပြတ် နှိပ်စက်ရန် ပြင်လိုက်တော့၏။
“ဂိုဏ်းချုပ်”
“ဂိုဏ်းချုပ် ယဲ့”
လင်ယွဲ့ ၊ တတိယမင်းသား ၊ ဝမ်ဖင်းအန်း ၊ လီကျောက်ခွန် နှင့် အခြား တပည့်များမှာ ကျယ်လောင်စွာ ဟစ်အော်လိုက်ကြကာ တိုက်ခိုက်ရန် ပြင်လိုက်ကြသော်လည်း ၎င်းတို့၏ ခွန်အားမှာ မလုံလောက်ပေ။ နတ်ဆိုးဘုရားကျောင်းသခင် ၏ ရှေ့တွင်တော့ ၎င်းတို့မှာ ပုရွက်ဆိတ်များထက်ပင် နိမ့်ကျနေကြသည်။
“တောက်... ဒီလူက အရမ်း သန်မာတာပဲ”
တိုက်ခိုက်လိုစိတ် ပြင်းပြလှသော တောင်စောင့် မျောက်နတ်ဘုရား သည် သူ၏ ခန္ဓာကိုယ်ကို မ,တင်ကာ တိုက်ခိုက်ရန် ကြိုးစားနေသော်လည်း ခွန်အား တစ်စက်မျှ မရှိတော့သည်ကို တွေ့လိုက်ရ၏။ ယဲ့ဖုန်း အပါအဝင် လူတိုင်းမှာ ဖိနှိပ်ခံထားရသည်။
ထိုအခိုက်အတန့်၌...
ယဲ့ဖုန်း ၏ မျက်ဝန်းများမှာ ရေခဲအလား အေးစက်သွားကာ သူသည် မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ ဝင်ရောက်ရန်အတွက် ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း (၁၀) ကို အသုံးပြုရန် ပြင်လိုက်၏။ ၎င်းမှာ (၅) စက္ကန့်မျှသာ ကြာမြင့်ပေလိမ့်မည်။
အထက် ကောင်းကင်ယံ၌၊
ရေလှိုင်းများကဲ့သို့ တုန်ခါမှုတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ မြူခိုးများ ဖုံးလွှမ်းနေသော လှပလှသည့် လူရိပ်တစ်ခုမှာ လေထဲ၌ ဖြည်းညှင်းစွာ ပေါ်ထွက်လာသည်။ ဤသူမှာ အခြားသူမဟုတ်ဘဲ ယွီကျူး ပင် ဖြစ်၏။
ပထမဦးစွာ သူမသည် ဝင်ရောက် စွက်ဖက်ရန် အစီအစဉ် မရှိခဲ့ပေ။ သို့သော်လည်း လီကျောက်ခွန် က ယဲ့ဖုန်း ကို ဂိုဏ်းချုပ် ဟု ဟစ်အော်ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ မိမိ၏ မိတ်ဆွေဟောင်းမှာ မြူခိုးဂိုဏ်း ထဲသို့ ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်ရသည်။ ထိုမိတ်ဆွေဟောင်းမှာ သူမအပေါ် ကျေးဇူးရှိခဲ့ဖူးသူ ဖြစ်၏။ ထို့ကြောင့် ဤအချိန်တွင် ယွီကျူး အနေဖြင့် ဘေးထိုင်နေရန် မဖြစ်နိုင်တော့ပေ။
သူမ ပေါ်ထွက်လာသည်နှင့် တပြိုင်နက် ဟင်းလင်းပြင် လှိုင်းတံပိုးများမှာ ရေလှိုင်းများအလား ပျံ့နှံ့ရိုက်ခတ်သွားကာ နတ်ဆိုးဘုရားကျောင်းသခင် ထံမှ ထွက်ပေါ်နေသော ဧရာမ ဝိညာဉ်ရေးရာ ဖိအားများကို ပယ်ဖျက်ပစ်လိုက်တော့၏။ လန်းဆန်းစေသော အရှိန်အဝါတစ်ခု ကျဆင်းလာသည်။
ယဲ့ဖုန်း နှင့် အခြားသူများမှာ ချက်ချင်းပင် သက်သာရာရသွားကြပြီး ကောင်းကင်ယံရှိ လမင်းအောက်မှ နတ်သမီးတစ်ပါးအလား မြူခိုးများ ဖုံးလွှမ်းနေသော လူရိပ်ဆီသို့ အကြည့်ပို့လွှတ်လိုက်ကြ၏။
“ယွီကျူး... ယွီကျူး”
နတ်ဆိုးဘုရားကျောင်းသခင် မှာ အံ့အားသင့်လွန်းသဖြင့် သူ၏ လျှာကိုပင် ကိုက်မိလုနီးပါး ဖြစ်သွားရသည်။ သူသည် ယနေ့တွင် ယွီကျူး နှင့် တွေ့ဆုံခဲ့ကတည်းက စိတ်မသက်မသာ ဖြစ်နေခဲ့ခြင်း ဖြစ်၏။ အခု ယဲ့ဖုန်း ကို နောက်ဆုံးတွင် ရှာတွေ့လိုက်သည့် အချိန်မှာပင် ယွီကျူး မှာ ထပ်မံ ပေါ်ထွက်လာပြန်ပြီ ဖြစ်၏။ ၎င်းမှာ ခြောက်လှန့်နေသော ဝိညာဉ်တစ်ခုအလားပင်။ သို့မဟုတ်လျှင်လည်း သူမသည် မိမိနှင့် ရန်ငြိုးတစ်ခုခု ရှိနေသကဲ့သို့ပင် ဖြစ်၏။
“တောက်”
“ဒီမိန်းမ က ဘာလို့ ထပ်ပေါ်လာရပြန်တာလဲ”
“သူ.. ငါ့ကို ပစ်မှတ်ထားနေတာလား”
နတ်ဆိုးဘုရားကျောင်းသခင် မှာ အလွန်ပင် လက်မှိုင်ချသွားတော့သည်။
မြေပြင်ပေါ်၌၊
'ဟင်းလင်းပြင် ဖြိုခွဲ အဆင့် သတ္တမအလွှာ (၇) အထွတ်အထိပ် ပဲ။'
ယဲ့ဖုန်းသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံး ကို အသုံးပြုကာ ရောက်ရှိလာသူ၏ ကျင့်ကြံခြင်း အဆင့်ကို မြင်တွေ့လိုက်ရရာ သူ၏ နှလုံးသားမှာ တုန်ခါသွားတော့သည်။ သူသည် မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ ဝင်ရောက်ရန်အတွက် ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း (၁၀) ကို အသုံးပြုမည့် အစီအစဉ်ကို ခေတ္တ စွန့်လွှတ်လိုက်ကာ အခြေအနေ မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
“နတ်ဆိုးဘုရားကျောင်းသခင်... ဘာလို့ ရှင့်ကို ထပ်တွေ့ရပြန်တာလဲ”ယွီကျူး က နူးညံ့စွာ ပြောဆိုလိုက်၏။
သူမ၏ စကားကို ကြားလိုက်ရသောအခါ နတ်ဆိုးဘုရားကျောင်းသခင် မှာ အတိုင်းအဆ မရှိအောင် ဒေါသထွက်သွားတော့၏။ 'အဲဒီစကားကို ငါကပဲ မင်းကို ပြန်မေးရမှာ မဟုတ်ဘူးလား။ မင်းက ငါ့ကို လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ကို မသွားဖို့ သတိပေးခဲ့တယ်... ငါလည်း သည်းခံခဲ့ပါတယ်။ အခု ငါ လေဝူ မင်းဆက် ကို လာတော့လည်း မင်းက ထပ်ပြီး ပေါ်လာပြန်ပြီ... တကယ့်ကို ကျိန်စာသင့်နေတာပဲ။' ဟု သူ တကယ်ပင် ပြောချင်နေမိတော့၏။
ဤသို့ တွေးတောရင်းဖြင့် နတ်ဆိုးဘုရားကျောင်းသခင် မှာ အလွန်ပင် စိတ်ဓာတ်ကျနေသည်။
သို့သော်လည်း ယွီကျူး ၏ မေးခွန်းကို ရင်ဆိုင်ရင်း သူ ပြန်လည် ဖြေကြားလိုက်ရ၏။
“ကျွန်တော် မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း နဲ့ ရန်ငြိုးအချို့ ရှိနေလို့ပါ... ရှင် ကျွန်တော့်ကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“အဲဒါကတော့ ဖြစ်နိုင်မယ် မထင်ဘူး”
ယွီကျူး က အေးစက်စွာ ပြန်လည် တုံ့ပြန်လိုက်၏။ ၎င်းကို ကြားလိုက်ရသောအခါ နတ်ဆိုးဘုရားကျောင်းသခင် ၏ မျက်သူငယ်အိမ်များ ကျုံ့သွားကြသည်။
ယဲ့ဖုန်း သည် ၎င်းတို့၏ စကားဝိုင်းကို နားထောင်ရင်း အလွန်ပင် အံ့အားသင့်နေ၏။ သူသည် ဤဆန်းကြယ်သော မိန်းကလေးကို မသိကျွမ်းကြောင်း သေချာလှသည်။
သူမက မိမိကိုယ်စား ဘာကြောင့် ဝင်ရောက် စွက်ဖက်ပေးရတာနည်း။ ဤကိစ္စမှာ စဉ်းစားစရာပင် ဖြစ်၏။ ယဲ့ဖုန်းသည် ကောင်းကင်မှ မုန့်ဖိုး ကျလာလိမ့်မည်ဟု မယုံကြည်ပေ။ အဆင့်မြင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော တန်ခိုးရှင် တစ်ဦးဖြစ်သည့် ယွီကျူး ၏ ကိုယ်တိုင် ကိုယ်ကျ ဆင်းသက်လာမှုမှာ အရေးကြီးသော ကိစ္စတစ်ခု ရှိနေခြင်းပင် ဖြစ်ရမည်။
“မြူခိုးဂိုဏ်း က တပည့်တစ်ယောက်ဟာ ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ မျိုးဆက်ပဲ... ငါက အဲဒီ မိတ်ဆွေအပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတယ်။ မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ကို ရန်မူတာဟာ ငါ့ကို ရန်စတာနဲ့ အတူတူပဲ”ဟု ယွီကျူး က ရုတ်တရက် ဖွင့်ဟလိုက်၏။
ဤသည်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။ မြူခိုးဂိုဏ်း ထဲမှာ ယွီကျူး ၏ မိတ်ဆွေဟောင်း မျိုးဆက် တကယ်ပဲ ရှိနေတာလား။ ထိုမိတ်ဆွေမှာ အဆင့်မြင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော ထိပ်တန်း ဘိုးဘေး တစ်ဦးပင် ကျေးဇူးရှိခဲ့ဖူးသူ တစ်ဦးလား။
သူ အသည်းအသန် တွက်ချက်လိုက်ရာ နောက်ဆုံးတွင်တော့ သူ၏ အကြည့်များမှာ ဘာမှ မသိဘဲ ငေးကြည့်နေသော ကတုံးတပည့် လီကျောက်ခွန် ပေါ်သို့ ကျရောက်သွားတော့သည်။
'ဟုတ်သားပဲ။'
'လီကျောက်ခွန် ရဲ့ လည်ပင်းက ဝိညာဉ်ပတ် ကျောက်စိမ်း ဟာ ယွီကျူး က တံဆိပ်ခတ်ထားတာပဲ။ ဒီဆန်းကြယ်တဲ့ မိန်းကလေးရဲ့ နာမည်ကလည်း ယွီကျူး ပဲဆိုတော့ သူတို့က တစ်ယောက်တည်း ဖြစ်ရမယ်။'
ယဲ့ဖုန်း က လမင်းအောက်ရှိ ထိုနတ်သမီး ပုံရိပ်ကို ခေါင်းမော့ ကြည့်လိုက်၏။
“မြူခိုးဂိုဏ်း ရဲ့ တပည့်တစ်ယောက်က ယွီကျူး ရဲ့ မိတ်ဆွေဟောင်း မျိုးဆက် ဟုတ်လား”
ယွီကျူး ၏ စကားကို ကြားလိုက်ရသောအခါ နတ်ဆိုးဘုရားကျောင်းသခင် မှာ ထိတ်လန့်တုန်လှုပ်သွားကာ သူ၏ လျှာကို တင်းတင်း ကိုက်လိုက်မိသည်။ သူသည် ယဲ့ဖုန်း ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ယွီကျူး ကို ကြည့်ကာ ယဲ့ဖုန်း ကို ပေါ်ပေါ်ထင်ထင် ရန်မူ၍ မရတော့ကြောင်း သဘောပေါက်လိုက်၏။ မဟုတ်လျှင် သူသည် ယွီကျူး ကို ရန်စမိသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ အကယ်၍ ထိုသို့ ဖြစ်လာမည်ဆိုလျှင် သူသည် ဆိုးဝါးလှသော သေခြင်းတရားနှင့် ရင်ဆိုင်ရမည်မှာ သေချာလှသည်။
“ကျွန်တော် စော်ကားမိတာ တောင်းပန်ပါတယ်... နှုတ်ဆက်ပါတယ် ခင်ဗျာ”
ထိုသို့ တွေးတောရင်းဖြင့် နတ်ဆိုးဘုရားကျောင်းသခင် သည် တချိုးတည်း လှည့်၍ ထွက်ပြေးသွားလေတော့၏။
---
အခန်း (၅၄၃) - မူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိခြင်း ၊ လူသားတို့၏ သံယောဇဥ်နှင့် တည်ငြိမ်သော လမ်းကြောင်း ဖန်တီးခြင်း
~ယဲ့ဖုန်းသည် ထွက်ပြေးသွားသော နတ်ဆိုးဘုရားကျောင်းသခင် ကို တားဆီးချင်သော်လည်း ယွီကျူး က တစ်စုံတစ်ရာ လှုပ်ရှားခြင်း မရှိသောကြောင့် ခေတ္တမျှ လက်လျှော့လိုက်ရ၏။
'တစ်နေ့နေ့ကျရင်တော့ ငါ နတ်ဆိုးဘုရားကျောင်း ကို ဝင်စီးပြီး အဲဒီ ကျောင်းသခင် ဆိုတဲ့ လူယုတ်မာကို မြေလှန်ပစ်ဦးမယ်။'
ယဲ့ဖုန်း သည် စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆိုလိုက်၏။ ၎င်းနောက်တွင် သူသည် ယွီကျူး ဘက်သို့ လှည့်ကာ လက်နှစ်ဖက် ဆုပ်လျက် နှုတ်ဆက်လိုက်၏။
“ကူညီပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ယွီကျူး။ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်မိပါတယ်”အကယ်၍ ယွီကျူး သာ ပေါ်မလာခဲ့လျှင် သူသည် ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်းပေါင်းများစွာကို အသုံးပြုကာ မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ (၅) စက္ကန့်မျှ ဝင်ရောက်ခဲ့ရမည် ဖြစ်၏။ ယဲ့ဖုန်း သည် ထိုစွမ်းအားကို စမ်းသပ်လိုသော်လည်း နှလုံးသားထဲ၌ ဝေခွဲမရ ဖြစ်နေဆဲပင်။
မြင့်မြတ်သော နတ်ဘုရား ပုံစံ မှာ အားကောင်းသည်ဟု ဆိုသော်လည်း နတ်ဆိုးဘုရားကျောင်းသခင် ကို မျက်တောင်တစ်ခတ်အတွင်း နှိမ်နင်းနိုင်၊ မနိုင် ဆိုသည်မှာ မသေချာသေးပေ။ ထို့ကြောင့် ယွီကျူး ဝင်ရောက် ကူညီပေးခဲ့ခြင်းက ပို၍ ကောင်းမွန်ခဲ့သည်။
“ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက် မင်းတို့ မြူခိုးဂိုဏ်း ထဲကို ဝင်သွားလို့သာ ငါ ကူညီပေးတာပါ။ မဟုတ်ရင်တော့ ငါ ဒီကိစ္စမှာ ဝင်ပါမှာ မဟုတ်ဘူး”
ယွီကျူး က သူမ၏ ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်ကာ နူးညံ့စွာ ပြောလိုက်၏။ သူမသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး လီကျောက်ခွန် ၏ ရှေ့တွင် ရပ်လိုက်သည်။
“ဝှစ်”
ဝိညာဉ်ပတ် ကျောက်စိမ်း သည် ရုတ်တရက် လေထဲသို့ ပျံတက်သွားကာ ယွီကျူး ၏ လက်ဖဝါးပေါ်သို့ ကျရောက်သွားတော့၏။ ၎င်းပေါ်ရှိ ရှေးဟောင်း တံဆိပ်များမှာ အလိုအလျောက် ကြွေလွင့်သွားကြပြီး သန့်ရှင်းလှသော အလင်းတန်းများ ဖြာထွက်လာသည်။
“ဒါ... ဒါက”
လီကျောက်ခွန် မှာ အလွန်ပင် အံ့အားသင့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
သာမန်ဟု ထင်ရသော ထိုကျောက်စိမ်းဆွဲပြားလေးက ဘယ်လိုဖြစ်ပြီး အခုလို ပြောင်းလဲသွားရတာလဲ ဆိုသည်ကို သူ အဖြေရှာမရ ဖြစ်နေ၏။
“နောက်ဆုံးတော့ မူလပိုင်ရှင်ဆီ ပြန်ရောက်လာပြီပဲ”
ယွီကျူး ၏ အသံမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။
“ဒါက စီနီယာ ရဲ့ ပစ္စည်းလား ခင်ဗျာ”လီကျောက်ခွန် က သူ၏ ပြောင်လက်နေသော ကတုံးကို ပွတ်သပ်လိုက်ကာ မျက်တောင်တခတ်ခတ်ဖြင့် မေးမြန်းလိုက်၏။
“ဟုတ်တယ်။”
ယွီကျူး က ခေါင်းညိတ်ပြလိုက်ကာ လီကျောက်ခွန် ကို ကြည့်လိုက်သည်။
“မင်းက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ သားပဲ
လီကျောက်ခွန် မှာ မှင်သက်သွားကာ “စီနီယာ က ကျွန်တော့်ရဲ့ မိဘတွေကို သိလို့လား ခင်ဗျာ”
ယွီကျူး က ခပ်ဖွဖွ ခေါင်းညိတ်လိုက်ကာ “လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မင်းရဲ့ အမေနဲ့ ငါက ညီအစ်မတွေလို ရင်းနှီးခဲ့ကြတာ။ နောက်ပိုင်းမှာတော့ သူက ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင် တစ်ယောက်နဲ့ လက်ထပ်ပြီး မင်းကို မွေးဖွားခဲ့တာပေါ့။ ဒါပေမဲ့ မင်းရဲ့ မိဘတွေက စစ်ပွဲကြီးတစ်ခုအတွင်း ပိတ်မိသွားခဲ့ကြတယ်။ မင်းရဲ့ အမေကတော့ သူ ပျောက်ကွယ်မသွားခင်မှာ အသံသဝဏ်လွှာ တစ်ခုကို ချန်ထားခဲ့နိုင်ခဲ့တာပေါ့။ ဒီ ဝိညာဉ်ပတ် ကျောက်စိမ်း ကတော့ ငါ မတော်တဆ ရရှိခဲ့တဲ့ ရတနာတစ်ခုပဲ။ ငါ ဒါကို ဝိညာဉ်ရတနာ တစ်ခုအဖြစ် သွန်းလုပ်ပြီး မင်းအမေကို လက်ဆောင်ပေးခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒီပစ္စည်းက ငါ့အတွက် အရမ်း အရေးကြီးနေလို့ ပြန်ယူရမှာပဲ။ မင်းသာ ငါ့ကို ပေးမယ်ဆိုရင် ငါ မင်းအပေါ်မှာ ကျေးဇူးတင်ရှိသွားမှာ ဖြစ်သလို အနာဂတ်မှာ တစ်ကြိမ် ကူညီပေးမယ်လို့ ကတိပေးပါတယ်”
ထိုသို့ ပြောပြီးနောက် ယွီကျူး မှာ ဆိတ်ဆိတ်သာ နေလိုက်၏။ သူမသည် လီကျောက်ခွန် ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခြင်းပါ။
လီကျောက်ခွန် သည် ဝိညာဉ်ပတ် ကျောက်စိမ်း ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မွေးဖခင် တောင်စောင့် မျောက်နတ်ဘုရား ကို အကြည့်ပို့လွှတ်လိုက်ရာ တောင်စောင့် မျောက်နတ်ဘုရား ကလည်း ယဲ့ဖုန်း ဆီသို့ အကြည့်ပို့လွှတ်လိုက်ပြန်သည်။
“ဘာလို့ ငါ့ကို ကြည့်နေကြတာလဲ”
ယဲ့ဖုန်း ၏ နှုတ်ခမ်းဖျားမှာ တစ်ချက် တွန့်သွားတော့၏။ ဤကိစ္စတွင် မိမိက ဘာကြောင့် ဆုံးဖြတ်ချက် ချပေးရမည်နည်းဟု သူ မကျေမနပ် ဖြစ်သွားရသည်။
သို့သော်လည်း ယွီကျူး ကလည်း မိမိကို အကြည့်ပို့လွှတ်နေသည်ကို သတိပြုမိလိုက်သောအခါ ယဲ့ဖုန်းသည် တကယ်ကို အကြပ်ရိုက်သွားတော့သည်။
ခဏမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း က ပြောလိုက်၏။
“ယွီကျူး က ကျွန်တော်တို့ အသက်ကို ကယ်ခဲ့တာပဲလေ။ ပစ္စည်းကလည်း မူလ ပိုင်ရှင်ဆီ ပြန်ရောက်တာက တရားမျှတပါတယ်”
“ကောင်းပြီ... တကယ့်ကို ပြတ်သားတဲ့ လူပဲ”
ယွီကျူး က အနည်းငယ် ပြုံးလိုက်သည်။
ဝိညာဉ်ပတ် ကျောက်စိမ်း ၏ ကုန်ကြမ်းမှာ ထူးခြားလှသဖြင့် အဓမ္မ လုယူ၍ မရပေ။ ပိုင်ရှင်၏ ခွင့်ပြုချက် ရရှိမှသာ အသုံးပြုနိုင်မည် ဖြစ်ပြီး မဟုတ်ပါက အတွင်းရှိ ထူးခြားသော စွမ်းအင်များမှာ အကုန် ကွယ်ပျောက်သွားမည် ဖြစ်၏။ ယဲ့ဖုန်း က သဘောတူလိုက်သဖြင့် ယွီကျူး မှာ စိတ်ကျေနပ်သွားတော့သည်။
ဤပစ္စည်းသည် သူမကို ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အဋ္ဌမအလွှာ (၈) သို့ တက်လှမ်းရန် ကူညီပေးလိမ့်မည်ဟု တွေးတောမိသောအခါ သူမမှာ မပြုံးဘဲ မနေနိုင်တော့ပေ။
သူမသည် ယဲ့ဖုန်း နှင့် လီကျောက်ခွန် တို့ကို ကြည့်ကာ ပြောလိုက်၏။
“ဒီနေ့ကစပြီး ငါ မင်းတို့အပေါ်မှာ ကျေးဇူးတင်ရှိသွားပြီ။ အကူအညီ လိုတဲ့အခါကျရင် ဒီပစ္စည်းကို သုံးပြီး ငါ့ကို ဆက်သွယ်လိုက်ပါ။ အချိန်အနည်းငယ် ကြာရင်တော့ ဝိညာဉ်ပတ် ကျောက်စိမ်း ကို ငါ ပြန်ပေးပါ့မယ်... အဲဒါအတွက်တော့ မစိုးရိမ်ပါနဲ့”
“ဝှစ်”
ယွီကျူး မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့၏။
ယဲ့ဖုန်း မှာ မျက်ခုံးပင့်လိုက်မိကာ သူ၏ လက်ဖဝါးပေါ်သို့ ကြည့်လိုက်သောအခါ စိမ်းစိုသော ကျောက်စိမ်းကြိုးကြာရုပ်လေး တစ်ခု ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ဤအရာကို ချိုးဖဲ့လိုက်လျှင် ယွီကျူး ကို ခေါ်ယူနိုင်မည် ဖြစ်၏။
ယဲ့ဖုန်း သည် ကျောက်စိမ်းကြိုးကြာရုပ်ကို သိမ်းဆည်းလိုက်ကာ လီကျောက်ခွန် ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
“ဝိညာဉ်ပတ် ကျောက်စိမ်း က မင်းအမေ ချန်ထားခဲ့တဲ့ ပစ္စည်းပဲလေ... ဘာလို့ ငါ့ကို ဆုံးဖြတ်ခိုင်းတာလဲ”
လီကျောက်ခွန် က မျက်တောင်တခတ်ခတ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် မှတ်မိသလောက်တော့ မိဘတွေကို တစ်ခါမှ မမြင်ဖူးဘူးလေ။ ဒါကြောင့် သူတို့အပေါ်မှာ သံယောဇဉ် သိပ်မရှိပါဘူး... အဲဒါကြောင့် ဝိညာဉ်ပတ် ကျောက်စိမ်း နဲ့ ပတ်သက်ပြီးလည်း သိပ်ပြီး စိတ်ထဲ မထားပါဘူး ခင်ဗျာ”
“ကောင်းပြီလေ”
ယဲ့ဖုန်း က ခပ်တိုးတိုး ရေရွတ်လိုက်၏။
လီကျောက်ခွန် ကိုယ်တိုင်ကပင် သိပ်ပြီး စိတ်မဝင်စားသလို ယွီကျူး ကလည်း နောက်ပိုင်းတွင် ပြန်ပေးမည်ဟု ကတိပေးထားသဖြင့် ဤကိစ္စကို လက်ရှိတွင်တော့ ထားလိုက်ရတော့သည်။
“အလယ်အလတ်စား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို ဆက်ပြီး သွန်းလုပ်ကြရအောင်”
ယဲ့ဖုန်း သည် သူ၏ လက်ချောင်းများကို ဓားသဖွယ် အသုံးပြုကာ ဝင်္ကပါ ပုံစံများကို ဆက်လက် ရေးထိုးနေတော့၏။
နတ်ဆိုးဘုရားကျောင်းသခင် မှာ ကြောက်လန့်ပြီး ထွက်ပြေးသွားပြီဖြစ်ရာ လတ်တလောတွင် မိမိကို ရန်မစရဲသဖြင့် မိမိကိုယ်ကိုယ် ပိုမို သန်မာအောင် လုပ်ဆောင်ရန်အတွက် အကောင်းဆုံး အခွင့်အရေး မဟုတ်ပါလော။
သူသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံး နှင့် ဉာဏ်အလင်းပွင့် နှလုံးသား ကို အသုံးပြုကာ မည်သည့် အမှားအယွင်းမျှ မရှိစေဘဲ ရေးထိုးနေတော့၏။
(၃) ရက် ခန့် ကြာပြီးနောက်...
ယဲ့ဖုန်း သည် အသွားအပြန် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်စုံကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်၏။
လေဝူ မင်းဆက် ၏ နန်းတွင်း ရင်ပြင်၌၊
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ နှစ်ခုကို မြေပြင်ပေါ်တွင် မီတာ (၁၀၀) ခန့် အကွာအဝေး၌ နေရာချထား၏။ တစ်ခုချင်းစီမှာ လက်မအနည်းငယ်သာ မြင့်သော်လည်း အချင်း မီတာ (၁၀) ခန့် ရှိပြီး လူပေါင်း ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း သယ်ဆောင်နိုင်စွမ်း ရှိသည်။
“ဝှီး”
နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုထံမှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ထိုပေါ်တွင် ရပ်နေသော မီးလျှံ နတ်ဆိုး ဧကရာဇ် မှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့၏။ နောက်တစ်စက္ကန့်တွင်တော့ သူသည် အခြား နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်၌ ပြန်လည် ပေါ်ထွက်လာ၏။
“တကယ်ကို အံ့သြစရာ ကောင်းလှပေတယ် ”လေဝူ ဧကရာဇ် က ချီးကျူးစကား ဆိုလိုက်သည်။
ယဲ့ဖုန်း သွန်းလုပ်ထားသော အလယ်အလတ်စား အသွားအပြန် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ မှာ ဖွဲ့စည်းပုံ နက်နဲလှသလို စွမ်းအင် သုံးစွဲမှုလည်း အလွန်ပင် သက်သာလှ၏။ ၎င်းမှာ လည်ပတ်ရန်အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး များကို အသုံးပြုပြီး အများဆုံး သယ်ဆောင်နိုင်သည့် အကွာအဝေးမှာ မိုင်ပေါင်း (၁၀) ကုဋေ အထိ ရှိ၏။ အကယ်၍ အဆင့်မြင့်ဆုံး ဝိညာဉ်ကျောက်တုံး များကို အသုံးပြုမည်ဆိုလျှင် ထိုအကွာအဝေးထက်ပင် ပိုမို ဝေးကွာနိုင်ပေသေးသည်။
“ကောင်းပြီ... ဒီဝင်္ကပါ ကတော့ ဘာပြဿနာမှ မရှိတော့ဘူး”ယဲ့ဖုန်း က ပြောလိုက်၏။
၎င်းမှာ (၁၀) ကြိမ်မြောက် စမ်းသပ်မှု ဖြစ်ပြီး စမ်းသပ်မှုတိုင်းမှာ အောင်မြင်ခဲ့သလို သယ်ဆောင်ခြင်း ခံရသူများမှာလည်း မည်သည့် စိတ်မသက်မသာ ဖြစ်မှုမျိုးကိုမျှ မခံစားခဲ့ရပေ။
“လေဝူ ဧကရာဇ် ခင်ဗျာ... နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ တစ်ခုကို ကောင်းကင်ထစ်ချုန်းမြို့ ရဲ့ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် မှာ ထားခဲ့ပါ့မယ်။ ကျန်တဲ့ တစ်ခုကိုတော့ ဒီဂိုဏ်းချုပ် က မြူခိုးဂိုဏ်း ဆီကို ပြန်သယ်သွားပါ့မယ်”ယဲ့ဖုန်း က ပြောလိုက်၏။
“ပြဿနာ မရှိပါဘူး”လေဝူ ဧကရာဇ် က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
၎င်းတို့ နှစ်ဦးမှာ ဤအစီအစဉ်အတွက် ဆွေးနွေးပြီး ဖြစ်ကြ၏။ ကောင်းကင်ထစ်ချုန်းမြို့ ရှိ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို လေဝူ မင်းဆက် ၏ တော်ဝင် မိသားစုက ထိန်းသိမ်း စောင့်ရှောက်ပေးရမည် ဖြစ်ပြီး အကယ်၍ ကျင့်ကြံသူ တစ်ဦးဦးက ၎င်းကို အသုံးပြုမည်ဆိုပါက ရရှိလာသော အကျိုးအမြတ်ကို (၉၀) နှင့် (၁၀) အချိုးဖြင့် ခွဲဝေရန် ဆုံးဖြတ်ခဲ့ကြသည်။ မြူခိုးဂိုဏ်း က (၉၀) ရာခိုင်နှုန်း ယူမည်ဖြစ်ပြီး လေဝူ တော်ဝင် မိသားစုက (၁၀) ရာခိုင်နှုန်း ယူမည် ဖြစ်၏။ ယဲ့ဖုန်း ကလည်း ဤကိစ္စအပေါ် မည်သည့် ကန့်ကွက်မှုမျှ မရှိပေ။
“လေဝူ ဧကရာဇ် ခင်ဗျာ... ဒီဂိုဏ်းချုပ် အရင်ဆုံး ဂိုဏ်းကို ပြန်ပြီးတော့ နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ကို နေရာချလိုက်ပါဦးမယ်။ ခဏကြာရင်တော့ တပည့်သစ်တွေ စုဆောင်းဖို့အတွက် အကြီးအကဲတွေကို စေလွှတ်လိုက်ပါ့မယ်”ယဲ့ဖုန်း က အသိပေးလိုက်၏။
“ဟုတ်ပါပြီ... အမြဲတမ်း ကြိုဆိုနေလျက်ပါ” လေဝူ ဧကရာဇ် က ပြုံးရွှင်စွာဖြင့် သူ့ကို နှုတ်ဆက် လိုက်ပါ၏။
အဖြူရောင် အလင်းတန်း တစ်ချက်နှင့်အတူ ယဲ့ဖုန်း နှင့် သူ၏ အဖွဲ့သားများသည် ကျောင်းယန် သန့်စင်သော မြို့တော် ရှိ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင် သို့ ရောက်ရှိသွားကြပြီး နောက်ထပ် တစ်ကြိမ် နေရာရွှေ့ပြောင်းပြီးနောက်တွင်တော့ ရင်းနှီးနေသော လျှို့ဝှက်ဆန်းကြယ် မြို့တော် သို့ ပြန်လည် ရောက်ရှိသွားကြတော့၏။
“တတိယမင်းသား... ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ယဲ့ဖုန်း က ပြောလိုက်သည်။
“ဂိုဏ်းချုပ် ယဲ့ ကလည်း အားနာစရာတွေ ပြောနေပြန်ပါပြီ”တတိယမင်းသား က ပြန်လည် တုံ့ပြန်လိုက်၏။
ယဲ့ဖုန်း သည် တတိယမင်းသား ကို နှုတ်ဆက်လိုက်ပြီးနောက် ပထမမင်းသမီး လင်ယွဲ့ ၏ နှမျောတသ ဖြစ်နေသော အကြည့်များအောက်တွင် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“ဂိုဏ်းချုပ် ယဲ့ က မြူခိုးဂိုဏ်း ကို ပြန်ဖို့အတွက် နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့ ကို သုံးလိုက်တာ ထင်တယ် ”တတိယမင်းသား က ပြောလိုက်၏။
“ဟုတ်မှာပါ”လင်ယွဲ့ က ခေါင်းညိတ်လိုက်၏။
ခရီးစဉ်အတွင်း ယဲ့ဖုန်း နှင့်အတူ လိုက်ပါခဲ့စဉ်က သူမသည် သူ့ကို ရံဖန်ရံခါ ခိုးကြည့်မိရင်း သူ့အပေါ် ပိုမို စွဲလမ်းလာခဲ့သည်ကို သတိပြုမိလိုက်၏။ သူမသည် မြူခိုးဂိုဏ်း တည်ရှိရာ အရပ်ဆီသို့ မျက်တောင်ပင် မခတ်ဘဲ စိုက်ကြည့်နေမိတော့သည်။
“မမ... ဒီလောက်အထိ စိုက်ကြည့်နေမယ်ဆိုရင် မျက်လုံးကြီး ပြူးထွက်သွားလိမ့်မယ်နော်”တတိယမင်းသား က နောက်ပြောင်လိုက်၏။
“စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ”
လင်ယွဲ့ က တတိယမင်းသား ကို မျက်စောင်းတစ်ချက် ထိုးလိုက်ကာ သူမ၏ အင်္ကျီလက်စများကို ခါယမ်းလျက် မြောင်းယင်း လက်ဖက်ရည်ဆောင် ဆီသို့ ပြန်သွားခဲ့တော့သည်။
...
မြူခိုးဂိုဏ်း ။
နတ်ဆိုး ဧကရာဇ်ကြီး (၅) ပါး ပေါ်လာသည်နှင့် တပြိုင်နက် ၎င်းတို့ထံမှ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် မြူခိုးဂိုဏ်း တစ်ခုလုံးမှာ တုန်ခါသွားရတော့၏။
“ရန်သူတွေ ကျူးကျော်လာပြီ”
တပည့်တစ်ယောက်က အော်ဟစ်လိုက်၏။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ယဲ့ဖုန်း က ထိုတပည့်၏ ပုခုံးကို ပုတ်လိုက်ကာ ပြောလိုက်သာ်။
“ဘာတွေ ထိတ်လန့်နေတာလဲ။ ဒီ (၅) ကောင်လုံးက ဒီဂိုဏ်းချုပ် လေနတ်ဆိုး တောင်တန်း ကနေ စည်းရုံးလာတဲ့ တောင်စောင့် ဝိညာဉ်သားရဲ တွေပဲ။ သူတို့က တောင်စောင့် မျောက်နတ်ဘုရား ၊ မီးလျှံ နတ်ဆိုး ဧကရာဇ် ၊ ကောင်းကင်ထစ်ချုန်း ဧကရာဇ် ၊ မုန်တိုင်း နတ်ဆိုး ဧကရာဇ် နဲ့ ငါးကြင်း နတ်ဆိုး ဧကရာဇ် တို့ ပဲကွ”
ထိုအသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဂိုဏ်းတစ်ခုလုံးမှာ အံ့အားသင့်သွားကြရ၏။ ယဲ့ဖုန်း သည် အပြင်သို့ ထွက်သွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ဤမျှ အစွမ်းထက်လှသော နတ်ဆိုး ဧကရာဇ် အဆင့်ရှိ ဝိညာဉ်သားရဲများကို သိမ်းသွင်းလာနိုင်ခြင်းမှာ တကယ်ကို ကြောက်စရာ ကောင်းလှသည်။
“အကြီးအကဲတွေကို ဂါရဝပြုပါတယ် ခင်ဗျာ”
နတ်ဆိုး ဧကရာဇ် (၅) ပါးမှာ မိစ္ဆာသားရဲများ ဖြစ်ကြသော်လည်း ၎င်းတို့မှာ မူလနတ်ဘုရား အဆင့် တွင် ရှိကြသူများ ဖြစ်သဖြင့် ၎င်းတို့ကို “အကြီးအကဲ” ဟု ခေါ်ဆိုခြင်းမှာ များလွန်းသည်ဟု မဆိုနိုင်ပေ။ မကြာမီမှာပင် နတ်ဆိုး ဧကရာဇ် (၅) ပါး ရောက်ရှိလာသည့် သတင်းမှာ ဂိုဏ်းတစ်ခုလုံးသို့ ရိုက်ခတ်သွားတော့သည်။
မိုယင် ၊ ရှီလေ့ နှင့် အခြား တပည့်များမှာလည်း ကျင့်ကြံရာမှ ထွက်လာကြကာ လေထဲတွင် ပျံဝဲနေသော ဧရာမ ပုံရိပ်ကြီး (၅) ခုကို ကြည့်ရင်း မိမိတို့ကိုယ်ကိုယ် သေးငယ်လှသည်ဟု ခံစားလိုက်ကြရ၏။
“ဟိုမှာ မြင်နေရတာကတော့ ဝိညာဉ်သားရဲ စင်မြင့် ပဲ။ မင်းတို့ အဲဒီမှာ ကျင့်ကြံလို့ ရတယ်”
“ဒါကတော့ သွေးကြောသန့်စင်ဆေးလုံး ပဲ။ ဒါက သွေးမျိုးဆက်တွေကို သန့်စင်ပေးနိုင်သလို ပါရမီတွေကိုလည်း တိုးတက်စေနိုင်တဲ့ ပြိုင်ဘက်ကင်း အာနိသင် ရှိတယ်လေ”
ယဲ့ဖုန်း က ဝိညာဉ်သားရဲ စင်မြင့် ကို လက်ညှိုးညွှန်ပြလျက် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရှင်းပြလိုက်သည်။
“သွေးမျိုးဆက်တွေကို အကန့်အသတ်မရှိ တိုးတက်စေနိုင်တယ် လား”
နတ်ဆိုး ဧကရာဇ် (၅) ပါးလုံးမှာ အံ့အားသင့်သွားကြကာ ယဲ့ဖုန်း ၏ စကားကြောင့် စိတ်အားထက်သန်သွားကြတော့၏။
---