အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အခန်း (၅၄၇) - လှည့်ကွက်များနှင့် ထောင်ချောက်များ ၊ ရည်ရွယ်ချက်ရှိရှိ အကွက်ချခြင်းနှင့် အေးခဲချိန် ပြီးဆုံးခြင်း
~“တကယ်လား ခင်ဗျာ”
ဝမ်ရွှမ်ဖင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။ ဤတစ်ကြိမ်တွင်မူ သူမသည် တကယ်ကို စိတ်လှုပ်ရှားသွားခြင်း ဖြစ်သည်။ အကြောင်းမူကား ယဲ့ဖုန်းသည် သူမကို ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း နတ်ဘုရားစွမ်းရည်ကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးတော့မည် မဟုတ်ပါလော။
'ဟဲဟဲ... ငါသာ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို သင်ယူပြီးလို့ မျိုးနွယ်စုဆီ ပြန်သတင်းပို့နိုင်ရင် ငါတို့ရဲ့ အထက်လူကြီးတွေက ဒီစွမ်းရည်ကို တန်ပြန်နိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်မှာပဲ။'
'ဒါက တကယ့်ကို အခွင့်အရေးကောင်းပဲ။'
ဝမ်ရွှမ်ဖင်းသည် တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် မစင်ကျုံးရခြင်း ၊ မိလ္လာမြောင်းများ ရှင်းလင်းရခြင်းနှင့် ဝက်မများ သားဖွားပြီးနောက် ပြုစုစောင့်ရှောက်ရခြင်း စသည့် အလုပ်ကြမ်းများကို ဘာမှမဟုတ်သကဲ့သို့ သဘောထားရန် ဆုံးဖြတ်လိုက်၏။ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို သင်ယူနိုင်မည်ဆိုလျှင် အရာအားလုံးက ထိုက်တန်ပါသည်။
“ဂိုဏ်းချုပ်... ကျွန်တော် အခုပဲ သွားလုပ်လိုက်ပါ့မယ် ခင်ဗျာ”
ဝမ်ရွှမ်ဖင်းသည် တာဝန်စာရွက်ကို သိမ်းဆည်းလိုက်ကာ ရေပေါ်ဖြူမြို့တော် ဆီသို့ ချက်ချင်း ပျံသန်းသွားတော့၏။
မြေပြင်ပေါ်၌၊
ယဲ့ဖုန်းသည် ထွက်ခွာသွားသော ဝမ်ရွှမ်ဖင်း၏ ကျောပြင်ကို ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“တကယ်ကို ဆုံးမရလွယ်တဲ့ ကလေးပဲ”
ဝေးကွာလှသော ကောင်းကင်ယံထက်၌၊
ဝမ်ရွှမ်ဖင်းသည် သူမ၏ ဝိညာဉ်အာရုံကို အသုံးပြုကာ ယဲ့ဖုန်း၏ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းကို မဲ့လိုက်ကာ အေးစက်စွာ ရေရွတ်လိုက်၏။
“ဟက်... ငါ တာဝန်တွေ ပြီးလို့ မင်းဆီကနေ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို သင်ယူပြီးတဲ့ အခါကျမှ တကယ့် ဆုံးမရလွယ်တဲ့ ကလေး ဆိုတာ ဘာလဲဆိုတာကို မင်း သိစေရမယ်”
“ဝှစ်... ... ...”
ဝမ်ရွှမ်ဖင်းသည် သူမ၏ အရှိန်ကို မြှင့်တင်လိုက်ကာ ရေပေါ်ဖြူမြို့တော် သို့ ရောက်ရှိသွားတော့သည်။ သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သို့ ရောက်ရှိနေပြီဖြစ်သော ကြီးကြပ်သူ ကျိုးကျားချန် ကို သွားရှာကာ မိလ္လာမြောင်းများ ရှင်းလင်းသည့် တာဝန်ကို ယူပြီး စတင် လုပ်ဆောင်လိုက်၏။
ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူ တစ်ဦးဖြစ်သည့်အလျောက် ခန္ဓာကိုယ်၏ ပါရမီမှာ သာမန်မျှသာ ဖြစ်သော်လည်း ဝမ်ရွှမ်ဖင်းသည် များပြားလှသော ဆေးလုံးများကို ဝါးမြိုခြင်းဖြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် သို့ တက်လှမ်းထားနိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူမသည် အရှိန်အဝါ တစ်ချက် ထုတ်လွှတ်လိုက်ရုံဖြင့် ရေပေါ်ဖြူမြို့တော် ၏ မိလ္လာမြောင်းများကို အလွန် လျင်မြန်စွာ ရှင်းလင်းနိုင်ခဲ့သည်။
၎င်းနောက်တွင်တော့ ဝက်မများကို ပြုစုရသည့် အလုပ်ပင် ဖြစ်၏။ ညစ်ပတ်ပြီး နံစော်နေသော ဝက်ချေးများကြားတွင် ရပ်နေရသဖြင့် ဝမ်ရွှမ်ဖင်း၏ နှုတ်ခမ်းများမှာ တုန်ရီနေသော်လည်း အသစ်မွေးစ ဝက်ကလေးများကို ဂရုတစိုက် ပြုစုပေးနေရတော့သည်။
...
မျက်တောင်တစ်ခတ်အတွင်းမှာပင် (၅) ရက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ယဲ့ဖုန်းသည် ကြိမ်ကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် သမ်းဝေနေသည်။
'လီကျောက်ခွန် နဲ့ အစ်ကိုကြီး ခေါင်းပြား... ပြီးတော့ တခြား အပြင်ထွက်ပြီး လေ့ကျင့်နေတဲ့ သူတွေလည်း အခုဆိုရင် လျောင် မိစ္ဆာ နိုင်ငံတော် ရဲ့ နယ်မြေထဲကို ရောက်တော့မှာပဲ... သူတို့ရဲ့ အရှိန်က တကယ်ကို မြန်တာပဲ။'
ယဲ့ဖုန်းသည် မိမိဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဤအတောအတွင်း သူသည် ကောင်းကင်မေးမြန်းကြေးမုံ ကို လက်နက်သွန်းလုပ်ရေး အိုး အတွင်းသို့ ထည့်ကာ အဖိုးတန် ပစ္စည်းများစွာကို ပေါင်းစပ်လိုက်သဖြင့် ယခုအခါ ထိုရတနာမှာ အဆင့်မြင့်ဆုံး ဝိညာဉ်ရတနာ အဖြစ်သို့ တိုးတက်သွားပြီပင်။ မိုင်ပေါင်း (၁၀၀,၀၀၀) ပတ်လည်အတွင်းရှိ မည်သည့်နေရာကိုမဆို ကြည့်ရှုနိုင်စွမ်း ရှိသွားလေပြီ။
သူ စိတ်ညှို့လိုက်၏။
ကောင်းကင်မေးမြန်းကြေးမုံ ပေါ်ရှိ မြင်ကွင်းမှာ ရေပေါ်ဖြူမြို့တော် ဆီသို့ ပြောင်းလဲသွားသည်။ ဝမ်ရွှမ်ဖင်းသည် အထူးပြုလုပ်ထားသော ဝါးကျည်တောက် တစ်ခုကို ကိုင်ကာ ဝက်မများကို မျိုးစပ်ပေးနေသည်ကို မြင်တွေ့လိုက်ရ၏။
နာရီဝက်ခန့် ကြာပြီးနောက်၊
သူမသည် ဝါးကျည်တောက်ကို လွှတ်ပစ်လိုက်ကာ ကောင်းကင်ယံကို ကြည့်ပြီး အားပါးတရ ဟားတိုက်လိုက်တော့သည်။
“ဟားဟားဟား... ... ...”
“နောက်ဆုံးတော့ ဝက်မ အကောင် (၁၀၀) ပြည့်အောင် ငါ မျိုးစပ်ပေးပြီးပြီပဲ။ အခုတော့ ယဲ့ဖုန်း ဆီကို သွားပြီး ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို သင်ယူလို့ ရပြီပေါ့”
သူမသည် ချက်ချင်းပင် လှည့်ထွက်လာခဲ့ကာ မြူခိုးတောင်ထိပ် ဆီသို့ ပျံသန်းသွားတော့၏။
...
“ဂိုဏ်းချုပ်... ကျွန်တော် တာဝန်အားလုံးကို ပြီးအောင် လုပ်ခဲ့ပါပြီ။ အခက်အခဲတွေကိုလည်း ကျော်ဖြတ်ခဲ့ပြီးပါပြီ... အခုဆိုရင် ကျွန်တော့်ရဲ့ စိတ်ဓာတ်တွေက အရင်ကထက် အများကြီး ပိုပြီး ရင့်ကျက်လာပြီလို့ ခံစားနေရပါတယ် ခင်ဗျာ”
ဝမ်ရွှမ်ဖင်းသည် ယဲ့ဖုန်း၏ ရှေ့တွင် လက်နှစ်ဖက် ဆုပ်လျက် အစီရင်ခံလိုက်ငည်။
“ကောင်းပြီ... တကယ်ကို ဆုံးမရလွယ်တဲ့ ကလေးပဲ”
ယဲ့ဖုန်းက ရယ်လျက် ချီးကျူးလိုက်ကာ -
“အခုတော့ ငါ မင်းကို မင်းရဲ့ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ အထောက်အကူပြု ကျင့်စဉ်ကို အရင် သင်ပေးမယ်”
“အခြေခံအုတ်မြစ် အလားအလာ ဟုတ်လား”
ဝမ်ရွှမ်ဖင်းသည် အနည်းငယ် စိတ်ပျက်သွား၏။
သူမသည် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကိုသာ တိုက်ရိုက် သင်ယူချင်နေခြင်း ဖြစ်၏။ သို့သော်လည်း ထူးဆန်းလှသော ထိုတာဝန်များကိုပင် သူမ ပြီးအောင် လုပ်နိုင်ခဲ့ပြီဖြစ်ရာ ယဲ့ဖုန်း၏ ဘေးနားတွင် ရှိနေရသည်မှာ မကြာတော့သဖြင့် ထပ်မံ စောင့်ဆိုင်းရသည်မှာ အရေးမကြီးဟု တွက်ချက်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး ခင်ဗျာ”
“ဒါကတော့ အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ ရဲ့ ကျင့်စဉ်ပဲ... အရင်ဆုံး ကြည့်လိုက်ပါဦး။ နားမလည်တာ ရှိရင် ငါ့ကို မေးလို့ ရတယ်”
ယဲ့ဖုန်းသည် ရှေးဟောင်း ကျမ်းစာတစ်အုပ်ကို ထုတ်ယူကာ စားပွဲပေါ်တွင် တင်လိုက်၏။
ဝမ်ရွှမ်ဖင်း၏ နှုတ်ခမ်းများမှာ တုန်ခါသွားတော့သည်။ သူမသည် ယခင်က ဤကျင့်စဉ်ကို ကျီဇီလင်း ဆီမှ သင်ယူရန် ကြိုးစားခဲ့သော်လည်း လုံးဝ မမှတ်မိနိုင်ခဲ့ပေ။ အခုတော့ သူမသည် အံကို တင်းတင်းကြိတ်ကာ ပါဝင်သည့် အချက်အလက်များကို ဖတ်ကြည့်လိုက်သော်လည်း ထပ်မံ၍ မမှတ်မိနိုင်ပြန်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့၏။
“ဂိုဏ်းချုပ်... ကျွန်တော်... ကျွန်တော် ဒါကို မမှတ်မိနိုင်ဘူး ခင်ဗျာ”
“မမှတ်မိဘူး ဟုတ်လား”
“ဟုတ်ကဲ့... ကြည့်လိုက်တာနဲ့ ချက်ချင်း ပြန်မေ့သွားတာပဲ။ အဲဒီအစား ကျွန်တော့်ကို ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို အရင် သင်ပေးပါလား ခင်ဗျာ”
“မလုပ်ပါနဲ့... ဂိုဏ်းချုပ် ကိုယ်တိုင် လမ်းညွှန်ပေးနေတာကို မမှတ်မိနိုင်စရာ အကြောင်းမရှိပါဘူး။ လာ... ငါနဲ့အတူ ဖတ်ကြည့်စမ်း... ဒီစာလုံးကိုတော့ ‘မြစ်’ လို့ အသံထွက်ရတယ်... ... ..”
ယဲ့ဖုန်းသည် စာလုံးတစ်လုံးချင်းစီကို စတင် ရှင်းပြလိုက်၏။
ဝမ်ရွှမ်ဖင်းသည်လည်း စိတ်ရှည်လက်ရှည်ဖြင့် သင်ယူခဲ့ရာ တဖြည်းဖြည်းနှင့် အချို့သော အစိတ်အပိုင်းများကို မှတ်မိလာပြီး စတင် ကျင့်ကြံလိုက်တော့သည်။
ဤတစ်ကြိမ်တွင်မူ သူမ တကယ်ပဲ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
“ဂိုဏ်းချုပ်... ကျွန်တော် အခြေခံ အဆင့်ကို ရောက်သွားပါပြီ”
ဝမ်ရွှမ်ဖင်းသည် တကယ်ကို အံ့အားသင့်သွားရ၏။
သူမ မတတ်မြောက်နိုင်ခြင်းမှာ သူမ၏ ပါရမီကြောင့် မဟုတ်ဘဲ ကျွမ်းကျင်သော ဆရာတစ်ယောက် မရှိခြင်းကြောင့်သာ ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
“ကောင်းတယ်... ဆက်ပြီး လေ့ကျင့်ပါဦး ”ယဲ့ဖုန်းက အမိန့်ပေးလိုက်သည်။
ဝမ်ရွှမ်ဖင်း အောင်မြင်သွားရခြင်း အကြောင်းအရင်းမှာ သူမ လေ့ကျင့်နေသည်မှာ စစ်မှန်သော အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ မဟုတ်ဘဲ ယဲ့ဖုန်းက အလျင်အမြန် ဖန်တီးထားသော အဆင့်နိမ့် ဗားရှင်းတစ်ခုသာ ဖြစ်နေခြင်းကြောင့်ပင်။
ဤကျင့်စဉ်ကို လေ့ကျင့်ခြင်းဖြင့် သူမ၏ ကျင့်ကြံခြင်း အရှိန် တက်လာနိုင်သည် ဆိုသော်လည်း ၎င်း၏ အာနိသင်မှာ များစွာ မပြင်းထန်လှပေ။ သို့သော်လည်း လက်ရှိ အခြေအနေကို ကိုင်တွယ်ရန်အတွက်မူ လုံလောက်၏။
ယဲ့ဖုန်းသည် သူ၏ မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ အေးခဲချိန်ကို ကြည့်လိုက်ရာ ရက်အနည်းငယ်သာ လိုတော့ကြောင်း တွေ့လိုက်ရသဖြင့် သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပေသည်။
'နောက်ထပ် ရက်အနည်းငယ်လောက် သရုပ်ဆောင်လိုက်ရင်တော့ အဆင်သင့် ဖြစ်ပြီပေါ့။'
သူသည် ကိုယ့်ကိုယ်ကို အားပေးလိုက်မိ၏။
(၃) ရက် ကြာပြီးနောက်၊
ဝမ်ရွှမ်ဖင်းသည် ပြုပြင်ထားသော အခြေခံအုတ်မြစ် အလားအလာ လက်ရေးမူ ကို အောင်မြင်မှု အဆင့်သို့ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သော်လည်း ထပ်မံ၍ တိုးတက်မှု မရှိတော့ပေ။
“ဂိုဏ်းချုပ်... တပည့် အခု အခက်အခဲနဲ့ ကြုံနေရပါပြီ ခင်ဗျာ ”သူမက စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမသည် ယဲ့ဖုန်း၏ ဘေးနားတွင် ခဏခဏ ရှိနေခဲ့သဖြင့် ဤဂိုဏ်းချုပ်ထံမှ မည်သည့် ဖိအားမှ ထွက်ပေါ်မနေသည်ကို သူမ တွေ့ရှိခဲ့ရ၏။ သူ၏ ကျင့်ကြံခြင်း အဆင့်များမှာ လုံးဝ ပျောက်ကွယ်နေသည့်အတိုင်းပင်။
'အကယ်လို့ ငါသာ ယဲ့ဖုန်း ကို အပြင်ထွက်လာအောင် မျှားခေါ်နိုင်ရင်... ပြီးတော့ အကွက်ချပြီး အလစ် ဖမ်းခေါ်နိုင်ရင်... သူ့ကို အကြီးအကဲတွေဆီ ခေါ်သွားလို့ ရမှာပဲ။ အဲဒါဆိုရင်တော့ အရမ်း ကောင်းမှာပဲ ။'
ဝမ်ရွှမ်ဖင်းသည် စိတ်ထဲမှ တိတ်တဆိတ် စီစဉ်လိုက်၏။
“အခက်အခဲနဲ့ ကြုံရတာက သဘာဝပါပဲ... ကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ အမြဲတမ်း ချောမွေ့နေမှာ မဟုတ်ဘူးလေ”
ယဲ့ဖုန်းက စိတ်ရှည်လက်ရှည်ဖြင့် အကြံပေးဟန်ဆောင်လိုက်သော်လည်း စိတ်ထဲမှမူ တခိခိ ရယ်နေရသည်။
“ဒါဆိုရင်လည်း... နောက်ထပ် ရက်အနည်းငယ်ကြာရင် ဒီဂိုဏ်းချုပ်က မင်းကို ခေါ်ပြီးတော့ တောင်တန်းတွေနဲ့ မြစ်ချောင်းတွေဆီ ခရီးထွက်ရအောင်။ မင်းရဲ့ အခက်အခဲတွေက အဲဒီမှာ ပြေလည်သွားရင်လည်း သွားမှာပေါ့ ”ယဲ့ဖုန်းက ထပ်လောင်း ပြောကြားလိုက်၏။
“တကယ်လား ခင်ဗျာ ”
ဝမ်ရွှမ်ဖင်း၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။
သူမသည် ယဲ့ဖုန်းကို အပြင်ထွက်လာအောင် မည်သို့ လှည့်ဖြားရမည်နည်းဟု စိုးရိမ်နေခဲ့သော်လည်း ယခုမူ ယဲ့ဖုန်း ကိုယ်တိုင်ကပင် အပြင်ထွက်ရန် ကမ်းလှမ်းလာခြင်းမှာ သူမ၏ အကြံအစည်နှင့် ကွက်တိပင် ဖြစ်နေတော့သည်။
“သေချာတာပေါ့... တကယ်ပါ ”ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်ကာ - “နောက်ထပ် ရက်အနည်းငယ်အတွင်းမှာတော့ သေသေချာချာ ကျင့်ကြံထားပါဦး။ ငါ အားတဲ့ အချိန်ကျရင် ထွက်ကြတာပေါ့”
“ဟုတ်ကဲ့ပါ ခင်ဗျာ ”
ဝမ်ရွှမ်ဖင်းသည် မြူခိုးတောင်ထိပ် မှ ထွက်ခွာခဲ့၏။
သူမသည် သူမ၏ အခန်းသို့ ပြန်ရောက်သောအခါ သူမ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေလေသည်။
နာရီဝက်ခန့် ကြာပြီးနောက်၊
ဝမ်ရွှမ်ဖင်းသည် ပြင်ပ တာဝန်တစ်ခုကို လက်ခံလိုက်ကာ မိုင်ပေါင်း ရာနှင့်ချီဝေးသော နေရာသို့ သွားရောက်လျက် သောင်းကျန်းနေသော မိစ္ဆာဗိုလ်ချုပ် တစ်ကောင်ကို သတ်ဖြတ်လိုက်၏။
၎င်းနောက်တွင် သူမသည် ရွှေရောင် စက္ကူကြိုးကြာရုပ်လေး တစ်ခုကို ထုတ်ယူကာ လွှတ်တင်လိုက်သည်။
“နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ... အစွမ်းထက်တဲ့ ပညာရှင်တွေ အမြောက်အမြားနဲ့ ငါတို့ အကွက်ချပြီး စောင့်နေကြမယ်ဆိုရင် ယဲ့ဖုန်း ကို သေချာပေါက် ဖမ်းနိုင်မှာပဲ ”ဝမ်ရွှမ်ဖင်းသည် ယုတ်မာသော အပြုံးဖြင့် ကြုံးဝါးလိုက်၏။
*
(၁) ရက် ကြာပြီးနောက်၊
တောင်မင်နိုင်ငံ ၏ ကျုံးယွမ် မြို့ အတွင်း၌၊
ပျက်စီးနေသော ဘုရားကျောင်း ပျက်တစ်ခုအတွင်းမှ လက်တစ်ဖက် ထွက်ပေါ်လာကာ ပျံသန်းလာသော ရွှေရောင် စက္ကူကြိုးကြာရုပ်လေးကို ဖမ်းယူလိုက်ပြီး ဝမ်ရွှမ်ဖင်း ပေးပို့လိုက်သော သတင်းစကားကို နားထောင်လိုက်သည်။
“ယဲ့ဖုန်း က တကယ်ပဲ အပြင်ထွက်တော့မှာလား။ ကောင်းပြီ။ အခုချက်ချင်း မြေအောက် အင်အားစုတွေကို ဆက်သွယ်လိုက်ကြစမ်း... စစ်သည်တွေကို နေရာချထားလိုက်... နတ်ဘုရားတွေရော တစ္ဆေတွေရော မသိစေရဘဲ ယဲ့ဖုန်း ကို ငါတို့ အမိအရ ဖမ်းပြီးတော့ မျိုးနွယ်စုဆီ ပြန်ခေါ်လာရမယ် ”အေးစက်စက် အသံတစ်ခုမှာ တဖြည်းဖြည်း ပျံ့နှံ့ရိုက်ခတ်သွားတော့၏။
နက်ရှိုင်းလှသော မြေအောက်ခန်းအတွင်း၌ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု မှ အစွမ်းထက် ပညာရှင် အမြောက်အမြားမှာ သတင်းကို ရရှိသွားကြကာ ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။
ယဲ့ဖုန်းမှာတော့ ဤအရာအားလုံးကို မသိရှိပေ။
ဤအခိုက်အတန့်၌ သူသည် ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်လျက် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။
“တီ.. မြင့်မြတ်သော နတ်ဘုရား ပုံစံ ရဲ့ အေးခဲချိန် ပြီးဆုံးပါပြီ။ ဂိုဏ်းချုပ် အနေနဲ့ သင့်တော်သလို အသုံးပြုနိုင်ပါပြီ”
စနစ်က အသိပေးချက် ထုတ်ပြန်လာ
လေသည်။
သည်အချက်အား ကြားလိုက်ရသောအခါ ယဲ့ဖုန်းသည် ချက်ချင်းပင် မတ်မတ် ထိုင်လိုက်၏။
“စနစ်... အေးခဲချိန် ပြီးသွားပြီဆိုတော့ မြင့်မြတ်သော နတ်ဘုရား ပုံစံ ရဲ့ လက်ရှိ တိုက်ခိုက်ရေး စွမ်းအား အဆင့်က ဘယ်လောက်လဲဆိုတာ ငါ့ကို အခု ပြောပြလို့ ရပြီလား ”ယဲ့ဖုန်းက မေးမြန်းလိုက်သည်။
“ရပါသည်”
ဤတစ်ကြိမ်တွင်မူ စနစ်မှာ ရှောင်လွှဲနေခြင်း မရှိတော့ပေ။
အချက်အလက်များစွာ သူ၏ စိတ်ထဲသို့ စီးဝင်လာသည်နှင့်အမျှ ယဲ့ဖုန်း၏ အကြည့်များမှာ စူးရှသွားကာ သူသည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်မိပြီး အသက်ရှူပင် ရပ်တန့်သွားရတော့၏။
“သန်မာလိုက်တာ... တကယ်ကို သန်မာတာပဲ ”ယဲ့ဖုန်းသည် အားပါးတရ ဟားတိုက်လိုက်သည်။
တစ်လနီးပါး စောင့်ဆိုင်းခဲ့ရသည်မှာ မထိုက်တန်သည် မဟုတ်ပေ။ ဂိုဏ်း ဂုဏ်သတင်း တန်ဖိုး သန်း (၁၀၀) ပေါ်တွင် အခြေခံထားသော်လည်း မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ စွမ်းအားမှာ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှ၏။
သစ်ပင်နတ်ဆိုး ဘိုးဘေး ၊ နတ်ဆိုးဘုရားကျောင်းသခင် ၊ ဦးချို မွှေးပွ မျိုးနွယ်စု မဟာအကြီးအကဲ... ၎င်းတို့အားလုံးမှာ မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ ရှေ့မှောက်တွင်တော့ ဖုန်မှုန့်မျှသာ ဖြစ်ပေလိမ့်မည်။
“စက္ကန့် (၅) စက္ကန့်ပဲ ကြာတာကတော့ တကယ့်ကို နှမြောစရာပဲ ”ယဲ့ဖုန်းက သူ၏ စိတ်မကောင်းဖြစ်မှုကို ဖော်ပြလိုက်၏။
နောက်တစ်နေ့ နံနက်၌၊
ယဲ့ဖုန်းသည် ဝမ်ရွှမ်ဖင်းကို ခေါ်လိုက်၏။
“ငါ ဒီနေ့ အားနေတာနဲ့ မင်းကို အတွေ့အကြုံသစ်တွေ ရအောင် ခေါ်သွားပေးမယ်... ပြီးတော့ ငါတို့ အဆုံးမရှိတဲ့ သဲကန္တာရကြီးထဲမှာလည်း လမ်းလျှောက်လို့ ရတာပေါ့ ”ဟု သူက ပြောလိုက်၏။
“ကောင်းပါပြီ ခင်ဗျာ ”
ဝမ်ရွှမ်ဖင်းသည် ခေါင်းညိတ်လိုက်၏။
သူလျှိုအဖြစ် အကြာကြီး နေခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ လူစုဆောင်းပြီး ဖမ်းဆီးရမည့် အချိန် ရောက်ရှိလာခဲ့ပြီ မဟုတ်ပါလား။
သူမ၏ နှလုံးသားမှာ အလွန်အမင်း စိတ်လှုပ်ရှားနေတော့သည်။
---
အခန်း (၅၄၈) - ပြိုင်ဘက်ကင်းသော စွမ်းအား ၊ ဆန်းကြယ်သော မိန်းကလေးအား နင်းချေခြင်း
~ယဲ့ဖုန်း နှင့် ဝမ်ရွှမ်ဖင်း တို့သည် နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါ ပေါ်တွင် မတ်တတ်ရပ်လိုက်ကြပြီးနောက် တစ်ခဏအတွင်းမှာပင် မိုင်ပေါင်း သောင်းချီ ဝေးကွာသော မဖြစ်ထွန်းသော သဲကန္တာရ သို့ ရောက်ရှိသွားကြ၏။
“ဒါက... မဖြစ်ထွန်းသော သဲကန္တာရ ပဲ”
ဝမ်ရွှမ်ဖင်း က ထိုနေရာကို ချက်ချင်း မှတ်မိသွား၏။
“ဂိုဏ်းချုပ် ခင်ဗျာ... ကျွန်တော်တို့ ဒီကို လေ့ကျင့်ဖို့ လာတာလား ခင်ဗျာ”
“ဟုတ်တယ်... မဖြစ်ထွန်းသော သဲကန္တာရ က မိုင်ပေါင်း သောင်းချီ ကျယ်ပြန့်တယ်... ကြည့်လိုက်လေရာရာမှာ ရွှေရောင်သဲပြင်တွေပဲ ရှိတာ။ နေဝင်ချိန်မှာဆိုရင် ခမ်းနားထည်ဝါတဲ့ ခံစားချက်မျိုးက အလိုအလျောက် ဖြစ်ပေါ်လာတတ်တယ်... ဒါက မင်းရဲ့ စိတ်ဓာတ်ကို လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးပဲ”
“ဟုတ်ကဲ့ပါ ခင်ဗျာ”
ဝမ်ရွှမ်ဖင်း က ခေါင်းညိတ်ပြလိုက်၏။
ဤအချိန်တွင် ဝိညာဉ်ဝါးမြိုမျိုးနွယ်စု မှ အစွမ်းထက် ပုဂ္ဂိုလ်များ ရောက်မလာသေးသဖြင့် သူမ အနေဖြင့် အချိန်ကို တတ်နိုင်သမျှ ဆွဲထားရပေမည်။ သူတို့ နှစ်ဦးသည် သဲကန္တာရအတွင်း လမ်းလျှောက်နေကြသည်။
“မင်းက ကျုံးယွမ် မြို့ က လာတာ မဟုတ်လား”
“ဟုတ်ပါတယ် ခင်ဗျာ”
“မင်းတို့ ကျုံးယွမ် မြို့ မှာ စားလို့ ကောင်းတာ ဘာတွေ ရှိလဲ”
“ဟို... ... ...”
ဝမ်ရွှမ်ဖင်း က ခဏမျှ ဝေခွဲမရ ဖြစ်သွားပြီးမှ ပြန်လည် ဖြေကြားလိုက်၏။
“ရှိတာပေါ့ ခင်ဗျာ... ဝက်ကျောက်ကပ် ရှိမယ်... သိုးခြေထောက်ကင် ရှိမယ်... ကြက်သွန်မြိတ် ကိတ်မုန့်တွေလည်း ရှိပါတယ် ခင်ဗျာ... ... ...”
သူမသည် စားသောက်ဖွယ်ရာ ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက်တည်း စာရင်းချပြလိုက်သည်။
ဝိညာဉ်ဝါးမြိုမျိုးနွယ်စု သည် ကျုံးယွမ် မြို့ ၌ အခြေစိုက်စခန်း တစ်ခု တည်ထောင်ထားခြင်း ဖြစ်ရာ ဝမ်ရွှမ်ဖင်း ၏ ခန္ဓာကိုယ်ကို မသိမ်းပိုက်မီကပင် သူမသည် မြို့အနှံ့ လှည့်လည်ကာ လမ်းဘေးရှိ စားသောက်ဖွယ်ရာ အစုံအလင်ကို မြည်းစမ်းခဲ့ဖူး၏။
“အရမ်းကောင်းတာပဲ”
ယဲ့ဖုန်း က ခေါင်းညိတ်လိုက်ကာ -
“ဒါဆိုရင်တော့ ငါတို့ ကျုံးယွမ် မြို့ ဆီကို လမ်းလျှောက်သွားကြတာပေါ့”
“ဗျာ”
ဝမ်ရွှမ်ဖင်း မှာ ထပ်မံ အံ့အားသင့်သွားရပြန်သည်။
ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ အခြေစိုက်စခန်းမှာ ကျုံးယွမ် မြို့ ၌ ရှိနေသည် ဖြစ်ရာ ယဲ့ဖုန်း အနေဖြင့် ထိုနေရာသို့ သွားခြင်းမှာ သူတို့၏ ထောင်ချောက်ထဲသို့ ကိုယ်တိုင် တိုးဝင်သွားခြင်းပင် ဖြစ်တော့၏။
ထိုသို့ တွေးတောရင်းဖြင့် ဝမ်ရွှမ်ဖင်း က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကာ -
“ကောင်းပါပြီ... တပည့်က ဂိုဏ်းချုပ်အတွက် လမ်းပြပေးပါ့မယ်။ ဒါပေမဲ့ ဂိုဏ်းချုပ် ခင်ဗျာ... ကျွန်တော်တို့ နှစ်ယောက်တည်း အပြင်ထွက်နေတာက အန္တရာယ် မများဘူးလား ခင်ဗျာ”
'ငါ့ကို စမ်းကြည့်နေတာလား၊ ဟီးဟီး။' ယဲ့ဖုန်း က ကြိတ်၍ ရယ်လိုက်မိ၏။
အပြင်ပန်းမှာတော့ ၊ သူသည် အထင်သေးသော မျက်နှာထားကို လုပ်လိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝေးကွာသော အရပ်ဆီသို့ ငေးကြည့်နေလေသည်။
“ဒီဂိုဏ်းချုပ် ရဲ့ ကျင့်ကြံခြင်းတွေ အကုန် ဆုံးရှုံးသွားပြီ ဆိုပေမဲ့လည်း... ရှေးဟောင်း သူရဲကောင်းဝိညာဉ် စွမ်းအား တွေ ရှိနေသေးတာပဲ။ ငါ့အနေနဲ့ မူလနတ်ဘုရား အဆင့် ခွန်အားတွေကို သုံးနိုင်သေးတာပဲလေ။ ကျုံးယွမ် မြို့ ထဲမှာ ငါ့ကို ခြိမ်းခြောက်နိုင်မယ့် တည်ရှိမှုမျိုး ဘယ်မှာ ရှိမှာလဲ”
“ဂိုဏ်းချုပ် က တကယ်ကို အစွမ်းထက်တာပဲ ခင်ဗျာ”
ဝမ်ရွှမ်ဖင်း က ချက်ချင်းပင် မြှောက်ပင့်လိုက်၏။ သို့သော်လည်း သူမ ခေါင်းငုံ့လိုက်သည့် အချိန်၌ သူမ၏ မျက်လုံးများထဲတွင်တော့ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေလေသည်။
'မူလနတ်ဘုရား အဆင့် ခွန်အားလေးနဲ့ ငါတို့ကို ရန်စရဲတယ်ပေါ့... တကယ့်ကို မောက်မာလွန်းတာပဲ။ ဒီနေ့တော့ ငါတို့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု က မင်းကို ကောင်းကောင်း ဆုံးမပေးရမှာပေါ့။' ဝမ်ရွှမ်ဖင်း က စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်၏။
“ဝှစ်…”
သူတို့ နှစ်ဦးသည် အရှိန်အဟုန်ဖြင့် ပျံသန်းခဲ့ကြရာ နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျုံးယွမ် မြို့ သို့ ရောက်ရှိသွားကြတော့သည်။ ယဲ့ဖုန်း သည် သူ၏ ပုံသဏ္ဌာန်ကို ရွှေရောင် မြူခိုးတန်းလေးတစ်ခုဖြင့် ဖုံးအုပ်ထားသဖြင့် မြို့အတွင်းရှိ ကျင့်ကြံသူများမှာ သူ့ကို မှတ်မိခြင်း မရှိကြပေ။
နေဝင်ဆည်းဆာ၏ အကြွင်းအကျန် အလင်းတန်းများက သူတို့၏ အရိပ်များကို ရှည်လျားစွာ ဆွဲဆန့်ထား၏။ ယဲ့ဖုန်း နှင့် ဝမ်ရွှမ်ဖင်း တို့သည် လူသူကင်းမဲ့သော လမ်းမထက်တွင် လျှောက်လှမ်းနေကြ၏။ မြေပြင်ပေါ်ရှိ အရိပ်မှလွဲ၍ အခြား မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။
ရုတ်တရက် ယဲ့ဖုန်း က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
“ရွှမ်ဖင်း... မင်း ဘာလို့ ငါ့ကို ဒီလို လူသူကင်းမဲ့တဲ့ လမ်းထဲကို ခေါ်လာတာလဲ။ ကြည့်စမ်း... လမ်းအဆုံးမှာ ဘုရားကျောင်း ပျက်ကြီး တစ်ခုတောင် ရှိနေတာပဲ”
ယဲ့ဖုန်း က ရှေ့သို့ ညွှန်ပြကာ ပြောလိုက်၏။
သို့သော်လည်း သူ နောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ မြေပြင်ပေါ်၌ ဆည်းဆာကြောင့် ဖြစ်ပေါ်နေသော သူ၏ ကိုယ်ပိုင် အရိပ်ရှည်ကြီးကိုသာ မြင်တွေ့လိုက်ရတော့သည်။ ဝမ်ရွှမ်ဖင်း မှာမူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ယဲ့ဖုန်း မှာ ဆွံ့အသွားသော်လည်း သူ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခု ပေါ်လာပေသည်။
“ပြပွဲက စပြီပေါ့”
သူက တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုစကား အဆုံးတွင် တစ်လမ်းလုံးမှာ ချက်ချင်းပင် သေလောက်အောင် တိတ်ဆိတ်သွားတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်…”
အနက်ရောင် မြူခိုးများ ဖုံးလွှမ်းနေသော လူရိပ် ဒါဇင်နှင့်ချီ၍ လမ်းဘေး ဝဲယာရှိ သစ်ပင်များပေါ်မှ ဆင်းသက်လာကြကာ ယဲ့ဖုန်း ကို ဝန်းရံလိုက်ကြ၏။ ထိုသူတိုင်းမှာ မူလနတ်ဘုရား အဆင့် ကျင့်ကြံခြင်းများ ရှိကြသူများ ဖြစ်သည်။
“ဖျတ်... ဖျတ်... ဖျတ်”
ခြေသံများမှာ ဘုရားကျောင်း ပျက်ကြီးအတွင်းမှ ထွက်ပေါ်လာ၏။ ယဲ့ဖုန်း အကြည့်ပို့လွှတ်လိုက်၏။
ဝမ်ရွှမ်ဖင်း သည် ခန္ဓာကိုယ် ယိမ်းနွဲ့ကာ လျှောက်လှမ်းလာသော အနက်ရောင် ဝတ်ရုံဝတ် ဆန်းကြယ်သည့် မိန်းကလေး တစ်ဦး၏ ဖြူဖွေးသော လက်ကို ဆုပ်ကိုင်လျက် သူ၏ ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာ၏။
သူတို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း ထွက်ပေါ်လာသော အသံမှာ နှလုံးခုန်သံကို ပိုမို မြန်ဆန်လာစေသည်။ အစွမ်းထက်လှသော မူလနတ်ဘုရား အဆင့် တန်ခိုးရှင် တစ်ဦးပင်လျှင် ပြင်းထန်သော ဖိအားကို ခံစားရမည် ဖြစ်၏။
“တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပါလား”
ယဲ့ဖုန်း က ထိုဆန်းကြယ်သော မိန်းကလေးကို ကြည့်လိုက်သည်။
ကျုံးယွမ် မြို့ အတွင်း၌ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အတိတ်ကာလကဆိုလျှင် ဤပုဂ္ဂိုလ်သည် လင်မြောင် ဘိုးဘေး နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိပေလိမည်။ ကြည့်ရတာ သူမသည် လင်မြောင် ဘိုးဘေး ကို စိုးရိမ်သောကြောင့်သာ ယခုအချိန်အထိ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရမည်။
“မင်းက မြူခိုးဂိုဏ်း ရဲ့ ဂိုဏ်းချုပ် ယဲ့ဖုန်း လား”
ဆန်းကြယ်သော မိန်းကလေးက ယဲ့ဖုန်း ကို ကြည့်လိုက်၏။ သူမ၏ တကယ့် မျက်နှာကို ထုတ်ဖော်ပြခြင်း မရှိသော်လည်း ထွက်ပေါ်လာသော အေးစက်စက် အသံမှာ အထက်စီးဆန်လှ၏။
အကယ်၍ ယဲ့ဖုန်း သာ သူ၏ အထွတ်အထိပ် အချိန်တွင် ရှိနေသေးလျှင် သူမသည် လှုပ်ရှားဝံ့မည် မဟုတ်ပေ။ အလားတူပင် ယဲ့ဖုန်း သာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၌ ရှိနေမည်ဆိုလျှင်လည်း သူမသည် လင်မြောင် ဘိုးဘေး နှင့် ကျန်းလင်း ဘိုးဘေး ၏ ဝိညာဉ်ကိုယ်ပွား တို့ကို စိုးရိမ်သဖြင့် မလှုပ်ရဲချေ။
သို့သော်လည်း ယခုမူ ယဲ့ဖုန်း သည် ကျုံးယွမ် မြို့ သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဆန်းကြယ်သော မိန်းကလေးက အရာအားလုံးကို သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ခံစားလိုက်ရ၏။ သူမသည် ယဲ့ဖုန်း ကို အထက်စီးမှနေ၍ ငုံ့ကြည့်နိုင်ပြီပင်။
“ဟုတ်တယ်”
ယဲ့ဖုန်း က ခေါင်းညိတ်ပြလိုက်၏။
သူသည် အရာရာကို ပုံဖော်နိုင်သော မျက်လုံး ကို အသုံးပြုကာ ဆန်းကြယ်သော မိန်းကလေးကို စစ်ဆေးလိုက်သည်။
“အော်... မင်းက ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ရဲ့ ပြင်ပရေးရာ အကြီးအကဲ ကိုး။ မင်းတို့ မျိုးနွယ်စုက တကယ်ကို အထင်ကြီးစရာ ကောင်းတာပဲ။ သာမန် ပြင်ပရေးရာ အကြီးအကဲ တစ်ယောက်ကတောင်မှ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ကျင့်ကြံခြင်း ရှိနေရတာလား”
ထိုစကားအား ကြားလိုက်ရသောအခါ ဆန်းကြယ်သော မိန်းကလေးမှာ မှင်သက်သွားရ၏။ ယဲ့ဖုန်း အနေဖြင့် သူမ၏ မူလ ဇစ်မြစ်ကို သိမြင်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ထို့ပြင် သူမသည် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဖြစ်ကြောင်း သိနေပါလျက်နှင့် ယဲ့ဖုန်း အနေဖြင့် ဤမျှအထိ တည်ငြိမ်နေနိုင်ခြင်းကို သူမ အံ့အားသင့်သွားရသည်။
ဒါဆိုရင်တော့... ... ... ။
“လင်မြောင် ဘိုးဘေး က အနားမှာ ရှိနေတာလား”
ဆန်းကြယ်သော မိန်းကလေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားကာ သူမသည် ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်ကြည့်လိုက်သော်လည်း မူလနတ်ဘုရား အဆင့်ထက် ကျော်လွန်သော ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ အနားတွင် မရှိသည်ကို တွေ့လိုက်ရ၏။
“ရှာမနေပါနဲ့... ငါ တစ်ယောက်တည်း လာတာပါ”
ယဲ့ဖုန်း က ဝမ်ရွှမ်ဖင်း ဘက်သို့ လှည့်ကြည့်လိုက်ကာ -
“တကယ်တော့ ဒီဂိုဏ်းချုပ်က မင်းဟာ သူလျှို တစ်ယောက်ဆိုတာကို သိနေတာ ကြာပါပြီ”
“မဖြစ်နိုင်တာ”ဝမ်ရွှမ်ဖင်း ၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
ဆန်းကြယ်သော မိန်းကလေးက မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်ကာ တည်ကြည်စွာ မေးမြန်းလိုက်သည်။
“ဒါဆို မင်း ပြောချင်တာက
မင်းက ငါတို့ ထောင်ချောက်ထဲကို တမင်တကာ တိုးဝင်လာတာပေါ့ ဟုတ်လား”
“မဟုတ်ပါဘူး... ဒါကို နွယ်ပင်ကို ဆွဲပြီး ဖရုံသီးကို ရှာတယ် လို့ ခေါ်တာပါ”
ယဲ့ဖုန်း က ပြုံးလိုက်ကာ -
“စိတ်မကောင်းစရာကတော့ အခု ရလာတဲ့ ဖရုံသီးက တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်လေးပဲ ဖြစ်နေတာပါပဲ။ ဖရုံသီး အသေးလေး အတွက် ငါ့ရဲ့ သရုပ်ဆောင်မှုတွေကို ဖြုန်းတီးလိုက်ရသလိုပဲ”
အကယ်၍ ဝမ်ရွှမ်ဖင်း ၏ နောက်ကွယ်မှလူမှာ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်သာ ဖြစ်ကြောင်း ကြိုသိခဲ့လျှင် သူသည် တစ်လနီးပါးလောက် ပင်ပင်ပန်းပန်း စောင့်ဆိုင်းနေမည် မဟုတ်ဘဲ အစောကြီးကတည်းက လာသတ်လိုက်မည်မှာ သေချာလှ၏။
သို့သော်လည်း ယခုအချိန်မှာလည်း နောက်မကျသေးပါပေ။
“ကျင့်ကြံခြင်း မရှိတဲ့ လူဖျင်းတစ်ယောက်က ဘာတွေ လာကြွားနေတာလဲ”ဝမ်ရွှမ်ဖင်း က အေးစက်စွာ ကြိမ်းမောင်းလိုက်၏။
ဤနေရာတွင် သူမသည် မိန်းကလေး အသံကို ထုတ်ဖော်လိုက်ပြီဖြစ်ရာ ထပ်မံ ဖုံးကွယ်ထားရန် မလိုတော့ပေ။
“ဝှစ်…”
ဝမ်ရွှမ်ဖင်း က မန္တန်များကို ရွတ်ဆိုလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားပြီး သွယ်လျနွဲ့နှောင်းလှသော မိန်းကလေး အသွင်သို့ ကူးပြောင်းသွားသည်။ သူမ၏ နဖူးထက်တွင်မူ ထူးခြားသော မိစ္ဆာ အမှတ်အသားတစ်ခု ရှိနေ၏။
“ငါ့ကို ဖမ်းရတဲ့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ ငါ တကယ်ပဲ သိချင်နေမိတယ်”
ယဲ့ဖုန်း က လက်နှစ်ဖက်ကို နောက်ပစ်လျက် အေးအေးလူလူပင် ရပ်နေသည်။
“ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေ ပျက်စီးသွားပြီ ဆိုပေမဲ့လည်း မင်းတို့ အားလုံးကို အပြတ်ရှင်းဖို့အတွက်ကတော့ ပြဿနာ မရှိဘူး”
“သေခါနီး လူတစ်ယောက်က ဘာတွေ လာပြီး လေလုံးထွားနေတာလဲ... လာကြစမ်း... သူ့ကို နှိမ်နင်းပြီးတော့ ပြင်းထန်တဲ့ နှိပ်စက်မှုတွေနဲ့ စစ်မေးကြစမ်း”
ဝမ်ရွှမ်ဖင်း က အေးစက်စွာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ”
လမ်းဘေး ဝဲယာရှိ လူရိပ်များမှာ စတင် တိုက်ခိုက်လိုက်ကြတော့သည်။
“ဝုန်း…”
၎င်းတို့ အားလုံးမှာ မူလနတ်ဘုရား အဆင့် များ ဖြစ်ကြပေရာ ၎င်းတို့၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်နှင့် ထိုနယ်မြေတစ်ခုလုံးကို ပိတ်ဆို့လိုက်တော့သည်။ အတွင်းဘက်၌ မည်မျှပင် ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားနေစေကာမူ ပြင်ပမှ လူများမှာ မည်သည့် အသံမျှ ကြားရလိမ့်မည် မဟုတ်ပေ။
“အရမ်း အားနည်းလွန်းတယ်”
ယဲ့ဖုန်း က ခေါင်းခါယမ်းလိုက်၏။
စကားအဆုံး၌၊ သူ၏ လက်သီးကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းလိုက်ရာ ထို မူလနတ်ဘုရား အဆင့် ရှိသော တန်ခိုးရှင်ပေါင်း ဒါဇင်နှင့်ချီသော လူများမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြတော့သည်။ ၎င်းနောက်တွင် သူသည် လက်ချောင်းကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါ ဖြင့် ၎င်းတို့ အားလုံးကို ဝါးမြိုပစ်လိုက်သဖြင့် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ မှာ နှစ်ဆခန့် ပိုမို အားကောင်းလာတော့၏။
“သတ်ဖြတ်ခြင်း အရှိန်အဝါ ပါလား”
ဝမ်ရွှမ်ဖင်း က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
ဆန်းကြယ်သော မိန်းကလေး၏ မျက်သူငယ်အိမ်များမှာလည်း ကျုံ့သွားကာ တစ်ခုခုကို သဘောပေါက်သွားတော့၏။
“တောက်... ဒါ ရှေ့ဖြစ်ဟော မျိုးနွယ်စု ကို နှိမ်နင်းနိုင်တဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါ ပဲ။ ဒီစွမ်းအားက ငါတို့ရဲ့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ကိုလည်း အပြည့်အဝ ဖိနှိပ်ထားနိုင်တာပဲ... သူ့ကို အမြစ်ပြတ် သုတ်သင်ရမယ်”
“မင်း… ငါ့ကို ဘာနဲ့ သုတ်သင်မှာလဲ”
ယဲ့ဖုန်း က ခပ်ပြုံးပြုံး ပြောလိုက်၏။
အခုဆိုလျှင် သူ၏ စစ်မှန်သော ခွန်အားမှာ မူလနတ်ဘုရား အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူ၏ လက်ဖြင့် ခပ်ဖွဖွ ညှစ်လိုက်ရုံဖြင့် ဟင်းလင်းပြင်ကိုပင် ဆွဲဖြဲနိုင်စွမ်း ရှိပေသည်။ သူ၏ ရှေ့မှောက်တွင်တော့ မူလနတ်ဘုရား အဆင့် ဆိုသည်မှာ စက္ကူကဲ့သို့ပင် ပျော့ညံ့လှ၏။
ထိုအခါ၊ ဆန်းကြယ်သော မိန်းကလေးက တည်ကြည်စွာ ပြောလိုက်၏။
“ဒါဆို မင်းရဲ့ ကျင့်ကြံခြင်းတွေ ပျက်စီးသွားပြီ ဆိုပေမဲ့လည်း မင်းရဲ့ ကိုယ်ခန္ဓာ ကြံ့ခိုင်မှု က ကျန်နေသေးတာပေါ့။ ပြီးတော့ သတ်ဖြတ်ခြင်း အရှိန်အဝါ နဲ့ဆိုရင် မင်းအနေနဲ့ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရဲ့ ခွန်အားနီးပါးကို ထုတ်သုံးနိုင်နေတာပဲ... ဒါကြောင့်လည်း မင်းက ဒီလောက်အထိ တည်ငြိမ်နေနိုင်တာကိုး မဟုတ်ဘူးလား”
“အဲဒီလိုလည်း ပြောလို့ ရတာပေါ့”ယဲ့ဖုန်း က ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်၏။
“စိတ်မကောင်းစရာကတော့ မင်း ငါတို့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ကို အများကြီး အထင်သေးခဲ့မိတာပဲ”
ဆန်းကြယ်သော မိန်းကလေးက သူမ၏ လက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏ လက်ဖဝါးပေါ်မှနေ၍ ထူးဆန်းသော အဆိပ်ရှိ ပိုးမွှားများမှာ ပျံထွက်လာကြတော့သည်။
“ဝိညာဉ်ဝါးမြို အဆိပ်ပိုးမွှား တပ်မဟာ... သူ့ကို ငါ့အတွက် အပြတ် ရှင်းပစ်လိုက်ကြစမ်း”
“ဝီ... ဝီ... ဝီ... ... ...”
အနက်ရောင် အဆိပ်ပိုးမွှားများမှာ တိမ်တိုက်ကြီးတစ်ခုအလား သူ၏ ထံသို့ တိုးဝင်လာကြ၏။ ၎င်းတို့၏ အရေအတွက်မှာ သန်းပေါင်း ရာနှင့်ချီ၍ ရှိနေပေ၏။ တစ်ကောင်ချင်းစီမှာ ဝိညာဉ်များကို တိုက်ရိုက် ဝါးမြိုနိုင်သော ထူးဆန်းသည့် ပါရမီများ ရှိကြရာ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသူပင်လျှင် ၎င်းတို့၏ ဝိုင်းရံမှုကို ခံရမည်ဆိုပါက အသက်အန္တရာယ် ကြုံတွေ့ရမည် ဖြစ်သည်။
“ဝိညာဉ်ဝါးမြို အဆိပ်ပိုးမွှား လေးတွေနဲ့ ငါ့ကို ခြောက်လှန့်ဖို့ဆိုတာ မလုံလောက်သေးပါဘူး”
ယဲ့ဖုန်း က သူ၏ လက်ချောင်းများကို ဓားသဖွယ် ပြုလုပ်လိုက်ကာ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ကို အဆုံးစွန်အထိ တွန်းတင်လိုက်ရာ ၎င်းမှာ ကောင်းကင်ယံကို ဖြတ်သန်းသွားသော အနက်ရောင် ဓားချီအဖြစ် ပြောင်းလဲသွားတော့၏။
“ရွှီး…”
ဝိညာဉ်ဝါးမြို အဆိပ်ပိုးမွှား အားလုံးမှာ သတ်ဖြတ်ခြင်း အရှိန်အဝါ ၏ ဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မပေးနိုင်တော့ပေ။
“တောက်”
ဆန်းကြယ်သော မိန်းကလေးမှာ ဒေါသကြောင့် အံ တင်းတင်းကြိတ်လိုက်မိသည်။ ယဲ့ဖုန်း၏ သတ်ဖြတ်ခြင်း အရှိန်အဝါ မှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ဝိညာဉ်ဝါးမြို အဆိပ်ပိုးမွှား များကိုပင် အမြစ်ပြတ် သုတ်သင်ပစ်နိုင်သည် မဟုတ်ပါလား။
“အကြီးအကဲ... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ”
ဝမ်ရွှမ်ဖင်း ၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။
“ဘာလို့ ထိတ်လန့်နေတာလဲ... မင်းရဲ့ အကြီးအကဲက မလှုပ်ရှားရသေးဘူးလေ”
ဆန်းကြယ်သော မိန်းကလေးက အသက်ကို ပြင်းပြင်းရှူလိုက်ကာ ရှေ့သို့ ရုတ်တရက် လှမ်းတက်လိုက်သည်။
နက်နဲလှသော တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်လာတော့၏။ သူမ၏ လက်ချောင်းများမှတစ်ဆင့် မန္တန်များကို ရွတ်ဆိုလိုက်ရာ ထူးဆန်းသော အနက်ရောင် မြူခိုးများမှာ ဧရာမ လက်ဝါးကြီး တစ်ခုအဖြစ် ဖွဲ့တည်လာသည်။
တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ၏ ခန့်ညားလှသော စွမ်းပကားများကို ထုတ်ဖော်ပြသလျက် ယဲ့ဖုန်း ဆီသို့ ဖမ်းဆွဲလိုက်တော့သည်။
“ငါ ပြောပြီးသားပဲ... မင်းတို့က အရမ်း အားနည်းလွန်းတယ်လို့”
ယဲ့ဖုန်း က ခေါင်းခါယမ်းလျက် ပြောလိုက်၏။
ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ အစွမ်းထက် ပညာရှင်များဟု ခေါ်ဝေါ်နေကြသူများမှာ ဤမျှအထိ အားနည်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ မြင့်မြတ်သော နတ်ဘုရား ပုံစံ ကိုပင် အသုံးပြုရန် မလိုတော့ပေ။
“ဝုန်း…”
ယဲ့ဖုန်း သည် မူလချီ အခြေအနေသို့ ချက်ချင်း ဝင်ရောက်လိုက်တော့သည်။ သူ၏ ကိုယ်ပိုင် အရှိန်အဝါမှာ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အထိ တဟုန်ထိုး မြင့်တက်သွားကာ ဆက်လက် ပေါက်ကွဲထွက်နေဆဲ ဖြစ်ရာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် နှင့် တကယ့်ကို နီးကပ်သွားတော့၏။
“ဂျွတ်... ... ... “
ယဲ့ဖုန်း ၏ လက်သီးတစ်ချက်တည်းဖြင့်ပင် ဆန်းကြယ်သော မိန်းကလေး၏ မန္တန်လက်ဝါးကြီးမှာ အပိုင်းပိုင်း ပြတ်ထွက်ကုန်တော့သည်။
“မင်းရဲ့ ကျင့်ကြံခြင်း အဆင့် က လုံးဝ ပျက်စီးမသွားဘူးပဲ”ဆန်းကြယ်သော မိန်းကလေးက နောက်ဆုံးတွင်မှ သဘောပေါက်သွားကာ သူမ၏ အသံမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေတော့၏။
ဘေးနားရှိ ဝမ်ရွှမ်ဖင်း မှာမူ သေလူတစ်ယောက်အလား မျက်နှာကြီး ပြာနှမ်းနေတော့သည်။
“ယဲ့ဖုန်း ရဲ့ ကျင့်ကြံခြင်း အဆင့် က အခုထိ ရှိနေသေးတာပဲ”
“သူက တစ်ကမ္ဘာလုံးကို လှည့်စားခဲ့ရုံတင်မကဘူး... မြူခိုးဂိုဏ်း က လူတွေကိုတောင်မှ လှည့်စားခဲ့တာပဲ... တကယ့်ကို ရက်စက်ပြီး အရူးအမူး လုပ်ဆောင်ရဲတဲ့လူပဲ”
ဝမ်ရွှမ်ဖင်း က မအောင့်နိုင်ဘဲ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
“မင်းတို့ အခုမှ သိတာ နောက်ကျသွားပြီ... သေလိုက်တော့”
ယဲ့ဖုန်း က မည်သည့် ခံစားချက်မျှ မပါသော မျက်နှာဖြင့် ပြောလိုက်၏။
သူသည် လက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုမှာ ပြင်းထန်စွာ ကျဆင်းလာပြီး ဝမ်ရွှမ်ဖင်း နှင့် ဆန်းကြယ်သော မိန်းကလေး တို့ကို မြေပြင်ပေါ်၌ ချက်ချင်းပင် ဖိနှိပ်ထားလိုက်တော့၏။
[t.n: ‘နွယ်ပင်ကို ဆွဲပြီး ဖရုံသီးကို ရှာသည်’ - တစ်ခုသော အရာမှတစ်ဆင့် အခြားသော အရာများကိုပါ ဖော်ထုတ်နိုင်ခြင်း၊ အရင်းအမြစ်ကို ရှာဖွေခြင်းဟု အဓိပ္ပာယ်ရသော တရုတ်စကားပုံ ဖြစ်ပါသည်။]
---
အခန်း (၅၄၉) - မြင့်မြတ်သော နတ်ဘုရား ပုံစံ သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းနှင့် အဝေးမှနေ၍ ကြယ်တာရာ ဟင်းလင်းပြင်ကို ဓားဖြင့်ပိုင်းဖြတ်ခြင်း
~“မဖြစ်နိုင်ဘူး”
ယဲ့ဖုန်း၏ လွှမ်းမိုးထားသော ဧရာမ လက်ဝါးကြီးအောက်တွင် ဝမ်ရွှမ်ဖင်းသည် အသည်းအသန် အော်ဟစ်လိုက်၏။ သို့သော်လည်း သူမတွင် ခုခံနိုင်စွမ်း တစ်စက်မျှ မရှိဘဲ မြေပြင်ပေါ်သို့ အဖိနှိပ်ခံလိုက်ရကာ လှုပ်ရှား၍ မရတော့ပေ။ သူမ၏ မာနထောင်လွှားလှသော ခန္ဓာကိုယ်မှာ မြေပြင်ထက်တွင် အလှပဆုံး ကွေးညွတ်လျက် ပျော့ခွေလဲကျနေ၏။ သူမ၏ အနေအထားမှာ ဆန်းကြယ်သော မိန်းကလေးနှင့် အပြိုင်ပင် ဖြစ်၏။
အကယ်၍ အခြားသူတစ်ဦးဦးသာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပါက တံတွေးပင် မျိုချမိမည်မှာ သေချာလှသည်။ သို့သော် ယဲ့ဖုန်းမှာမူ မည်သို့မျှ တုန်လှုပ်ခြင်း မရှိပေ။ သူ့အတွက်တော့ မိန်းကလေးများမှာ သူ၏ ခွန်အား တိုးတက်မှုကို နှောင့်နှေးစေမည့် အရာများသာပင်။
သူသည် ထိုနှစ်ဦးကို အေးစက်စက် ကြည့်လိုက်ကာ ခက်ထန်သော လေသံဖြင့် ဆိုလိုက်၏။
“တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်လေးနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား”
သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ဝမ်ရွှမ်ဖင်းကို စောင်းငဲ့ကြည့်လိုက်ပြီး -
“မင်းကို ကျုံးယွမ် မြို့ ရဲ့ တပည့်လက်ခံပွဲမှာ မြင်ကတည်းက မင်းဟာ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု က လာတာဆိုတာကို ငါ သိပြီးသားပါ”
“မဖြစ်နိုင်တာ”ဝမ်ရွှမ်ဖင်း၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားတော့၏။
“ကျွန်မက လူသားအမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားတာလေ... လှုပ်ရှားမှုတွေကလည်း အစစအရာရာ လျှို့ဝှက်ခဲ့တာကို... ရှင် ဘယ်လိုလုပ် သိနိုင်မှာလဲ”
“အဲဒါက ခက်လို့လား”ဟု ယဲ့ဖုန်းက ပြုံးလျက် မေးလိုက်၏။
သူသည် အလွန်ပင် တည်ငြိမ်အေးဆေးနေပြီး ထိုနှစ်ဦးကို လုံးဝ ထည့်တွက်ခြင်း မရှိပေ။ သူ၏ အခြေခံ ခွန်အားနှင့်ဆိုလျှင် မူလချီ ကို အသုံးပြုရုံမျှဖြင့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် သို့ အလွန် နီးကပ်သွားနိုင်၏။ အကယ်၍သာ သူသည် မူလချီ အနှစ်သာရကို အသုံးပြုကာ (၁၀) ဆသော အထွတ်အထိပ် အခြေအနေသို့ ဝင်ရောက်မည်ဆိုပါက ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၁) သို့ တရားဝင် တက်လှမ်းနိုင်မည် ဖြစ်၏။
ထိုအချိန်တွင် ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ကို အသုံးပြုမည်ဆိုလျှင် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၂) နှင့် (၃) တို့ကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့်မျှသာ ရှိသော ဆန်းကြယ်သည့် မိန်းကလေးမှာ သူ့အတွက် ဘာမှ မဟုတ်ပေ။
“သိပ်ပြီး မောက်မာမနေနဲ့”
ဆန်းကြယ်သော မိန်းကလေးက ရုတ်တရက် ကြိမ်းမောင်းလိုက်၏။ သူမသည် ယဲ့ဖုန်းကို အေးစက်စက် ကြည့်လိုက်ကာ ယုတ်မာသောအပြုံးကို ပြသလိုက်၏။
“ပူဇော်သက္ကာ မန္တန်... ကောင်းကင်တံခါး... ပွင့်စေ”
သူမ၏ အသံအဆုံးတွင် ဝမ်ရွှမ်ဖင်း၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် အငွေ့ပျံသွားကာ ယင်ရှာချီ မြူတိမ်တိုက်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ ထက်မြက်လှသော အနက်ရောင် ဓားရှည်ကြီးတစ်လက်အဖြစ် လျင်မြန်စွာ စုစည်းသွားပြီး ထူးဆန်းသော အရှိန်အဝါများကို ထုတ်လွှတ်နေတော့၏။
“ဘာလို့ ကျွန်မကို ယဇ်ပူဇော်တာလဲ”
နောက်ဆုံးအချိန်အထိ ဝမ်ရွှမ်ဖင်းသည် သူမ၏ ဝိညာဉ်မှာ အဘယ်ကြောင့် မျက်တောင်တစ်ခတ်အတွင်း ပြန့်ကျဲသွားရသနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။ သူမအား သတ်ဖြတ်ခဲ့သူမှာ သူမ အမြဲတမ်း ရိုသေခဲ့ရသော ပြင်ပရေးရာ အကြီးအကဲပင် ဖြစ်နေသည် မဟုတ်ပါလား။
“ငါတို့ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ရဲ့ မဟာ ရည်မှန်းချက်ကြီး အောင်မြင်ဖို့အတွက် မင်းနဲ့ ငါ့ကို ယဇ်ပူဇော်ပြီး ယဲ့ဖုန်းကို ဖမ်းဆီးနိုင်မယ်ဆိုရင် ဒါက ထိုက်တန်တဲ့ ပေးဆပ်မှုပဲ”ဟု ဆန်းကြယ်သော မိန်းကလေးက အေးစက်စွာ ဆိုလိုက်၏။
သူမသည် ဝမ်ရွှမ်ဖင်း၏ အသက်ကို လုံးဝ ဂရုမစိုက်ဘဲ စိတ်ညှို့လိုက်ရာ ယင်ရှာချီများဖြင့် ပြုလုပ်ထားသော အနက်ရောင် ဓားရှည်ကြီးမှာ သူမ၏ နဖူးအလယ်ကို တည့်တည့် ထိုးဖောက်သွားလေတော့သည်။
“ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား”
ယဲ့ဖုန်းသည် ဆန်းကြယ်သော မိန်းကလေး၏ ထူးဆန်းသည့် လုပ်ရပ်ကို နားမလည်နိုင်ဘဲ ရှိနေ၏။ အဖော်ကို ယဇ်ပူဇော်ပြီး မိမိကိုယ်ကိုယ် ပြန်ထိုးသတ်နေသည်လား။
“မဟုတ်ဘူး”ယဲ့ဖုန်းသည် အဓိက အချက်ကို လျင်မြန်စွာ သဘောပေါက်သွားတော့သည်။
“မင်းက ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ဖွင့်နေတာပဲ... မင်းက ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ရဲ့ ထိပ်တန်း တိုက်ခိုက်ရေးသမားတွေကို ခေါ်ယူချင်နေတာကိုး”
“မင်း ပြောတာ မှန်တယ်”
အနက်ရောင် ဓားရှည်ဖြင့် အထိုးခံရပြီးနောက် ဆန်းကြယ်သော မိန်းကလေး၏ ခန္ဓာကိုယ်မှာ စတင် ပျက်စီးသွားကာ ဟင်းလင်းပြင်အတွင်းသို့ ပေါင်းစည်းသွား၏။ ၎င်းနောက်တွင် ကျုံးယွမ် မြို့ ၏ အထက်၌ မိုင်ပေါင်း ဒါဇင်နှင့်ချီကာ ရှည်လျားပြီး မိုင်ပေါင်းများစွာ ကျယ်ဝန်းသော ဧရာမ ဟင်းလင်းပြင် အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
“ဟိုမှာ ကြည့်စမ်း... အဲဒါ ဘာကြီးလဲ”
“ဘုရားရေ”
“ဒါ ဒဏ္ဍာရီထဲက ဟင်းလင်းပြင် အက်ကြောင်း မဟုတ်လား... အဲဒီ အက်ကြောင်းထဲကနေ ဧရာမ ကြယ်ကြီးတစ်စင်းကို မြင်နေရသလိုပဲ”
ကျုံးယွမ် မြို့ ရှိ သက်ရှိအားလုံးမှာ ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ယဲ့ဖုန်းသည်လည်း မော့ကြည့်လိုက်၏။
ဆန်းကြယ်သော မိန်းကလေးက ကောင်းကင်တံခါး ဟု ခေါ်ဆိုခဲ့သည့် ဧရာမ ဟင်းလင်းပြင် အက်ကြောင်းကြီးအတွင်းမှတစ်ဆင့် ကြယ်တာရာ ဟင်းလင်းပြင်ထဲ၌ ပျံဝဲနေသော ဧရာမ သက်ရှိဂြိုဟ်ကြီးကို သူ မြင်တွေ့လိုက်ရ၏။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ချက်ချင်းပင် ထိုးတက်လာတော့သည်။
“ခိခိခိ”
“ရှန်ကျိုးတိုက်ကြီး ဆီကို ဦးတည်တဲ့ ကောင်းကင်တံခါး ပွင့်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... စိတ်မကောင်းစရာက အသက်ရှူသံ (၁၀) ကြိမ်စာလောက်ပဲ တောင့်ခံနိုင်မှာ”
“အသက်ရှူသံ (၁၀) ကြိမ်ဆိုတာ ငါတို့လို အဘိုးကြီးတွေ သောင်းကျန်းဖို့နဲ့ ကမ္ဘာနှစ်ခုကြား တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခု တည်ဆောက်ဖို့အတွက် လုံလောက်ပါတယ်”
ထို သက်ရှိဂြိုဟ် အတွင်းမှနေ၍ ကျောရိုးထဲအထိ စိမ့်သွားစေမည့် အေးစက်စက် အသံများမှာ ကျုံးယွမ် မြို့ ရှိ သတ္တဝါများ၏ နားထဲသို့ ရောက်ရှိလာတော့သည်။
နောက်တစ်ခဏတွင်၊
ထို သက်ရှိဂြိုဟ် ထံမှ ထူးဆန်းသော လူရိပ် (၅) ခုမှာ ထွက်ပေါ်လာကာ မိုင်ပေါင်း ကုဋေ ကုဋာကို မျက်တောင်တစ်ခတ်အတွင်း ဖြတ်ကျော်လျက် ဟင်းလင်းပြင် အက်ကြောင်းသို့ ရောက်ရှိလာကြတော့သည်။ ၎င်းတို့သည် ရှန်ကျိုးတိုက်ကြီး ဆီသို့ ဆင်းသက်ကာ ဖျက်ဆီးမှုများ ပြုလုပ်တော့မည့် အသွင်ရှိနေ၏။
၎င်းတို့အားလုံးမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော အကြီးအကဲများ ဖြစ်ကြ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် (၅) သို့ပင် ရောက်ရှိနေပြီဖြစ်ရာ ရှန်ကျိုးတိုက်ကြီး ပေါ်တွင်ပင် ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
“ငါ ရှိနေသရွေ့တော့ မင်းတို့ ဖြတ်သွားလို့ မရစေရဘူး”
ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ ပျံတက်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ ရွှေရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် ရှိနေသမျှသော မည်သူတစ်ဦးတစ်ယောက်မျှ သူ့ကို မှတ်မိနိုင်ခြင်း မရှိပေ။
ယဲ့ဖုန်းသည် သူ၏ ညာဘက် လက်ညှိုးကို ဆန့်ထုတ်လိုက်ကာ သူ၏ နဖူးအလယ်ကို ခပ်ဖွဖွ ထိလိုက်၏။
“မြင့်မြတ်သော နတ်ဘုရား ပုံစံ... အသက်ဝင်စေ”
မည်သည့် စကားတစ်ခွန်းမျှ ထပ်မဆိုတော့ဘဲ ယဲ့ဖုန်းသည် အခက်အခဲများစွာဖြင့် အေးခဲချိန်ကို စောင့်ဆိုင်းခဲ့ရသော မြင့်မြတ်သော နတ်ဘုရား ပုံစံ ကို တိုက်ရိုက် အသုံးပြုလိုက်တော့သည်။ ကောင်းကင်နှင့် မြေပြင်ကြားရှိ အဆုံးမရှိသော စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာသည်။ ယဲ့ဖုန်းသည် တစ်ကမ္ဘာလုံးကို မိမိ၏ လက်ဖဝါးအတွင်း ထည့်သွင်း ထိန်းချုပ်ထားနိုင်သကဲ့သို့ ခံစားလိုက်ရကာ အတိုင်းအဆမရှိသော ခွန်အားများကို ရရှိသွား၏။
သူသည် အကယ်၍ ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် ရောက်လာလျှင်ပင် လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်မည်ဟု ခံစားနေရ၏။
“စနစ် ပြောသလိုပဲ... ဒါက အားအနည်းဆုံး မြင့်မြတ်သော နတ်ဘုရား ပုံစံ ဆိုဦးတော့... သန့်ရှင်းသော ဆိုတဲ့ စကားလုံး ပါနေတာကြောင့် ငါ့ရဲ့ ခွန်အားကို တပိုင်း အဆင့် သူတော်စင် အဆင့်အထိ တိုးမြှင့်ပေးတာပဲ”
ယဲ့ဖုန်း၏ ကြောက်မက်ဖွယ် အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်နှင့် ဝိညာဉ်ဝါးမြိုမျိုးနွယ်စု မှ အကြီးအကဲ (၅) ဦးမှာ ချက်ချင်းပင် မျက်နှာများ ပြာနှမ်းသွားကြတော့သည်။
“သူတော်စင်... တပိုင်း အဆင့် သူတော်စင် ပါလား”
“ဒါ ထောင်ချောက်ပဲ... တောက်”
“မြန်မြန်... ဘိုးဘေး ကို သွားခေါ်ကြစမ်း”
ဝိညာဉ်ဝါးမြိုမျိုးနွယ်စု မှ အကြီးအကဲ (၅) ဦးမှာ ချက်ချင်းပင် လှည့်၍ ထွက်ပြေးကြတော့သည်။ ယုန်များထက် အဆပေါင်း သောင်းချီ၍ မြန်ဆန်သော အရှိန်ဖြင့် ပြေးနေကြခြင်း ဖြစ်၏။
“ပြေးနိုင်မယ် ထင်နေတာလား”
ယဲ့ဖုန်းသည် သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ကာ ဟင်းလင်းပြင် အက်ကြောင်းကို ဖြတ်ကျော်လျက် မိုင်ပေါင်း ကုဋေ ကုဋာ ဝေးကွာသော အရပ်ရှိ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော အကြီးအကဲ (၅) ဦးကို ဖမ်းဆွဲလိုက်၏။
“ဘုန်း”
ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော အကြီးအကဲ (၅) ဦးမှာ ခုခံရန်ပင် အခွင့်အရေး မရလိုက်ဘဲ လှပတောက်ပလှသော မီးရှူးမီးပန်းများအလား ပေါက်ကွဲ ပျက်စီးသွားကြတော့၏။ ၎င်းမြင်ကွင်းမှာ တကယ့်ကို မှင်သက်စရာ ကောင်းလှ၏။
“မဖြစ်ဘူး”
ထို သက်ရှိဂြိုဟ် အတွင်းရှိ မရေမတွက်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်များမှာ အကြီးအကဲ (၅) ဦး ကျဆုံးသွားသည်ကို မြင်တွေ့လိုက်ရသောအခါ နာကျင်မှုနှင့် ဒေါသများကြောင့် ဟိန်းဟောက်လိုက်ကြတော့၏။
“ဝုန်း”
နောက်တစ်ခဏတွင် ထိုဂြိုဟ်တစ်ခုလုံးမှာ နိုးထလာတော့သည်။ ယဲ့ဖုန်းထက် မနိမ့်ကျသော ခမ်းနားထည်ဝါလှသည့် အရှိန်အဝါတစ်ခုမှာ တစ်ဟုန်ထိုး ထွက်ပေါ်လာတော့၏။ ကြယ်တာရာ ဟင်းလင်းပြင်၏ အထက်၌ နက်မှောင်သော ရွှေရောင် လှံရှည်ကြီး တစ်စင်းအဖြစ် စုစည်းသွားပြီး ဟင်းလင်းပြင်ကို ချက်ချင်း ဆွဲဖြဲလျက် ယဲ့ဖုန်း ဆီသို့ တန်းတန်းမတ်မတ် ပစ်လွှတ်လိုက်သည်။
“ဂျွတ်”
သို့သော်လည်း တပိုင်း အဆင့် သူတော်စင် တစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိသော ထိုလှံရှည်ကြီးမှာ ယဲ့ဖုန်းကို မထိရသေးမီမှာပင် မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ ပြိုင်ဘက်ကင်းသော ကာကွယ်ရေးကြောင့် မီးခိုးများအလား ကြေမွ ပျောက်ကွယ်သွားရတော့သည်။
“မဖြစ်နိုင်တာကြီး”
သက်ရှိဂြိုဟ် ၏ ဗဟိုချက်အတွင်းမှနေ၍ အံ့အားသင့်မှုများကြောင့် တုန်ရီနေသော အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းမှာ ဝိညာဉ်ဝါးမြိုမျိုးနွယ်စု ၏ ဘိုးဘေး ပင် ဖြစ်ပေသည်။
“မင်း သေချင်နေတာပဲ”
ယဲ့ဖုန်းသည် သူ၏ လက်ညှိုးများကို ဓားသဖွယ် အသုံးပြုကာ သူ၏ စွမ်းအားအားလုံးကို လက်ထိပ်တွင် စုစည်းလိုက်ပြီး အစွမ်းကုန် ပိုင်းချလိုက်၏။
“ရွှီး”
ကောင်းကင်ယံရှိ နေမင်းထက် အဆပေါင်း ကုဋေ ကုဋာမက ပိုမိုတောက်ပသော လခြမ်းကွေးပုံစံ ဓားအလင်းတန်းကြီးမှာ ဟင်းလင်းပြင် အက်ကြောင်းကို ဖြတ်ကျော်သွားလေ၏။ ထို သက်ရှိဂြိုဟ် ၏ အထက်သို့ တစ်ခဏအတွင်း ရောက်ရှိသွားပြီး ပြင်းထန်စွာ ပိုင်းချလိုက်လေတော့သည်။
ယဲ့ဖုန်းသည် ဤတိုက်ကွက်က မည်မျှ ထိရောက်မှု ရှိမည်ကို ဂရုမစိုက်အားပေ။ မြင့်မြတ်သော နတ်ဘုရား ပုံစံ ၏ နောက်ဆုံး (၀.၁) စက္ကန့်ကို အသုံးချကာ သူသည် ဟင်းလင်းပြင် အက်ကြောင်းကို ရိုက်ခွဲပစ်လိုက်ပြီး ၎င်းကို ရှုပ်ထွေးသော အခြေအနေသို့ ပြောင်းလဲပစ်လိုက်ရာ အက်ကြောင်းမှာ တဖြည်းဖြည်း ပြန်လည် စေ့သွားတော့သည်။
ဝေဝါးသော မြင်ကွင်းအတွင်း၌၊
ယဲ့ဖုန်းသည် ထို သက်ရှိဂြိုဟ် ကြီးမှာ သူ၏ ဓားအလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားသည်ကို မြင်တွေ့လိုက်ရ၏။ ထို့အတူ၊ ကျယ်ပြန့်သော နယ်မြေတစ်ခုမှာလည်း ဧရာမ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားကာ မရေမတွက်နိုင်သော သက်ရှိများ သေဆုံးသွားသည်ကိုလည်း သူ.. မြင်လိုက်ရ၏။
၎င်းနောက်တွင်တော့ ဟင်းလင်းပြင် အက်ကြောင်းမှာ အပြည့်အဝ ပိတ်သွားခဲ့ပြီ ဖြစ်သည်။ ယဲ့ဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ မြင့်မြတ်သော နတ်ဘုရား ပုံစံ ထံမှ အထက်စီးဆန်လှသော အရှိန်အဝါများမှာလည်း ဒီရေအလား ပြန်လည် ဆုတ်ခွာသွားတော့၏။
“ဟူး... ... ...”
ယဲ့ဖုန်းသည် လေထဲတွင် ပျံဝဲနေလျက် အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ မြင့်မြတ်သော နတ်ဘုရား ပုံစံ မှာ တိုတောင်းလှသော (၅) စက္ကန့်မျှသာ ကြာမြင့်ခဲ့၏။
သို့သော်လည်း ထိုအချိန်အတွင်းမှာပင် သူသည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသော အကြီးအကဲ (၅) ဦးကို အဝေးမှ နေ၍ လက်ဝါး တစ်ချက်ဖြင့် သုတ်သင်နိုင်ခဲ့သလို ဂြိုဟ်တစ်စင်း၏ တစ်ဝက်နီးပါးကိုလည်း ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်ခဲ့သဖြင့် တကယ့်ကို ကြီးမားလှသော အောင်မြင်မှုများကို ရရှိခဲ့ခြင်းပင် ဖြစ်ပါသည်။
“လောကကြီးကို ထိန်းချုပ်ထားရတဲ့ ဒီခံစားချက်က တကယ်ကို အံ့ဩစရာ ကောင်းတာပဲ”ယဲ့ဖုန်းက မိမိဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်၏။
သူသည် သူ၏ ခန္ဓာကိုယ်မှာ ချွေးများဖြင့် ရွှဲနစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
၎င်းမှာ ခွန်အားများကို အလွန်အမင်း အသုံးပြုလိုက်ရသကဲ့သို့ပင် ဖြစ်ပြီး အသက်ရှူသံမှာလည်း အလွန်ပင် ပြင်းထန်နေ၏။ သူသည် အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ ကျုံးယွမ် မြို့ ရှိ ကျင့်ကြံသူများမှာ ကျောက်ရုပ်များအလား မှင်သက်နေကြပြီး ပါးစပ်များ ပြဲကာ မျက်လုံးများတွင်လည်း ထိတ်လန့်မှုများဖြင့် မိမိကို မော့ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
“ဝှစ်... ... ...”
ယဲ့ဖုန်းသည် သူ၏ တည်နေရာကို မထုတ်ဖော်လိုသဖြင့် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားတော့၏။
သူသည် လူသူကင်းမဲ့သော ကျုံးယွမ် မြို့ လမ်းမပေါ်သို့ ရောက်ရှိသွားကာ ဘုရားကျောင်း ပျက်ကြီးအတွင်းသို့ ဝင်ရောက်လိုက်ပြီး ဝိညာဉ်ဝါးမြိုမျိုးနွယ်စု နှင့် ပတ်သက်သမျှသော အရာအားလုံးကို စနစ်ဟင်းလင်းပြင် အတွင်းသို့ ပစ်ထည့်လိုက်၏။
ထို့နောက်တွင် အမှတ်အသား အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီးမှ စိတ်အေးချမ်းသာစွာဖြင့် ထွက်ခွာသွားခဲ့တော့သည်။
*
ကျောင်းယန် သန့်စင်သော မြို့တော် ။
မြင့်မြတ်သော နန်းတော် ထိုင်ခုံထက်၌ မြင့်မားစွာ ထိုင်နေသော ကျောင်းယန် သန့်စင်သော မြို့တော် မြို့စားမင်း သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေ၏။
“ရှန်ကျိုးတိုက်ကြီး ရဲ့ တောင်ဘက် ဒေသမှာ တပိုင်း အဆင့် သူတော်စင် အဆင့် ရှိတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တာပဲ”
သူသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။
ကျောင်းယန် သန့်စင်သော မြို့တော် မြို့စားမင်း လျှောက်လှမ်းလိုက်သည်နှင့် တပြိုင်နက် ကျောင်းယန် သန့်စင်သော မြို့တော် တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို အလွယ်တကူပင် သိမ်းယူလိုက်သဖြင့် အရပ်မျက်နှာ အသီးသီးရှိ အစွမ်းထက် တန်ခိုးရှင်များ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။
---