← Chapters

အာ … ပျားအုံကြီးကို တုတ်နဲ့ ထိုးမိပြီ (၁)

Vol. 2 Ch. 25

အာ … ပျားအုံကြီးကို တုတ်နဲ့ ထိုးမိပြီ (၁)

Vol. 2 Ch. 25

"ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း"

ဧကရာဇ်မင်းကြီးက လွှတ်ခနဲ မေးလိုက်သည်။

"ဒါ ဘာအသံလဲ"

"ကြည့်ရတာ..."

မိန်းမစိုး အရာရှိချုပ်က သေချာနားစွင့်လေသည်။

"တစ်ယောက်ယောက်က နန်းတော်ရှေ့က တိုင်ကြားစာဗုံကို တီးနေတာ ထင်ပါတယ် ဘုရား"

*တိုင်ကြားစာဗုံလား*

ဧကရာဇ်မင်းကြီးသည် တည်ကြည်လေးနက်စွာဖြင့် မတ်တတ်ရပ်လိုက်သည်။

"မှူးမတ် အရာရှိတွေကို ဆင့်ခေါ်လိုက်"

...

ရှုရန်မြောင်သည် အရာရှိများ တန်းစီလမ်းလျှောက်ရာတွင် နောက်ဆုံးကနေ လိုက်ပါလာရင်း စစ်မက်ရေးရာ အရာရှိတစ်ဦး၏ ရှင်းပြချက်ကို နားထောင်နေမိသည်။

"အရှင်မင်းကြီး ဒီမင်းဆက်ကို စတင် တည်ထောင်ခါစတုန်းက နန်းတော်တံခါးဝမှာ တိုင်ကြားစာဗုံကို ထားရှိခဲ့တာ၊ အကယ်၍ သာမန်ပြည်သူတွေ မတရားမှုကို ခံစားရရင် အရှင်မင်းကြီးဆီ တိုက်ရိုက်လျှောက်တင်နိုင်အောင် ဒီဗုံကို တီးခွင့် ပြုထားတာလေ"

"ဪ ဪ၊ အဲ့ဒီလိုဆိုရင် သံမှိုပြားပေါ်မှာ ဒူးထောက်တွားသွားရသေးလား၊ တိုင်ကြားစာ မတင်ခင်မှာ အဲ့ဒီလို အရင် လုပ်ရတယ်လို့ ကျွန်တော် ကြားဖူးလို့"

"ဘယ်ဟုတ်မလဲ၊ ဒီလို အဓိပ္ပာယ် မရှိတာတွေကို ဘယ်ကကြားလာတာလဲ"

ထိုအရာရှိမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"အရှင်မင်းကြီးက မတရားမှုကို ရင်ဖွင့်နိုင်မယ့် လမ်းစ ပွင့်သွားအောင် ဒီဗုံကို ထားပေးတာလေ၊ တိုင်ကြားမယ့်သူက သံမှိုပြားပေါ် တွားသွားရမယ်ဆိုရင် လူတော်တော်များများက မတိုင်ခင်ကတည်းက သေကုန်မှာပေါ့၊ အဲ့ဒီလိုဆို ဘယ်သူကများ လာတိုင်ရဲတော့မှာလဲ"

ယင်းက ဘောင်းဘီချွတ်၍ လေလည်သကဲ့သို့ အဓိပ္ပာယ်မရှိ ဖြစ်နေပေလိမ့်မည်။

ယခင်မင်းဆက်များတွင်တောင်မှ တိုင်ကြားစာ တင်သောသူများကို ပေးလေ့ရှိသော ပြစ်ဒဏ်များမှာ ကြိမ်ဒဏ် ဆယ်ချက်သာ ရှိခဲ့သည်။ သို့သော် သံမှိုပြားပေါ်၌ တွားသွားခိုင်းခြင်း လုံးဝ မရှိခဲ့ပါ။

ရှုရန်မြောင် တစ်ယောက် အိုးတိုးအန်းတန်း ဖြစ်သွားလေသည်။

"ကျွန်တော် အထင်မှားသွားတာပါ"

နန်းတော် အဝင်တံခါးဘေးက ခန်းမဆောင်ထဲကို သူ ခြေချလိုက်မိသည့် အခိုက်မှာပင် ပြင်းထန်လှသည့် သွေးညှီနံ့ကြီးက သူ၏နှာခေါင်းထဲကို အလုံးအရင်းနဲ့ တိုးဝင်လာတော့သည်။

[ဒါ ... ဒါက ဘာကြီးလဲ]

ရှုရန်မြောင်၏ မျက်ဝန်းအိမ်များမှာ တုန်လှုပ်မှုကြောင့် ကျုံ့သွားတော့သည်။

[ဧကရာဇ်အိုကြီးက တိုင်ကြားစာလာတင်တဲ့သူကို တကယ်ပဲ သံမှိုပြားပေါ် တွားသွားခိုင်းလိုက်တာလား]

ကျန်တဲ့ အရာရှိများ - “ကျေးဇူးပဲ၊ ငါတို့လဲ မင်းလိုပဲ ထိတ်လန့်နေတာပါပဲ”

အဖွဲ့၏ ရှေ့ဆုံးမှာရှိနေသော ဝန်ကြီးချုပ်နှင့် ဝန်ကြီး ခြောက်ယောက်သည် ဧကရာဇ်အိုကြီးကို ရုတ်တရက် မော့ကြည့် လိုက်ကြသည်။

*အရှင်မင်းကြီး၊ ဒါကတော့ မသင့်တော်ဘူးထင်ပါတယ် ဘုရား*

အဓိကမှာ သူတို့ကိုယ်တိုင်လည်း ပုံမှန်ထက် ထူးကဲစွာ ပြင်းထန်လွန်းလှသည့် သွေးညှီနံ့ကြီးကို ရနေကြလို့ပင် ဖြစ်သည်။

ဧကရာဇ်အိုကြီး၏ နားထင်မှ သွေးကြောကြီးမှာလည်း ဒေါသကြောင့် တဒိတ်ဒိတ် ခုန်လာတော့သည်။

ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် တစ်လုံးချင်းစီ ခိုင်မာပြတ်သားစွာ ပြောကြား လိုက်သည်။

"ငါကိုယ်တော်က နန်းတွင်းသမားတော်ကို ကူညီပေးဖို့ အမိန့်ပေး ထားပြီးပြီ၊ ဒီအမျိုးသမီးက တိုင်ကြားစာဗုံကို မတီးခင် ကတည်းက တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပြည့်နေတာ၊ ဘယ်လောက်တောင် နာကျင်စရာကောင်းတဲ့ မတရားမှုတွေ ရှိနေလို့ ဒီလောက်အထိ အနာခံပြီး လာတိုင်ရတာလဲဆိုတာ ငါကိုယ်တော်လဲ မသိသေးဘူး"

ဧကရာဇ်အိုကြီး၏ စကားလုံးများမှာ တိကျပြတ်သားလှပြီး ဘေးကလူများ အထင်လွဲသွားမှာကို စိုးရိမ်နေသည့် အလား မတီးခင်ကတည်းကဆိုသည့် စကားလုံးကို အထူး အလေးပေး ပြောဆိုသွားခဲ့သည်။

နန်းတွင်းသမားတော်သည် ဆေးသေတ္တာကို ကိုင်ကာ ချဉ်းကပ်လာပြီး သူ၏ရှေ့မှ သွေးအိုင်ထဲက လူရုပ်ကို သနားစဖွယ် ကြည့်လိုက်မိသည်။ နှစ်ပေါင်းများစွာသော ဆေးပညာအတွေ့အကြုံအရ ဤလူနာမှာ မည်သို့မျှ ကယ်တင်၍ မရနိုင်တော့ဘဲ မသေဆုံးမီ နာကျင်မှု သက်သာအောင်သာ လုပ်ပေးနိုင်တော့မည်ကို သူသိရှိနေသည်။

"ဟူး..."

သမားတော်ကြီးသည် သွေးကြောစမ်းရန် လက်လှမ်းလိုက်သည့် ခဏမှာပင်...

"ဖတ်"

သွေးများစွန်းပေနေသော လက်တစ်ဖက်က သမားတော်၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဖမ်းဆွဲကာ ဘေးသို့ တွန်းဖယ်လိုက်သည်။

"အားးး"

သမားတော်ကြီးမှာ လန့်အော်လိုက်မိတော့သည်။

[သူ အသက်ရှင်နေသေးတယ်!]

ဧကရာဇ်အိုကြီးသည် ပလ္လင်လက်ရန်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသဖြင့် လက်မောင်းတလျှောက် သွေးကြောများပင် ထောင်တက်နေတော့သည်။ အကယ်၍ သူသာ ထိုင်မနေပါက နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ယိုင်လဲ သွားနိုင်လောက်ပေသည်။

"အရှင်မင်းကြီး"

သွေးသံရဲရဲ ဖြစ်နေသော ထိုအမျိုးသမီးက စကားပြောလိုက်သည်။ သူမ၏အသံမှာ အားအင်မရှိသော်လည်း ခံရခက်မှုတို့နှင့်အတူ ပြတ်သားလှသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။

"ဒီနိမ့်ကျတဲ့ အမျိုးသမီး ရှဲ့လော့ရွှေက ခွိုက်ကျီနယ်စား၊ သူ့ရဲ့ဇနီးနဲ့ သူတို့ရဲ့ သားဖြစ်သူတို့ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ပြစ်မှုတွေကို တိုင်ကြားလိုပါတယ် ဘုရား"

ဧကရာဇ်အိုကြီးမှာ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း ရှုရန်မြောင်၏ စိတ်ထဲမှ အသံက ဦးအောင် ပြောလာသည်။

[ဒါက ဘာကြီးလဲ၊ ဒီမိန်းမက ဘယ်လို ဇာတ်လိုက်ဗီဇမျိုးများ ရှိနေတာလဲ၊ ဒီလောက်ကြီး ဒဏ်ရာရထားတာကို အနည်းဆုံးတော့ သေလုမျောပါး ဖြစ်နေရမှာ မဟုတ်ဘူးလား၊ အခုတော့ ဘယ်လိုအားနဲ့ ဒီလောက် အသံကျယ်ကျယ် ထွက်နိုင်နေရတာလဲ]

ရှုရန်မြောင်၏ မျက်လုံးများက စနစ်၏ အတင်းအဖျင်း သတင်းစာမျက်နှာပေါ်မှာ စိုက်ကြည့်နေရင်း မှင်တက် သွားတော့သည်။

[သူ မနေ့ကတင် ကိုယ်ဝန်ပျက်ကျထားတာပဲ]

နန်းတွင်းရှိ စစ်ဘက်၊ နယ်ဘက် အရာရှိများအားလုံးမှာ ထိတ်လန့်လွန်း၍ တစ်ပြိုင်နက်တည်း အသက်ရှူ မှားသွားကြသည်။

[ဘယ်သူမှ ထင်မှာတောင် မဟုတ်ဘူး]

*ဘယ်အမျိုးသမီးမျိုးမဆို ကိုယ်ဝန်ပျက်ကျပြီးရင် အနည်းဆုံး ဆယ်ရက်မှ နှစ်ပတ်လောက် အထိ အိပ်ရာထဲမှာ အနားယူရမှာ မဟုတ်ဘူးလား*

[အံ့ဩစရာပဲ၊ သူက ခွိုက်ကျီနယ်စား မိသားစုတွေ ဝန်ကြီးချုပ်အိမ်က တောင်းရမ်း မင်္ဂလာပွဲကို တက်ရောက် နေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးလာခဲ့တာပဲ၊ မြင်းတစ်ကောင်ကို ခိုးစီးပြီး မြို့တော်ကို ရောက်အောင် မိုင် ၄၀ ခရီးကို တစ်ချိုးတည်း နှင်လာခဲ့တာ]

လူတိုင်းသည် ထိုစုတ်ပြတ်သတ်နေသော အမျိုးသမီး၏ ခြေထောက်များကို မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သူမ၏ ပေါင်အတွင်းသားများမှာ မြင်းစီးလာသည့်ဒဏ်ကြောင့် ပွန်းပဲ့ပြတ်ရှကာ သွေးများ တရဟော စီးကျ နေသည်။

သို့သော်လည်း ရှဲ့လော့ရွှေသည် သူမ၏ ခံစားချက်များကို ရင်ဖွင့်လေလေ ပိုမို စိတ်အား ထက်သန် လာလေလေပင်။ သူမ၏ ဘယ်ဘက်ခြေလှမ်းကို အလိုအလျောက် လှမ်းလိုက်မိသည့်အခါ စုတ်ပြဲနေသော အဝတ်အစားများမှာ ပွတ်တိုက် မိသွားပြီး အနာဖေးစတက်ခါစ ဒဏ်ရာများမှာ ပြန်လည် ပွင့်ထွက်သွားပြန်သည်။

*အား*

ဝန်ကြီးချုပ် ကိုယ်တိုင်ပင် သူမကိုယ်စား နာကျင်မိသဖြင့် အံကြိတ်မိသွားသည်။

သို့သော် နုနုနယ်နယ်ပုံစံရှိသော ထိုအမျိုးသမီးမှာမူ မျက်မှောင်ကို အနည်းငယ်သာ ကြုတ်လိုက်ပြီး ထိုနာကျင်မှုမှာ သူမအတွက် ဘာမှမဟုတ်သယောင်ပင်။

သူမသည် သူမကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် အဖြစ်အပျက်များကို အမြန်ပင် ပြောပြလိုက်သည်။

သူမသည် ငါးရောင်းရန် အတွက် မိဘများနှင့်အတူ မြို့ထဲသို့ ရောက်ရှိလာခဲ့သော လယ်သမား မိသားစုမှ သမီးပျို တစ်ဦး ဖြစ်သည်။ ခွိုက်ကျီနယ်စား၏ သားဖြစ်သူသည် သူမအား ချိုသာသောစကားများဖြင့် သိမ်းသွင်းကာ အိမ်တော်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့သော်လည်း ဧကရာဇ်မင်းမြတ်က ရှန်းယန်မင်းသမီးအား အိမ်ထောင် ပြန်ချပေးရန် စဉ်းစားနေသည်ဟု ကြားသိရသည့်အခါတွင်မူ သတင်းများ မပေါက်ကြားစေရန် သူမအား အကျဉ်းချ ထားခဲ့ကြသည်။ တစ်ဖက်တွင်လည်း ထိုသားဖြစ်သူမှာ မင်းသမီးကို ဂုဏ်ပြုသောအားဖြင့် နှစ်ပေါင်းများစွာ တစ်ဦးတည်းသော လူပျိုကြီးအဖြစ် နေထိုင်လာခဲ့သည့်အလား သူတော်ကောင်းယောင် ဆောင်နေခဲ့သည်။

ကိုယ်ဝန်ကိစ္စမှာမူ ထိုသားဖြစ်သူက အရက်မူးပြီး သူမအား အတင်းအဓမ္မ စော်ကားခဲ့ရာမှ ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ်အိုကြီးသည် ခွိုက်ကျီနယ်စားဆီသို့ အကြည့်လွှဲလိုက်သည်။

"မင်းမှာရော ဘာပြောစရာရှိလဲ"

ရှဲ့လော့ရွှေသည်လည်း ခွိုက်ကျီနယ်စားဘက်မှ ငြင်းဆိုခြင်း သို့မဟုတ် သူမအား ပြန်လည် စွပ်စွဲခြင်းများ ပြုလုပ် လာလိမ့်မည်ဟု တွေးကာ ကြိုတင်ပြင်ဆင်ထားလိုက်သည်။

လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ခွိုက်ကျီနယ်စားသည် သူ၏ ရာထူးဂုဏ်ရှိန် တက်မက်မှုများကြောင့် မျက်ကန်းဖြစ်ခဲ့ရကြောင်းနှင့် မင်းမျိုးမင်းနွယ်များနှင့် အမျိုးတော်စပ်လိုသည့် လောဘကြောင့် ယခုကဲ့သို့ မှားယွင်းခဲ့ ရကြောင်းကို ချက်ချင်းပင် ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ဝန်ခံပြီးနောက်တွင် သူသည် ရှဲ့လော့ရွှေကိုလည်း မယုံနိုင်လောက်အောင် မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် တောင်းပန် လိုက်သေးသည်။ ဧကရာဇ်မင်းမြတ်မှစ၍ အရာရှိအားလုံးမှာ မှင်တက် သွားကြတော့သည်။ ဧကရာဇ်အိုကြီးမှာ ကြောင်အမ်းအမ်းဖြစ်နေဆဲမှာပင် ဥပဒေအရ စီရင်ချက်ကို ချမှတ်လိုက်သည်။

ခွိုက်ကျီနယ်စားသည် သူတစ်ပါးအား ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရအောင် ကျူးလွန်မှုဖြင့် ကြိမ်ဒဏ် အချက် ၄၀ စီရင်ခံရမည် ဖြစ်ပြီး သူ၏သားဖြစ်သူမှာမူ အဓမ္မ ကျူးလွန်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ်နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

ဧကရာဇ်မင်းမြတ်က မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"ခွိုက်ကျီနယ်စား၊ သူတစ်ပါးကို ထိခိုက်နာကျင်အောင် လုပ်ခဲ့တဲ့အတွက် ဒီကြိမ်ဒဏ် အချက် ၄၀ စီရင်ချက်ကို မင်း လက်ခံသလား"

ခွိုက်ကျီနယ်စားက ဦးညွှတ်လိုက်သည်။

"ကျွန်တော်မျိုး အပြစ်ဒဏ်ကို လက်ခံပါတယ် ဘုရား"

ဧကရာဇ်က ထပ်မံမေးမြန်းပြန်သည်။

"မင်းရဲ့သားက အပျိုစင် အမျိုးသမီးတစ်ဦးကို စော်ကားခဲ့တဲ့ပြစ်မှုက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ် ကျခံရမှာ ဖြစ်တယ်။ ဒါကိုရော မင်းလက်ခံသလား"

ခွိုက်ကျီနယ်စားက နောက်တစ်ကြိမ် ထပ်မံဦးညွှတ်ပြန်သည်။

"ကျွန်တော်မျိုးရဲ့ မိုက်မဲလှတဲ့ သားကိုယ်စား ဒီစီရင်ချက်ကို လက်ခံပါတယ် ဘုရား"

ဧကရာဇ်မင်းမြတ်က ရှဲ့လော့ရွှေဘက်သို့ လှည့်၍ မေးမြန်းလိုက်သည်။

"ဒီစီရင်ချက်အပေါ် မင်း ကျေနပ်မှု ရှိရဲ့လား"

သူမက ဒူးထောက်၍ ပြန်လည်လျှောက်တင်လိုက်သည်။

"ကျွန်တော်မျိုးမ ကျေနပ်ပါတယ် ဘုရား"

တရားလိုဖြစ်သူက ကျေနပ်သည်ဟု ဆိုသဖြင့် တရားခွင်ကို ရုပ်သိမ်းလိုက်တော့သည်။

ရှုရန်မြောင်မှာမူ တစ်ချိန်လုံး ဘာမှန်းမသိဘဲ ဇဝေဇဝါဖြင့်သာ လိုက်ပါလာခဲ့ရာ ယခုထိတိုင် ကြောင်တောင်တောင် ဖြစ်နေဆဲပင်။ သူသည် ဤတရားခွင်သို့ ဘာကြောင့်များ တက်ရောက်ခဲ့ရပါလိမ့်ဟုပင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်နေမိသည်။

သူ မော့ကြည့်လိုက်သည့်အချိန်တွင် ခွိုက်ကျီနယ်စားသည် ခန်းမဆောင်အတွင်းမှ အလျင်အမြန် ထွက်ခွာ သွားသည်ကို သတိပြုမိလိုက်တော့သည်။

All Chapters