← Chapters

အခန်း (၁၈၃၃-၁၈၃၄)

Vol. 184 Ch. 1833-1834

အခန်း (၁၈၃၃-၁၈၃၄)

Vol. 184 Ch. 1833-1834

အခန်း (၁၈၃၃) - ကျန်းရန်မဟာမိတ်အဖွဲ့

တိမ်တိုက်များအထက်တွင် ရပ်နေသော ထိုလူအုပ်စု ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဇန့်လုံမြို့တစ်မြို့လုံးရှိ တန်ခိုးရှင်များမှာ မိမိတို့၏ ရင်ဘတ်ပေါ်သို့ တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရန်ပင် ခက်ခဲသွားကြသည်။

ဖန့်ချန်းရွှယ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး ရေလှိုင်းကဲ့သို့ တုန်ခါမှုတစ်ခုကို အရပ်မျက်နှာအနှံ့သို့ ထုတ်လွှတ်လိုက်ရာ လူတိုင်း၏ ရင်ထဲမှ ဖိအားများမှာ ချက်ချင်းပင် လျော့ပါးသွားပြီး မူလအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

ဖန့်ချန်လည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ ခုနက သူကိုယ်တိုင်ပင် ထိုဖိအားဒဏ်ကို အလူးအလဲ ခံစားလိုက်ရခြင်း ဖြစ်သည်။

ဖန့်ဟန်၏ မျက်နှာမှာ တည်တင်းသွားပြီး လေဟာနယ်ထဲသို့ ချက်ချင်း ပျံတက်သွားသည်။ တစ်ချိန်တည်းမှာပင် နေရာအနှံ့၌ ကင်းလှည့်နေသော၊ စနစ်တကျရှိရန် တာဝန်ယူထားသော ဖန့်မျိုးနွယ်စုဝင် တန်ခိုးရှင်များမှာလည်း စုရုံးရောက်ရှိလာကြပြီး လေဟာနယ်ထဲ၌ ရပ်လျက် ထို မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ ကို နိုးနိုးကြားကြားဖြင့် စိုက်ကြည့်နေကြတော့သည်။

"ဖန့်ချန်... ကျန်းရန် မဟာမိတ်အဖွဲ့က လူတွေပဲ။ ကြည့်ရတာ ကျန်းရန်သူတော်စင်က ငါတို့ ဖန့်မျိုးနွယ်အပေါ် သဘောထား သိပ်မကောင်းဘူးထင်တယ်"

ဝမ်ချုံစန်းသည် ဘယ်အချိန်က ရောက်လာမှန်းမသိဘဲ ဖန့်ချန်၏ ဘေးနားသို့ ရောက်ရှိလာကာ တိမ်တိုက်ပေါ်မှ ပုဂ္ဂိုလ်များကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ကျန်းရန်မဟာမိတ်အဖွဲ့

ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားသည်။ သူသည် ရှဲ့ကျစ်ဌာနတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ရာ လက်ရှိ မင်ရွှီနယ်မြေ၏ အခြေအနေအရပ်ရပ်ကို အသေအချာ သိရှိထားသည်။

ကျန်းရန်သူတော်စင်သည်လည်း သူတော်စင်အဆင့်ကို တက်လှမ်းခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သော ဝါရင့်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပြီး လော့ရွှယ်သူတော်စင်ထက်ပင် ဝါပိုကြီးသည်။ လက်ရှိ လူသားမျိုးနွယ်၏ သူတော်စင် ကိုးပါးထဲတွင် အသက်အရွယ်အရ အကြီးဆုံး သုံးဦးစာရင်းဝင် လူကြီးသူမ တစ်ဦးပင် ဖြစ်သည်။

ကျန်းရန်မဟာမိတ်အဖွဲ့နှင့် ဖန့်မျိုးနွယ်စုကြားတွင် မည်သည့်ပတ်သက်မှုမှ ရှိသည်ဟု မကြားဖူးခဲ့သော်လည်း ယနေ့ ရောက်ရှိလာပုံမှာ ရန်လိုသော အငွေ့အသက်များ ပါဝင်နေသဖြင့် အတန်ငယ် အံ့ဩစရာ ကောင်းလှသည်။

"ဪ... ကျန်းရန်မဟာမိတ်အဖွဲ့ကကိုး..."

လူအများမှာ ရောက်လာသူများ၏ ဇာစ်မြစ်ကို သိရှိသွားကြပြီး ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဖန့်ချန်သည် ရှေးဦးနတ်ဘုရားမျက်လုံး ကို ဖွင့်လိုက်ရာ သူ၏ အကြည့်မှာ ဟင်းလင်းပြင်အလွှာလွှာကို ဖြတ်ကျော်၍ တိမ်တိုက်များပေါ်သို့ ကျရောက်သွားသည်။

တိမ်တိုက်များပေါ်တွင် ရပ်နေသော တန်ခိုးရှင် ရာနှင့်ချီ ရှိနေပြီး ကျင့်စဉ်အဆင့်မှာ အနည်းဆုံး အဆင့် ၇ ဖြစ်ကာ အဆင့် ၈ နှင့် အဆင့် ၉ များမှာလည်း မနည်းလှပေ။ ထိုအထဲတွင် လူပေါင်း ၂၀ ခန့်မှာ အရှိန်အဝါများမှာ အဆင့် ၉ ထက် ကျော်လွန်နေပြီး ကန့်သတ်ချက်ကျော်လွန်ခြင်း သုံးဆင့် ၏ အစွမ်းထက်သူများ ဖြစ်ကြသည်။

ထိုအထဲမှ တစ်ဦး၏ ကျင့်စဉ်အရှိန်အဝါမှာ ဖန့်ချန်းရွှယ်နှင့် ရင်ဘောင်တန်းနိုင်ပေသည်။ ဖန့်ချန် သိရှိထားသော အတွင်းသတင်းများအရ ဖန့်ချန်းရွှယ်သည် ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့်တွင် ရှိနေပြီး သူတော်စင်ဖြစ်ရန် လက်တစ်ကမ်းအလိုသာ လိုတော့သည်။

ယခု ရှေ့မှ ကျန်းရန်မဟာမိတ်အဖွဲ့၏ အစွမ်းထက်သူမှာ ဖန့်ချန်းရွှယ်ထက် မနိမ့်ကျသဖြင့် ကျန်းရန်မဟာမိတ်အဖွဲ့အတွင်းရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။

ထိုသူမှာ အသက် ၂၀ ခန့်သာ ရှိဦးမည့် ပုံစံရှိပြီး ရွှေရောင်ဝတ်ရုံကို ဆင်မြန်းထားသည်။ သူ၏ မှော်ရတနာ အလယ်ဗဟိုတွင် တောက်ပသော နေလုံးတစ်လုံး ရှိနေသကဲ့သို့ ရှိပြီး တစ်ကိုယ်လုံးမှ ထုတ်လွှတ်နေသော အရှိန်အဝါမှာမီး ဓာတ်သဘာဝဘက်သို့ ပိုမိုနီးစပ်သည်။

သူသည် မိုင်အနည်းငယ်ဝေးသော နေရာမှ ဖန့်ချန်းရွှယ်ကို ပြုံးပြုံးလေး စိုက်ကြည့်ရင်း အေးဆေးစွာ စကားဆိုလိုက်သည်။

"ဖန့်ချန်းရွှယ်... ငါတို့ မတွေ့ရတာ တော်တော်တောင် ကြာသွားပြီနော် "

"တိတိကျကျ ပြောရရင် နှစ်ပေါင်း ၂၄၅ နှစ် ရှိပြီ။ အဲဒီနှစ်တုန်းက မင်း ငါ့ကို တစ်ကွက်ရှုံးပြီး အရှက်တကွဲ ထွက်ပြေးသွားကတည်းက ငါ မင်းကို မတွေ့တော့တာပဲ။ မင်း အခုထိ အသက်ရှင်နေသေးတာပဲလား... ယွမ်ချီ "

ဖန့်ချန်းရွှယ်က အေးဆေးစွာပင် ပြန်လည်ပြောဆိုလိုက်သည်။

သူမ၏ အသံမှာ မိုင်ပေါင်းတစ်ထောင်အတွင်း ဟိန်းထွက်သွားရာ ဇန့်လုံမြို့အတွင်းရှိ တန်ခိုးရှင်တိုင်း အထင်အရှား ကြားလိုက်ရသည်။

ယွမ်ချီသည် ထိုစကားကို ကြားသော်လည်း စိတ်ဆိုးခြင်းမရှိဘဲ ပြုံးလျက်သာ

"ဒီနေ့ ငါတို့တွေ တစ်ခေါက်လောက် ပြန်နွှဲဖို့ အခွင့်အရေး ရဦးမလား မသိဘူး။ မင်းရဲ့ တန်ခိုးစွမ်းအားက ပိုသာမလား၊ ဒါမှမဟုတ် ငါ့ရဲ့ စွမ်းအားကပဲ တစ်ပန်းသာမလားဆိုတာ ကြည့်ရတာပေါ့"

"ကောင်းပြီလေ... အခုပဲ နွှဲကြမလား"

ဖန့်ချန်းရွှယ်က ပြုံးလိုက်သော်လည်း သူမ၏ ကိုယ်မှာ လေထဲသို့ တဖြည်းဖြည်း မြင့်တက်လာပြီး ယွမ်ချီကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

ဖန့်မျိုးနွယ်စုထံ လာရောက်ခိုလှုံကြသော သူတော်စင်တစ်ပိုင်း မိသားစုများမှ ကန့်သတ်ချက်ကျော်လွန်သူများမှာ ထိုမြင်ကွင်းကို ကြည့်ရင်း ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ယနေ့တွင် ဤတိုက်ပွဲ ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း သူတို့ အသေအချာ ခန့်မှန်းမိကြသည်။

ထင်ထားသည့်အတိုင်းပင်

ယွမ်ချီသည် ထိုအခြေအနေကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်ပြီး

"ဒီနေ့က ဖန့်သူတော်စင်တစ်ပိုင်းရဲ့ မင်္ဂလာရှိတဲ့နေ့ပဲ။ ငါတို့လို လူငယ်တွေက ဘာလို့ သောင်းကျန်းနေမှာလဲ တိုက်ချင်ရင်လည်း ဒီနေ့ပြီးမှ တိုက်တာပေါ့။ ချန်းရွှယ်လေးလည်း ငါတို့ကို ဧည့်ခံဖို့ မပင်ပန်းပါနဲ့။ ငါတို့ ဒီနေ့ ဒီမှာပဲ ရပ်ကြည့်နေမှာမို့လို့ ငါတို့ မရှိဘူးလို့ပဲ သဘောထားလိုက်ပါ"

ဖန့်ချန်းရွှယ်က ယွမ်ချီကို အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီးနောက် စင်မြင့်ပေါ်သို့ ပြန်ဆင်းလာကာ အရပ်ရပ်မှ ပုဂ္ဂိုလ်များနှင့် ဆက်လက်စကားပြောနေတော့သည်။ တကယ်ပင် ကျန်းရန်မဟာမိတ်အဖွဲ့ဝင်များ မရှိသကဲ့သို့ သဘောထားလိုက်ပုံရသည်။

သို့သော် အရပ်ရပ်မှ ပုဂ္ဂိုလ်များမှာမူ စိတ်လေးလံနေကြသည်။ ကျန်းရန်မဟာမိတ်အဖွဲ့မှ လူများသည် ချောင်ရှန်းမျှော်စင်သို့ မလာဘဲ လေဟာနယ်ထဲမှသာ ရပ်ကြည့်နေခြင်းကပင် သူတို့သည် မကောင်းသော ရည်ရွယ်ချက် ဖြင့် လာခြင်းဖြစ်ကြောင်း သက်သေပြနေသည်။

ထို့ပြင် ဤသည်မှာ ကျန်းရန်မဟာမိတ်အဖွဲ့မှ အစွမ်းထက်သူများ၏ သဘောဆန္ဒသက်သက် မဟုတ်ဘဲ နောက်ကွယ်တွင် ကျန်းရန်သူတော်စင်၏ သဘောထား ပါဝင်ပတ်သက်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

"ရည်ရွယ်ချက်က မကောင်းဘူးပဲ..."

ဝမ်ချုံစန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဖန့်ဟန်သည်လည်း ယခုအခါ အောက်သို့ ပြန်ဆင်းလာသည်။ ဝမ်ချုံစန်း ရောက်နေသည်ကို မြင်သောအခါ အံ့ဩသွားသော်လည်း လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

"ညီအစ်ကို ချုံစန်း"

"ညီအစ်ကို ဖန့်ဟန်"

ဝမ်ချုံစန်းကလည်း ပြုံး၍ လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး

"ညီအစ်ကို ဖန့်ဟန် အဆင့် ၆ နယ်ပယ်ကို တက်လှမ်းနိုင်ပြီလို့ ကြားတယ်။ ဒီလို ပါရမီမျိုးက တကယ်ကို လေးစားစရာပဲ။ မကြာခင်မှာပဲ ညီအစ်ကို ဖန့်ဟန်ဟာ လူတိုင်း အိပ်မက်မက်ကြတဲ့ ကန့်သတ်ချက်ကျော်လွန်သူ ဖြစ်လာတော့မယ် ထင်တယ်"

"ကန့်သတ်ချက်ကျော်လွန်သူ ဒါက ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ ကန့်သတ်ချက်ကျော်လွန်ခြင်းရဲ့ စွမ်းအားကို မသိမြင်နိုင်သရွေ့တော့ ဒီခြေလှမ်းကို ဘယ်တော့မှ လှမ်းနိုင်မှာ မဟုတ်ဘူး"

ဖန့်ဟန်က သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ဤသည်မှာ အပြောသက်သက် မဟုတ်ဘဲ အရှိတရားပင် ဖြစ်သည်။

လက်ရှိ မင်ရွှီနယ်မြေတွင် ဖန့်မိသားစု၌ပင် ဖန့်တိန်ကဲ့သို့သော ပုဂ္ဂိုလ်များမှာ အဆင့် ၉ နယ်ပယ်၏ အတားအဆီးတွင် နှစ်ပေါင်းများစွာ ပိတ်မိနေကြသည်။ အဆင့် ၉ ကျင့်ကြံသူ တစ်ရာတွင် ကန့်သတ်ချက်ကျော်လွန်ခြင်း စွမ်းအားကို သိမြင်နိုင်သူမှာ တစ်ဦးပင် ရှိချင်မှ ရှိပေလိမ့်မည်။

ခဏအကြာတွင် ဖန့်ဟန်က ဝမ်ချုံစန်းကို ပြုံးစစဖြင့် တစ်ချက်ကြည့်ကာ

"ညီအစ်ကို ချုံစန်းကသာ အသံတိတ်ပဲ အဆင့် ၉ ကို ရောက်နေတာပဲ။ ကျွန်တော့်မှတ်မိသလောက်ဆိုရင် ညီအစ်ကို ချုံစန်းက ကျွန်တော့်ထက် အသက် သိပ်မကြီးပါဘူးနော် ဒါမှ တကယ့် ပါရမီရှင်အစစ်ပဲ"

"မင်းကလည်း နောက်နေပြန်ပြီ။ ငါက မင်းထက် အနည်းဆုံး အသက် ရာနဲ့ချီ ကြီးတာကို ဘာလို့ အသက်သိပ်မကြီးဘူး ပြောရတာလဲ "

ဝမ်ချုံစန်းက လက်ခါပြရင်း

"ငါ အဆင့် ၉ ကို ရောက်တာကလည်း မိသားစုရဲ့ အထောက်အပံ့ကောင်းလို့ရယ်၊ ကံနည်းနည်းကောင်းလို့ရယ်ကြောင့်ပါ"

"နှစ်ယောက်လုံး မနှိမ့်ချပါနဲ့တော့။ နှစ်ယောက်လုံးက တကယ့် ပါရမီရှင်တွေပါပဲ"

ဖန့်ချန်က ကြားဖြတ်ပြောလိုက်သည်။

ဖန့်ဟန်နှင့် ဝမ်ချုံစန်းတို့မှာ ထိုစကားကို ကြားသောအခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ အမှန်တကယ်တော့ ဝမ်ချုံစန်းသည် ယခုအခါ ဖန့်ချန်၏ ဇာစ်မြစ်ကို အကြမ်းဖျင်း သိရှိထားပြီးဖြစ်သည်။ ထိုစဉ်က သူ မည်မျှ တုန်လှုပ်သွားရသည်ကို မည်သူမျှ မသိနိုင်ပေ။ ယခုလည်း ဘာမှမသိသလို ဟန်ဆောင်ကာ ဖန့်ကြီး ဟု ခေါ်ဝေါ်နေရခြင်းကပင် သူ့အတွက် စိတ်အေးလက်အေး ရှိစေသည်။

သူတို့ စကားပြောနေစဉ်မှာပင် နောက်ထပ် လူအုပ်စုတစ်စု စင်မြင့်ပေါ်သို့ တက်လှမ်းလာကြသည်။ သူတို့မှာ ကန့်သတ်ချက်ကျော်လွန်သူ ၁၀ ဦးကျော် ပါဝင်ပြီး ကျန်သောလူများမှာ အောက်တွင်သာ နေရစ်ခဲ့ကြသည်။ ကျန်းရန်မဟာမိတ်အဖွဲ့ကဲ့သို့ လေဟာနယ်ထဲမှ ရပ်ကြည့်မနေကြပေ။ ဤသည်မှာ ထိုလူများသည် ဖန့်မိသားစုအပေါ် သဘောထားကောင်းမွန်ကြောင်း ပြသနေခြင်းပင်။

"ဒါက ဝမ်တောက် မဟာမိတ်အဖွဲ့က လူတွေပဲ"

ဝမ်ချုံစန်းက ဝမ်းသာအားရ ပြောလိုက်သည်။

ဖန့်ဟန်၏ မျက်နှာတွင်လည်း စိတ်အေးသွားသည့် အရိပ်အယောင်များ ပေါ်လာသည်။

ဝမ်တောက်မဟာမိတ်အဖွဲ့...

ဖန့်ချန်၏ စိတ်ထဲတွင် ဝမ်တောက်မဟာမိတ်အဖွဲ့နှင့် ပတ်သက်သည့် အချက်အလက်များ လျှပ်ခနဲ ပေါ်လာသည်။ ဝမ်တောက်သူတော်စင်သည် သူတော်စင်အဆင့်ကို တက်လှမ်းခဲ့သည်မှာ လော့ရွှယ်သူတော်စင်နှင့် မရှေးမနှောင်းပင် ဖြစ်သည်။

သူတော်စင် ကိုးပါးထဲတွင် လူငယ်ပိုင်းဟု ဆိုနိုင်သော်လည်း သူ၏ လက်ရုံးရည်မှာ အလွန်ပင် မသေးလှပေ။

မင်ရွှီနယ်မြေနှင့် မီးနတ်ဘုရားမျိုးနွယ်စုတို့ နှစ်ပေါင်းများစွာ စစ်ခင်းခဲ့ကြရာတွင် ဝမ်တောက်သူတော်စင်သည် အံ့မခန်း စွမ်းဆောင်ရည်များကို ပြသခဲ့ဖူးသည်။ တစ်ကြိမ်တွင် တစ်ကိုယ်တော်တိုက်ပွဲ၌ မီးနတ်ဘုရားမျိုးနွယ်စုမှ သူတော်စင် နှစ်ဦး ပူးပေါင်းတိုက်ခိုက်မှုကိုပင် တွန်းလှန်နိုင်ခဲ့သည်။

နောက်တစ်ကြိမ်တွင်လည်း တစ်ကိုယ်တော်တိုက်ပွဲ၌ပင် မီးနတ်ဘုရားမျိုးနွယ်စုမှ သူတော်စင်တစ်ဦးကို တိုက်ရိုက် သတ်ဖြတ်နိုင်ခဲ့သည်။ သူ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသော မီးနတ်ဘုရား သူတော်စင်တစ်ပိုင်းများမှာမူ ဆယ်ဂဏန်းအထက်တွင် ရှိပေလိမ့်မည်။

မီးနတ်ဘုရားမျိုးနွယ်စုဘက်တွင် ဝမ်တောက်သူတော်စင်သည် နံပါတ်တစ် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး သတ်ဖြတ်ရန် အလိုချင်ဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။ သို့သော် သူ၏ စွမ်းအားက အလွန်ကြီးမားလှသဖြင့် မင်ရွှီနယ်မြေသာ မပျက်စီးသရွေ့ ဝမ်တောက်သူတော်စင်ကို သတ်ရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက် ခက်ခဲပေလိမ့်မည်။

'တကယ်လို့ ဝမ်တောက်သူတော်စင်ကသာ ဖန့်မိသားစုဘက်က ရပ်တည်ပေးမယ်ဆိုရင် ဖန့်မိသားစုအတွက် အကျိုးကျေးဇူး အများကြီး ရှိမှာပဲ။ ဝမ်မိသားစုနဲ့ ရှီးမိသားစုတို့ကလည်း ဒီသတင်းကို ကြားလို့ ဖန့်မိသားစုဘက်ကို လာပူးပေါင်းကြတာလား'

ဤသို့ တွေးမိသော်လည်း ဖန့်ချန်က ခေါင်းယမ်းလိုက်သည်။ ဒီထက်မက ပိုမိုနက်ရှိုင်းသော အကြောင်းရင်းများ ရှိနေဦးမည်မှာ သေချာသည်။

"အခု ကျန်းရန်မဟာမိတ်အဖွဲ့နဲ့ ဝမ်တောက်မဟာမိတ်အဖွဲ့တွေ ရောက်လာပြီဆိုတော့ ကျန်တဲ့ ခုနစ်ဖွဲ့လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာတော့မှာပဲ"

ဖန့်ချန်သည် စိတ်ထဲမှ အတွေးများကို ဖယ်ထုတ်လိုက်ကာ ဝမ်ချုံစန်း၊ ဖန့်ဟန်တို့နှင့် စကားပြောရင်း ကျန်ရှိသော အဖွဲ့များကို စောင့်ဆိုင်းနေလိုက်သည်။ ယနေ့ကဲ့သို့ ထူးခြားသော နေ့မျိုးသာမဟုတ်ပါက မဟာမိတ်အဖွဲ့ ကိုးခုစလုံးမှ အစွမ်းထက်သူများကို တစ်ပြိုင်နက် မြင်တွေ့ရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။

စကားပြောနေစဉ်မှာပင် လေဟာနယ်အတွင်း၌ တိမ်တိုက်နှစ်လုံး ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြီး တစ်လုံးချင်းစီပေါ်တွင် လူရိပ်ပေါင်း ရာနှင့်ချီ၍ ရပ်နေကြသည်။

ထိုတိမ်တိုက်များကို မြင်လိုက်ရသည့်အခါ ချောင်ရှန်းမျှော်စင်ပေါ်ရှိ လူတိုင်း၏ အမူအရာမှာ တစ်ဖန် ပြောင်းလဲသွားကြပြန်တော့သည်။

အခန်း (၁၈၃၄) - ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း

တိမ်တိုက်များ ထပ်မံပေါ်ပေါက်လာသည်နှင့်အမျှ နောက်ထပ်အစွမ်းထက်သော ဝိညာဉ်အရှိန်အဝါဖိအား တစ်ခုသည် ဇန့်လုံမြို့အထက်သို့ လွှမ်းခြုံသက်ရောက်လာခဲ့သည်။

သို့သော် ထိုဖိအားမှာ မြို့အလယ်သို့ပင် မရောက်ရှိသေးခင်မှာပင် ဖန့်ချန်းရွှယ်အပါအဝင် ဖန့်မျိုးနွယ်စုမှ ကန့်သတ်ချက်ကျော်လွန်သူ အသီးသီးက တစ်ယောက်တစ်လက် ဖြိုခွင်းဖျောက်ပစ်လိုက်ကြသည်။

ရောက်လာသူများက အရှိန်အဝါဖိအားဖြင့် တစ်စုံတစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ရန် ရည်ရွယ်ခြင်းမဟုတ်ဘဲ မိမိတို့၏ သဘောထားကို ဖော်ပြသည့်အနေဖြင့် အစွမ်းပြ 'နှုတ်ဆက်' လိုက်ခြင်း ဖြစ်ကြောင်း လူတိုင်း သိမြင်ကြသည်။

"ဝမ်အိုကြီး... ဒီနှစ်အိမ်က ဘယ်ကလာတာလဲ"

ဖန့်ချန်က ဝမ်ချုံစန်းကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဒီနှစ်အိမ်က... ထူးဆန်းလိုက်တာ၊ သူတို့တွေက ဘာလို့ လာပြီး လူအရှုပ်ခံနေကြတာလဲ"

ဝမ်ချုံစန်းက ထူးဆန်းသော အမူအရာဖြင့် ပြန်ဖြေသည်။

"သူတို့က သူတော်စင်တစ်ပိုင်း မိသားစု တွေပဲလေ"

"သူတော်စင်တစ်ပိုင်း မိသားစုတွေပဲလား"

"ဟုတ်တယ်၊ ဒါပေမဲ့ သူတော်စင်တစ်ပိုင်း မိသားစုအားလုံးထဲမှာ ဝါအရင့်ဆုံးကတော့ ငါတို့ ဝမ်မိသားစုပြီးရင် သူတို့ပဲ။ သူတို့ ဘိုးဘေးတွေထဲမှာလည်း သူတော်စင်အဆင့်ကို တက်လှမ်းနိုင်ခဲ့သူတွေ ရှိခဲ့ဖူးတယ်"

ဟု ဝမ်ချုံစန်းက ရှင်းပြသည်။

ထိုစဉ် အသစ်ရောက်လာသော တိမ်တိုက်နှစ်လုံးပေါ်မှ လှောင်ပြောင်သရော်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဝမ်ကျိလုံ... မင်းတို့ ဝမ်မိသားစုက ဝါအရင့်ဆုံး သူတော်စင်တစ်ပိုင်း မိသားစုဖြစ်ပြီးတော့ ဘာလို့များ နောက်ပေါက် ဖန့်မျိုးနွယ်ရဲ့ ဖားတာကို ဒီလောက်တောင် အပူတပြင်း လုပ်နေရတာလဲ ဒီဖန့်မျိုးနွယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီတုန်းက ဘာကောင်မို့လို့လဲ ပိုးကောင်လေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတဲ့အရာတွေကို မင်းတို့က မရှက်မကြောက် ဖားနေကြတာပဲ"

လူအများမှာ အံ့ဩသွားကြသည်။ ရောက်လာသူများမှာ ဖန့်မျိုးနွယ်ကို တိုက်ရိုက်ပစ်မှတ်မထားဘဲ ဝမ်မိသားစုကို အရင်စ၍ ဆဲဆိုနေခြင်းကြောင့်ပင်။

"ဘယ်သူကများ ပါးစပ်ပုပ်နေတာလဲလို့ ကြည့်လိုက်တော့ ရွှယ်အဘိုးကြီး ကိုး"

ဝမ်ကျိလုံက အေးစက်စက် ရယ်မောလိုက်သည်။

တိမ်တိုက်များကြားမှ ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထိုသူမှာ အလွန်အိုမင်းရင့်ရော်နေသော အဘိုးအိုတစ်ဦးဖြစ်ပြီး မျက်နှာပေါ်တွင် အရေးအကြောင်းများ တွဲကျနေကာ ဦးခေါင်းပေါ်တွင်လည်း ဆံပင်အနည်းငယ်သာ ကျန်တော့သည်။ သူ၏ မျက်ဝန်းများမှာလည်း ဝေဝါးနေပုံရသည်။

သို့သော် မည်သူမျှ ထိုသူကို လျှော့မတွက်ရဲကြပေ။ ဤသူမှာ မင်ရွှီနယ်မြေတွင် ကျော်ကြားသော ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့် အစွမ်းထက်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အချင်းချင်းအပေါ်၌ပင် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံတတ်သဖြင့် မင်ရွှီမှ အစွမ်းထက်သူများမှာ သူ့ကို စီနီယာရွှယ် သို့မဟုတ် ရွှယ်အဘိုးကြီး ဟုသာ ခေါ်ကြပြီး သူ၏ အမည်ရင်းကိုမူ သိသူရှားလှသည်။

ရွှယ်အဘိုးကြီးက မျက်မှောင်ကြုတ်ကာ အသက်မဲ့သော အကြည့်ဖြင့် ဝမ်ကျိလုံကို စိုက်ကြည့်ရင်း ရုတ်တရက် တိုးတိုးလေး ရယ်မောလိုက်သည်။

"ဝမ်မိသားစုလည်း ဒီလောက်ပါပဲလား... ဒီလောက်ထိ ဆုတ်ယုတ်သွားပြီဆိုတော့ နောင်တစ်ချိန်မှာ သူတော်စင် ဖြစ်လာမယ့်သူ ရှိတော့မှာ မဟုတ်ဘူး။ ဒီလိုမှမဟုတ်ရင် နောက်ပေါက်မျိုးနွယ်တစ်ခုရဲ့ ခွေးအဖြစ် ဘယ်ခံပါ့မလဲ"

ဇန့်လုံမြို့အတွင်းရှိ ဝမ်မိသားစုဝင် တန်ခိုးရှင်များမှာ ထိုစကားကြောင့် ဒေါသတကြီး ဖြစ်သွားကြသော်လည်း ဝမ်ကျိလုံကမူ စိတ်မဆိုးဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

"ရန်တိုက်ပေးနေတာက ဘာမှထူးမှာမဟုတ်ဘူး။ ဒီနေ့ မင်းက ဂုဏ်ပြုဖို့ လာတာလား၊ ဒါမှမဟုတ် ပြဿနာရှာဖို့ လာတာလား နောင်တစ်ချိန် ဖြေရှင်းခံရတာကို မကြောက်ဘူးလား မင်းတို့ ရွှယ်မိသားစု ဒီလောက်နှစ်တွေအကြာကြီး အသက်ဆက်နေရပေမဲ့ ရွှယ်သူတော်စင်တစ်ပိုင်း မှာ သူတော်စင်ဖြစ်ဖို့ ကံပါမလာဘူးဆိုတော့ ငါတို့ ဝမ်မိသားစုဆီကနေ နည်းနည်းပါးပါး လာသင်ယူသင့်တယ်လို့ ငါထင်တယ်"

"ဟဲဟဲ..."

ရွှယ်အဘိုးကြီးက ထူးဆန်းစွာ ရယ်မောလိုက်ပြီး

"မင်းတို့ ဝမ်မိသားစုဆီက သင်ယူဖို့တော့ မလိုပါဘူး။ ဒီနေ့ ငါက ဂုဏ်ပြုဖို့ လာတာပါ၊ ဖန့်သူတော်စင်တစ်ပိုင်း ဘယ်လိုမျိုး သူတော်စင်ဖြစ်မလဲဆိုတာ သေချာကြည့်ချင်လို့"

"ရွှယ်အဘိုးကြီး ပြောတာ မှန်တယ်။ ငါတို့လည်း ဒီနေ့ ဂုဏ်ပြုဖို့ပဲ လာတာ။ ညီအစ်ကို ယွမ်ချီတို့နဲ့ ဘာမှမခြားနားဘူး၊ ငါတို့ကိုလည်း ထည့်မတွက်ကြပါနဲ့"

အခြား တိမ်တိုက်တစ်ခုပေါ်မှ ဝတ်ရုံရှည်ဝတ်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာသည်။

"ရွှယ်မိသားစုက အလိုက်မသိတာ ထားပါဦး... ဘာလို့ ရှန်တူ ညီအစ်ကိုကပါ အလိုက်မသိရတာလဲ မင်းတို့ ရှန်တူမိသားစုက ဖန့်မိသားစုနဲ့ ဘာမှမပတ်သက်ဖူးဘဲနဲ့ ဒီနေ့ ဘာလို့ ရောက်လာရတာလဲ "

ရှီးမိသားစုမှ ကန့်သတ်ချက်ကျော်လွန်သူတစ်ဦးက မေးလိုက်သည်။ ထိုသူမှာ ရှန်တူ ဟု ခေါ်သော ပုဂ္ဂိုလ်နှင့် ခင်မင်ရင်းနှီးမှု ရှိပုံရသည်။

"အလိုက်သိတယ် မသိဘူးဆိုတာက ဘာလဲ ဘေးဒုက္ခကို ရှောင်ပြီး ကံကောင်းတာကို ရှာဖွေရတာပဲလေ"

ဟု အခြားတစ်ဖက်က ပြုံးလျက် ပြန်ပြောပြီးနောက် စကားဆက်မပြောတော့ပေ။

ဖန့်ချန်းရွှယ်က ထိုမြင်ကွင်းကို မြင်သောအခါ အေးဆေးစွာ ပြောလိုက်သည်။

"အားလုံးပဲ စိတ်ထဲမထားကြပါနဲ့။ သူတို့ ကြည့်ချင်ရင်လည်း ကြည့်ပါစေ"

တစ်နာရီမပြည့်ခင်မှာပင် ကောင်းကင်ယံ၌ နောက်ထပ် တိမ်တိုက်ပေါင်း ရာနှင့်ချီ၍ ပေါ်ပေါက်လာသည်။ ထိုတိမ်တိုက်များပေါ်တွင် သူတော်စင်တစ်ပိုင်း မိသားစုအသီးသီးမှ လူများ ပါဝင်သည်။

သူတို့အပြင် အချို့သော သူတော်စင်တစ်ပိုင်း မိသားစုများမှာမူ ချောင်ရှန်းမျှော်စင်ပေါ်သို့ တက်လှမ်းလာကြပြီး ဖန့်မျိုးနွယ်ဘက်မှ ရပ်တည်ကြောင်း အတိအလင်း ပြသကြသည်။ သို့သော် ဝမ်တောက်မဟာမိတ်နှင့် ကျန်းရန်မဟာမိတ်တို့မှလွဲ၍ ကျန်ရှိသော မဟာမိတ်အဖွဲ့ ခုနစ်ခုမှာမူ ပေါ်မလာကြသေးပေ။ ဤအချက်က လူအများ၏ စိတ်ကို ထင့်နေစေသည်။ ထိုမဟာမိတ်အဖွဲ့ကြီးများ၏ သဘောထားကို ခန့်မှန်းရ ခက်နေသောကြောင့်ပင်။

'ဒီသူတော်စင်တစ်ပိုင်း မိသားစုတွေက ဖန့်မိသားစုအပေါ် သဘောထား အရမ်းဆိုးကြတာပဲ။ ဒီနေ့ လာတာလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ လာတာပဲ'

ဖန့်ချန်သည် လေဟာနယ်ထဲမှ မြင်ကွင်းကို တိတ်တဆိတ် အကဲခတ်နေသည်။

ဇန့်လုံမြို့ကို ဗဟိုပြု၍ အရပ်မျက်နှာအနှံ့ တိမ်တိုက်များအထက်တွင် လူပေါင်းသောင်းနှင့်ချီ၍ ရပ်နေကြသည်။ ၎င်းမှာ နတ်စစ်သည်များက ဇန့်လုံမြို့ကို ဝိုင်းရံထားသကဲ့သို့ပင်။

'တကယ်လို့ သူတို့တွေ တိုက်ခိုက်ကြမယ်ဆိုရင် တစ်မိသားစုချင်းစီက လူ ရာဂဏန်းတင် ထုတ်မှာ မဟုတ်ဘူး။ ဒီအရေအတွက်ထက် အနည်းဆုံး ဆယ်ဆလောက် ပိုများလိမ့်မယ်။ ဆိုလိုတာက... တန်ခိုးရှင် သိန်းနဲ့ချီ၊ ကန့်သတ်ချက်ကျော်လွန်သူတင် ထောင်နဲ့ချီ ရှိနေမယ်။

တကယ်လို့ သူတို့နောက်က သူတော်စင်တစ်ပိုင်းတွေ၊ ဒါမှမဟုတ် ကျန်းရန်မဟာမိတ်နောက်က သူတော်စင်ပါ ထွက်လာမယ်ဆိုရင် ဖန့်မိသားစုက ဘာနဲ့ ခုခံမှာလဲ ဆယ့်ရှစ်ထပ် ငရဲမျှော်စင်က သူတော်စင်တစ်ပိုင်း တစ်ယောက်ရဲ့ လက်ထဲမှာ ရှိနေတာနဲ့တင် တကယ်ပဲ ဒီအခြေအနေကို ရင်ဆိုင်နိုင်မှာလား'

ထိုသို့ တွေးမိစဉ်မှာပင် ဖန့်ချန်သည် ပတ်ဝန်းကျင်မှ လေထုမှာ ရုတ်တရက် အေးစက်လာသလို ခံစားလိုက်ရသည်။ အေးစက်သော လေပြေတစ်ခုက သူ၏ အရေပြားကို ဖြတ်တိုက်သွားရာ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထသွားတော့သည်။

"နှင်းကျနေပြီ..."

တစ်စုံတစ်ဦးက ဟင်းလင်းပြင်ကို မော့ကြည့်ရင်း လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ဟင်းလင်းပြင်ထဲမှ နှင်းပွင့်များ တကယ်ပင် လွင့်ပျံကျဆင်းလာနေသည်။ ထိုနှင်းပွင့်များ ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင် အပူချိန်မှာ အရိုးကွဲမတတ် အေးစက်သွားတော့သည်။ ခဏချင်းအတွင်းမှာပင် ဇန့်လုံမြို့ပြင်တစ်ဝိုက်မှာ ဆီးနှင်းဖြူများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ ဤအအေးဒဏ်မှာ အခြေခံတည်ဆောက်ခြင်း အဆင့် တန်ခိုးရှင်များပင် မခံမရပ်နိုင်လောက်အောင်ပင်။

"လော့ရွှယ်မဟာမိတ် ရောက်လာပြီ။ အနည်းဆုံး သူတော်စင်တစ်ပိုင်း တစ်ယောက်တော့ ပါလာမှာပဲ။ ကြည့်ရတာ လော့ရွှယ်မဟာမိတ်က မင်းတို့ ဖန့်မိသားစုကို တကယ်ပဲ အသည်းထဲကနေ နာကြည်းနေတာပဲ..."

ဝမ်ချုံစန်းက မိမိကိုယ်ကို နွေးထွေးစေရန် အင်အား များကို အသုံးပြုရင်း ခါးသက်သက် ပြုံးလိုက်သည်။

ဖန့်သူတော်စင်တစ်ပိုင်း မပေါ်လာခင်အထိ ရောက်လာသူများမှာ အားအကောင်းဆုံးမှ ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့် သာ ရှိသေးသည်။ ယခုမူ လော့ရွှယ်မဟာမိတ်က သူတော်စင်တစ်ပိုင်း တစ်ဦးကို တိုက်ရိုက် စေလွှတ်လိုက်ခြင်းမှာ သူတို့၏ ခိုင်မာသော သဘောထားကို ပြသလိုက်ခြင်းပင်။

ထင်သည့်အတိုင်းပင်။

ကျန်းရန်မဟာမိတ်အဖွဲ့နှင့် မလှမ်းမကမ်းရှိ လေဟာနယ်အတွင်း၌ ပိုမိုဖြူစင်သော တိမ်တိုက်တစ်ခု ပေါ်လာပြီး ထိုအပေါ်တွင် လူပေါင်း ရာနှင့်ချီ ရပ်နေကြသည်။ သူတို့အားလုံးမှာ ဝတ်ရုံဖြူများကို ဆင်တူဝတ်ဆင်ထားကြပြီး အလယ်တွင်မူ အသားအရည်မှာ ဆီးနှင်းကဲ့သို့ ဖြူဝင်းလှပသော အမျိုးသမီးတစ်ဦးကို ဝန်းရံထားကြသည်။

"ဒါက လော့ရွှယ်မဟာမိတ်ရဲ့ ဘယ်သူတော်စင်တစ်ပိုင်းလဲ "

ချောင်ရှန်းမျှော်စင်ပေါ်ရှိ အစွမ်းထက်သူများမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ဝမ်တောက်မဟာမိတ်အဖွဲ့မှ စေလွှတ်လိုက်သော တတိယအဆင့် အစွမ်းထက်သူက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"သူမက လော့ရွှယ်သူတော်စင်ရဲ့ မွေးစားသမီး ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း ဖြစ်ရမယ်"

"ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း"

လူတိုင်း၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာပြီး ဖန့်ချန်းရွှယ်ကို မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။ အကြောင်းမှာ ထိုဇန့်ရွှယ်သူတော်စင်တစ်ပိုင်း၏ နောက်ခံမှာ အနည်းငယ် ထူးခြားနေသောကြောင့်ပင်။

သူမ၏ မူလမျိုးရိုးအမည်မှာ လော့ မဟုတ်ဘဲ ဖန့် ဖြစ်နေခြင်းကြောင့်ပင်။

"ညီမလေး... မတွေ့တာ ကြာပြီနော်"

ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက သူမ၏ ကျောက်စိမ်းကဲ့သို့ ဖြူဝင်းသော လက်ဝါးလေးကို မြှောက်ကာ လေထဲမှ နှင်းပွင့်အချို့ကို ဖမ်းယူရင်း အေးဆေးစွာ ပြောလိုက်သည်။

ဖန့်ချန်းရွှယ်၏ မျက်နှာမှာ ညိုမှောင်သွားပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။

"နင် ဘာလာလုပ်တာလဲ "

"ဪ... ဖန့်သူတော်စင်တစ်ပိုင်းက သူတော်စင်ဖြစ်တော့မယ်ဆိုတော့ ဘယ်သူမဆို လာကြည့်လို့ရတာပဲလေ။ ငါက ဘာလို့ လာလို့မရရမှာလဲ "

ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက ပြုံးလိုက်ပြီး

"ငါတို့ရဲ့ ဦးကြီး က ဒီနေ့ တကယ်ပဲ သူတော်စင် ဖြစ်နိုင်မလားဆိုတာ ငါလည်း ကြည့်ချင်သေးတယ်လေ"

ဖန့်မျိုးနွယ်စုမှ လူငယ်အချို့မှာ နောက်ကွယ်မှ အကြောင်းရင်းများကို မသိကြပေ။ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းနှင့် ဖန့်ချန်းရွှယ်တို့၏ ထူးဆန်းသော စကားပြောဆိုမှုကို ကြားလိုက်ရသည့်အခါ အားလုံးမှာ တုန်လှုပ်သွားကြတော့သည်။

"သူတို့နှစ်ယောက်က ညီအစ်မအရင်းတွေလား"

ဖန့်ချန်လည်း အံ့အားသင့်သွားရသည်။

လော့ရွှယ်မဟာမိတ်အဖွဲ့ထဲတွင် ဖန့်မျိုးနွယ်စုဝင်တစ်ဦး ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့သလို၊ ထိုသူက သူတော်စင်တစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ဤသို့ဆိုလျှင် လော့ရွှယ်မဟာမိတ်နှင့် ဖန့်မျိုးနွယ်စုကြားမှ ရန်ငြိုးမှာ ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ကိစ္စတစ်ခုတည်း မဟုတ်ဘဲ ပို၍ နက်ရှိုင်းသော အကြောင်းရင်းများ ရှိနေနိုင်ပေသည်။

"ဖန့်ကြီး... မင်းရဲ့ အဆင့်အတန်းနဲ့တောင် ဒီလျှို့ဝှက်ချက်ကို မသိဘူးလား "

ဝမ်ချုံစန်းက အနည်းငယ် အံ့ဩသွားသည်။

All Chapters