အခန်း (၁၈၃၅-၁၈၃၆)
Vol. 184 Ch. 1835-1836
အခန်း (၁၈၃၅) - ဝိညာဉ်မျိုးနွယ်စု၏ ကျောထောက်နောက်ခံ
"စကားကို ဝှက်မထားပါနဲ့။ မင်းက အများကြီး သိတာပဲကို၊ အကုန်ပြောပြစပ်စမ်းပါ"
ဖန့်ချန်က စိတ်အာရုံချင်း ဆက်သွယ်ကာ မေးလိုက်သည်။
ဝမ်ချုံစန်းက ထိုအခါမှ အားရပါးရဖြင့် ထိုဇာတ်လမ်းကြောင်းကို ဖန့်ချန်အား ဖောက်သည်ချတော့သည်။
တစ်ချိန်တည်းမှာပင် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း ပေါ်ပေါက်လာခြင်းကြောင့် ယွမ်ချီ၊ ရွှယ်အဘိုးကြီးနှင့် ရှန်တူ အစရှိသော ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့် အစွမ်းထက်သူများမှာလည်း ကိုယ်ထင်ပြလာကြပြီး လက်အုပ်ချီ ဂါရဝပြုကြသည်။ ဖန့်ချန်းရွှယ်နှင့် ဝမ်ကျိလုံတို့အပေါ်တွင် အလွန်တရာ မောက်မာစော်ကားခဲ့သော သူတို့သည် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း၏ ရှေ့မှောက်တွင်မူ အလွန်ပင် ယဉ်ကျေးသိမ်မွေ့ကာ ရိုသေကိုင်းညွတ်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက ထိုလူအုပ်စုနှင့် စကားလက်ဆုံကျနေစဉ် ဖန့်ချန်းရွှယ်ကမူ စကားတစ်လုံးမှ ထပ်မပြောတော့ဘဲ သူမ၏ မျက်နှာပေါ်တွင်လည်း မည်သည့် စိတ်ခံစားချက်မှ ထင်ဟပ်မနေပေ။
"ဒီလိုကိုး..."
ဖန့်ချန်သည် ဝမ်ချုံစန်း၏ ပြောပြချက်ကို နားထောင်ပြီးသွားခဲ့ပြီ ဖြစ်သည်။
ဖန့်ချန်းရွှယ်နှင့် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းတို့သည် အမှန်တကယ်ပင် ညီအစ်မအရင်းအချာများ ဖြစ်ကြသည်။ သူတို့၏ ဖခင်မှာ လဲ့ ဘိုးဘေးနှင့် မျိုးဆက်တူ ညီအစ်ကိုတစ်ဦး ဖြစ်သည်။ ထိုညီအစ်ကိုဖြစ်သူသည် စစ်မြေပြင်တစ်ခုကို ကာကွယ်စောင့်ရှောက်နေစဉ် မီးနတ်ဘုရားမျိုးနွယ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ဖမ်းဆီးခံရသူများထဲတွင် ဖန့်ချန်းရွှယ်၊ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းနှင့် သူတို့၏ မိခင်တို့လည်း ပါဝင်သည်။
ထိုစဉ်က သူတော်စင်တစ်ပိုင်းအဆင့်သို့ မရောက်ရှိသေးသော လဲ့ဘိုးဘေးသည် ဤသတင်းကို ကြားရသည့်အခါ အဆင့် ၉ ပထမနယ်ပယ် ကျင့်စဉ်ဖြင့်ပင် မီးနတ်ဘုရားမျိုးနွယ်စု နယ်မြေအတွင်းသို့ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးမှသာ ထိုညီအစ်ကိုဖြစ်သူ အကျဉ်းကျနေသော နေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ထိုအချိန်တွင် ညီအစ်ကိုဖြစ်သူမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သလို သူ၏ ဇနီးသည်မှာလည်း နှိပ်စက်စော်ကားခံရကာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဖန့်ချန်းရွှယ်နှင့် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း နှစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။
ထိုစဉ်က လဲ့ဘိုးဘေး၏ ကျင့်စဉ်အဆင့်အရ အလွန်ဆုံးမှ တစ်ယောက်ကိုသာ ခေါ်ထုတ်သွားနိုင်မည့် အခွင့်အရေး ရှိခဲ့သည်။ ကျန်ရှိသော တစ်ယောက်ကိုမူ နာကျင်စွာဖြင့် ထားရစ်ခဲ့ရမည် ဖြစ်သည်။ လဲ့ဘိုးဘေးက ဖန့်ချန်းရွှယ်ကို ခေါ်ထုတ်သွားခဲ့ပြီး ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းမှာမူ ချန်ရစ်ခြင်း ခံခဲ့ရသည်။
နောင်တွင် တိုက်ဆိုင်မှုတစ်ခုကြောင့် လော့ရွှယ်သူတော်စင်သည် မီးနတ်ဘုရားနယ်မြေအတွင်းသို့ မတော်တဆ ခြေချမိရာမှ အကျဉ်းကျနေသော ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းကို တွေ့ရှိသွားပြီး လော့ရွှယ်မဟာမိတ်အဖွဲ့သို့ ခေါ်ဆောင်လာခဲ့သည်။
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းသည် ထိုအချိန်မှစ၍ ထူးခြားသော ပါရမီကို ပြသခဲ့တော့သည်။ ရက်ပေါင်းတစ်ရာအတွင်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိကာ ဒုတိယနယ်ပယ်၊ တတိယနယ်ပယ်မှသည် အဆင့် ၉ အထိ တစ်ရှိန်ထိုး တက်လှမ်းနိုင်ခဲ့သည်။
ထို့နောက် သဘာဝအလျောက်ပင် ကန့်သတ်ချက်ကျော်လွန်ခြင်း ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်တို့ကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ သူမ သူတော်စင်တစ်ပိုင်း ဖြစ်လာချိန်မှာ ဖန့်သူတော်စင်တစ်ပိုင်းထက် နှစ်ပေါင်း ၂၀၀ ပင် မပြည့်သည့် အချိန်အတွင်း ဖြစ်ခဲ့သည်။
လော့ရွှယ်မဟာမိတ်သို့ ရောက်ရှိချိန်မှစ၍ သူမသည် ဖန့်မျိုးနွယ်စုအပေါ် မုန်းတီးမှုကို အတိအလင်း ပြသခဲ့သည်။ ယခုနှစ်များအတွင်း ဖန့်မျိုးနွယ်စု အစွမ်းထက်သူများ ဖမ်းဝရမ်းထုတ်ခံရခြင်း၊ လိုက်လံသတ်ဖြတ်ခံရခြင်းများတွင် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့သည့် အကြိမ်ပေါင်းမှာ မနည်းလှပေ။
'နှစ်ယောက်ထဲက တစ်ယောက်ကိုပဲ ရွေးခဲ့ရတာဆိုတော့... ဘယ်သူ့ကို သွားအပြစ်တင်လို့ ရမှာလဲ '
ဖန့်ချန် စိတ်ထဲ၌ သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။
နောက်ထပ် တစ်နာရီကြာပြီးနောက်...
နောက်ထပ် သူတော်စင်တစ်ပိုင်း မိသားစုများစွာ ရောက်ရှိလာကြသည်။ အချို့မှာ တိမ်တိုက်များပေါ်တွင် ရပ်လျက် ဖန့်မျိုးနွယ်အပေါ် မိမိတို့၏ ရပ်တည်ချက်ကို ပြသကြပြီး၊ အချို့မှာမူ ချောင်ရှန်းမျှော်စင်ပေါ်သို့ တက်လှမ်းကာ ဖန့်ချန်းရွှယ်တို့နှင့် ရယ်မောမြူးထူးစွာ စကားပြောဆိုကြသည်။
"ကြည့်ရတာ ကျန်တဲ့ သူတော်စင်မဟာမိတ် ခြောက်ခုကတော့ တိုက်ရိုက် ကိုယ်ထင်ပြလာတော့မှာ မဟုတ်ဘူးထင်တယ်..."
ဝမ်ချုံစန်းက ကောင်းကင်ယံကို တစ်ချက်ကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။
ဖန့်ချန်လည်း သူတော်စင်တစ်ပိုင်း မိသားစုများမှ အစွမ်းထက်သူများ၏ မျက်နှာတွင် စိုးရိမ်မှုရိပ်များ ရှိနေသည်ကို သတိပြုမိသည်။ ယခုအခါ လော့ရွှယ်မဟာမိတ်နှင့် ကျန်းရန်မဟာမိတ်တို့သည် သူတို့နောက်ကွယ်မှ သူတော်စင်ကြီး နှစ်ပါးကို ကိုယ်စားပြု၍ တိမ်တိုက်များပေါ်တွင် ရပ်လျက် ဖန့်မိသားစုအပေါ် ရန်လိုမှုကို အတိအလင်း ပြသနေကြသည်။
ဖန့်မိသားစုဘက်တွင်မူ ဝမ်တောက်မဟာမိတ်အဖွဲ့ကသာ အစွမ်းထက်သူများကို စေလွှတ်ထားသည်။ သူတော်စင်ကြီးများ၏ ထောက်ခံမှုကိုသာ ကြည့်မည်ဆိုလျှင် တစ်ဖက်က တစ်ဦး ပိုများနေသည်။
ထိုစဉ်မှာပင် ဟင်းလင်းပြင်အတွင်း၌ ရှဲ့ကျစ်တံခါးကြီးတစ်ခု ပွင့်လာသည်။ ဖန့်ချန်ယဲ့သည် ဝှီးချဲကို တွန်းလျက် ထွက်လာခဲ့သည်။ ချောင်ရှန်းမျှော်စင်ပေါ်မှ အစွမ်းထက်သူများရော၊ တိမ်တိုက်များပေါ်မှ မကောင်းသော ရည်ရွယ်ချက်ရှိသူများပါ ဖန့်ချန်ယဲ့ကို မြင်လိုက်ရသည့်အခါ မျက်နှာများ လေးနက်သွားကြသည်။
"အစ်ကိုကြီး..."
ဖန့်ချန်းရွှယ်က ချက်ချင်းပင် ရှေ့သို့ တိုးလာကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဖန့်ချန်ယဲ့က ပြုံး၍ ခေါင်းညိတ်ပြကာ အခြားမိသားစုများမှ အစွမ်းထက်သူများနှင့် ခဏမျှ စကားပြောဆိုပြီးနောက် ပြုံးလျက် ဆိုလိုက်သည်။
"ဝမ့်ချင်မဟာမိတ် က သူငယ်ချင်းတွေလည်း ရောက်တော့မှာပါ"
ဝမ့်ချင်မဟာမိတ်
ဖန့်ချန်သည် လူတိုင်း၏ မျက်နှာမှာ အလွန်တရာ အံ့ဩတုန်လှုပ်သွားသည်ကို သိသိသာသာ ခံစားလိုက်ရသည်။ ဘေးနားရှိ ဝမ်ချုံစန်းပင်လျှင် မယုံကြည်နိုင်သော မျက်နှာထား ဖြစ်နေသည်။
ဖန့်ချန်သည် ဝမ့်ချင်မဟာမိတ်အကြောင်းကို ကြားဖူးသော်လည်း ဖန့်တိန်တို့က ထိုအဖွဲ့မှာ အလွန်ထူးခြားကြောင်းသာ ပြောဆိုပြီး အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိခဲ့ပေ။ ယနေ့ လူတိုင်း၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ဝမ့်ချင်မဟာမိတ်၏ နောက်ခံမှာ အလွန်ကြီးမားမည်ဟု သူ ခံစားလိုက်ရသည်။
ဖန့်ချန်ယဲ့ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဇန့်လုံမြို့၏ လမ်းမများပေါ်တွင် ထူးဆန်းစွာပင် ဝိုးတဝါး ပုံရိပ်များ ပေါ်ထွက်လာသည်။ ထိုပုံရိပ်များသည် ရုတ်ခြည်းပေါ်လာခြင်းဖြစ်ပြီး ဝိုးတဝါးအဆင့်မှ အစစ်အမှန်အဆင့်သို့ ပြောင်းလဲလာကြသည်။
"ဝိညာဉ်မျိုးနွယ်စု ဒါ ဝိညာဉ်မျိုးနွယ်စုတွေပဲလား "
ဇန့်လုံမြို့ နေရာအနှံ့မှ အာမေဍိတ်သံများ ထွက်ပေါ်လာသည်။ ခဏချင်းအတွင်းမှာပင် ဝိညာဉ်မျိုးနွယ်စုပေါင်း တစ်သိန်းခန့် ဇန့်လုံမြို့၏ နေရာအနှံ့တွင် ပေါ်ပေါက်လာခဲ့သည်။
တိမ်တိုက်များပေါ်မှ ရွှယ်အဘိုးကြီး၊ ရှန်တူနှင့် ယွမ်ချီတို့မှာလည်း အံ့အားသင့်သွားကြပြီး ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းရှိရာဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
"ဖန့်သူတော်စင်တစ်ပိုင်းက ဘာလို့ ဒီလောက် ယုံကြည်ချက်ရှိနေတာလဲလို့ စဉ်းစားနေတာ... သူက ဝမ့်ချင်သူတော်စင်ရဲ့ ထောက်ခံမှုကို ရထားတာကိုး"
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက ပြုံးနေသယောင် ရှိသော်လည်း သူမ၏ မျက်ဝန်းအိမ်နက်ရှိုင်းသော နေရာတွင်မူ စိုးရိမ်မှုရိပ်အချို့ ဖြတ်ပြေးသွားသည်။
ထိုအချိန်တွင် အမျိုးသမီးတစ်ဦး ဦးဆောင်သော လူ ၁၀ ဦးခန့်မှာ ချောင်ရှန်းမျှော်စင်၏ အထက်ဆုံးအလွှာသို့ ထူးဆန်းစွာ ပေါ်လာကြသည်။ သူတို့၏ ခန္ဓာကိုယ်မှာ ဝိုးတဝါးမှ အစစ်အမှန်သို့ ပြောင်းလဲလာပုံက အနီးနားရှိ အစွမ်းထက်သူများကို လေးနက်သော ဖိအားနှင့် စိုးရိမ်ထိတ်လန့်မှုများကို ပေးစွမ်းနေသည်။
'ဝိညာဉ်မျိုးနွယ်စု... ဆိုလိုတာက ဝိညာဉ်သရဲ တွေလား ယင်လောကရဲ့ နတ်ဘုရားအစစ်အမှန်တွေပေါ့ '
ဖန့်ချန်၏ မျက်နှာမှာ အတန်ငယ် ထူးဆန်းသွားသည်။
ဝမ့်ချင်မဟာမိတ်က ဘာကြောင့် ဒီလောက် ထူးခြားနေရသလဲဆိုတာ ဖန့်တိန်တို့ ဘာကြောင့် စကားလွှဲခဲ့သလဲဆိုတာ အခုမှ သူ နားလည်သွားတော့သည်။ လူသားမျိုးနွယ်ရဲ့ သူတော်စင် ကိုးပါးထဲမှာ... ဝိညာဉ်သူတော်စင် တစ်ပါး ပါနေတာကိုး။
ဤကာလရှိ ဝိညာဉ်မျိုးနွယ်စုအကြောင်း သူ သိထားသမျှအရ ဝိညာဉ်မျိုးနွယ်စု၏ အဆင့်အတန်းမှာ လူသားမျိုးနွယ်စုထက် သာလွန်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ရှေးအကျဆုံးသော မျိုးနွယ်စုကြီးများထဲမှ တစ်ခု ဖြစ်သောကြောင့်ပင်။ သို့သော် မျိုးနွယ်စုတိုင်းမှာ ဝိညာဉ်ခန္ဓာဖြင့် သူတော်စင်ဖြစ်ခွင့် ရှိကြသဖြင့် ဝိညာဉ်မျိုးနွယ်စုမှာ အလွန်ထူးခြားသော ပေါင်းစပ်ဖွဲ့စည်းမှု တစ်ခု ဖြစ်လာခဲ့သည်။
ဝမ့်ချင်သူတော်စင်သည် လူသားမျိုးနွယ်၏ သူတော်စင် ကိုးပါးထဲမှ တစ်ဦးကို ကိုယ်စားပြုသလို သူ၏ နောက်ကွယ်မှ ဝိညာဉ်မျိုးနွယ်စုကိုလည်း ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် ဤသူတော်စင်၏ အဆင့်အတန်းမှာ အထူးခြားဆုံးပင် ဖြစ်သည်။
ဝမ်ကျိလုံ အပါအဝင် ဖန့်မိသားစုဘက်မှ ရပ်တည်သူများမှာ ဝိညာဉ်မျိုးနွယ်စုမှ အစွမ်းထက်သူများ ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ အံ့ဩမှုများမှာ ဝမ်းမြောက်မှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားပြီး သူတို့၏ စိုးရိမ်မှုများလည်း လျော့ပါးသွားခဲ့သည်။
'ဒါကြောင့်လည်း ဖန့်မိသားစုက သူတို့ကို ဖျောင်းဖျနိုင်ခဲ့တာကိုး... သူတို့က ဝမ့်ချင်သူတော်စင်ရဲ့ ထောက်ခံမှုကို ရထားတာပဲ...'
ဖန့်ချန်သာမက ဝမ်ချုံစန်းတို့လည်း အမှန်တရားကို သဘောပေါက်သွားကြသည်။ ယနေ့ ဝိညာဉ်မျိုးနွယ်စုများ ပေါ်မလာခင်အထိ ဤသတင်းကို သူတို့ လုံးဝ မကြားခဲ့ရပေ။
ဝမ့်ချင်မဟာမိတ်သည် မဟာမိတ် ကိုးခုထဲတွင် အဆင့်အတန်း ထူးခြားသလို မင်ရွှီနယ်မြေမှ အငြင်းပွားမှုများတွင်လည်းကောင်း၊ မီးနတ်ဘုရားမျိုးနွယ်စုနှင့် တိုက်ပွဲများတွင်လည်းကောင်း ပါဝင်ပတ်သက်လေ့ မရှိပေ။
ထို့ကြောင့် ဝမ့်ချင်မဟာမိတ်က ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်ဖြစ်မည့်နေ့တွင် လာရောက် ကျောထောက်နောက်ခံပေးလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြခြင်း ဖြစ်သည်။
'အခုဆိုရင် နှစ်ယောက်ချင်းစီ တူသွားပြီ။ ဖန့်မိသားစုဘက်မှာ ဝမ်တောက်မဟာမိတ်နဲ့ ဝမ့်ချင်မဟာမိတ် ရှိတယ်။ တစ်ဖက်မှာတော့ လော့ရွှယ်မဟာမိတ်နဲ့ ကျန်းရန်မဟာမိတ် ရှိတယ်။ အစွမ်းအစကိုပဲ ကြည့်မယ်ဆိုရင် ဖန့်မိသားစုဘက်က သိသိသာသာ သာနေပြီ။ ဖန့်သူတော်စင်တစ်ပိုင်းက ဒါကို အသုံးချပြီး သူတို့ရဲ့မာန်ကို ချိုးလိုက်တာလား '
ဖန့်ချန် စဉ်းစားလိုက်သည်။
လက်ရှိအခြေအနေအရ လော့ရွှယ်မဟာမိတ်နှင့် ကျန်းရန်မဟာမိတ်တို့မှာ ဘာမှ ထူးထူးခြားခြား လုပ်နိုင်တော့မည် မဟုတ်ပေ။ တိမ်တိုက်များပေါ်မှ ရန်လိုသော မိသားစုများမှာလည်း ရမ်းကားဝံ့တော့မည် မဟုတ်။ သူတို့ လုပ်နိုင်သည်မှာ ဖန့်သူတော်စင်တစ်ပိုင်း သူတော်စင်အဆင့် တက်လှမ်းသည်ကို တိတ်တဆိတ် ကြည့်နေရန်သာ ရှိတော့သည်။
သို့သော် ဤကိစ္စမှာ ဤမျှနှင့် ရိုးရှင်းလိမ့်မည်မဟုတ်ဟု သူ ခံစားရသည်။ သူ မသိသေးသော သတင်းအချက်အလက်အချို့ ကျန်ရှိနေသေးပြီး ထိုအချက်များကသာ ဖန့်သူတော်စင်တစ်ပိုင်း၏ စစ်မှန်သော ရည်ရွယ်ချက်ကို ဖော်ထုတ်ပေးနိုင်ပေလိမ့်မည်။
"ညီမလေး... မတွေ့တာ ကြာပြီနော်"
ဖန့်ချန်ယဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ဝှီးချဲကို တွန်းကာ ဝိညာဉ်မျိုးနွယ်စုအဖွဲ့မှ ဦးဆောင်လာသော အမျိုးသမီးထံသို့ သွားလိုက်သည်။
ညီမလေး
ဖန့်ချန်၏ စိတ်အာရုံ လှုပ်ရှားသွားကာ နေရာရွှေ့၍ ထိုအမျိုးသမီး၏ မျက်နှာကို သေချာကြည့်လိုက်သည်။
'ဒါက... တတိယအဒေါ် ပဲ...'
ဖန့်ချန် စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထိုအမျိုးသမီး၏ ရုပ်ရည်မှာ ဖန့်ချန်ယွဲ့ နှင့် တစ်ပုံစံတည်းပင်။
ဒါကြောင့်လည်း ဇန့်လုံမြို့ထဲမှာ ဝိညာဉ်မျိုးနွယ်စု တစ်သိန်း ပေါ်လာတာကိုး... ဒါကြောင့်လည်း သူတို့က ဖန့်မိသားစုဘက်က ရပ်တည်ပေးတာကိုး...
'တတိယအဒေါ်ရဲ့ ကျင့်စဉ်က ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့်ထက် အများကြီး သာနေတာပဲ။ သူမက ဝိညာဉ်မျိုးနွယ် သူတော်စင်တစ်ပိုင်းပဲ... ကြည့်ရတာ သူမက ဝိညာဉ်မျိုးနွယ်စုထဲမှာ အောင်မြင်မှုတွေ အများကြီး ရထားပုံရတယ်။ ဝမ့်ချင်သူတော်စင်ရဲ့ ယုံကြည်ရတဲ့ လက်ရုံးလည်း ဖြစ်နိုင်တယ်...'
ဖန့်ချန် တွေးနေမိသည်။
"ဘယ်လိုလုပ် သူမ ဖြစ်နေရတာလဲ..."
ဝိညာဉ်မျိုးနွယ်စုများ ပေါ်လာသည့်တိုင်အောင် တည်ငြိမ်နေခဲ့သော ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းမှာမူ ဖန့်ချန်ယွဲ့ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ သိသိသာသာ ထင်ဟပ်လာခဲ့တော့သည်။
အခန်း (၁၈၃၆) - ဖန့်လဲ့ ၊ အလျင်စလို အဆင့်မတက်နဲ့ဦး
"တကယ်ကြီး ဖန့်ချန်ယွဲ့ ပါလား"
"သူသေသွားတာ ဒီလောက်နှစ်တွေကြာပြီကို... ဝိညာဉ်ပြန်လည်မွေးဖွားခြင်း မလုပ်ဘဲ ဝိညာဉ်မျိုးနွယ်စုအဖြစ် ပြောင်းလဲပြီး ယင်လောကမှာ တိတ်တဆိတ် ကျင့်ကြံနေတာကိုး "
"ဒီနေ့ သူက ဝိညာဉ်မျိုးနွယ်စုဝင် တစ်သိန်းတောင် ခေါ်လာတယ်ဆိုတော့... ဝိညာဉ်မျိုးနွယ်စုထဲမှာ သူ့အဆင့်အတန်းက မနိမ့်ဘူးပဲ။ သူ့နောက်ကွယ်မှာ ဝမ့်ချင်သူတော်စင် ရှိနေတာ သေချာတယ် "
"ဒီလိုဆိုရင်တော့ ဝမ့်ချင်သူတော်စင်ကပါ ဖန့်မျိုးနွယ်ဘက်က ရပ်တည်ပေးလိုက်ပြီပေါ့..."
"ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းတော့ ဒုက္ခရောက်တော့မယ် ထင်တယ်..."
"မှတ်မိသလောက်ဆိုရင် အရင်က ဖန့်ချန်ယွဲ့ သေဆုံးခဲ့ရတာက သူမနဲ့ ပတ်သက်နေတာလေ..."
"ဒုက္ခရောက်ဖို့အထိတော့ မဖြစ်နိုင်ပါဘူး၊ လော့ရွှယ်မဟာမိတ်က ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်"
အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များထဲမှ တိုးတိုးတိတ်တိတ် ပြောဆိုသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထိုအသံများထဲတွင် တုန်လှုပ်မှု၊ အံ့ဩမှု၊ စိုးရိမ်မှုနှင့် လေးနက်မှုတို့ ရောပြွမ်းနေသည်။
သူတော်စင်မဟာမိတ် ကိုးခုမှ လာကြသော သူတော်စင်တစ်ပိုင်း မိသားစုဝင်များသည် ဖန့်ချန်ယွဲ့ ကိုယ်ထင်ပြလာခြင်းကြောင့် သူတို့၏ စိတ်နှလုံးထဲတွင် ကြီးမားသော လှိုင်းတံပိုးများ ထသကဲ့သို့ ခံစားနေကြရသည်။
ထိုစဉ်မှာပင် ဖန့်ချန်းရွှယ်သည် ဝမ်ကျိလုံနှင့် အခြားလူများကို ဦးဆောင်ကာ ဖန့်ချန်ယွဲ့ ရှေ့သို့ သွားရောက်၍ လက်အုပ်ချီ ဂါရဝပြုလိုက်ကြသည်။
ဖန့်မျိုးနွယ်စုမှ တန်ခိုးရှင်များအားလုံးသည် အလွန်တရာ စိတ်လှုပ်ရှား တက်ကြွနေကြသည်။ မိမိတို့ မျိုးနွယ်စုထဲမှ ပုဂ္ဂိုလ်တစ်ဦးသည် ဝိညာဉ်မျိုးနွယ်စုအဖြစ် ပြောင်းလဲသွားပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိနေကြောင်းကို သူတို့ ယနေ့မှ ပထမဆုံးအကြိမ် သိရှိကြရခြင်း ဖြစ်သည်။
"ငါပြောသားပဲ"
ဝမ်ချုံစန်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ဖန့်ချန်နှင့် ဖန့်ဟန်တို့ထံ စိတ်အာရုံဖြင့် သတင်းပို့လိုက်သည်။
"ဒီတစ်ခါတော့ အဆင်ပြေသွားပြီ"
ဖန့်ဟန်သည်လည်း အလွန်ဝမ်းသာနေပြီး မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
"ဝမ်အိုကြီး... ခုနက လူတွေပြောနေကြတာ ကြားလိုက်တယ်။ ဒီတစ်ယောက်က အရင်တုန်းက ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း လက်ချက်နဲ့ သေခဲ့တာလား "
ဖန့်ချန်က စိတ်အာရုံဖြင့် မေးမြန်းလိုက်သည်။
ဝမ်ချုံစန်းက ခေါင်းညိတ်ပြသည်
"ငါတို့ ရှဲ့ကျစ်ဌာနက ဒီဘက်က သတင်းအချက်အလက်တွေကို တော်တော်လေး ပြည့်ပြည့်စုံစုံ စုဆောင်းထားတယ်။ မင်းတို့ရဲ့ ဒီ ဖန့်ချန်ယွဲ့ ဘိုးဘေးမကြီးဟာ အရင်တုန်းက ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း ဦးဆောင်တဲ့ အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံရပြီး အဲဒီနေရာမှာတင် အသက်ပျောက်ခဲ့တာ။
ဒီကိစ္စကြောင့် ဖန့်သူတော်စင်တစ်ပိုင်း ကိုယ်တိုင် လက်စားချေဖို့ သွားခဲ့သေးတယ်။ ဒါပေမဲ့ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းကို ရှာမတွေ့တာနဲ့ လော့ရွှယ်မဟာမိတ်ထဲက အသစ်တက်လာတဲ့ သူတော်စင်တစ်ပိုင်း တစ်ယောက်ကို သတ်ပစ်လိုက်ပြီးမှပဲ ကိစ္စက ခေတ္တ အေးအေးဆေးဆေး ဖြစ်သွားတာ"
"ကြည့်ရတာ နှစ်ဖက်စလုံးရဲ့ ရန်ငြိုးက တော်တော်လေး နက်ရှိုင်းတာပဲ။ ဆွေမျိုးအရင်းအချာချင်းကိုတောင် ဒီလောက်ထိ ရက်ရက်စက်စက် လုပ်နိုင်ကြတယ်ပေါ့"
ဖန့်ချန်က တစ်စုံတစ်ခုကို စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။
ယခုအခါ ဖန့်ချန်ယွဲ့ ရောက်ရှိလာခြင်းနှင့်အတူ နှစ်ဖက်စလုံး၏ အရှိန်အဝါမှာ ညီမျှသွားခဲ့ပြီ ဖြစ်သည်။
အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ လူတိုင်းသည် ကမ္ဘာမြေနှင့် ကောင်းကင်ယံကြားရှိ ဝိညာဉ်စွမ်းအင် များနှင့် အင်အား များမှာ တဖြည်းဖြည်းနှင့် ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ လူတိုင်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာပင် ထိုသက်ရောက်မှုကြောင့် အိုးထဲမှ ရေဆူသကဲ့သို့ ဖြစ်လာကာ သွေးလေများမှာလည်း မတည်မငြိမ် ဖြစ်လာတော့သည်။
"ဖန့်သူတော်စင်တစ်ပိုင်း ကိုယ်ထင်ပြတော့မယ်"
လူတိုင်း၏ မျက်နှာပေါ်တွင် ခန့်ညားလေးနက်သော အမူအရာများ ပေါ်လာသည်။
သတင်းစကားများအရ သူတော်စင်တစ်ပိုင်းတစ်ဦးသည် သူတော်စင်အဆင့်သို့ တက်လှမ်းတော့မည့်အချိန်တွင် သူရှိနေသည့် ပတ်ဝန်းကျင်မှ စွမ်းအားအားလုံးမှာ သူ၏ သက်ရောက်မှုကြောင့် ဆူပွက်လာတတ်သည်။ ၎င်းမှာ သူတော်စင်ဖြစ်တော့မည့် ကောင်းကင်ဘုံ၏ နိမိတ်လက္ခဏာများထဲမှ တစ်ခုပင် ဖြစ်သည်။
စွမ်းအားများမှာ ထိန်းချုပ်မရအောင် ဆူပွက်နေခြင်းကြောင့် ဖန့်ချန်အပါအဝင် တန်ခိုးရှင်အားလုံးမှာ မိမိတို့ အသုံးပြုနိုင်သော စွမ်းအားမှာ ပုံမှန်၏ တစ်ရာပုံတစ်ပုံပင် မရှိတော့ကြောင်း ခံစားလိုက်ရသည်။ ၎င်းမှာ လူတိုင်း၏ စွမ်းအားကို အဆတစ်ရာခန့် အလိုအလျောက် အားပျော့သွားစေခြင်းပင် ဖြစ်သည်။
တိမ်တိုက်များကြားတွင် ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း၏ မျက်ဝန်းများမှာ ပိုမိုမှောင်မှိုင်းလာသည်။ ယွမ်ချီ၊ ရွှယ်အဘိုးကြီးနှင့် ရှန်တူ အစရှိသော ကန့်သတ်ချက်ကျော်လွန်ခြင်း တတိယအဆင့် အစွမ်းထက်သူများသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မျက်နှာများ အလွန်လေးနက်သွားကြသည်။
ဟင်းလင်းပြင်အတွင်းမှ ရှဲ့ကျစ်တံခါးကြီးတစ်ခုသည် ဖြည်းညှင်းစွာ ပွင့်လာသည်။ ဤအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်မှာ ထိုနေရာသို့သာ ကျရောက်နေတော့သည်။
ဖန့်ချန်၏ စိတ်ထဲတွင်လည်း အလွန်တရာ စပ်စုလိုစိတ် ဖြစ်ပေါ်နေသည်။ သူသည် ထိုဖန့်သူတော်စင်တစ်ပိုင်း သို့မဟုတ် လဲ့ဘိုးဘေး ဆိုသူမှာ သူ၏ အဘိုးကြီး ဟုတ်မဟုတ်ကို သိချင်နေခြင်း ဖြစ်သည်။
ပိန်ပိန်ပါးပါးနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ရှဲ့ကျစ်တံခါးအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ဆံပင်နက်များမှာ ရေတံခွန်ကဲ့သို့ လွင့်မြောနေပြီး မျက်နှာအမူအရာမှာ တည်ငြိမ်အေးစက်ကာ နှင်းခဲကဲ့သို့ ရှိနေသည်။ သူ၏ တစ်ကိုယ်လုံးမှ လူအများအား အနားမကပ်ရဲစေသော တစ်ကိုယ်တည်း ဆိတ်ငြိမ်မှု အငွေ့အသက်များ ထုတ်လွှတ်နေသည်။
"ဖန့်သူတော်စင်တစ်ပိုင်း"
ဇန့်လုံမြို့အတွင်းရှိ ဖန့်မျိုးနွယ်စုဝင်များသာမက သူတော်စင်တစ်ပိုင်း မိသားစုအသီးသီးမှ တန်ခိုးရှင်များ၊ အခြေခံတည်ဆောက်ခြင်းအဆင့်မှသည် အဆင့် ၉ ကန့်သတ်ချက်ကျော်လွန်သူများအထိ အားလုံးသည် ထိုသူကို တစ်ပြိုင်နက်တည်း ဦးညွှတ် ဂါရဝပြုလိုက်ကြသည်။
ဖန့်ချန်သည်လည်း အတူတကွ ဂါရဝပြုရင်း မျက်ဝန်းထဲတွင် စပ်စုလိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
ထိုသူ၏ ရုပ်ရည်မှာ သူ၏ အဘိုးကြီးနှင့် ဆင်တူသယောင် ရှိသော်လည်း သူဖြစ်ကြောင်းကိုမူ အသေအချာ မပြောနိုင်သေးပေ။ အကြောင်းမှာ သူ၏ ဒုတိယဦးလေးနှင့် တတိယအဒေါ်တို့ကဲ့သို့ နောင်ဘဝမှ ရုပ်ရည်နှင့် တစ်ပုံစံတည်း ထပ်တူကျမနေသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်သည် ထိုပုဂ္ဂိုလ် ပေါ်လာပြီးနောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အင်အားများမှာ ပိုမို၍ အဖိနိမ့်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ယခုအခါ သူ အသုံးပြုနိုင်သော အင်အားမှာ ထောင်ပုံတစ်ပုံပင် မရှိတော့ပေ။
'ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းကလည်း သူတော်စင်တစ်ပိုင်းပဲ၊ ဒါပေမဲ့ သူမ ပေါ်လာတုန်းက ဒီလိုမျိုး ခံစားချက် မပေးခဲ့ဘူး။
ကြည့်ရတာ သူတော်စင်အဆင့်ကို တက်လှမ်းတော့မယ့် သူတော်စင်တစ်ပိုင်းနဲ့ ကျန်တဲ့ သူတော်စင်တစ်ပိုင်းတွေကြားမှာ ကြီးမားတဲ့ ကွာခြားချက် ရှိနေတာပဲ။
ဒီသက်ရောက်မှုက ဘယ်လောက်အထိ ကျယ်ပြန့်မလဲ မသိပေမဲ့ ဒီနယ်ပယ်ထဲမှာဆိုရင် သူတော်စင်တစ်ပိုင်းတွေရဲ့ ကျင့်စဉ်တောင် အားနည်းသွားနိုင်တယ်။ ဒီလိုဆိုမှတော့ အဆင့် ၉ တွေနဲ့ ကန့်သတ်ချက်ကျော်လွန်သူတွေမှာ ဘာလက်ကျန် ရှိနိုင်ဦးမှာလဲ'
ဘာကြောင့်မှန်းမသိ၊ ဖန့်သူတော်စင်တစ်ပိုင်းက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သလို ဖန့်ချန် ခံစားလိုက်ရသည်။ ၎င်းမှာ စိတ်ထင်ခြင်းလားဟု သူ မသေချာပေ။ အကြောင်းမှာ သူ သေချာပြန်ကြည့်လိုက်သည့်အခါ ထိုသူမှာ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းရှိရာသို့သာ အစကတည်းက ကြည့်နေသကဲ့သို့ ရှိနေသောကြောင့် ဖြစ်သည်။
'ခုနက အကြည့်က အရမ်းရင်းနှီးနေသလိုပဲ၊ ငါ ဘာလို့ မမှတ်မိတော့တာလဲ...'
ဖန့်ချန်၏ မျက်ဝန်းထဲတွင် စဉ်းစားခန်း ဝင်နေသော အရိပ်အယောင်များ ပေါ်လာသည်။
"ဇန့်ရွှယ်သူတော်စင်တစ်ပိုင်း... ငါတို့ ဖန့်မျိုးနွယ်ဆီ ပြန်လာချင်သလား။ အတိတ်က ကိစ္စတွေကို ငါ အပြစ်မယူတော့ဘူး"
ဖန့်သူတော်စင်တစ်ပိုင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ အသံမှာ မကျယ်လောင်သော်လည်း လူတိုင်း၏ နားထဲသို့ ထင်ထင်ရှားရှား ကြားရသည်။
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းသည် ဖန့်သူတော်စင်တစ်ပိုင်းကို စိုက်ကြည့်လိုက်ရာ တည်ငြိမ်နေသော သူမ၏ မျက်ဝန်းထဲတွင် နောက်ဆုံး၌ စိတ်ခံစားချက်အချို့ လှုပ်ရှားလာတော့သည်။ ၎င်းမှာ မုန်းတီးမှုလား၊ သို့မဟုတ် ရိုသေလေးစားမှုလား ဆိုသည်မှာ အလွန်ပင် ရှုပ်ထွေးနေသည်။
နောက်ဆုံးတွင် သူမက အေးစက်စက်ပင် ပြန်ပြောလိုက်သည်။
"ဖန့်သူတော်စင်တစ်ပိုင်းက နောက်ပြောင်နေတာပဲ။ ကျွန်မ ဇန့်ရွှယ်က ဖန့်မျိုးနွယ်စုဝင် မဟုတ်တော့တာ ကြာပြီ၊ ဖန့်မျိုးနွယ်ဆီ ပြန်လာဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ "
ခဏမျှ ရပ်တန့်ပြီးနောက် သူမသည် ပတ်ဝန်းကျင်မှ တဖြည်းဖြည်း အရည်ပျော်ကျနေသော ဆီးနှင်းများကို ကြည့်လိုက်သည်။ ကောင်းကင်မှ ကျဆင်းနေသော နှင်းပွင့်များမှာလည်း တဖြည်းဖြည်း သေးငယ်လာပြီး မြေပြင်ပေါ်သို့ မကျရောက်မီမှာပင် အကုန်လုံး ပျောက်ကွယ်သွားကြတော့သည်။
"ဟင်း..."
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
"အရာခပ်သိမ်းကို မလွှမ်းမိုးနိုင်တော့တာပဲ တကယ်ပဲ သူတော်စင် ဖြစ်တော့မှာပေါ့။ ဇန့်ရွှယ်အနေနဲ့ ဖန့်သူတော်စင်တစ်ပိုင်းကို ကြိုတင်ပြီး ဂုဏ်ပြုလိုက်ပါတယ်။ ဒါပေမဲ့ သူတော်စင်ဖြစ်ဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ ဖန့်သူတော်စင်တစ်ပိုင်းအနေနဲ့ ဒီနေ့ ဘယ်လိုမျိုး သူတော်စင်အဆင့်ကို တက်လှမ်းမလဲဆိုတာ မသိရဘူးနော်"
"ငါ သူတော်စင်ဖြစ်ဖို့ဆိုတာ သတိပေးချက်တစ်ခုလောက် ပေးလိုက်ရုံနဲ့ ရပြီ၊ ဘာမှ ရှုပ်ရှုပ်ထွေးထွေး မရှိဘူး"
ဖန့်သူတော်စင်တစ်ပိုင်းက ပြုံးလျက် ဆိုလိုက်သည်။
လူအများမှာ အံ့အားသင့်သွားကြသည်။ သတိပေးချက်တစ်ခု ပေးလိုက်ရုံနဲ့ ရပြီလား ဘယ်သူ့ကို သတိပေးမှာလဲ။
လူတိုင်း အံ့ဩနေစဉ်မှာပင် ဖန့်သူတော်စင်တစ်ပိုင်းက ရုတ်တရက် အော်ဟစ်လိုက်သည်။
"ပွင့်စေ"
ချောင်ရှန်းမျှော်စင်၏ အထက်တည့်တည့်တွင် ရပ်နေသော ဖန့်သူတော်စင်တစ်ပိုင်းမှာ ထို 'ပွင့်စေ' ဟူသော အသံနှင့်အတူ တစ်ကိုယ်လုံး တောက်ပသော အလင်းဖြူကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ ကိုယ်ထည်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရစ်ပတ်ဆူပွက်လာပြီး အရှိန်အဟုန်မှာ တစ်ဟုန်ထိုး မြင့်တက်လာသည်။ မြင့်မြတ်သန့်စင်သော အငွေ့အသက်များမှာ လူတိုင်း၏ ကိုယ်ပေါ်သို့ ဖြန့်ကျက်သက်ရောက်လာရာ လူတိုင်း၏ စိတ်နှလုံးထဲတွင် ရိုသေခန့်ညားစိတ်များဖြင့် ပြည့်နှက်သွားရသည်။
အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များပေါ်မှ အစွမ်းထက်သူများမှာ ဤအခိုက်အတန့်တွင် ထိုအငွေ့အသက်များ၏ ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲသွားကြသည်။
သူတို့အားလုံး၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာကြသည်။ ဖန့်သူတော်စင်တစ်ပိုင်းက ဤမျှလွယ်လွယ်ကူကူနှင့် သူတော်စင် ဖြစ်တော့မှာလား ဘာလို့... ဘယ်သူမှ ကိုယ်ထင်ပြပြီး မတားကြတာလဲ။
ဖန့်သူတော်စင်တစ်ပိုင်း၏ အငွေ့အသက်များမှာ ပို၍ ပို၍ အားကောင်းလာသည်ကို မြင်သောအခါ ဖန့်မျိုးနွယ်စုဝင်များမှာ အလွန်အမင်း စိတ်လှုပ်ရှားလာကြပြီး လက်ဖဝါးများမှ ချွေးများ ထွက်လာသည်အထိ ရင်ခုန်နေကြသည်။
သို့သော် ထိုစဉ်မှာပင် ကောင်းကင်ယံထက်၌ ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာသည်။
"ဖန့်လဲ့၊ အလျင်စလို အဆင့်မတက်နဲ့ဦး"
ထိုအသံနှင့်အတူ ပုံရိပ်နှစ်ခုသည် ယှဉ်တွဲလျက် ပေါ်ထွက်လာသည်။
အမျိုးသားဖြစ်သူမှာ တစ်လောကလုံးကို အစိုးရသော ဧကရာဇ်မင်းတစ်ပါးကဲ့သို့ပင်။ သူ၏ ခန္ဓာကိုယ်မှ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး မျက်လုံးများကို ဖွင့်လိုက်ပိတ်လိုက်လုပ်တိုင်း မြင့်မြတ်သော အလင်းတန်းများ ထွက်ပေါ်နေသည်။
အမျိုးသမီးဖြစ်သူ၏ အရှိန်အဝါမှာ ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းနှင့် ဆင်တူသော်လည်း သူမက ပို၍သာလွန်ကြောင်း သိသာလှသည်။ သူမ၏ အလွန်အမင်း လှပလွန်းသော ရုပ်ရည်သွင်ပြင်မှာ လူအများအား တည့်တည့်ပင် မကြည့်ဝံ့စေပေ။ သူမ၏ ရှေ့တွင် မည်သည့် အမျိုးသား၊ အမျိုးသမီးမဆို မိမိကိုယ်ကို သိမ်ငယ်စိတ်များ ဝင်သွားစေလောက်သည်။
"ကျန်းရန်သူတော်စင်"
"လော့ရွှယ်သူတော်စင်"
ရုတ်ခြည်းဆိုသလိုပင် အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များပေါ်မှ ကန့်သတ်ချက်ကျော်လွန်သူ အမြောက်အမြားသည် စိတ်လှုပ်ရှားတက်ကြွသွားကြသည်။ ယွမ်ချီ၏ မျက်နှာတွင်လည်း ဝမ်းသာအားရမှုများ ထင်ဟပ်လာသည်။
ဇန့်ရွှယ်သူတော်စင်တစ်ပိုင်းက ဖန့်သူတော်စင်တစ်ပိုင်းကို ကြည့်လိုက်သော အကြည့်ထဲတွင်မူ သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်လာခဲ့သည်။
ထိုသူတော်စင်ကြီး နှစ်ပါး ပေါ်လာခြင်းနှင့်အတူ ဖန့်သူတော်စင်တစ်ပိုင်း၏ အဆင့်တက်လှမ်းမှုမှာ အတင်းအကျပ် အနှိမ်ခံလိုက်ရပြီး သူ၏ အရှိန်အဝါ အငွေ့အသက်များမှာ တစ်လက်မမျှပင် ထပ်မတိုးနိုင်တော့ပေ။