← Chapters

အာ … ပျားအုံကြီးကို တုတ်နဲ့ ထိုးမိပြီ (၂)

Vol. 2 Ch. 26

အာ … ပျားအုံကြီးကို တုတ်နဲ့ ထိုးမိပြီ (၂)

Vol. 2 Ch. 26

ရှုရန်မြောင် အလိုအလျောက်ပင် စနစ်မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်မိတော့သည်။

[ တစ်ခုခုတော့ လွဲနေသလိုပဲ...]

ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခွိုက်ကျီနယ်စားမှာ စက္ကန့်ပိုင်းမျှ တောင့်ခဲသွားသည်။ နောက်တစ်ခဏ မှာတော့ သူသည် အရင်ကထက် ပိုမြန်သော အရှိန်ဖြင့် ခပ်သွက်သွက် လျှောက်ထွက်သွားတော့သည်။

သူသည် ဘေးခန်းမဆောင် တံခါးဝမှ အပြင်ကို ထွက်တော့မည့်ဆဲဆဲမှာပင် ရှုရန်မြောင်၏ စိတ်ထဲ၌ ထိတ်လန့်တကြား အာမေဍိတ်သင်္ကေတများနှင့်အတူ ထိတ်လန့်သော အမူအရာ ပေါ်လာသည်။

[မဖြစ်နိုင်တာ၊ မဖြစ်နိုင်တာ၊ မဖြစ်နိုင်လိုက်တာ၊ ဒါက ကလေးချင်း လဲလှယ်ထားတဲ့ အရှုပ်တော်ပုံကြီးပဲ၊ တကယ့်ကို နဂါးနဲ့ မြွေနဲ့ လဲလှယ်ထားတဲ့ အမှုကြီးပါလား]

နန်းတော်သုံး ထမ်းစင်ပေါ်သို့ တက်ရန် ခြေလှမ်းပြင်နေသည့် ဧကရာဇ်အိုကြီးမှာ ထိုစကားကြောင့် ယိုင်ခနဲ ဖြစ်သွားပြီး ထမ်းစင်ပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

အထိန်းတော်ချုပ်ကြီးက ထိတ်လန့်တကြား အော်လိုက်ရင်း ဧကရာဇ်ကို အပြေးအလွှား လာတွဲရသည်။

“အရှင်မင်းကြီး”

"ကူစရာ မလိုဘူး"

ဧကရာဇ်အိုကြီးက ထမ်းစင်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ခန်းမဆောင်ထဲကို အပြေးအလွှား ပြန်ဝင်သွားတော့သည်။

"ငါကိုယ်တော် မပြီးပြတ်သေးတဲ့ အလုပ်တွေ ရှိနေသေးတယ်"

တကယ်တမ်းတွင် သူသည် အချိန်မီ ဒရာမာ ကြည့်ဖို့အတွက် အပြေးအလွှား ပြန်လာခြင်းသာ ဖြစ်သည်။

ဧကရာဇ်မင်းမြတ် ပြန်ဝင်လာသည်ကို မြင်ရသောအခါ အရာရှိအားလုံးကလည်း သဘာဝအတိုင်းပင် နောက်ကနေ ပြန်လိုက်ဝင်လာကြသည်။

ခွိုက်ကျီနယ်စား၏ ခြေထောက်များမှာ ပျော့ခွေသွားပြီး နန်းတွင်းကိုယ်ရံတော်များ၏ ဆွဲခေါ်လာခြင်းကို ခံလိုက်ရကာ ခန်းမထဲသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

ရှဲ့လော့ရွှေမှာမူ ဘာတွေဖြစ်နေမှန်း မသိဘဲ ဇဝေဇဝါဖြင့်သာ ဘေးပတ်ပတ်လည်က အရာရှိများကို ကြည့်နေမိသည်။ အချို့အရာရှိများမှာ ဆိုလျှင် ဘာကြောင့်မှန်းမသိဘဲ သူတို့၏ မုတ်ဆိတ်မွေးများကိုတောင် ဆွဲနှုတ်မိနေကြသည်။

*ဒီနေရာမှာ ဘာတွေများ ဖြစ်ပျက်နေပါလိမ့်*

ရှဲ့လော့ရွှေမှာ ဘာမှန်းမသိသော်လည်း လူအုပ်ကြီးနောက်ကိုသာ အလိုအလျောက် လိုက်ပါရင်း ခန်းမထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ရှုရန်မြောင်ကမူ စနစ်မျက်နှာပြင်ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေပြီး လူအုပ်ကြားထဲတွင် အတွေးလွန်ကာ လိုက်ပါလာတော့သည်။

[တစ်ခုခုတော့ လွဲနေပါတယ်လို့ ငါ ထင်သားပဲ၊ တကယ်လို့ သူသာ တကယ်ပဲ နောင်တရပြီး ပြစ်မှုတွေကို အလွယ်တကူ ဝန်ခံချင်တဲ့သူဆိုရင် အစကတည်းက လူတွေကို အကျဉ်းချထားတဲ့အထိ လုပ်မှာ မဟုတ်ဘူးလေ]

[ဒါပေမဲ့ ဒါကြီးက ဒီလောက်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး၊ ကလေးချင်း လဲလှယ်ထားတဲ့ အရှုပ်တော်ပုံ ကြီးပါလား]

[အခုရှိနေတဲ့ ခွိုက်ကျီနယ်စားရဲ့သားဆိုတာ သူ့ရဲ့ သွေးသားရင်း မဟုတ်ဘူး]

ဤဖော်ထုတ်ချက်ကြောင့် အစောပိုင်းက ထိုင်းမှိုင်းနေသည့် အရာရှိအားလုံးမှာ ချက်ချင်းပင် အားအင်များ ပြည့်ဖြိုး လာကြပြီး သူတို့၏ မျက်လုံးများမှာလည်း သိချင်စိတ်များဖြင့် တောက်ပလာတော့သည်။

ထိုအမွေခံမှာ ခွိုက်ကျီနယ်စား၏ သားအရင်း မဟုတ်ရခြင်းအကြောင်းကို အားလုံးက ဝိုင်းဝန်း တွေးတော နေကြသည်။

*အိမ်တော်က ကတော်ကြီးက တစ်ခြားသူနဲ့ ဖောက်ပြန်ပြီး ရလာတဲ့ကလေးကို သမီးမိန်းကလေးနဲ့ လဲလှယ် လိုက်တာမျိုးလား*

[မဟုတ်ဘူး၊ ကလေးကို လဲလှယ်ခဲ့တာက ခွိုက်ကျီနယ်စားကတော် ကိုယ်တိုင်ပဲ၊ သူက အပြင်ကနေ ဘယ်ကမှန်း မသိတဲ့ ယောကျ်ားလေးတစ်ယောက်ကို ခေါ်လာပြီး လဲလိုက်တာ၊ ခွိုက်ကျီနယ်စား ကိုယ်တိုင်ကရော ဒါကို သိလားဆိုတာ ငါထပ်ကြည့်လိုက်ဦးမယ်]

[ဝိုးးး]

[အလိုလေး၊ ဒီမှူးမတ်အသိုင်းအဝိုင်းက တကယ်ကို ရှုပ်ထွေးပွေလီလှချည်လား၊ ဟုတ်တယ်၊ သူသိတယ်၊ သူ အမြဲတမ်း သိနေခဲ့တာ၊ သူက မြုံနေတဲ့သူ ဖြစ်နေပြီး ဒီသားတစ်ယောက်ပဲ ရှိတာဆိုတော့ သူကိုယ်တိုင်ကပဲ မသိချင်ယောင်ဆောင်ပြီး ဒီအတိုင်း လက်ခံထားခဲ့တာပဲ]

အရာရှိအားလုံးမှာ စိတ်ပျက်လက်ပျက်ဖြင့် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။

ခွိုက်ကျီနယ်စားကိုယ်တိုင်က သိနေသည်ဆိုပါက ဤလုပ်ရပ်ကို သူကိုယ်တိုင်ကပင် ခွင့်ပြုထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တစ်ခြားသူနှင့် ဖောက်ပြန်၍ ရလာသော ကလေးဆိုသည့် ဖြစ်နိုင်ခြေမှာ ပယ်ဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

အခွန် ဘဏ္ဍာရေးဝန်ကြီးက နောင်တရဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

"ခွိုက်ကျီနယ်စားကတော်က တကယ်ကို မိုက်မဲတာပဲ၊ လင်မယားဆိုတာ တစ်ကိုယ်တည်း တစ်စိတ်တည်းပဲလေ၊ အကယ်၍ အမွေခံက ခင်ပွန်းရဲ့ သွေးသားမဟုတ်ရင်တောင် အနည်းဆုံးတော့ သူမရဲ့ သွေးသားဖြစ်အောင် လုပ်သင့် တာပေါ့၊ ဘာလို့ ဘာမှမသက်ဆိုင်တဲ့ ပြင်ပကကလေးကို ခေါ်လာပြီး နယ်စားအဆင့် အမွေကို ဆက်ခံခိုင်းရတာလဲ၊ အကယ်၍ ဒါဟာ သာမန် ဖောက်ပြန်မှုမျိုးဆိုရင်တောင် ခွိုက်ကျီနယ်စားရဲ့ သဘောထားကြီးမှုနဲ့ဆိုရင် ဒီလို အသေးအဖွဲ ကိစ္စမျိုးကို စိတ်ထဲထားမှာ မဟုတ်ဘူး"

သူက စိတ်ပျက်လက်ပျက်ဖြင့် ကြမ်းပြင်ကို ခြေဆောင့်လိုက်သည်။

"တကယ်ကို မိုက်မဲလွန်းတာပဲ"

ခွိုက်ကျီနယ်စားမှာမူ စိတ်ထဲမှ တောက်ခေါက်နေမိသည်။

*ပါးစပ်ပိတ်ထားကြစမ်း*

သူ စိတ်ထဲမှ ရေရွတ်နေမိသည်။

*မင်းတို့အားလုံးကတော့ သူများအရှုပ်တော်ပုံကို ထိုင်ကြည့်ပြီး အရသာခံနေကြတာပေါ့၊ အဲ့ဒီလောက်တောင် ဖြစ်နေရင်လဲ မင်းတို့မိန်းမတွေကိုပဲ အမွေခံတွေ မွေးခိုင်းလိုက်ကြပါလား*

ဧကရာဇ်အိုကြီးကတော့ ချက်ချင်းပင် အထိန်းတော်ချုပ်ကြီးကို ခေါ်လိုက်သည်။

"ခွိုက်ကျီနယ်စားရဲ့ သားနဲ့ ချွေးမကို အခုချက်ချင်း ရှေ့တော်သွင်းစေ"

*ဒရာမာကို အဆုံးအထိ ကြည့်ရတော့မယ်ဆိုတော့၊ ဟိဟိ*

မကြာမီမှာပင် ထိုဇနီးမောင်နှံနှစ်ဦးကို ခန်းမထဲသို့ ခေါ်ဆောင်လာခဲ့သည်။

ဤအတောအတွင်းမှာပင် အရာရှိများမှာ အတင်းအဖျင်း သတင်းပေါင်းစုံကို အဝစား စားသုံးနေကြရသည်။

ခွိုက်ကျီနယ်စားသည် သူ၏သားကို သုံးနှစ်သားကတည်းက ကဗျာစပ်နိုင်ပြီး ငါးနှစ်သားမှာ စကားပြေတွေကို ကျွမ်းကျင်နေသည့် ပါရမီရှင်လေးအဖြစ် လူသိရှင်ကြား ကြော်ငြာခဲ့သမျှသည် ကြိုတင်ပြင်ဆင်ထားသော လုပ်ဇာတ်များသာ ဖြစ်ကြောင်း သိလိုက်ရသည်။ တကယ်တော့ တစ်ခြားသူက ရေးပေးထားသည်များကို ထိုကလေးက အလွတ်ကျက်ထားခြင်းသာ ဖြစ်ပေသည်။

ထိုကောင်လေး၏ အမဲလိုက်စွမ်းရည်နှင့် ပတ်သက်သည့် ပုံပြင်များမှာလည်း လုပ်ဇာတ်များသာ ဖြစ်သည်။ တစ်ခါက သူ ဖမ်းမိထားသော ထူးဆန်းသော မြေခွေးနက်ကို ပြန်လွှတ်ပေးလိုက်ရာ ထိုမြေခွေးမှာ သုံးပတ်တိတိ လှည့်ပတ်ပြီးနောက် သူ၏ရင်ခွင်ထဲသို့ ခုန်ဝင်လာသည်ဆိုသော ဖြစ်ရပ်မှာ တကယ်တော့ ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်။ ထိုမြေခွေးကို ကြိုတင်ဖမ်းဆီးထားပြီး သုံးရက်တိုင်တိုင် အစာငတ်ထားသဖြင့် လမ်းပင် မလျှောက်နိုင် တော့သည့် အခြေအနေတွင်မှ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ကောင်လေး၏ ဝတ်ရုံထဲတွင်လည်း မြေခွေး လာစေရန် အသားစများကို ဝှက်ယူလာခဲ့သေးသည်။

[ပြီးတော့ အဲ့ဒီမြေခွေးကလေ၊ ဟားဟားဟား ... အဲ့ဒီမြေခွေးက]

ရှုရန်မြောင်၏ ရယ်သံမှာ တစ်လောကလုံး ဟိန်းထွက်သွားတော့မည့်အတိုင်းပင်။

[အဲ့ဒါက ရိုးရိုး မြေခွေးနီလေးကို မင်ရည်တွေနဲ့ အနက်ရောင်ဆိုးထားတာပဲဟာကို၊ ဟားဟားဟားဟား]

[တကယ့်ကို အရှက်မရှိတဲ့ အလုပ်ပဲ ... သနားစရာကောင်းတဲ့ မြေခွေးလေးခမျာ မင်အိုးထဲမှာ နစ်သေတော့မလို့ ဖြစ်ခဲ့တာပဲ]

ခွိုက်ကျီနယ်စား၏ မျက်နှာမှာမူ တစ်ကိုယ်လုံး အဝတ်အစားများ ချွတ်ခံလိုက်ရပြီး တစ်နန်းတော်လုံးရှေ့မှာ အရှက်ခွဲ ခံလိုက်ရသလိုမျိုး နီရဲတောက် လာတော့သည်။

*လုပ်ကြံထားတာဆိုတော့ ဘာဖြစ်လဲ*

*အနည်းဆုံးတော့ ငါ့မှာ လုပ်ကြံဖန်တီးနိုင်တဲ့ အရည်အချင်း ရှိတယ်*

*ပြီးတော့ ပညာရှင်လောကမှာ နာမည်ကျော် ကြားဖို့ဆိုတာ သာမန် လုပ်ဇာတ်လေးတစ်ခုနဲ့တင် ပြီးသွားတာမှ မဟုတ်တာ*

ရှုရန်မြောင်သည် နောက်ထပ် လိမ်ညာမှုတစ်ခုကို ထပ်မံတွေ့ရှိသွားပြီး အားရပါးရ အော်ရယ်လိုက်ပြန်သည်။

[ဟားဟားဟားဟားဟား]

ခွိုက်ကျီနယ်စား -“ မင်း ရယ်နေတာကို ရပ်လို့မရတော့ဘူးလား”

ရှုရန်မြောင်က နောက်ထပ် လုပ်ဇာတ်တစ်ခုကို ထပ်မံတူးဖော်မိပြီး ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက် ပြန်သည်။

[ဟားဟားဟားဟား]

ခွိုက်ကျီနယ်စား - “ဒါတွေက ပြီးတော့မှာလား၊ တကယ်ပဲ ပြီးတော့မှာလား”

ရှုရန်မြောင်က ဆက်တွေးနေသည်။

[ဟားဟား၊ ခွိုက်ကျီနယ်စားက သူ့ခေတ်သူ့အခါတုန်းက အချောဆုံးနဲ့ အယဉ်ကျေးဆုံး အမျိုးသားအဖြစ် နာမည်ကြီး ခဲ့တာကလဲ အခုလို လုပ်ဇာတ်တွေနဲ့ တည်ဆောက်ထားတာပဲကိုး၊ သူ့ရဲ့ သားအတုအတွက် ပုံရိပ်ကောင်းတွေ ဖန်တီးပေးရတာ ဘာလို့ ဒီလောက်ကျွမ်းကျင်နေလဲဆိုတာ အခုမှ သိတော့တယ်၊ ဒါက မိသားစု အစဉ်အလာကိုး၊ ဟားဟား]

ညီလာခံခန်းမထဲရှိ အရာရှိအားလုံးမှာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားရသဖြင့် မျက်နှာများ နီရဲနေကြ သော်လည်း ရှုရန်မြောင်၏ အရှက်အကြောက်မရှိသော ရယ်သံများမှာမူ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ် သွားလေတော့သည်။

ရုတ်တရက် ရှုရန်မြောင်၏ ရယ်သံမှာ ရပ်တန့်သွားသည်။

ခွိုက်ကျီနယ်စားမှာ ကျောရိုးထဲအထိ စိမ့်ခနဲ ခံစားလိုက်ရသည်။ တစ်စုံတစ်ခုကို သိလိုစိတ်ဖြင့် ခန်းမတံခါးဝသို့ လှည့်ကြည့်လိုက်ရာ သူ၏ဇနီးနှင့် သားအတုအယောင်တို့ကို နန်းတွင်းကိုယ်ရံတော်များက အစောင့်အကြပ်ဖြင့် ခေါ်ဆောင်လာသည်ကို မြင်လိုက်ရတော့သည်။

*အားလုံး ပြီးသွားပြီ*

ခွိုက်ကျီနယ်စားမှာ စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်မိသည်။

ရှုရန်မြောင်က စိတ်လှုပ်ရှားစွာဖြင့် တွေးလေသည်။

[ အိုး … ဝိုး …]

[ငါကတော့ တကယ့် ဒရာမာကို အပြင်မှာ တိုက်ရိုက် ကြည့်ခွင့်ရနေတာပဲ]

[ကြည့်ရတာ ဧကရာဇ်အိုကြီးရဲ့ ကိုယ်ရံတော်တွေက ခွိုက်ကျီနယ်စားရဲ့ အိမ်တော်ကို စုံစမ်းနေတာ တော်တော် တောင် ကြာနေပြီ ထင်တယ်]

[အခုမှ ငါ နားလည်တော့တယ်။ အစောပိုင်းက တရားခွင်ကို အမြန်ရုပ်သိမ်းလိုက်တာက ခွိုက်ကျီနယ်စား တစ်ခုခု အသည်းအသန် မလုပ်နိုင်အောင် ကြိုတင်စီစဉ်ထားတဲ့ လုပ်ကွက်ပဲ]

[ကိုယ်ရံတော်တွေက ရှဲ့လော့ရွှေက ခွိုက်ကျီနယ်စား အိမ်တော်ရဲ့ တကယ့် သခင်မလေး အစစ်ဆိုတဲ့ သက်သေတွေကို ရှာတွေ့ထားတာ ဖြစ်ရမယ်]

ခွိုက်ကျီနယ်စားမှာ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်မိသည်။

ယခုတစ်ကြိမ်တွင် တကယ်ကို အကုန်လုံး ပြီးဆုံးသွားခဲ့လေပြီ။

All Chapters