အခန်း (၄၀၆-၄၀၈)
Vol. 28 Ch. 406-408
အခန်း (၄၀၆) - တောင်ဘက်သို့ လွင့်ဝဲသွားသော အရိပ် တစ်ရိပ် (၂)
~စာကြည့်ဆောင်အတွင်း၌ ယန်ရှောင်ယွင် တစ်ချက်မျှ သက်ပြင်းချလိုက်သည်။
(ကိုယ်တိုင်ရေးသားသည်) ဟူသော စကားရပ်က ထူးခြားသော အဓိပ္ပာယ်တစ်စုံတစ်ရာ မရှိလှပေ။
သို့သော်လည်း ထိုလက်ရေးကို မြင်လိုက်ရသည့် တစ်ခဏမှာပင် ယန်ရှောင်ယွင်က ယန်ရီဇီ၏ လက်ရေးမှန်း ချက်ချင်း မှတ်မိသွား၏။ ၎င်းသည် သူ အမြဲတမ်း ရေးသားနေကျ လက်ရေးမျိုး မဟုတ်ဘဲ စာလုံးလှရေးကျင့်ရာတွင် အသုံးပြုလေ့ရှိသော အခြားလက်ရေးဟန်တစ်ခု ဖြစ်နေ၏။ အခြားသူများကမူ မှတ်မိနိုင်မည် မဟုတ်သော်ငြားလည်း ယန်ရှောင်ယွင်အတွက်မူကား တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အလွယ်တကူ သိရှိနိုင်စွမ်း ရှိသည်။
ယန်ရီဇီ တစ်ယောက် ဘေးကင်းလုံခြုံစွာ ရှိနေသေးသည်ကို သိလိုက်ရသဖြင့် ယန်ရှောင်ယွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိတော့သည်။
သို့ရာတွင် သူ ထွက်သွားခဲ့သည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်သော်လည်း ယခုမှ ပထမဆုံးအကြိမ်အဖြစ် စာတစ်စောင် ပေးပို့လာခြင်းကိုမူ သူမ အပြစ်တင်မိချေ၏။ ထို့ထက်ပို၍ ဆိုးရွားသည်က ထိုစာသည် သူ၏ သွေးသားအရင်းဖြစ်သော သမီးဖြစ်သူထံသို့ ပေးပို့လာခြင်းမဟုတ်ဘဲ သမက်ဖြစ်သူထံသို့ ဦးတည်နေခြင်းပင်တည်း။
သို့ဖြစ်သော်ငြားလည်း သူမသည် သာမန် မိန်းမသားတစ်ဦး မဟုတ်ပေ။ အချိန်ခဏမျှ စဉ်းစားချင့်ချိန်ပြီးနောက် သူမက နှုတ်ခမ်းကို ဟကာ အသံထွက်လာသည်။
“ရှောင်ရှောင်... ငါ့အတွက် မင်သွေးပေးပါဦး”
“ဟုတ်ကဲ့ပါ မမ”
ကျန်းရှောင်ရှောင်က သမ်းဝေလျက်ပင် ယန်ရှောင်ယွင်အတွက် မင်သွေးပေးလိုက်သည်။
ယန်ရှောင်ယွင်က စုတ်တံကို မင်ရည်ထဲသို့ နှစ်လိုက်၏။ ရေးသားရန်အတွက် တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း စုတ်တံထိပ်ဖျားလေး စက္ကူပေါ်သို့ မထိရသေးခင်မှာပင် သူမ၏ မျက်နှာလေး နီမြန်းသွားတော့၏။ အတော်ကြာအောင် အလေးအနက် တွေးတောပြီးသည့်နောက်တွင်မှ သူမ စတင် ရေးသားလိုက်သည်။
'အလွန်တရာ လွမ်းဆွတ်တမ်းတမိပါသည်... ညဉ့်ယံတွေမှာလည်း အိပ်မပျော်နိုင်ခဲ့ပါ...'
ထိုစာသားလေးကို ရေးသားပြီးနောက် သူမ၏ ရင်ထဲတွင် ရှက်သွေးဖြာမှုများက အလုံးအရင်းနှင့် လွှမ်းမိုးလာတော့သည်။
သူမ ထိုစာကို ဖျက်ဆီးပစ်ချင်စိတ် ပေါက်သွား၏။ သို့သော်လည်း သေချာစွာ ပြန်လည်စဉ်းစားပြီးနောက် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူမ၏ ရင်တွင်းခံစားချက်များကို ရဲရဲဝံ့ဝံ့ပင် ဆက်လက် ရေးချလိုက်လေတော့သည်။
စာရေးလေလေ ယန်ရှောင်ယွင်၏ ခံစားချက်များက ပိုမို နက်ရှိုင်းလာလေလေ ဖြစ်လာသည်။ စုတ်ချက်များထဲတွင် တည်ကြည်ပြတ်သားမှု အငွေ့အသက်များ ပါဝင်နေသော်လည်း နက်ရှိုင်းလှသော ကြင်နာယုယမှုများဖြင့်လည်း ရောယှက်နေ၏။ ရှက်ရွံ့တွန့်ဆုတ်မှုများနှင့်အတူ ၎င်းတို့သည် အခြားသူများအား လုံးဝ ပေးမသိနိုင်သော မိန်းမသားတစ်ဦး၏ အိပ်ခန်းတွင်းမှ လျှို့ဝှက်ရင်ဖွင့်သံများသာ ဖြစ်လေတော့သည်။
နောက်ဆုံးတွင်တော့ သူမက စာကို ဤသို့ အဆုံးသတ်လိုက်သည်။
'ကျက်သရေရှိလှသော ကြိုးကြာငှက်များ နီးကပ်လာချိန်တွင် အထီးကျန် အရိပ်လေးက တောင်ဘက်ဆီသို့ ပျံသန်းသွားခဲ့ပြီ။ ကျွန်မ၏ နှလုံးသားကမူ ရှင် ပြန်အလာကို တိတ်ဆိတ်စွာဖြင့် စောင့်မျှော်ရင်း ကျန်ရစ်နေဆဲပါ...'
နောက်ဆုံး စုတ်ချက်အပြီးတွင် ယန်ရှောင်ယွင်က သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။ ဤစာတစ်စောင်ကို ရေးသားရခြင်းက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြားမှ သွေးချောင်းစီး တိုက်ပွဲတစ်ခု ဆင်နွှဲရသည်ထက်ပင် ပို၍ ပင်ပန်းနွမ်းနယ်နေသည့်နှယ် ခံစားလိုက်ရ၏။
တစ်ချက်တစ်ချက်တွင် သူမက ကျန်းရှောင်ရှောင်အား မော့ကြည့်လိုက်မိ၏။ သို့သော် ထိုမိန်းမငယ်လေးမှာ ပါးစပ်ကြီးဟကာ မတ်တတ်ရပ်လျက်ပင် အိပ်မောကျကာ စည်းချက်ကျကျ အသက်ရှူနေသည်ကိုသာ တွေ့လိုက်ရသည်။
သူမက အသာအယာ ပြုံးလိုက်ပြီး စက္ကူပေါ်မှ မင်ရည်များကို ခြောက်သွေ့စေရန် လုပ်ဆောင်လိုက်၏။ ထို့နောက် စာအိတ်တစ်ခုအတွင်းသို့ သေသပ်စွာ ထည့်သွင်းလိုက်လေ၏။ သူမက ထိုနေရာတွင်ပင် ထိုင်နေရင်း စာအိတ်လေးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိတော့သည်။
သို့ရာတွင် ထိုသို့ စိုက်ကြည့်နေစဉ် သူမ၏ အကြည့်များနှင့်အတူ တစ်စုံတစ်ရာက လွင့်မျောပါသွားသည့်နှယ် ခံစားလိုက်ရသည်။ ၎င်းက ရေတွက်၍မရနိုင်သော တောင်တန်းကြီးများပေါ်မှ ကျော်ဖြတ်ပြီး မြစ်ချောင်းအသွယ်သွယ်ကို ဖြတ်သန်းကာ သူမ နေ့ရောညပါ လွမ်းဆွတ်တမ်းတနေရသော ထိုသူ့ထံသို့ လမ်းကြောင်းရှာဖွေ သွားရောက်နေ၏။
မိန်းမောတွေဝေနေခိုက် လွင့်မျောသွားခဲ့သည်မှာ သူမ၏ ကိုယ်ပိုင် လွမ်းဆွတ်မှုများသာ ဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားသည်။
နောက်ဆုံးတွင်တော့ ပေါ့ပါးသော သက်ပြင်းတစ်ချက်နှင့်အတူ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပန်ဆင်လျက် သူမ ထိုစာအိတ်လေးကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူ ဒီစာကို ဖတ်ရတဲ့အခါ မျက်နှာထားက ဘယ်လိုများ ဖြစ်သွားမလဲ မသိဘူးနော်... ငါ ပြောချင်တဲ့ အဓိပ္ပာယ်ကိုရော သူ သဘောပေါက်ပါ့မလား”
သူမက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ကျန်းရှောင်ရှောင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ ထို့နောက် စားပွဲခုံကို ခေါက်လိုက်လေ၏။ ကျန်းရှောင်ရှောင် လန့်နိုးသွားပြီး ရှုပ်ထွေးသွားသော မျက်နှာထားဖြင့် ဟိုဟိုဒီဒီ ကြည့်ကာ မေးလိုက်၏။
“ဒုတိယ ခေါင်းဆောင်.. ထမင်းစားချိန် ရောက်ပြီလားဟင်”
“သွား... အဖွဲ့မှူးကျန်းကို သွားခေါ်ချေ”
ယန်ရှောင်ယွင်က အမိန့်ပေးလိုက်၏။
“အာ... ဟုတ်ကဲ့ပါ”
ကျန်းရှောင်ရှောင်က လှည့်ကာ ထွက်သွားလေတော့၏။ ထိုအခိုက် ယန်ရှောင်ယွင်က စစ်ဆေးရန်အတွက် စာရင်းတစ်ခုကို ပေါ့ပေါ့ပါးပါးပင် ကောက်ကိုင်လိုက်သည်။
ဇီယန် အာမခံဌာန အတွင်း၌ ဆောင်ရွက်ရန် ကိစ္စရပ်များက အဆုံးအစမရှိအောင် များပြားလှ၏။ ဆုမို မရှိသည့် အချိန်ကာလအတွင်း၌ သူမက အရာအားလုံးကို နီးပါးခန့် အစီအစဉ်တကျ ဖြေရှင်းဆောင်ရွက်ထားခဲ့ပြီး ဖြစ်၏။ ယခု သူမ၏ လက်ထဲရှိ စာရင်းမှာ မကြာမီ ကိုင်တွယ်ဖြေရှင်းရမည့် လာမည့် တာဝန်များအတွက် ပင်တည်း။
အာမခံဌာနကြီး တည်ငြိမ်လာသည်နှင့်အမျှ လုပ်ငန်းအပ်နှံမှု အများအပြားမှာလည်း နေရာတကျ စတင်ဖြစ်တည်လာခဲ့တော့၏။ အချို့သော အရေးပေါ်မဟုတ်သည့် ကိစ္စရပ်များအတွက်မူ ငွေကြေးပေးချေမှုများပင် ပြုလုပ်ထားပြီးဖြစ်ကာ စာချုပ်စာတမ်းများကိုလည်း လက်မှတ်ရေးထိုးပြီးကြပြီ ဖြစ်သည်။ ဤရှုပ်ထွေးပွေလီလှသော ကိစ္စရပ်များအားလုံးမှာ နောက်ဆုံးတွင်တော့ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့လေတော့သည်။
ဇီယန် အာမခံဌာန အတွက် ယန်ရှောင်ယွင် တစ်ယောက် ညပေါင်းများစွာ အိပ်ရေးပျက်ခံကာ မိမိကိုယ်ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။
အခြားတစ်ဖက်တွင်လည်း ဆုမိုသည် သူစိမ်းတစ်ယောက်အတွက် ညတစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။
သူသည် ညတစ်ညလုံး အနားမယူခဲ့ဘဲ ထိုလူ၏ ပိတ်ဆို့နေသော သွေးကြောကွက်များကို အဆက်မပြတ် ရှင်းလင်းပေးနေခဲ့သည်။
သို့သော်လည်း ဆုမိုက အဓိက သွေးကြောလမ်းကြောင်း (၁၂) သွယ် ကို ရှင်းလင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထိုလူ၏ အတွင်းအား များက ငြိမ်သက်နေသော အခြေအနေမှနေ၍ စတင် လှုပ်ရှားလာကာ ထူးခြားသော သွေးကြောလမ်းကြောင်း (၈) သွယ် အတွင်းသို့ အဆုံးအစမရှိသော သံသရာတစ်ပတ်အဖြစ် လှည့်လည် စီးဆင်းလာတော့၏။
ထိုသို့ဖြစ်လာခြင်းကြောင့် ဆုမို၏ အတွင်းအားများမှာ ထိုသူ၏ ခန္ဓာကိုယ်ပြင်ပသို့ တွန်းထုတ်ခံလိုက်ရသည်။
အစပထမ၌ ဆုမို အလွန်ပင် အံ့အားသင့် ရှုပ်ထွေးသွားခဲ့ပြီး ထိုလူက အသက်ရှင်လိုစိတ် ကုန်ဆုံးသွားပြီလားဟုပင် တွေးတောမိလိုက်သေးသည်။ သို့ရာတွင် သခင်လေးစစ်ထူ က လူနာကို စမ်းသပ်စစ်ဆေးပြီးနောက် သူ၏ မျက်နှာထက်၌ အံ့သြမှင်သက်သွားသည့် အမူအရာများ ပေါ်ပေါက်လာကာ ဖွင့်ဟပြောဆိုလာသည်။
“ဒီလူ့ကိုယ်ထဲက အတွင်းအားတွေက သူ့ရဲ့ သွေးကြောလမ်းကြောင်းတွေကို အလိုအလျောက် ပြန်လည် စီတန်းပေးနေတယ်... ဒါက ရှင်းရှင်းလင်းလင်းကို ကိုယ့်ကိုယ်ကိုယ် ကယ်တင်တဲ့ ကျင့်စဉ်တစ်ရပ်ပဲ... သူ့ရဲ့ သိုင်းပညာတွေက အင်မတန်ကို နက်နဲဆန်းကြယ်လွန်းတယ်ဗျ... သူ့ရဲ့ စိတ်အာရုံထဲမှာ ကိန်းအောင်းနေတဲ့ အတွင်းအားတွေက အခုတော့ ဒန်တျန် နဲ့ တိုက်ရိုက် တုံ့ပြန်ပဲ့တင်ထပ်နေပြီ... ဒါကြောင့် ကျန်နေသေးတဲ့ ပြဿနာတွေအတွက် ကျွန်တော်တို့ ဝင်ပါစရာ မလိုတော့ဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ ဆုမို တစ်ယောက် စိတ်သက်သာရာရသွားတော့သည်။
ထိုလူသည် သူစိမ်းတစ်ယောက် ဖြစ်နေသော်ငြားလည်း သူ့ကို ကယ်တင်ရန် ကြိုးပမ်းရင်း တစ်ညလုံး အပင်ပန်းခံ လုပ်ဆောင်ခဲ့သမျှသည် အချည်းနှီး ဖြစ်သွားမည်ဆိုပါက အလွန် နှမြောစရာကောင်းလှပေမည်။ ယခု သခင်လေးစစ်ထူ က ဤသို့ ပြောလာခဲ့ပြီဖြစ်ရာ ဆုမို လုပ်ဆောင်ရန် လိုအပ်သမျှ အရာအားလုံး ပြီးပြည့်စုံသွားခဲ့တော့၏။
သခင်လေးစစ်ထူက သူ၏ ခါးဘေးမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပြီး မသေဆေးလုံး တစ်လုံးကို ယူငင်လိုက်သည်။ ထို့နောက် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ဆေးလုံးကို တစ်ဝက်ချိုးကာ လူနာ၏ ပါးစပ်အတွင်းသို့ တစ်ဝက်ကို ထည့်သွင်းပေးလိုက်၏။
ဤအဖြစ်အပျက်ကို မြင်တွေ့လိုက်ရသော ဆုမိုက နားမလည်ဟန်ဆောင်ကာ မျက်ခုံးများကို အနည်းငယ် ပင့်တင်လျက် မေးလိုက်၏။
“ဒါက ဘာကြီးလဲ”
“အာ...”
သခင်လေးစစ်ထူက ဆုမိုအား တစ်ချက် လှမ်းကြည့်လိုက်ပြီး အပြုံးလေးတစ်ခုနှင့် ရှင်းပြသည်။
“ဒါက ရွှမ်ဟူမျှော်စင် က ထုတ်လုပ်တဲ့ မသေဆေးလုံး လို့ ခေါ်တယ်ဗျ... ခေါင်းဆောင်ဆု ကရော ဒီဆေးအကြောင်း ကြားဖူးလား”
“ဒါဆို ဒါက မသေဆေးလုံး ပေါ့...”
ဆုမိုက လေတစ်ချက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
“ဒီဆေးလုံးက သေနေတဲ့သူကိုတောင် ပြန်ရှင်စေနိုင်ပြီး အရိုးနဲ့ အသားတွေကို ပြန်ဆက်ပေးနိုင်တဲ့ အစွမ်းသတ္တိရှိတယ်လို့ ကြားဖူးတယ်... တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲ”
“သေနေတဲ့သူကို ပြန်ရှင်စေပြီး အရိုးနဲ့ အသားတွေကို ပြန်ဆက်ပေးနိုင်တယ် ဟုတ်လား”
သခင်လေးစစ်ထူက ခေါင်းကို ခါယမ်းလိုက်သည်။
“ဒီလောကကြီးထဲမှာ အဲဒီလောက် အစွမ်းထက်တဲ့ အံ့ဖွယ်ပစ္စည်းမျိုး ဘယ်နေရာမှာ သွားရှာလို့ ရနိုင်မှာလဲဗျာ... ဒါပေမဲ့ အပြင်လောကမှာတော့ ဒါက တကယ်ကို တန်ဖိုးဖြတ်လို့မရတဲ့ အရာတစ်ခု ဖြစ်နေပုံရတယ်... ဒါပေမဲ့ ရွှမ်ဟူမျှော်စင် မှာတော့ ဒါက ရှားပါးတဲ့အရာ မဟုတ်ပါဘူး... ဦးလေးသုံး နဲ့ သူ့ရဲ့ တပည့်တွေက ဒီဆေးလုံးကို ဖော်စပ်ရတာ အင်မတန်ကို ဝါသနာပါကြတယ်... ဆေးတစ်အိုး ဖော်စပ်ဖို့အတွက် အချိန် (၃) နှစ်တိတိ ယူရတယ်ဗျ... (၃) နှစ်ကြာသွားပြီဆိုရင်တော့ ဆေးလုံးပေါင်း (၃၃) လုံး ထွက်လာတာပဲ”
“ဆေးတစ်အိုးအတွက် ဒီလောက်ဆို သိပ်မများလှဘူးနော်”
---
အခန်း (၄၀၇) - တောင်ဘက်သို့ လွင့်ဝဲသွားသော အရိပ် တစ်ရိပ် (၃)
~ဆုမိုသည် ခဏတာမျှ ဆွံ့အသွားရ၏။
“ဟုတ်တယ်ဗျ”
သခင်လေးစစ်ထူ က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဦးလေးသုံး က (၃) နှစ်တစ်ကြိမ် အမြဲတမ်း ဆေးဖော်စပ်နေတဲ့ဒဏ်ကိုတော့ မခံနိုင်ပါဘူးဗျာ... (၃) နှစ် ပြီးတော့ နောက်ထပ် (၃) နှစ်... နောက်ထပ် (၃) နှစ်နဲ့ ဆိုတော့ကာ အခုဆိုရင် ဦးလေးသုံး ရဲ့ အိမ်နောက်ဖေးက ဆေးဖော်တဲ့ အခန်းထဲမှာ ကြေးဒယ်အိုးကြီး တစ်လုံး ရှိနေပြီ... အဲဒီဒယ်အိုးကြီးထဲမှာ မသေဆေးလုံး တွေချည်းပဲ အပြည့်ပဲ... ရွှမ်ဟူမျှော်စင် က လူသူအရောက်အပေါက်နည်းတဲ့ လျှို့ဝှက်နေရာမှာ ရှိတာဆိုတော့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ထိခိုက်ဒဏ်ရာ ရလာရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးကို သုံးဖို့ မလိုကြဘူးလေ... ဒါနဲ့ပဲ ဆေးတွေ အကုန်လုံး သိုလှောင်ထားသလို ဖြစ်သွားတာ”
“...”
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆုမို က မနေနိုင်တော့ဘဲ မေးလိုက်၏။
“ဒါနဲ့... ဦးလေးသုံး ရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ လို့ မေးလို့ရမလား”
“ဦးလေးသုံး က အသက် (၁၂၀) နီးပါး ရှိနေပြီဗျ... ကျွန်တော်တို့ ရွှမ်ဟူမျှော်စင် မှာ တတိယမြောက် အသက်အကြီးဆုံး ပုဂ္ဂိုလ်ပေါ့”
အသက် (၁၂၀) နီးပါးတောင် ရှိနေတာကိုမှ... တတိယမြောက် အသက်အကြီးဆုံးတဲ့လား။
ဒီ ရွှမ်ဟူမျှော်စင် ကြီးကို 'အသက်ရှည် ရွာ' လို့တောင် နာမည်ပြောင်းခေါ်သင့်နေပြီပဲ။
မည်သို့ပင်ဆိုစေကာမူ ဤလူနာအား ကုသပေးရသည့် တာဝန်မှာ ဤနေရာတွင်ပင် ပြီးဆုံးသွားပြီ ဖြစ်၏။ သခင်လေးစစ်ထူ ပြောပြချက်အရ ထိုလူသည် ဒဏ်ရာပြင်းထန်လွန်းလှပြီး မသေဆေးလုံး သည် အံ့မခန်း အစွမ်းထက်သော ဆေးတစ်ခွက် ဖြစ်သော်ငြားလည်း ထိုလူ၏ ခန္ဓာကိုယ်က ဆေးအစွမ်းကို ခံနိုင်ရည် မရှိမှာ စိုးရိမ်ရသည်။
ထို့ကြောင့် ဆေးတစ်ဝက်တိုက်ကျွေးခြင်းက အသင့်တော်ဆုံးပင် ဖြစ်၏။
ထိုသို့ဖြင့် ညတစ်ည ကုန်လွန်သွားခဲ့ပြီး အပြင်ဘက်တွင် မိုးလင်းလာခဲ့ပြီ ဖြစ်သည်။ တောင်ပေါ်စခန်းရှိ လူငယ်များနှင့် သက်ကြီးရွယ်အိုများမှာ တစ်ညလုံး မျက်စိတစ်မှိတ်မျှပင် မအိပ်ခဲ့ရပေ။
သူတို့အားလုံး ထလာကြပြီး ယမန်နေ့ညက ပြင်ဆင်ထားသည့် ပစ္စည်းများကို သိမ်းဆည်းကာ ခြံဝင်းအတွင်း၌ တန်းစီရပ်နေကြသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆုမို တစ်ယောက် မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူက အဖွဲ့မှူးလီ အား လှမ်းခေါ်လိုက်ပြီး လူအချို့နှင့်အတူ ထမင်းဟင်းများ စတင် ပြင်ဆင်စေလိုက်၏။
မည်မျှပင် အလျင်လိုနေပါစေ ခရီးမထွက်ခွာမီ နံနက်စာတော့ စားသွားကြရမည် မဟုတ်ပါလော။
နံနက်စာ စားပြီးနောက် ဒဏ်ရာရထားသူကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခဲ့ကြပြီးမှသာ ဆုမို က အားလုံးကို ဦးဆောင်ကာ ခရီးဆက်ခဲ့သည်။
သူတို့သည် တစ်ရက်လုံးလုံး ခရီးနှင်ခဲ့ကြပြီး နေဝင်ဆည်းဆာ အချိန်ရောက်မှသာ အနီးအနားရှိ မြို့ငယ်လေးတစ်ခုသို့ ရောက်ရှိသွားကြတော့၏။
တည်းခိုခန်းပိုင်ရှင်အား စုံစမ်းမေးမြန်းကြည့်ရာမှ မြို့ထဲတွင် လူမနေသော အိမ်တစ်လုံး ရှိကြောင်း သိရှိလိုက်ရသည်။ အိမ်ရှင်နှင့် ပတ်သက်၍ အချက်အလက်များ မေးမြန်းပြီးနောက် ဆုမို က ဝေဇီယီ၊ အဖွဲ့မှူးလီ နှင့် ဟူဆန်းတောက် တို့ သုံးဦးကို ထိုကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် စေလွှတ်လိုက်သည်။
ထိုသုံးဦးမှာ မကြာမီမှာပင် ကိစ္စပြီးပြတ်ကာ ပြန်လည်ရောက်ရှိလာကြ၏။
အိမ်ပိုင်ရှင်မှာ အိမ်အသစ်သို့ ပြောင်းရွှေ့သွားခါစဖြစ်သော မြို့ထဲမှ မျက်နှာဖုံး လူကုံထံတစ်ဦး ဖြစ်၏။ သူ၏ အိမ်ဟောင်းကြီးမှာ မည်သည့်အတွက် အသုံးပြုရမည်ကို မစဉ်းစားရသေးသဖြင့် အလွတ်ထားရှိခြင်း ဖြစ်၏။
ဝေဇီယီ နှင့် အဖွဲ့မှူးလီ တို့ကို မြင်လိုက်ရသည်နှင့် သိုင်းလောက မှ အတွေ့အကြုံရင့် ကျွမ်းကျင်သူများမှန်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေရာ သူတို့၏ တောင်းဆိုမှုကို အလွယ်တကူပင် လက်ခံလိုက်သည်။
သို့ရာတွင် ဟူဆန်းတောက် ၏ အမူအရာကမူ တောင်ပေါ်မှ ကြမ်းကြုတ်ရက်စက်သော တောပုန်းဓားပြ တစ်ဦး၏ အသွင်အပြင်မျိုး ပေါက်နေ၏။ အိမ်ရှင်မှာ လန့်ဖြန့်သွားပြီး သူ့အား လာရောက် လုယက်ကြသည်ဟုပင် ထင်မှတ်သွားသေး၏။ နောက်ပိုင်းတွင်မှ သူတို့က အိမ်ကို ငှားရမ်းလိုရုံသာ ဖြစ်ကြောင်း သိရှိသွားသောအခါ ငွေတစ်ပြားတစ်ချပ်မျှပင် မယူဘဲ ချက်ချင်း လက်ခံသဘောတူလိုက်လေတော့သည်။
နောက်ဆုံးတွင်တော့ ဝေဇီယီ က ဝင်ရောက်ပြောဆိုကာ သင့်တင့်မျှတသော ဈေးနှုန်းတစ်ခုကို မဖြစ်မနေ ပေးချေခဲ့သည်။ ငွေရှင်းပြီးနောက် အိမ်ရှင်မှာ အလွန်အမင်း ကျေးဇူးတင်စကားများ ဆက်တိုက်ဆိုနေတော့၏။ ကြီးမားလှသော အကျိုးအမြတ်တစ်ခုကို ရရှိလိုက်သည့်အလားပင်။
ဆုမို က အတန်ကြာ တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် အသေးစိတ် စုံစမ်းမေးမြန်းကြည့်သည်။ ထိုလုပ်ငန်းစဉ်အတွင်း မည်သည့် ရိုင်းစိုင်းမှုမျိုးမှ မရှိခဲ့ကြောင်းနှင့် ဝေဇီယီ က လန်ယွဲ့နန်းတော် ၏ တပည့်တစ်ဦးအဖြစ် သူမ၏ အဆင့်အတန်းကို သွယ်ဝိုက်သောနည်းဖြင့် ထုတ်ဖော်ပြသခဲ့သဖြင့် လုံခြုံရေးအတွက် အပြည့်အဝ စိတ်ချရကြောင်း သိရှိလိုက်ရသည်။
ထိုအခါမှသာ ဆုမို က ခေါင်းညိတ်လိုက်တော့၏။ သင့်တင့်မျှတသော ဈေးနှုန်းကို ပေးချေခဲ့ခြင်းဖြစ်ရာ မည်သူ့ကိုမျှ အခွင့်အရေးယူ ခေါင်းပုံဖြတ်ခြင်း မဟုတ်ပေ။
ဝေဇီယီ က လန်ယွဲ့နန်းတော် ၏ တပည့်တစ်ဦးအဖြစ် သူမ၏ အဆင့်အတန်းကို ထုတ်ဖော်ပြသလိုက်ခြင်းက အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပေါ် အိမ်ရှင်က အငြိုးအတေးထားကာ မတရား ဆက်ဆံခြင်းမျိုး မပြုလုပ်ရဲအောင် အာမခံချက် ပေးလိုက်ခြင်းပင် ဖြစ်သည်။
လူကောင်းတစ်ဦးအား အဆိုးမြင်လွန်းရာ ကျကောင်းကျနိုင်သော်ငြားလည်း လူ့စိတ်ဆိုသည်မှာ မှန်းဆရခက်ခဲလှပြီး အထင်သေး၍ မရနိုင်သောအရာ ဖြစ်၏။
ထို့ကြောင့် ဤကိစ္စမှာ နောက်ဆုံးတွင် ယာယီအားဖြင့် ပြီးပြတ်သွားခဲ့ပြီး နောက်တစ်နေ့၌ သူတို့ ဆက်လက် ခရီးနှင်ခဲ့ကြသည်။
ဟူ မိသားစု၏ အဖွဲ့ထဲမှ ဟူဆန်းတောက် တစ်ဦးတည်းသာ အာမခံအဖွဲ့နှင့်အတူ ဆက်လက် လိုက်ပါလာခဲ့သည်။ ကျန်ရှိသူများအားလုံးမှာ ထိုမြို့ငယ်လေးတွင်သာ ကျန်ရစ်ခဲ့ပြီး အရာအားလုံးကို ဂရုစိုက် စောင့်ရှောက်ရန် တာဝန်ယူခဲ့ကြ၏။
ထိုအချိန်မှစ၍ ခရီးစဉ်တစ်လျှောက်လုံး အထူးအဆန်း ကိစ္စရပ်များ မရှိခဲ့ပေ။
ဖော်ပြရန် ထိုက်တန်သည့် တစ်ခုတည်းသော အရာမှာ ဟူဆန်းတောက် ၏ မူလစရိုက်ကို ပြောင်းလဲရန် ခက်ခဲနေခြင်းနှင့် သူ၏ ဓားပြ အကျင့်စရိုက်များက အရိုးစွဲနေဆဲ ဖြစ်နေခြင်းပင်။ သူသည် ယခုအခါ အာမခံဌာန ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီဆိုသည်ကို အမြဲတမ်း မှတ်မိနေသော်ငြားလည်း တစ်ခါတစ်ရံ၌ လမ်းပိတ်ဆို့လုယက်ရန် ကောင်းမွန်သော နေရာမျိုးကို မြင်လိုက်ရပါက လုယက်ရန် 'သိုးဆူ' များကို အလိုအလျောက် လိုက်လံ ရှာဖွေနေမိတတ်သည်။ အတန်ကြာမှသာ 'ဪ... ငါကိုယ်တိုင်က အဲဒီ သိုးဆူ ကြီးပါလား' ဟု သတိပြန်ဝင်လာတတ်သည်။
ထို့ပြင် တစ်ခါတစ်ရံ၌ ဆန့်ကျင်ဘက် တောင်ကုန်းပေါ်မှ ဓားပြများ ကြမ်းကြုတ်စွာ ထွက်ပေါ်လာသောအခါ သူက အာမခံအဖွဲ့၏ အရှေ့မှနေ၍ မကြောက်မရွံ့ ရပ်တန့်ကာ ကြိုတင်၍ အော်ဟစ် ကြိမ်းမောင်းလိုက်တတ်သေး၏။
“ဟေ့ကောင်တွေ... ဒီတောင်ကို ငါ ဖွင့်ထားတာ... ဒီသစ်ပင်ကိုလည်း ငါ စိုက်ထားတာ... မင်းတို့ ဒီကနေ ဖြတ်သွားချင်ရင် လမ်းစရိတ် ချန်ထားခဲ့ကြ... မပေးဘူးလို့များ ပြောရဲရင်တော့ ဒီက အဘိုးကြီးက မင်းတို့ကို သတ်ပြီး အလောင်းဖျောက် ပစ်လိုက်မယ်ကွ”
သူ၏ အရှက်အကြောက်ကင်းမဲ့လှသော စကားများက အလွန်ပင် အားပါလှသဖြင့် ဆန့်ကျင်ဘက်မှ ဓားပြများပင် အချိန်အတော်ကြာ ဆွံ့အ အံ့သြသွားကြရသည်။ ထို့နောက် သူတို့၏ ခေါင်းဆောင်ဖြစ်သူက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ ဆိုသည်။
“မင်းပြောတာ မှန်တယ်”
အချို့သော ဓားပြများမှာ ထိုစကားကို ကြားလိုက်ရသောအခါ အလိုအလျောက်ပင် ထွက်ပြေးချင်စိတ် ပေါက်သွားကြ၏။ သူတို့ သတိပြန်ဝင်လာသောအခါတွင်မူ အလွန်အမင်း ဒေါသထွက်သွားကြတော့သည်။
'မင်းက ဓားပြလား... ဒါမှမဟုတ် ငါက ဓားပြလား။ ဒီလောကကြီးမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား။ ငါတို့က ရှင်ဘုရင်ရဲ့ ဥပဒေတွေကို မလိုက်နာကြတော့ဘူးလား။'
ဤအဖြစ်အပျက်လေးက တကယ်ကို ရယ်မောစရာ ဟာသတစ်ခု ဖြစ်လာခဲ့သည်။
ဤသို့သော လုပ်ငန်းစဉ်များဖြင့် ဆယ်ရက်ကျော် ကြာမြင့်သော ခရီးစဉ်ကြီး ကုန်လွန်သွားခဲ့၏။
သို့ရာတွင် သတိပြန်လည်လာသင့်ပြီဖြစ်သော ထိုသူမှာ ယနေ့တိုင်အောင် အပြည့်အဝ သတိမရလာသေးပေ။
ထိုနေ့ ညနေစောင်း အချိန်သို့ ရောက်ရှိလာသောအခါ...
ဆုမို နှင့် အခြားသူများက တည်းခိုရန်အတွက် ရှေးဟောင်း တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့ကြသည်။
ခြံဝင်းအတွင်း၌ အစာစားသောက်နေကြစဉ် ဝေဇီယီ က အပြင်ဘက်သို့ လျှောက်လည်ရာမှ ပြန်ရောက်လာခဲ့၏။ သူမက ဆုမို ၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်သည်။
“အပြင်ဘက်မှာ ယွီလျိုဓားနှလုံးသား အကြောင်း သတင်းတွေ ထွက်နေတယ်”
“အသေးစိတ် ပြောပြပါဦး”
“ယွီလျိုဓားနှလုံးသား က တုန်းချန် နယ်မြေထဲကို ဝင်ရောက်လာပြီးတဲ့နောက်ပိုင်း ဂိုဏ်းငယ်လေးတွေကို လုံးဝ ဂရုမစိုက်တော့ဘဲ ဂိုဏ်းကြီး (၇) ဂိုဏ်း ကိုပဲ ပစ်မှတ်ထားနေတာတဲ့... ဒီကာလအတွင်းမှာ သူက ထျန်းရှင်းဂိုဏ်း၊ ကျန်းဝူခန်းမ နဲ့ ရှောင်ယောင်မျှော်စင် တို့ကို သွားရောက်ခဲ့တယ်... တိုက်ပွဲသုံးပွဲစလုံးမှာ အနိုင်ရခဲ့ပြီး တိုက်ပွဲတိုင်းက ဓားတစ်ချက်တည်းနဲ့ အဆုံးအဖြတ် ပေးသွားတာချည်းပဲ... ဓားတစ်ချက် ထွက်သွားတာနဲ့ အနိုင်အရှုံးက ရှင်းရှင်းလင်းလင်း ဖြစ်သွားတာပဲတဲ့”
ဝေဇီယီ ကိုယ်တိုင်ကလည်း ဓားသမား တစ်ဦး ဖြစ်နေသဖြင့် ဤအကြောင်းကို ပြောပြနေစဉ် သူမ၏ မျက်နှာထက်၌ အားကျတမ်းတနေသော အမူအရာများ ပေါ်လွင်နေသည်ကို တားဆီး၍ မရနိုင်ခဲ့ပေ။
ဆုမို ၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွား၏။
“သူနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ သူတွေက ဘယ်သူတွေလဲ”
“နင် အဲဒီလို မေးလာမယ်ဆိုတာ ငါ သိနေပြီးသားပါ”
ဝေဇီယီ က ပြုံးလိုက်သည်။
“ဂိုဏ်းကြီး (၇) ဂိုဏ်း က နာမည်ကျော်ကြားတဲ့ ဂိုဏ်းတွေလေ... ယွီလျိုဓားနှလုံးသား ရဲ့ သိုင်းပညာက အလွန် မြင့်မားတယ်ဆိုပေမဲ့ သူက အနောက်တောင်ပိုင်းက လာတဲ့သူ ဖြစ်နေတော့ ဂိုဏ်းချုပ်တွေ ကိုယ်တိုင် ထွက်ပြီး ရင်ဆိုင်ဖို့ဆိုတာက သဘာဝမကျဘူးလေ... ထျန်းရှင်းဂိုဏ်း အတွက်ကတော့ သူတို့ရဲ့ လက်ရှိ ထိပ်တန်း တပည့်ကြီးက ကိုယ်စားပြုပြီး ထွက်တိုက်တယ်... ကျန်းဝူခန်းမ ကတော့ တတိယ အကြီးအကဲ ထွက်လာတယ်... ရှောင်ယောင်မျှော်စင် ကဆိုရင် ဒုတိယ မျှော်စင်သခင် ကိုယ်တိုင် ထွက်လာခဲ့တာ... ဒါပေမဲ့ ရလဒ်တွေကတော့ ဘာမှ မကွာခြားပါဘူး... အခုဆိုရင် အပြင်လောကက လူတွေအားလုံးက ယွီလျိုဓားနှလုံးသား ရဲ့ ဓားသိုင်းက ပိုပြီး ကြောက်စရာကောင်းလာပြီလို့ ပြောနေကြတယ်... တချို့ကဆိုရင် သူက သူ့ရဲ့ နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ကို ထပ်ပြီး အဆင့်မြှင့်တင် ပြုပြင်လိုက်တာ ဖြစ်မယ်လို့တောင် သံသယ ဝင်နေကြတယ်... ဒါပေမဲ့ သူ.. ဘာတွေ ပြောင်းလဲလိုက်လဲ ဆိုတာကိုတော့ ထုတ်မပြောတဲ့အတွက် ဘယ်သူမှ အတိအကျ မသိကြဘူးလေ... ပြီးတော့ နောက်ထပ် ကိစ္စတစ်ခုလည်း ရှိသေးတယ်...”
“ဘာကိစ္စလဲ”
သူမ က သူ့အား တမင် ရွှတ်နောက်နေမှန်း ဆုမို သိသော်လည်း ဤတစ်ကြိမ်တွင်တော့ ခွင့်ပြုပေးလိုက်သည်။
ဆုမို ၏ ဆက်တိုက် မေးမြန်းမှုကို ကြားလိုက်ရသောအခါ ဝေဇီယီ တစ်ယောက် အလွန်ပင် ကျေနပ်သွားတော့၏။
“ထျန်းချူ ဓားပြိုင်ပွဲအတွက် လူတစ်ယောက်က လျှို့ဝှက်ပြီး လောင်းကြေးတွေ ဖွင့်ထားတယ်တဲ့... သေချာတာပေါ့... အနိုင်အရှုံး လောင်းကြေးတွေက အဓိက အာရုံစိုက်စရာ ဖြစ်လာတာပေါ့... ဝမ်ချန်ရှင်း နိုင်မယ်လို့ လောင်းထားတဲ့ သူတချို့က လျူဆွေဖုန်း ရဲ့ ဆက်တိုက် အနိုင်ရနေမှုတွေကို သည်းမခံနိုင်ကြဘူးလေ... ဒါကြောင့် ယွီလျိုဓားနှလုံးသား က ထျန်းချူမြို့ နဲ့ နီးကပ်လာလေလေ၊ သူ့ရဲ့ လမ်းခရီးက ပိုပြီး ကြမ်းတမ်းခက်ခဲလာနိုင်လေလေပဲ လို့ မှန်းဆရတာပေါ့”
---
အခန်း (၄၀၈) - လီ ၏ ဝိညာဉ်
~ထျန်းချူ ဓားပြိုင်ပွဲအတွက် တစ်စုံတစ်ယောက်က လောင်းကြေးဈေးကွက်ကြီး တစ်ခုကို ဖွင့်လှစ်လိုက်တော့၏။
ဤကိစ္စနှင့် ပတ်သက်၍ ဆုမို ကမူ အံ့အားသင့်ခြင်း အလျဉ်းမရှိခဲ့ပေ။
မရေရာ မသေချာသော အကျိုးရလဒ်များက လူအများ၏ အာရုံစိုက်မှုကို အမြဲတမ်း ဆွဲဆောင်နိုင်စွမ်း ရှိ၏။ ထိုသို့သော အာရုံစိုက်မှုများ ပေါ်ပေါက်လာလေတိုင်း မျှော်လင့်မထားသော အဖြစ်အပျက်ပေါင်းများစွာကလည်း နောက်ဆက်တွဲအဖြစ် ပါလာတတ်မြဲပင်တည်း။
ထို့ကြောင့် လောင်းကြေးဈေးကွက်တစ်ခု တည်ထောင်လိုက်ခြင်းက သဘာဝကျသော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။
သို့ရာတွင် ဤပြိုင်ပွဲက စောင့်ကြည့်နေသူများကို အုပ်စု (၃) စု ကွဲထွက်သွားစေခဲ့၏။
အုပ်စုတစ်စုက လျူဆွေဖုန်း အနိုင်ရမည်ဟု လောင်းကြေးထပ်ထားပြီး နောက်တစ်စုက ဝမ်ချန်ရှင်း ဘက်မှ လောင်းကြေးထပ်ထားကြသည်။ သူတို့၏ ကိုယ်ကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည့်အတွက် ထိုပြိုင်ပွဲအပေါ် အလွန်အမင်း အာရုံစိုက် စိုးရိမ်နေကြသည်မှာ သဘာဝပင် ဖြစ်၏။
နောက်ဆုံး အုပ်စုကမူ လောင်းကြေးတွင် ပါဝင်ပတ်သက်ခြင်း မရှိဘဲ ပွဲကြည့်ပရိသတ်အဖြစ် ဖျော်ဖြေမှု ရယူရန်သက်သက်သာ စောင့်ကြည့်နေကြသူများ ဖြစ်၏။
အကယ်၍ လျူဆွေဖုန်း ဘက်မှ လောင်းကြေးထပ်ထားသူများဆိုလျှင် ဝမ်ချန်ရှင်း တစ်ယောက် မနက်ဖြန်ထက်စာလျှင် ယနေ့၊ နောက်ကျမှ သေရမည့်အစား အဆောတလျင် သေဆုံးသွားစေရန် ဆုတောင်းနေကြမည်မှာ အသေအချာပင်။
အခြားတစ်ဖက်တွင်လည်း ထိုနည်းတူစွာပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ထျန်းချူမြို့ သို့ သွားရာ လျူဆွေဖုန်း ၏ ခရီးစဉ်က ပို၍ပို၍ ကြမ်းတမ်းခက်ခဲလာတော့၏။ ခရီးစဉ် နီးကပ်လာလေလေ သူ သေဆုံးသွားရန် ဆန္ဒရှိနေသူများကလည်း ပို၍ များပြားလာလေလေ ဖြစ်၏။
ဤကိစ္စနှင့် ပတ်သက်၍ ဆုမို က သိပ်ပြီး စိုးရိမ်ပူပန်နေခြင်း မရှိသော်ငြားလည်း အနည်းငယ်တော့ အံ့အားသင့်သွားမိသည်။
“ဒီ လောင်းကြေးဈေးကွက် နောက်ကွယ်က လူက တကယ့်ကို အသဲအသန် ရဲရဲဝံ့ဝံ့ ရှိတဲ့သူပဲ ဖြစ်ရမယ်... အဲဒါ ဘယ်သူလဲဆိုတာ မင်း သိလား”
“ဒီလောက် အကြီးအကျယ် ဒိုင်ခံနေတဲ့ သူရဲ့ အမည်နာမကို သာမန်လူတွေ သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ”
ဝေဇီယီ က ပြုံးဖြီးဖြီးဖြင့် ဖြေလိုက်သည်။
“ဒါပေမဲ့ ဒီလိုကိစ္စမျိုးကို လုပ်နိုင်စွမ်းရှိတဲ့ သူတွေက လုပ်ရဲချင်မှ လုပ်ရဲမှာ... တကယ် လုပ်ရဲတဲ့ သူတွေဆိုတာက ရှားရှားပါးပါးပါပဲ”
“တုန်းချန် ဂိုဏ်းကြီး (၇) ဂိုဏ်း လား... ဒါမှမဟုတ် မိစ္ဆာဂိုဏ်း (၃) ဂိုဏ်း ကများလား”
ဆုမို က ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။
“သူတို့က ဒီပွဲကနေ အမြတ်အစွန်း အကြီးအကျယ် ရဖို့ စီစဉ်နေကြတာကိုး”
“ဒါက သဘာဝကျတဲ့ တွေးခေါ်မှုပါပဲ”
ဝေဇီယီ က ခေါင်းညိတ်ထောက်ခံလိုက်၏။
“ဒါပေမဲ့ ဒီကြားထဲမှာ တော်တော်လေးကို မျှော်လင့်မထားတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့တယ်”
“မင်း လိုရင်းကိုပဲ ပြောစမ်းပါ”
ဆုမို က ဝေဇီယီ ကို စောင်းငဲ့ကြည့်ကာ ပြောလိုက်၏။
ဝေဇီယီ က ပြုံးဖြီးဖြီးဖြင့် ဆက်ပြောလေ၏။
“ဝမ်ချန်ရှင်း ထွက်ပေါ်လာပြီ”
“ဟင်”
ဆုမို က မျက်ခုံးပင့်လိုက်၏။
“ဘယ်တုန်းကလဲ”
“သူက လမ်းမှာ လျူဆွေဖုန်း နဲ့ ဆုံခဲ့တာလို့ ပြောကြတယ်... အဲဒီအချိန်မှာ လျူဆွေဖုန်း က ချုံခိုတိုက်ခိုက်ခံနေရတာ... သတင်းဖြန့်တဲ့ သူတွေ အပြောအရဆိုရင် ရုတ်တရက် ဓားတစ်ချက် ထွက်ပေါ်လာပြီး အဲဒီ ဓားကနေ ထွက်လာတဲ့ ဓားချီက မိုင်ပေါင်း ရှစ်သောင်းလောက်အထိ ကျယ်ပြန့်သွားပြီးတော့ အကြံအစည်ရှိတဲ့ ကောင်တွေအားလုံး အမေအော် အဖေတ ထွက်ပြေးရလောက်အောင် ဖြစ်သွားတယ်တဲ့... အဲဒီနောက် ဝမ်ချန်ရှင်း က ခုန်ထွက်လာပြီး သူ့ရဲ့ ဓားအလင်းရောင် တစ်ချက်တည်းနဲ့ တောင်ထိပ်တစ်ခုလုံးကို ပိုင်းဖြတ်ပစ်လိုက်တယ်တဲ့... ဒါကို မြင်ပြီးတော့ ဘယ်သူက အဲဒီနားမှာ ဆက်နေရဲတော့မှာလဲ... ချက်ချင်း ထွက်ပြေးကြတာ မျက်စိတစ်မှိတ်အတွင်းမှာတင် အရိပ်တောင် မတွေ့ရတော့ဘူးတဲ့လေ... အဲဒီနောက်မှာ လျူဆွေဖုန်း နဲ့ ဝမ်ချန်ရှင်း တို့က နာမည်တွေ အပြန်အလှန် မိတ်ဆက်ကြပြီး တစ်ယောက်အကြောင်း တစ်ယောက် သိသွားကြတယ်တဲ့... သူရဲကောင်း အချင်းချင်း အထင်ကြီး လေးစားသွားကြပြီး အဲဒီကနေစလို့ ထျန်းချူမြို့ ကို အတူတူ ခရီးဆက်ခဲ့ကြတယ် လို့ ပြောကြတယ်”
“...”
ဆုမို တစ်ယောက် ဆွံ့အ မှင်သက်သွားတော့၏။
မိုင်ပေါင်း ရှစ်သောင်းလောက်အထိ ကျယ်ပြန့်တဲ့ ဓားချီ ဟုတ်လား။ ဒါဆို တုန်းချန် နယ်မြေကနေ ဘယ်ကို သွားပြီး ခုတ်ပိုင်းမှာလဲ။ တောင်ထိပ်တစ်ခုလုံးကို ပြန့်ကျဲသွားစေနိုင်တဲ့ ပေါ့ပေါ့ပါးပါး ဓားတစ်ချက် ဟုတ်လား။ ဒါ နောက်ထပ် ဂိုဏ်းတပည့် တစ်ယောက်ယောက်များလား။
ဆုမို သက်ပြင်းချလိုက်သည်။
“သိုင်းလောကက ကောလာဟလတွေက ဆယ်ပုံမှာ တစ်ပုံ နှစ်ပုံလောက် ယုံလို့ရရင်ကို မဆိုးလှဘူးလို့ ပြောရမယ်... အဲဒီလို အခြေအမြစ် မရှိတဲ့ စကားတွေအကြောင်း ထပ်ပြောနေစရာ မလိုပါဘူး... ဒါပေမဲ့ မင်း ပြောပုံအရ ဆိုရင် သူတို့နှစ်ယောက် ပူးပေါင်းသွားကြပြီပေါ့”
“ဟုတ်တယ်”
ဝေဇီယီ က ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ သူတို့ ဘယ်လောက်အထိ အတူတူ သွားကြမလဲ ဆိုတာကိုတော့ ပြောရခက်တယ်... လျူဆွေဖုန်း က ဂိုဏ်းကြီး (၇) ဂိုဏ်း ကို ဓားရေးပြိုင်ဖို့ စိန်ခေါ်ချင်ပေမဲ့ ဝမ်ချန်ရှင်း မှာ အဲဒီလို ရည်ရွယ်ချက် မရှိဘူးလေ... ငါ ထင်တာတော့ အတူတူ ခရီးတစ်ပိုင်းလောက် သွားပြီးရင် ဝမ်ချန်ရှင်း က ထျန်းချူမြို့ ကို ကြိုသွားပြီး စောင့်နေလိမ့်မယ်”
ဆုမို က တွေးတွေးဆဆဖြင့် မေးလိုက်သည်။သည်။
“သူတို့နှစ်ယောက် ဘယ်တုန်းက ဆုံခဲ့ကြတာလဲ”
“လွန်ခဲ့တဲ့ လဝက်လောက်က လို့ ပြောကြတယ်”
“အင်း”
ဆုမို က ခေါင်းညိတ်လိုက်၏။
“ကျေးဇူးပဲ... မင်းကို သုံးစရာ မလိုတော့ဘူး... သွား ထမင်းသွားစားတော့ နော်”
“ဟွန့်”
ဝေဇီယီ က ဆုမို အား မျက်စောင်းထိုးလိုက်ပြီးနောက် လှည့်ထွက်သွားလေတော့သည်။
ဆုမို က မေးစေ့ကို ပွတ်သပ်ရင်း ယခုလေးတင် ကြားလိုက်ရသော သတင်းကို စဉ်းစားတွေးတောနေမိ၏။ သူ၏ အတွေးများက လေးနက်လျက် ရှိ၏။ တချို့အချက်များက ကိုက်ညီနေသော်လည်း တချို့ကမူ လွဲချော်နေသည်။
ထိုသို့ စဉ်းစားနေစဉ်မှာပင် မိန်းမပျို လေးဦးက အမိုးပွင့် ထမ်းစင်တစ်ခုကို အခန်းတွင်းသို့ သယ်ဆောင်လာသည်ကို မြင်လိုက်ရသည်။ ထမ်းစင်ပေါ်ရှိ သခင်လေးစစ်ထူ က ပူပူနွေးနွေး ပေါက်စီကြီးများ အပြည့်ပါသော ဇလုံတစ်လုံးကို ကိုင်ထားလေ၏။ လက်တစ်ဖက်စီတွင် ပေါက်စီတစ်လုံးစီ ကိုင်ကာ အရသာခံ စားသောက်နေပုံမှာ သူ၏ ဘဝလက်ကျန် အချိန်များတွင် ဤပေါက်စီများ ရှိနေသရွေ့ အခြား မည်သည့်အရာကိုမျှ လိုအပ်တော့မည် မဟုတ်သည့်အလားပင်။
“အာမခံဌာန ခေါင်းဆောင်ဆု... တစ်လုံးလောက် စားမလား”
သခင်လေးစစ်ထူ က ‘စားမလား’ ဟု မေးခွန်းထုတ်သည့်နှယ် မေးလိုက်သော်လည်း ပေါက်စီတစ်လုံးက လေထဲတွင် လွင့်ပျံလာနေပြီ ဖြစ်၏။
ဆုမို က ပေါက်စီကို ဖမ်းယူလိုက်ပြီး ခရီးသွားနေစဉ်အတွင်း အစားအသောက်များကို ဂရုစိုက်သင့်ကြောင်း ပြောပြရန် ဟန်ပြင်လိုက်သော်လည်း တစ်ဖက်လူ၏ နောက်ခံကို စဉ်းစားမိသွားကာ စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားတော့သည်။
သခင်လေးစစ်ထူ ဆိုသည်မှာ သိုင်းလောက တွင် သူ တွေ့ဖူးသမျှ အဆိပ်ပညာနှင့် ပတ်သက်၍ အသိပညာ အကြွယ်ဝဆုံး ပုဂ္ဂိုလ်ပင် မဟုတ်ပါလော။
ဆုမို က ခေါင်းခါယမ်းလိုက်ပြီး ပေါက်စီကို တစ်ကိုက် ကိုက်လိုက်သည်။
“ဟိုလူ မကြာခင် သတိရလာတော့မှာမလား”
“မကြာခင်တော့ ဖြစ်ရမှာပေါ့”
သခင်လေးစစ်ထူ ကိုယ်တိုင်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေပုံရသည်။
“ယုတ္တိဗေဒအရ ပြောရရင် သူက လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက သတိရလာသင့်နေပြီ... ဒါပေမဲ့ အခုထိ အိပ်နေတုန်းပဲ... ကျွန်တော် ထင်တာတော့ သူကျင့်ကြံထားတဲ့ သိုင်းပညာနဲ့ တစ်ခုခု ပတ်သက်နေလိမ့်မယ်... သူ့ခန္ဓာကိုယ်ထဲက ဒဏ်ရာတွေက အခုဆိုရင် အကုန် ပြန်ကောင်းနေပြီ... ဒါပေမဲ့ သူ့ရဲ့ အတွင်းအားတွေက ထူးခြားသော သွေးကြောလမ်းကြောင်း (၈) သွယ် နဲ့ အဓိက သွေးကြောလမ်းကြောင်း (၁၂) သွယ် တွေထဲမှာ အပြန်အလှန် လှည့်လည် စီးဆင်းနေတုန်းပဲ... အဲဒီ အတွင်းအားတွေ စီးဆင်းနေတဲ့ လမ်းကြောင်းက ကျွန်တော် သိထားတဲ့ ဘယ်သိုင်းပညာနဲ့မှ မတူဘူး... တော်တော်လေးကို ထူးဆန်းတယ်”
“ထားလိုက်ပါတော့”
ဆုမို က ခေါင်းခါလိုက်၏။
“သူ လောလောဆယ် သတိမရလာနိုင်သေးဘူး ဆိုမှတော့ လည်း...”
သူ စကားပြောစပြုရုံသာ ရှိသေးသော်လည်း ရုတ်တရက် အလွန်ပြင်းထန်လှသော စွမ်းအားတစ်ခုက ပေါက်ကွဲထွက်ပေါ်လာတော့၏။
ဆုမို နှင့် သခင်လေးစစ်ထူ တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် အခန်းဆီသို့ သွားရန် ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။
ထို့နောက် အခန်း၏ ပြတင်းပေါက်များနှင့် တံခါးပေါက်များ အားလုံး ပြင်းထန်သော လေဆင်နှာမောင်းတစ်ခု၏ တိုက်ခတ်မှုကြောင့် ပွင့်ထွက်သွားသည့် အသံကျယ်ကြီးကို ကြားလိုက်ရသည်။
ပတ်တီးများ ရစ်ပတ်ထားသော လူတစ်ယောက်က အခန်းထဲမှ ခုန်ထွက်လာပြီး ဆုမို နှင့် သခင်လေးစစ်ထူ တို့ရှေ့တွင် ရပ်တန့်သွား၏။
ထိုသူက လက်တစ်ဖက်ကို မြှောက်ကာ လေပြင်းမုန်တိုင်းနှင့် လျှပ်စီးကြိုးများ ရောယှက်နေသည့်အလား ပြင်းထန်ထက်မြက်လှသော လက်သီးတစ်လုံးကို တအားထိုးသွင်းလိုက်သည်။
မိန်းမပျို လေးဦးကမူ ဒုတိယအကြိမ် စဉ်းစားနေခြင်း မရှိတော့ဘဲ သခင်လေးစစ်ထူ ၏ ထမ်းစင်ကို အပြင်ဘက်သို့ လွှင့်ပစ်လိုက်ကြတော့သည်။
---