← Chapters

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅-၄၁၇)

Vol. 28 Ch. 415-417

အခန်း (၄၁၅) - ကျိုယင်း (၂)

~"ဒါပေမဲ့လေ..."

သူမက ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။

"ငါ မင်းလေးကို ကောက်ချီလိုက်ပြီးတဲ့နောက်မှာ... ငါ့ရဲ့ လက်ဝါးထဲမှာ နူးညံ့အိစက်နေတဲ့ အရာလေး တစ်ခုကို စမ်းမိသွားတယ်... အဲဒီအခိုက်အတန့်လေးမှာတင် ငါ ဘာလုပ်ရမလဲ ဆိုတာကို မေ့သွားသလို ဖြစ်သွားတယ်"

"မင်းလေးက ငါ့ရဲ့ လက်ဝါးထဲမှာ သက်တောင့်သက်သာ မရှိသလို ဖြစ်နေပြီး... ခြေတွေလက်တွေ လှုပ်ရွနေရင်းနဲ့ ရုတ်တရက် မျက်လုံးလေး ပွင့်လာတယ်လေ"

"အဲဒီတုန်းက ငါက အပြစ်လုပ်ထားသလိုမျိုး ခိုးကြောင်ခိုးဝှက် လုပ်နေရတာဆိုတော့... မင်းလေး မျက်လုံးပွင့်လာတဲ့ အချိန်မှာ... အသံကျယ်ကြီးနဲ့ အော်ငိုလိုက်မှာကို ငါ ပိုပြီး ကြောက်လန့်သွားခဲ့တယ်"

"ငါက မင်းရဲ့ ပါးစပ်ကို ပိတ်ပြီး အသက်ရှူကြပ် သေသွားအောင် လုပ်ပစ်ချင်နေတဲ့ အချိန်မှာပဲ... ထင်မှတ်မထားဘဲ မင်းလေးက ငါ့ကို ကြည့်ပြီး ပြုံးပြလိုက်တယ်"

"အဲဒီ အပြုံးလေးက... ဘယ်လိုကြောင့်ရယ်မသိ ငါ့ရဲ့ နှလုံးသားကိုလည်း နူးညံ့သွားစေခဲ့တယ်"

"ဒါပေမဲ့... ဒါပေမဲ့ မင်းလေးက တကယ့်ကို ဆိုးသွမ်းလွန်းတယ်"

"ငါ အာရုံလွင့်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး... မင်းက ငါ့ကိုယ်ပေါ်ကို သေးတွေ ပန်းချလိုက်သေးတာ"

ဤနေရာသို့ ရောက်သောအခါ သူမက ဆုမိုအား စိမ်းစိမ်းကြည့်ကာ အံတကြိတ်ကြိတ်ဖြင့် ပြောလိုက်သည်။

"..."

ခဏတာမျှ ဆုမို တစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားတော့သည်။ ထိုအချိန်က သူသည် ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာခြင်း မရှိသေးကြောင်းကို ထည့်မတွက်လျှင်ပင်... ထိုအကျိုးဆက်များကို သူ လက်ခံရမည် ဆိုဦးတော့... ထိုစဉ်က သူသည် ကလေးငယ်လေး တစ်ယောက်သာ ဖြစ်၏။ စားသောက်ခြင်းနှင့် စွန့်ပစ်ခြင်းကို မည်သူက ထိန်းချုပ်နိုင်မည်နည်း။

သူ ပြုနိုင်သမျှမှာ လက်နှစ်ဖက်ကို ယှက်ကာ အရိုအသေပြုရင်း တောင်းပန်ရန်သာ ရှိလေတော့သည်။

"ဒါက... တကယ်ကို ဂျူနီယာ ရဲ့ အမှားပါပဲဗျာ"

"ဟွန့်... ဘယ်သူက မင်းကို အမှား ဝန်ခံခိုင်းနေလို့လဲ"

ထိုအမျိုးသမီးက ဆုမိုအား အေးစက်စွာ တစ်ချက် စောင်းကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

"စဉ်းစားကြည့်စမ်း... ကြီးကျယ်ခမ်းနားတဲ့ လန်ယွဲ့နန်းတော် ရဲ့ တပည့်တစ်ယောက်အနေနဲ့၊ သိုင်းလောက မှာ လှည့်လည်သွားလာနေပြီး တချို့က မိုးအေးကြယ်ပျံဓား လို့တောင် သိကြတဲ့ သူတစ်ယောက်ကလေ..."

"လမပြည့်သေးတဲ့ ကလေးငယ် တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အာမခံဌာန တစ်ခုထဲကို လျှို့ဝှက် ခိုးဝင်ရတာက... ငါ့ရဲ့ ဂုဏ်သိက္ခာကို အောက်တန်းကျစေခဲ့ပြီးပြီ"

"နောက်ဆုံးတော့ အဲဒီလို အရှက်ရစရာ ကောင်းတဲ့ အခြေအနေမျိုးနဲ့ ထွက်ခွာသွားရတယ် ဆိုတော့... မင်းလို သူခိုးလေးက တကယ့်ကို မုန်းစရာကောင်းတာပဲ"

သူမက "တကယ့်ကို မုန်းစရာကောင်းတာပဲ" ဟု ပြောလိုက်သော်ငြားလည်း စောစောက သူမ၏ အသံထဲတွင် ပါဝင်နေသော မကျေနပ်မှုများနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များမှာ လေဟာနယ်ထဲသို့ အခိုးအငွေ့များပမာ လွင့်စင်ပျောက်ကွယ်သွားခဲ့တော့၏။

ထို့အစား သူမ၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။ သို့သော် ထိုအပြုံးက အပြည့်အဝ ပွင့်လန်းလာခြင်း မရှိဘဲ သက်ပြင်းရှည်ကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"အဲဒီနောက်မှာ... ငါ တုန်းချန် နယ်မြေကို ပြန်လာခဲ့တယ်... ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပိုပိုပြီး ကြောက်လန့် စိုးရိမ်လာမိတယ်"

"အကယ်၍ အဲဒီနေ့က ငါ တကယ်ပဲ လက်ဝါး တစ်ချက်တည်းနဲ့ မင်းကို သေအောင် ရိုက်သတ်ခဲ့မိရင်... ဒါမှမဟုတ် အသက်ရှူကြပ် သေသွားအောင် လုပ်ခဲ့မိရင်... ငါ ဘာတွေ ဆက်လုပ်ရမလဲ"

"ဘယ်အရာက အမှန်တရားလဲ"

"အဲဒီအချိန်ကျမှပဲ... ခံစားချက်တွေ ဆိုတဲ့ ကိစ္စက ဘယ်လောက်တောင် ရှုပ်ထွေးပွေလီသလဲ ဆိုတာကို ငါ နားလည် သဘောပေါက်ခဲ့ရတယ်"

"အဲဒါက လူတွေဆီက အကောင်းဆုံး အရာတွေကို ဖော်ထုတ်ပေးနိုင်သလို... မှတ်မိလို့မရနိုင် လောက်အောင်ကိုလည်း ဖျက်ဆီးပစ်နိုင်တယ်လေ"

ထိုသို့ ပြောဆိုပြီးနောက် သူမက ဆုမိုအား ခေါင်းမော့ကြည့်လိုက်သည်။

"ဒါဆို... မေးခွန်းက အတူတူပဲ... ယောက်ျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက်ကြားက အချစ် ဆိုတာ ဘာလဲ မင်း သိလား"

"... ကျွန်တော် နားလည်သလောက်တော့... အဲဒါက အပြန်အလှန် မေတ္တာထားခြင်း ပါပဲ"

ဆုမို က စကားလုံးများကို သေချာ ရွေးချယ်ကာ ဖြေကြားလိုက်သည်။

"အပြန်အလှန် မေတ္တာထားခြင်းတဲ့လား..."

အမျိုးသမီးက သဲ့သဲ့လေး သက်ပြင်းချလိုက်၏။

"တကယ့်ကို ကောင်းမွန်တဲ့ အပြန်အလှန် မေတ္တာထားခြင်း ပါပဲ... ဒါပေမဲ့ အဲဒီလို နက်ရှိုင်းတဲ့ ခံစားချက်တွေက သစ္စာဖောက်မှုကို တရားမျှတအောင် လုပ်ပေးနိုင်သလား"

"ဒါကတော့..."

ဆုမို ၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီးနောက် ခေါင်းကို ခါယမ်းလိုက်သည်။

"ဂျူနီယာ က ငယ်ရွယ်ပြီး အတွေ့အကြုံ မရှိသေးပါဘူး... ဒီမေးခွန်းကို တကယ်ပဲ မဖြေနိုင်ပါဘူးဗျာ"

"ဒါပေမဲ့ မကြာသေးခင်ကမှ... ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ချန်ထားခဲ့တဲ့ စာတစ်စောင်ကို ကျွန်တော် တွေ့ခဲ့ရတယ်"

"အဲဒီစာထဲမှာ သူက သူ့ဘဝရဲ့ ကြီးမားတဲ့ နောင်တတရား လေးပါး ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ရေးထားတယ်... ပထမဆုံး တစ်ချက်ကတော့ လူအများကြီးကို မျှော်လင့်ချက်တွေ ပျက်ပြားစေခဲ့တာ တဲ့"

"လူအများကြီးကို မျှော်လင့်ချက်တွေ ပျက်ပြားစေခဲ့တာ ဟုတ်လား..."

ထိုစကားလုံးများက အမျိုးသမီးကို ဝိဉာဉ် လွင့်သွားစေသည့်အလား ဖြစ်သွားစေသည်။

သူမက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းသွားပြီးနောက် ရုတ်တရက် လှည့်ကာ ဆုမိုအား ပြန်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများထဲတွင် ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်မှုများ ပြည့်နှက်နေတော့၏။

"မင်း..."

သူမက စကားတစ်လုံး ထွက်လာပြီးနောက် တုံ့ခနဲ ရပ်တန့်သွား၏။ ဤဒေါသများ အားလုံးကို ဆုမိုအပေါ် ပုံချ၍ မရနိုင်မှန်း သိရှိသဖြင့် သက်ပြင်းချလိုက်သည်။

"မင်းကတော့... သူ့ရဲ့ ခြေရာကို မနင်းမိစေနဲ့နော်"

"... ဂျူနီယာ က သဘာဝကျကျပဲ အဲဒီလို လုပ်မှာ မဟုတ်ပါဘူးဗျ"

"ဒီလို ပြောဖို့ စောလွန်းနေပါသေးတယ်"

အမျိုးသမီးက ခေါင်းခါယမ်းလိုက်ပြီး သူမ၏ မျက်လုံးများကို ဆုမိုထံသို့ ပြန်လည် မြှင့်တင်လိုက်ရာ၊ သူမ၏ အကြည့်များက ရေခဲပမာ ကြည်လင်အေးစက်မှုကို ပြန်လည် ရရှိသွားခဲ့တော့၏။

"မင်းအဖေက လူအများကြီးကို မျှော်လင့်ချက်တွေ ပျက်ပြားစေခဲ့တာကို နောင်တရခဲ့တယ်... ဒါကို သူက တစ်သက်တာ နောင်တ လို့ သတ်မှတ်ခဲ့မှတော့..."

"နောင်လာမယ့် အနာဂတ်မှာ မင်းရဲ့ လုပ်ရပ်တွေအပေါ် ပိုပြီး သေချာ စဉ်းစားဆင်ခြင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်"

"ငါ့အတွက်တော့... ယောက်ျား မိန်းမ ကြားက အချစ် ဆိုတာ ကမ္ဘာပေါ်မှာ အသေစေနိုင်ဆုံး အဆိပ်ပြင်း တစ်မျိုးပဲ"

"ဒါပေမဲ့ အဲဒါက သေမျိုး ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့ အဆိပ်တစ်မျိုးလည်း ဖြစ်နေပြန်တယ်"

"မင်းကတော့ သတိထားပြီး သောက်သုံးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"အဲဒါကို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်၊ ဒါမှမဟုတ် ကင်းမြီးကောက် တစ်ကောင်လိုမျိုး အတင်း ရှောင်ဖယ်နေစရာတော့ မလိုပါဘူး... ဒါပေမဲ့ အလွန်အကျွံလည်း မလူးလှိမ့်မိစေနဲ့... အဲဒီလိုမှ မဟုတ်ရင် မင်းကိုယ်တိုင်ပဲ နာကျင်ခံစားရလိမ့်မယ်"

"ကျွန်တော် ရင်ထဲမှာ သေချာ မှတ်ထားပါ့မယ်ဗျာ"

ဆုမို က လက်နှစ်ဖက်ကို ယှက်ကာ ဦးညွှတ်အရိုအသေပေးရင်း လေးလေးနက်နက် ပြောလိုက်သည်။

"သွားတော့"

အမျိုးသမီးက လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထားရင်း လျစ်လျူရှုစွာ လက်ဝှေ့ယမ်းပြလိုက်၏။

"နောက်ထပ် သုံးရက်နေရင် လျူဆွေဖုန်း က လန်ယွဲ့နန်းတော် ကို ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မယ်... အဲဒီအချိန်ကျရင် သူ့ကို ငါ ရင်ဆိုင်မယ်... မင်းလည်း စောင့်ကြည့်ဖို့ ကျန်နေခဲ့လို့ ရတယ်"

ဆုမို က တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

သူ လှည့်ထွက်ရန် ဟန်ပြင်လိုက်ချိန်တွင် တုံ့ခနဲ ရပ်တန့်သွားပြီး အမျိုးသမီးကို လှည့်ကြည့်လိုက်ပြန်သည်။

သို့ရာတွင် သူမကတော့ သူမရှေ့ရှိ စားပွဲကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည်။

ခဏတာ စဉ်းစားပြီးနောက် ဆုမို က နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် ထွက်ခွာလာခဲ့တော့သည်။

တံခါးကို ဖွင့်လိုက်သောအခါ ဝေဇီယီ က အောက်ဘက် လှေကားထစ်များပေါ်တွင် ထိုင်ကာ သူမ၏ ဓားအိမ်ဖြင့် မြေကြီးပေါ်တွင် တစ်ခုခု ရေးဆွဲနေသည်ကို မြင်တွေ့လိုက်ရသည်။

ဆုမို က ခြေဖျားထောက်ကာ လှမ်းကြည့်လိုက်ပြီး၊ သူမ စက်ဝိုင်းများ ရေးဆွဲမနေသည်ကို မြင်လိုက်ရသဖြင့် စိတ်သက်သာရာရသွားတော့၏။

"ဘာကြည့်နေတာလဲ"

ဝေဇီယီ က ရုတ်တရက် လှည့်ကြည့်လာသည်။

"'မသင့်တော်တဲ့ အရာတွေကို မကြည့်ရဘူး' ဆိုတဲ့ စကားကို နင် မကြားဖူးဘူးလား"

"... အဲဒီ စကားကို ဒီနေရာမှာ သုံးလို့ ရလို့လား"

ဆုမို တစ်ယောက် စကားပြောမထွက်အောင် ဖြစ်သွားရပြန်သည်။

"ငါ သုံးချင်ရင် ရတယ်လေ... အဲဒါကို နင်က ထိန်းချုပ်လို့ ရလို့လား" ဝေဇီယီ က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။

ဤမိန်းကလေးမှာ တစ်နေ့တခြား ပို၍ပို၍ အကြောင်းပြချက် ကင်းမဲ့လာကြောင်း ဆုမို သဘောပေါက်လိုက်၏။

သူမနှင့် အဆင့်အတန်းတူ အငြင်းပွားမနေလိုတော့သဖြင့် သူက သတင်းစကားကိုသာ တစ်ဆင့် ပြောပြလိုက်သည်။

"မင်းရဲ့ ဆရာသခင် က ငါ့ကို လန်ယွဲ့နန်းတော် မှာ ရက်အနည်းငယ်လောက် နေဖို့ ဖိတ်ခေါ်တယ်... နောက် ၃ ရက်နေရင် သူနဲ့ လျူဆွေဖုန်း တို့ တိုက်မယ့်ပွဲကို စောင့်ကြည့်ဖို့တဲ့လေ"

"ငါ့ရဲ့ ဆရာသခင် က တိုက်မယ် ဟုတ်လား"

ဝေဇီယီ က အံ့အားသင့်စွာဖြင့် လွှတ်ခနဲ အော်ဟစ်လိုက်သည်။

"ဆရာမ.. သိုင်းကွက် မထုတ်တာ တော်တော် ကြာနေပြီလေ... ဒါပေမဲ့ အကယ်၍ သူသာ တကယ် တိုက်မယ်ဆိုရင် လျူဆွေဖုန်း ကတော့ သေချာပေါက် အန္တရာယ်ရှိသွားပြီ... ထျန်းချူမြို့ ကို မရောက်ခင်ကတည်းက သူ ရှုံးနေပြီပဲ"

"... သေချာပေါက်တော့ မဟုတ်သေးပါဘူး"

ဆုမို က ခေါင်းကို ခါယမ်းလိုက်သည်။

"နင် ပြောတာ ဘာအဓိပ္ပာယ်လဲ"

အနည်းငယ် ဒေါသထွက်သွားသော ဝေဇီယီ က ဆုမိုသည် သူမ၏ ဆရာသခင် အား အထင်သေးနေသည်ဟု ခံစားလိုက်ရ၏။

သို့သော် ဆုမိုသည် ထိုသို့သော လူစားမျိုး မဟုတ်ကြောင်း သူမ ချက်ချင်း သတိရသွား၏။

အကယ်၍ သူက စကားတစ်ခွန်း ပြောလိုက်ပြီဆိုလျှင် သူ့တွင် ခိုင်လုံသော အကြောင်းပြချက်များ ရှိနေမြဲပင်တည်း။

ထိုမျှမက ဤအမျိုးသားသည် ပြိုင်ဘက်ကင်း အတွင်းအားနှင့် သိုင်းပညာများ ပိုင်ဆိုင်ထားပြီး လျူဆွေဖုန်း နှင့်လည်း နက်ရှိုင်းသော အဆက်အသွယ် ရှိနေသူ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏ စကားများက တစ်စုံတစ်ရာ သေချာမှုကို သယ်ဆောင်လာခြင်း ဖြစ်နိုင်သလို၊ သူမ မသိသေးသော အကြောင်းအရာ တစ်ခုခုကို ရည်ညွှန်းနေခြင်းလည်း ဖြစ်တန်ရာ၏။

ထို့ကြောင့် သူမက ချက်ချင်းပင် မေးမြန်းလိုက်လေတော့သည်။

"ကျေးဇူးပြုပြီး ရှင်းပြပါဦး... အာမခံဌာန ခေါင်းဆောင်ဆု ရှင်”

---

အခန်း (၄၁၆) - ကျိုယင်း (၃)

~"ငါ့ကို သင်ပေးမလို့လား"

ဆုမိုသည် သူမအား အကျင့်ပါနေသည့်နှယ် လှောင်ပြောင် နောက်ပြောင်လိုက်ချင်စိတ် ပေါ်လာလေ၏။ သို့သော် သူ စကားပြောရန် ဟန်ပြင်လိုက်ချိန်တွင် ဝေဇီယီ၏ ဆရာသခင် ပြောခဲ့သော စကားများကို ရုတ်တရက် အမှတ်ရသွားတော့သည်။ ထိုအခါ နောက်ပြောင်လိုသော စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားချေ၏။

သူက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ရိုးရိုးသားသား ပြောရရင်... ရွှမ်ကျီတောင်ကြားက တိုက်ပွဲအပြီးမှာ သခင်ကြီးလျူက ငါ သူ့အသက်ကို ကယ်ခဲ့တာကို ကျေးဇူးတင်တဲ့အနေနဲ့ နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ကို လက်ဆောင်အဖြစ် ပေးခဲ့တာ"

"ဘာ... ဘာပြောလိုက်တယ်"

ဝေဇီယီက အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်သည်။

"လျူဆွေဖုန်း က တော်တော် သဘောထားကြီးတာပဲ... နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ဆိုတာက သူ့ကို သိုင်းလောကမှာ နာမည်ကျော်ကြားသွားစေခဲ့တဲ့ ပြိုင်ဘက်ကင်း သိုင်းပညာလေ... ဒါကို အလွယ်တကူ လက်ဆောင်ပေးလိုက်တယ်ပေါ့... ယွီလျိုစံအိမ် ရဲ့ ဓားသိုင်းတွေကို အပြင်လူတွေဆီ သင်ပေးတယ်လို့ ငါ တစ်ခါမှ မကြားဖူးပါဘူး"

"အဲဒါက မင်း လောကကြီး အကြောင်း သိပ်မသိသေးလို့ပေါ့"

ဝေဇီယီ တစ်ယောက် သူ၏ရှေ့တွင် ဟန်ရေးပြလေ့ရှိသည်ကို ပြန်လည် သတိရမိသွားသဖြင့် ဆုမို.. ရင်ထဲတွင် အသာစီးရသွားသည့်နှယ် ခံစားလိုက်ရသည်။ သူက ခပ်ပြုံးပြုံးဖြင့် ဆက်ပြော၏။

"အရင်တုန်းက ယွီလျိုစံအိမ် က တပည့်တွေကို ပွင့်ပွင့်လင်းလင်း လက်ခံခဲ့တာပဲ... ဝမ်းနည်းစရာကောင်းတာက အဲဒီအချိန်တုန်းက နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း က သိုင်းလောကမှာ နာမည်မထွက်သေးတော့ နောက်လိုက် တပည့် သိပ်မရှိခဲ့ဘူးလေ... အဲဒီနောက်ပိုင်းကစပြီး သူတို့က တပည့်လက်ခံတာကို ရပ်လိုက်ကြတယ်... လျူဆွေဖုန်း သိုင်းလောကမှာ နာမည်ကြီးလာတဲ့ အချိန်ကျတော့လည်း ဘယ်သူမှ သူ့ဆီမှာ သိုင်းပညာ သွားမသင်ရဲကြတော့ဘူးပေါ့"

"တ... တကယ်လား"

ဝေဇီယီ၏ မျက်ဝန်းများက အရောင်တလက်လက် တောက်ပသွားတော့သည်။

"အဲဒီလိုသာဆိုရင်... နင်က ငါ့ရဲ့ ဆရာသခင် ရှေ့မှာ အဲဒီ နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ရဲ့ သိုင်းကွက်တွေကို ထုတ်ပြလိုက်ပါလား... ငါ့ဆရာသခင် ရဲ့ သိုင်းပညာ အမြော်အမြင်နဲ့ဆိုရင် အဲဒီဓားသိုင်းရဲ့ အားနည်းချက်တွေကို ရှာဖွေဖို့ဆိုတာ သိပ်ခက်ခဲမှာ မဟုတ်ဘူး"

"သခင်မလေး ဝေ... စကားပြောတာ ဆင်ခြင်ပါဦး"

ဆုမို၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး ဝေဇီယီအား စိမ်းစိမ်းကြည့်ကာ ပြောလိုက်သည်။

ဝေဇီယီ တစ်ယောက် မှင်သက်သွား၏။ သူမ၏ စကားများက အမှန်တကယ်ပင် အခြေအနေနှင့် မကိုက်ညီကြောင်း သဘောပေါက်သွားတော့သည်။

လျူဆွေဖုန်း သည် ဆုမို အသက်ကယ်ပေးခဲ့သည်ကို ကျေးဇူးဆပ်သောအားဖြင့် ဤသိုင်းကျမ်းကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ လျူဆွေဖုန်း က စိန်ခေါ်ရန် လာရောက်နေမှန်း သိသိရက်နှင့် ထိုသိုင်းကွက်များကို သူမ၏ ဆရာသခင်အား ထုတ်ပြလိုက်မည် ဆိုပါက ဆုမိုသည် ကျေးဇူးကန်းသော လူ တစ်ယောက်အဖြစ် အထင်မှားခံရမည် မဟုတ်ပါလော။ သူမက သူမ၏ ဆရာသခင် ဘေးကင်းလုံခြုံရေးကိုသာ တွေးတောနေမိပြီး ဆုမို ရင်ဆိုင်ရမည့် အကြပ်အတည်းကို မေ့လျော့နေခဲ့မိသည်။ ဒါက လုံးဝ မသင့်တော်သော အပြုအမူပင်တည်း။

သူမက ကပျာကယာ လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် တောင်းပန်လိုက်၏။

"ငါ... ငါ စကားမှားသွားတယ်... အစ်ကိုဆု... စိတ်ထဲ မထားပါနဲ့နော်"

သို့ဖြစ်သော်ငြားလည်း သူမကိုယ်သူမ နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ပုံမှန်ဆိုလျှင် သူမသည် ပါးနပ်ပြီး စကားမပြောမီ သေချာစွာ စဉ်းစားချင့်ချိန်တတ်သူ ဖြစ်၏။ အဘယ်ကြောင့် ဆုမို၏ ရှေ့တွင် ဤမျှလောက် အဆင်အခြင်မဲ့စွာ စကားပြောထွက်သွားရပါသနည်း။

"ထားလိုက်ပါတော့"

ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်၏။

"မင်းက လောလောဆယ် စိတ်လောသွားလို့ ပြောထွက်သွားတာ နေမှာပါ"

"ဒါပေမဲ့... အာမခံဌာန ခေါင်းဆောင်ဆု က ငါ့ရဲ့ ဆရာသခင် အနိုင်မရနိုင်ဘူးလို့ ပြောခဲ့တယ်ဆိုတော့လေ... ဘာလို့ အဲဒီလို ထင်ရတာလဲ"

ဝေဇီယီက သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်၏။

"ငါ့ကိုများ ပြောပြလို့ ရမလား"

"ပြောပြလို့လည်း ဘာမှ မထိခိုက်ပါဘူးလေ"

ဆုမိုက အဖြစ်အပျက်ကို စတင် ရှင်းလင်းပြောပြလေတော့သည်။

"နတ်ဘုရားသက်တံ နှလုံးသားရှာဖွေခြင်း ဓားသိုင်း ရဲ့ အနှစ်သာရ အစစ်အမှန်က ဘာလဲဆိုတာ မင်း သိလား"

"အနှစ်သာရ..."

ဝေဇီယီက ခေါင်းခဲမတတ် စဉ်းစားခန်း ဝင်သွားပြီးနောက် ပြန်ဖြေလေ၏။

"အဲဒီနေ့က ရွှမ်ကျီတောင်ကြား တိုက်ပွဲကြီးတုန်းက သခင်ကြီးလျို နဲ့ သွေးပင်လယ်ဂိုဏ်းချုပ် တို့ တိုက်ခိုက်တာကို ငါ အဝေးကနေ လှမ်းမြင်ခဲ့တယ်... ဓားချီ တွေက အရမ်း ခမ်းနားကြီးကျယ်ပြီး ထက်ရှနေတာကို တွေ့လိုက်ရတယ်လေ... ဒါပေမဲ့ အနှစ်သာရကို မေးမယ်ဆိုရင်တော့ မြူခိုးတွေကြားထဲက ပန်းပွင့်တွေကို လှမ်းကြည့်နေရသလိုပဲ... ဘာမှကို ရေရေရာရာ မမြင်ရဘူး"

"အဲဒီလောက် အလွယ်တကူ မြင်နိုင် သိနိုင်မယ်ဆိုရင်... သခင်ကြီးလျို က ဒီသိုင်းပညာနဲ့ သိုင်းလောက တစ်ခွင်မှာ ဘယ်လိုလုပ် လှည့်လည်သွားလာနိုင်တော့မှာလဲ"

ဆုမိုက ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး တည်ကြည်လေးနက်သော လေသံဖြင့် ဆိုသည်။

"နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ရဲ့ အနှစ်သာရက 'နှလုံးသားကို ရှာဖွေခြင်း' ဆိုတဲ့ စကားလုံးတွေထဲမှာပဲ ရှိတယ်... ဒီဓားသိုင်းရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းက... နှလုံးသားကို ဦးတည်ပြီး အတိတ်က အမှားတွေကို မေးခွန်းထုတ်တာပဲ... ကိုယ့်ရဲ့ စိတ်အာရုံ အခြေအနေမှာ ဘာချို့ယွင်းချက်မှ မရှိဘူးဆိုရင်တော့ သဘာဝကျကျ ချောချောမွေ့မွေ့ စီးဆင်းသွားမှာပဲ... ဆန့်ကျင်ဘက်အနေနဲ့ စိတ်အာရုံထဲမှာ အက်ကြောင်းတွေ အားနည်းချက်တွေ အပြည့်ဖြစ်နေမယ်ဆိုရင်တော့ သိုင်းပညာက ဘယ်လောက်ပဲ ပြီးပြည့်စုံနေပါစေ... ဓားရဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ခုခံမှုတွေကို ဖောက်ထွင်းဝင်ရောက်သွားပြီးသား ဖြစ်နေလိမ့်မယ်"

"ဒါက..."

ဝေဇီယီ၏ မျက်ခုံးများက နက်ရှိုင်းစွာ တွန့်ကွေးသွားတော့သည်။

"နားထောင်ရတာ နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း က အရမ်းကို နက်နဲတဲ့ အဆင့်တစ်ခုကို ရောက်နေပြီထင်တယ်"

"ယုံမှားဖွယ်မရှိဘူးလေ"

ဆုမိုက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်၏။

"ငါ ကိုယ်တိုင် နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း ကို သင်ယူလေ့လာထားပေမဲ့... ငါ့ရဲ့ ကျွမ်းကျင်မှုက သခင်ကြီးလျို နဲ့ ယှဉ်ဖို့ဆိုတာ အဝေးကြီး လိုပါသေးတယ်... ဒါ့အပြင် သခင်ကြီးလျို က ဒီကိုလာတဲ့ လမ်းခရီးမှာ သူ့ရဲ့ သိုင်းပညာကို တစ်ဟုန်ထိုး တိုးတက် အောင် ထပ်ပြီး အဆင့်မြှင့်တင်ထားမယ် ဆိုရင်... သူ ဘယ်အဆင့်ထိ ရောက်နေပြီလဲ ဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ"

"ငါ နားလည်ပါပြီ"

ဝေဇီယီက ခေါင်းညိတ်လိုက်၏။

"အခုလို ပွင့်ပွင့်လင်းလင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုဆု"

"ပြောပြလို့လည်း ဘာမှ မထိခိုက်ပါဘူး... 'စိတ်အာရုံ အခြေအနေ' ဆိုတာက တကယ်ကို ဖော်ပြရခက်ခဲတဲ့ အရာပဲ... ပြီးတော့ ချို့ယွင်းချက်တွေ ရှိနေရင်လည်း ဘယ်လို ပြုပြင်ရမလဲ ဆိုတာကို သိဖို့ ခက်တယ်လေ"

ဆုမိုက ခေါင်းခါလိုက်ပြီး အလွန်အရေးကြီးသော ကိစ္စတစ်ခုကို မေးမြန်းလိုက်သည်။

"ဒီည ငါ ဘယ်မှာ တည်းရမှာလဲ"

"အင်း... ငါ နင့်ကို အပြင်ခေါ်သွားပြီး မေးကြည့်ပေးမယ်လေ"

ဝေဇီယီက ဆုမိုအား ခေါ်ဆောင်ကာ ခြံဝင်းအတွင်းမှ ထွက်ခွာသွားလေတော့သည်။

*

ဟန်ရှီး လသာဆောင် အတွင်း၌မူ ထိုအမျိုးသမီးက တစ်ကိုယ်တည်း ထိုင်နေဆဲ ဖြစ်သည်။

သူမက စားပွဲပေါ်ရှိ ပန်းချီကား တစ်ချပ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

သူမ ယခုလေးတင် ရေးဆွဲထားခဲ့ခြင်း ဖြစ်ပြီး မင်စုတ်ချက် အနည်းငယ်မျှသာ ပါဝင်သော်ငြားလည်း ပုံပန်းသဏ္ဍာန်က အသက်ဝင်စွာ ပေါ်လွင်နေပြီ ဖြစ်သည်။

လူငယ်လေး တစ်ယောက်၏ ပုံ။

အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော ရှည်လျားသည့် ဝတ်ရုံကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။ လက်စွပ်တစ်ဖက်ကို ခေါက်တင်ထားပြီး သန်မာထွားကျိုင်းသော လက်မောင်းတစ်ဖက်ကို ဖော်ပြထား၏။ အခြား လက်တစ်ဖက်က ခါးတွင် ချိတ်ဆွဲထားသော သေရည်ဘူးကို ဖြုတ်ယူနေပြီး သူ၏ မျက်နှာထက်တွင် ရဲရင့်ပြတ်သားသော အပြုံးတစ်ခုက ဖုံးလွှမ်းနေ၏။

သို့သော် ထို မျက်ဝန်းများက အထူးတလည် အသက်ဝင်နေသယောင် ရှိသည်။

ပန်းချီကား အပြင်ဘက်ရှိ လူတစ်ယောက်ကို လှမ်းကြည့်နေသည့်နှယ်၊ ဖိတ်ခေါ်နေသည့်နှယ်၊ မေးခွန်းထုတ်နေသည့်နှယ်။

အမျိုးသမီးသည် ပန်းချီကားထဲမှ အမျိုးသားကို ငိုင်၍ စိုက်ကြည့်နေမိပြီး သူမ၏ မျက်ဝန်းများက သူ၏ မျက်ဝန်းများနှင့် တင်းကျပ်စွာ ချိတ်ဆက်နေတော့၏။

အချိန်အတော်ကြာပြီးနောက် သူမက သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်သည်။

"ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတယ်တဲ့လား..."

"နင်က ဝန်ထုပ်ဝန်ပိုးတွေ ထမ်းရတဲ့ အကြောင်းကိုတောင် သိနေတယ်ပေါ့လေ... နင် သိနေမှတော့ ဘာလို့ ပြောင်းလဲဖို့ မကြိုးစားခဲ့တာလဲ... နင့်ရဲ့ ဉာဏ်ရည်က ဒီလောကကြီးထဲမှာ အထက်မြက်ဆုံးထဲက တစ်ယောက်ပဲ... အကယ်၍ နင်သာ ဆန္ဒရှိခဲ့မယ် ဆိုရင် ငါတို့ရဲ့ ဇာတ်သိမ်းတွေက ဒီနေ့..ဒီလိုမျိုး ဖြစ်လာခဲ့မှာ မဟုတ်ဘူး... ဒါပေမဲ့ နင်ကတော့... ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးဖို့ပဲ ရွေးချယ်ခဲ့တယ်"

အမျိုးသမီးက မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။ သို့သော် ထိုအပြုံးထဲတွင် နှုတ်ဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် နက်ရှိုင်းလှသော ဝမ်းနည်းပူဆွေးမှုများ ရောယှက်နေပြီး တိတ်ဆိတ်မှုထဲသို့သာ နစ်မြုပ်သွားတော့သည်။

"နင့်ရဲ့ သားက နင်နဲ့ မတူဘူး... သဘောကောင်းပြီး ကြင်နာတတ်တဲ့ ကလေးပဲ... အဲဒီ စကားကို ငါ ကြားအောင်လို့ တမင်သက်သက် ရည်ရွယ်ပြီး ပြောခဲ့တာ ဖြစ်ရမယ်... ငါ လျူဆွေဖုန်း ရဲ့ လက်ချက်နဲ့ သေသွားမှာကို သူ.. စိုးရိမ်နေတာ သေချာတယ်"

"နတ်ဘုရားသက်တန့် နှလုံးသားရှာ ဓားသိုင်း က စိတ်အာရုံ အခြေအနေကို အဓိကထားတယ် ဟုတ်လား... ငါ့ရဲ့ စိတ်အာရုံ အခြေအနေ ဆိုတာက စောစောကတည်းက အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့ပျက်စီးနေခဲ့တာ ကြာပါပြီ"

"အဲဒီနေ့က ဇီယန် အာမခံဌာန ထဲကို ငါ လျှို့ဝှက် ခိုးဝင်ပြီး အဲဒီကလေးကို သတ်ဖို့ ကြံစည်ခဲ့ကတည်းက ငါ့ရဲ့ စိတ်အာရုံ အခြေအနေက ဖရိုဖရဲ ဖြစ်နေခဲ့ပြီလေ... နင် သိုင်းလောကထဲမှာ အဖြစ်ဆိုးနဲ့ ကြုံပြီး သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းကြားရပြီးတဲ့နောက်... ပြီးတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီးတဲ့နောက်ပိုင်း... မှတ်ဉာဏ်တိုင်းက နာကျင်ခံစားရလွန်းလှတယ်"

"အသက်ရှင်နေသေးတယ် ဆိုပေမဲ့... ဘာအတွက်များလဲ... နင်နဲ့ နင့်မိန်းမက နောက်ဆုံးတော့ တမလွန်လောက ရဲ့ အစိတ်အပိုင်းတွေ ဖြစ်သွားကြပြီပဲ... နင် ထမ်းပိုးခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ချန်ထားရစ်ခဲ့ပြီး နင့်အတွက်နဲ့ ဒီလူ့လောကကြီးထဲမှာ ရုန်းကန်နေရတဲ့ သူတွေကို ပစ်ထားခဲ့တယ်... ဆုထျန်းယန်... နင့်ရဲ့ နှလုံးသားက တကယ့်ကို ရက်စက်လွန်းပါတယ်"

သူမက လက်တစ်ဖက်ဖြင့် ညွှန်ပြလိုက်ပြီး ရုတ်တရက် အတွင်းအားကို အဟုန်ပြင်းစွာ ထုတ်လွှတ်ကာ ပန်းချီကားကို ဖျက်ဆီးပစ်ရန် ကြံရွယ်လိုက်သည်။

သို့သော် အတွင်းအားများကို ထိန်းချုပ်လိုက်ချိန်တွင် နောက်ဆုံး၌ ဖျက်ဆီးပစ်ရန် ရက်စက်ကြမ်းကြုတ်ရန် ဝန်လေးသွားပြီး ထုတ်လွှတ်လိုက်သော စွမ်းအင်များကို ပြန်လည် ရုပ်သိမ်းလိုက်တော့၏။

သဲ့သဲ့လေး သက်ပြင်းချလိုက်ရင်း သူမက စုတ်တံကို မင်ရည်ထဲသို့ နှစ်လိုက်ကာ ပန်းချီကား၏ ဘေးတွင် နေ့စွဲကို ရေးမှတ်လိုက်သည်။

နောက်ဆုံးတွင်တော့ သူမက စာလုံးတစ်လုံးတည်းကိုသာ ထပ်မံ ဖြည့်စွက် ရေးသားလိုက်လေတော့သည်။

ကျိုယင်း ။

နောက်ဆုံး စုတ်ချက်အပြီးတွင် သူမက ပန်းချီကားကို တိတ်ဆိတ်စွာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေမိ၏။

လွန်ခဲ့သော နှစ်များစွာက အသက်ဝင် လှုပ်ရှားနေခဲ့သော ထိုရဲရင့်သည့် အမျိုးသားကြီးသည် သူမ၏ ရှေ့မှောက်သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသည့်အလားပင်။

အချိန်တွေ တရွေ့ရွေ့ ကုန်လွန်သွားသည်နှင့်အမျှ ဟန်ရှီး လသာဆောင် တစ်ခုလုံးသည်လည်းကောင်း၊ ဝင်သွားသော နေမင်းကြီးနှင့်အတူ လည်းကောင်း၊ ထိုအမျိုးသမီးသည်လည်းကောင်း အဆုံးအစမရှိသော တိတ်ဆိတ် ငြိမ်သက်မှုထဲသို့ နစ်မြုပ်သွားလေတော့၏။

---

အခန်း (၄၁၇) - နေမင်းကြယ်ပျံဓားသိုင်း

~[တာဝန် - လော့ဖုန်း မဟာမိတ်အဖွဲ့၏ လက်ဆောင်များကို လန်ယွဲ့နန်းတော် သို့ ပို့ဆောင်ရန်။ (ပြီးဆုံးပါပြီ)]

[ဆုလာဘ် - တွက်ချက်နေသည်...]

ဝေဇီယီ နှင့်အတူ ဟန်ရှီး လသာဆောင် မှ ထွက်ခွာလာချိန်တွင်...

ဆုမို သည် သူ၏ အမြင်အာရုံဘေးဘက်မှ စနစ်၏ အသိပေးချက်ကို မြင်တွေ့လိုက်ရသည်။

ဤအခိုက်အတန့်၌ သူ အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။

ဘေးဘက်တွင် ရပ်နေသော အာမခံဌာနမှ သိုင်းပညာရှင်များအား ကုန်ပစ္စည်းများကို စာရင်းတိုက်စစ်ဆေးရာတွင် ကူညီပေးရန်နှင့် ပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို တာဝန်ယူရန် ညွှန်ကြားပြီးနောက်၊ နောက်ဆုံးတွင် ဤတာဝန် ပြီးမြောက်သွားပြီဟု သူ သတ်မှတ်လိုက်သည်။

သို့ရာတွင် ဤခရီးစဉ် တစ်လျှောက်လုံး သူကိုယ်တိုင်ကိုယ်ကျ မဖြစ်မနေ လိုက်ပါစောင့်ရှောက်ရမည် ဟူသော ကြိုတင် သတ်မှတ်ချက် ရှိမရှိ ဆိုသည်မှာကား အခြားကိစ္စ တစ်ခုပင် ဖြစ်ချေသည်။

နောက်တစ်ကြိမ်တွင် တာဝန်တစ်ခုကို လက်ခံပြီး အခြားသူတစ်ယောက်ကို ပို့ဆောင်ခိုင်းကြည့်လျှင်ကော ရနိုင်မလား။

နောက်ဆုံးကျရင် ဆုလာဘ်တွေ ရနိုင်ဦးမလား ဆိုတာကို စမ်းသပ်ကြည့်ရမည်။

အကယ်၍သာ ထိုသို့ လုပ်ဆောင်နိုင်မည် ဆိုပါက သူ့အတွက် ကိစ္စရပ်များစွာက ပို၍ လွယ်ကူသွားမည် မဟုတ်ပါလော။

သူ၏ အတွေးများက ဟိုယိမ်းဒီယိမ်း လွင့်မျောနေစဉ်၊ တစ်ခါတစ်ရံ နောက်သို့ လှည့်ကြည့်လိုက်ရာ ဝေဇီယီ တစ်ယောက် .. စဉ်းစားခန်း ဝင်နေပြီး စိတ်အနှောင့်အယှက် ဖြစ်နေပုံကို မြင်လိုက်ရသဖြင့် သူက တမင်သက်သက် ချောင်းဟန့်လိုက်သည်။

"မင်းရဲ့ အမူအရာကို ထိန်းပါဦး"

"..."

ဝေဇီယီ အံ့အားသင့်သွားပြီးနောက် ဆုမိုအား မကျေမနပ် နှာခေါင်းရှုံ့ပြလိုက်သည်။

"ဒီနားမှာ ဘယ်သူမှ မရှိနေတာ တကယ် နှမြောစရာကောင်းတာပဲ... မဟုတ်ရင် လန်ယွဲ့နန်းတော် က သိုင်းမယ်လေးတွေကို နင့်ရဲ့ သရုပ်မှန်ကို သေချာ ပြသလိုက်ချင်တယ်"

"ဟွန့်"

ဝေဇီယီ က မျက်စောင်းထိုးလိုက်ပြီး မေးမြန်းလိုက်၏။

"ငါ့ရဲ့ ဆရာသခင် က နင့်ကို ဘာတွေ ပြောလိုက်တာလဲ"

"... ဒါကလေ"

ခဏတာမျှ ဆုမို တစ်ယောက် စကားပြောမထွက်အောင် ဖြစ်သွားရသည်။ သူမ၏ ဆရာသခင် က သူမကို သဘောကျသလားဟု မေးမြန်းခဲ့ကြောင်း ဝေဇီယီ အား တိုက်ရိုက် ပြောပြ၍ မဖြစ်နိုင်ပေ။

ဒါက ဒီမိန်းမချောလေးကို သူ့ဆီ အတင်း ထိုးအပ်ချင်နေတဲ့ သဘောများလား။

ဝေဇီယီ ၏ အမြင်ကျယ်ပြန့်မှုကို ထည့်မတွက်လျှင်ပင်၊ ထိုကဲ့သို့သော စကားများကို ထပ်တလဲလဲ ကြားနေရပါက သူမအတွက် အဆင်ပြေမည် မဟုတ်ချေ။

ချက်ချင်းပင် သူက ခပ်ပြုံးပြုံးဖြင့် ဖြေလိုက်သည်။

"ဘာမှ ထူးထူးခြားခြား မရှိပါဘူး... အတိတ်က ကိစ္စတချို့ကို ဆွေးနွေးဖြစ်ခဲ့ကြရုံပါ"

"အတိတ်က ကိစ္စတွေ ဟုတ်လား"

ဝေဇီယီ့မျက်နှာလေးထက်ဝယ်.. အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွား၏။

"နင်က ငါ့ရဲ့ ဆရာသခင် နဲ့ အတိတ်မှာ ဘာတွေများ ပတ်သက်ခဲ့လို့လဲ"

"ငါ့ကို အထင်မသေးပါနဲ့... အဲဒီလို မဟုတ်ဘူးလား"

ဆုမို က ပြောလိုက်၏။

"တကယ်တော့... ငါက မင်းရဲ့ ဆရာသခင် နဲ့ ရင်းနှီးနေတာ ကြာလှပါပြီ... မင်းသာ မသိခဲ့တာပါ"

"..."

ဝေဇီယီ တစ်ယောက် ဆွံ့အ မှင်သက်သွားတော့သည်။

"ဆရာသခင် က လန်ယွဲ့နန်းတော် ကနေ အပြင်မထွက်တာ အနှစ် (၂၀) နီးပါး ရှိနေပြီ... အကယ်၍ နင်တို့ တကယ် တွေ့ခဲ့ဖူးတယ် ဆိုရင်တောင်... အဲဒီအချိန်တုန်းက နင်က နို့စို့အရွယ် ကလေးပေါက်စလေးပဲ ရှိဦးမှာ မဟုတ်ဘူးလား"

"အဲဒါ မင်းနဲ့ မဆိုင်ပါဘူး"

ဆုမို က ပြုံးလိုက်သည်။

"မင်း စွမ်းနိုင်တယ်ဆိုရင်... မင်းရဲ့ ဆရာသခင် ကို သွားမေးကြည့်ပါလား"

"ဟွန့်"

ဝေဇီယီ ၏ မျက်နှာ ကွက်ခနဲ ပျက် သွားသည်။

သူမ၏ အဘိုးဖြစ်သူက သူမအား ဆုမိုနှင့် ပေးစားချင်နေသည့် ဆန္ဒကို သူမ နားလည်ထားပြီး၊ ထိုကိစ္စကို ဆန့်ကျင်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ။

ဒါပေမဲ့... ဘာလို့ သူမကို ပွင့်ပွင့်လင်းလင်း မပြောပြနိုင်ကြရတာလဲ။

သူမ သိသွားရင်ပဲ ကြီးကျယ်ခမ်းနားတဲ့ အစီအစဉ်ကြီး တစ်ခုခု ပျက်စီးသွားတော့မလိုမျိုး... လျှို့ဝှက်ချက်တွေ လုပ်နေကြတယ်။

အခုလည်း သူမရဲ့ ဆရာသခင် က ထိုနည်းတူစွာပင် လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားပြန်ပြီ။

သူမက သက်ပြင်းချလိုက်သည်။

"အရာရာတိုင်းက ပြောင်းလဲတတ်သလို လူတွေကလည်း ပြောင်းလဲတတ်တာပဲ... ပြောင်းလဲတတ်တာပဲလေ"

သူတို့ စကားပြောနေကြစဉ် ကောင်းကင်ယံမှ သိမ်းငှက် တစ်ကောင်၏ စူးရှသော အော်သံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ဝေဇီယီ က မော့ကြည့်လိုက်သောအခါ သိမ်းငှက်တစ်ကောင် လေထဲတွင် ဝဲပျံနေပြီးနောက် အဟုန်ပြင်းစွာ ထိုးဆင်းလာသည်ကို မြင်လိုက်ရ၏။

သူမက ကပျာကယာ လက်ကို ဆန့်တန်းပေးလိုက်ရာ သိမ်းငှက်မှာ သူမ၏ လက်ပေါ်သို့ ဟန်ချက်ညီညီ ဆင်းသက်လာသည်။

"သတင်းပို့ သိမ်းငှက်..."

ဝေဇီယီ တစ်ယောက် ခဏတာ မှင်သက်သွားပြီးနောက် သတင်းပို့ သိမ်းငှက် ထံမှ စာလိပ်ကို ယူလိုက်သည်။

စာလိပ်ကို အနီးသို့ ယူဆောင်လာပြီးနောက် သူမ၏ နှုတ်ခမ်းများ လှုပ်ရွသွား၏။

"ဆုမို အတွက် ကိုယ်ရေးကိုယ်တာ စာလိပ်..."

"ငါ့အတွက်"

ဆုမို လည်း အံ့အားသင့်သွားသော်လည်း စာအိတ်ပေါ်ရှိ လက်ရေးကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားတော့သည်။

"ပေးပါ"

"ဘယ်သူ ရေးတာလဲ"

ဝေဇီယီ က စာလိပ်ကို ဆုမိုထံ ကမ်းပေးရင်း မေးလိုက်၏။

သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သတင်းပို့ သိမ်းငှက် မှာ ချက်ချင်း ပျံသန်းထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။

"အစ်မယွင် ရေးတာ"

ဆုမို က စာအိတ်ကို ဖွင့်ကာ ညင်သာစွာ ခါယမ်းရင်း ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။

သိချင်စိတ် ပြင်းပြနေသော ဝေဇီယီ က ငုံ့ကြည့်လိုက်၏။

ဆုမို က သူမအား မတားဆီးခဲ့ပေ။

သို့သော် ပထမ စာကြောင်း နှစ်ကြောင်းကို မြင်ပြီးသည်နှင့် ဆုမို၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ဝေဇီယီ ကမူ 'အမယ်လေး' ဟု အော်ဟစ်လိုက်ပြီး မျက်နှာတစ်ခုလုံး ရဲရဲနီသွားတော့၏။

"အမယ်လေး... ငါ့မျက်လုံးတွေ"

သူမက မျက်လုံးများကို လက်ဖြင့် အုပ်လိုက်၏။

"မျက်စိနောက်လိုက်တာ"

ထိုအခါ၊ ဆုမို က သူမ၏ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည်။

"သွား... တစ်ယောက်တည်း သွားမျက်စိနောက်နေ"

ဝေဇီယီ က ပြန်လည်မချေပတော့ဘဲ ဘေးသို့ ပြေးထွက်ကာ စောင့်နေလိုက်တော့သည်။

ယန်ရှောင်ယွင် ထံမှ ဆုမိုထံ ပေးပို့သော စာထဲတွင် အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုခု ပါဝင်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း၊ အမှန်တကယ် စတင်ထားသည်မှာ 'အလွန်တရာ လွမ်းဆွတ်တမ်းတမိပါသည်... ညဉ့်ယံတွေမှာလည်း အိပ်မပျော်နိုင်ခဲ့ပါ...' ဟူ၍ ဖြစ်နေ၏။

ဒီ ရူးမိုက်တဲ့ ချစ်သူရည်းစားတွေက တကယ့်ကို အရှက်အကြောက် ဆိုတာ နည်းနည်းလေးမှ မရှိကြဘူးပဲ။

ဝေဇီယီ က သူမကိုယ်သူမ ပြန်မေးကြည့်မိသည်။ မည်သူ့ကိုပင် စာရေးရသည်ဖြစ်စေ သူမကတော့ ဤကဲ့သို့ ရေးဖွဲ့နိုင်မည် မဟုတ်ချေ။

ထို့ပြင် ယခုအချိန်အထိ အိပ်မပျော်နိုင်လောက်အောင် လွမ်းဆွတ်တမ်းတရသည့် ခံစားချက်မျိုးကို သူမ တစ်ခါမှ မကြုံဖူးသေးပေ။

သူမက အလွန် ငယ်ရွယ်စဉ်ကတည်းက လန်ယွဲ့နန်းတော် သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ မိခင်ဖြစ်သူကို လွမ်းဆွတ်ရသည့် ခံစားချက်မျိုးပင်လျှင် ဝေဝါးနေခဲ့ပြီ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဆုမို သည် ယန်ရှောင်ယွင် ၏ စာကို စာလုံးတစ်လုံးချင်းစီ သေချာစွာ ဖတ်ရှုနေသည်။

စာ၏ အကြောင်းအရာနှင့် ပတ်သက်၍ အထူးတလည် ပြောစရာ မရှိလှပေ။ တစ်စိတ်တစ်ပိုင်းက လွမ်းဆွတ်တမ်းတမှုများကို ဖော်ပြထားပြီး၊ အခြား တစ်စိတ်တစ်ပိုင်းကမူ အာမခံဌာန အတွင်း၌ အရာအားလုံး ပုံမှန် အတိုင်း ရှိနေကြောင်း ဆုမိုအား စိတ်သက်သာရာ ရစေရန် အသိပေးထားခြင်း ဖြစ်၏။

သို့ရာတွင် အဓိက အလေးပေးထားသည့် အချက်မှာ နောက်ဆုံး စာကြောင်း နှစ်ကြောင်းပင် ဖြစ်သည်။

"ကျက်သရေရှိလှသော ကြိုးကြာငှက်များ နီးကပ်လာချိန်တွင် အထီးကျန် အရိပ်လေးက တောင်ဘက်ဆီသို့ ပျံသန်းသွားခဲ့ပြီ..."

ဆုမို က သက်ပြင်းတိမ်တိမ်လေး တစ်ချက် မှုတ်ထုတ်လိုက်၏။

ကျင်းဟုန်... သူက တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ကျင်းဟုန်ဖေးရွှယ် (နှင်းပျံတွေကြားက လွင့်ဝဲလာတဲ့ ငန်းရိုင်းအရိပ်) ကို သတိရသွားတော့သည်။

လွင့်ဝဲလာတဲ့ ငန်းရိုင်းအရိပ်... နှင်းပျံတွေကြောင့် မတုန်လှုပ်ဘူး။

ရွှီလု လာနေပြီလား။

အထီးကျန် အရိပ်လေး တောင်ဘက်ကို ပျံသန်းသွားတယ် ဆိုတာကတော့ စကားလုံး ကစားထားတဲ့ သဘောပဲ။

"အထီးကျန် အရိပ်" ဆိုတာက ယန်ရီဇီ ရဲ့ ခြေရာတွေကို ညွှန်းဆိုနေတာ။

တောင်ဘက်ကို ပျံသန်းသွားတယ် ဆိုတာက အဓိက အချက် မဟုတ်ဘူး။

အရေးကြီးတာက ယန်ရီဇီ နဲ့ ပတ်သက်တဲ့ သဲလွန်စတစ်ခု ရနေပြီ ဆိုတာပဲ။

အကြောင်းအရာတွေကို ပေါင်းစပ်ကြည့်လိုက်ရင် ရွှီလု လာနေပြီဖြစ်ပြီး ယန်ရီဇီ နဲ့ ပတ်သက်တဲ့ သဲလွန်စတွေ ပါလာပြီဆိုတဲ့ သဘောပဲ။

ဆုမို က အချက်အလက်များကို အနည်းငယ် စုစည်းလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။

"ရွှီလု က သူ့ (ယန်ရီဇီ) နဲ့ ဘယ်လိုလုပ်ပြီး ပတ်သက်သွားရတာလဲ"

အဲဒီတုန်းက ငါက သေရည်ထဲမှာ အဆိပ်ခတ်ထားတယ်လို့ ရွှီလု ကို လိမ်ပြောခဲ့ပေမဲ့၊ တကယ်တမ်းကျတော့ ဒုက္ခသည် သိုင်းကျမ်း ကို သုံးပြီး လှည့်စားခဲ့တာလေ။

အဲဒီနောက်မှာ သုံးပါး အစွန်းရောက် ဂိုဏ်း ရဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြောပြခဲ့တာက သူ ဆက်ပြီး စုံစမ်းစစ်ဆေးလာဖို့ မျှော်လင့်လို့ပဲ။

ရွှီလု က သုံးပါး အစွန်းရောက် ဂိုဏ်း ကို စုံစမ်းဖို့ သွားခဲ့တယ်၊ ယန်ရီဇီ ကကျတော့ ကောင်းကင်ဂိုဏ်းချုပ် နဲ့အတူ ရွှမ်ဟူမျှော်စင် ကို သွားခဲ့သင့်တာ။

သူတို့နှစ်ယောက်ရဲ့ စုံစမ်းစစ်ဆေးမှု လမ်းကြောင်းတွေက နေရာတစ်ခုတည်းမှာ ဆုံသွားလို့များ တွေ့သွားကြတာလား။

---

All Chapters