လန့်စရာပဲ၊ မြို့စားက သူက နွားဖာကြိုး ထိုးခံရတဲ့သူဆိုတာကို လူသိရှင်ကြား ဝန်ခံလိုက်ပြီ (၁)
Vol. 2 Ch. 27
ရှဲ့လော့ရွှေသည် သူမအပေါ်သို့ စုပြုံကျရောက်လာသော မရေတွက်နိုင်သည့် အကြည့်များကြောင့် ရုတ်တရက် နေရခက်လာသည်။
*သူတို့ ဘာကို ကြည့်နေကြတာလဲ၊ ငါ့ကို လှောင်ပြောင်နေကြတာလား*
သူမသည် မျက်နှာပေါ်မှ သွေးကွက်များကို သုတ်ပစ်လိုက်ပြီး စိတ်ဓာတ်ကြံ့ခိုင်သော အကြည့်များဖြင့် ထိုအကြည့်များကို ခေါင်းမော့ရင်ဆိုင်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
ထို့နောက်တွင် သူမ ကြားလိုက်ရသည်မှာ...
“တုကတော်”
ဧကရာဇ်၏ အသံမှာ တည်ငြိမ်အေးဆေးနေသည်။
"ဒီလို နဂါးနဲ့ ဖီးနစ်ကို လဲလှယ်တဲ့ကိစ္စက မင်းရဲ့ အကြံလား၊ ဒါမှမဟုတ် ခွိုက်ကျီနယ်စားရဲ့ အကြံလား"
တုကတော်မှာ မှင်တက်သွားပုံရပြီး ခွိုက်ကျီနယ်စားကို ချက်ချင်းလှည့်ကြည့်ကာ မျက်မှောင်ကြုတ်၍ စိုက်ကြည့်တော့သည်။
"နဂါးနဲ့ ဖီးနစ်ကို လဲလှယ်တာ ဟုတ်လား၊ ဝေ့ကျင်း၊ ရှင် ကျွန်မကို ရှင်းရှင်းပြောစမ်း၊ ဒီနဂါးနဲ့ ဖီးနစ် လဲလှယ်တယ် ဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့ စကားက ဘာလဲ၊ ရှင် ကျွန်မရဲ့ ကလေးကို တစ်ခြားတစ်ယောက်နဲ့ လဲလိုက်တာလား"
သူမ၏ ဘေးတွင်ရှိသော ခွိုက်ကျီနယ်စား၏ အမွေခံသားမှာလည်း "ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်" ဆိုသည့် အမူအရာဖြင့် ခေါင်းခါယမ်းနေသည်။
"အမေ၊ ဘာတွေ ပြောနေတာလဲ၊ ဘာလဲလှယ်တာလဲ၊ အဖေ၊ ဒါ တစ်ခုခု မှားနေတာ ဖြစ်ရမယ်၊ အရှင်မင်းကြီး... တစ်ယောက်ယောက်တော့ မှားနေပြီ ထင်ပါတယ်”
ခွိုက်ကျီနယ်စားကလည်း ကန့်ကွက်လေသည်။
"ဒါ ... ဒါက ကျင်းယီဝေ (ချည်ထိုး ဝတ်ရုံဝတ် ကိုယ်ရံတော်တပ်ဖွဲ့) ရဲ့ မဟုတ်မတရား စွပ်စွဲချက်ပါ၊ ကျွန်တော်မျိုးရဲ့ သားကြီးက ကျွန်တော်မျိုးရဲ့ သားအစစ်ပါပဲ၊ ဒီလောက် ယုတ်ညံ့လှတဲ့ နဂါးနဲ့ ဖီးနစ် လဲလှယ်မှုမျိုးကို ကျွန်တော်မျိုး ဘယ်လိုလုပ်ပြီး လုပ်ရက်ပါ့မလဲ၊ သူ နယ်စားအဆင့်ကို ဆက်ခံနိုင်ဖို့အတွက်တောင် ကျွန်တော်မျိုးက အသနားခံစာ တင်ထားခဲ့တာပါ။ ဒီလိုမျိုး လုပ်ရပ်ဟာ နိုင်ငံတော်သစ္စာဖောက်မှု ဖြစ်ပြီး သေဒဏ်ထိုက်တဲ့ ပြစ်မှုကြီးပါ ဘုရား"
စူးရှပြီး အသည်းအသန် ခုခံကာကွယ် ပြောဆိုနေကြသော အသံ သုံးသံမှာ ရှုပ်ထွေးပွေလီစွာ ထွက်ပေါ် လာတော့သည်။
ထို့အပြင် စတုတ္ထမြောက် အသံတစ်ခုလည်း ရှိနေသေးသည်။
[တောက် ... တစ်အိုးတည်းသောက် တစ်ပွေတည်းနှောက်တွေပါလား၊ တုကတော်ကတော့ စကားလေး နည်းနည်းနဲ့တင် သူ့ကိုယ်သူ အပြစ်ကင်းစင်အောင် လုပ်သွားနိုင်တာပဲ၊ တကယ်တော့ ဒါက လင်မယား နှစ်ယောက် ပေါင်းပြီး ကြံစည်ခဲ့တာလေ၊ အခုတော့ သူ ဘာမှမသိသလိုမျိုး ဟန်ဆောင်နေတာပေါ့]
[ပြီးတော့ ခွိုက်ကျီနယ်စားကရော၊ သူကလဲ လူယုတ်မာပဲ။ ကတော်တူး ကိုယ်ဝန်ရှိစဉ်တုန်းက နယ်စားအဆင့်ကို ဆက်ခံဖို့ သားမမွေးနိုင်မှာနဲ့ ပတ်သက်ပြီး စိုးရိမ်ရအောင် သူမကို သိမ်မွေ့တဲ့နည်းနဲ့ ဖိအားပေးခဲ့တာ၊ ကလေး မွေးပြီးတော့လဲ သူက ခဏခဏ သက်ပြင်းချ ပြီးတော့ အပြင်က မယားငယ် တစ်ယောက်မှာ သူ့အတွက် သား တစ်ယောက် မွေးပေးထားသလိုလို အဲ့ဒီသားကို အိမ်ပေါ်ခေါ်တင်ရမလိုလိုနဲ့ အရိပ်အမြွက် ပြောခဲ့တာလေ၊ ဟား … သူ့လို မြုံနေတဲ့မျိုးစေ့ကများ၊ တကယ်သာ သူ့မှာ သားရှိရင် တစ်လောကလုံး သိအောင် အကြွားပိုနေလောက်ပြီ]
[သူက တုကတော် ကိုယ်တိုင် နဂါးနဲ့ ဖီးနစ် လဲလှယ်ဖို့ အကြံပြုလာအောင် လှည့်စားခဲ့တာ၊ ပြီးတော့မှ သူက ဘာမှ မတတ်နိုင်တဲ့ ခင်ပွန်းသည် အယောင်ဆောင်ပြီး ဆေးတံလေးသောက်ရင်း ဇနီးသည်ရဲ့ ဇွတ်တရွတ်နိုင်မှုကြောင့် လိုက်လျော လိုက်ရသလိုမျိုး ဟန်ဆောင်ခဲ့တာလေ၊ တကယ့်ကို လှည့်ဖြားမှုမှာ ပါရမီရှင်ပဲ]
ရှုရန်မြောင်၏ ဖော်ထုတ်ချက်များကြောင့် တစ်နန်းတော်လုံး အတင်းအဖျင်း သတင်းအရှုပ်တော်ပုံကြီးကို အရသာရှိရှိ စားသုံးခွင့်ရနေကြသည်။ လူတိုင်းမှာလည်း အံ့အားသင့်လွန်း၍ မှင်တက်နေကြရသည်။
*ခွိုက်ကျီနယ်စား အိမ်တော်ဆိုတာ တကယ့်ကို မြွေတွေ ကြွက်တွေ စုဝေးနေတဲ့ အသိုက်အအုံကြီးပါလား၊ သူတို့ရဲ့ အမွေခံဆိုတဲ့သူ ဪ မဟုတ်သေးဘူး … အမွေခံအတုကလည်း အပြစ်မရှိတဲ့ အမျိုးသမီးတစ်ဦးကို အကျဉ်းချ ထားရက်တဲ့အထိ ရက်စက်တတ်တာပဲ*
အရာရှိတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"သူတို့က တကယ်ပဲ သွေးမတော် သားမစပ်တာ သေချာလို့လား"
ရုပ်ချင်းကလည်း တစ်ပုံစံတည်း တူလွန်းနေသည် မဟုတ်ပါလား။
"တကယ့် သမီးရင်းလေးအတွက်တော့ နှမြောစရာပဲ၊ တရားဝင် ဇနီးကြီးရဲ့ သမီးဦးအနေနဲ့ဆိုရင် အမှုထမ်း ကောင်းတဲ့ အရာရှိကြီးတွေနဲ့ သူတို့ရဲ့ သားသမီးမြေးမြစ်တွေကို ဆုလာဘ်ပေးသနားတတ်တဲ့ ဧကရာဇ်မင်းမြတ်ရဲ့ သဘောထားအရဆိုရင် သူက မင်းမျိုးမင်းနွယ် ဘွဲ့ထူးဂုဏ်ထူးတွေကို အလွယ်တကူ ရရှိနိုင်မှာပါ၊ အခုတော့ သူမရဲ့ မိဘတွေကပဲ သူမရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်ကြတာပဲ"
"ဟုတ်တယ်၊ တကယ့်ကို ဝမ်းနည်းစရာပဲ"
"တကယ် ပြောရရင် ခွိုက်ကျီနယ်စားက လူတောင်မဟုတ်ဘူး၊ ကျားတောင်မှ ကိုယ့်သားပေါက်ကို ပြန်မစားဘူး"
သို့သော်လည်း ခွိုက်ကျီနယ်စားကတော့ မျက်နှာပြောင်လှသည်။
*မင်းတို့ ပြောချင်ရာပြော၊ ငါကတော့ အသေငြင်းမှာပဲ*
သူက ဧကရာဇ်ဘက်သို့ လှည့်ကာ ပြတ်ပြတ်သားသား လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ ဒီကိစ္စက သက်သေအထောက်အထား လိုအပ်ပါတယ် ဘုရား၊ ကျွန်တော်မျိုးက ဘယ်လိုလုပ်ပြီး ဒီလို မျိုးရိုး သွေးနှောအောင် လုပ်ရက်ပါ့မလဲ၊ အကယ်၍ ဒါဟာ အမှန်ဆိုရင်တောင် ကျွန်တော်မျိုးရဲ့ သမီးကို ဘာလို့ အနားမှာမထားဘဲ အမွှာမွေးတယ်လို့ ဟန်မဆောင်ရမှာလဲ၊ ဘာလို့ စွန့်ပစ်ရမှာလဲ၊ ဒါ ကျွန်တော်မျိုးကို သိက္ခာချဖို့ အတွက် မဟုတ်မတရား လုပ်ကြံစွပ်စွဲတာ သိသာလှပါတယ်၊ အရှင်မင်းကြီးအနေနဲ့ အမှန်တရားကို ခွဲခြားသိမြင် ပေးတော်မူပါ ဘုရား"
ရှုရန်မြောင် ဖော်ထုတ်လိုက်သမျှ အမှန်တရားတွေဖြစ်ကြောင်း လူတိုင်း သိကြသည်။
ခွိုက်ကျီနယ်စားက သက်သေ မရှိသည်ကို အခွင့်ကောင်းယူပြီး အလောင်းအစားလုပ်ကာ ငြင်းနေခြင်း ဖြစ်ကြောင်း ကိုလည်း လူတိုင်း သိကြသည်။
ပြတ်သားလှပါတယ်ဆိုသည့် ဧကရာဇ်မင်းမြတ်တောင်မှ ရှုရန်မြောင်ရဲ့ စိတ်ထဲက အသံကိုပဲ အခြေခံပြီး ခွိုက်ကျီနယ်စားအိမ်တော်ကို အပြစ်ပေးဖို့ ခက်ခဲနေပါသည်။ "အမွေခံအတုနဲ့ နန်းတော်ကို လိမ်လည် လှည့်ဖြားတယ်" ဆိုသည့် စွပ်စွဲချက်မှာ ခိုင်လုံသော သက်သေ မရှိဘဲနှင့် ပြည်သူများရှေ့တွင် အခြေအမြစ် မရှိသလို ဖြစ်နေနိုင်သောကြောင့်ပင်။
တရားခွင်တစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။
ဧကရာဇ်မင်းမြတ်ဘက်မှ ချက်ချင်းတုံ့ပြန်ခြင်း မရှိသလို ရှုရန်မြောင်၏ စိတ်ထဲမှအသံကလည်း အချက်အလက် သစ်များ ထပ်မံပေးခြင်း မရှိတော့သည့်အခါတွင် ခွိုက်ကျီနယ်စား၏ နှုတ်ခမ်းထောင့်များမှာ အနိုင်ရရှိသူ တစ်ဦးကဲ့သို့ ကျေနပ်စွာ တွန့်ကွေးသွားတော့သည်။
သူ၏ အလောင်းအစားမှာ အောင်မြင်ခဲ့လေပြီ။
တရားမျှတသော အုပ်ချုပ်သူတစ်ဦးအဖြစ် အများအမြင်မှာ ရှိနေစေရန်အတွက် ဧကရာဇ်မင်းမြတ်သည် ရှုရန်မြောင်၏ ဖော်ထုတ်ချက် တစ်ခုတည်းအပေါ် အခြေခံပြီး မည်သူ့ကိုမျှ ပြစ်ဒဏ်မပေးနိုင်သည်ကို သူ သိနေသည်။
ထို့အပြင် ရှုရန်မြောင် … သူကရော ဘာလုပ်နိုင်မည်နည်း။ အမှန်တရားကို သိနေခြင်းက ဘာမှ အရာမရောက်ပေ။ တစ်နန်းတော်လုံး သိနေရင်တောင်မှ သက်သေမရှိလျှင် ၎င်းတို့အားလုံးမှာ အဓိပ္ပာယ် မရှိပေ။
သို့သော် ခွိုက်ကျီနယ်စားကို အနှောင့်အယှက် အပေးဆုံးအရာမှာ …
သူသည် အရွယ်ရောက်လာပြီဖြစ်သော ရှဲ့လော့ရွှေကို မသိမသာ ခိုးကြည့်လိုက်သည်။
*အဲ့ဒီတုန်းက ပြဿနာ အစအနတွေကို ရှင်းပစ်ဖို့ ဒီကလေးမလေးကို သတ်ပစ်ဖို့ ငါအကြံပေးခဲ့တာ မဟုတ်ဘူးလား၊ တုကတော်က စိတ်ပျော့သွားပြီး အသက်ကို ချမ်းသာပေးခဲ့တာများလား၊ ဟမ့် … မိုက်မဲလိုက်တဲ့ မိန်းမ ... သူ့ကြောင့်နဲ့ ဒီနယ်စားအိမ်တော်တစ်ခုလုံး ပျက်စီးတော့မလို့ ဖြစ်ခဲ့ရတာပဲ*
အမွေခံအတုနှင့် နန်းတော်ကို လိမ်လည်လှည့်ဖြားမှုမှာ ဖမ်းမိသွားပါက နိုင်ငံတော်သစ္စာဖောက်မှု အဆင့်အထိ သတ်မှတ် ခံရနိုင်ပြီး သေဒဏ်အထိ ကျခံရနိုင်သော ကြီးလေးသည့် ပြစ်မှုမျိုး ဖြစ်သည်။
ထိုစဉ်မှာပင် တရားရေးဝန်ကြီးက အေးအေးလူလူပင် စကားထွက်လာသည်။
"အရှင်မင်းကြီးက နဂါးနဲ့ ဖီးနစ် လဲလှယ်ခြင်းဆိုတဲ့ ကိစ္စကို ပြောဆိုလာခဲ့မှတော့ တကယ့် ဖီးနစ်က ဘယ်သူလဲ ဆိုတာကိုလဲ သိရှိထားမှာ သေချာပါတယ်။ သူမကို ရှေ့တော်သွင်းပြီး ခွိုက်ကျီနယ်စားနဲ့ သွေးချင်းနှောခြင်း ရှိ၊ မရှိ သက်သေပြဖို့ သွေးစစ်ဆေးမှု တစ်ခု လုပ်ခိုင်းသင့်ပါတယ် ဘုရား"
ဧကရာဇ်မင်းမြတ်က ပြုံးလိုက်သည်။
"ကောင်းလိုက်တဲ့ အကြံပဲ ဝန်ကြီး"
ခွိုက်ကျီနယ်စား၏ မျက်နှာမှာမူ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
ခွိုက်ကျီနယ်စားသည် သွေးစစ်မည့်ကိစ္စကို လုံးဝတွက်မထားမိခဲ့ပေ။
သို့သော် အခြေအနေအားလုံးက ဆိုးရွားသွားပြီဟုတော့ မဆိုနိုင်သေး။ သူ့တွင် လျှို့ဝှက်ချက်လေးတစ်ခု ရှိနေသည်။ ၎င်းမှာ ရေထဲသို့ ရှာလကာရည် အနည်းငယ် ထည့်ထားပါက သွေးချင်းတော်စပ်သူများ ဖြစ်လင့်ကစား သွေးများ ပေါင်းစပ်သွားခြင်းကို တားဆီးနိုင်သည်ဟူသောအချက်ပင်။ သူသာ တစ်နည်းနည်းဖြင့် စီစဉ်နိုင်မည်ဆိုလျှင်...
[ဟမ် သွေးစစ်မလို့လား]
ရှုရန်မြောင်၏ စိတ်ထဲမှအသံက တစ်ကျော့ပြန် ပေါ်ထွက်လာပြန်သည်။
[ဒါပေမဲ့... သွေးစစ်တယ်ဆိုတာက အတုကြီးလေ]
[ရေထဲကို ကြိုတင်ပြီး ရှာလကာရည် ထည့်မထားသရွေ့တော့ ဘယ်သူ့သွေးမဆို ရေထဲမှာ ပေါင်းစပ် သွားမှာပဲ ဟာကို]
ဧကရာဇ်၏ မျက်နှာတော်မှာ ချက်ချင်းပင် မှောင်ကျသွားတော့သည်။
ခွိုက်ကျီနယ်စားကတော့ ကျေနပ်စွာ ပြုံးလိုက်မိသည်။
တရားခွင်တစ်ခုလုံးမှာမူ ရုတ်ရုတ်သည်းသည်းနှင့် ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
"သွေးစစ်တာက အလုပ်မလုပ်ဘူး ဟုတ်လား"
အရာရှိတစ်ဦးက စကားပင် ထစ်အသွားရသည်။
"ဒါပေမဲ့ ပြည်တွင်းစစ်တွေ ဖြစ်နေတုန်းက ငါ့အဖေကို ပြန်ရှာတွေ့ဖို့အတွက် သွေးစစ်တဲ့နည်းကိုပဲ အားကိုးခဲ့ ရတာလေ"
အကယ်၍ သွေးစစ်ခြင်းကသာ အတုအယောင် ဖြစ်နေမည်ဆိုပါက...