လန့်စရာပဲ၊ မြို့စားက သူက နွားဖာကြိုး ထိုးခံရတဲ့သူဆိုတာကို လူသိရှင်ကြား ဝန်ခံလိုက်ပြီ (၂)
Vol. 2 Ch. 28
ဒါဆိုရင်... သူ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လုံးလုံး "အဖေ" လို့ ခေါ်လာခဲ့တဲ့သူက ဘယ်သူကြီးလဲ။
အရာရှိတစ်ဦးမှာ မျက်နှာတစ်ခုလုံး စိမ်းဖန့်ဖန့် ဖြစ်သွားပြီး တိုးတိုးလေး ရေရွတ်နေမိသည်။
"ငါ့မိန်းမကတော့ ဒီကလေးက ငါ့သွေးသားပါလို့ ပြောတာပဲ၊ ငါကိုယ်တိုင်လဲ အဲ့ဒီကောင်လေးနဲ့ သွေးသား တော်စပ်ခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့သေးတာ..."
သူ့ဘေးက အရာရှိက သူ့ကို ချော့မော့ရန် ကြိုးစားလေသည်။
"ဖြစ်နိုင်တာကတော့ ကလေးက မင်းရဲ့ သွေးသားရင်း ဖြစ်မှာပါ..."
မျက်နှာ စိမ်းဖန့်ဖန့်ဖြစ်နေသော အရာရှိက စကားဖြတ်ပြောလိုက်သည်။ သူ၏မျက်နှာမှာ ဝမ်းနည်းမှုနှင့် နာကျည်းမှုတို့ ရောပြွမ်းနေ၏။
"ငါ တာဝန်နဲ့ အဝေးကို နှစ်နှစ်တိတိ ထွက်သွားခဲ့ရတာလေ၊ ငါ ပြန်လာတော့ အိမ်မှာ တစ်နှစ်သားအရွယ် ကလေး တစ်ယောက် ရှိနေပြီ။ သူက ငါ့ကို ဘယ်လိုပြောလဲဆိုတော့ ငါတို့ အိပ်မက်ထဲမှာ ဆုံကြတုန်းက ရလာတဲ့ ကိုယ်ဝန်တဲ့"
ဘေးက ချော့မော့နေသော အရာရှိ - "..."
*အင်း... အဲ့ဒါကတော့... တကယ်ပဲ မင်းရဲ့ကလေး မဟုတ်ဖို့ များနေပြီ*
တစ်ဖက်တွင်လည်း ဤတရားခွင်တစ်ခုလုံးကို သွေးစစ်ဆေးခြင်း အကြံပေးချက်ဖြင့် မုန်တိုင်းထန်စေခဲ့သော တရားရေး ဝန်ကြီးမှာမူ ထင်ထင်ရှားရှားပင် သက်ပြင်းချနိုင်သွားသည်။
"တော်သေးတာပေါ့... ငါ့မှာ သားသမီးလည်း မရှိဘူး၊ ငါ့အဖေကလည်း ဘယ်တုန်းကမှ ပျောက်မသွားခဲ့ဘူး"
အခြားအရာရှိများ - "..."
*မင်း အခု ဘာတွေပြောနေတာလဲဆိုတာရော ကိုယ့်ဘာသာကိုယ် ကြားရဲ့လား*
တရားရေးဝန်ကြီးက အခြေအနေကို ပြန်လည်ထိန်းသိမ်းရန်အတွက် ချောင်းတစ်ချက် ဟန့်လိုက်သည်။
"အရှင်မင်းကြီး ... အရိုးနဲ့ သွေးသားကို စစ်ဆေးတဲ့ နည်းလမ်းလည်း ရှိပါသေးတယ်။ အဖေနဲ့ သမီး အစစ်အမှန်ဆိုရင် တစ်ဦးရဲ့သွေးက နောက်တစ်ဦးရဲ့ အရိုးထဲကို အမြဲတမ်း စိမ့်ဝင်သွားမှာပါ"
[အတုကြီး]
"ကျွန်တော်မျိုး ကြားဖူးတာကတော့ မိဘနဲ့ သားသမီးရဲ့ ဆီးတွေက တစ်ခုနဲ့တစ်ခု မှတ်မိနိုင်ကြတယ်ဆိုပဲ"
[အတုကြီး]
"ပြီးတော့ အမေနဲ့ သမီးရဲ့ ... အင်း ... ခန္ဓာကိုယ် အစိတ်အပိုင်း အချို့က တူညီနေရမယ်လို့လဲ"
[အတုကြီး]
တရားရေးဝန်ကြီး - "..."
[အတုကြီးပဲ ... ဟင်၊ ဘာလို့ အခုမှ တိတ်ဆိတ်သွားတာလဲ၊ သူပြောစရာက ဒါအကုန်ပဲလား]
[ အင်း ... ဒါအကုန်ပဲ၊ ဒီတရားရေးဝန်ကြီးက ကြည့်ရတာ ထင်သလောက် အရည်အချင်းမရှိဘူးပဲ]
တရားရေးဝန်ကြီးမှာ ဆက်လက်၍ စိတ်မထိန်းနိုင်တော့ပေ။ သူသည် သွားကို တင်းတင်းကြိတ်ကာ အသံကို မြှင့်၍ လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး၊ သေချာပြန်လည်စဉ်းစားကြည့်တဲ့အခါမှာတော့ ဒါတွေဟာ အရပ်သုံးနည်းလမ်းတွေသာ ဖြစ်ပြီး ယုံကြည် စိတ်ချလို့ မရနိုင်ဘူးလို့ ကျွန်တော်မျိုး ယူဆမိပါတယ် ဘုရား၊ ကျွန်တော်မျိုးရဲ့ အသိပညာက တိမ်ကော လွန်းလှသလို အခုလို တင်ပြမိတာဟာလဲ ဆင်ခြင်တုံတရား ကင်းမဲ့ရာ ရောက်သွားခဲ့ပါတယ်၊ ကျွန်တော်မျိုး မှားသွားခဲ့ပါတယ် ဘုရား"
ဧကရာဇ်အိုကြီးကိုယ်တိုင်ပင် ထိုဝန်ကြီးအပေါ် သနားစိတ် အနည်းငယ် ဝင်မိသွားသည်။
ရာစုနှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သည့် အမှန်စစ်ဆေးနည်းဟု ဆိုသော နည်းလမ်းများကို ရှုရန်မြောင်က တစ်ခုပြီး တစ်ခု အတုအယောင်များ ဖြစ်ကြောင်း ဖော်ထုတ်နေသည်မဟုတ်ပါလား။ ဝန်ကြီး၏ ယုံကြည်မှုများ ပြိုလဲသွားသည်မှာလည်း မဆန်းပေ။
"ချစ်လှစွာသော ဝန်ကြီး..."
ဧကရာဇ်က ရိုးသားစွာပင် မိန့်ကြားလိုက်သည်။
"ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး"
*တကယ်တော့ ဒါတွေအားလုံးက ရှုရန်မြောင်ရဲ့ ညှာတာမှုကင်းတဲ့ လျှာ ကြောင့်ပါပဲ*
[ဒါဆိုရင် အခု ကျင်းယီဝေက ခိုင်လုံတဲ့ သက်သေတွေနဲ့ ထွက်လာရမယ့် အချိန်ပဲ မဟုတ်လား]
ရှုရန်မြောင်၏ စိတ်ထဲမှ အသံမှာ အရင်အတိုင်းပင် စိတ်အားထက်သန်နေဆဲဖြစ်သည်။
[ရှဲ့လော့ရွှေရဲ့ မိသားစုမှာ မျက်နှာသစ် အင်တုံ တစ်ခု ရှိတယ်။ အဲ့ဒါက သူ ကလေးဘဝတုန်းက လော့မြစ်ထဲမှာ မျှောပါလာခဲ့စဉ်က သူ့ကို ထည့်ထားခဲ့တဲ့ အင်တုံပဲ၊ အဲ့ဒီအင်တုံက တုကတော်ရဲ့ အခန်းထဲမှာ သုံးခဲ့တဲ့ အင်တုံလည်း ဖြစ်နေပြန်ရော၊ အဲ့ဒီတုန်းက အခြေအနေတွေက အရမ်း အလောတကြီး ဖြစ်ခဲ့တာလေ၊ တုကတော်က သူမရဲ့ အစေခံမလေးကို သမီးဖြစ်သူ ရှဲ့လော့ရွှေကို အိမ်တော်ပြင်ပကို ခိုးထုတ်ပြီး တိတ်တိတ် ဆိတ်ဆိတ် စွန့်ပစ်ဖို့ ခိုင်းခဲ့တာ၊ ဒါပေမဲ့ တစ်ခြားသူတွေ မမြင်အောင်လို့ အဲ့ဒီအင်တုံထဲကို ထည့်ပြီး စွန့်ပစ်ခဲ့ကြတာလေ]
[အင်တုံရဲ့ အောက်ခြေမှာ အဲ့ဒါကို ထုလုပ်ခဲ့တဲ့ လက်မှုပညာသည်ရဲ့ အမှတ်အသားနဲ့ ထုလုပ်ခဲ့တဲ့ ရက်စွဲကို ထွင်းထု ထားသေးတယ်၊ အဲ့ဒီပညာသည်ရဲ့ စာရင်းစာအုပ်ထဲမှာရော ခွိုက်ကျီနယ်စား အိမ်တော်ရဲ့ အသုံးစရိတ် စာရင်း တွေမှာပါ အဲ့ဒီအင်တုံနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေ ရှိနေတယ်၊ အဲ့ဒါတွေကို တိုက်စစ်ဆေးကြည့်လိုက်ရင် အားလုံးက အမှန်အတိုင်း ပေါ်လာမှာပဲ]
ခွိုက်ကျီနယ်စားသည် မေးကြောများကို တင်းတင်းကြိတ်ထားပြီး ခုခံခြေပချက်တစ်ခုကို ကြိုတင် ပြင်ဆင် လိုက်သည်။
*တုကတော်က အင်တုံအသစ် လိုချင်လို့ အဟောင်းကို လွန်ခဲ့တဲ့ အချိန်ကတည်းက လွှင့်ပစ်လိုက်တာလို့ ငါ ပြောမှာပေါ့*
[ဪ … ပြီးတော့ နောက်ထပ် ရှိသေးတယ်၊ အနီးအနားက လော့ယန်ခရိုင်ရဲ့ လွန်ခဲ့တဲ့ ၁၈ နှစ်က တရားရုံး မှတ်တမ်းတွေမှာ လင်မယားနှစ်ယောက် သေဆုံးခဲ့တဲ့ အိမ်မီးလောင်မှုတစ်ခု အကြောင်း ဖော်ပြထားတယ်၊ ဒါပေမဲ့ ထူးဆန်းတာက အလောင်း နှစ်လောင်းပဲ တွေ့ရတာတဲ့၊ အဲ့ဒီအိမ်မှာ ရှိနေသင့်တဲ့ ယောကျ်ားလေး ကလေးငယ် ကတော့ လျှို့ဝှက်စွာ ပျောက်ဆုံးသွားခဲ့တယ်လေ]
ခွိုက်ကျီနယ်စား၏ လည်ပင်းပေါ်တွင် ချွေးစေးများ စတင်ထွက်ပေါ်လာတော့သည်။
သို့သော်လည်း သူ၏ စိတ်ထဲတွင်တော့ နောက်ထပ် ဆင်ခြေတစ်ခုကို ပြင်ဆင်ထားဆဲပင်။
*ဒါကတော့ ဖော်မထုတ်နိုင်တဲ့ အမှုဟောင်းတစ်ခုထက် မပိုဘူးလေ။ ပျောက်ဆုံးသွားတဲ့ ကလေးငယ်က နယ်စား အိမ်တော်ရဲ့ အမွေခံ ဖြစ်နေပါတယ်လို့ စွပ်စွဲဖို့ဆိုတာ အလှမ်းဝေးလွန်းပါသေးတယ်*
[အော် ... ဟုတ်သားပဲ၊ ကျင်းယီဝေတွေဆီမှာ လော့ယန်ခရိုင်ရဲ့ သန်းခေါင်စာရင်း မှတ်တမ်းတွေလဲ ရှိနေမှာပဲ၊ ဒီမှတ်တမ်းတွေကို အနှစ်နှစ်ဆယ်မှာ တစ်ကြိမ် အသစ်လဲလေ့ရှိပြီး အဲ့ဒီထဲမှာ နာမည်၊ ကျား/မ၊ အသက်၊ ပိုင်ဆိုင်တဲ့ မြေကွက်၊ နေရပ်လိပ်စာ၊ အခွန်ပေးဆောင်မှု မှတ်တမ်းတွေအပြင် ရုပ်ပုံပန်းသဏ္ဌာန် ဖော်ပြချက်တွေနဲ့ ပုံတူပန်းချီ တွေတောင် ပါသေးတာပဲကိုး]
[တကယ့်ကို ကံမကောင်းလှတဲ့ တိုက်ဆိုင်မှုကြီးပါလား]
[လော့မြစ်ထဲက တံငါသည်မလေးက တုကတော်နဲ့ ရုပ်ချင်းဆင်နေပြီး နယ်စားအိမ်တော်ရဲ့ အမွေခံကတော့ လော့ယန်ခရိုင်က လယ်သမားတစ်ယောက်နဲ့ တစ်ပုံစံတည်း တူနေတာပဲ]
[ကျွတ်စ် … ကျွတ်စ်]
[သက်သေကတော့ ငြင်းမရအောင် ခိုင်လုံနေပြီပဲ]
*အဓိပ္ပာယ်မရှိတာ*
*ဒါက ဘယ်လိုလုပ်ပြီး ငြင်းမရတဲ့ သက်သေဖြစ်မှာလဲ*
ခွိုက်ကျီနယ်စား၏ မျက်လုံးများမှာ တင်းမာခက်ထန်သွားသည်။
"အရှင်မင်းကြီး"
သူက အော်ဟစ်လိုက်သည်။
"ဒီအခြေအနေအထိ ရောက်လာမှတော့ ကျွန်တော်မျိုး ဝန်ခံရပါတော့မယ်"
ဧကရာဇ်မင်းမြတ်က အလိုအလျောက်ပင် မေးမြန်းလိုက်သည်။
“ဘာကို ဝန်ခံမှာလဲ"
"ကျွန်တော်မျိုးရဲ့ ဇနီးပါ၊ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်တုန်းက သူမဟာ လော့ယန်ခရိုင်က လယ်သမားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့တာပါ၊ အဲ့ဒီအရှုပ်တော်ပုံက နှစ်နှစ်တောင် ကြာခဲ့တာပါ ဘုရား"
သူ၏ စကားလုံးများမှာ မယုံကြည်နိုင်စရာ အမှန်တရားတစ်ခုကို ပြောနေသကဲ့သို့ ပြတ်သားလွန်းလှသည်။
"အရှင်မင်းကြီးက ဘာကြောင့် နဂါးနဲ့ ဖီးနစ် လဲလှယ်တယ်လို့ စွပ်စွဲလဲဆိုတာကို ကျွန်တော်မျိုး နားမလည်ခဲ့လို့ အသေအလဲ ငြင်းခဲ့မိတာပါ၊ ဒါပေမဲ့ အခုမှ ကျွန်တော်မျိုး သဘောပေါက်ပါတော့တယ်၊ အမွေခံသားဟာ ကျွန်တော်မျိုးနဲ့ရော၊ ကျွန်တော်မျိုးရဲ့ ဇနီးနဲ့ပါ ရုပ်မဆင်လို့ အရှင်မင်းကြီးက သံသယဝင်ခဲ့တာကိုး၊ ဒီနေ့ဖြစ်ရပ်တွေက ကျွန်တော်မျိုးကိုလည်း အရာရာကို ပြန်လည်မေးခွန်းထုတ်စေခဲ့ပါပြီ"
"အခုတော့ ရှင်းပါပြီ ... ကျွန်တော်မျိုးဟာ အနှစ်နှစ်ဆယ်လုံးလုံး နွားဖာကြိုးဆွဲခံရတဲ့ လင်ယောက်ျား ဖြစ်ခဲ့ရပြီး သူစိမ်း ယောက်ျားရဲ့ သားကို ဆယ့်ရှစ်နှစ်တိုင်တိုင် ကျွေးမွေးပြုစုလာခဲ့ရတာပါလား"
သူပြောနေစဉ်မှာပင် ထိုနွားဖာကြိုး ထိုးခံရသူကြီးမှာ မျက်ရည်ပင် ဝဲလာပုံရပြီး ဝတ်ရုံလက်ဖျားဖြင့် မျက်လုံးကို သုတ်နေလိုက်သေးသည်။
နန်းတွင်းအရာရှိများမှာမူ လုံးဝ မှင်တက်သွားကြတော့သည်။
အမွေခံအတုနဲ့ နယ်စားဘွဲ့ကို ခိုးယူဖို့ ကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်ကနေ လွတ်မြောက်ဖို့အတွက် ခွိုက်ကျီနယ်စားဟာ ရှိသမျှ အစွမ်းကုန် ထုတ်သုံးနေတော့သည်။