← Chapters

ဟမ့် … မင်း ငါ့စစ်သူကြီးတွေထဲက တစ်ယောက်ကို ဆုံးရှုံးလုနီးပါး ဖြစ်တော့မလို့ (၁)

Vol. 2 Ch. 29

ဟမ့် … မင်း ငါ့စစ်သူကြီးတွေထဲက တစ်ယောက်ကို ဆုံးရှုံးလုနီးပါး ဖြစ်တော့မလို့ (၁)

Vol. 2 Ch. 29

တုကတော်မှာ ဆိတ်ဆိတ်သာ နေတော့သည်။

မင်းမျိုးမင်းနွယ် ဘွဲ့ထူးဂုဏ်ထူးများကို လိမ်လည် ရယူခြင်းသည် အဆင့်အတန်းစနစ်ကို အန်တုစော်ကားခြင်း ဖြစ်ရာ ဦးခေါင်းဖြတ်သေဒဏ်အထိ ကျခံရနိုင်သည့် ပြစ်မှု ဖြစ်သည်။ သို့သော် ဖောက်ပြန်မှု အတွက် ပြစ်ဒဏ်မှာမူ အလွန်ပင် ပေါ့ပါးလှသည်။ ပြစ်မှုကျူးလွန်သူ နှစ်ဦးစလုံးအတွက် တစ်နှစ်နှင့် ခြောက်လကြာ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သာ ဖြစ်သည်။ ဤပြစ်ဒဏ်သည် အဓမ္မပြုကျင့်မှုအတွက် သတ်မှတ်ထားသော ပြစ်ဒဏ်ထက်ပင် ခြောက်လမျှ ပို၍ လျော့နည်းသေးသည်။ အသိဉာဏ်ရှိသူတိုင်း မည်သည့်လမ်းကို ရွေးချယ်ရမည်ကို သိကြပေ လိမ့်မည်။

ထို့အပြင် တကယ်တမ်း တစ်ပါးသူကို နှာခေါင်းသွင်း ကြိုးဆွဲခဲ့သူမှာ သူမကိုယ်တိုင်ပင် ဖြစ်ရာ သူမအနေဖြင့် ဘာကို ကြောက်နေရတော့မည်နည်း။

ခွိုက်ကျီနယ်စားကမူ နန်းတွင်းအရာရှိများ၏ အံ့အားသင့်မှုကို ဂရုမစိုက်တော့ပေ။

မိမိအသက်ကို ကယ်တင်နိုင်သရွေ့တော့ ဦးထုပ်စိမ်း ဆောင်းရခြင်းလောက်က ဘာအရေးနည်း။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က ဗဟိုလွင်ပြင်ဒေသကို ပြည်ပ အင်အားစုများက အုပ်ချုပ်ခဲ့စဉ်က အင်ပါယာ ကြီးမှာ ပြိုကွဲပျက်စီးခဲ့ပြီး နိုင်ငံငယ်လေးများစွာ ပေါ်ထွန်းခဲ့ဖူးသည်။ ထိုစဉ်က မင်းဆက်တစ်ခုမှ ဧကရာဇ်သည် မိန်းမစိုးများကိုသာ ယုံကြည်အားကိုးခဲ့သည်။ ထိုမင်းစိုး၏ တရားရုံးတွင် အရာရှိ ဖြစ်လိုသူတိုင်း မိမိကိုယ်ကိုယ် သင်းကွပ် ရမည် ဖြစ်သော်လည်း ထိုကဲ့သို့ အရှက်သိက္ခာမဲ့လှသော အပြုအမူမျိုးကိုပင် လူပေါင်းများစွာက ရာထူးရရန် အတွက် မိမိတို့၏ အင်္ဂါကို ကိုယ်တိုင်လှီးဖြတ်ကာ လိုလိုလားလား လုပ်ဆောင်ခဲ့ကြသည်။

ထိုစဉ်က ထိုတိုင်းပြည်တွင် မိန်းမစိုးပေါင်း နှစ်သောင်းကျော်အထိ ရှိခဲ့ဖူးသည်ဟု ဆိုကြလေသည်။

၎င်းနှင့် နှိုင်းယှဉ်ပါက ဦးထုပ်စိမ်း ဆောင်းရခြင်းမှာ ဘာမျှမဟုတ်တော့ပေ။ မိမိဘာသာ အမှန်တရားကို သိနေ သရွေ့တော့ အခြားသူများ ဘာတွေးတွေး သူ ဂရုမစိုက်တော့ပြီ။

သို့သော် သူ၏ အောင်နိုင်မှု အထိမ်းအမှတ် ခံစားချက်မှာ ရှုရန်မြောင်၏ စကားနှစ်ခွန်းကြောင့် ရုတ်တရက် ရိုက်ခွဲခြင်း ခံလိုက်ရတော့သည်။

[ဟင်၊ တကယ်ပဲ အဲ့ဒီလိုမျိုး ရှိခဲ့တာလား]

ဤဒရာမာ ဇာတ်လမ်း၏ နောက်ကွယ်မှ ရှုပ်ထွေး ပွေလီလှသော အကွက်များကို သတိမထားမိသည့် ကျောင်းသားလေး ရှုရန်မြောင်မှာ ဇဝေဇဝါဖြင့် သူ၏မျက်နှာကို ကုတ်လိုက်မိသည်။

[ကလေးချင်း လဲလှယ်တဲ့ကိစ္စက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ခွိုက်ကျီ နယ်စားအိုကြီးက အမွေခံကို တရားဝင် ခန့်အပ်ဖို့ နှောင့်နှေးနေခဲ့လို့ ဖြစ်တာ မဟုတ်ဘူးလား၊ ခွိုက်ကျီနယ်စားက အသက်သုံးဆယ်ကျော်တဲ့အထိ သား မရှိခဲ့တာရယ်၊ သား ခုနစ်ယောက်တောင် မွေးထားပြီးသားဖြစ်တဲ့ သူ့ရဲ့ ဒုတိယညီကို အမွေခံအဖြစ် ခန့်အပ်ဖို့ ဖိအားပေးခံ နေရတာရယ်ကြောင့် မဟုတ်လား၊ အဲ့ဒါကြောင့်မို့လို့ တုကတော်က သူ့ကလေးကို ယောင်္ကျားလေး ဖြစ်အောင် အသေအချာ စီစဉ်ခဲ့ရတာ မဟုတ်ဘူးလား]

ဧကရာဇ်မင်းမြတ်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ခွိုက်ကျီနယ်စား၏ ရင်ထဲတွင်မူ ထိတ်လန့်တကြား တုန်လှုပ်မှုများ စတင်လာတော့သည်။

ထို့နောက်တွင် ဧကရာဇ်မင်းမြတ်မှာ အားရပါးရ အော်ဟစ်ရယ်မောလိုက်တော့သည်။

“ခွိုက်ကျီနယ်စား ... ဟား ဟား ဟား"

ခွိုက်ကျီနယ်စား၏ မျက်နှာမှာမူ ပြာနှမ်းသွားတော့သည်။

"မင်းရဲ့ အခြေအနေအတွက် ငါကိုယ်တော် တကယ်ပဲ ကိုယ်ချင်းစာမိပါတယ်"

ဧကရာဇ်မင်းမြတ်၏ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ရှိမနေခဲ့ပါက သူ၏ ကိုယ်ချင်းစာစကားမှာ ပို၍ပင် ယုံကြည်စရာ ကောင်းနေပေလိမ့်မည်။

"ဒီလိုဆိုရင် ငါကိုယ်တော်က မင်းကို သားတစ်ယောက် ပေးရင်ရော ဘယ်လိုလဲ၊ မင်း အသက်ကြီးလာတဲ့အခါမှာ မင်းကို ပြုစုစောင့်ရှောက်ဖို့အတွက်ပေါ့၊ မင်းရဲ့ ဒုတိယညီရဲ့ အငယ်ဆုံးသားဆိုရင်ရော ဘယ်လိုလဲ၊ သူက ကလေးပဲ ရှိသေးတာဆိုတော့ ပြုပြင်ရလည်း လွယ်မှာပါ၊ သူ့ကိုပဲ မင်းရဲ့ အမွေခံအဖြစ် ငါကိုယ်တော် ခန့်အပ်ပေးမယ်"

"မလုပ်ပါနဲ့ ဘုရား"

ခွိုက်ကျီနယ်စား၏ အော်ဟစ်သံမှာ တရားခွင်တစ်ခုလုံးကို စူးရှစွာ ထိုးဖောက်သွားတော့သည်။ သူသည် လက်ရှိ ရောက်နေသည့် နေရာနှင့် သူ၏ အန္တရာယ်ရှိနေသော အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ငြင်းဆိုချက်မှာ အသည်းအသန် အော်ဟစ်လိုက်သည့် အော်သံတစ်ခုကဲ့သို့ပင်။

ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့သော ပြည်သူ့လုပ်ငန်းဝန်ကြီးမှာမူ မှင်တက်သွားတော့သည်။

သူ မြင်နေရသည့် မြင်ကွင်းကို သူကိုယ်တိုင်ပင် ယုံကြည်နိုင်ရန် ခဲယဉ်းလှသည်။ ဤကဲ့သို့ အရေးကြီးလှသော အချိန်အခါမျိုးတွင် ခွိုက်ကျီနယ်စားသည် အောက်ကျို့၍ အညံ့ခံဟန်ဆောင်မည့်အစား ဧကရာဇ်မင်းမြတ်၏ အလိုတော်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်အော်ဟစ်နေသည် မဟုတ်ပါလား။

ယဉ်ကျေးမှုဝန်ကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါက... သူ စိတ်ဒဏ်ရာရသွားလို့ ရူးသွားတာများလား"

ထိုစဉ် စိတ်လှုပ်ရှားမှုအပြည့်နှင့် အသံအသစ်တစ်ခုက ကြားဖြတ်ဝင်လာသည်။

"ဘာစိတ်ဒဏ်ရာလဲ၊ ရှုရန်မြောင်သာဆိုရင် ... သူက အသေးစိတ်တွေကို မျှဝေပေးနိုင်မလား"

ပြည်သူ့လုပ်ငန်း ဝန်ကြီးမှာ ဆတ်ခနဲ တောင့်တင်းသွားတော့သည်။ ထိုအသံမှာ သူနှင့် အလွန်ပင် ရင်းနှီးလွန်း နေသောကြောင့်ပင်။

သူ လှည့်ကြည့်လိုက်သည့်အခါ နှလုံးရပ်မတတ် ထိတ်လန့်သွားရသည်။

"အိမ်ရှေ့စံမင်းသား၊ အရှင်က ဘာလို့ ဒီကို ရောက်နေတာလဲ"

သူ့ကိုယ်သူ မထိန်းနိုင်ခင်မှာပင် စကားလုံးများက လွှတ်ခနဲ ထွက်သွားခြင်း ဖြစ်သည်။ သူ၏အမှားကို သတိပြုမိ သွားချိန်တွင်မူ အရှက်ရစွာဖြင့် ပါးစပ်ကို အတင်းပိတ်ထားလိုက်မိတော့သည်။

အိမ်ရှေ့စံမင်းသားသည် ဆယ်ရက်မှ နှစ်ရက်၊ သုံးရက်ခန့်သာ တရားခွင်သို့ တက်ရောက်လေ့ရှိသော်လည်း ဝန်ကြီး တစ်ဦး အနေဖြင့် ဤမျှအထိ ပေါ့ပေါ့ပါးပါး မပြောဆိုသင့်ပေ။

အိမ်ရှေ့စံမင်းသားက လက်နှစ်ဖက်ကို နောက်ပစ်ထားကာ အေးအေးလူလူပင် ပြုံးနေသည်။

"ဒီရက်ပိုင်း တရားခွင်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာကိုး ..."

သူ၏ နောက်ကွယ်တွင်မူ ပျာပျာသလဲ ဖြစ်နေသော အစေခံ သုံးငါးဦးမှာ ငိုတော့မည့်ရုပ်များဖြင့် ရှိနေကြသည်။ သူတို့မှာ မင်းသားကို ပြန်ခေါ်သွားချင်သော်လည်း မလုပ်ရဲဘဲ အသည်းအသန် ဖြစ်နေကြသည်မှာ သိသာလှသည်။

အိမ်ရှေ့စံမင်းသားကမူ သူတို့၏ ဒုက္ခရောက်နေမှုကို လုံးဝ သတိမထားမိပုံပင်။ သူသည် ပြည်သူ့လုပ်ငန်းဝန်ကြီးနှင့် ယဉ်ကျေးမှုဝန်ကြီးတို့ကြားသို့ တိုးဝင်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဒီနေ့ ဒီနေရာမှာ အိမ်ရှေ့စံဆိုတာ မရှိပါဘူး၊ ငါက မင်းတို့နဲ့အတူ ဒီစိတ်ဝင်စားဖို့ကောင်းတဲ့ အရှုပ်တော်ပုံ အကြောင်းကို ဆွေးနွေးဖို့ ရောက်လာတာပါ”

သူက အားတက်သရောဖြင့် ဆက်ပြောသည်။

“မင်းတို့ရော ဘယ်လိုထင်လဲ၊ သူက သူ့ညီကို မကျေနပ်ချက်တွေ ရှိနေတာလား၊ အမွေခံနေရာကို လုယူလုနီးပါး ဖြစ်ခဲ့တဲ့အတွက်ကြောင့်လေ၊ အဲ့ဒါကြောင့်ပဲ သူ နယ်စားဘွဲ့ကို ဆက်ခံပြီးတာတောင်မှ သားအတုကို မသတ်ရက်တာ ဒါမှမဟုတ် သူ့တူကို သားအဖြစ် အမွေစားအမွေခံအဖြစ် မမွေးစားနိုင်တာလား”

ပြည်သူ့လုပ်ငန်း ဝန်ကြီးက တုံ့ဆိုင်းနေသော်လည်း အတင်းအဖျင်းသတင်းတွင် စိတ်ပါသွားသော ယဉ်ကျေးမှု ဝန်ကြီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။

“ကျွန်တော်မျိုးလည်း အဲ့ဒါကြောင့်ပဲလို့ ထင်ပါတယ် ဘုရား၊ မဟုတ်ရင် ဘာလို့ သွေးမတော် သားမစပ်တဲ့ ကလေးတစ်ယောက်ကို အမွေခံနေရာ ပေးထားပါ့မလဲ”

“အတိအကျပဲ၊ သူက လူသတ်ဖို့ ဝန်လေးမယ့် လူစားမျိုးလဲ မဟုတ်ဘူးလေ”

အိမ်ရှေ့စံမင်းသားက ဟန်ပါပါဖြင့် သက်ပြင်းချလိုက်သည်။

“ငါ လူငယ်ဘဝတုန်းက ခွိုက်ကျီနယ်စားရဲ့ ကိစ္စတွေကို သေချာ ဂရုမစိုက်ခဲ့မိတာ နောင်တရမိတယ်၊ အဲ့ဒီတုန်းက ခွိုက်ကျီ နယ်စားအိုကြီးက အမွေခံကိုတောင် နာမည် မဖော်ရသေးဘူးလေ”

ယဉ်ကျေးမှုဝန်ကြီးကလည်း အားတက်သရော ညည်းတွားလိုက်သည်။

“အာ ... တကယ့်ကို အရသာရှိတဲ့ အရှုပ်တော်ပုံကြီးကို လက်လွတ်ခဲ့ရတာပဲ”

အိမ်ရှေ့စံက ကိုယ်ချင်းစာသလိုဖြင့် တောက်တစ်ချက်ခေါက်လိုက်သည်။

“ငါ စစ်တပ်မှာ တာဝန်ကျနေတုန်းကလဲ ခွိုက်ကျီနယ်စားအိုကြီးနဲ့ သိပ်မရင်းနှီးခဲ့ဘူး”

ထို့နောက် မီးလောင်ရာလေပင့်သလိုမျိုး သူက မျက်နှာဝင်းပသွားသည်။

“ဒါပေမဲ့ ရှုရန်မြောင်ကတော့ သေချာပေါက် သိမှာပဲ”

မှန်ပေသည်။ ရှုရန်မြောင်က အားလုံးကို သိနေသည်။

ဧကရာဇ်မင်းမြတ်က ခွိုက်ကျီနယ်စားကို ဘာကြောင့် ဖိအားပေးနေလဲဆိုသည့် အကြောင်းရင်းကို စိတ်မဝင်စား သော်လည်း ရှုရန်မြောင်ကတော့ ဒရာမာကြည့်ရန် ဤနေရာသို့ ရောက်နေခြင်း ဖြစ်သည်။

[ "ဟိုးဟိုး၊ သူ စိတ်လွတ်နေပြီ၊ သူ စိတ်လွတ်နေပြီ]

[ဪ … သူ ဘာလို့ ဒီလောက်အထိ စိတ်ဓာတ်ပြိုလဲနေလဲဆိုတာ မဆန်းတော့ဘူးပဲ၊ ငယ်ငယ်လေးကတည်းက သူ့ရဲ့ အမြွာညီရဲ့ အရိပ်အောက်မှာပဲ နေခဲ့ရတာကိုး]

[ရှေးခေတ်တုန်းက သားသမီးတွေ အများကြီးရှိတာဟာ ကောင်းချီးမင်္ဂလာလို့ ယူဆကြတယ်၊ အမြွာတွေ ဒါမှမဟုတ် ကလေးအများကြီး တစ်ပြိုင်တည်းမွေးတာဟာ ကံကောင်းခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပြီး မိသားစု အပေါ် နတ်ကောင်းနတ်မြတ်တွေ စောင့်ရှောက်တယ်ဆိုတဲ့ သက်သေလို့ ယူဆကြတာ]

[ဒါ့အပြင် အမြွာမွေးတဲ့ မိဘတွေဆိုရင် အစိုးရက ဆန်နဲ့ ငွေတွေကိုတောင် ဆုလာဘ်အဖြစ် ပေးလေ့ရှိကြတယ်လေ]

[တစ်ယောက်က မိုးမလင်းခင်ကတည်းက ညဉ့်နက်သန်းခေါင်အထိ မနားတမ်း စာကြိုးစားနေချိန်မှာ နောက်တစ်ယောက် ကတော့ ဘယ်လို ဝတ်စုံမျိုးက သူ့ကို အယဉ်ကျေးဆုံး လူဂုဏ်ထံတစ်ယောက်လို ဖြစ်စေမလဲ ဆိုတာကိုပဲ အချိန်ဖြုန်းပြီး ပူပန်နေခဲ့တာ]

[တစ်ယောက်က ပညာရှင်တို့ တတ်အပ်တဲ့ အတတ်ပညာ ခြောက်ပါးကို ကျွမ်းကျင်အောင် ခိုက်ခိုက်တုန်အောင် ချမ်းတဲ့ ဆောင်းရာသီနဲ့ ပူပြင်းလှတဲ့ နွေရာသီတွေကို အံတုပြီး လေ့ကျင့်နေချိန်မှာ သူကတော့ လူမှုရေး အဆင့်အတန်း မြင့်မားလာအောင် မြှောက်ပင့် ပေါင်းသင်းဖို့အတွက် စားပွဲတွေ ကျင်းပပေးနေတာနဲ့ပဲ အလုပ်ရှုပ် နေခဲ့တာလေ]

အတင်းအဖျင်း ပြောနေကြသူများမှာ တိုးတိုးတိုးတိုးနှင့် မနေနိုင်ကြတော့ပေ။

"သူ့မျက်နှာက ဖြူဖျော့နေရာကနေ အခုတော့ စိမ်းဖန့်ဖန့်တောင် ဖြစ်နေပြီ"

"ရင်ဘတ်တွေလဲ နိမ့်ချည်မြင့်ချည်နဲ့ ဒေါသကြောင့် လဲကျသွားမလားပဲ"

"ရှုရန်မြောင် ပြောလေ့ရှိတဲ့ စကားက ဘာတဲ့၊ စိတ်ဓာတ် ... ပြိုလဲတာလား"

[ကလေးရတဲ့ ကိစ္စမှာတောင် သူက အရှုံးပေးခဲ့ရတာ၊ သူ တစ်ခုတည်း သာတာဆိုလို့ သူ့အမြွာညီထက် မိနစ်ပိုင်းလောက် စောမွေးခဲ့လို့ နယ်စားဘွဲ့ကို ဆက်ခံခွင့်ရခဲ့တာပဲ ရှိတာ]

[ဒီလို အခြေအနေမျိုးမှာ သူက သူ့တူကို သားအဖြစ် ဘယ်လိုလုပ်ပြီး မွေးစားနိုင်ပါ့မလဲ၊ သူ့မျက်လုံးထဲမှာတော့ အဲ့ဒီကလေးဟာ ရန်သူရဲ့ကလေးပဲ၊ တစ်နေ့မှာ အဲ့ဒီကလေးက သူ့ကို အဖေလို့ ခေါ်ရင်တောင်မှ သူ့ရဲ့ဘွဲ့ထူးကို အဲ့ဒီ ကလေးကို ဆက်ခံခွင့် မပေးချင်ဘူး၊ အဲ့ဒီမကျေနပ်ချက်တွေက သူ့ရဲ့ တခြား ဆွေမျိုးသားချင်းတွေရဲ့ ကလေးတွေ အပေါ်မှာပါ ပျံ့နှံ့နေလောက်မှာပဲ]

ညီလာခံ တစ်ခုလုံးမှာ အံ့အားသင့်တုန်လှုပ်မှုတွေနဲ့အတူ တိုးတိုးတိုးတိုး ရေရွတ်သံတွေ ပျံ့လွင့်သွားတော့သည်။

"ဝိုး"

"တကယ့် အမှန်တရားက ဒါကိုး"

"တော်တော့"

ခွိုက်ကျီနယ်စားက ငေါက်ငမ်းလိုက်သည်။

အိမ်ရှေ့စံမင်းသားကတော့ သဘောကျလွန်းသဖြင့် လက်ခုပ်တီးလိုက်သည်။

"သူ စိတ်ဓာတ်တွေ ပြိုလဲနေပြီ၊ သူ တကယ်ကြီး ပြိုလဲနေပြီဟေ့"

ဧကရာဇ်မင်းမြတ်မှာ ရယ်ရမလို ငိုရမလိုဖြစ်ကာ သူ၏ နားထင်ကို ပွတ်နေမိသည်။

"အရှင်မင်းကြီး..."

မိန်းမစိုးတစ်ဦးက အနားသို့ကပ်ကာ တိုးတိုးလေး သတိပေးလိုက်သည်။

"အိမ်ရှေ့စံမင်းသားက..."

ဧကရာဇ်က သက်ပြင်းချကာ လက်ခါပြလိုက်သည်။

"သူ့ဘာသူ နေပါစေဦး"

ရုတ်တရက် ဧကရာဇ်သည် တစ်စုံတစ်ခုကို သတိပြုမိသွားသဖြင့် ခေါင်းကို မော့ကြည့်လိုက်သည်။ ရှုရန်မြောင်က တစ်ခုခုကို ထပ်ပြီး တွေ့ရှိသွားပြန်လေပြီ။ အခြားအရာရှိများကလည်း ထိုအခြင်းအရာကို သတိပြုမိသွားကြပြီး ပြုံးစိစိ ဖြစ်နေကြသည်ကို မနည်း ထိန်းထားကြရသည်။

တစ်ပါးသူ ဒုက္ခရောက်သည်ကို ကြည့်ရခြင်းမှာ မကောင်းသော်လည်း ခွိုက်ကျီနယ်စား၏ နိဋ္ဌိတံကို မျက်ဝါးထင်ထင် မြင်တွေ့နေရခြင်းက ငြင်းမရနိုင်သော ကျေနပ်မှုကို ပေးစွမ်းနေပါသည်။

ခွိုက်ကျီနယ်စားမှာမူ တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏ အသားစိုင်များမှာလည်း ဒေါသကြောင့် တဆတ်ဆတ် ခုန်နေတော့သည်။

[ဟိုးဟိုး]

ရှုရန်မြောင်က မြူးကြွစွာ တွေးလိုက်သည်။

[ငါ အရမ်း စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကို သတိရသွားပြီ၊ အရင်တုန်းက အတင်းအဖျင်း မှတ်တမ်း အဟောင်းတွေကို ဖတ်ကြည့်တုန်းက ခြေချောင်း ခြောက်ချောင်းနဲ့ မွေးလာတဲ့သူဆိုတဲ့ မှတ်စုလေး တစ်ခု တွေ့ဖူးတယ်၊ အဲ့တုန်းကတော့ ငါ သိပ်သတိမထားမိပါဘူး၊ ဒါပေမဲ့ အခုတော့ အားလုံး ရှင်းသွားပြီ]

[ကွယ်လွန်သွားတဲ့ ခွိုက်ကျီနယ်စားအိုကြီးရော၊ အခု ခွိုက်ကျီနယ်စားရော၊ သူ့ညီအစ်ကို နှစ်ယောက်လုံးရော၊ သူ့ရဲ့ တူ၊ တူမ အများစုနဲ့ ရှဲ့လော့ရွှေမှာတောင် ... သူတို့အားလုံးမှာ ခြေချောင်း ခြောက်ချောင်းစီ ရှိကြတာပဲ၊ အဲ့ဒီ အမွေခံအတု တစ်ယောက်ရဲ့ ခြေထောက်တွေကပဲ ပုံမှန်အတိုင်း ဖြစ်နေတာ]

[ခြေပိုပါတာ ဆိုတာ မျိုးရိုးလိုက်တဲ့ ထူးခြားချက်တစ်ခုလေ၊ ယောကျ်ားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် မျိုးရိုး ဆက်ခံရဖို့ အခွင့်အလမ်းက ၅၀-၅၀ ရှိတယ်။ ဒီမိသားစုကတော့ ဒီမျိုးရိုးဗီဇ ထီပေါက်တဲ့နေရာမှာ တကယ်ကို တသမတ်တည်း ရှိလှတာပဲ]

ခွိုက်ကျီနယ်စားသည် အလိုအလျောက်ပင် သူ၏ခြေထောက်များကို ငုံ့ကြည့်လိုက်မိပြီး မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားတော့သည်။

အကြီးမားဆုံးသော ဟာကွက်မှာ သူ့ကိုယ်သူ ဖြစ်နေလိမ့်မည်ဟု ခွိုက်ကျီနယ်စား တစ်ခါမျှ မတွေးတောခဲ့မိပေ။

နန်းတွင်းအရာရှိများမှာ ရှုရန်မြောင်၏ သိပ္ပံနည်းကျ ဝေါဟာရများကို နားမလည်ကြသော်လည်း ဆိုလိုရင်းကိုမူ ကောင်းကောင်းကြီး သဘောပေါက်လိုက်ကြသည် -

*ဝေ့မိသားစုဝင်တွေဆိုတာ ခြေချောင်း ခြောက်ချောင်း ပါတတ်ကြတာပဲ*

ဤထူးခြားချက်တစ်ခုတည်းနှင့် ရှဲ့လော့ရွှေသည် ခွိုက်ကျီနယ်စား၏ သမီးအရင်းဖြစ်သည်ဟု အပိုင်ပြောရန် မလုံလောက် သော်လည်း သူမ၏ ရုပ်ရည်က မိသားစုဝင်များနှင့် ဆင်တူနေခြင်း၊ တုကတော် အသုံးပြုခဲ့သည့် မျက်နှာသစ် အင်တုံ ရှိနေခြင်းတို့နှင့် ပေါင်းစပ်လိုက်ပါက တစ်လောကလုံးကို ယုံကြည်စေရန် လုံလောက်သွားပြီ ဖြစ်သည်။

ထို့ပြင် ဤအချက်သည် ဧကရာဇ်မင်းမြတ်အနေဖြင့် အရာရှိများကို မတရားသဖြင့် စွပ်စွဲနှိပ်ကွပ်နေသည်ဟူသော သံသယများကိုလည်း အလိုအလျောက် ပယ်ဖျက်ပေးနိုင်ပေလိမ့်မည်။

ဧကရာဇ်မင်းမြတ်သည် ရှုရန်မြောင်၏ ညှာတာမှုကင်းသော လျှာနှင့် ပတ်သက်၍ စောစောက တွေးတောခဲ့သည့် အပြစ်တင်ချက်များကို ချက်ချင်းပင် ပြန်ရုပ်သိမ်းလိုက်တော့သည်။

*ဒီလူကတော့ ရတနာတစ်ပါးပဲ၊ တိုင်းပြည်ကို အုပ်ချုပ်ရတဲ့ ငါကိုယ်တော်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လို လျှော့ချပေးရမလဲဆိုတာ ကောင်းကောင်းသိတဲ့ စံပြ လက်အောက်ငယ်သားပဲ*

"ဝေ့ကျင်း"

ဧကရာဇ်သည် သူ့ကို နယ်စားဘွဲ့အမည်ဖြင့်ပင် ထပ်မခေါ်တော့ပေ။

"ကျင်းယီဝေတွေက အကုန်လုံးကို ဖော်ထုတ်ပြီးသွားပြီ"

ရှုရန်မြောင်၏ စိတ်ထဲမှ သိရှိထားသည့် ခိုင်လုံသော သက်သေအထောက်အထားများအားလုံးကို ဧကရာဇ်က တစ်ခုချင်းစီ ထုတ်ဖော်မိန့်ကြားလိုက်တော့သည်။

ထို့နောက် ရှဲ့လော့ရွှေဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

"ရှဲ့သခင်မလေး ... အမှန်တရားကို အတည်ပြုနိုင်ဖို့အတွက် ဘေးဆောင်ကို ခေတ္တဝင်ပြီး မင်းရဲ့ ဖိနပ်နဲ့ ခြေအိတ် တွေကို ချွတ်ပြီး ပြသပေးနိုင်မလား"

ရှဲ့လော့ရွှေမှာမူ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသော လျှို့ဝှက်ချက်များကြောင့် မှင်တက်နေပြီး စိတ်ထဲမှာ ဗလာဖြစ်နေကာ မည်သို့ပြန်လည် လျှောက်တင်ရမည်ကိုပင် မသိတော့ပေ။

သို့သော် အမွေခံအတုမှာမူ လုံးဝ စိတ်ဓာတ်ပြိုလဲသွားတော့သည်။

"မဖြစ်နိုင်ဘူး၊ ကျွန်တော်က ဘယ်လိုလုပ်ပြီး ဝေ့မိသားစုဝင် မဟုတ်ရမှာလဲ၊ ရှဲ့လော့ရွှေက ဘယ်လိုလုပ်ပြီး နယ်စားကြီးရဲ့ သမီးအရင်း ဖြစ်နေရမှာလဲ၊ မဖြစ်နိုင်ဘူး"

သူမသည် သူ၏ ဖိနှိပ်မှုအောက်တွင် ခုခံနိုင်စွမ်း မရှိဘဲ ခံနေရမည့် အာဏာမဲ့ သာမန်အရပ်သူတစ်ဦး မဟုတ်တော့ သည်မှာ သေချာသွားလေပြီ။

All Chapters