ဟမ့် … မင်း ငါ့စစ်သူကြီးတွေထဲက တစ်ယောက်ကို ဆုံးရှုံးလုနီးပါး ဖြစ်တော့မလို့ (၂)
Vol. 2 Ch. 30
“ဒါတွေအားလုံးက သူ့အလိုကျ ဖြစ်လာမှာ မဟုတ်ဘူး”
အမွေခံအတုသည် ရုတ်တရက် တုကတော်ထံသို့ ပြေးသွားကာ သူမ၏ ပုခုံးများကို ဆွဲကိုင်၍ အတင်း လှုပ်ခါ တော့သည်။
“အမေ၊ တစ်ခုခု ပြောပါဦး အမေ၊ ကျွန်တော်က အစစ်ပါ၊ ကျွန်တော်က အစစ်ပါဆို”
“ဖြန်း”
တုကတော်က သူ့ကို အားပါပါနှင့် ရိုက်ချလိုက်သံမှာ ပြတ်သားပြီး ကျယ်လောင်လှသည်။
ဘေးမှ ကြည့်နေသော အရာရှိများမှာ အလန့်တကြား အာမေဍိတ်သံများ ထွက်ကုန်ကြသည်။
“ဝိုး”
*တကယ့်ကို အားပါတဲ့ ရိုက်ချက်ပဲ*
သူ့မျက်နှာမှာ နီမြန်းပြီး ရောင်ကိုင်းလာကာ သူမ၏ လက်သည်းများဖြင့် ခြစ်မိသွားသဖြင့် သွေးများပင် စိမ့်ထွက် လာတော့သည်။ ယခုအခါတွင် သူက သူမရဲ့ သားအရင်း မဟုတ်ဘူးဆိုတာ သံသယ ဝင်စရာပင် မလိုတော့ချေ။
တုကတော်သည် ရှဲ့လော့ရွှေထံသို့ အပြေးအလွှား သွားလိုက်ပြီး လည်ချောင်းတစ်ချက် ဟန့်လိုက်သည်။
“လော့ရွှေ ... နာမည်လေးက ချစ်စရာ ကောင်းလိုက်တာ၊ လော့ရွှေ ... ငါက မင်းရဲ့ အမေပါ၊ အဲ့ဒီ လူယုတ်မာ ဝေ့ကျင်းက နယ်စားဘွဲ့ကို ရချင်ဇောနဲ့ မင်းကို မွေးကတည်းက လဲလှယ်ခဲ့တာ၊ ဒီနှစ်တွေတစ်လျှောက်လုံး မင်း ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရမလဲ၊ ငါ့ရင်ထဲမှာ ဓားနဲ့ အမွှန်းခံရသလိုမျိုး နာကျင်နေရပါတယ်”
ဆူညံသံများကြားတွင် ရှဲ့လော့ရွှေသည် သတိပြန်ဝင်လာခဲ့သည်။ သူမသည် သေလူတစ်ယောက်ကဲ့သို့ ဖြူလျော် နေသော မျက်နှာဖြင့် တုကတော်ကို စိုက်ကြည့်လိုက်သည်။
“အမွေခံ … မဟုတ်ဘူး၊ ဝေ့မင်က ကျွန်မကို လှည့်ဖြားပြီး အိမ်တော်ကို ခေါ်လာတုန်းက ရှင်က ဒေါသတကြီးနဲ့ ကျွန်မကို သူ့ကို မြှူဆွယ်တယ်လို့ စွပ်စွဲခဲ့တာလေ၊ ကျွန်မ ရေချိုးနေတုန်း အစေခံတွေ တားနေတဲ့ကြားက အခန်းထဲကို ဇွတ်ဝင်လာပြီးမှ ရှင့်ရဲ့ သဘောထားတွေ ပြောင်းသွားတာ၊ အဲ့ဒီတုန်းက ရှင့်မျက်လုံးနဲ့ ကျွန်မရဲ့ ခြေထောက်တွေကို မြင်သွားလို့ မဟုတ်လား၊ အဲ့ဒီနောက်ပိုင်းကျမှ ရှင်က ကျွန်မအပေါ် အရမ်းကောင်းပြပြီး ကျွန်မကို သမီးတစ်ယောက်လို သဘောထားတယ်လို့ ခဏခဏ ပြောခဲ့တာ”
ရှဲ့လော့ရွှေသည် မျက်ရည်ဝဲနေသော မျက်လုံးများထဲတွင် ဒေါသအဟုန်များ တောက်လောင်လျက် တုကတော်ကို စိုက်ကြည့်နေမိသည်။
“အဲ့ဒါက ရှင်က ကျွန်မကို သမီးတစ်ယောက်လို သဘောထားလို့လား၊ ဒါမှမဟုတ် ကျွန်မက ရှင့်ရဲ့ သမီး အရင်း ဖြစ်နေလို့လား”
လေအေးတစ်ချက် ဖြတ်တိုက်သွားသလိုပင်။ တုကတော်မှာ တုန်တုန်ရီရီဖြင့် သူမ၏ လက်မောင်းများကို ပွေ့ပိုက် ထားမိပြီး ရှဲ့လော့ရွှေ၏ အမေးစကားများအောက်တွင် စကားတစ်လုံးမှပင် ပြန်မပြောနိုင်တော့ပေ။
ရှဲ့လော့ရွှေသည် သူမ၏အသံကို မြှင့်လိုက်သည်။
“နောက်တော့ ရှင်က ကျွန်မကို မင်းသားနဲ့ စေ့စပ်ဖို့ စီစဉ်တဲ့အခါမှာ နန်းတွင်းက အမှန်တရားကို သိသွားမှာ စိုးရိမ်လို့ ကျွန်မကို ပိတ်လှောင် ထားခဲ့တာလေ၊ ရှင် ပြုစုပျိုးထောင်ခဲ့တဲ့ အဲ့ဒီတိရစ္ဆာန်က အရက်မူးပြီး ကျွန်မကို စော်ကားခဲ့တယ်”
သူမသည် ဤအကြောင်းအရာကို ရှောင်လွှဲရန် သို့မဟုတ် သူမ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် အလျဉ်း စိတ်ကူး မရှိပေ။ သူမအဖို့ ထိုသို့သော ငဲ့ကွက်မှုမျိုးမှာ အခွင့်ထူးခံ လူတန်းစားများသာ ခံစားနိုင်သည့် အပိုပစ္စည်းများ ဖြစ်သည်။
လယ်ကွင်းပြင်တွေထဲတွင် ဖိနပ်မပါဘဲ ပြေးလွှားခဲ့ဖူးပြီး လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေနဲ့ ချည်နှောင်မထားတဲ့ မိန်းကလေး တစ်ယောက်အနေနှင့် သူမရဲ့ ကြံ့ခိုင်မှုဟာ လွတ်လပ်စွာနဲ့ မာန်ပါပါ ရှင်သန်နေတဲ့ သစ်ပင်တစ်ပင် လိုပါပင်။ သူမကို မတရားလုပ်ခဲ့သူ မှန်သမျှကို ရဲရဲဝံ့ဝံ့ ပြန်လည်စိုက်ကြည့်နေတော့သည်။
“တုကတော်၊ ကျွန်မမှာ ကိုယ်ဝန်ရှိလာတော့ ရှင် တော်တော်လေး ဝမ်းသာသွားတယ် မဟုတ်လား၊ နယ်စား အိမ်တော်ရဲ့ အမွေအနှစ်တွေက ရှင့်ရဲ့ သွေးသားထဲကို ပြန်ရောက်လာတော့မယ်ဆိုပြီးတော့လေ၊ ဒါပေမဲ့ ရှင်က မင်းသမီးလေးရဲ့ လက်ကိုလည်း လိုချင်နေသေးတာပဲ၊ တကယ်လို့ ဧကရာဇ်မင်းမြတ်က ရှင့်အပေါ် တကယ်ပဲ မျက်နှာသာ ပေးခဲ့မယ်ဆိုရင် ရှင့်အနေနဲ့ ကျွန်မရဲ့ကလေးကို မင်းသမီးရဲ့ကလေးနဲ့ နောက်တစ်ခါ ထပ်ပြီး လဲလှယ်ဦးမှာလား”
သူမ၏ အတွေးများမှာ အရိုင်းဆန်စွာ ရုန်းကြွနေပြီး ဧကရာဇ်မင်းမြတ်က သူမ၏ အဖြေကို စောင့်ဆိုင်း နေသည်ကိုပင် ရှဲ့လော့ရွှေ သတိမထားမိတော့ပေ။
ဧကရာဇ်ကလည်း သူမကို အတင်းအကျပ် မတောင်းဆိုခဲ့ပါ။ သူ၏ အာရုံမှာ အခြားတစ်နေရာသို့ ရောက်နေသည်။
“ဒီယုတ်မာတဲ့ မိသားစုက ငါကိုယ်တော်ရဲ့ တော်ဝင်အိမ်တော်ထဲ လက်ထပ်ဝင်ဖို့ အိပ်မက် မက်ရဲတယ်ပေါ့လေ၊ ငါကိုယ်တော်က အဲ့လောက်တောင် အသည်းအသန် ဖြစ်နေတယ် ထင်လို့လား”
ရှဲ့လော့ရွှေ၏ ဖော်ထုတ်ချက်များမှာ အရာရှိများကြားတွင် ဗုံးတစ်လုံး ပေါက်ကွဲလိုက်သကဲ့သို့ပင်။
“သူတို့ကတော့ တကယ်ပဲ သေတွင်းတူးနေကြတာပဲ”
တစ်စုံတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်လေသည်။
ဝန်ကြီးချုပ်သော်က မှတ်ချက်ချလိုက်သည်။
"ဒီဘက်ခေတ် လူငယ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုပြီး သတ္တိရှိလာကြတာပဲ"
"ဒီလောက်အထိ ရဲတင်းတာမျိုးကို နောက်ဆုံး မြင်ခဲ့ရတာကတော့ ဝမ်ရှို့မင်းသမီးရဲ့ ကြင်ယာတော်က မင်းသမီးကို ကွပ်မျက်ဖို့ တောင်းဆိုခဲ့တုန်းကပဲ"
ထိုအချိန်တွင် အိမ်ရှေ့စံမင်းသားက ပျင်းရိပျင်းတွဲ လမ်းလျှောက်လာရင်း ဝန်ကြီးချုပ်သော်အနားတွင် ရပ်လိုက်သည်။
"ကွပ်မျက်တယ်၊ အဲ့ဒါက ဘာအကြောင်းလဲ"
စကားဝိုင်းက လမ်းကြောင်းပြောင်းသွားသော်လည်း ပြည်သူ့လုပ်ငန်းဝန်ကြီးက သူ၏သူငယ်ချင်းအား တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်းက ဘယ်လိုဖြစ်ပြီး အိမ်ရှေ့စံနဲ့ ဒီလို အသေးအဖွဲကိစ္စတွေကို ပေါ့ပေါ့ပါးပါး ပြောနေရတာလဲ၊ မင်းရဲ့တာဝန်က မင်းသားကို ကြိုးစားအားထုတ်လာအောင် လမ်းညွှန်ပေးဖို့လေ"
သူ့သူငယ်ချင်းဖြစ်သူ နန်းတွင်းထုံးတမ်းဝန်ကြီးက ပုခုံးတွန့်ပြလိုက်သည်။
"မင်းသားက ဒီလို ပုံပြင်တွေကို သဘောကျနေမှတော့ ပေးပြောလိုက်ပါကွာ၊ ဘာမှ အန္တရာယ်ရှိတဲ့ စကားတွေမှ မဟုတ်တာ"
သူသည် ရှဲ့လော့ရွှေကို လှမ်းကြည့်လိုက်ပြီး လန့်သွားသည်။
"သူက ခြေထောက်ကို အစစ်ဆေးခံဖို့ ထွက်သွားပြီလား၊ သူမက အဖြေတွေပဲ လိုချင်နေတာလို့ ငါ ထင်နေတာ"
"တကယ်လား"
ဝန်ကြီးက လှည့်ကြည့်လိုက်ရာ သူမ တကယ်ပင် ထွက်သွားသည်ကို တွေ့လိုက်ရသည်။
ခဏအကြာတွင် ရှဲ့လော့ရွှေ ပြန်လည်ရောက်ရှိလာသည်။ ညီလာခံ အလယ်တွင် သူမ၏ ခြေထောက်ကို ထုတ်ပြ ပါက အရာရှိများက ကန့်ကွက်ကြလိမ့်မည်ဟု သူမ ခန့်မှန်းမိသောကြောင့် သီးသန့်အခန်းတစ်ခုသို့ သွားရောက် ခဲ့ခြင်း ဖြစ်သည်။
နန်းတွင်း အစေခံများက အတည်ပြုပေးလိုက်သည်၊
"သူ့မှာ ခြေချောင်း ခြောက်ချောင်း ရှိပါတယ် ဘုရား"
သက်သေ အထောက်အထားများက ငြင်းချက် ထုတ်ရန် မဖြစ်နိုင်တော့ပေ။ ခွိုက်ကျီ နယ်စား၏ ပျက်သုဉ်းမှုမှာ အတည် ဖြစ်သွားလေပြီ။
ရှဲ့လော့ရွှေက သူ့ကို ရင်ဆိုင်ကာ မေးမြန်းလိုက်သည်။
“ကျွန်မ မွေးလာတုန်းက ဘာလို့ အမြွာမွေးတယ်လို့ မကြေညာခဲ့တာလဲ”
နယ်စားကြီးက လှောင်ပြုံးပြုံးလိုက်သည်။
“အမြွာဆိုတာ ရုပ်ချင်း တစ်ထေရာတည်း တူရမယ်လေ၊ မတူဘူးဆိုရင် လူတွေက သံသယ ဝင်လာကြလိမ့်မယ်၊ အမွေခံရဲ့ သွေးသား စစ်၊ မစစ်ကိုပါ မေးခွန်းထုတ်လာကြလိမ့်မယ်။ အဲ့ဒီလို အန္တရာယ်မျိုးကို ငါက ဘာလို့ အဖြစ်ခံရမှာလဲ”
“အဲ့ဒီအတွက်နဲ့ ကျွန်မကို သတ်ဖို့အထိတောင် ကြံစည်ခဲ့တာလား”
“တခြား ဘာရှိဦးမှာလဲ၊ အဲ့ဒီအစေခံ အမိုက်မသာ တွန့်ဆုတ်မနေဘဲ မင်းကို အင်တုံနဲ့အတူ လော့မြစ်ထဲ တွန်းချ ခဲ့မယ် ဆိုရင် ဒါတွေအားလုံး ဖြစ်လာမှာ မဟုတ်ဘူး”
သူ၏ အေးစက်လှသော ရက်စက်မှုများက သူမ၏ ရင်ထဲကို အေးခဲသွားစေသည်။
စစ်သည်များက နယ်စားကြီးနှင့် သူ၏မိသားစုကို ဆွဲထုတ်သွားကြတော့သည်။ သူတို့အတွက် ကွပ်မျက်ခြင်းကသာ စောင့်ကြိုနေတော့သည်။
အဝေးတစ်နေရာမှနေ၍ ရှုရန်မြောင်သည် ရှဲ့လော့ရွှေကို အကဲခတ်နေမိသည်။ ထိုမိန်းကလေးသည် ပျောက်ကွယ် လုနီးပါး နေရောင်ခြည်နှင့် ဖုန်မှုန့်များကြားတွင် ရပ်နေပြီး သူမ၏မျက်နှာမှာ မည်သည့် ခံစားချက်မျှ မရှိသော်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလေသည်။ သူမ၏ မျက်ဝန်းများတွင်မူ အနာဂတ်အတွက် ဝေခွဲမရဖြစ်နေသော ဇဝေဇဝါ ရိပ်များက ဖုံးကွယ်မထားနိုင်အောင် ပေါ်လွင်နေသည်။
[သနားစရာလေး.]
[အချိန်တိုလေးအတွင်းမှာပဲ သူက ကိုယ်ဝန်ပျက်ကျတာ၊ အကျဉ်းချခံရတာတွေအပြင် မိဘအရင်းတွေက ယုတ်မာတဲ့သူတွေ ဖြစ်နေမှန်း သိလိုက်ရတဲ့ တုန်လှုပ်မှုတွေကိုပါ ခံစားခဲ့ရတာ၊ အခုတော့ သူမမှာ အားကိုးရာမဲ့ပြီး လွင့်မျောနေရပြီ]
ဧကရာဇ်မင်းမြတ်မှာ ရှုရန်မြောင်၏ မမျှော်လင့်ထားသော စိတ်နုနယ်မှုကို သဘောကျကာ ရယ်သံကို အောင့်ထား လိုက်ရသည်။
[ဧကရာဇ်မင်းမြတ်သာ ရှဲ့လော့ရွှေက ဘယ်လောက်တောင် ထူးခြားတဲ့သူလဲဆိုတာကို သတိထားမိရင် ကောင်းမှာပဲ]
[ကိုယ်ဝန်ပျက်ကျပြီး နောက်တစ်နေ့မှာတင် မိုင်ပေါင်း လေးဆယ် ခရီးကို မြင်းစီးနိုင်တဲ့ အမျိုးသမီး၊ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာတောင်မှ ညီလာခံမှာ စကားတစ်လုံးမှ မမှားဘဲ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့သူ၊ သူက တကယ့်ကို မလျှော့သော ဇွဲရှိသူပဲ၊ ပင်လယ်ရပ်ခြား နယ်မြေသစ် ရှာဖွေရေးအတွက် အသင့်တော်ဆုံးသူပဲ]
[အမေရိကမှာ ပြောင်းဖူးလို သီးနှံတွေ ရှိတယ်၊ အထွက်နှုန်း ကောင်းတယ်၊ စရိတ် သက်သာတယ်၊ မိုးခေါင်ဒဏ်လဲ ခံနိုင်တယ်။ စိုက်ဧက တစ်ဧကချင်းစီမှာတင် နှံစားပြောင်းထက် အထွက်နှုန်း နှစ်ဆ ပိုများတယ်]
နန်းတွင်းအရာရှိများမှာ လုံးဝ မှင်တက်သွားကြတော့သည်။
"ဒီလို သီးနှံမျိုး တကယ် ရှိတာလား"
ပြည်သူ့လုပ်ငန်း ဝန်ကြီးက သူ၏သူငယ်ချင်း၏ လက်မောင်းကို ဆွဲကိုင်လေသည်။
"ငါတော့ မယုံနိုင်ဘူး"
သို့သော် နန်းတွင်း ထုံးတမ်းဝန်ကြီးကမူ အမိန့်ပေးလိုက်သည်။
"စက္ကူယူခဲ့၊ အခုချက်ချင်း ဒါကို မှတ်တမ်းတင်ထားကြ"
[ပြီးတော့ အာလူးလဲ ရှိသေးတယ်။ ကုန်းမြင့်ဒေသတွေ အတွက် အကောင်းဆုံးပဲ၊ တစ်ဧက အထွက်နှုန်းက တခြား နှံစားသီးနှံတွေထက် ဆယ်ဆလောက် ပိုထွက်တာ]
အိမ်ရှေ့စံမင်းသားမှာ ရုတ်တရက် တည်ကြည်လေးနက်သွားတော့သည်။
"ငါတို့ဆီမှာ ပင်လယ်ကူး ရတနာသင်္ဘော ဘယ်နှစ်စင်း အသင့်ရှိလဲ၊ အတွေ့အကြုံရှိတဲ့ သင်္ဘောသားတွေကို ဘယ်လောက် မြန်မြန် စုဆောင်းနိုင်မလဲ၊ ဒီခရီးစဉ်အတွက် တခြားဒေသတွေကနေ ရိက္ခာတွေ လွှဲပြောင်းပေးဖို့ လိုမလား၊ အခုချက်ချင်း အစီရင်ခံစာ မူကြမ်းရေးဆွဲကြစမ်း"
"မှန်လှပါ ဘုရား"
[ပြီးတော့ ကန်စွန်းဥလဲ ရှိသေးတယ်၊ ကျိုင်းကောင် အန္တရာယ်လဲ မကြောက်ရဘူး၊ ကပ်ရောဂါတွေ ကျရောက် ပြီးရင်တောင် ပြန်ပြီး အညှောက်ပေါက်နိုင်စွမ်းရှိသလို တစ်ဧကကို တင်းပေါင်းများစွာ ထွက်တာ]
တစ်ခန်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
ဧကရာဇ်သည် ခွိုက်ကျီနယ်စားက ရှဲ့လော့ရွှေအပေါ် ယခင်က နှိပ်စက်ညှဉ်းပန်းခဲ့မှုများအတွက် အလွန်အမင်း ဒေါသ ထွက်သွားကာ သူ့အား သွေးအန်ထွက်သည်အထိ အားပါပါနှင့် ရိုက်ချလိုက်တော့သည်။
"မိုက်မဲတဲ့ အကောင်တွေ"
သူက ဟိန်းဟောက်လိုက်သည်။
"မင်းတို့တွေက ငါကိုယ်တော်အတွက် နိုင်ငံ့ရတနာတစ်ပါးကို ဆုံးရှုံးရအောင် လုပ်မိတော့မလို့ပဲ"
ထို့နောက် ရှဲ့လော့ရွှေဘက်သို့ လှည့်ကာ သူမ၏ လက်များကို ဆုပ်ကိုင်လိုက်သည်။ သူ၏ အကြည့်များမှာ စိတ်အား ထက်သန်နေပြီး လေးနက်မှုများ ပါဝင်နေတော့သည်။
"ရှဲ့လော့ရွှေ"
သူက စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။
"မင်းအနေနဲ့ နယ်စား တစ်ယောက် ဖြစ်လာဖို့ရော စဉ်းစားဖူးလား"
စာစဉ် ၂ ပြီးပါပြီ။