မဟာအကြီးအကဲကျိုး
Vol. 12 Ch. 1127
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာကာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်၍ သူ ယုံကြည်နိုင်သည်လား မသေချာသည့်အပြင် ကုန်းစွန်းဝမ်အာမှာ သူ၏ အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းနှင့်ပတ်သက်လာပါက မည်သည့်အတွက်ကြောင့် ထူးထူးဆန်းဆန်းပြုမူနေသည်ကို နားမလည်နိုင်တော့ပေ။
" ငါ့နတ်ဘုရားသိုင်းမှာ သေစေနိုင်တဲ့ ချို့ယွင်းချက်တွေ ရှိနေတယ်လို့တော့ မပြောနဲ့နော် "
ရုတ်တရက် သူ အလွန်စိတ်လှုပ်ရှားလာသည်။ အမှန်တွင် အစကတည်းက သူ သံသယဝင်နေခဲ့သည်။ သူ၏အတိတ်ပြန်လည်ဝင်စားခြင်းသိုင်းကို ထုတ်သုံးလိုက်သည့်အချိန်တိုင်း အလွန်ထူးဆန်းပြီး အံ့သြဖွယ်ကောင်းသောရလဒ်များ ထွက်ပေါ်လာဟန်တူ၍ ဤသတင်းသာ ပျံ့နှံ့သွားလျှင် ပညာရပ်၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သည်။
" ငါက သာမန်ထက် ကျော်လွန်တဲ့ မှော်အတတ်တစ်ခု၊ မဟာနတ်ဘုရားသိုင်းတစ်မျိုးကို ဖန်တီးခဲ့တာပဲ "
သူက တွေးခေါ်သည့်လမ်းကြောင့်နောက် ဆက်မလိုက်ချင်တော့သဖြင့် ယင်းက ကုန်းစွန်းဝမ်အာကိုယ်တိုင်နှင့် သူမ၏မှတ်ဉာဏ်များဖြင့် တစ်ခုခုပတ်သက်နေရမည်ဟု ဆုံးဖြတ်လိုက်လေသည်။
" အဲဒါပဲ ဖြစ်ရမယ်။ ငါ ပိုင်ရှောင်ချန်းက ဖြောင့်မတ်တည်ကြည်ပြီး ရိုးသားတဲ့လူတစ်ယောက်ပါ။ အဲဒီလိုပဲ ငါဖန်တီးတဲ့ ကျင့်စဥ်က ဖြောင့်မတ်တည်ကြည်ပြီး ဂုဏ်သိက္ခါရှိတယ်။ ငါ့လိုလူက မရှင်းမလင်း မဖွယ်မရာမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာတုန်း "
ဤနည်းဖြင့် သူ့ကိုယ်သူဖြေသိမ့်ကာ ကုန်းစွန်းဝမ်အာ၏ စီမံရေးရာနန်းတော်ကို ပြန်ကြည့်ပြီး အထဲ ဝင်သင့်၊မဝင်သင့် စဥ်းစားလိုက်သည်။ သူ ထိုသို့တွေးနေစဥ် ပင်မတံခါးက တိတ်ဆိတ်ငြိမ်သက်စွာ ပွင့်လာ၏။
သူက ရင်ခုန်လျက် ညနေခင်းကောင်းကင်ယံကို မော့ကြည့်ပြီးနောက် တံခါးကိုပြန်ကြည့်ရာ ဘာလုပ်ရမည်ကို ဝေခွဲရခက်နေတော့သည်။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်သည်။
" အာ ဘာပဲဖြစ်ဖြစ်။ ဒါက ယွမ်ဟိုင်စီရင်စုရဲ့ မရေမတွက်နိုင်သော မြို့သူမြို့သားတွေအတွက်၊ ကောင်းကင်တံတားဒေသက လူတိုင်း ကောင်းဖို့အတွက်ပဲ။ ပိုင်ရှောင်ချန်းက ဒီလိုအကြောင်းတွေအပေါ် သူ့ကိုယ်ရေးကိုယ်တာ ပြဿနာကို ထားနေရမှာတုန်း "
သူက အံတင်းတင်းကြိတ်၍ ပေါက်သည့်နဖူးမထူးဆိုကာ အလွန်လေးနက်သော မျက်နှာထားဖြင့် စီမံရေးရာနန်းတော်အတွင်း ခြေလှမ်းကြဲကြဲဖြင့် ဝင်သွားလိုက်သည်။
နန်းတော်အတွင်းထဲ ဝင်ရောက်သွားစဥ် သူက အလွန်စိတ်ထိခိုက်ဝမ်းနည်းဖွယ်ကောင်းသောကိစ္စတစ်ရပ်ကို လုပ်နေရသည့်အလား ခံစားလိုက်ရလေသည်။ နောက်ဆုံးတွင် သူသည် မျက်နှာထားတည်တည်ဖြင့် ပန်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားလျက် ထိုင်နေသည့် ကုန်းစွန်းဝမ်အာကို တွေ့လိုက်ရသည်။
အကြောင်းပြချက်တစ်ခုခုကြောင့် ဤကုန်းစွန်းဝမ်အာမှာ စောစောလေးကတင် သူ့ကို အချစ်လေးဟု ခေါ်ခဲ့သော ကုန်းစွန်းဝမ်အာနှင့် လုံးဝခြားနားနေပုံရသည်။ ဤတစ်ယောက်က သူ့ကို ရေခဲတမျှ အေးစက်စက်အကြည့်ဖြင့် စူးစိုက်ကြည့်နေလေသည်။
" နင် နင်ရဲ့ ရွံစရာကောင်းတဲ့ မှော်အတတ်ကို ထာဝရအလုပ်ဖြစ်အောင် မလုပ်နိုင်သရွေ့ " သူမက ခက်ထန်စွာ ပြောသည်။
" ငါ့အပေါ် ထပ်သုံးဖို့ စဥ်းတောင် မစဥ်းစားနဲ့။ နင်သုံးရင် ငါ့ရဲ့ မြောက်ပိုင်းကတပ်ဖွဲ့ တွေအကုန်လုံး ချက်ချင်းစုစည်းပြီး နင့်ရဲ့ယွမ်ဟိုင်စီရင်စုကို ဖျက်စီးပစ်မယ် "
သူမ၏ မျက်လုံးများသည် အေးစက်မှုများဖြင့် တောက်ပနေပြီး သူမက ကျင့်ကြံခြင်းအခြေခံကိုပင် လှည့်ပတ်လိုက်သည်။ ဤအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းသည် ကုန်းစွန်းဝမ်အာမှာ ယခင် သရဲမယ်တော်နှင့် တစ်ထပ်တည်းနီးပါး တူပုံပေါ်ကြောင်း သဘောပေါက်လိုက်လေသည်။
" ငါ ခြိမ်းခြောက်တဲ့အတိုင်း မလုပ်ဘူးထင်ရင် စမ်းကြည့်လိုက် "
သူမ၏ အကြည့်သည် ရေခဲသမျှအေးစက်နေဆဲဖြစ်ပြီး သူမက မယိမ်းယိုင်သော ပြတ်သားခြင်းများဖြင့် စကားပြောလိုက်လေသည်။
ပိုင်ရှောင်ချန်း မျက်မှောင်ကြုတ်သွား၏။ ဤကုန်းစွန်းဝမ်အာသည် သရဲမယ်တော်နှင့် တစ်ထပ်တည်းနီးပါး ဖြစ်ပုံပေါ်သဖြင့် ကုန်းစွန်းဝမ်အာက သူမကို စုပ်ယူရန် ကြိုးပမ်းရာတွင် တစ်ခုခု မှားယွင်းခဲ့သည်လားပင် သူ သံသယဝင်လာတော့သည်။ သူမမှာ ယခင်နှင့်အတူ အလွန်ကွဲပြားစွာ ပြုမူနေသောကြောင့် သူစိမ်းတစ်ယောက်အလားပင်။
" ဒါပေမဲ့ " သူက တွေးသည်။
" ငါ့မှာ အေးစက်တဲ့အကျင့်စရိုက်ရှိတဲ့သူတွေနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းတွေ တစ်ပုံကြီးရှိတယ်။ ဘာပဲပြောပြော စုန့်ကျင်းဝမ်နဲ့ ကျိုးကျစ်မိုတို့နှစ်ယောက်လုံး ဒီလိုနဲ့ စတာပဲလေ "
သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သော်လည်း သူ၏မျက်နှာအမူအရာမှာ အလွန်တင်းမာလာပြီး သူ၏သံမဏိသွေးကြောကြီးများ ထောင်ထလာကာ လက်ကို ကျောနောက်ပစ်လိုက်သည်။
ရုတ်တရက် သူသည် စောစောကနှင့် လုံးဝကွာခြားသွား၏။ သူ၏အကြည့်သည် တင်းမာလာပြီး သူက တတ်နိုင်သမျှ ကောင်းကင်ဧကရာဇ်တစ်ပါး၏လေသံနှင့်တူအောင် ပြောလိုက်သည်။
" အေးပါ မင်း ယွမ်ဟိုင်စီရင်စုကို ဖျက်စီးဖို့ မြောက်ပိုင်းအားလုံးကို စုစည်းနိုင်တယ်။ ဒါပေမဲ့ မှတ်ထား … မင်းကို ပထမဆုံးအကြိမ် ငါ ပြန်ပေးဆွဲခဲ့တုန်းက ငါ နတ်ဘုရားတစ်ပိုင်းအဆင့်ပဲ ရှိသေးတာနော်။ ငါလုပ်ချင်ရင် မင်းကို ... ဒုတိယအကြိမ် ပြန်ပေးမဆွဲနိုင်ဘူး ထင်နေလား "
သူမ ပြန်မဖြေနိုင်ခင် သူက ဆက်ပြောသည်။
" ငါ ဒီကိုလာရတဲ့ အကြောင်းရင်းက ကုန်းစွန်းဝမ်အာ… မင်းနဲ့ စကားများဖို့မဟုတ်ဘူး။ ယွမ်ဟိုင်စီရင်စုမှာ ငါတို့ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုစွမ်းရည်တွေက တစ်မိုးအောက်မှာ ထင်ရှားကျော်ကြားတယ်။ မင်းရဲ့ မြောက်ပိုင်းစီရင်စုတွေလဲ ဒီလို စွမ်းရည်တွေကို အသုံးပြုနိုင်တယ်ဆိုတာ ငါသေချာပေမယ့် နယ်စပ်တွေကို ပိတ်ထားတော့ ငါတို့အတွက် မြောက်ပိုင်းသားကျင့်ကြံသူတွေနဲ့ အပေးအယူလုပ်ဖို့ အဆင်မပြေဘူး “
" ငါ ဒီနေ့ ဒီကို ကုန်သွယ်ရေးအပေးအယူအကြောင်း ဆွေးနွေးဖို့လာခဲ့တာ။ တောင်းပန်ဖို့လဲ မဟုတ်သလို အသနား ခံဖို့လဲ မဟုတ်ဘူး။ ဒါကြောင့် မင်း ကိုယ့်ကိုယ်ကိုယ်လဲ ဆင်ခြင်သင့်တယ် "
ပိုင်ရှောင်ချန်းသည် သူ လာရသည့် ယခင်ရည်ရွယ်ချက် မဟုတ်သည့်အရာကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ ကုန်းစွမ်းဝမ်အာကို အကူအညီတောင်းမည့်အစား သူမကသာ သူ့ထံမှ အကူအညီလိုအပ်သည့်သူ ဖြစ်သည့်ပုံပေါ်အောင် သူ လုပ်နေပေသည်။
ချက်ချင်းပင် ကုန်းစွန်းဝမ်အာ၏ အကြည့်ကား ခက်ထန်သွားပြီး သူမက အေးစက်စက်ရယ်လိုက်သည်။
" နင် လာနောက်နေတာလား။ နင်က ငါ့ရဲ့ စီရင်စုတစ်စုကို ငါ့ဆီက သိမ်းပိုက်သွားတဲ့လူလေ ၊ ငါ့ဆီပြန်လာပြီးတော့ ဆင်းရဲတဲ့သူတွေကို ကမ်းလှမ်းနေသလို လုပ်နေတာလား။ နင် ကျင့်ကြံအားထုတ်ပြီး စိတ်ဖောက်သွားတာလား ပိုင်ရှောင်ချန်း "
" ယွမ်ဟိုင်စီရင်စု ဆုံးရှုံးရတာကို စိုးရိမ်နေတာ ရင်တော့ … "
ပိုင်ရှောင်ချန်းက ယုံကြည်မှုရှိစွာ ပြန်ဖြေသည်။
" မင်းစီရင်စုတစ်စု ဆုံးရှုံးပေမယ့် အခု စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းကုန်သွယ်ရေးကနေ မင်းရနိုင်တဲ့ အကျိုးအမြတ်တွေက စီရင်စုလေးတစ်စုက ရဖူးတာထက် အင်မတန်သာတယ် "
" ကုန်သွယ်ရေး" ကုန်စွန်းဝမ်အာက အေးစက်စွာ ပြန်ဖြေသည်။
" နင်က ငါတို့နဲ့ နယ်စပ်ချင်းကပ်နေတာကိုး။ဘယ်ကုန်သွယ်ရေးဖြစ်ဖြစ် ယွမ်ဟိုင်စီရင်စုက အကျိုးအမြတ်ရပေမယ့် ငါ့အတွက် အသုံးမတည့်ဘူး "
" အသုံးမတည့်ဘူး။ ကုန်းစွန်းဝမ်အာ မင်း မိစ္ဆာဧကရာဇ်ရဲ့ ယုံကြည်မှုကို ဆုံးရှုံးနေတာ ငါကောင်းကောင်းသိပါတယ်။ မင်း ကိုယ့်သဘောနဲ့ကိုယ် ဒီကိုလာခဲ့သလို ဟန်ဆောင်နိုင်ပေမယ့် အမှန်က မင်းမှ အဖက်အလုပ်မခံရတာ။ မင်းက ငါနဲ့ နေရာအတူတူပါပဲ။ ပြီးတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး မင်း ပျော်နေတယ်ဆိုတာ ငါမယုံဘူး။ မင်းသာ ဖြစ်နေတဲ့ အတိုင်း ထားလိုက်ဖို့ ကျေနပ်တယ်ဆိုရင် မြောက်ပိုင်းကို ကျူးကျော်တဲ့ ကိစ္စမျိုးလုပ်မှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့ နှစ်ယောက်လုံးရဲ့ နေရာကို တဟုန်ထိုး မြင့်တက်သွားစေမယ့် ပိုကောင်းတဲ့ဖြေရှင်းနည်း ငါ့မှာ ရှိတယ်။ အဲဒါက အရာအားလုံးရဲ့ သော့ချက် ပူးပေါင်းခြင်းပဲ “
" ယွမ်ဟိုင်စီရင်စုနဲ့ မြောက်ပိုင်းစီရင်စုတွေကြားမှာ ကုန်သွယ်ရေးလမ်းဖွင့်ပေးရမယ်။ ဒါက မင်းရဲ့ အာဏာတစ်ခုလုံးကို တိုးတက်စေရုံတင်မကဘူး မင်းကို ငွေရေးကြေးရေးအရလဲ အကျိုးအမြတ်များစေလိမ့်မယ်။ ဒါ့အပြင် မင်းက မိစ္ဆာဧကရာဇ်နိုင်ငံတော်ရဲ့ကျန်နေရာအားလုံးထဲမှာ ယွမ်ဟိုင်စီရင်စုအတွက် တစ်ဦးတည်းသော ကိုယ်စားလှယ်ဖြစ်နိုင်တယ်။ မင်းက ပြောရရင် သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ အပြင်ဘက်က စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုအားလုံးကို ထိန်းချုပ်နိုင်လိမ့်မယ် “
" ငါ ဒီမှာ သဘောရိုးနဲ့ ပူးပေါင်းဖို့ ပြောနေတာနော်။ ဒီတော့ ပြောစမ်းပါဦး ကုန်းစွန်းဝမ်အာ၊ မင်း ငြင်းဆန်နိုင်တဲ့ အကြောင်းပြချက်လေး ပေးစမ်းပါဦး "
ပိုင်ရှောင်ချန်းက စကားပြောနေချိန် ကုန်းစွန်းဝမ်အာ၏ မျက်လုံးများထဲ၌ လေးလေးနက်နက် စဥ်းစားနေသော အမူအရာတစ်ခု ပေါ်လာသည်။ အမှန်ပင် သူပြောခဲ့သမျှအားလုံးက ကျိုးကြောင်းညီညွတ်ပြီး သူမ၏ လိုအပ်ချက်များနှင့် ကိုက်ညီလေသည်။ ယွမ်ဟိုင်စီရင်စုရှိ စိတ်စွမ်းအင်အဆက့်မြှင့်တင်ခြင်းတိုးတက်မှုက သူမအတွက် အရေးကြီးသည်သာမက မိစ္ဆာဧကရာဇ်နိုင်ငံတော်တစ်ခုလုံးအတွက် ကိုယ်စားလှယ်ဖြစ်ခြင်း၏ အလားအလာရှိသော အကျိုးအမြတ်များသည် စိတ်ကူးယဥ်နိုင်သည်ထက် ကျော်လွန်နေသည်။
၄င်းက နိုင်ငံတော်အတွင်းရှိ သူမ၏ ရပ်တည်ချက်ကို များစွာ ပြောင်းလဲသွားစေနိုင်၏။ ထိုအရာအားလုံးကြောင့် သူမက ကုန်သွယ်ရေးကမ်းလှမ်းမှုနှင့်ပတ်သက်၍ စိတ်အေးအေးထား စဥ်းစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သူက သူမ၏အကျိုးအမြတ်အတွက် ပြောဆိုနေခြင်းဖြစ်ပါသော်လည်း သူမနည်းတူ သူလည်း အကျိုးအမြတ်ရနိုင်ကြောင်းကို သူမ သိထားသည်။ သို့ဖြစ်၍ နှစ်ဦးနှစ်ဖက်အကျိုးများစေမည့်ထိုကိစ္စအတွက် လေးလေးနက်နက် ဆွေးနွေးညှိနှိုင်းရပေမည်။
ကုန်းစွန်းဝမ်အာ စဥ်းစားနေသည်ကို ပိုင်ရှောင်ချန်းမြင်သောအခါ သူ စိတ်ထဲတွင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူမက လက်တွေ့ကျပြီး ပူးပေါင်းရန် ဆန္ဒရှိကြောင်း မြင်ရသည်ကို ဝမ်းမြောက်နေသည်။
အချိန်အနည်းငယ်ကြာသော် သူမက မျက်မှောင်ကြုတ်ပြီး ပြောသည်။
" ငါ ဒီကိစ္စကို အသေးစိတ်စဥ်းစားဖို့လိုတယ်။ မနက်ဖြန်ကျ အဖြေပေးမယ် "
ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။ ထိုအချိန်တွင် သူ၏အောင်မြင်နိုင်ခြေများလာလေပြီ။ သူမက ထိုကိစ္စနှင့်ပတ်သက်၍ စဥ်းစားရန် လိုအပ်ပြီး သူ့ကို နောက်တစ်နေ့ ပြန်ဖြေမည်ဆိုသည့်အချက်က အခြေအနေကောင်းသည့်လက္ခဏာတစ်ခု မဟုတ်လော။
သူက ခေါင်းညိတ်၍ ပြော၏။
" နောက်ကျနေတော့ ငါ ယွမ်ဟိုင်စီရင်စုကို မပြန်တော့ဘူး။ မနက်ဖြန်မနက်ရောက်တဲ့အထိ မြို့ထဲက စောင့်နေမယ်။ ပြီးရင် မင်းအဖြေအတွက် ဒီပြန်လာခဲ့မယ် "
သူက ပြန်ရန်လှည့်လိုက်ချိန်မှာပင် ကုန်းစွန်းဝမ်အာ၏ မျက်ဝန်းလေးများ ရိပ်ခနဲဖြစ်သွားပြီး သူမက လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အစေခံမိန်းမလှလေးတစ်ဦး ဝင်လာပြီး လက်ယှက်ဂါဝရပြုလိုက်သည်။
" ကျင်းအာ ငါတို့မှာ အဝေးကဧည့်သည် တစ်ယောက်ရှိတယ်။ ကောင်းကင်တံတားဘုရင်ပဲ။ သူ့ကို စောင့်ရှောက်လိုက်ပါ "
ထို့နောက် ကုန်းစွန်းဝမ်အာက ထရပ်ပြီး ပျောက်ကွယ်သွားသည်။ ပိုင်ရှောင်ချန်းမှာ နှာခေါင်းကို ပွတ်၍ ဤကုန်းစွန်းဝမ်အာပုံစံက ဆွေးနွေးညှိနှိုင်းခြင်းအတွက် သင့်တော်ပါသော်လည်း သူကို အချစ်လေးဟုခေါ်သော ပုံစံကို သူ အမှန်တကယ် သဘောကျကြောင်း တွေးလိုက်သည်။ သူမက သိပ်လက်တွေ့မကျသော်လည်း သူမကို သူ တကယ်သတိရမိသည်။
" နေဦး " သူက တွေးလိုက်သည်။
" မဖြစ်သေးဘူး။ ငါ ဒီကုန်းစွန်းဝမ်အာနဲ့ ခပ်တန်းတန်းနေရမယ်။ သူတော်တော်လေး ပြောင်းလဲသွားပြီ "
သူမကို သတိရနေသည့် အတွေးတိုင်းကို သူ ခေါင်းထဲမှထုတ်၍ မျက်စိကျစရာထက် မလျော့သော ငယ်ရွယ်လှပသော ကျင်းအာကို လှမ်းကြည့်လိုက်သည်။
ကျင်းအာသည် သူ ကြည့်လာသည်ကို မြင်သောအခါ အတန်ငယ်ကြောက်လန့်သွားပုံရသည်။ သူမက ဒူးညွှတ်အရိုအသေပေး၍ သူ့ကို စီမံရေးရာနန်းတော်မှ ဦးဆောင်ကာ အပြင်ဘက်ရှိ တည်းခိုဆောင်တစ်ဆောင်ထံ ခေါ်သွားလေသည်။
နန်းတော်သည် ဧရာမတောင်ကြီးတစ်လုံး၏ ထိပ်တွင်ရှိပြီး ပတ်လည်တွင် အခြားသော အဆောက်အဦးများရှိလေသည်။ အောက်ဖက်၊ တောင်ခြေတွင်ကား ယွမ်ဟိုင်စီရင်စုနှင့် အရွယ်အစားတူလုနီးပါး ဖြစ်သော စီရင်စုထဲတွင် အကြီးဆုံး မြို့ကြီးရှိသည်။ ညနေခင်းဖြစ်သည့်တိုင် မြို့ကြီးက ပျာပန်းခတ်မျှ စည်စည်ကားကား ဖြစ်နေသေးသည်။
သူတို့လမ်းဆက်လျှောက်နေစဥ် ပိုင်ရှောင်ချန်းက အောက်ရှိ မြို့ကို ငုံ့ကြည့်နေတတ်ပြီး ကျင်းအာက မျက်ဝန်းထောင့်မှ သူ့ကို သိချင်စိတ်ပြင်းပြစွာ ရံဖန်ရံခါ ကြည့်တတ်သည်။ သူတို့က ဒေသခံတည်းခိုဆောင်ရောက်သော် ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရယ်ကာ သူမကို ကြည့်လိုက်သည်။
" မင်းငါ့ကို မေးချင်တာများ ရှိလား "
ကျင်းအာက အတန်ငယ် တွန့်ဆုတ်နေလျက် အသက်ရှူလိုက်ပြီး ပြန်ဖြေသည်။
" သခင်ကြီး ၊ သခင်ကြီးက ကောင်းကင်တံတားဒေသက နံပါတ်တစ် စွမ်းအားအကြီးဆုံးပညာရှင်ဆိုပဲ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းရဲ့ မဟာအကြီးအကဲတစ်ယောက်လို့တောင် ကျွန်မကြားခဲ့ရတယ်။ သခင်ကြီးသိလား.... ကျွန်မလေ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းပညာရပ်အကြောင်း အရမ်းသိချင်တာ။ စိတ်စွမ်းအင်အဆင့်မြှင့်တင်တာ နည်းနည်းပါးပါးကို ကျွန်မ မြင်ခဲ့ဖူးတယ်။ အဲဒါက သိပ်လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတစ်ခုပဲနော်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက ကောင်းကင်တံတားဒေသသားတွေရဲ့ သွေးထဲမှာ စီးဆင်းနေတာ အမှန်ပဲလား "
" မင်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်တာကို မြင်ဖူးတယ်လား "
ပိုင်ရှောင်ချန်းက ပြန်ဖြေသည်။
ကျင်းအာက ခေါင်းညိတ်လိုက်၏။ သူမ၏မျက်လုံးများထဲတွင် ပေါ်ပေါက်လာသော ရိုသေးလေးစားခြင်းများကို မဖုံးဖိနိုင်တော့ဘဲ သူမက ပြောသည်။
" မြင်ဖူးတာပေါ့။ ဒီမြို့ထဲမှာပဲ မဟာအကြီးအကဲကျိုးရှိတယ်လေ။ သူ့ထက်ပို နာမည်ကြီးတဲ့ တစ်ဦးတည်းသောလူက ကောင်းကင်တံတားဘုရင်ဆိုတဲ့ သခင်ကြီးပဲ။ အချိန်ရရင် သူ စိတ်စွမ်းအင်မြှင့်တင်တာကို သခင်ကြီး သွားကြည့်သင့်တယ် "
" မဟာအကြီးအကဲ ကျိုး "
ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အံ့သြခြင်းအရိပ်အယောင်များ ပေါ်ပေါက်လာပြီး ပြန်ဖြေလိုက်သည်။