← Chapters

နတ်ကိုးပါးဂိုဏ်း….

Vol. 30 Ch. 291

နတ်ကိုးပါးဂိုဏ်း….

Vol. 30 Ch. 291

​ဝမ်ရှန်းကျောင်းတော်၏ အရေးကို လီချင်းချိုးက အထူးတလည် စိတ်ထဲမထားခဲ့ပေ။ ဝိညာဉ်ကျောက်တွင်း ကိစ္စကိုပင် အသေးစိတ် မမေးမြန်းဖြစ်ခဲ့ပါ။ အကြောင်းမူကား သူ စဉ်းစားတွေးတောရမည့် ပိုမိုအရေးကြီးသော ကိစ္စရပ်များစွာ ရှိနေသောကြောင့်ပင်။

​တပည့်များ မဖြေရှင်းနိုင်သော အခက်အခဲမျိုး ကြုံလာရမှသာ သူ ကိုယ်တိုင် ပါဝင်စွက်ဖက်ရန် လိုအပ်ပေလိမ့်မည်။

​လင်းရှောင်ခြံဝင်းအတွင်း၌ ဝိုင်တစ်အိုး သောက်သုံးပြီးနောက်တွင်မူ လီချင်းချိုး ထိုနေရာမှ ထွက်ခွာခဲ့လေတော့သည်။

​သူသည် နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံရန် ပြင်ဆင်နေခြင်း ဖြစ်၏။ မကြာသေးမီက ချီစွမ်းအင် စုပ်ယူရန် တရားထိုင်ခြင်းမှလွဲ၍ ကျန်ရှိသော အချိန်များကို အစွန်းရောက်ရွေ့လျားမှုပညာနှင့် ရှန်းကျယ်ဓားသုံးလက်တို့ကို လေ့လာဆန်းစစ်ရာတွင်သာ အသုံးပြုနေခဲ့သည်။

​ဓားနတ်ဘုရားကို အနိုင်ယူနိုင်ရေးသည် သူ၏ ကိုယ်ပိုင်ရည်မှန်းချက် ဖြစ်နေဆဲပင်။ ထိုက်ကျွယ်ဂိုဏ်း၏ အမွေအနှစ်ကိုပင် သူ မက်မောခြင်း မရှိတော့ဘဲ ဓာဘုရင်ကို အပြတ်အသတ် အနိုင်ယူလိုစိတ်သာ ပြင်းပြနေမိသည်။

​အချိန်ကာလများ တရွေ့ရွေ့ ကုန်လွန်သွားခဲ့၏….

​ရက်စွဲများသည် မြှားတစ်စင်းကဲ့သို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့သည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်နှစ်တာ အချိန်ကာလ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

​ဆောင်းဦးရာသီ အစောပိုင်းသို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြန်ပြီ။

​လီချင်းချိုးက လင်းရှောင်ခြံဝင်းအတွင်းရှိ စားပွဲရှည်ကြီးတွင် ထိုင်လျက် ဝိုင်ကို မြိန်ရှက်စွာ သောက်သုံးရင်း ချူကျင်းနှင့် ရှောင်ဝူချင်းတို့ တင်ပြသော ဂိုဏ်း၏ အခြေအနေများကို နားထောင်နေသည်။

​ယခုအခါ လီချင်းချိုးသည် ဂိုဏ်း၏ အရေးကိစ္စများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်ခြင်း ရှားပါးလှပေသည်။ ချူကျင်းနှင့် ရှောင်ဝူချင်းတို့က သူ့ရဲ့ မျက်စိနှင့် နားသဖွယ် ဖြစ်လာပြီး သူ့ကိုယ်စား လုပ်ဆောင်ပေးနေကြ၏။ သို့သော်လည်း သူသည် တပည့်များ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ရန်အတွက် အခါအားလျော်စွာ တောင်ထွတ်အသီးသီးသို့ ကိုယ်တိုင်လှည့်လည် စစ်ဆေးလေ့ ရှိပါသေးသည်။

​သူသည် ဝိညာဉ်အသိအာရုံအဆင့် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ယနေ့မနက်ပိုင်းတွင် ဓားနတ်ဘုရားကို ထပ်မံ၍ ရှုံးနိမ့်ခဲ့ရခြင်းကြောင့် အနည်းငယ် စိတ်မကြည်မလင် ဖြစ်နေမိသည်။

​သို့သော်လည်း ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီကြောင့် စိတ်အခြေအနေမှာ အလွန်အမင်း ကျဆင်းသွားခြင်း မရှိဘဲ အနည်းငယ် ပဟေဠိဖြစ်နေရုံသာ ရှိသည်။

​“လောလောဆယ် ကိုးပြည်ထောင်နယ်မြေတစ်ခွင်မှာ ဝိညာဉ်ကျောက်တွင်း စုစုပေါင်း လေးဆယ်ကျော် ရှိနေပါပြီ ဝိညာဉ်ကျောက်တုံးတွေကိုလည်း အဆက်မပြတ် ထိုက်ခွန်းတောင်တန်းဆီကို ပို့ဆောင်နေပါတယ်…ဒါပေမယ့် မကြာသေးခင်က လုပ်ငန်းစဉ်တွေမှာ အဟန့်အတားတချို့ ရှိနေခဲ့တယ်… ကျုပ်တို့ရဲ့ သယ်ယူပို့ဆောင်ရေးတပည့်တွေကို တိုက်ခိုက်ရဲတဲ့သူတွေ တကယ်ပဲ ပေါ်ထွက်လာတယ်။ ဒါက ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။”

​ချူကျင်းက ထိုအကြောင်းကို ပြောကြားသောအခါ မျက်နှာဖုံးအောက်မှ မျက်လုံးများ အေးစက်စူးရှသွားလေသည်။

​ရှောင်ဝူချင်းကလည်း ခံစားချက်ပါပါဖြင့်….

“ကျွန်တော်တို့ဂိုဏ်းက ဒီလောက်အစွမ်းထက်နေတာတောင် လူတွေက ဒီလို စွန့်စားရဲကြသေးတယ်။ လူ့နှလုံးသားဆိုတာ တကယ်ပဲ ခန့်မှန်းရခက်တာပဲ။ ဒီကိစ္စက တခြားဂိုဏ်းတွေရဲ့ လက်ချက်လား၊ ဒါမှမဟုတ် ငါတို့ရဲ့ ကိုယ်ပိုင်တပည့်တွေပဲလားဆိုတာ သေသေချာချာ စုံစမ်းရမယ်။” ဟု ဆိုလေသည်။

​လီချင်းချိုးကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ တပည့်အရေအတွက် များပြားလာသည်နှင့်အမျှ သစ္စာစောင့်သိမှု နိမ့်ပါးသူများ၏ အရေအတွက်ကလည်း တိုးလာနေသည်။ လောလောဆယ် သစ္စာစောင့်သိမှု ငါးဆယ်အောက်ရှိသော တပည့် တစ်သောင်းကျော် ရှိနေပြီး၊ သုံးဆယ်အောက်ရှိသူ တစ်ထောင်ခန့် ရှိနေသည်။

​ထိုတစ်ထောင်လုံးကို သစ္စာဖောက်နိုင်ခြေရှိသူများအဖြစ် အလွယ်တကူ မသတ်မှတ်လိုပေ။

​ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့သည်မှာ နှစ်ဆယ့်ငါးနှစ် ရှိပြီဖြစ်သော လီချင်းချိုးအနေနှင့် အချက်တစ်ချက်ကို ကောင်းစွာ သဘောပေါက်ထားသည်။ ထိုအချက်မှာ မည်သည့်အရာမျှ ထာဝရ ချောမွေ့နေမည် မဟုတ်ဟူသော အချက်ပင် ဖြစ်၏။ ချင်းရှောင်ဂိုဏ်းတွင် ပြင်ပရန်သူများ မရှိလျှင်ပင် ပြည်တွင်းပြဿနာများ ပေါ်ပေါက်လာမည်သာ ဖြစ်သည်။ ဤသည်မှာ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်ကို မှန်ကန်အောင် ချိန်ညှိပေးရမည့် သူ့တာဝန်ပင် ဖြစ်သည်။

​“အနောက်ဘက်ယွီဒေသက မသေမျိုးမြို့တော်ကို တည်ဆောက်ပြီးပါပြီ။ ကူးချန်ဖိန်က အဲဒီမှာ အတွင်းစည်းတပည့်တွေ ပိုများများ တပ်စွဲထားဖို့ မျှော်လင့်နေတယ်။ အဲဒီမှာ မိစ္ဆာတွေက မျှော်လင့်ထားတာထက် ပိုများနေတယ်လို့ပြောတယ်”

​ချူကျင်းက လီချင်းချိုးကို ကြည့်ရင်း နောက်ထပ် ကိစ္စတစ်ခုကို တင်ပြလာပြန်သည်။

​အနောက်ဘက်ယွီဒေသ မသေမျိုးမြို့တော်ဆိုသည်မှာ ချင်းရှောင်ဂိုဏ်း၏ အသစ်တည်ဆောက်ထားသော ဂိုဏ်းခွဲမြို့တော်တစ်ခု ဖြစ်ပြီး ယွီစီရင်စု၏ အနောက်ဘက်နယ်စပ်တွင် တည်ရှိသည်။ ၎င်းသည် ရွှမ်မင်းဆက်၏ ပိုင်နက်အပြင်ဘက်၊ လူသူအရောက်အပေါက် နည်းပါးလှသည့် အဆုံးမရှိသော တောင်နက်ကြီးများအတွင်း တည်ရှိခြင်း ဖြစ်သည်။

​ကူးချန်ဖိန်ကို လီချင်းချိုးက မြို့စားအဖြစ် ခန့်အပ်ထား၏။သူသည် စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ ထိပ်တန်းတပည့်တစ်ဦးဖြစ်ပြီး ပထမအကြိမ် ဓမ္မညီလာခံ၏ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင် တစ်ဦး ဖြစ်ကာ မူလအားဖြည့်နယ်ပယ် နဝမအဆင့် ကျင့်ကြံမှု ရှိသည့်အတွက် ဤကဲ့သို့ ကြီးလေးသော တာဝန်ကို ပေးအပ်ရန် လီချင်းချိုး၏ ယုံကြည်မှုနှင့် ထိုက်တန်လှပေသည်။

​လီချင်းချိုးက ခေတ္တမျှ စဉ်းစားပြီးနောက်… “ဒါဆိုရင် အဲဒီမှာ ရေရှည်တပ်စွဲဖို့ နောက်ထပ် အတွင်းစည်းတပည့် တစ်ရာလောက် ထပ်လွှတ်လိုက်ပါ။ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့်ရှိသူတွေကို ရွေးချယ်လိုက်။ ပြီးတော့ ချင်၊ ကျူး၊ နင်း၊ ယန် နဲ့ ကူး မိသားစုတွေဆီကနေ လူခြောက်ယောက်စီ ရွေးချယ်လိုက်” ဟု အမိန့်ပေးလိုက်သည်။

​ချူကျင်းကလည ခေါင်းညိတ်၍ မှတ်သားလိုက်သည်။

​ရှောင်ဝူချင်းကလည်း “မကြာသေးခင်က နန်းတော်ထဲမှာ သရဲခြောက်တာတွေ ရှိတယ်လို့ သိရတယ်။ ဧကရာဇ်က အဲဒီမကောင်းဆိုးဝါးတွေကို နှိမ်နင်းပေးဖို့ လူတစ်ယောက် လွှတ်ပေးဖို့ တောင်းဆိုလာတယ်။” ဟု ဖြည့်စွက်ပြောကြားလေသည်။

​“သရဲခြောက်တယ် ဟုတ်လား။”

လီချင်းချိုး အံ့အားသင့်စွာ မေးလိုက်မိသည်။

​ကျူးမိသားစုသည် လျူကျင်းနှင့် အိမ်ထောင်ရေးအရ မဟာမိတ်ဖွဲ့ထားပြီး နန်းတော်အတွင်း၌ ချင်းရှောင်ဂိုဏ်းမှ အမျိုးသမီးတပည့် နှစ်ဦး ရှိနေသည်။ ထိုသို့သော ကိစ္စမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။

​ထိုအမျိုးသမီးတပည့် နှစ်ဦး၏ ကျင့်ကြံမှုက မမြင့်မားလှသော်လည်း မကောင်းဆိုးဝါး တစ္ဆေများကို ခွဲခြားသိမြင်နိုင်သော အခြေခံစွမ်းရည်များကိုမူ ကောင်းစွာ တတ်ကျွမ်းထားပြီး ဖြစ်သည်။

​“ဟုတ်ပါတယ်၊ သူ့စာထဲမှာ အဲဒီလိုပဲ ဖော်ပြထားပါတယ်။” ရှောင်ဝူချင်း၏ အမူအရာကလည်း အနည်းငယ် ထူးဆန်းနေသည်။

​“ဒါဆိုရင် ကျိယာကို သွားခိုင်းလိုက်ပါ။”

​လီချင်းချိုးက ကျိယာကို လွှတ်လိုက်မည်ဟု ပြောကြားလိုက်သဖြင့် ရှောင်ဝူချင်းမှာ မျက်ခုံးပင့်ကာ အံ့သြသွားမိသည်။

​ကျိယာသည် မကြာသေးမီကမှ ရာထူးတိုးမြှင့်ခံရသော ဝိညာဉ်အသိအာရုံအဆင့် တပည့်တစ်ဦး ဖြစ်ပြီး ဂိုဏ်း၏ ထိပ်တန်းတိုက်ခိုက်ရေး စွမ်းအားကို ကိုယ်စားပြုသည်။ဤအတိုင်းဆို ဧကရာဇ် လျူကျင်းက ဂိုဏ်းချုပ်၏ စိတ်ထဲ၌ အရေးပါသော နေရာတွင် ရှိနေပုံရပေသည်။

​လီချင်းချိုး မဏ္ဍပ်နောက်ကွယ်မှ သစ်ပင်အိုကြီးကို မော့ကြည့်လိုက်တော့ ဆောင်းဦးရာသီ သစ်ရွက်တစ်ရွက်သည်က လေထဲတွင် ယိမ်းနွဲ့လျက် မြေပြင်ပေါ်သို့ ကြွေကျလာသည်။

​“မိစ္ဆာတွေ ပေါ်လာပြန်ပြီ၊ အခုလည်း သရဲခြောက်တာတွေတဲ့။ လောကကြီးက တစ်ဖန် ပြန်လည် မငြိမ်မသက် ဖြစ်လာတော့မယ့် ပုံပဲ။”

​လီချင်းချိုးက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ ထိုစကားများကို ကြားသောအခါ ချူကျင်းနှင့် ရှောင်ဝူချင်းတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားလေသည်။

​သူတို့သည် ချင်းရှောင်ဂိုဏ်းတွင် ရာထူးကြီးသူများ ဖြစ်ကြပြီး ကိုးပြည်ထောင်ကမ္ဘာကို အထင်သေးနေကြသော်လည်း၊ သူတို့ နှစ်ဦးအတွက်မူ လောကကြီးသည် မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲပင် ဖြစ်၏။

​အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းစာ အချိန်ခန့် ကုန်လွန်သွားသောအခါ….

​ထိုသူနှစ်ဦး ထွက်ခွာသွားခဲ့ပြီးနောက် ကျန်းယွီချွန်းက ခြံဝင်းအတွင်းသို့ ဝင်လာကာ လီချင်းချိုး၏ ဘေး၌ ထိုင်လိုက်လေသည်။

​“ရထားတဲ့ သတင်းတွေအရဆို ‘နတ်ကိုးပါး ဂိုဏ်း’ဆိုတာ ကိုးပြည်ထောင်တစ်ဝန်းက ဩဇာကြီးပြီး ချမ်းသာတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ပျံ့နှံ့နေတယ်တဲ့။ သူတို့က မသေမျိုး နတ်ဘုရား ကိုးပါးကို ကိုးကွယ်ကြတယ်။ ဧကရာဇ်က သူတို့ကို နှိမ်နင်းနေပေမဲ့ မှူးမတ်အများအပြားက သူတို့ကို လျှို့ဝှက်စွာ ကိုးကွယ်နေကြတုန်းပဲ။ အဲဒီဂိုဏ်းကို ယုံကြည်ရင် ရောဂါဘယတွေ ပျောက်ကင်းစေပြီး သက်တမ်းရှည်စေတယ်လို့ ပြောကြတယ်။”

​ကျန်းယွီချွန်းက လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်ရာ၊ သူသည် နတ်ကိုးပါးဂိုဏ်းကို အလွန် သတိထားနေပုံရသည်။

​လီချင်းချိုးက ဝိုင်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်သော်လည်း သူ့သဘောထားကို ချက်ချင်း မပြောကြားသေးပေ။

​ကျန်းယွီချွန်းက ဆက်လက်၍….

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အဲဒီဂိုဏ်းက အလျင်အမြန် တိုးတက်လာပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကလည်း အတော်လေး လျှို့ဝှက်တယ်။ သူတို့က ကျွန်တော်တို့ဂိုဏ်းရဲ့ ကြီးမားတဲ့ ရန်သူ ဖြစ်လာမှာ သေချာတယ်။” ဟု ဆိုသည်။

​လီချင်းချိုးက သူ့ကို တစ်ချက်ကြည့်ရင်း “နတ်ကိုးပါးဂိုဏ်းရဲ့ ဇာစ်မြစ်က ဘာဖြစ်နိုင်တယ်လို့ မင်း ထင်လဲ။” ဟု မေးမြန်းလိုက်သည်။

​“အကယ်၍ သူတို့သာ ကောင်းကင်ငရဲပင်လယ်ကဆိုရင် ဒီလောက်အထိ လျှို့ဝှက်နေဖို့ မလိုဘူးလေ။ ပြီးတော့ စွန်းမော့ရှင်း ပြန်ရောက်လာရင် ငါတို့ အဖြေရမှာပါ။ သူက နောက်ထပ် တစ်လလောက်ဆိုရင် ပြန်ရောက်လာတော့မယ်။ ငါထင်တာကတော့ အဲဒါ မြောက်ပိုင်းနဲ့ သက်ဆိုင်ဖို့ အလားအလာ အရမ်းများတယ်။ ယွင်ချိုင် သတ်ခဲ့တဲ့ ချန်ကျူ့က တခြားမိစ္ဆာတွေ တောင်ဘက်ကို ဦးတည်နေတယ်လို့ ပြောခဲ့တယ် မဟုတ်လား။”

​ အကယ်၍ ၎င်းသည် မြောက်ပိုင်းမှ မိစ္ဆာများနှင့် သက်ဆိုင်နေပါက၊ သူတို့အနေဖြင့် မိစ္ဆာနယ်မြေ၏ ခြိမ်းခြောက်မှုကို အလေးအနက် ထည့်သွင်းစဉ်းစားရပါလိမ့်မည်။

​လီချင်းချိုးက ခေါင်းညိတ်လိုက်ပြီး …

“ကျိန်းအာနဲ့ အကြီးအကဲရှန်ယွဲ့ကို အဲဒီဂိုဏ်းကို စုံစမ်းဖို့ တောင်အောက်ကို တစ်ယောက်စီ လွှတ်လိုက်ပါ။ ဒါက လျှို့ဝှက်တာဝန် ဖြစ်တဲ့အတွက် ဘယ်သူမှ မသိစေနဲ့။” ဟု ညွှန်ကြားလိုက်သည်။

​လီချင်းချိုးက ထိုသူနှစ်ဦးကို လွှတ်လိုက်ကြောင်း ကြားရသောအခါ ကျန်းယွီချွန်း ပြုံးလိုက်မိသည်။ ဤသည်မှာ လီချင်းချိုးအနေဖြင့် ဤကိစ္စကို အလေးအနက်ထားကြောင်း သက်သေပြနေခြင်းပင်။

​“အကြီးအကဲရှန်ယွဲ့ကတော့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ကျောက်ကျိန်းကရော…”

ကျန်းယွီချွန်း တွန့်ဆုတ်နေမိသည်။ ကျောက်ကျိန်းတွင် သိုင်းလောက အတွေ့အကြုံ နည်းပါးသည်ဟု သူ ခံစားရသောကြောင့် ဖြစ်၏။

​လီချင်းချိုးက တည်ငြိမ်စွာဖြင့်… “လူတွေက ကြီးပြင်းလာရမှာပဲ။ သူက အရင်က ကျောက်ကျိန်း မဟုတ်တော့ပါဘူး။” ဟု ပြန်လည်ပြောကြားလိုက်သည်။

​ကျန်းယွီချွန်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း၊ လီချင်းချိုး၏ ခိုင်မာသော သဘောထားကို မြင်တွေ့ရသောအခါ ဆက်မပြောတော့ပေ။

​ကျန်းယွီချွန်းနှင့် စကားပြောဆိုပြီးနောက်တွင်မူ လီချင်းချိုးက မသေမျိုးဂူသို့ ပြန်သွားခဲ့လေသည်။

​သူသည် ကုတင်ပေါ်၌ တင်ပျဉ်ခွေထိုင်လျက် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို စတင် ဆင်ခြင်တွေးတောလေတော့သည်။

​ယွင်ချိုင်က သူ့ကို လှုံ့ဆော်မှုများ ပေးခဲ့သဖြင့် ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို တာအိုမျိုးဆက် အမွေအနှစ်မှတစ်ဆင့် သင်ယူခဲ့ပြီး အဆင့်ဆင့် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

အဆင်ပြေချောမွေ့နေသော်လည်း၊ ဤသည်မှာ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာ၏ အကန့်အသတ် ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

​ထို့အပြင် ကျမ်းစာကို ဆင်ခြင်တွေးတောနေစဉ်အတွင်း ချီစွမ်းအင် စုပ်ယူမှု ကျင့်ကြံခြင်းကို လုပ်ဆောင်နိုင်ရန်အတွက် ဓားဝိညာဉ်တစ်ခုကိုလည်း သူ ဖန်တီးလိုက်သည်။

​သူ မျက်လုံးမှိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဓားချီများ လျှံကျလာပြီး၊ သူနှင့် တစ်ထပ်တည်းတူသော ဓားချီခန္ဓာကိုယ်တစ်ခုက သူ့ဘေး၌ တရားထိုင်လျက် ရှိနေလေသည်။

​ရှန်ယွဲ့၏ ဓားဝိညာဉ်ကျင့်ကြံခြင်း နည်းလမ်းက အလွန်ပင် အသုံးဝင်လှသည်ဟု ဆိုရပေမည်။ ၎င်းကြောင့် လီချင်းချိုးအနေဖြင့် ကျင့်ကြံရေးနည်းလမ်းများနှင့် နတ်ဘုရားစွမ်းရည်များကို လေ့လာရန် အချိန်ပိုမို ရရှိစေခဲ့သည်။

​မသေမျိုးဂူအတွင်း၌ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ….

​နန်ကုန်းအာ၊ လင်းချွမ်နှင့် ရွှေသူငယ်တို့သည်လည်း အသီးသီး ကျင့်ကြံနေကြသည်။ သူတို့သည် သတင်းအချက်အလက် စုဆောင်းရုံသာမကဘဲ အနာဂတ်တိုက်ပွဲများတွင် ပိုမို တာဝန်ယူလိုကြခြင်း ဖြစ်ပေသည်။

ဤသို့ဖြင့် နေ့သစ်တစ်နေ့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။

​လီချင်းချိုးက မျက်လုံးများကို ဖွင့်လိုက်ပြီး ဓားဝိညာဉ်မှ မူလချီများကို စတင် စုပ်ယူလေတော့သည်။

​[ချင်းရှောင်ဂိုဏ်းအနေဖြင့် မိစ္ဆာအင်အားစုများ၏ အပြည့်အဝ ကျူးကျော်မှုကို ပထမဆုံးအကြိမ် ရင်ဆိုင်နေရသည့်အတွက်၊ တာအိုမျိုးဆက်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြိုင်ဆိုင်မှုအသစ် ပတ်ဝန်းကျင်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်း သက်သေပြနေပါသည်။ သင်သည် ကံကောင်းမှု အခွင့်အရေးတစ်ခု ရရှိပါသည်။]

​သူ့ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာသော သတိပေးချက်ကြောင့် လီချင်းချိုး မျက်မှောင်ကြုတ်သွားမိသည်။

​မိစ္ဆာအင်အားစုတွေလား…ပြီးတော့​အပြည့်အဝ ကျူးကျော်မှုတဲ့….

​သူ ပထမဆုံး တွေးမိသည်မှာ နတ်ကိုးပါးဂိုဏ်းပင် ဖြစ်သည်။ နတ်ကိုးပါးဂိုဏ်းသည် ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံနေပြီ ဖြစ်ရာ၊ ၎င်းမှာ ချင်းရှောင်ဂိုဏ်း၏ နယ်မြေအတွင်းသို့ လုံးဝ ထိုးဖောက်ဝင်ရောက်သွားခြင်းနှင့် အတူတူပင် ဖြစ်သည်။

​မိစ္ဆာအင်အားစုများဟူသည်မှာ သူတို့ကို ဦးဆောင်နေသော မိစ္ဆာများ ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

​ချန်ကျူ့၏ မှတ်ဉာဏ်များအရ မြောက်ပိုင်းတွင် မိစ္ဆာများစွာ ရှိသော်လည်း၊ စစ်မှန်သော မိစ္ဆာဘုရင်ဟူ၍မူ မရှိခဲ့ပေ။

​တစ်နည်းအားဖြင့် ဤမိစ္ဆာဘုရင်သည် အနောက်ဘက်မှ လာခြင်း ဖြစ်စေ၊ သို့မဟုတ် မိစ္ဆာနယ်မြေမှ လွတ်မြောက်လာပြီးနောက် နှစ်အနည်းငယ်အတွင်း၌ မိစ္ဆာအင်အားစုတစ်ခုအဖြစ် စုစည်းလိုက်ခြင်း ဖြစ်စေ ဖြစ်ရမည်။

​သူသည် နတ်ကိုးပါးဂိုဏ်း၏ ခြိမ်းခြောက်မှုကို လျှော့တွက်ထားမိပုံရပေသည်။

​လီချင်းချိုးက ဓားဝိညာဉ်မှ မူလချီများကို စုပ်ယူရင်း ဖြစ်နိုင်ချေများကို တွေးတောနေမိ၏။

​မူလချီ ပေါင်းစပ်မှု ပြီးဆုံးသွားသောအခါ မသေမျိုးဂူအတွင်းမှ ထွက်ခွာခြင်း မရှိသေးဘဲ ကံကောင်းမှုကို အသက်သွင်းရန် ဆုံးဖြတ်လိုက်သည်။

​[ကံကောင်းမှု ဆုလာဘ်ကို ရယူရန်]

​[ကံကောင်းမှုကို အသက်သွင်းရန်]

​[ကံကောင်းမှု ရှာဖွေခြင်း စတင်ပါသည်]

​[ကံကောင်းမှု တွေ့ရှိပါပြီ…‘မိစ္ဆာသခင်၏ မသေမျိုးနန်းတော်’ ကို ရှာဖွေတွေ့ရှိပါသည်။ ကံကောင်းမှု၏ လမ်းညွှန်မှုကို လက်ခံပါသလား။]

​မိစ္ဆာသခင်ရဲ့မသေမျိုးနန်းတော်တဲ့လား…​တိုက်ဆိုင်လိုက်လေခြင်း…

​ဒါက မိစ္ဆာအင်အားစုများ၏ ကျူးကျော်မှုနှင့် ဆက်စပ်နေနိုင်မလား။

​လီချင်းချိုး၏ စိတ်ထဲ၌ ခန့်မှန်းချက်များစွာ ဖြတ်သန်းသွားပြီးနောက် လက်ခံရန် ရွေးချယ်လိုက်လေတော့သည်။

​ထိုအခါ အသိအာရုံတခုလုံး အိပ်မက်တစ်ခုအတွင်းသို့ လျင်မြန်စွာ နစ်မြုပ်သွားခဲ့၏။

​ကျောက်ကျိန်းနှင့် ရှန်ယွဲ့တို့က မည်သူ့ကိုမျှ မသိစေဘဲ တောင်အောက်သို့ တိတ်တဆိတ် ဆင်းသွားကြပြီ ဖြစ်သည်။

​မိစ္ဆာအင်အားစုများ၏ ကျူးကျော်မှုအကြောင်းကို သိရှိပြီးနောက်တွင်မူ လီချင်းချိုးက ဂိုဏ်း၏ အဆင့်မြင့်အရာရှိများကို ချက်ချင်း ခေါ်ယူဆွေးနွေးခြင်း မပြုခဲ့ပေ။

​၎င်းအစား သူသည် ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့ကိုသာ ခေါ်ယူလိုက်သည်။

​ကျန်းကျောက်ရှားသည် ဝိညာဉ်အသိအာရုံအဆင့် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ရွှီနင်းမှာမူ ပို၍ပင် မြင့်မားကာ တတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

​သူတို့နှစ်ဦး ခြံဝင်းအတွင်းသို့ ဝင်လာသောအခါ လီချင်းချိုးကို မတွေ့ရသေးပေ။ သူတို့ ထိုင်ပြီးနောက်တွင်မူ စကားတစ်ခွန်းမျှ မပြောကြဘဲ လေထုမှာ အနည်းငယ် အနေရခက်နေလေသည်။

​ခေတ္တအကြာတွင် ကျန်းကျောက်ရှားက မနေနိုင်ဘဲ… “စီနီယာအစ်ကိုက ငါတို့ကို နောက်ထပ် တာဝန်တစ်ခု ပေးရင် ဘယ်လိုလုပ်မလဲ။” ဟု မေးမြန်းလိုက်သည်။

​ထိုစကားကို ကြားသောအခါ ရွှီနင်း၏ အမူအရာမှာ သဘာဝမကျသလို ဖြစ်သွားသည်။

“ရှင်နဲ့ကျွန်မက ဝိညာဉ်အသိအာရုံအဆင့်ကို ရောက်နေပြီပဲ။ အရင်တုန်းကလို ဆက်ပြီး ကျရှုံးနေမှာ မဟုတ်လောက်ပါဘူး။” ဟု ဆိုလေသည်။

​ကျောက်ကျိန်းနှင့် ယွင်ချိုင်တို့ ထင်ရှားလာပြီးကတည်းက သူတို့နှစ်ဦးမှာ တာဝန်ပေးအပ်ခံရခြင်း ရှားပါးလှပြီး တံခါးပိတ် ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လွန်စေခဲ့ကြသည်။

​ယခုတစ်ကြိမ် လီချင်းချိုး ခေါ်ယူလိုက်ခြင်းမှာ သူတို့ လုပ်ဆောင်ရမည့် အရေးကြီးသော ကိစ္စတစ်ခု ရှိနေသည်ကို သူတို့ ခန့်မှန်းမိပြီးသား ဖြစ်သည်။

​“အခု ငါ့မှာ ယုံကြည်မှု အပြည့်ရှိတယ်။ ငါ့ကို ဘာတာဝန်ပဲပေးပေး ငါ ကျရှုံးမှာ မဟုတ်ဘူး။” ဟု ကျန်းကျောက်ရှားက စိတ်အားထက်သန်သော အပြုံးဖြင့် ပြောကြားလိုက်တော့ ​ရွှီနင်းက မျက်ခုံးပင့်လိုက်သော်လည်း သူ့ကို မေးခွန်းထုတ်ခြင်း မပြုပေ။

​ကျန်းကျောက်ရှား နတ်ဘုရားစွမ်းရည်တစ်ခုကို တတ်မြောက်သွားပြီ ဖြစ်ကြောင်း သူမ ကြားသိထားသည်မှာ ကြာပြီဖြစ်သည်။ သူမအနေဖြင့်လည်း ဖိအားများ ခံစားရသော်လည်း၊ သူမ၏ ပြိုင်ဆိုင်လိုစိတ်က ကျန်းကျောက်ရှားထက် အားနည်းနေရန် ခွင့်မပြုပေ။ ဤနှစ်များအတွင်း သူမသည်လည်း အချိန်ဖြုန်းနေခဲ့ခြင်း မဟုတ်ဘဲ အလားတူ ယုံကြည်မှုမျိုး ရှိနေခြင်းပင် ဖြစ်သည်။

​နတ်ဘုရားစွမ်းရည်ကို တတ်မြောက်ထားသော ကျန်းကျောက်ရှားကို ယခုချက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင်ပင် သူမ အနိုင်ရလိမ့်မည်ဟု ယုံကြည်နေမိသည်။

​ထိုစဉ်မှာပင် လီချင်းချိုးက နောက်ကျောဘက်တောင်မှ လင်းရှောင်ခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့လေသည်။

​သူ လာနေသည်ကို မြင်တွေ့ရသောအခါ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က ချက်ချင်း မတ်တတ်ရပ်လိုက်ကြသည်။

​“ငါတို့ သုံးယောက်တည်းပါ ကိန်းကြီးခမ်းကြီးနိုင်တာမျိုးတွေ လုပ်နေဖို့ မလိုပါဘူး…ထိုင်ကြပါ။”

​လီချင်းချိုးက လျှောက်လာရင်း ပြောကြားလိုက်သည်။ သူသည် ကုလားထိုင်တွင် ထိုင်လိုက်ပြီးနောက် ကျောက်စိမ်းပြား နှစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်ပြီး တစ်ယောက်ကို တစ်ခုစီ တွန်းပေးလိုက်သည်။

​၎င်းသည် ဝေထျန်းရှုံး ယူဆောင်လာသော ကန့်သတ်ချက်နည်းပညာဖြစ်ပြီး၊ ဝိညာဉ်အသိအာရုံကို အသုံးပြု၍ ကျောက်စိမ်းပြားအတွင်း၌ မြေပုံများ ရေးဆွဲနိုင်ခြင်း ဖြစ်သည်။ အလွန်ပင် အဆင်ပြေလှသော်လည်း သတ်မှတ်ချက်မှာ မြင့်မားလှ၏။ ဝိညာဉ်အသိအာရုံအဆင့်ရှိသူများသာ အသုံးပြုနိုင်ပေသည်။

​ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က ကျောက်စိမ်းပြားများကို ယူလိုက်ရင်း လီချင်းချိုးကို ပဟေဠိဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

​“အနောက်ဘက်က အန္တရာယ်များတဲ့ နေရာတွေမှာရှိနေတဲ့ ‘မိစ္ဆာသခင်ရဲ့ မသေမျိုးနန်းတော်’ လို့ခေါ်တဲ့ မြေအောက်နန်းတော်တစ်ခုကို မင်းတို့ ရှာပေးဖို့ လိုတယ်။ မင်းတို့နဲ့အတူ သွားဖို့ ယုံကြည်ရတဲ့ တပည့် ဆယ်ယောက်စီကို ရွေးချယ်လိုက်ပါ။ အဲဒီနန်းတော်ကို တွေ့တာနဲ့ အတွင်းက အခြေအနေကို စုံစမ်းပြီး အခြေအနေကို ငါ့ဆီ အကြောင်းကြားဖို့ လူတစ်ယောက် ပြန်လွှတ်လိုက်..”

​လီချင်းချိုးက လေးနက်သော အမူအရာဖြင့် ပြောကြားလိုက်ရင်း ခေတ္တမျှ ရပ်နားလိုက်ပြီး ….

“လမ်းခရီးမှာ အစွမ်းထက်တဲ့ မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို မင်းတို့ ကြုံရနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြပါ။” ဟု ဖြည့်စွက်မှာကြားခဲ့သည်။

All Chapters