← Chapters

ကောင်းကင်ယံမှ ဆင်းသက်လာသော မိစ္ဆာကြီး

Vol. 30 Ch. 292

ကောင်းကင်ယံမှ ဆင်းသက်လာသော မိစ္ဆာကြီး

Vol. 30 Ch. 292

​ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့က အမိန့်ကို လက်ခံပြီးနောက် ထွက်ခွာသွားကြသည်။ သူတို့သည် တပည့်ဆယ်ဦးစီ ရွေးချယ်ကာ နောက်နေ့တွင် တောင်အောက်သို့ တိတ်တဆိတ် ဆင်းသွားကြ၏။

​လက်ရှိတွင် ထိုက်ခွန်းတောင်တန်းရှိ တောင်ထွတ်တိုင်းတွင် တပည့်များ၏ မသေမျိုးဂူများ ရှိနေပြီး၊ ကင်းလှည့်တပည့်များ၏ ကင်းလှည့်သည့် နယ်ပယ်မှာ ထိုက်ခွန်းတောင်တန်း တစ်ခုလုံးအထိ ကျယ်ပြန့်နေပြီ ဖြစ်သည်။ ဓားပျံစီးနင်းနိုင်သောကြောင့် ဤအရာမှာ ခက်ခဲသော ကိစ္စ မဟုတ်ချေ။

​ချင်းရှောင်ဂိုဏ်းမှ တပည့်များကတော့ ဂိုဏ်းမှာ ခြိမ်းခြောက်မှု တစ်ခုနှင့် ရင်ဆိုင်နေရကြောင်း မသိကြသေးပေ။

​တပည့်များ၏ ဘဝများမှာ အလွန် ရိုးရှင်းလှသည်။ ဂိုဏ်းအတွက် ပံ့ပိုးပေးခြင်း၊ အားတက်သရော ကျင့်ကြံခြင်း၊ ကျင့်ကြံမှု အဆင့်များနှင့် အဆင့်အတန်းများကို လိုက်စားခြင်းတို့သာ ဖြစ်သည်။ လောကီကမ္ဘာ၏ ပူပန်မှုများမှာ သူတို့နှင့် အလှမ်းဝေးနေပြီ ဖြစ်၏။

​သူတို့အတွက်တော့ ချင်းရှောင်ဂိုဏ်းမှ တပည့်တစ်ဦး ဖြစ်လာချိန်မှစ၍ ဘဝတွင် ပူပန်စရာများ ရှိတော့မည် မဟုတ်ချေ။ ယခုမှစ၍ သူတို့ လိုက်စားမည့်အရာမှာ အသက်ရှည်ခြင်းနှင့် မသေမျိုးအဖြစ် တက်လှမ်းခြင်းသာ ဖြစ်ရာ၊ သူတို့၏ စိတ်နေသဘောထားမှာ လောကီကမ္ဘာကို ကျော်လွန်နေပြီ ဖြစ်သည်။

​ချင်းရှောင်တောင်ရှိ ခြံဝင်းတစ်ခုတွင် ညှိုးနွမ်းခြောက်သွေ့နေသော ဆောင်းဦး သစ်ရွက်များ ပုံကျနေသည်။

ဖုန်းရှားတောင်မှ ပိုင်ယွီထျန်းက စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အမူအရာ လေးနက်နေသည်။

​အသက် ဆယ့်ခုနစ်နှစ် အရွယ်တွင် သူသည် ချောမောခန့်ညားပြီး ပညာတတ် တစ်ဦး၏ အငွေ့အသက်ကို ပိုင်ဆိုင်ထားသည်။ မွေးရာပါ ဝိညာဉ်အမြစ်ကို အားကိုးခြင်းဖြင့် သူသည် မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ့နာမည်ကို ပါရမီရှင် တစ်ဦးအဖြစ် မဖော်ပြရသေးပေ။

​သူသည် ပုံမှန်အားဖြင့် တစ်ယောက်တည်း ကျင့်ကြံရသည်ကို သဘောကျပြီး မန္တန် အမျိုးမျိုးကို လေ့လာလေ့ရှိသည်။

ထိုစဉ် ​အနီရောင် အမွှေးအနည်းငယ် ပါရှိသော အနက်ရောင် လက်တစ်ဖက်က စားပွဲပေါ်သို့ ရုတ်တရက် ခုန်တက်လာပြီး ပင့်ကူကြီး တစ်ကောင်ကဲ့သို့ စားပွဲပေါ်တွင် ဟိုဟိုဒီဒီ တွားသွားနေသည်။

​"အနှောင့်အယှက် မပေးနဲ့..."

​ပိုင်ယွီထျန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်ပြီး အနက်ရောင် လက်ကို လက်မောင်းဖြင့် တွန်းဖယ်လိုက်သည်။

​"ငါ့မှာ မကောင်းတဲ့ ခံစားချက် တစ်ခု ရှိနေတယ်..." အနက်ရောင် လက်က ရုတ်တရက် ပြောလိုက်ရင်း ၎င်း၏ အသံတွင် သတိထားမှုများ ပြည့်နှက်နေသည်။

​ပိုင်ယွီထျန်းက အနက်ရောင်လက်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

"ဘာမကောင်းတဲ့ ခံစားချက်လဲ... မင်းက ဘာကိုမှ မကြောက်ဘူး မဟုတ်လား..."

​"ချင်းရှောင်ဂိုဏ်းဆီကို မိစ္ဆာချီတွေ ချဉ်းကပ်လာနေတယ်..."

​"ချင်းရှောင်ဂိုဏ်းထဲမှာ မိစ္ဆာသားရဲတွေ အများကြီး ရှိနေပြီပဲကို..."

​"မတူဘူး... ချင်းရှောင်ဂိုဏ်းထဲက ဘယ်မိစ္ဆာသားရဲကမှ ဒီအဆင့်အထိ ရောက်နိုင်တဲ့ မိစ္ဆာချီ မရှိဘူး... စစ်မှန်တဲ့ မိစ္ဆာ တစ်ကောင် လာနေတယ်..."

​"မင်းပြောချင်တာက ဘာလဲ... မိစ္ဆာ တစ်ကောင်က ချင်းရှောင်ဂိုဏ်းထဲကို အတင်း ဝင်လာဖို့ စီစဉ်နေတာလား..."

​ပိုင်ယွီထျန်းက လက်ထဲက စာအုပ်ကို ချလိုက်ပြီး လေးနက်စွာ မေးလိုက်သည်။

​အကယ်၍ အမှန်တကယ် ဖြစ်ပါက ချင်းရှောင်ဂိုဏ်းကို သူ သတင်းပို့ရမည် ဖြစ်သည်။

​အနက်ရောင် လက်က သူ့ရဲ့ အတွေးများကို ဖောက်ထွင်းသိမြင်သွားပြီး ……

"မစဉ်းစားဘဲ မလုပ်ဖို့ ငါ အကြံပေးချင်တယ်... ငါသာ မမှားဘူးဆိုရင် အဲဒီကောင်တွေ ဒီမှာ ရောက်နေပြီ... ချင်းရှောင်ဂိုဏ်းဆီကို တိုက်ရိုက် လာရဲတယ်ဆိုတော့ သူတို့ ပြင်ဆင်ထားလိမ့်မယ်... ပြီးတော့ ချင်းရှောင်ဂိုဏ်းထဲကို ဝင်ရောက်လာတဲ့ မိစ္ဆာတွေတောင် ရှိနေနိုင်တယ်..."

​"သူတို့က ဘယ်သူတွေလဲ..."

ပိုင်ယွီထျန်း၏ မျက်မှောင်ကြုတ်မှု ပိုမို နက်ရှိုင်းသွားချေပြီ။

​အနက်ရောင် လက်က ပြန်မဖြေပေ။ စားပွဲပေါ်တွင် ဟိုဟိုဒီဒီ ဆက်လျှောက်နေပြီး ဂဏာမငြိမ်ဖြစ်ကာ စိုးရိမ်ပူပန်နေပုံရသည်။

​ထိုစဉ်မှာပင်….

​ပြင်းထန်သော လေပြင်းတစ်ချက် ခြံဝင်းအတွင်းသို့ တိုက်ခတ်လာပြီး ကြွေကျနေသော သစ်ရွက်များကို လွင့်စင်သွားစေ၏။ လန့်သွားသဖြင့် ပိုင်ယွီထျန်း မတ်တတ်ရပ်ကာ ခေါင်းလှည့်ကြည့်လိုက်သည်။ မိုးကုတ်စက်ဝိုင်းတွင် လိမ့်တက်နေသော တိမ်မည်းများ ပေါ်လာပြီး မိုးသည်းထန်စွာ ရွာတော့မည့်အလား ရှေ့သို့ ချီတက်လာနေပြီ။

​"သူတို့ ရောက်လာပြီ! သူတို့ တကယ် ရောက်လာပြီ!"

​အနက်ရောင် လက်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက် ခုန်တက်သွားပြီး ပိုင်ယွီထျန်း၏ ရင်ဘတ်ထဲသို့ အမှန်တကယ်ပင် တိုးဝင်ကာ ပျောက်ကွယ်သွားတော့သည်။

​၎င်း၏ စကားများက ပိုင်ယွီထျန်းကို ထိတ်လန့်သွားစေသည်။ မိုးကုတ်စက်ဝိုင်းမှ တိုက်ခိုက်လာသော လိမ့်တက်နေသည့် တိမ်မည်းများကို ကြည့်ရင်း သူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။

​အခြားတစ်ဖက်တွင်….

​ဓားခန်းမ၏ သိုင်းလေ့ကျင့်ကွင်းတွင် ဓားခန်းမမှ တပည့် နှစ်ရာကျော်က ဓားရေး လေ့ကျင့်နေကြပြီး အထူးသဖြင့် ဓားအစီအရင် တစ်ခုကို လေ့ကျင့်နေခြင်းဖြစ်သည်။

​တပည့်များကို ကျင့်ကြံရန် ဦးဆောင်နေသူမှာ ယန်လင်းပင် ဖြစ်သည်။ ယခုအခါ သူမသည် ကျိယာကို အားကိုးရသည့် သာမန် တပည့် တစ်ဦး မဟုတ်တော့ချေ။ သူမ၏ မူလအားဖြည့်နယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံမှုဖြင့် ဓားခန်းမ အတွင်း အဆင့်အတန်း တစ်ခုကို ရရှိထားသဖြင့် တပည့်သစ် များကို ကျင့်ကြံရန် ဦးဆောင်ပေးရလေ့ရှိပြီး ကြီးမားသော ဩဇာတိက္ကမ ကို ပိုင်ဆိုင်ထားသည်။

​သူမက လှေကားထစ်ပေါ်တွင် ရပ်ကာ ဓားကို လွှဲခုတ်နေရင်း တပည့်များကို စောင့်ကြည့်နေသည်။

​တပည့်များက သူမ၏ လှုပ်ရှားမှုများကို တစ်ပြိုင်နက်တည်း လိုက်လုပ်ကြရာ အစွမ်းထက်သော အရှိန်အဝါ တစ်ခုကို ဖန်တီးပေးနေသည်။

ရုတ်တရက် ​ယန်လင်း၏ အကြည့်များက မိုးကုတ်စက်ဝိုင်းရှိ တိမ်မည်းများဆီသို့ အလိုအလျောက် ရောက်သွားသည်။

​"မိုးရွာတော့မလို့လား... အတော်လေး မိုးသည်းမယ့်ပုံပဲ..."

​ယန်လင်းက စိတ်ထဲမှ တွေးလိုက်သည်။ ဤအကျော့ လေ့ကျင့်မှု ပြီးဆုံးပြီးနောက် တပည့်များကို လူစုခွဲခိုင်းရန် သူမ ဆုံးဖြတ်လိုက်သည်။

​လေနှင့် တိမ်များ ဤသို့ ပြောင်းလဲမှုမျိုး တစ်နှစ်လျှင် အကြိမ်အနည်းငယ် ဖြစ်လေ့ရှိသဖြင့် သူမ အများကြီး မတွေးခဲ့ပေ။

​တိမ်မည်းများ ချင်းရှောင်တောင် သို့ ပိုမို နီးကပ်လာသည်နှင့်အမျှ ခြံဝင်းအသီးသီးရှိ တပည့်များလည်း မိုးခိုရန် ပြင်ဆင်နေကြသည်။ သို့သော်လည်း တပည့် များစွာကတော့ ဂရုမစိုက်ဘဲ မိုးထဲတွင် ဆက်လက် ကျင့်ကြံရန် ပြင်ဆင်နေကြသည်။

​ခေတ္တအကြာတွင်…..

​ယန်လင်းက ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းကာ ….

"ဒီနေ့အတွက် ဒီမှာပဲ ရပ်ကြမယ်... ပြန်ရောက်ရင် မှတ်ထားရမှာက..."

​သူမ စကားမဆုံးမီမှာပင် လေကိုခွင်းသည့် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ပြိုင်နက်တည်းနီးပါး ကောင်းကင်ယံမှ တောက်ပသော အလင်းရောင်တစ်ခု ကျဆင်းလာသည်။

​ဝုန်းးးးးးးး

​သိုင်းကွင်း၏ အလယ်ဗဟိုမှ ကြမ်းတမ်းသော အသံတစ်ခု ပေါက်ကွဲထွက်လာသဖြင့် ဓားခန်းမမှ တပည့်များကို လန့်သွားစေ၏။ သူတို့အားလုံး လှည့်ကြည့်လိုက်တော့ မျက်လုံးများ ပြူးကျယ်သွားကြသည်။

​အနက်ရောင် သံတုတ် တစ်ချောင်းက မြေပြင်ကို ဖောက်ထွင်းကာ ကွင်းပြင်တွင် မားမားမတ်မတ် ရပ်နေပြီး အက်ကွဲကြောင်းများက ပင့်ကူအိမ်ကဲ့သို့ အပြင်ဘက်သို့ ပြန့်ထွက်သွားသည်။ ဤ အနက်ရောင် သံတုတ်မှာ မိစ္ဆာချီ များဖြင့် ဖုံးလွှမ်းနေပြီး ကြင်နာတတ်သည့် အရာတစ်ခုနှင့် မတူချေ။

​ဓားခန်းမမှ တပည့်များက ၎င်းကို စိုက်ကြည့်နေကြပြီး အားလုံး မှင်တက်သွားကြသည်။

​ယန်လင်းက အမြန်ဆုံး တုံ့ပြန်လိုက်ပြီး ချက်ချင်း အော်ပြောလိုက်သည်။

"အားလုံး နောက်ဆုတ်ကြ! ရန်သူ တိုက်ခိုက်တာကို သတိထားကြ!"

​လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှေးဟောင်း နတ်ဘုရား ပုံတူကိုယ်ပွား က ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ခဲ့သည့် အဖြစ်အပျက်ကို သူမ တွေ့ကြုံခဲ့ဖူးသဖြင့် သူမ၏ မသိစိတ်ထဲတွင် ချင်းရှောင်ဂိုဏ်း ကျူးကျော်ခံရနိုင်ကြောင်း သိထားသည်။

​ဤစကားကို ကြားသောအခါ ဓားခန်းမ မှ တပည့်များမှာ တစ်ယောက်ပြီး တစ်ယောက် နောက်ဆုတ်သွားကြပြီး သူတို့၏ လက်ထဲရှိ ချင်းရှောင်ဓား များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြသည်။

​အထက်မှ လေတိုက်သံ ထွက်ပေါ်လာရာ ယန်လင်းကို အလိုအလျောက် မော့ကြည့်သွားစေခဲ့သည်။

​ထိုစဉ် အနက်ရောင် အကြေးခွံ သံချပ်ကာ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ဆင်းသက်လာပြီး အနက်ရောင် သံတုတ် ပေါ်သို့ ကျရောက်လာသည်။ ယန်လင်း အသေအချာ ကြည့်လိုက်တော့ သူမ၏ မျက်ဆန်များ မပြူးကျယ်ဘဲ မနေနိုင်ခဲ့ချေ။

​"မျောက်... မိစ္ဆာလား..."

​ဓားခန်းမမှ တပည့်တစ်ဦးက တုန်ယင်သော အသံဖြင့် အော်ဟစ်လိုက်သဖြင့် သူမ အကြည့်နောက်ကို လိုက်ကြည့်လိုက်ရာ အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ တစ်ကောင်က အနက်ရောင် သံတုတ် ပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

​ဤမျောက်မိစ္ဆာမှာ လူနှင့်တူသော ခန္ဓာကိုယ်၊ အညိုရောင် အမွေးအမှင်များနှင့် လူနှင့်တူသော မျက်နှာကို ပိုင်ဆိုင်ထား၏။ မျက်လုံးများမှာ သွေးကဲ့သို့ နီရဲနေပြီး ပါးစပ်မှ ချွန်ထက်သော အစွယ်နှစ်ချောင်း ထွက်နေသည်။ သူ့ မျက်နှာတွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ရှိနေပြီး ခေါင်းပေါ်ရှိ အမွေးများမှာ အလွန် ရှည်လျားကာ ဆံပင်ရှည်များကဲ့သို့ ယိမ်းနွဲ့နေသဖြင့် သူ့ကို ပို၍ပင် ဖိနှိပ်နိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။

​"ဟီးဟီး... ဒီမှာ အတော်လေး စည်ကားတာပဲ!"

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက ရက်စက်ကြမ်းကြုတ်စွာ ပြုံးပြလိုက်ရင်း ဝေ့ကြည့်လိုက်ရာ ဓားခန်းမမှ တပည့်များကို လန့်သွားစေပြီး သူနှင့် အကွာအဝေး တစ်ခု ထားရှိရန် ချက်ချင်း နောက်ဆုတ်သွားကြသည်။

​သူ့အကြည့်က နောက်ဆုံးတွင် ယန်လင်းအပေါ်သို့ ကျရောက်သွားသဖြင့် ​ယန်လင်း၏ နှလုံးခုန်သံ တစ်ချက် ရပ်သွားသည်။ ဤမိစ္ဆာက အလွန် အန္တရာယ်များကြောင်း သူမ၏ အလိုအလျောက် သိစိတ်က ပြောနေပေသည်။

​"မင်းကနေ စမယ်!"

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက လှောင်ပြောင်လိုက်ပြီး စကားသံ အဆုံးတွင် လေထဲသို့ ခုန်တက်ကာ အနက်ရောင် သံတုတ်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး လေထဲတွင် မြင့်မြင့် မြှောက်လိုက်ရာ သူ့ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

​မျောက်မိစ္ဆာ၏ အရှိန်က အလွန် မြန်ဆန်လွန်းသဖြင့် ယန်လင်းပင် တုံ့ပြန်ရန် အချိန်မရခဲ့ချေ။

​မျက်တောင်တစ်ခတ်အတွင်း ယန်လင်းသည် သူမ၏ မျက်နှာကို လေပြင်းတစ်ချက် ရိုက်ခတ်သွားသည်ကိုသာ ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ၏ ပုံရိပ်မှာ သူမ၏ မျက်ဆန်များတွင် ထင်ဟပ်နေသည်။

​ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသလို ဖြစ်နေ၏။

​ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက အနက်ရောင် သံတုတ် ကို လက်တစ်ဖက်ဖြင့် လွှဲခုတ်လိုက်ရာ သူမကို အမှုန့်ဖြစ်သွားအောင် ဖိချေပစ်ချင်နေပုံရသည်။

ထိုစဉ် ​ဓားအလင်းတန်း တစ်ခုက ယန်လင်း၏ မျက်နှာပေါ်သို့ ရုတ်တရက် လင်းထိန်သွားသဖြင့် လေထဲတွင် ရှိနေသော အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက ရုတ်တရက် လှမ်းကြည့်လိုက်သည်။ထို့နောက် မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ်ကို ချက်ချင်း လှည့်ကာ လက်ထဲရှိ သံတုတ်ကို ပြန်လည် တိုက်ခိုက်ရန် လွှဲခုတ်လိုက်လေသည်။

​ဝုန်းးးးးး

​ချင်းရှောင်ဓား တစ်လက်က အနက်ရောင် သံတုတ်ကို ဝင်တိုက်မိသွားသည်။ အစွမ်းထက်သော အင်အားက အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ ကို တစ်ဖက်သို့ တိုက်ရိုက် ဖိနှိပ်သွားစေသည်။သူသည် လေထဲတွင် ကိုယ်ကိုလှည့်ကာ မဆင်းသက်မီ ကိုက်ဒါဇင်ကျော် အကွာအဝေးသို့ လွင့်ထွက်သွားသည်။

​သူ ပြင်းထန်စွာ တစ်ချက် ခါယမ်းလိုက်တော့ သံတုတ်ရှေ့ရှိ ချင်းရှောင်ဓားလည်း လွင့်ထွက်သွားလေသည်။

​ချင်းရှောင်ဓားက လေထဲတွင် လည်ထွက်သွားပြီး ယန်လင်း၏ ခေါင်းပေါ်မှ ဖြတ်ပျံသွားကာ နှင်းလိုဖြူဖွေးသော လက်တစ်ဖက်က ဖမ်းယူလိုက်သည်။ ထို့နောက် ချက်ချင်းပင် ယန်လင်း၏ အနောက်တွင် ပုံရိပ်တစ်ခု ဆင်းသက်လာသည်။

​ယန်လင်း သတိပြန်ဝင်လာပြီး ခေါင်းလှည့်ကြည့်လိုက်ကာ အံ့သြတကြီးဖြင့် အော်ဟစ်လိုက်သည်။

"အဲဒါ နင်ပဲ!"

​ရောက်လာသူမှာ အခြားသူ မဟုတ်ဘဲ ယွင်ချိုင်ပင် ဖြစ်သည်။

​ယွင်ချိုင်က သူမကို လျစ်လျူရှုကာ အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ ထံသို့ သူမ၏ ဓားဖြင့် ပြေးဝင်သွားခဲ့သည်။

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက သူမကို ကြည့်ကာ ပြုံးဖြီးဖြီးဖြင့်…..

"ဝိညာဉ်အသိအာရုံအဆင့်! မင်း မြန်မြန် ရောက်လာတာပဲ!"

​ယွင်ချိုင်၏ တိုက်ခိုက်မှုက သူ့ကို အံ့အားသင့်စေခဲ့သော်လည်း သူမကို သိပ်အလေးမထားခဲ့ပေ။

​သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယွင်ချိုင်ထံသို့ ထိပ်တိုက် ပြေးဝင်သွားခဲ့သည်။

​ဓားခန်းမမှ တပည့်များ အားလုံးက ယွင်ချိုင်ကို မှတ်မိကြပြီး အလွန် ဝမ်းသာ အံ့သြသွားကြသည်။ သို့သော်လည်း ယွင်ချိုင်နှင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာတို့ ထိပ်တိုက် တွေ့တော့မည်ကို မြင်သောအခါ၊ သူတို့ တစ်ခုခု လွတ်သွားမည်ကို စိုးရိမ်သဖြင့် စကားမပြောရဲကြချေ။

​လူနှင့် မိစ္ဆာမှာ အလွန် မြန်ဆန်ပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့ ဝင်တိုက်မိကြသည်။

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက သံတုတ်ကို လွှဲခုတ်လိုက်တော့ ယွင်ချိုင်၏ မျက်ဆန်များ ငွေပြာရောင် ပြောင်းသွားခဲ့သည်။မျက်တောင်တစ်ခတ်အတွင်း သူမ၏ ခန္ဓာကိုယ် လိမ်ခေါက်သွားပြီး အနက်ရောင် သံတုတ် အောက်မှ သီသီလေး ဖြတ်သန်းသွားကာ တစ်ပြိုင်နက်တည်းမှာပင် သူမ၏ ဓားကို လွှဲခုတ်လိုက်သည်။

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ၏ မျက်လုံးထဲတွင် သူမ၏ ပုံရိပ်မှာ ရုတ်တရက် တလက်လက် ဖြစ်သွားရာ သူ့ကို အလွန် အန္တရာယ်ကြီးမားသည်ဟု ခံစားလိုက်ရစေ၏။ ၎င်းက သူ့ကို ထိတ်လန့်သွားစေသဖြင့် ချက်ချင်း ခုန်ရှောင်လိုက်သော်လည်း ရင်ဘတ် သံချပ်ကာ ပေါ်တွင် သူမ၏ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရဆဲပင်။

​ဝှစ်...

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက ကိုက်ဆယ်ဂဏန်း အကွာအဝေးတွင် ဆင်းသက်လိုက်ပြီး ယွင်ချိုင်ကို သူ ပြန်မော့ကြည့်လိုက်တော့ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက်ကွယ်သွားပြီး အမှောင်ထုဖုံးလွှမ်းနေသော အမူအရာနှင့် သတိထားမှုများ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အစားထိုးသွားတော့သည်။

​သူ့ ရင်ဘတ် သံချပ်ကာမှာ မကွဲကြေသွားသော်လည်း အတွင်းကလီစာများ တုန်ခါသွားပြီး သွေးနှင့် ချီဓာတ်များ ရှုပ်ထွေးသွားကာ သူ့ကို အလွန် အနေရခက်စေသည်။

​သူမ၏ ခွန်အားက ကြီးမားရုံသာမက သူမ၏ မူလချီကလည်း ကြမ်းတမ်းလှသည်!

​"မင်း နာမည်ကို ပြောစမ်း!"

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက လေးနက်သော အသံဖြင့် ပြောလိုက်ပြီးနောက် မိစ္ဆာချီများက သူ့ပတ်လည်တွင် စတင် လည်ပတ်လာပြီး အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

​ယွင်ချိုင်က သူမ၏ ဓားကို ခါယမ်းလိုက်ပြီး အေးစက်သော မျက်နှာထားဖြင့်….

"ချင်းရှောင်ဂိုဏ်းက ယွင်ချိုင်"

​"ဓမ္မညီလာခဲရဲ့ ပထမဆုရှင်... မင်း ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး..."

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ၏ လေသံတွင် အံ့အားသင့်မှုများ ပြည့်နှက်နေပြီး သူ့ ကားများက ယွင်ချိုင်ကို မျက်မှောင်ကြုတ်စေခဲ့သည်။

​ဤမိစ္ဆာက ချင်းရှောင်ဂိုဏ်းအကြောင်းကို ကောင်းစွာ သိနေသည်... သူက ကြိုတင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ထားပုံရပြီး နောက်ကွယ်တွင် အင်အားစု တစ်ခုပင် ရှိနေနိုင်ပေသည်။

​ယွင်ချိုင်က စကားပိုမပြောတော့ဘဲ အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ ထံသို့ ထပ်မံ ချဉ်းကပ်သွားခဲ့သည်။

ဤသို့ဖြင့် ​လူနှင့် မိစ္ဆာမှာ လျင်မြန်စွာ စတင် တိုက်ခိုက်ကြတော့သည်။ ယွင်ချိုင်၏ တိုက်ခိုက်မှုများက ပြင်းထန်လှပြီး လှုပ်ရှားမှု ဆယ်ကြိမ်မပြည့်မီမှာပင် အရှိန်ယူထားသော အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာမှာ ဖိနှိပ်ခံလိုက်ရတော့သည်။

​သူတို့တွေ သိုင်းလေ့ကျင့်ကွင်းမှ ခေါင်မိုးပေါ်သို့ ခုန်တက်သွားကြသည်။ သူတို့၏ ပုံရိပ်များ ရောယှက်နေပြီး ခြေလှမ်းများကလည်း အလွန် မြန်ဆန်သဖြင့် နောက်ဆက်တွဲ အရိပ်များကို ဖန်တီးပေးနေသည်။ ဓားနှင့် သံတုတ်တို့ ဝင်တိုက်မိကြပြီး မီးပွားများလည်း လွင့်စင်လာသည်။

​ဝုန်း...

​ကောင်းကင်ယံရှိ တိမ်မည်းများမှ မိုးကြိုးများ ပေါက်ကွဲထွက်လာပြီး အလွန် ဖိနှိပ်နိုင်ကာ သူတို့၏ တိုက်ပွဲ အသံများကို ဖုံးလွှမ်းသွားစေသည်။

​ယန်လင်းက တပည့် အနည်းငယ်ကို အကူအညီ ခေါ်ရန် အမိန့်ပေးလိုက်ပြီး၊ သူမကမူ ချင်းရှောင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ ယွင်ချိုင်နှင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ တို့ကို စူးစိုက်ကြည့်နေသည်။

​သူမ တိုက်ပွဲတွင် ပါဝင်ချင်သော်လည်း သူမ၏ မျက်လုံးများက သူတို့၏ အရှိန်ကို မမီနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

​"မောက်မာလှချည်လား!"

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက ဟိန်းဟောက်လိုက်ရင်း မိစ္ဆာချီများက ဧရာမ မျောက်ဝံကြီး တစ်ကောင်၏ မျက်နှာအဖြစ် စုစည်းသွားပြီး ယွင်ချိုင်ကို နားကန်းလောက်အောင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထိုအသံလှိုင်းများက လေဟာနယ်ကိုပင် တုန်ခါသွားစေပြီး မြင်သာသော ပုံပျက်မှုများကို ဖန်တီးပေးနေသည်။

ထိုအခါ ​ယွင်ချိုင် ရပ်တန့်သွားသဖြင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာကို အခွင့်အရေး တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

​အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာကလည်း အခွင့်ရေးကိုလက်လွတ်မခံဘဲ သံတုတ်ကို ပြင်းထန်စွာ လွှဲခုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့ လက်ထဲရှိ အနက်ရောင် သံတုတ်မှ လိမ့်တက်နေသော မိစ္ဆာချီများ ပေါက်ကွဲထွက်လာပြီး၊ ပေတစ်ရာ ရှည်လျားသော သံတုတ် အရိပ်တစ်ခုကို အမှန်တကယ်ပင် စုစည်းလိုက်ရာ ၎င်း၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

​ဤလွှဲခုတ်မှုက လေမုန်တိုင်း တစ်ခုကို ဖြစ်ပေါ်စေပြီး အောက်ဘက်ရှိ တပည့် များစွာကို လွင့်ထွက်သွားစေသည်။

​ဤကဲ့သို့ ကြီးစိုးသော တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ယွင်ချိုင်၏ မျက်လုံးများထဲတွင် ထူးဆန်းသော အပြာရောင် အလင်းတန်းတစ်ခု တလက်လက် ဖြစ်သွားသည်။

ရုတ်တရက် ကျားဟိန်းသံ တစ်ခုနှင့်အတူ ငွေရောင် ကျားကြီး တစ်ကောင် ပေါ်လာပြီး သူမကို ကျော်ဖြတ်ကာ ပေတစ်ရာ ရှည်လျားသော သံတုတ် အရိပ်ဆီသို့ ၎င်း၏ လက်သည်းများဖြင့် လွှဲခုတ်လိုက်တော့သည်။

​တောင်အရှင်သခင်နတ်ဘုရားမန္တန်!

​သူမ၏ တောင်အရှင်သခင် နတ်ဘုရား မန္တန်တွင် အစပြု လှုပ်ရှားမှု မရှိသဖြင့် ဓားခန်းမမှ တပည့်များစွာကို မှင်တက်သွားစေတော့သည်။

All Chapters