မိစ္ဆာမျောက်မည်း
Vol. 30 Ch. 293
ဝုန်း…….
တောင်အရှင်သခင် နတ်ဘုရား မန္တန်သည် ပေတစ်ရာ ရှည်လျားသော သံတုတ် အရိပ်ကို ဝင်တိုက်မိသွားရာ ဓားခန်းမ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။ ပြင်းထန်သော မူလချီများ အရပ်မျက်နှာ အသီးသီးသို့ လွင့်စင်သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်များကို နောက်သို့ လန်သွားစေ၏။
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ သည်လည်း ယွင်ချိုင်၏ တောင်အရှင်သခင် နတ်ဘုရား မန္တန်ကြောင့် အံ့အားသင့်သွားသည်။ ဤအမျိုးသမီး၏ မန္တန် ရွတ်ဆိုမှု အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်ပြီး မည်သည့် ကြိုတင် သတိပေးချက်မျှ မရှိချေ။
ထွက်သက်ဝင်သက် နှစ်ကြိမ် မပြည့်မီမှာပင် တောင်အရှင်သခင် နတ်ဘုရားမန္တန်နှင့် ပေတစ်ရာ ရှည်လျားသော သံတုတ် အရိပ်တို့ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားကြသည်။
ယွင်ချိုင်က ထပ်မံ ချဉ်းကပ်လာပြန်သည်။ လူနှင့် မိစ္ဆာတို့ ခေါင်မိုးပေါ်တွင် ဆင်းသက်လိုက်ကြပြီး သံတုတ် အရိပ်များ အဆက်မပြတ် တလက်လက် ဖြစ်နေကာ လေပြင်းများက ထိုနေရာ တစ်ဝိုက်ကို ဖျက်ဆီးနေတော့သည်။
သူတို့၏ ခြေလှမ်းများ ပိုမို မြန်ဆန်လာပြီး သူတို့၏ ဖျက်ဆီးနိုင်စွမ်းလည်း ပိုမို အားကောင်းလာသည်။ သူတို့ ဖန်တီးလိုက်သော ဆူညံသံများကို ကောင်းကင်ယံရှိ မိုးကြိုးသံများကပင် ဖုံးလွှမ်း၍ မရနိုင်တော့ချေ။
တပည့်များက ချင်းရှောင်ဓား များပေါ်တွင် ရပ်ကာ အပြေးအလွှား ရောက်လာကြပြီး ဓားခန်းမကို လျင်မြန်စွာ ဝိုင်းရံလိုက်ကြသော်လည်း ယွင်ချိုင် တိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့ လွယ်လွယ်နှင့် ဝင်မစွက်ဖက်ရဲကြပေ။
အသက် ဆယ့်နှစ်နှစ်အရွယ် လီရှို့ကျန်းနှင့် လီရှို့မင်တို့လည်း ရောက်လာကြသည်။ သူတို့က သစ်ပင်ထိပ်များပေါ်တွင် ဆင်းသက်လိုက်ကြပြီး တိုက်ပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
"အဲဒါ မိစ္ဆာ လား..." ဟု လီရှို့မင်က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏。
လီရှို့ကျန်းကတော့ အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ဤမျောက်မိစ္ဆာ၏ စွမ်းအားများက အလွန် ကြောက်မက်ဖွယ်ကောင်းကြောင်း သူ ခံစားနိုင်သည်။
ဤမျှ အစွမ်းထက်သော မိစ္ဆာ တစ်ကောင်တွင် ကြီးမားသော နောက်ခံ ရှိရမည်မှာ သေချာသည်။
ချင်းရှောင်ဂိုဏ်းကို ကျူးကျော်ရဲခြင်းက ချင်းရှောင်ဂိုဏ်းမှာ ကြီးမားသော ပြဿနာတစ်ခုကို ရင်ဆိုင်ရတော့မည့် လက္ခဏာ တစ်ခု ဖြစ်ပေလိမ့်မည်။
ချင်းရှောင်ဂိုဏ်းမှ တပည့်များလည်း အရပ်မျက်နှာ အသီးသီးမှ တဖွဲဖွဲ ရောက်ရှိလာကြသည်။ သူတို့သည် ဓားပျံစီးနင်းခြင်းပညာရပ်ကို အသုံးပြုကာ မြှားမိုးများကဲ့သို့ ဆင်းသက်လာကြရာ၊ ၎င်းက အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ အပေါ် ကြီးမားသော ဖိအားများကို သက်ရောက်စေခဲ့သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..."
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက တိုက်ခိုက်နေရင်း အံကြိတ်လိုက်သည်။
ဤသည်မှာ သူ တွေးထားခဲ့သော ဖြစ်ရပ်နှင့် လုံးဝ ကွဲပြားခြားနားနေသည်။ သူ ဤနေရာတွင် အပြတ်အသတ် သတ်ဖြတ်နိုင်မည်ဟု ထင်ခဲ့၏။ အကယ်၍ လီချင်းချိုးကို မယှဉ်နိုင်လျှင်ပင် ဒဏ်ရာရပြီးနောက် သူ ထွက်ခွာသွားနိုင်သေးသည်။
သို့သော်လည်း သူ ရောက်ရှိလာချိန်မှစ၍ ယခုအထိ မည်သူ့ကိုမျှ သတ်ဖြတ်ရန် မဆိုထားဘိ၊ တစ်ယောက်ကိုမျှပင် ဒဏ်ရာ မရစေနိုင်ခဲ့ချေ။
သူသည် ယွင်ချိုင်ကို ခါချချင်သော်လည်း သူမမှာ ကိုင်တွယ်ရ အလွန် ခက်ခဲလွန်းလှ၏။ သူ လုံးဝ ထွက်ပြေး၍ မရနိုင်ချေ။
သူမကို ခါချ၍ မရနိုင်ရုံသာမက သူမ၏ စည်းချက်ထဲသို့ သူ ကျရောက်နေပြီး သူမကို တက်တက်ကြွကြွ တန်ပြန် တိုက်ခိုက်နေရကာ အာရုံစူးစိုက်မှုကို လျှော့ချရန် မဝံ့ရဲပေ။
ကြည့်ရှုနေသော တပည့်များ၏ မျက်လုံးထဲတွင် ယွင်ချိုင်သည် အလွန် ကြီးစိုးနေပြီး မန္တန် အမျိုးမျိုးကို လွယ်ကူစွာ ရွတ်ဆိုနေသည်။ ၎င်းမှာ သူတို့ကို စိတ်အားတက်ကြွသွားစေသည့် မျက်စိကျိန်းမတတ် ပြကွက်တစ်ခု ဖြစ်သည်။
"စီနီယာအစ်မ ယွင်ချိုင်က အရမ်း အစွမ်းထက်တာပဲ!"
"သူက ဓမ္မညီလာခံတုန်းကထက် ပိုပြီး ကြီးစိုးနေသလို ခံစားရတယ်..."
"အဓိပ္ပာယ် မရှိတာ... နှစ်အနည်းငယ် ကုန်လွန်သွားပြီပဲ... ရန်သူကို ရင်ဆိုင်ရချိန်မှာ သေချာပေါက် အစွမ်းကုန် တိုက်မှာပေါ့..."
"ဒီမိစ္ဆာက ဘယ်က ရောက်လာတာလဲ... သူက အရမ်း ကြမ်းတမ်းတာပဲ... အကယ်၍ စီနီယာအစ်မ ယွင်ချိုင်သာ သူ့ကို မတားခဲ့ဘူးဆိုရင် သူ အပြတ်အသတ် သတ်ဖြတ်နေတာကို ငါတို့ တားနိုင်မှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်..."
"သူ့လက်ထဲက အနက်ရောင် သံတုတ်က မှော်ပစ္စည်းလား... အဲဒါက အရမ်း လေးမယ့်ပုံပဲ..."
ရောက်ရှိလာသော တပည့် အရေအတွက် ဆက်လက် တိုးပွားနေသည်နှင့်အမျှ အရပ်မျက်နှာ အသီးသီးမှ တပည့် များက ဆွေးနွေးမှုများ ပြုလုပ်နေကြသည်။
တစ်ချိန်တည်းမှာပင်……
အထက်ရှိ ချောက်ကမ်းပါး တစ်ခုပေါ်တွင် လီချင်းချိုးသည်လည်း တိုက်ပွဲကို ငုံ့ကြည့်နေသည်။
ယွင်ချိုင်နှင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာတို့ မတိုက်ခိုက်မီကတည်းက သူ ရောက်ရှိနေခဲ့ခြင်း ဖြစ်သော်လည်း ယွင်ချိုင် ထိုမျှ မြန်ဆန်စွာ လှုပ်ရှားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး က အဲဒီလောက် ဝေးဝေးကို မြင်နိုင်တာလား…..
အကယ်၍ ထိုသို့ဆိုလျှင် ယွင်ချိုင်သည် ဂိုဏ်းကို စောင့်ရှောက်ရန် အလွန် သင့်လျော်သည်ဟု လီချင်းချိုး ခံစားလိုက်ရသည်။ ဤတိုက်ပွဲ ပြီးဆုံးသွားသည်နှင့် သူမကို သေချာစွာ မေးမြန်းရမည် ဖြစ်သည်။
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက ယွင်ချိုင်ကို မယှဉ်နိုင်ကြောင်း သူ မြင်တွေ့ရသဖြင့် ဝင်စွက်ဖက်ရန် မရည်ရွယ်တော့ပေ။
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက အားနည်းနေခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤမိစ္ဆာမှာ အလွန် အစွမ်းထက်ပြီး မိစ္ဆာကြီးလော့ ၏ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံးကို ပိုင်ဆိုင်ထားသော ယွင်ချိုင်နှင့် ကြုံတွေ့ရသောကြောင့်သာ ကံဆိုးနေခြင်း ဖြစ်သည်။
လီချင်းချိုး မော့ကြည့်လိုက်တော့ ကောင်းကင်ယံရှိ လိမ့်တက်နေသော တိမ်မည်းများက လှုပ်ရှားနေဆဲပင်။
ထိုအရာများမှာ တိမ်မည်းများ မဟုတ်ဘဲ မိစ္ဆာ တိမ်တိုက်များပင် ဖြစ်သည်။
ယခုလို ကျူးကျော်လာမည့် နည်းလမ်းကို သူ မမျှော်လင့်ထားခဲ့ချေ။
ချင်းရှောင်ဂိုဏ်း၏ တောင်စောင့် အစီအရင်မှာ ယခုအခါ အရေးတကြီး ကိစ္စတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ လီချင်းချိုးက တောင်စောင့် အစီအရင် ကို ဦးစားပေး လုပ်ဆောင်ရန် ဝေထျန်းရှုံးကို တိုက်တွန်းရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်ကို အချိန်ဆွဲထားနိုင်သည်။
ဂိုဏ်းမှ ကျွမ်းကျင်သူများ ဖြစ်ကြသော ရွှယ်ကျင်း၊ ကျိယာ၊ မြို့စားမင်း လုချင်းနှင့် လီရန်တို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်နှင့်အမျှ အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက သူ ဆက်လက် အချိန်ဆွဲ၍ မရနိုင်တော့ကြောင်း သဘောပေါက်သွားသည်။
သူက ဟိန်းဟောက်လိုက်ပြီး သံတုတ် တစ်ချက် ရိုက်ကာ ယွင်ချိုင်ကို နောက်သို့ ဆုတ်သွားစေပြီးနောက် ခုန်တက်သွားသည်။ သူသည် အနက်ရောင် မိစ္ဆာ လေပြင်း တစ်ချက်အဖြစ် အမှန်တကယ်ပင် ပြောင်းလဲသွားပြီး ယွင်ချိုင်၏ တောင်အရှင်သခင် နတ်ဘုရားမန္တန်ကပင် သူ့ကို မတားဆီးနိုင်ခဲ့ချေ။
သူသည် ဓားခန်းမ ခြံဝင်း၏ ခေါင်မိုးများ တစ်လျှောက် သောင်းကျန်းသွားရာ တပည့် များကို လန့်သွားစေပြီး တစ်ယောက်ပြီး တစ်ယောက် ခုန်ရှောင်သွားစေခဲ့သည်။
ကျိယာက ရှေ့ရှိ ခေါင်မိုးပေါ်သို့ ရုတ်တရက် ဆင်းသက်လာပြီး ကိုယ်ကိုလှည့်ကာ လက်ဝါးဖြင့် ရိုက်လိုက်သည်။
ကောင်းကင်ကိုးလွှာ နတ်လက်ဝါးသိုင်း!
ကျယ်ပြောလှသော မူလချီများက ဧရာမ လက်ဝါး အရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး အနက်ရောင် မိစ္ဆာ လေပြင်းကို ထိပ်တိုက် ရင်ဆိုင်ကာ ၎င်းကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သဖြင့် အနက်ရောင် သံချပ်ကာမျောက်မိစ္ဆာ၏ ပုံရိပ် ထွက်ပေါ်လာတော့သည်။
သူ့မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာ ပေါ်လာသည်။အဘယ့်ကြောင့်ဆိုသော် ချင်းရှောင်ဂိုဏ်းမှ အခြား တပည့် တစ်ဦးက သူ့ကို တားဆီးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ရွှစ်!
ထိုစဉ် လေကိုခွင်းသည့် အသံတစ်ခု ထွက်ပေါ်လာသဖြင့် အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက အလိုအလျောက် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
ဝှစ်……
ငွေရောင် ဓားအရိပ် တစ်ခုက သူ့ ရင်ဘတ်ကို ဖောက်ထွင်းသွားပြီး သွေးများ လွင့်စင်သွားသည်။သူ့ရဲ့ ခန္ဓာကိုယ် လေထဲတွင် လဲကျသွားစဉ် မျက်လုံးများ ပြူးကျယ်သွားသည်။ မိစ္ဆာ စွမ်းအားများလည်း ရုတ်တရက် အေးခဲသွားသဖြင့် သူ့ကို ကြီးမားသော ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေတော့သည်။
ဝိညာဉ်နှုတ်ဓားပျံ!
မျက်လုံးထောင့်မှ ကြည့်လိုက်တော့ ယွင်ချိုင်က မန္တန် ရွတ်ဆိုသည့် အနေအထားကို ထိန်းသိမ်းထားသည်ကို တွေ့လိုက်ရသည်။
သူသည် ထိုအတိုင်းပင် လဲကျသွားပြီး ခေါင်မိုးကို ဝင်တိုက်ကာ အောက်သို့ လိမ့်ဆင်းသွားတော့သည်။
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာမှာ ခြံဝင်းထဲတွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့သည်ကို မြင်သောအခါ ချင်းရှောင်ဂိုဏ်းမှ တပည့် များ အလွန် အံ့အားသင့်သွားကြပြီး သူ့ကို ထိုးစိုက်နေသော ဓားအရိပ်က မည်သည့် မန္တန် မျိုး ဖြစ်မည်ကို စပ်စုချင်နေကြသည်။
"ကျိန်ဆဲချင်စရာကောင်းလိုက်တာ..."
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာက အံကြိတ်ပြီး ခေါင်မိုးပေါ်တွင် ရပ်နေသော ကျိယာကို မော့ကြည့်လိုက်သော်လည်း ကျိယာ၏ မျက်နှာကိုပင် သေချာစွာ မမြင်ရတော့ချေ။
"သူ့ကို မိစ္ဆာနှိမ်နင်းရေး စေတီတော် ထဲကို ပစ်ထည့်လိုက်..."
အဝေးမှ မရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာပြီး
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ ထပ်မံ မတွေးတောနိုင်မီမှာပင် နောက်ထပ် ဝိညာဉ်နှုတ်ဓားပျံ တစ်ခု ကျဆင်းလာပြီး သူ့ကျောကို ဖောက်ထွင်းသွားတော့သည်။ ဖော်ပြ၍မရနိုင်သော နာကျင်မှု တစ်ခုက သူ့ရဲ့ အသိအာရုံကို ချက်ချင်း ဗလာဖြစ်သွားစေတော့သည်။
လင်းရှောင်ခြံဝင်းအတွင်း၌ ယွင်ချိုင်က စားပွဲရှည်ရှေ့တွင် ရပ်ကာ လီချင်းချိုးကို ပြုံးဖြီးဖြီး အမူအရာဖြင့် ကြည့်နေသည်။
လီချင်းချိုးက သူမကို တစ်ယောက်တည်း ခေါ်ယူလိုက်သဖြင့် သူမကို ချီးကျူးတော့မည်ဟု ထင်ကာ အသင့်ပြင်ထားပြီး ဖြစ်သည်။
"အဲဒီမိစ္ဆာ လာတာကို မင်း ဘယ်လို သိလိုက်တာလဲ..."
"ဒီလောက်ကြီးတဲ့ မိစ္ဆာချီကြီး လွင့်လာတာကို... ကျွန်မက တစ်ချက်ကြည့်ရုံနဲ့တင် မြင်လိုက်တာပေါ့..."
ထင်တဲ့အတိုင်းပဲ!
လီချင်းချိုး ခန့်မှန်းထားသည့်အတိုင်း ပင်။
"မင်း ကောင်းကင်ကို ကြည့်ရ ပိုလွယ်အောင် အနာဂတ်မှာ မင်းအတွက် အမိုးပွင့် မသေမျိုးဂူ တစ်ခု တည်ဆောက်ပေးရမယ့်ပုံပဲ..."
"မသေမျိုးဂူထဲမှာ ရှိနေရင်တောင် ကောင်းကင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာကို ကျွန်မ မြင်နိုင်ပါတယ်..."
အဲဒီလောက်တောင် အစွမ်းထက်တာလား….
လီချင်းချိုးသည် သူမ၏ ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး ကို ကူးယူရန် နောက်တစ်ကြိမ် မြှူဆွယ်ခံလိုက်ရပြန်သည်။
"ဒီနေ့ မင်း စွမ်းဆောင်ရည် အရမ်းကောင်းတယ်... ဂိုဏ်းထဲမှာ ဘယ်သူမှ ဒဏ်ရာမရအောင် မင်း ကာကွယ်ပေးနိုင်ခဲ့တယ်... မင်းရဲ့ အောင်မြင်မှုတွေကို ဝိညာဉ်ထိန်းချုပ်ရေးခန်းမကို ကြေညာခိုင်းလိုက်မယ်..."
ယွင်ချိုင်၏ ကြီးထွားမှု အရှိန်မှာ အလွန် မြန်ဆန်လွန်းသဖြင့် သူမကို ပိုပိုပြီး အသုံးဝင်လာသည်ဟု သူ ခံစားလာရသည်။
ယွင်ချိုင်က ပြုံးလိုက်သည်။ သူမ၏ ရည်မှန်းချက်မှာ စစ်မှန်သောသခင် ဆယ်ပါး နေရာများထဲမှ တစ်ခု ဖြစ်ရာ ဤကဲ့သို့သော ဂုဏ်ယူစရာ အခွင့်အရေးမျိုးကို သူမ ငြင်းပယ်မည် မဟုတ်ပေ။
"ဝိညာဉ်ချည်နှောင်ခြင်း မန္တန်ကို ကျွန်မ ကျွမ်းကျင်နေပါပြီ... ကျွန်မ သွားပြီး သူ့ကို စစ်ဆေးမေးမြန်းဖို့ လိုအပ်လား..."
"မင်းကိုု ငါ ယုံကြည်ပါတယ်... သွားပါ..."
ဤစကားများက ယွင်ချိုင်ကို ပို၍ပင် ပျော်ရွှင်သွားစေသည်။ သူမက စားပွဲရှည်ကို ပတ်ကာ လီချင်းချိုးအနားသို့ ကပ်သွားချင်သော်လည်း လီချင်းချိုးက သူမကို တားရန် လက်ကို ကြိုတင် မြှောက်လိုက်သည်။
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
"ဂိုဏ်းချုပ်... ကျွန်မအပေါ် ဘာလို့ အဲဒီလောက် သတိထားနေရတာလဲ... ကျွန်မက ဂိုဏ်းချုပ်ကို ကိုက်စားမှာမှ မဟုတ်တာ..."
လီချင်းချိုးကတော့ သူမကို မယုံကြည်ပေ။
"စည်းကျော်ဖို့ အတွေးတွေ ထပ်မတွေးဖို့ ငါ အကြံပေးချင်တယ်... ငါက ဂိုဏ်းချုပ်ဖြစ်ပြီး မင်းက တပည့် ပဲ... ဒါက ငါတို့ကြားက ဆက်ဆံရေးပဲ..."
"အနာဂတ်မှာ ကျွန်မ စစ်မှန်တဲ့ သခင်ကြီး ဖြစ်လာလိမ့်မယ်... ဒုဂိုဏ်းချုပ်တောင် ဖြစ်လာနိုင်သေးတယ်... အကယ်၍ ဂိုဏ်းချုပ်သာ တာအိုလက်တွဲဖော် လိုချင်ရင် ကျွန်မကို အရင်ဆုံး စဉ်းစားရလိမ့်မယ်..."
"ငါ့ဆီမှာ ဘာတွေများ ကောင်းနေလို့ မင်း အဲဒီလောက် ဇွဲကောင်းနေရတာလဲ..."
"ဂိုဏ်းချုပ်ဆီမှာ ဘာက မကောင်းလို့လဲ... ပြီးတော့ ဂိုဏ်းချုပ်ကို ကျွန်မက သဘောကျရုံတင် မဟုတ်ပါဘူး... ကျေးဇူးဆပ်ချင်တာလည်း ပါပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီဘဝအတွက်တော့ ဂိုဏ်းချုပ်ဆီမှာပဲ ကျွန်မ တွယ်ကပ်နေတော့မှာပါ... အကယ်၍ အရာရာက ကျွန်မ မျှော်လင့်ထားသလို ဖြစ်မလာရင်တောင် သက်တမ်းရှည်ဖို့ လမ်းကြောင်းပေါ်မှာ ဂိုဏ်းချုပ်နဲ့အတူ လိုက်ပါခွင့်ရရုံနဲ့ ကျွန်မ ကျေနပ်ပါတယ်..."
ယွင်ချိုင်၏ ရုတ်တရက် ဝန်ခံမှုက လီချင်းချိုးအတွက် ကိုင်တွယ်ရ အနည်းငယ် ခက်ခဲစေသည်။
ဘာလို့ အဲဒီလောက် ရန်လိုနေရတာလဲ။
ထို့နောက် ယွင်ချိုင် တဖက်လှည့်ကာ ထွက်သွားခဲ့ရာ သူမ၏ ကျောပြင်မှာ အတော်လေး ဂုဏ်ယူနေပုံရသည်။
လီချင်းချိုး သူ့ကိုယ်သူ ပြန်လည် ဆန်းစစ်နေမိသည်။ ယွင်ချိုင် ဂိုဏ်းသို့ ပထမဆုံး ဝင်လာချိန်က သူ့ သဘောထားကြောင့် သူမ နားလည်မှု လွဲသွားတာများလား။
အနာဂတ်တွင် အမျိုးသမီး တပည့် များကို သူ ပြုံးပြ၍ မရနိုင်တော့ပေ။အတတ်နိုင်ဆုံး မျက်နှာကို တည်တည်ထားရတော့မည်။
လီချင်းချိုးက တိုးတိုးလေး ရယ်မောရင်း ခေါင်းယမ်းလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။
အနက်ရောင် သံချပ်ကာ မျောက်မိစ္ဆာ၏ တိုက်ခိုက်မှုက လီချင်းချိုးကို မစိုးရိမ်စေခဲ့ပေ။ လက်ရှိ ချင်းရှောင်ဂိုဏ်းသည် အခက်အခဲများကို ရင်ဆိုင်ရန် ယုံကြည်မှု ရှိနေပြီး၊ သူ လုပ်ရမည့်အရာမှာ တတ်နိုင်သမျှ အစွမ်းထက်လာအောင် လုပ်ဆောင်ရန်ပင်ဖြစ်သည်။
သူသည် ဂိုဏ်းအတွက် အမြဲတမ်း နောက်ဆုံး ဘေးကင်းလုံခြုံရေး ကွန်ရက် ဖြစ်နေမည် ဖြစ်သည်။
အခြားတစ်ဖက်တွင်……
ပိုင်ယွီထျန်း၏ ခြံဝင်းအတွင်း၌ ထို အနက်ရောင်လက်တဖက်က စားပွဲပေါ်တွင် ရပ်ကာ ကောင်းကင်သို့ မော့ကြည့်နေပုံရသည်။
ကောင်းကင်ယံရှိ တိမ်မည်းများ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး မည်သည့် မိုးသက်မုန်တိုင်းမျှ ရောက်ရှိမလာခဲ့ချေ။
ထိုစဉ် ခြံဝင်းတံခါးမှ ခြေသံများ ထွက်ပေါ်လာသည်။ ပိုင်ယွီထျန်းက ခြံဝင်းအတွင်းသို့ အမြန်လျှောက်လာပြီး ၎င်း၏ ရှေ့သို့ ရောက်လာပြီး …..
"ငါ စုံစမ်းပြီးပြီ... မိစ္ဆာ တိုက်ခိုက်မှု တကယ် ရှိခဲ့တယ်... အဲဒါက အနက်ရောင် သံချပ်ကာ ဝတ်ပြီး အနက်ရောင် သံတုတ် ကိုင်ထားတဲ့ မျောက်မိစ္ဆာ တစ်ကောင်ပဲ... သူ ဆင်းသက်လာတာနဲ့ တစ်ပြိုင်နက် ယွင်ချိုင်က သူ့ကို တားဆီးခဲ့ပြီး နောက်ဆုံးမှာတော့ ယွင်ချိုင်နဲ့ ကျိယာတို့ ပူးပေါင်းပြီး ဖိနှိပ်လိုက်ကြတယ်... သူ့ကို မိစ္ဆာနှိမ်နင်းရေး စေတီတော်ထဲမှာ ပိတ်လှောင်ထားပြီးပြီ... ဂိုဏ်းထဲက ဘယ်သူမှ ဒဏ်ရာမရခဲ့ဘူး..."
ပိုင်ယွီထျန်းက ဤအကြောင်းကို ပြောပြရာတွင် အလွန် စိတ်လှုပ်ရှားနေပုံရသည်။
ချင်းရှောင်ဂိုဏ်း၏ စွမ်းအားက သူ့ကို ဂုဏ်ယူမှု ခံစားချက် တစ်ခု ပေးစွမ်းသည်။
မျောက်မိစ္ဆာက ရုတ်တရက် ရောက်လာပြီး စကားတစ်ခွန်းမျှ မပြောဘဲ ချက်ချင်း သတ်ဖြတ်မှုကို စတင်ရန် ရည်ရွယ်ခဲ့သော်လည်း ယွင်ချိုင်၏ တားဆီးခြင်းကို ခံခဲ့ရကြောင်း သူ ကြားသိခဲ့ရသည်။
ဤတိုက်ပွဲက လောကမှာ နံပါတ်တစ် အဖြစ် ချင်းရှောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို အပြည့်အဝ ပြသလိုက်ခြင်းပင် ဖြစ်သည်!
ဤစကားကို ကြားပြီးနောက် အနက်ရောင်လက်က စားပွဲပေါ်တွင် တစ်ချက် ခုန်လိုက်ပြီး ….
"မျောက်မိစ္ဆာလား... အဲဒါ မိစ္ဆာမျောက်မည်း ဖြစ်ရမယ်... ဒီမျောက်မိစ္ဆာက သာမန် မဟုတ်ဘူး... သူ့ရဲ့ ကျင့်ကြံမှုက ဝိညာဉ်အသိအာရုံအဆင့် ရဲ့ ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့် နဲ့ ညီမျှတယ်... သူက ယွင်ချိုင်ရဲ့ တားဆီးခြင်းကို ခံခဲ့ရတာဆိုတော့ - အဲဒီ ယွင်ချိုင်ဆိုတဲ့ ကောင်မလေး ဝိညာဉ်အသိအာရုံအဆင့် ထဲကို ဝင်လာတာ ဘယ်လောက်တောင် ကြာပြီလဲ..."
ဤစကားကို ကြားပြီးနောက် ပိုင်ယွီထျန်း မှင်တက်သွားသည်။မျောက်မိစ္ဆာ၏ ကျင့်ကြံမှုက ဤမျှ မြင့်မားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူ့ နှလုံးသားထဲတွင် ယွင်ချိုင်အပေါ် လေးစားမှုများ ပိုမို ကြီးထွားလာခဲ့သည်။
သူ ဂိုဏ်းသို့ ဝင်လာကတည်းက ရွှီနင်းနှင့် ကျန်းကျောက်ရှားတို့က တိုက်ခိုက်လေ့ သိပ်မရှိချေ။ ယွင်ချိုင်သည် သူမြင်ဖူးသမျှထဲတွင် အတောက်ပဆုံးသော တပည့် ဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် ယွင်ချိုင်သည် ဘယ်သောအခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိပေ။
အတိတ်က ယွင်ချိုင်သည်လည်း ပါရမီရှင် တစ်ဦး ဖြစ်၏။ ယခု လက်ရှိ ယွင်ချိုင်သည် ဂိုဏ်း၏ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပြီး မယုံနိုင်လောက်အောင် ယုံကြည်ရသူ ဖြစ်သည်။
"ဒီ ချင်းရှောင်ဂိုဏ်းက တကယ်ကို သာမန် မဟုတ်ဘူး... ငါ စိုးရိမ်လွန်းသွားတာ ဖြစ်ပုံရတယ်... နောက်ထပ် ပွဲကောင်း တစ်ပွဲ စတင်တော့မယ်..." ဟု အနက်ရောင် လက်က ဝမ်းသာအားရ လေသံဖြင့် ပြောလိုက်သည်။
ပိုင်ယွီထျန်းက မျက်မှောင်ကြုတ်၍….
"အကယ်၍ မင်း တစ်ခုခု သိရင် ငါ့ကို ပြောပြ... ဂိုဏ်းရဲ့ အဆင့်မြင့် အရာရှိတွေကို ကြိုတင် ပြင်ဆင်ထားဖို့ ငါ ပြောလိုက်မယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါကလည်း ချင်းရှောင်ဂိုဏ်းက တပည့် တစ်ယောက်ပဲ... မင်းကလည်း ချင်းရှောင်ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ခံစားနေတာပဲလေ..."
"မိစ္ဆာမျောက်မည်းကို မိစ္ဆာနှိမ်နင်းရေး စေတီတော်ထဲမှာ ပစ်ထည့်ထားပြီးပြီလို့ မင်းပဲ ပြောခဲ့တယ် မဟုတ်လား... စိတ်မပူပါနဲ့... ချင်းရှောင်ဂိုဏ်းက သတင်းအချက်အလက်တွေကို မကြာခင် ရရှိနိုင်တော့မှာပါ... ပြီးတော့ သူတို့က ငါ့ထက် ပိုသိလာလိမ့်မယ်...အကယ်၍ မင်းက သတင်းအချက်အလက်တွေကို အခု သွားတင်ပြမယ်ဆိုရင် ငါရှိနေတာကို ဖွင့်ပြောသလိုပဲ ဖြစ်သွားလိမ့်မယ်..."
ပိုင်ယွီထျန်း တိတ်ဆိတ်သွားချေပြီ။ ထိုစကားများကို သူ မချေပနိုင်ပေ။
ထိုစဉ် အနက်ရောင်လက်က သူ၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ခုန်ဝင်သွားပြီး ပျောက်ကွယ်သွားတော့သည်။
ထိုစဉ်မှာပင် ပိုင်ယန် ခြံဝင်းအတွင်းသို့ ဝင်လာသည်။
ထူးချွန်သော မွေးရာပါ ပါရမီ နှစ်မျိုးကို ပိုင်ဆိုင်ထားသဖြင့် ပိုင်ယန်၏ ကျင့်ကြံမှုမှာ ပိုင်ယွီထျန်းထက်ပင် ပိုမို မြန်ဆန်စွာ ကြီးထွားလာခဲ့၏။ အဓိကအားဖြင့် သူသည် ကျင့်ကြံရေး အရင်းအမြစ်များကို ပိုမို ခံစားခွင့်ရရှိသောကြောင့် ဖြစ်သည်။
ပိုင်ယန်က ပိုင်ယွီထျန်း၏ အနောက်သို့ လာကာ ….
"ငါ့ကို မိစ္ဆာနှိမ်နင်းရေး စေတီတော်ကို ပြောင်းရွှေ့လိုက်ပြီ... ငါ တခဏလောက်တော့ ပြန်လာဖြစ်မယ် မထင်ဘူး..."
ထိုအခါ ပိုင်ယွီထျန်းက သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"အဲဒီ မျောက်မိစ္ဆာကို စောင့်ဖို့လား..."
ပိုင်ယန်က ထိုင်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်... နောက်ပိုင်းမှာ မိစ္ဆာသားရဲတွေ ထပ်ပြီး တိုက်ခိုက်လာလိမ့်မယ်လို့ သတင်းရထားတယ်... ဒီကာလအတွင်းမှာ မတော်တဆမှုတွေ မဖြစ်အောင် မင်း လူသူကင်းမဲ့တဲ့ နေရာတွေကို တစ်ယောက်တည်း မသွားရဘူးနော်..."