အကန့်အသတ်ကို ချိုးဖျက်ခြင်း
Vol. 30 Ch. 296
ကျုံးထျန်းစီရင်စု၏ နယ်စပ်ရှိ မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် မြို့တစ်မြို့ တည်ရှိနေသည်။ ၎င်းမှာ ချင်းရှောင်ဂိုဏ်းမှ တည်ထောင်ထားသော ကျုံးထျန်းမသေမျိုးမြို့တော်ပင် ဖြစ်၏။
ချင်းရှောင်ဂိုဏ်း၏ ပထမဆုံး ဂိုဏ်းခွဲမြို့တော် ဖြစ်သည့်အလျောက် ကျုံးထျန်းမသေမျိုးမြို့တော်သည် အခြား မသေမျိုးမြို့တော်များထက် ပိုမို နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသည်။
သာမန်အားဖြင့် ဤနေရာတွင် တပည့် တစ်ထောင်ကျော် တပ်စွဲထားလေ့ရှိ၏။ မြောက်နှင့် တောင်သို့ ခရီးသွားသော တပည့် အများစုက ဤမြို့ကို ဖြတ်သန်းသွားလေ့ရှိကြသည်။ မြို့တွင်းရှိ အဆောက်အအုံ အရေအတွက်မှာ နှစ်ထောင်ကျော်ရှိပြီး တပည့်များစွာ ပျံသန်း ဝင်ထွက်နေသည်ကို မြင်တွေ့နိုင်သည်။
သည်းထန်စွာ ကျဆင်းနေသော နှင်းများကြားတွင် ကျုံးထျန်းမသေမျိုးမြို့တော်ကို သဲ့သဲ့မျှ မြင်တွေ့နေရသည်။
မြို့လယ်ရှိ အိမ်တော်တစ်ခုအတွင်း၌ မြို့စားယွမ်ချီက ပင်မ ခန်းမတွင် ထိုင်နေသည်။ သူ့ လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး သူ့ ဘေးရှိ စားပွဲပေါ်တွင် စာအုပ်များနှင့် စာရင်းစာအုပ် အမျိုးမျိုးကို ပုံထားသည်။
ကျုံးထျန်းမသေမျိုးမြို့တော်သည် ချင်းရှောင်ဂိုဏ်းငယ်လေး တစ်ခုနှင့် တူပြီး မူလ ခန်းမတစ်ခုစီအတွက် ဂိုဏ်းခွဲခန်းမ များကို တည်ထောင်ထားသည်။ ဓားခန်းမနှင့် သိုင်းဘိုးဘေးခန်းမတို့ပင် ဤနေရာတွင် ဂိုဏ်းခွဲများကို တည်ထောင်ထားသည်။
ယွမ်ချီသည် ယခုအခါ လီချင်းချိုး၏ ခံစားချက်များကို နားလည်စ ပြုလာပြီ ဖြစ်သည်။
ဤရာထူးတွင် ထိုင်ရခြင်းမှာ မလွယ်ကူကြောင်း သူ တွေ့ရှိခဲ့ပြီး ဖိအားများမှာ တစ်နေ့ထက်တစ်နေ့ တိုးများလာနေသည်။
ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံး ပြဿနာမှာ ဖွံ့ဖြိုးတိုးတက်ရေး မဟုတ်ဘဲ အာဏာ ခွဲဝေမှု ဖြစ်သည်။ လူများစွာက မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားကြသည်။
ထိုစဉ် ပုံရိပ်တစ်ခုက ပင်မ ခန်းမထဲသို့ အလျင်အမြန် ဝင်လာသည်။ ၎င်းမှာ ချောင်တင့်ပေပင် ဖြစ်၏။
ထိုစဉ်က ကျောက်ကျိန်းကို ထျန်းရွှမ်တောင်နှင့် မိစ္ဆာကျင့်ကြံသူ များက အကြံအစည်ဖြင့် တိုက်ခိုက်သောအခါ ချောင်တင့်ပေ သည် သူ့နောက်သို့ တစ်လျှောက်လုံး လိုက်ပါခဲ့ပြီး တိမ်ခွင်းမိုးကြိုးကို ပစ်လွှတ်ကာ ကျန်းကျောက်ရှား အချိန်မီ ရောက်လာနိုင်ရန် ပြုလုပ်ပေးခဲ့သူ ဖြစ်သည်။
ထိုတိုက်ပွဲအပြီးတွင် ချောင်တင့်ပေကို လီချင်းချိုးက ရာထူးတိုးမြှင့်ပေးခဲ့ပြီး ကျုံးထျန်းမသေမျိုးမြို့တော်သို့ စေလွှတ်ခဲ့သည်။ ယခုအခါ ချောင်တင့်ပေသည် မြို့တော် ကြီးကြပ်ရေးမှူး ရာထူးကို ရယူထားပြီး ယွမ်ချီ၏ နက်ရှိုင်းသော ယုံကြည်မှုကို ရရှိထားသည်။
"မြို့စားမင်း... ဂိုဏ်းက သတင်းပြန်ပို့လိုက်ပါတယ်... ကျုပ်တို့ လျှောက်ထားတဲ့ ဝိညာဉ်ကျောက်တုံး တွေကို အများဆုံး သုံးရက်အတွင်း ပို့ပေးနိုင်တယ်လို့ ပြောပါတယ်..."
ချောင်တင့်ပေ က ယွမ်ချီ အနားသို့ ချဉ်းကပ်ကာ အရိုအသေပေးရန် လက်ကို မြှောက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
ယွမ်ချီကမူ ခေါင်းမမော့ဘဲ ပြန်ပြောလိုက်သည်။
"အင်း... ငါ သိပြီ... အောက်က လူတွေ စိုးရိမ်ပူပန်မှု မဖြစ်အောင် ဒီသတင်းကို အောက်ကို လက်ဆင့်ကမ်းပေးလို့ ရတယ်..."
"ဒါနဲ့... ဒီနေ့ တောင်ပေါ်မှာ အဆိပ်ပိုး တွေကို တစ်ယောက်ယောက် ရှာတွေ့ခဲ့တယ်... အတော်များများပဲ... အရင်က ဒီလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ဖူးဘူး..."
"အဆိပ်ပိုးတွေ..."
ယွမ်ချီ မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်တော့ ချောင်တင့်ပေက ခေါင်းညိတ်လိုက်သည်။
"တစ်မျိုးတည်း မဟုတ်ဘူး... တမင်တကာ လွှတ်ထားတဲ့ပုံပဲ... လူလွှတ်ပြီး စုံစမ်းခိုင်းထားပြီးပြီ..."
"လာမယ့် အချိန်ကာလက ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းလိမ့်မယ်... ဂိုဏ်းက မကြာသေးခင်ကမှ မိစ္ဆာသားရဲ ရဲ့ တိုက်ခိုက်မှုကို ခံထားရတာ... ပေါ့ပေါ့ဆဆ မနေနဲ့..."
ထိုအခါ ချောင်တင့်ပေက ခေါင်းညိတ်၍ …"ကျူပ်တို့ တိုက်ပွဲ ပြင်ဆင်ရေး ခေါင်းလောင်းကို တီးသင့်လား..."
ထိုစကားကို ကြားသောအခါ ယွမ်ချီ တွန့်ဆုတ်သွားသော်လည်း မြို့တွင်းရှိ တပည့်များစွာကို တွေးမိသောအခါ သူ လောင်းကြေး မထပ်ရဲချေ။ အကယ်၍ ခေါင်းလောင်းကို အလဟဿ တီးမိလျှင်ပင် သူ အလွန်ဆုံး ညည်းညူမှု အချို့ကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။
"ဒါဆိုရင်... ခေါင်းလောင်းကို..." ယွမ်ချီ က လေးနက်စွာ ပြောလိုက်သော်လည်း သူ စကားမဆုံးမီမှာပင်...
ဝုန်း...
အိမ်တော် အပြင်ဘက်မှ နားကန်းလောက်အောင် ကျယ်လောင်သော အသံတစ်ခု ပေါက်ကွဲထွက်လာရာ ယွမ်ချီကို လန့်သွားစေပြီး မတ်တတ်ရပ်လိုက်မိသည်။
ချောင်တင့်ပေ၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားပြီး မြှားတစ်စင်းကဲ့သို့ အပြင်သို့ပြေးသွားတော့ ယွမ်ချီ ကလည်း အနောက်မှ ကပ်လိုက်သွားခဲ့သည်။
သည်းထန်စွာ ကျဆင်းနေသော ဆောင်းရာသီ နှင်းများကြားတွင် ယွမ်လီ သည် နှင်းပြင်ပေါ်တွင် မျက်လုံးမှိတ်လျက် ရပ်နေပြီး ဝတ်ရုံများမှာ အဆက်မပြတ် လွင့်လူးနေသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါမှာ ဆူပွက်နေပြီး အရိုးများနှင့် ကြွက်သားများမှ တဖောက်ဖောက် ပေါက်ကွဲသံများ ထွက်ပေါ်နေစေသည်။
ဒုတိယအကြိမ် ဓမ္မညီလာခံတွင် ယွမ်လီ သည် အဆင့်ကောင်း တစ်ခုကို မရရှိခဲ့သေးပေ။ ခန္ဓာကိုယ် ကျင့်ကြံရေး ကို စတင် လမ်းထွင်ခဲ့သူ၏ ဂုဏ်ကျက်သရေမှာ အတိတ်၏ အရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပြီး သူသည် နောက်တစ်ကြိမ် သာမန်လူ တစ်ယောက် ဖြစ်လာခဲ့ပြန်သည်။
ကျောက်ကျိန်း၊ ယွင်ချိုင်နှင့် ကျိယာတို့က တောက်ပစွာ ထွန်းလင်းလာပြီး၊ ကျန်းကျောက်ရှားနှင့် ရွှီနင်းတို့၏နေရာကို ဆက်ခံကာ ဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများ ဖြစ်လာခဲ့ကြသည်။
ဟူယန်သည် အမြင့်သို့ မရောက်သေးသော်လည်း၊ လူတိုင်းနီးပါးက သူ့ကို အနာဂတ် နံပါတ်တစ် ပါရမီရှင်အဖြစ် သတ်မှတ်ထားကြသည်။ လူတိုင်းက ဟူယန်၏ ကြီးထွားမှုကို စောင့်မျှော်နေကြသည်။
သူ့အတွက်မူ ယွမ်လီကို မည်သူကမျှ မပြောကြတော့ဘဲ ဂိုဏ်းချုပ်တွင် ဤကဲ့သို့သော တပည့် တစ်ဦး မရှိသကဲ့သို့ ဖြစ်နေ၏။
လီချင်းချိုး၏ သဘောထားမှာ သူ့အပေါ် ပြောင်းလဲခြင်း မရှိသော်လည်း ဆရာနှင့် တပည့် အတူတကွ ဖြတ်သန်းရသော အချိန်များ ပိုမို နည်းပါးလာခဲ့သည်။ဤအတွက် ဆရာသခင်ကို သူ အပြစ်မတင်ဘဲ အရည်အချင်း မရှိသော သူကိုယ်သူသာ အပြစ်တင်နေမိသည်။
ယွမ်လီသည် စိတ်ပျက်အားငယ်မှုထဲတွင် သူ့ကိုယ်သူ စွန့်ပစ်မည့်သူ မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ဤရှုံးနိမ့်မှုများက သူ့ကို ပိုမို ကြံ့ခိုင်လာစေခဲ့သည်။
သူ့ခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါကို ခံစားရင်း အံကြိတ်ကာ ၎င်းကို စုစည်းပြီး အပ်စိုက်မှတ်တိုင်းကို တိုက်ခိုက်လိုက်သည့်အခါ ဆုတ်ဖြဲခံရသည့် နာကျင်မှုက သူ့ကို ချွေးအေးများ ထွက်လာစေသော်လည်း အံကြိတ်ကာ သည်းခံနေခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ခန္ဓာကိုယ်အတွင်းက ကန့်သတ်ချက် တစ်ခုကို သူ ခံစားခဲ့ရဖူးသည်။ထိုစဉ်က အထူးတလည် ဖြစ်သည်ဟု သူ မထင်ခဲ့ဘဲ သေမျိုးတယောက်၏ ရုပ်ပိုင်းဆိုင်ရာ အကန့်အသတ်ကို သူ ရောက်ရှိသွားပြီဟုသာ ယုံကြည်ခဲ့သည်။
ယခု သူလုပ်ချင်သည်မှာ ထိုအကန့်အသတ်ကို ချိုးဖျက်ရန်ပင်။
အချိန်အတန်ကြာပြီးနောက်….
"ဖူး..."
ယွမ်လီက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ယိုင်သွားကာ နှင်းပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ကျသွားတော့သည်။
သူ ခေါင်းမူးသွားသလိုသာ ခံစားရပြီး မျက်လုံးရှေ့တွင် လောကကြီး တစ်ခုလုံး ယိမ်းယိုင်နေကာ အလွန် သနားစရာကောင်းနေတော့သည်။
"ကျိန်ဆဲချင်စရာပဲ... အခုထိ လုပ်လို့ မရသေးဘူး..."
ယွမ်လီ အံကြိတ်ကာ ညည်းညူလိုက်သည်။နှင်းပြင်ပေါ်တွင် ထောက်ထားသော လက်ဖဝါးမှာ လက်သီးဆုပ်သွားသည်။ထိုလက်ဖမိုးပေါ်သို့ သွေးများ ကျဆင်းလာပြီး နှလုံးသားထဲမှာ ရှုံးနိမ့်မှု ခံစားချက်များဖြင့် ပြည့်နှက်နေချေပြီ။
သူ ဘယ်နှစ်ကြိမ် ကျရှုံးခဲ့ပြီလဲ ဆိုတာကိုတောင် သူ မမှတ်မိတော့ပေ။
မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် သို့ ရောက်ရှိပြီးကတည်းက တိုးတက်ဖို့ အလွန် ခက်ခဲလာခဲ့သည်။ ဝိညာဉ်ကျောက်တုံး များကို ပိုမို အသုံးပြုခြင်းကလည်း အသုံးမဝင်ချေ။ အရှိန်အဝါမှတစ်ဆင့် လမ်းကြောင်း တစ်ခု ရှာဖွေရန်သာ သူ ကြိုးစားနိုင်တော့သည်။
အရှိန်အဝါက သူ့ကို နယ်ပယ်များကို ဖြတ်ကျော်နိုင်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်စေသော်လည်း၊ သူ့ရဲ့ ကျင့်ကြံမှုနှင့် ရွယ်တူ ပါရမီရှင် များ၏ ကျင့်ကြံမှုကြား ကွာဟချက်မှာ ပိုမို ကြီးမားလာနေပြီး အရှိန်အဝါ ကပင် မပေါင်းကူးနိုင်လောက်အောင် ကြီးမားလှသည်။
စိတ်နေသဘောထားကို ပြင်ဆင်ရန် အစွမ်းကုန် ကြိုးစားကာ လက်မလျှော့ရန် သူ့ကိုယ်သူ အားပေးနေခဲ့သည်။
ထိုနေရာတွင် အချိန်အတော်ကြာ အားယူပြီးနောက် နောက်ဆုံးတွင် ယိုင်နဲ့နဲ့ မတ်တတ်ရပ်လိုက်သည်။
သူ အနားယူရန် ခြံဝင်းသို့ ပြန်ရန် ပြင်ဆင်လိုက်ပြီး ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
သူ လမ်းလျှောက်နေစဉ် ရုတ်တရက် ရပ်တန့်သွားပြီး သူ့ရင်ဘတ်ကို ဖုံးကွယ်ရန် လက်တစ်ဖက်ကို မြှောက်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ... ဒီခံစားချက်က..."
ယွမ်လီ မျက်မှောင်ကြုတ်ကာ သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူ့နှလုံးခုန်သံမှာ အကြောင်းပြချက် မရှိဘဲ မြန်လာပြီး သူ့ကို ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ဤကဲ့သို့သော ခံစားချက်မျိုးကို သူ တစ်ခါမှ မခံစားခဲ့ရဖူးပေ။ သူ့နှလုံးခုန်သံက သူမြင်နေရသည့် လောကကြီးကိုပင် သက်ရောက်မှု ရှိပုံရပြီး တချက်ခုန်လိုက်တိုင်း လောကကြီး တစ်ခုလုံး တုန်လှုပ်သွားသည်။
ယခင်က မရှိခဲ့ဖူးသော ထိတ်လန့်မှု တစ်ခုက နှလုံးသားကို ဖမ်းဆုပ်လိုက်ရာ သူ့ကို ပို၍ပင် အသက်ရှူကျပ်သွားစေသည်။
သည်းထန်စွာ ကျဆင်းနေသော နှင်းများကြားတွင် ကျုံးထျန်းမသေမျိုးမြို့တော်မှ မီးခိုးလုံးများ ထွက်ပေါ်လာပြီး မီးတောက်များ နေရာတိုင်းတွင် ထွက်ပေါ်လာသည်။ လိမ့်တက်နေသော မိစ္ဆာချီများက မသေမျိုးမြို့တော်၏ အထက်တွင် ဆူပွက်နေ၏။ အသေအချာ ကြည့်လိုက်တော့ မိစ္ဆာချီ များထဲတွင် ဧရာမ ငှက်ကြီး တစ်ကောင်၏ ပုံရိပ်ကို သဲ့သဲ့မျှ မြင်တွေ့နိုင်သည်။
ဂျွတ်...
သွေးများဖြင့် ဖုံးလွှမ်းနေသော ယွမ်ချီ က သစ်သားပြား တစ်ခုကို တွန်းဖယ်လိုက်ပြီး အပျက်အစီးများကြားမှ ရုန်းကန် ထွက်လာခဲ့သည်။ ဖုန်မှုန့်များနှင့် အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး ဝမ်းဗိုက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ သွေးများက အထိန်းအကွပ်မရှိ ထွက်ကျနေသည်။
ယွမ်ချီသည် သူ့ခန္ဓာကိုယ် ဤမျှ အေးစက်နေသည်ကို တစ်ခါမှ မခံစားဖူးခဲ့ချေ။ သူ့ကို ပို၍ နာကျင်စေသည်မှာ ကျုံးထျန်းမသေမျိုးမြို့တော်တခုလုံး အပျက်အစီးများ အဖြစ် ပြောင်းလဲသွားခြင်းပင်။
မျက်လုံးများကို အားယူ၍ မော့ကြည့်လိုက်တော့ ချင်းရှောင်ဂိုဏ်းမှ တပည့်များစွာ ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ သူတို့၏ ပြိုင်ဘက်များမှာ ပုံသဏ္ဌာန် အမျိုးမျိုးရှိသော မိစ္ဆာအုပ်စု တစ်ခု ဖြစ်သည်။
မြွေမိစ္ဆာများ၊ ကျားသစ်မိစ္ဆာများ၊ နွားမိစ္ဆာများ၊ ခွေးမိစ္ဆာများ အစရှိသည်တို့ ရှိနေသည်။
ခေါင်မိုးများပေါ်တွင် လျင်မြန်စွာ တွားသွားနေသော အဆိပ်ပိုးကောင်များပင် အများအပြား ရှိနေသေးသည်။
မီးတောက်များ နေရာတိုင်းတွင် ရှိနေပြီး မြင်ကွင်းမှာ လုံးဝ ပရမ်းပတာ ဖြစ်နေသည်။
အဝေးရှိ အလောင်းများကို ကြည့်ရင်း ယွမ်ချီသည် ကောင်းကင်ကြီး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ အသက်ရှင်လျှင်ပင် ဂိုဏ်းကို သူ ဘယ်လို မျက်နှာပြရမည်ကို မသိတော့ချေ။
ထိုစဉ် ကောင်းကင်ယံမှ ပုံရိပ်တစ်ခု ဆင်းသက်လာသည်။ ၎င်းမှာ ချောမောခန့်ညားသော အမျိုးသား တပည့် တစ်ဦး ဖြစ်ပြီး ယန်ချန်ယွီဟု အမည်ရကာ၊ ပထမအကြိမ် ဓမ္မညီလာခံ၏ ထိပ်ဆုံး တပည့်ဆယ်ဦး စာရင်းဝင် တစ်ဦး ဖြစ်ပြီး ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"မြို့စားမင်း... ငါတို့ နောက်ဆုတ်ရမယ်... မဟုတ်ရင် သေဆုံး ဒဏ်ရာရမှုတွေ ပိုများလာလိမ့်မယ်!" ဟု ယန်ချန်ယွီ က လေးနက်စွာ ပြောလိုက်တော့ ယွမ်ချီက သူ့ကို တွန်းဖယ်ကာ အံကြိတ်ထားသောလေသံဖြင့်….
"သွားပြီး တခြား တပည့် တွေကို ကယ်လိုက်... မြန်မြန်! ငါ့ကို ဂရုမစိုက်နဲ့!"
"ဒါပေမဲ့ မြို့စားမင်း..."
"မြန်မြန်!"
ယွမ်ချီက ဟိန်းဟောက်လုမတတ် အော်ပြောလိုက်တော့ ဤစကားကို ကြားသောအခါ ယန်ချန်ယွီက သူ့ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ဓားကို မြှောက်ကာ တိုက်ခိုက်ရန် ရှေ့သို့ ပြေးထွက်သွားတော့သည်။
ယန်ချန်ယွီ အခြားတပည့် များကို သွားကယ်သည်ကို မြင်သောအခါ ယွမ်ချီက မတ်တတ်ရပ်ချင်သော်လည်း သူ့ခြေထောက်များ ကျိုးနေပြီ ဖြစ်သောကြောင့် လုံးဝ မတ်တတ်မရပ်နိုင်တော့ပေ။
"ကျွတ်ကျွတ်... မင်းက မြို့စားမင်း ဆိုတော့ တော်တော်လေး တာဝန်ယူတတ်တာပဲ..."
လှောင်ပြောင်သည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာရာ ယွမ်ချီကို လန့်သွားစေ၏။ သူ ခေါင်းလှည့်ကြည့်လိုက်တော့ ညာဘက်ရှိ ပျက်စီးနေသော ခြံဝင်းနံရံပေါ်တွင် သွေးစွန်းနေသော လက်တစ်ဖက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ဤသွေးစွန်းနေသော လက်က ခန္ဓာကိုယ်တစ်ခုကို တွန်းတင်လိုက်သောအခါ မြေခွေးခေါင်းနှင့် လူခန္ဓာကိုယ်ရှိသော မိစ္ဆာ တစ်ကောင်ကို ယွမ်ချီ မြင်လိုက်ရသည်။၎င်းက စုတ်ပြတ်နေသော အနက်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည်။ ကိုယ်လုံးကိုယ်ပေါက်အရ ကြော့ရှင်းသော အမျိုးသမီး တစ်ဦး ဖြစ်ပုံရသော်လည်း ၎င်း၏ မြေခွေးခေါင်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဘယ်ဘက် မျက်လုံးမှာ ကန်းနေပြီး မျက်နှာတစ်ဝက်ကို ဖြတ်သွားသော အမာရွတ် တစ်ခု ကျန်ရစ်နေသည်။ ညာဘက် မျက်လုံးကတော့ မျက်ဆန် မရှိဘဲ ဖြူဖျော့နေ၏။
ဤမိစ္ဆာ ပေါ်လာသည်ကို မြင်သောအခါ ယွမ်ချီ၏ နှလုံးသား လေးလံသွားတော့သည်။
"မင်း နားမလည်ဘူးလား... ချင်းရှောင်ဂိုဏ်းကနေ မင်းကို ကူညီဖို့ ဘယ်သူမှ ဘာလို့ ရောက်မလာသေးတာလဲလို့ တွေးနေတာလား..."
မြေခွေးမိစ္ဆာ က အေးစက်စွာ ရယ်မောရင်း မေးလိုက်တော့ ယွမ်ချီ ပြန်မဖြေပေ။ သို့သော် သူ့ နှလုံးသားထဲတွင် ပဟေဠိဖြစ်မှုများဖြင့် ပြည့်နှက်နေသည်မှာ အမှန်ပင် ဖြစ်၏။ တိုက်ပွဲမှာ အချိန်အတော်ကြာနေပြီ ဖြစ်ပြီး ဆူညံသံများမှာလည်း အလွန် ကြီးမားလှသည်။ ဖြတ်သွားဖြတ်လာ တပည့်များ ကူညီရန် အပြေးအလွှား ရောက်လာသင့်၏။ သို့သော် ယခုအချိန်အထိ လူများ မြို့ထဲမှ ထွက်ပြေးသွားသည်သာ ရှိပြီး မည်သူမျှ ဝင်မလာခဲ့ပေ။
မြေခွေးမိစ္ဆာက ကောင်းကင်ကို ဖုံးကွယ်ထားသော မိစ္ဆာချီ များကို မော့ကြည့်ကာ ရယ်မောလိုက်ပြီး….
"ဒီ အစီအရင်က ငါတို့ကို ဖုံးလွှမ်းထားတာကြောင့် အသံ ဒါမှမဟုတ် အရှိန်အဝါ တစ်ခုမှ ထွက်သွားမှာ မဟုတ်ဘူး..."
ထိုစကားကို ကြားသောအခါ ယွမ်ချီ၏ အမူအရာမှာ အရုပ်ဆိုးသွားတော့သည်။
မြေခွေးမိစ္ဆာက ခြံဝင်းနံရံကို ကျော်တက်ကာ သူ့အနားသို့ ချဉ်းကပ်လာသည်။ သူမ၏ ကျောပြင်က ကုန်းနေပြီး ထူးဆန်းကာ လောဘကြီးပုံရသည်။
"မြို့စားမင်း အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ မင်းရဲ့ အဆင့်အတန်းက အရေးပါရမယ်... မင်းရဲ့ အသွေးအသားကို ငါ သေချာ အရသာခံရမယ်... မင်း ပိုပြီး သနားစရာကောင်းအောင် သေလေ ချင်းရှောင်ဂိုဏ်းအပေါ် သက်ရောက်မှု ပိုကြီးလေပဲ မဟုတ်ဘူးလား..."
မြေခွေးမိစ္ဆာ၏ စကားများက ယွမ်ချီ ကို မကြောက်ရွံ့စေခဲ့ပေ။ သူက ညာလက်ကို မြှောက်ကာ အဝေးမှ ချင်းရှောင်ဓား ကို ဆင့်ခေါ်လိုက်သည်။
ဤကဲ့သို့ အသက်အန္တရာယ် ရှိနေသည့် အခြေအနေတွင်ပင် ယွမ်ချီသည် မြေခွေးမိစ္ဆာထံသို့ ဓားဖြင့် ချိန်ရွယ်ထားဆဲပင်။
ဤအခိုက်အတန့်တွင် ယွမ်လီ၏ မျက်နှာ သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
သူသည် သေရေးနှင့်ရင်ဆိုင်ရချိန်တွင် ဇနီးနှင့် ကလေးများကို မတွေးခဲ့ပေ။ သူ့ နှလုံးသားထဲတွင် ညီငယ်အတွက် စိုးရိမ်ပူပန်မှုများဖြင့်သာ ပြည့်နှက်နေသည်။
အကယ်၍ သူ သေသွားပါက ယွမ်လီ၏ အနာဂတ် မည်သို့ ဖြစ်သွားမည်နည်း။ ဂိုဏ်းချုပ်၏ အခြား တပည့်များနှင့် သူ မည်သို့ ယှဉ်ပြိုင်နိုင်မည်နည်း။
"ဝုန်း..."
အဝေးမှ နဂါးဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာရာ ယွမ်ချီ နှင့် မြေခွေးမိစ္ဆာတို့ နှစ်ဦးစလုံးကို ထိတ်လန့်သွားစေသည်။ သူတို့က တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်တော့ ရွှေရောင် နဂါးအရိပ် တစ်ခုက မြို့ရိုးကို ကျော်ဖြတ်ကာ မြို့ထဲသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
နတ်နဂါး အသွင်ပြောင်းခြင်း!
ယွမ်ချီ အလွန် ဝမ်းသာသွားပြီး ထိုရွှေရောင် နဂါးအရိပ်မှာ မည်သည့် မန္တန် ဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
ထိုစဉ်မှာပင် သူ့လည်ပင်းတွင် ရုတ်တရက် စူးရှသော နာကျင်မှု တစ်ခုကို သူ ခံစားလိုက်ရသည်။ ချက်ချင်းပင် မြင်နေရသော လောကကြီးမှာ ဇောက်ထိုး ပြောင်းလဲသွားတော့သည်။
ခေါင်းမပါသော ခန္ဓာကိုယ် တစ်ခု ….
ယွမ်ချီသည် ကိုယ်ပိုင် ခန္ဓာကိုယ်ကို အမှန်တကယ် မြင်လိုက်ရသည်။
ဘုန်း!
ယွမ်ချီ၏ ခေါင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး မြေခွေးမိစ္ဆာ၏ နင်းခြေခြင်းကို ခံလိုက်ရတော့သည်။