ဒေါသ
Vol. 30 Ch. 297
ချင်းရှောင်တောင်ပေါ်ရှိ မသေမျိုးဂူအတွင်း၌…..
ကျင့်ကြံနေသော လီချင်းချိုးက မျက်လုံးများကို ဖွင့်ကာ အလေ့အကျင့်အတိုင်း တာအိုမျိုးဆက် စနစ်ကို ခေါ်ယူလိုက်သည်။
မိစ္ဆာအင်အားစုများ၏ အပြည့်အဝ ကျူးကျော်မှုအကြောင်း သူ သိပြီးကတည်းက တပည့် အရေအတွက် လျော့ကျသွားခြင်း ရှိ၊ မရှိ သိရန်အတွက် တာအိုမျိုးဆက်စနစ်ကို နေ့စဉ် မကြာခဏ စစ်ဆေးနေခဲ့သည်။
"ဟင်"
တာအိုမျိုးဆက်စနစ်တွင် ဖော်ပြထားသော တပည့် အရေအတွက်ကို ကြည့်လိုက်ရာ လွန်ခဲ့သော တစ်နာရီကထက် ဒါဇင်ဂဏန်းခန့် လျော့နည်းသွားကြောင်း လီချင်းချိုး တွေ့ရှိလိုက်သည်။ထိတ်လန့်သွားသဖြင့် မည်သည့် တပည့်များ ပျောက်ဆုံးသွားသည်ကို သိရှိရန် တပည့်များ၏ အသေးစိတ် အချက်အလက်များကို ချက်ချင်း နှိပ်လိုက်သည်။
ယခုအခါ တပည့် အရေအတွက်မှာ အလွန် များပြားနေပြီ ဖြစ်သော်လည်း လီချင်းချိုး၏ ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ မှတ်ဉာဏ်နှင့် ထိုးထွင်းသိမြင်နိုင်စွမ်းတို့မှာ သာမန်လူ တစ်ယောက်ထက် များစွာ သာလွန်နေပြီ ဖြစ်၏။
ကျုံးထျန်းမသေမျိုးမြို့တော်တွင် တပ်စွဲထားသော တပည့် အချို့၏ ပုံရိပ်များ ပျောက်ကွယ်သွားကြောင်း သူ လျင်မြန်စွာ တွေ့ရှိလိုက်သည်။
ဖြစ်ရပ်ဖြစ်ပွားရာ နေရာမှာ ကျုံးထျန်းမသေမျိုးမြို့တော်ပင် ဖြစ်၏!
လီချင်းချိုးက အချိန်မဆိုင်းတော့ဘဲ အစွန်းရောက်ရွေ့လျားမှုပညာကို ချက်ချင်း အသက်သွင်းလိုက်ပြီး မသေမျိုးဂူထဲမှ ခုန်ထွက်ကာ ကျုံးထျန်းမသေမျိုးမြို့တော် ဆီသို့ ပျံသန်းသွားတော့သည်။
သူသည် ဓားပေါ်တွင် ပျံသန်းရင်း တစ်ပြိုင်နက်တည်းမှာပင် အစွန်းရောက်ရွေ့လျားမှုပညာကို အသုံးပြုကာ အရှိန်အပြည့်ဖြင့် အပြေးအလွှား သွားခဲ့သည်။
ဤလုပ်ငန်းစဉ်အတွင်း တာအိုမျိုးဆက် စနစ်ကို သူ အခါအားလျော်စွာ စစ်ဆေးခဲ့ပြီး တပည့် အရေအတွက် အဆက်မပြတ် လျော့ကျနေကြောင်း တွေ့ရှိရသဖြင့် နှလုံးသားတခုလုံး လေးလံသွားတော့သည်။
ကျုံးထျန်းမသေမျိုးမြို့တော်တွင် တပည့် တစ်ထောင်ကျော် တပ်စွဲထားပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပွားခြင်းက ရန်သူမှာ အလွန် အစွမ်းထက်ပြီး ဝိညာဉ်အသိအာရုံအဆင့်ရှိသူ တစ်ယောက်ထက်မက သေချာပေါက် ရှိနေကြောင်း ဆိုလိုသည်။
အန္တရာယ်ရှိသော်လည်း လီချင်းချိုးက နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိပေ။ မည်သို့ပင်ဖြစ်စေ သူသည် ဂိုဏ်းချုပ် ဖြစ်ပြီး ဂိုဏ်း၏ တပည့် များကို ကာကွယ်ရန် တာဝန်ရှိပေသည်။
ထိုက်ခွန်းတောင်တန်းမှ ကျုံးထျန်းမသေမျိုးမြို့တော် အထိ အကွာအဝေးမှာ အလွန် ဝေးကွာလှသည်။ လီချင်းချိုးအနေနှင့် အစွန်းရောက်ရွေ့လျားမှုပညာ ကို အဆက်မပြတ် အသုံးပြုနေသော်လည်း အချိန်ယူရသေးသည်။
ကံကောင်းထောက်မစွာ မသေမျိုးမြို့တော် တစ်ခုစီ တည်ထောင်ပြီးတိုင်း လီချင်းချိုးက လမ်းကြောင်းကို မှတ်မိစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင် သွားရောက်လေ့ ရှိသည်။
ခေတ္တအကြာတွင်…
ကျုံးထျန်းမသေမျိုးမြို့တော်မှာ လီချင်းချိုး၏ မြင်ကွင်းထဲသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။ ရှေ့တွင် သည်းထန်စွာ ကျဆင်းနေသော နှင်းများ လွင့်ပျံနေပြီး ကျုံးထျန်းမသေမျိုးမြို့တော်ကို ဖုံးလွှမ်းထားသည့် လိမ့်တက်နေသော မိစ္ဆာတိမ်တိုက်များကို သူ မြင်လိုက်ရသည်။ ထိုမိစ္ဆာ တိမ်တိုက်များမှာ လတ်တလောတွင် ပျောက်ကွယ်သွားပြီဖြစ်ရာ သူ့ နှလုံးသားကို ပို၍ပင် လေးလံသွားစေသည်။
သို့သော်လည်း တောင်ပေါ်တွင် ထွက်ပြေးနေကြသော တပည့်များ၏ ပုံရိပ်များကို သူ မြင်သောအခါ အမူအရာ အနည်းငယ် ပြေလျော့သွားသည်။
မယှဉ်နိုင်သော ရန်သူ တစ်ဦးကို ရင်ဆိုင်ရချိန်တွင် ထွက်ပြေးသွားသော တပည့်များကို လီချင်းချိုးက အပြစ်တင်မည် မဟုတ်ပေ။ အသက်ရှင်သန်ရေးကသာ အရေးအကြီးဆုံး အရာ ဖြစ်သည်မဟုတ်လော။
သူသည် မြို့ရိုးများကို လျင်မြန်စွာ ဖြတ်ကျော်ကာ မြို့ထဲသို့ ပျံသန်းဝင်ရောက်သွားရာ လုံးဝ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။
အဆောက်အအုံများမှာ အပျက်အစီးများ အဖြစ် ပြောင်းလဲသွားပြီး နေရာတိုင်းတွင် မီးတောက်များနှင့် မီးခိုးများ ထွက်ပေါ်နေ၏။ အလောင်းများ ပြန့်ကျဲနေပြီး အချို့မှာ လူ၊ အချို့မှာ မိစ္ဆာသားရဲ များ ဖြစ်ကာ သွေးအိုင်များမှာ ရေတွက်၍ မရနိုင်အောင်ပင် များပြားလှသည်။
တပည့် အချို့မှာ သေလုမြောပါး ဖြစ်နေပြီး အချို့မှာမူ သူတို့၏ ဒဏ်ရာများကို ကုသရန် တရားထိုင်နေကြသဖြင့် မြို့တော် တစ်ခုလုံးမှာ အလွန် စိတ်ဓာတ်ကျနေပုံရသည်။
လီချင်းချိုး အရှိန်အပြည့်ဖြင့် အပြေးအလွှား လာခဲ့သော်လည်း သူ ခြေတစ်လှမ်း နောက်ကျသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူသည် မတွန့်ဆုတ်ဘဲ ရှေ့သို့ လျင်မြန်စွာ လျှောက်သွားကာ စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာကို အကြိမ်ကြိမ် ပစ်လွှတ်လိုက်သည်။
သတိရနေသေးသော တပည့်များက သူ့ ပုံရိပ်ကို မြင်သောအခါ စိတ်လှုပ်ရှားသည့် အမူအရာများ ပြသကြသော်လည်း အချို့မှာမူ ရှက်ရွံ့သဖြင့် သူ့ရဲ့အကြည့်ကို မရင်ဆိုင်ရဲကြချေ။
မြို့တွင်းတွင် ဒဏ်ရာရရှိသူ အများအပြား ရှိနေပြီး နေရာအနှံ့ ပြန့်ကျဲနေကာ သေဆုံးသွားသော တပည့် အရေအတွက်မှာလည်း မနည်းလှပေ။ သေချာစွာ မရေတွက်ဘဲနှင့်ပင် ဤသည်မှာ ချင်းရှောင်ဂိုဏ်း သမိုင်းတစ်လျှောက် အကြီးမားဆုံးသော သေဆုံး ဒဏ်ရာရမှု ဖြစ်ရပ် ဖြစ်လာမည်ကို လီချင်းချိုး သဘောပေါက်လိုက်သည်။
သူ ရှေ့သို့ လျှောက်သွားရင်း အပ်အချောင်း တစ်ရာကျော်ကို ပစ်လွှတ်ခဲ့သည်။
သူ ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားပြီး အမူအရာမှာ မယုံနိုင်လောက်အောင် အရုပ်ဆိုးသွားတော့သည်။
သူကြည့်နေသည့်အတိုင်း လိုက်ကြည့်လိုက်လျှင် ရှေ့တွင် အပျက်အစီးများ ရှိနေပြီး အပျက်အစီးများ ရှေ့တွင် ခေါင်းနှင့် ကိုယ် ကင်းကွာနေသော အလောင်းတစ်လောင်း လဲကျနေသည်ကို တွေ့ရပေမည်။
၎င်းမှာ ယွမ်ချီ၏ အလောင်းပင် ဖြစ်သည်။
လီချင်းချိုး ယွမ်ချီ ၏ အနားသို့ ချက်ချင်း ရောက်သွားပြီး ဝိညာဉ်ချည်နှောင်ခြင်း မန္တန်ကို အသုံးပြုချင်သော်လည်း ယွမ်ချီ၏ ဝိညာဉ်မှာ ကြာမြင့်စွာကတည်းက ထုတ်ယူခံလိုက်ရကြောင်း တွေ့ရှိလိုက်ရသည်။
သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ယွမ်ချီ၏ ခေါင်းကို ကောက်ယူကာ ခန္ဓာကိုယ်ရှေ့တွင် ထားလိုက်ပေးလိုက်သည်။ သူသည် ဒေါသထဲတွင် နစ်မြုပ်မနေဘဲ အခြား တပည့် များကို ကူညီရန် ဆက်လက် ထွက်ခွာသွားခဲ့သည်။
မြို့တွင်းရှိ ဂိုဏ်းခွဲခန်းမသခင်များနှင့် အကြီးအကဲများက လီချင်းချိုးကို မြင်သောအခါ သူတို့ အားလုံး ရှက်ရွံ့သဖြင့် ခေါင်းငုံ့သွားကြသည်။
ဖိနှိပ်မှု၊ တိတ်ဆိတ်မှု။
လီချင်းချိုး ရောက်ရှိလာခြင်းနှင့်အတူ အပြင်းအထန် ဒဏ်ရာရနေသော တပည့် များမှာ နာကျင်သဖြင့် ညည်းညူခြင်းကို ရပ်တန့်လိုက်ကြသည်။
ကျုံးထျန်းမသေမျိုးမြို့တော်သည် ပထမဆုံးသော ဂိုဏ်းခွဲမြို့တော် ဖြစ်ပြီး အထူး အဆင့်အတန်း တစ်ခုကို ပိုင်ဆိုင်ထား၏။ ဤသည်မှာ တိုက်ခိုက်ခံရခြင်း ပထမဆုံးအကြိမ် ဖြစ်ပြီး ပထမဆုံးအကြိမ်တွင် ဤမျှ ဝမ်းနည်းဖွယ် ကောင်းနေခြင်းက သူတို့သည် ဂိုဏ်း၏ ပြုစုပျိုးထောင်မှုကို ပျက်ကွက်ခဲ့သည်ဟု ခံစားရစေသည်။
သို့သော်လည်း လီချင်းချိုးက ထိုသို့ မတွေးခဲ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် နှလုံးသားထဲတွင် မိမိကိုယ်ကို အပြစ်တင်မှုများဖြင့်သာ ပြည့်နှက်နေသည်။
အကယ်၍ သူသာ တာအိုမျိုးဆက်စနစ် ကို အနည်းငယ် စော၍ စစ်ဆေးခဲ့မည်ဆိုပါက အခြေအနေမှာ ကွဲပြားသွားမည်လော။
လီချင်းချိုးက ဒဏ်ရာရသူ အားလုံးကို အပ်ဖြင့် ကုသပြီးနောက် မြို့စားမင်း၏ အိမ်တော်ရှေ့သို့ ရောက်ရှိလာ၏။ ဂိုဏ်းခွဲမြို့တော်၏ အဆင့်မြင့် အရာရှိများမှာ အရပ်မျက်နှာ အသီးသီးမှ ရောက်ရှိလာကြသော်လည်း လီချင်းချိုးကို ရင်ဆိုင်ရချိန်တွင် သူတို့ လွယ်လွယ်နှင့် စကားမပြောရဲကြချေ။
"အခြေအနေကို ပြောပြပါဦး..." ဟု လီချင်းချိုးက ပြောလိုက်သည်။
အမူအရာ ကင်းမဲ့နေသော သူ့မျက်နှာက လူတိုင်းကို ကြီးမားသော ဖိအားတစ်ခု ယူဆောင်လာပေးသည်။
ညာဘက် လက်မောင်းမှ သွေးများ ယိုကျနေသော ချောင်တင့်ပေက ရှေ့ထွက်လာကာ….
" မိစ္ဆာသားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ... သူတို့က ရုတ်တရက် ရောက်လာပြီး ချင်းရှောင်အမိန့်ပြား ကလည်း ပြတ်တောက်သွားလို့ အပြင်ကို ဆက်သွယ်လို့ မရခဲ့ဘူး... ဂိုဏ်းချုပ် မရောက်ခင်လေးမှာ သူတို့က တစ်ခုခု အမိန့်ရလိုက်သလိုမျိုး အရမ်း မြန်တဲ့ အရှိန်နဲ့ ရုတ်တရက် ဆုတ်ခွာသွားကြတယ်..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက မျက်မှောင်ကြုတ်လိုက်မိသည်။
သူ ချင်းရှောင်တောင်မှ ထွက်ခွာလာသည့် အချိန်မှာပင် ဤမိစ္ဆာ အုပ်စုက သိသွားခြင်း ဖြစ်နိုင်မည်လား။
မိစ္ဆာနှိမ်နင်းရေး စေတီတော်ထဲရှိ မိစ္ဆာမျောက်မည်းကို သူ ရုတ်တရက် သတိရသွားခဲ့သည်။သူသည် မိစ္ဆာမျောက်မည်း၏ တည်ရှိမှုကို လျှော့တွက်ထားမိပုံရသည်။
"သေဆုံး ဒဏ်ရာရမှုတွေကို တွက်ချက်ပါ..."
လီချင်းချိုးက ညွှန်ကြားလိုက်တော့ ချောင်တင့်ပေက အမိန့်ကို ချက်ချင်း လက်ခံကာ ထွက်သွားပြီး အခြားသူများလည်း လိုက်သွားကြသည်။
လူတစ်ယောက်က တစ်ခုခုကို သတိရသွားပြီး လီချင်းချိုးကို လှည့်ကြည့်ကာ….
"ဂိုဏ်းချုပ်... ကျောက်ကျိန်း စောစောလေး ရောက်လာတယ်... အကယ်၍ သူသာ မရောက်လာခဲ့ရင် သေဆုံး ဒဏ်ရာရမှုတွေ သေချာပေါက် ပိုများလာမှာပဲ... သူက အဲဒီ မိစ္ဆာသားရဲ အုပ်စုကို လိုက်ဖမ်းဖို့ သွားတယ်..."
"ငါသိပြီ…..."
ကျောက်ကျိန်း၏ မူလချီများ လေထုထဲတွင် ပျံ့နှံ့နေသည်ကို သူ အစောကတည်းက ခံစားမိနေပြီ ဖြစ်သည်။
မကြာမီ လူတစ်ယောက်က လူစုကွဲပြီး ထွက်ပြေးသွားကြသော တပည့်များကို ပြန်လည် ခေါ်ယူရန် တိမ်ခွင်းမြှား တစ်စင်းကို ပစ်လွှတ်လိုက်လေသည်။
လီချင်းချိုး ရောက်ရှိလာခြင်းက မြို့တွင်းရှိ တပည့်များကို ယုံကြည်မှု ပေးစွမ်းပြီး သူတို့၏ အကြောက်တရားကို ပျောက်ကွယ်သွားစေသည်။ တပည့် များက ယခင် တိုက်ပွဲအကြောင်း ဆွေးနွေးရင်း ဒဏ်ရာများကို ကုသကြသဖြင့် မြို့တွင်းသို့ အသက်ဓာတ်များ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာသည်။
ဤမျှများပြားသော မိစ္ဆာသားရဲများမှာ မတော်တဆ မဟုတ်ချေ။ ကိုးပြည်ထောင်နယ်မြေတွင် ဤကဲ့သို့သော မိစ္ဆာအင်အားစုမျိုး ဘယ်အချိန်က ရှိခဲ့ဖူးသနည်း။
ပုံမှန်အားဖြင့် မိစ္ဆာအင်အားစုကို ဆိုထားမဘိ၊ မိစ္ဆာသားရဲတစ်ကောင်ကို မြင်ရရန်ပင် မလွယ်ကူလှချေ။
နာရီဝက်ခန့် အကြာတွင် ကျောက်ကျိန်း ပြန်ရောက်လာသည်။
သူသည် မိစ္ဆာသားရဲ အလောင်း တစ်လောင်းစီကို လက်တစ်ဖက်စီတွင် ဆွဲလာပြီး သူထက်ပင် ကြီးမားနေသဖြင့် လမ်းတစ်လျှောက်ရှိ တပည့်များက သူ့ကို အံ့သြရိုသေစွာ စိုက်ကြည့်နေကြသည်။
ဘယ်ဘက်လက်က တောင်ငယ်လေးတစ်လုံးနှင့် တူသော နွားမိစ္ဆာ၏ အလောင်းကို ဆွဲလာပြီး ညာဘက်လက်က ဧရာမ စပါးကြီးမြွေ တစ်ကောင်ကို ကိုင်ထားသည်။ သူ့မျက်နှာ အပါအဝင် တစ်ကိုယ်လုံးမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး မျက်လုံးများသာ ကြည်လင်နေဆဲ ဖြစ်သည်။ သူသည် ငရဲမှ ပြန်လည် တိုက်ခိုက်လာသကဲ့သို့ ဖြစ်နေပြီး သတ်ဖြတ်လိုစိတ် များကို ထုတ်လွှတ်နေဆဲပင်။
တပည့်များသည် ဤအခြေအနေတွင် ရှိနေသော ကျောက်ကျိန်းကို မကြောက်ရွံ့ကြဘဲ အားကျသော အမူအရာများဖြင့် ကြည့်နေကြသည်။
"အဲဒါ စီနီယာအစ်ကို ကျောက်ကျိန်းပဲ... အရမ်း အစွမ်းထက်တာပဲ! အဲဒီ မိစ္ဆာ နှစ်ကောင်က အရမ်း အစွမ်းထက်တာကို သူက သတ်ပစ်လိုက်တယ်..."
"အမှန်ပဲ... သူက တကယ်ကို ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်၊ ပထမဆုံး နတ်ဘုရားစွမ်းရည်တပည့် ပီသပါပေတယ်..."
"ဂိုဏ်းချုပ် မလာခဲ့ရင်တောင် စီနီယာအစ်ကို ကျောက်ကျိန်းက အဲဒီ မိစ္ဆာတွေကို နှိမ်နင်းနိုင်လောက်မှာပဲနော်..."
"အဓိပ္ပာယ် မရှိတာ... အဲဒီ မိစ္ဆာတွေက သူ့ကြောင့် ကြောက်ပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်တယ်..."
ကျောက်ကျိန်းသည် မြို့စားမင်း၏ အိမ်တော်ဆီသို့ လျှောက်သွားစဉ် တပည့် များ၏ အသံများကို လျစ်လျူရှုထားခဲ့သည်။
လီချင်းချိုးကိုမြင်လိုက်သည်နှင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
သူသည် ဧရာမ မိစ္ဆာ နှစ်ကောင်၏ အလောင်းများကို မြို့စားမင်း အိမ်တော်ရှေ့ရှိ ကွင်းပြင်သို့ ဆွဲလာပြီးနောက် လွှတ်ချလိုက်ကာ ရှေ့သို့ လှမ်း၍ ဒူးထောက်လိုက်ပြီး….
"ဆရာ... ကျွန်တော် တစ်လှမ်း နောက်ကျသွားတယ်..."
ကျောက်ကျိန်းက အံကြိတ်ကာ လျှောက်တင်လိုက်သည်။ သူ မြို့ထဲသို့ ဝင်ဝင်ချင်းပင် ယွမ်ချီ ခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားကို ထိုးဖောက်သွားသော ဒေါသများဖြင့် ပြည့်နှက်သွားပြီး သတ်ဖြတ်မှုကို စတင်ရန် ဖြစ်ပေါ်စေခဲ့သည်။
သူသည် အနည်းဆုံး မိစ္ဆာသားရဲ တစ်ရာခန့်ကို သတ်ဖြတ်ခဲ့သော်လည်း ၎င်းက မည်သည့်အရာကိုမျှ ပြန်လည် အစားထိုး၍ မရနိုင်ချေ။
လီချင်းချိုးက သူ၏အနားသို့ လျှောက်သွားကာ ပခုံးကို ပုတ်ပြီး….
"မင်းကို ငါ အပြစ်မတင်ပါဘူး... ဆန့်ကျင်ဘက်အနေနဲ့ မင်းက ကြီးမားတဲ့ စွမ်းဆောင်မှု တစ်ခုကို လုပ်ခဲ့တာပါ... အခုကစပြီး ကျုံးထျန်းမသေမျိုးမြို့တော်ကို စောင့်ရှောက်ဖို့ မင်း တာဝန်ယူရမယ်..."
"ဟုတ်ကဲ့ပါ!"
ကျောက်ကျိန်းက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။ ကံကြမ္မာ ဘေးဒုက္ခကို တွေ့ကြုံပြီးကတည်းက သူသည် တည်ငြိမ်ပြီး တည်ကြည်လာကာ လူငယ်ဘဝ၏ တက်ကြွမှုများကို ဆုံးရှုံးသွားခဲ့သည်။
လီချင်းချိုးက သူ့ကို ကျော်သွားကာ မိစ္ဆာသားရဲ အလောင်း နှစ်လောင်းအနားသို့ ချဉ်းကပ်သွားခဲ့သည်။
ဤမိစ္ဆာ နှစ်ကောင်၏ ကျင့်ကြံမှုမှာ မိစ္ဆာမျောက်မည်းထက် မအားနည်းချေ။ သူတို့က သနားစရာကောင်းစွာ သေဆုံးသွားကြပြီး ကျောက်ကျိန်း၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံလိုက်ရကြောင်း ထင်ရှားနေသည်။
လီချင်းချိုး ထူးဆန်းသည်ဟု ထင်ရသောအရာမှာ သူတို့၏ ဝိညာဉ်များလည်း ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ကျောက်ကျိန်းက လီချင်းချိုး၏ ဘေးသို့ လျှောက်လာပြီး ….
"သူတို့ကို ကျွန်တော် သတ်လိုက်တာနဲ့ တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုက သူတို့ရဲ့ ဝိညာဉ်တွေကို ဖြန့်ခွဲပစ်လိုက်တယ်... ပိုအစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင်က သူတို့အထဲမှာ မိစ္ဆာချီတွေ ချန်ထားခဲ့တယ်လို့ ကျွန်တော် သံသယရှိတယ်..."
လီချင်းချိုး မိစ္ဆာမျောက်မည်းကို တွေးမိလိုက်ပြန်သည်။ ၎င်း၏ ခန္ဓာကိုယ်အတွင်းတွင်လည်း နောက်ထပ် မိစ္ဆာချီတစ်ခု ပုန်းကွယ်နေသေးသည်။
ဤရန်သူမှာ ယခင် ရန်သူများထက် ပိုမို ကောက်ကျစ်ပုံရသည်။
ဒီကောင်က ဘာလုပ်ချင်နေတာလဲ…ချင်းရှောင်ဂိုဏ်းကို ဖျက်ဆီးပစ်ရုံ သက်သက်ပဲလား…
မြို့တွင်းရှိ ဒဏ်ရာရ တပည့်များတွင် စားသောက်ခံထားရသည့် လက္ခဏာများ မရှိကြောင်း လီချင်းချိုး သတိပြုမိလိုက်သည်။
တစ်နည်းအားဖြင့် ဤ မိစ္ဆာသားရဲ များသည် အစာစားရန် လာခဲ့ကြခြင်း မဟုတ်ပေ။
မြေပြင်ပေါ်ရှိ အလောင်း နှစ်လောင်းကို ကြည့်ရင်း လီချင်းချိုး အတွေးများ လွင့်ပျံနေခဲ့သည်။
ညနေစောင်း အချိန်တွင် လင်းရှောင် ခေါင်းလောင်းသံမြည်လာခဲ့သည်။
ခေါင်းလောင်းသံကြောင့် ဂိုဏ်း၏ အဆင့်မြင့် အရာရှိများ လင်းရှောင်ခြံဝင်း သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြသည်။ လီချင်းချိုးက စားပွဲရှည်တွင် ထိုင်နေပြီ ဖြစ်ပြီး ဧရာမ မိစ္ဆာသားရဲ အလောင်း နှစ်လောင်းမှာ ခြံဝင်းအတွင်းတွင် ထားရှိထားရာ ဝင်လာသူတိုင်းကို ဘေးဘက်သို့ ကြည့်သွားစေသည်။
ကြီးမားသော ကိစ္စတစ်ခု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။
ချင်းရှောင်တောင် အတွင်းတွင် မည်သည့် ဆူညံသံမျှ မကြားရသဖြင့် အဆိုပါ အဖြစ်အပျက်မှာ အခြား တစ်နေရာတွင် ဖြစ်ပွားခဲ့ပုံရသည်။
လူတိုင်း ရောက်ရှိလာသောအခါ လီချင်းချိုးက စကားပြောလိုက်သည်။
"ဒီနေ့ ကျုံးထျန်းမသေမျိုးမြို့တော်က မိစ္ဆာသားရဲ အမြောက်အမြားရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်... တပည့် နှစ်ရာ သုံးဆယ့်ခုနစ်ယောက် သေဆုံးပြီး လေးရာ ငါးဆယ့်နှစ်ယောက် ဒဏ်ရာရခဲ့တယ်..."
ဤစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။
ဤမျှ ကြီးမားသော သေဆုံး ဒဏ်ရာရမှုများကို သူတို့ မမျှော်လင့်ထားခဲ့ကြချေ။ ဤသည်မှာ ဂိုဏ်းကို တုန်လှုပ်သွားစေမည့် ဝမ်းနည်းဖွယ် အဖြစ်အပျက် တစ်ခု သေချာပေါက် ဖြစ်သည်။
"မြို့စားမင်း ယွမ်ချီလည်း စတေးခံလိုက်ရပြီ..." ဟု လီချင်းချိုးက ဆက်ပြောလိုက်တော့ ရှောင်ဝူချင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး အခြားသူများလည်း အံ့အားသင့်သွားကြသည်။
ယွမ်ချီ၏ အဆင့်အတန်းမှာ သာမန် မဟုတ်ပေ။ သူသည် ရှောင်ဝူချင်း မတိုင်မီ လီချင်းချိုးအတွက် ကိစ္စရပ်များကို အထူးတလည် ကိုင်တွယ်ပေးခဲ့သော လီချင်းချိုး၏ ယုံကြည်ရသူ တစ်ဦး ဖြစ်သည်။
လူတိုင်းက ဖိအားကို ခံစားလိုက်ရချေပြီ။
ချင်းရှောင်ဘိုးဘေးက.. "အဲဒီ မိစ္ဆာသားရဲတွေရဲ့ ဇာစ်မြစ်ကို ခြေရာခံနိုင်ပြီလား..."ဟု မေးတော့ လီချင်းချိုးက ခေါင်းယမ်း၍….
"မရသေးဘူး... ဒါပေမဲ့ ဒီအဖြစ်အပျက်ကို ကြည့်ရင် သူတို့က ချင်းရှောင်ဂိုဏ်းရဲ့ တခြား မြို့တွေနဲ့ အမာခံ စခန်းတွေကို တိုက်ခိုက်လာနိုင်ခြေ ရှိတယ်... သူတို့ရဲ့ ရည်မှန်းချက်က ချင်းရှောင်ဂိုဏ်းကို တစ်စစီ ခွဲပစ်ဖို့ ဖြစ်ရမယ်..."
ကျန်းယွီချွန်းက….
"အခုအချိန်အထိ ကျွန်တော့်လူတွေက မိစ္ဆာသားရဲတွေ စုဝေးရာ နေရာကို ခြေရာမခံနိုင်သေးဘူး... ဒီမိစ္ဆာတွေရဲ့ ခြေရာတွေကို ရှာရတာ ဘယ်လိုလုပ် ဒီလောက် ခက်နေရတာလဲ..."
ဝေထျန်းရှုံးက ….
"သူတို့အထဲမှာ အစီအရင်တွေကို နားလည်ပြီး သူတို့ရဲ့ ခြေရာတွေကို ဖုံးကွယ်ထားတဲ့ မိစ္ဆာ တစ်ကောင် ရှိနေတာ ဖြစ်နိုင်တယ်..."
အခြား ခန်းမသခင်များလည်း တစ်ယောက်ပြီး တစ်ယောက် စကားပြောလာကြပြီး ဤမိစ္ဆာ အုပ်စုကို မည်သို့ ကိုင်တွယ်ရမည်ကို စတင် ဆွေးနွေးကြတော့သည်။
လီချင်းချိုးက သူတို့ကို လွတ်လပ်စွာ ဆွေးနွေးခွင့် ပြုထားပြီး သူကိုယ်တိုင်မူ မည်သို့ စီစဉ်ရမည်ကို တွေးတောနေခဲ့သည်။
သူက တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တော့ နှလုံးသားမှာ ယခင်က မရှိခဲ့ဖူးသော ဒေါသများဖြင့် ဖိနှိပ်ခံထားရ၏。 'ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ'၏ ငြိမ်းချမ်းစေသော အကျိုးသက်ရောက်မှုသာ မရှိခဲ့လျှင် ကြာမြင့်စွာကတည်းက ပေါက်ကွဲသွားလောက်ပြီ ဖြစ်သည်။
"ကျွန်တော်တို့ သီးသန့် ကာကွယ်နေလို့ မရဘူး... ဒီအတိုင်း ဆက်သွားရင် လူတွေ ပိုများများ သေရုံပဲ ရှိလိမ့်မယ်... သူတို့ရဲ့ အသိုက်ကို ရှာတွေ့ဖို့ နည်းလမ်း တစ်ခု ရှာရမယ်!" ဟု လီစစ်ဖုန်းက ဝင်ပြောလိုက်သည်။
သူ့စကားများကို ရွှယ်ကျင်း၊ ချန်ချန်ဟိုင်၊ ယန်ကျွယ်တိန်နှင့် ချူကျင်းတို့ကလည်း သဘောတူကြသည်။
သို့သော်လည်း မည်သို့ ရှာဖွေရမည်နည်း ဆိုသည်မှာလည်း ခေါင်းကိုက်စရာ ကိစ္စတစ်ခု ဖြစ်နေသည်။
"ဂိုဏ်းချုပ် ပြောသလိုဆိုရင် ဒီမိစ္ဆာတွေရဲ့ အရေအတွက်က အလွန် များပြားတယ်... ဒီလောက် များပြားတဲ့ မိစ္ဆာတွေ အားလုံး မြောက်ပိုင်း နယ်စပ် ကနေ လာတာ မဖြစ်နိုင်ဘူး... သူတို့ရဲ့ အင်အားကို တိုးချဲ့နေတုန်းပဲ ဖြစ်ရမယ်... အဲဒီလိုဆိုရင် သူတို့ရဲ့ ခြေရာတွေကို ရှာတွေ့နိုင်မလား သိရအောင် ငါတို့ ဂိုဏ်းရဲ့ မိစ္ဆာသားရဲ တွေကို ဘာလို့ မလွှတ်လိုက်တာလဲ..." ဟု ဝေထျန်းရှုံးက အကြံပြုလိုက်သည်။
ဤနည်းလမ်းက လူတိုင်း၏ မျက်လုံးများကို တောက်ပသွားစေပြီး ဖြစ်နိုင်ခြေ ရှိသည်ဟု ခံစားလိုက်ရသည်။
သူတို့သည် မိစ္ဆာအင်အားစုကို ရှာဖွေရန် ဆွေးနွေးနေစဉ်၊ အဝေးရှိ ဧကရာဇ်နန်းတော်တွင် ကျိယာမှာ ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပိတ်မိနေခဲ့သည်။