အံ့ဩမှင်သက်သွားခြင်း
Vol. 12 Ch. 1128
" ဟုတ်တယ်။ မဟာအကြီးအကဲကျိုးကလေ သိပ်ကို အံ့သြစရာကောင်းတာ။ အရင်က ကောင်းကင်ဧကရာဇ်ကြီး သူ့အကြောင်း ကြားဖူးမယ်ဆိုတာ ကျွန်မသေချာတယ် "
မဟာအကြီးအကဲကျိုးအကြောင်း ပြောပြရုံလေးနှင့် ကျင်းအာ၏ လှပသောမျက်ဝန်းကလေးများသည် ရိုသေလေးစားခြင်းများဖြင့် ရွှန်းလဲ့လာ၏။ ကြည့်ရသရွေ့ သူမသည် အနှီမဟာအကြီးအကဲကျိုး၏ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတွင် ကျွမ်းကျင်မှုက မယုံနိုင်စရာကောင်းလွန်းသဖြင့် ကမ္ဘာကျော်ဖြစ်မည်ဟု ယုံကြည်နေဟန်တူသည်။
" လူတွေ ပြောကြတာတော့ ကောင်းကင်တံတားဒေသမှာ မဟာအကြီးအကဲကျိုးက အကျော်ကြားဆုံး စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတွေထဲက တစ်ယောက်ဆိုပဲ။ သူ ဘယ်နေရာသွားသွား ၊ ကောင်းကင်တံတားဒေသကလူတွေက သူ့ကို တလေးတစားဆက်ဆံကြရတယ်တဲ့ “
" ဒါ့အပြင် ကောင်းကင်တံတားဒေသရဲ့ သဘာဝနိယာမတွေက သူ့ကို အထူးမျက်နှာသာပေးတယ် သိလား။ သူ့ကမ္ဘာကြီးပျက်စီးသွားတုန်းက သူက နည်းနည်းလေးတောင် မထိခိုက်ခဲ့ဘူးလေ။ ပိုပြီး အံ့သြစရာကောင်းတာက သူ ထာဝရအင်မော်တယ်နယ်မြေကို ရောက်ပြီးတဲ့နောက် သူ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုစွမ်းရည်တွေက ပိုပြီးတော့ အစွမ်းထက်လာတာပဲ “
" မဟာအကြီးအကဲကျိုးမှာလေ သူ့ကမ္ဘာကြီးပျက်သွားကထဲက ရှာနေခဲ့တဲ့ ချစ်ခင်မြတ်နိုးရတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်လို့လည်း ကျွန်မကြားဖူးတယ်... “
" အခု နောက်တစ်ခု ရှိသေးတယ်။ ကျွန်မ သူစိတ်စွမ်းအင်အဆင့်မြှင့်တင်တာ တစ်ခါ သေချာမြင်ခဲ့ဖူးတယ်။ ကောင်းကင်ကြီး မှေးမှိန်သွားပြီး လေပြင်းမုန်တိုင်းတွေ မြေပြင်ကို တဝေါဝေါဖြတ်တိုက်လာတာ။ သူ့ လှုပ်ရှားမှုတိုင်းက တစ်ကမ္ဘာလုံးကို သက်ရောက်နေတဲ့အတိုင်းပဲ။ ပြီးတော့ အဲဒီအချိန်မှာပဲ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ထားတဲ့ရတနာကို ပြုလုပ်လိုက်တာ "
ကျင်းအာမှာ ဤမဟာအကြီးအကဲကျိုး၏ အကြောင်းပြောနေခြင်းအား မရပ်နိုင်လုနီးပါးဖြစ်နေပြီး သူမ၏မျက်လုံးများထဲရှိ အကြည့်က အချိန်တိုင်း ပို၍သာ ပြင်းထန်လာသည်။ ထိုအရာအားလုံးအရ သူမ သူ့ကို မည်မျှချစ်မြတ်နိုးကြောင်း ပိုင်ရှောင်ချန်းအတွက် သိသာလာတော့သည်။
တချိန်တည်းမှာပင် သူ၏သိချင်စိတ်မှာလည်း အောင့်သက်သက်ဖြစ်သွား၏။ အထူးသဖြင့် ကျင်းအာကဲ့သို့ မိစ္ဆာဧကရာဇ်နိုင်ငံ၏ ကျင့်ကြံသူတစ်ဦးက မည်သည့်အတွက်ကြောင့် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတစ်ယောက်ကို အလွန်စွဲလမ်းနေရသည့်အကြောင်းရင်းပင်။ ထိုအခြင်းအရာကို သူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။
" မင်းလိုလူဘယ်လောက်များများရှိလဲ " သူကမေးလိုက်သည်။
" စိတ်စွမ်းအင်အဆင့်မြှင့်တင်တာမှာ စိတ်ဝင်စားတဲ့သူတွေလေ "
" အို အများကြီးပဲ။ ကျွန်မတို့ မိစ္ဆာဧကရာဇ်နိုင်ငံတော်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်သူ များများစားစားမှမရှိပဲ။ ဒါကြောင့် သူတို့ တစ်ယောက်ချင်းစီတိုင်းက သိပ်အဆင့်အတန်းမြင့်တာ။ သူတို့ လူရှေ့ ထွက်လာတဲ့အချိန်တိုင်း လူတွေဝိုင်းအုံသွားတော့တာပဲ “
" စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက တကယ့်ကို အံ့ဖွယ်သရဲအရာတစ်ခုလေ။ ပြီးတော့ ထာဝရနယ်မြေတွေမှာ လုံးဝ ကြားမှမကြားဖူးတာ။ အဲဒါက ပုပ်သိုးဆွေးမြည့်နေတဲ့အရာတစ်ခုကို မှော်ဆန်တဲ့ရတနာတစ်ပါးအဖြစ် ပြောင်းပေးနိုင်တယ်လေ။ ကောင်းကင်တံတားဒေသသွေးပါတဲ့ လူတွေပဲလုပ်နိုင်တာ တော်တော်ဆိုးတာပဲ။ မဟုတ်ရင် ကျွန်မ သေချာပေါက် အဲဒါကို သင်ယူမှာ “
" အမှန်အတိုင်းပြောရရင် ကျွန်မ တာအိုလက်တွဲဖော်တစ်ယောက် ရှာဖို့ အချိန်တန်လာလို့ကတော့ သေချာပေါက် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူကို သွားရှာမှာပဲ "
နောက်ဆုံးအပိုင်းပြောလိုက်ချိန်တွင် ကျင်းအာ၏မျက်နှာလေးမှာ အတန်ငယ်နီမြန်းသွားလေသည်။
ပိုင်ရှောင်ချန်းမှာ အတော်လေးအံ့အားသင့်သွား၏။ သူ တံခါးပိတ်ကျင့်ကြံခြင်းမပြုခင်က စိတ်စွမ်းအင်အဆင့်မြှင့်တင်သူများ အလွန်နာမည်ကြီးကြောင်း မမှတ်မိပေ။ ကြည့်ရသရွေ့ သူ လပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသည့်အတောအတွင်း ကမ္ဘာကြီးထဲတွင် များစွာ ပြောင်းလဲသွားခဲ့ပုံရသည်။
" မဟာကောင်းကင်သခင်က ငါ့ကို အစထဲက ယွမ်ဟိုင်စီရင်စု ထင်ရှားကျော်ကြားလာပြီး ကမ္ဘာပေါ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်သူတွေရဲ့ နေရာကို မြှင့်တင်ပေးချင်တယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ အဲဒီလူကြီးက သူများထက် သာအောင် တစ်ယောက်ထဲ လုပ်ခဲ့တာပဲ။ ဒီလောက်အချိန်တိုလေးနဲ့ အများကြီး သူပြောင်းလဲပစ်ခဲ့တာ မယုံနိုင်ဘူး "
ကျင်းအာ၏မျက်နှာလေး နီမြန်းနေပုံက ပိုင်ရှောင်ချန်းကို တော်တော်လေး ဂုဏ်ယူစေ၏။
သို့သော် ဤစီရင်စုက ယွမ်ဟိုင်စီရင်စုနှင့် နီးကပ်နေခြင်းကြောင့် ဖြစ်လောက်ကြောင်း သဘောပေါက်လိုက်သည်။ အခြားအင်မော်တယ်နယ်မြေများမှ လူများမှာ ယခုလို ခံစားရချင်မှ ခံစားရလောက်ပေမည်။
မည်သို့ပင်ဆိုစေ၊ ၄င်းက အစကောင်းတစ်ခုဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တော်တော်လေးစိတ်ကြည်လင်လာပြီး ထာဝရအင်မော်တယ်နယ်မြေများမှ ကျင့်ကြံသူများကို စိတ်စွမ်းအင်မြင့်တင်သူများကို သဘောကျအောင်လုပ်ခြင်းက သေချာပေါက်ကောင်းသောအရာတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ထိုသဘောထားကို အထောက်အကူပြုရန် သူ များများလုပ်နိုင်လေလေ ပိုကောင်းလေသာ ဖြစ်ပေသည်။
သူ၏အတွေးတန်းကြီးက ထိုနေရာရောက်သော် သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော မဟာအကြီးအကဲကျိုးကို အရင်ကထက်ပို၍ စိတ်ဝင်စားလာ၏။ ထိုမျှသာမက ကိုယ်ပိုင်နေရာ တိုးတက်စေရန် စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်များကို အသုံးပြုခဲ့ေသာ မဟာအကြီးအကဲကျိုးသည်လည်း ယေဘုယျအားဖြင့် စိတ်စွမ်းအင်မြှင့်တင်သူများအပေါ် အမြင်ကို တိုးတက်စေခဲ့ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ ထိုအကြောင်းတွေးမိသည်နှင့်အမျှ ထိုလူကို တွေ့ချင်လာတော့သည်။
" ကျင်းအာ " သူက ပြုံး၍ ပြောလိုက်၏။
" မင်း မဟာအကြီးအကဲ ကျိုးကို အရင်က တွေ့ခဲ့ဖူးတယ် ပြောတယ်နော်။ ငါ့ကို သူနဲ့တွေ့ဖို့ မင်း ခေါ်သွားပေးနိုင်မလား "
ကျင်းအာ၏မျက်ဝန်းကလေးများ တလက်လက်တောက်ပလာသည်။ အမှန်တွင် ကုန်းစွန်းဝမ်အာသာ သူမအား ပိုင်ရှောင်ချန်းကို စောင့်ရှောက်ရန် မခိုင်းခဲ့ပါက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်နေသော မဟာအကြီးအကဲကျိုးထံ သူမ သွားကြည့်နေလောက်ပြီ ဖြစ်သည်။
" ရတာပါ့ရှင် " သူမက စိတ်အားထက်သန်စွာ ခေါင်းညိတ်၍ ပြောသည်။
" ကောင်းကင်ဧကရာဇ်ကြီး ကံကောင်းတယ်။ ဒီနေ့ မဟာအကြီးအကဲကျိုးက လူရှေ့မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းတစ်ခု ဆောင်ရွက်ပြမှာလေ။ အရှင်ကောင်းကင်ဧကရာဇ် သွားကြည့်ချင်ရင် ကျွန်မ သေချာပေါက်လမ်းပြပေးနိုင်တယ် "
ပိုင်ရှောင်ချန်းမှာ ကျင်းအာမည်မျှပျော်ရွှင်နေကြောင်း မြင်နိုင်လေသည်။ သူမသည် ရိုးသားဖြူစင်သော မိန်းမငယ်လေးတစ်ဦးသဖွယ်ဖြစ်နေ၍ ရုတ်တရက် သူ့ကို ထာဝရအင်မော်တယ်နယ်မြေထဲရှိ ကျင့်ကြံသူအားလုံးက ယုတ်မာပြီးရက်စက်သည် မဟုတ်ကြောင်း သဘောပေါက်သွားစေသည်။
သို့နှင့် ကျင်းအာသည် ပိုင်ရှောင်ချန်းကို တောင်ထိပ်အောက်ရှိ မြို့သို့ ဦးဆောင်ခေါ်သွား၏။ ကောင်းကင်ဧကရာဇ် သရဲမယ်တော်၏ အစေခံမိန်းကလေးတစ်ယောက်အနေဖြင့် သူမတွင် ထိုနေရာ၌ အထူးအခွင့်အရေးရှိသည်မှာ သဘာဝသာ ဖြစ်ပေသည်။
ပိုင်ရှောင်ချန်းမှာမူ သူ၏သရုပ်မှန်ကို မဖော်ပြလိုပေ။ သူသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ ပိုင်နက်အတွင်း ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် သူက သူ၏သရုပ်မှန်ကို ကုန်းစွန်းဝမ်အာမှလွဲ၍ မည်သူမှ မဖော်ထုတ်နိုင်အောင် မှော်အတတ်တစ်ခုဖြင့် သူ့ကိုယ်သူ ရုပ်ဖျက်ထားလေသည်။
ညနေစောင်းနေပြီဖြစ်သော်လည်း လမ်းများတွင် လူများထူထပ်နေသေး၏။ မြို့ကြီးမှာ အလွန်စည်ကားလေသည်။ မြို့သူမြို့သားများအများစုသည် အမှန်အားဖြင့် ဒေသခံ ကျင့်ကြံသူမျိုးနွယ်စုများမှ လူများဖြစ်၍ ဤစီရင်စုသားများဖြစ်ကြသည်။ ထို့ကြောင့် သူတို့အတွက် သူတော်စင်ဧကရာဇ်နိုင်ငံတော် သို့မဟုတ် မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ လက်အောက်တွင် နေထိုင်ရခြင်းက ကွာခြားမှုမရှိသလောက်ပင်။ မည်သည့်မင်းက ဤနေရာကို အုပ်စိုးစေကာမူ ယင်းကား သူတို့၏အိမ်ဖြစ်သည်။
မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ စည်းမျဥ်းဥပဒေများက အတော်လေး ကွာခြားသော်လည်း နိစ္စဒူဝကိစ္စများနှင့် ကျင့်ကြံအားထုတ်ရာတွင် ကွာခြားမှုသိပ်မရှိပေ။ အမှန်တွင် ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းဖြစ်သော ဤနေရာတွင် အခြေချရန် မျှော်လင့်ထားသည့် သရဲမယ်တော်နှင့်အတူ ဝေးလံသောနေရာများမှ လာခဲ့သည့် ကျင့်ကြံသူများလည်း ရှိသည်။
ပတ်ဝန်းကျင်တခွင် လူအများစကားပြောသံများဖြင့် တကျက်ကျက်ညံနေ၏။ ဖောက်သည်များ အဆက်မပြတ်ဝင်ချည်ထွက်ချည်ဖြင့် ဆိုင်များ အမြဲမပြတ် ဖွင့်ထားေလသည်။ ရယ်သံမောသံများနှင့်အတူ ကုန်ပစ္စည်းများအား တစ်လမ်းဝင်တစ်လမ်းထွက် လိုက်ရောင်းနေသော ခေါင်းရွက်စျေးသည်များအသံကိုလည်း ကြားရသည်။
အမှန်တကယ်ဆိုရလျှင် ပိုင်ရှောင်ချန်းသာ ခန့်မှန်းရန် ဖိအားပေးခံရပါက သူသည် မိစ္ဆာဧကရာဇ်နိုင်ငံတော်၏လက်အောက်ကလော၊ သူတော်စင်ဧကရာဇ်နိုင်ငံတော်၏ လက်အောက်ကလော ဆုံးဖြတ်ရခက်ခဲမည်ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ်ကောင်းသော ပတ်ဝန်းကျင်ဖြစ်သည့်တိုင် သူသည် စိတ်ထဲတွင် အလွန်တည်ငြိမ်နေ၏။ သူက ကောင်းကင်တံတားဒေသ၊ သူဝင်ရောက်ခဲ့သည့် ဂိုဏ်းများ၊ ဟူတောင်နှင့် တောင်ခြေရှိ ရွာငယ်လေးအကြောင်း ပြန်မစဥ်းစားမိဘဲ မနေနိုင်တော့ပေ။ ကောင်းကင်တံတားဒေသမှာတုန်းက နှစ်သစ်နီးကပ်လာသည့်အခါသမယတွင် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုး မကြာခဏ ဖြစ်လေ့ရှိခဲ့သည်။
ကျင်းအာမှာ ပိုင်ရှောင်ချန်းက အခြားသို့ စိတ်ရောက်နေသည်ကို သတိမထားမိဘဲ ကျွမ်းကျင်စွာ လမ်းကြိုလမ်းကြားများကို ဖြတ်၍ ကြီးမားသော ရင်ပြင်တစ်ခုဆီ ရောက်သည့်တိုင်အောင် ဦးဆောင်ခေါ်သွားလေသည်။
ရင်ပြင်၏ ညာဖက်တွင် အပြင်ဘက်၌ လူအများစုရုံးနေကြသည့် အသစ်တည်ဆောက်ထားသော စံအိမ်တစ်လုံးရှိ၏။ လူအများစုမှာ မတ်တပ်ရပ်လျက် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသော်လည်း စုပေါင်းသွားေသာအသံက တော်တော်လေး ကျယ်လောင်သည်။ သူတို့က မျှော်လင့်ချက်များတောက်ပနေသော မျက်ဝန်းများဖြင့် စံအိမ်၏ တံခါးကို စိုက်ကြည့်နေကြသည်။
တံခါးကျယ်ကျယ်ပွင့်သွားကာ လေးလေးစားစားစောင့်ဆိုင်းနေသော လူတချို့ရှိသည့် ပင်မခန်းမဆောင်တစ်ခုပေါ်လာလေသည်။ ရံဖန်ရံခါ သူတို့က အပြင်ဘက်ရှိ လူအုပ်ကြီးကို လှမ်းကြည့်တတ်ပြီး တခါတရံ ခန်းမ၏ အဆုံးနားရှိ မြင့်မြတ်သောနေရာတွင် တင်ပျဥ်ခွေထိုင်နေသော သက်လတ်ပိုင်းလူကို ကြည့်တတ်သည်။
သက်လတ်ပိုင်းလူသည် တာအိုဝတ်ရုံတစ်စုံကို ဝတ်ဆင်ထားပြီး တော်တော်လေးပိန်လှီနေသည့်တိုင် တောက်ပစွာလင်းလက်နေသော မျက်ဝန်တစ်စုံရှိလေသည်။ သူက တည်ကြည်လေးနက်သောအပြုအမူဖြင့် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် ခန်းမထဲက လူတစ်ယောက်ကို လက်ယှက်ဦးညွှတ်လိုက်သည်။
ဤသက်လတ်ပိုင်းလူမှာ ယင်ယန်ဝိညာဥ်အဆင့်တွင်သာ ဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက သူ့ကို အဆုံးစွန်ထိ တရိုတသေ ဆက်ဆံနေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက လက်ကိုဝှေ့ယမ်း၍ ပြောသည်။
" မဟာအကြီးအကဲကျိုး၊ ကျုပ် မိစ္ဆာဧကရာဇ်မြို့တော်မှာတုန်းက ဒီဓားပျံအတွက် သုံးဆ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခဲ့တယ်။ တစ်နိုင်ငံလုံးကို မြေလှန်ရှာတာတောင်မှ ကျုပ် လေးဆမြင့်တင်ပေးနိုင်တဲ့သူတစ်ယောက်ကိုမှ မတွေ့ခဲ့ဘူး။ မဟာအကြီးအကဲကျိုး ခင်ဗျား လုပ်နိုင်ရင် ကျုပ် ခင်ဗျားတောင်းတဲ့ ဘယ်တန်ရာတန်ကြေးမဆို ပေးနိုင်တယ် "
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူကို ပြန်ကြည့်လိုက်သော မဟာအကြီးအကဲကျိုး၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်စကို မြင်နိုင်လေသည်။
" ကျုပ် မဟာအကြီးအကဲ ကျန်းတဟိုင်နဲ့ ကိုယ်တိုင်ကိုယ်ကျ မဆုံဖူးပေမယ့် သူက လေးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းအထိ ဆောင်ရွက်နိုင်တယ်လို့ ကြားဖူးတယ် "
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက အတန်ငယ်ရှက်သွားဟန်ဖြင့် ပြောသည်။
" နတ်နဂါးကိုမြင်နိုင်ပေမယ့် ခေါင်းအစအမြီးအဆုံး ဘယ်တော့မှ မမြင်နိုင်ဘူးလို့ ဆိုသလိုပေါ့ဗျာ။ ဒါက မဟာအကြီးအကဲကျန်းကို ပြီးပြည့်စုံစွာ ညွှန်ပြနေတာပဲ။ သူ့နဲ့တွေ့ဆုံဖို့က မဖြစ်နိုင်သလောက်ပဲ။ တကယ်တမ်း ကျုပ် သူ့ကို တစ်ခါမှတောင် မမြင်ဖူးဘူး "
ထို့နောက် သူက လက်ယှက်၍ ထပ်မံဦးညွှတ်လိုက်ပြီးနောက် အလုပ်အတွက် ထိုက်ထိုက်တန်တန်ပေးမည်ဟု ကတိပေးလိုက်သည်။ အချိန်အတော်ကြာပြီးနောက် မဟာအကြီးအကဲကျိုးက ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီ။ ကျုပ် ဓားကို ကြည့်ပါရစေ"
နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက သိသိသာသာ တက်ကြွသွားကာ ကြက်သွေးရောင်ဓားပျံတစ်ချောင်းကို ထုတ်၍ မဟာအကြီးအကဲကျိုး လေ့လာရန်အတွက် ကမ်းပေးလိုက်သည်။ ထိုအချိန်တစ်ဝိုက်တွင် ကျင်းအာနှင့် ပိုင်ရှောင်ချန်းသည် စံအိမ်တံခါးနားတွင် ပေါ်လာ၏။
ပိုင်ရှောင်ချန်း၏ကျင့်ကြံခြင်းအခြေခံကို စဥ်းစားကြည့်လျှင် သူက မဟာအကြီးအကဲကျိုးအပါအဝင် အတွင်း၌ ဖြစ်ပျက်နေသမျှအား ကြည့်ရန် ခန်းမထဲဝင်ရန်မလိုအပ်ပေ။
မဟာအကြီးအကဲကျိုးကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားပြီး အပြုံးတစ်စ ပေါ်ပေါက်လာ၏။
ကျင်းအာက မဟာအကြီးအကဲကျိုးကို တောက်ပသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေပြီဖြစ်သည်။
" အရှင် … " သူမက ပိုင်ရှောင်ချန်းကို ပြောသည်။
" ဒါက လက်ဖျားခါရလောက်တဲ့ ကျွန်မတို့ရဲ့ နံပါတ်တစ် စိတ်စွမ်းအင်အဆင့်မြှင့်တင်သူ မဟာအကြီးအကဲကျိုးပဲ။ အရှင် သူ့ကို ကောင်းကင်တံတားဒေသမှာ တွေ့ဖူးတယ်မလား “
" ကံဆိုးတာက ဘယ်သူမှ သူ့နာမည်အပြည့်အစုံမသိဘူး။ သူက ဟိုးအရင်တုန်းက သူ့ရဲ့ ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ မိတ်ဆွေကို ရှာတွေ့ရင် သူ့နာမည်ကို ကမ္ဘာကြီးဆီ ကြေညာမယ်လို့ ပြောခဲ့ဖူးတယ် "
" အင်း " ပိုင်ရှောင်ချန်းက ခေါင်းညိတ်၍ ပြောသည်။
" ငါ သူ့ကို သိတယ် "
ထို့နောက် သူက ချောင်းဟန့်လိုက်၏။
လူအုပ်ကြီး ရုတ်တရက် တိတ်ဆိတ်သွားမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ပိုင်ရှောင်ချန်း၏ ချောင်းဟန့်သံမှာ ရည်ရွယ်ထားသည်ပို၍ အတန်ငယ်ကျယ်လောင်သွားလေသည်။ ၄င်းက ခန်းမထဲ လွင့်မျောသွားရာ မဟာအကြီးအကဲကျိုးကို မျက်မှောင်ကြုတ်သွားစေတော့သည်။ သူ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလုပ်ဆောင်သောအခါ အေးချမ်းတည်ငြိမ်မှုနှင့် တိတ်ဆိတ်ငြိမ်သက်မှုကို လိုအပ်သည်မှာ များသောအားဖြင့် လူအများ သိထားကြသော စည်းကမ်းတစ်ခု မဟုတ်ပါလော။
ထိုအချိန်တွင် သူ၏မျက်လုံးများသည် ကြက်သွေးရောင်ဓားပျံမှ အပြင်ဘက်ရှိ လူအုပ်ကြီးထံ ကျရောက်သွား၏။ ပထမတွင် သူ စိတ်တိုသွားသော်လည်း ကျင်းအာကို မြင်သောအခါ သူ၏နှလုံးသား အတန်ငယ်ပျော့ပျောင်းသွားလေသည်။ သူမက သူ့ကို သဘောကျနေကြောင်း သူ အချိန်အတော်ကြာကတည်းက သဘောပေါက်ခဲ့၍ သူ၏မျက်နှာအပေါ်တွင် အပြုံးတစ်စ ဖြစ်ထွန်းသွား၏။ ထို့နောက် သူ၏ အကြည့်က သူမဘေးသို့ရပ်နေသည့် ပိုင်ရှောင်ချန်းထံ ရောက်သွားသည်။
ရုတ်တရက် မဟာအကြီးအကဲကျိုး၏ မျက်လုံးများ ဝိုင်းစက်သွားပြီး သူ၏ခေါင်းတစ်ခုလုံး ချာချာလည်လာတော့သည်။