← Chapters

အိမ်ပြန်ကြမယ်

Vol. 12 Ch. 1129

အိမ်ပြန်ကြမယ်

Vol. 12 Ch. 1129

" ပိုင် ... ပိုင် … "

မဟာအကြီးအကဲကျိုးမှာ အသက်ပင်မှန်မှန် မရှူနိုင်တော့ဘဲ သူ၏မျက်လုံးများမှာ အလွန်ဝိုင်းစက်ပြူးကျယ်နေသဖြင့် ဦးခေါင်းခွံထဲမှ ထွက်ကျတော့မည့်အလား ဖြစ်နေတော့သည်။ အံ့သြခြင်းလှိုင်းတံပိုးများက ကောင်းကင်ဘုံမှလာသော မိုးကြိုးတစ်သီတသန်းကြီးပမာ သူ့စိတ်အစဥ်ကို တဝုန်းဝုန်း ရိုက်ခတ်နေသည်။

ဝိုင်းအုံနေကြသော လူအုပ်ကြီးမှာ သူ၏မူမမှန်သော အပြုအမူကြောင့် အံ့အားသင့်သွားကြသည်။ အထူးသဖြင့် ပိုင်ရှောင်ချန်းကို မည်သူဖြစ်ကြောင်းသိရန် မျှော်လင့်၍ လှည့်ကြည့်လိုက်စဥ် ရိပ်ခနဲဖြစ်သွားသော နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ၏ အမူအရာ ဖြစ်သည်။

လူအုပ်ထဲက မည်သူမှ ပိုင်ရှောင်ချန်းကို မမှတ်မိကြသည်သာမက မဟာအကြီးအကဲကျိုး၏ မျက်နှာပေါ်က အံ့သြတုန်လှုပ်မှုကို တစ်ယောက်မှ မမေ့နိုင်ကြပေ။ ချက်ချင်းပင် တီးတိုးဆွေးနွေးငြင်းခုံသံများ ထွက်လာတော့သည်။

" မဟာအကြီးအကဲကျိုး ဘာဖြစ်သွားတာလဲ "

" သူ့ကို အရင်တုန်းက အဲဒီလို မမြင်ဖူးပါဘူး "

ကျင်းအာမှာလည်း သိသိသာသာတုန်လှုပ်သွားသည်။ သို့သော် သူမ ဘာမှမလုပ်နိုင်ခင် မဟာအကြီးအကဲကျိုးက ခုံပေါ်မှထလာကာ ဓားကို ဘေးပစ်လိုက်သည်။ သူ အသိစိတ်လွတ်သွားသည်အထိ မရောက်သေးပါသော်လည်း ထိုသို့ဖြစ်လုနီးပါး ဖြစ်နေကာ တံခါးထံ အသည်းအသန်တိုးဝှေ့သွားလေသည်။

လူအားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြစဥ် သူက ပိုင်ရှောင်ချန်းရှေ့ရောက်ရန် အလျင်အမြန် သွားနေသည်။ သူက ပိုင်ရှောင်ချန်း၏ ရှေ့တည့်တည့် ပစ်ထိုင်ချပြီး ပိုင်ရှောင်ချန်း၏ခြေထောက်ကို ဖက်၍ လူပုံအလယ်၌ အော်ဟစ်ငိုကြွေးတော့သည်။

သူက အသံများ တုန်ရီနေလျက် ပြောသည်။

" သခင်လေး၊ ရီရှင်း သေလောက်အောင်လွမ်းနေခဲ့တာ။ ကျုပ်လေ သခင်လေးကို ဘယ်တော့မှ ထပ်တွေ့ရမှာမဟုတ်တော့ဘူးလို့ ထင်နေခဲ့တာ။ ကောင်းကင်ကြီးက တကယ် မျက်စိရှိပါပေတယ်။ ကျုပ်ကို တကယ်ပဲ သခင်လေးနဲ့ နောက်တစ်ကြိမ် ဆုံတွေ့ခွင့်ပြုပေးတယ် "

မဟာအကြီးအကဲကျိုးဆိုသည်ကား ကျိုးရီရှင်းမှ လွဲ၍ တခြားသူမဟုတ်ပေ။

သူက ရိုးသားပွင့်လင်းသောလေသံဖြင့် ကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်သည်ဖြစ်၍ ပတ်ဝန်းကျင်ရှိ လူများအားလုံး ပြတ်ပြတ်သားသား ကြားလိုက်ကြရသည်။ ပင့်သက်ရှိုက်သံများ ဟိုတစသည်တစ ပေါ်လာပြီး စုဝေးနေကြသူများမှာ ပိုင်ရှောင်ချန်းကို အာရုံစိုက်လာကြတော့သည်။

" မဟာအကြီးအကဲကျိုးက … သူ့ကို သခင်လေးလို့ခေါ်တယ် "

" မင်းမေဘ … မဟာအကြီးအကဲကျိုးတောင် အံ့သြစရာကောင်းနေပြီ။ သူ့သခင်ဆိုရင် ဘယ်လောက်အစွမ်းထက်မလဲ ... သိချင်လိုက်တာ "

" အဲဒီပုဂ္ဂိုလ်က ဘယ်သူတုန်း ... ဘယ်လိုလုပ် သူ့ကို ရင်းနှီးသလိုလိုရှိနေတာပါလိမ့်"

ကျင်းအာမှာ လောလောဆယ်တွင် ပါးစပ်အဟောင်းသား ဖြစ်နေရှာ၏။ သူမသည် ပိုင်ရှောင်ချန်းက ထိပ်ဆုံးစိတ်စွမ်းအင်အဆင့်မြှင့်တင်သူဖြစ်သည့်အချက်ကို ဖွင့်ဟ ပြောခဲ့ပါသော်လည်း သူမ၏နှလုံးသားထဲတွင် သူမကြိတ်သဘောကျလာခဲ့သည့် မဟာအကြီးအကဲကျိုးကသာ ကမ္ဘာပေါ်တွင် အတော်ဆုံးဖြစ်သည်။

ယခုအခိုက်အတန့်တွင် သူမ၏အတွေးများမှာ ဖြစ်ပျက်နေသည်များကို လက်မခံနိုင်လုနီးပါးဖြစ်နေသည်အထိ တွေဝေရှုပ်ထွေးနေတော့သည်။

" မဟာအကြီးအကဲကျိုးက ... သူ့ကို သခင်လေးလို့ခေါ်တယ် "

ကျိုးရီရှင်း၏နှလုံးသားသည် တစ်ခါမှ မခံစားခဲ့ဖူးသော သဏ္ဍာန်မျိုးဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ အမှန်တွင် သူ အလွန်စိတ်လှုပ်ရှားနေခြင်း ဖြစ်၏။ သူသည် ယွမ်ဟိုင်စီရင်စုတွင် ဖြစ်ပျက်နေသောအရာများကို သတိထားမိပြီး ပိုင်ရှောင်ချန်း၊ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်းသခင်တို့အားလုံး ထိုစီရင်စုတွင် ရှိနေသည်ကိုလည်း သူ သိထားသည်။

သို့သော် သူသည် ယခုလက်ရှိ နေထိုင်မှုပုံစံကို ပျော်မွေ့လာခဲ့၍ ရုတ်တရက် မခွဲခွာနိုင်တော့ပေ။ လူအများက သူ့အား ဖားယားကြသည်ကို သဘောတွေ့နေပြီး ထိုကိစ္စနှင့်ပတ်သက်၍ အချိန်များစွာပေးကာ အေးအေးဆေးဆေးစဥ်းစားပြီးနောက်မှာပင် ပိုင်ရှောင်ချန်း၏လက်အောက်တွင် သွားရောက်ခိုလှုံရန် သူ့ကိုယ်သူ မတိုက်တွန်းနိုင်ခဲ့ပေ။

ယခုအချိန်တွင် စဥ်းစားချင့်ချိန်နေစရာမလိုတော့ပေ။ ပိုင်ရှောင်ချန်းက သူ့ရှေ့တည့်တည့်တွင် ရောက်နေလေရာ ကျိုးရီရှင်းသည် သူ၏ ဇိမ်ခံရသောနေ့ရက်များ အဆုံးသတ်သွားပြီဖြစ်ကြောင်း သိသည်။ ယခု သူက ယွမ်ဟိုင်စီရင်စုကို မလာခဲ့သည့်အပေါ် ပိုင်ရှောင်ချန်းက မကျေမနပ်ဖြစ်နေမည်ကို စိုးရိမ်နေတော့သည်။

ကျိုးရီရှင်းသည် အခြားလူတစ်ယောက်သာဆိုပါက စဥ်းပင်စဥ်းစားနေမည်မဟုတ်ပေ။ သို့သော် သူသည် မြေရိုင်းဒေသရှိ ပိုင်ရှောင်ချန်း၏ ထင်ပေါ်ကျော်ကြားမှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။ ဗဟိုဧကရာဇ်နိုင်ငံတော်တွင် ပိုင်ရှောင်ချန်း ဖြစ်ပွားစေခဲ့သည့် ဆူညံပွက်လောရိုက်မှုများဖြစ်စေ၊ ပိုင်ရှောင်ချန်း၏ အာကာသအောက်လမ်းဆရာဖြစ်လာရန် လမ်းစဥ်ဖြစ်စေ၊ ပိုင်ရှောင်ချန်း၏တပည့်က ငရဲဧကရာဇ်ဖြစ်လာခဲ့သော အချက်ဖြစ်စေ၊ သို့တည်းမဟုတ် သခင်မလေးဟုန်ချိန်ကို သိမ်းပိုက်နိုင်ခဲ့သော ဖြစ်ရပ်ဖြစ်စေ ... ထိုကိစ္စရပ်အားလုံးက သူ့ရင်ထဲတွင် ပိုင်ရှောင်ချန်းအပေါ် နက်ရှိုင်းသော လေးစားခြင်းများ ဖြစ်ပေါ်စေသည်။ ၄င်းမှာ သူ၏အရိုးများထဲသာမက စိတ်ဝိညာဥ်အထိပါ သက်ရောက်နေသော အရာဖြစ်၏။ သို့ဖြစ်၍ ယင်းမှာ သူ စိတ်လှုပ်ရှားနေရခြင်းနှင့် မည်သည့်အတွက်ကြောင့် သနားစရာကောင်းသည့်ပုံ အတတ်နိုင်ဆုံးပေါ်ရန် ကြိုးစားနေရခြင်း၏ အကြောင်းရင်း ဖြစ်ပေသည်။

" အရင်အချိန်တွေကလို ငါ့ကို ပိုင်ရှောင်ချန်း သက်ညှာပေးဖို့ မျှော်လင့်ရတာပဲ … "

သူ၏မျက်ရည်များက ပါးပြင်တစ်လျှောက် စီးကျနေပြီး သူက ပိုင်ရှောင်ချန်းကို စိတ်မချမ်းမြေ့ဖွယ် မော့ကြည့်ကာ တွေးလိုက်သည်။

" ကျုပ် ဘယ်လောက်ကြာကြာ လိုက်ရှာခဲ့လဲဆိုတာ သခင်လေး မသိဘူး " သူက ပြောသည်။

" ကျုပ် သခင်လေးနဲ့ ပြန်ဆုံစည်းခဲ့ရင် ဘယ်လောက်အံ့သြစရာကောင်းလိုက်မလဲဆိုပြီး ညတိုင်းညတိုင်း အိပ်မက်မက်နေတာ "

ပိုင်ရှောင်ချန်းက သူ့ကို ပြုံးပြနေသော်လည်း ကျိုးရီရှင်းက တဆတ်ဆတ်တုန်ယင်သွားပြီး ကျယ်လောင်စွာ ထပ်ပြောလိုက်သည်။

" သခင်လေး … ကျုပ်လေ သခင်လေးကို တကယ် အရမ်း လွမ်းနေခဲ့ရတာ "

ပိုင်ရှောင်ချန်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ သူသည် ကျိုးရီရှင်းအပေါ် အကြည့်ရောက်သွားသည့်အခိုက်အတန့်ကတည်းက ကျိုးရီရှင်းသည် ဤနေရာတွင် နေထိုင်ရသည်ကို သဘောကျနေခဲ့ပြီး ယွမ်ဟိုင်စီရင်စုတွင် နေထိုင်ရခြင်းနှင့်အတူ ကျရောက်လာမည့် ဆင်းရဲဒုက္ခများကို မခံချင်ကြောင်း သိသာသည်။

သူ၏ဇာတ်လမ်းဆန်သောသရုပ်ပြမှုကို ထည့်တွက်လိုက်ပါက ကျိုးရီရှင်းက သေချာပေါက် ကြောက်လန့်နေကြောင်း ပိုင်ရှောင်ချန်း ပြောနိုင်သည်။ ပိုင်ရှောင်ချန်းသည် ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်များအားလုံးပြီးနောက် ကောင်းကင်တံတားဒေသသားများက ထာဝရအင်မော်တယ်နယ်မြေများတွင် ကြာကြာနေထိုင်လာသည်နှင့်အမျှ ကျိုးရီရှင်းနည်းတူ ဆုံးဖြတ်ချက်ချတော့မည်ကို သိသည်။

သူသည် ကျိုးရီရှင်းကို ယွမ်ဟိုင်စီရင်စုတွင် ပူးပေါင်းရန် အတင်းအဓမ္မ မတိုက်တွန်းလိုပေ။ သူတို့ ပျော်မွေ့သော ဘဝမှာ နေနေရသည်ကို ပိုင်ရှောင်ချန်းက ကျေနပ်သည်။ ထိုသည်က သူ၏ခံယူချက်ပင်။

ကျိုးရီရှင်းက သူ့ကိုယ်သူ အရှက်ခွဲနေသည်ကို ပိုင်ရှောင်ချန်းမြင်သောအခါ သက်ပြင်းချပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ဖော်ထုတ်လိုက်သည်။ ချက်ချင်းပင် မြို့ထဲ၌ လေမုန်တိုင်းတစ်ခု တိုက်ခတ်သွားသည်။

လူအုပ်ကြားထဲတွင် အံ့ဩတုန်လှုပ်သောအမူအရာများ ပေါ်လာပြီး သူတို့က နောက်ဆုတ်လိုက်ကြသည်။ လူအများက ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကို အာရုံရလိုက်ပြီး သူတို့၏အလယ်ဗဟိုရှိ ပုဂ္ဂိလ်က မည်သည့်လူမျိုးဖြစ်ကြောင်း သဘောပေါက်လိုက်သည်တွင် အထိတ်တလန့်အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

" ကောင်းကင်ဧကရာဇ် "

" အဲဒါ ပိုင်ရှောင်ချန်း။ ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းပဲ "

" ငါ့လခွမ်း … မဟာအကြီးအကဲကျိုးရဲ့ ဆရာသခင်က တကယ်ကြီး ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေတာပေါ့ "

လူအုပ်ကြီးမှာ သူ၏အရှိန်အဝါနှင့် ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များကြောင့် လုံးလုံးလျားလျား တုန်လှုပ်သွားကြ၏။ ထိုမျှသာမက တစ်ယောက်တလေမှ ကျိုးရီရှင်းကို နည်းနည်းလေးမှပင် အထင်မသေးတော့ပေ။ အမှန်တွင် သူ့ကို ပို၍သာ လေးစားလာတော့သည်။

လူတချို့သည် အခြားသူတစ်ယောက်ကို အလုပ်အကျွေးပြုသည့် လူများအား အထင်သေးတတ်သည်။ သို့သော် ထိုလူ၏သခင်က ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်သောအခါ ... သိက္ခါကျခြင်း မဟုတ်တော့ပေ။ အမှန်တကယ်ဆိုရပါက လူအများစုက ထိုကဲ့သို့ အထူးအခွင့်အရေးတစ်ခု ရရှိနိုင်ရန် ဆုတောင်းကြမည်ဖြစ်သည်။

ပင့်သက်ရှိုက်သံများ ကြားနိုင်ပြီး သူတို့၏မျက်လုံးများရှိ အားကျမနာလိုခြင်းများ ပေါ်လွင်နေတော့သည်။ ယခု သူတို့သည် ကျိုးရီရှင်းကို ခါတိုင်းထက်ပို၍ ရိုသေလေးစားသွားကြလေပြီ။

သို့သော် ပိုင်ရှောင်ချန်း၏ထုတ်ဖော်ပြသမှုက ဤတင်မပြီးသေး။ သူက လှမ်း၍ မှင်သက်နေသော ကျိုးရီရှင်းကို ထူပေးလိုက်သည်။

သူက ပြုံး၍ ပြော၏။

" ရီရှင်း ငါတို့က တာအိုရောင်းရင်းတွေ၊ မိတ်ဆွေတွေလို့ မင်းကို ပြောပြီးသားပဲ။ ငါတို့ကြားမှာ သခင်နဲ့အစေခံဆက်ဆံရေးဆိုတာ မရှိတော့ဘူး။ အတိတ်က ငါ မင်းကို လုပ်ပေးခဲ့တာတွေအတွက် မင်းကျေးဇူးတင်တာ သိတယ်။ ဒါပေမဲ့ အခုကစပြီး ငါ မင်းကို ဒီလိုပြုမူနေတာ မမြင်ချင်ဘူး။ နောက်ထပ် လုံးဝမမြင်ချင်ဘူးကွာ။ မင်းဒီမှာ ကောင်းကောင်းနေနေတာပဲ။ ငါမင်းအတွက် ပျော်ပါတယ် "

သူက လူတိုင်းကြားနိုင်စေရန် သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် သူ့အသံကို အားဖြည့်ပေးလိုက်သည်။ ကျိုးရီရှင်းသည် အခြားသူများအားလုံး မည်သို့တုံ့ပြန်နေသည်ကို မသေချာသည့်တိုင် ပိုင်ရှောင်ချန်းက တမင်တကာ မည်သည့်အရှက်ရခြင်းကိုမဆို ဖယ်ရှားပေးနေကြောင်း သူ သိသည်။ အမှန်တကယ်ဆိုရလျှင် ဤသည်ကြောင့် သူ၏ ဂုဏ်သတင်း တိုးတက်လာမည် ဖြစ်သည်။ ချက်ချင်းပင် သူ၏နှလုံးသားတစ်ခုလုံး တုန်ရီသွားတော့သည်။

သူ၏မျက်လုံးများထဲတွင် မျက်ရည်များပို၍ပင် ပြည့်နှက်သွားပြီး သူ ရုတ်တရက် ရှက်သွားမိသည်။ ပိုင်ရှောင်ချန်းက သူ၏သရုပ်ဆောင်မှုကို သိသော်လည်း သူ့ကို အပြစ်တင်ရှုတ်ချမည့်အစား ကူညီခဲ့သည်။ ကျိုးရီရှင်းမှာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့် စကားလုံးမှ ထွက်ကျမလာပေ။

" ရီရှင်း… စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုတာ ကောင်းကင်တံတားဒေသက ထူးခြားတဲ့အရာတစ်ခုပဲ။ မင်း အဲဒါနဲ့ ဒီမှာ ကြီးကျယ်ခမ်းနားတဲ့အရာတွေ အောင်မြင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ပြီးတော့ ဘယ်တော့မှ မမေ့နဲ့။ မင်းဘယ်နေရာရောက်ရောက် ငါ မင်းနောက်မှာ ရှိတယ်။ ဟုတ်ပြီလား။ ငါအခု သွားရတော့မယ်။ မင်း အချိန်လေးဘာလေးအားရင် ယွမ်ဟိုင်စီရင်စုကို လာခဲ့ကွာ။ ငါတို့ အရင်အကြောင်းတွေ ပြောကြတာပေါ့ "

ကျိုးရီရှင်း၏ ပခုံးကို ပုတ်၍ ပိုင်ရှောင်ချန်းက ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။

ကျင်းအာမှာ ပါးစပ်ကလေး အဟောင်းသားနှင့် ကျိုးရီရှင်းကို တအံ့တသြစိုက်ကြည့်ကာ ရပ်နေဆဲဖြစ်သည်။ ထို့နောက် သူမက ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီး သူ့နောက် အပြေးအလွှားလိုက်သွားလေသည်။

ထိုအချိန်တွင် ကျိုးရီရှင်းမှာ တဆတ်ဆတ်တုန်ရီလျက် ပိုင်ရှောင်ချန်းထွက်သွားသည်ကို ကြည့်ကာ ရပ်နေသည်။ ပိုင်ရှောင်ချန်း ပြောခဲ့သမျှ၊ လုပ်ခဲ့သမျှအရာအားလုံးက ကျိုးရီရှင်းကို သူ၏အပြုအမူအတွက် ရှက်ရွံ့သွားစေသည်။ တခဏကြာသော် ပိုင်ရှောင်ချန်းက ပျောက်ကွယ်တော့မည့်ဆဲဆဲ ကျိုးရီရှင်းက အံတင်းတင်းကြိတ်လိုက်ပြီး သူ၏မျက်လုံးများသည် ပြတ်သားခြင်းများဖြင့် တောက်ပလာတော့သည်။

ထို့နောက် သူက သူရောက်နေသည့်နေရာတွင်နေပြီး ဘဝကို အရသာခံလိုသော စိတ်ဆန္ဒများအားလုံးကို ရှင်းထုတ်ပစ်လိုက်သည်။ သူက လှစ်ခနဲ လှုပ်ရှား၍ ပိုင်ရှောင်ချန်းနောက် ပြေးလိုက်သွားတော့သည်။

" ကျုပ်ကို စောင့်ဦး သခင်လေး ။ ကျုပ်လဲ ယွမ်ဟိုင်စီရင်စုကို သွားချင်တယ် "

ပိုင်ရှောင်ချန်းက တုံ့ခနဲ ရပ်ပြီး ခေါင်းလှည့်ကြည့်လိုက်ရာ မျက်ဝန်းများထဲတွင် ခိုင်မာသောခံယူချက်များ တောက်လောက်လျက် သူ့ထံ အပြေးလာနေသော ကျိုးရီရှင်းကို မြင်လိုက်ရသည်။

ပိုင်ရှောင်ချန်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

" လာ ... အိမ်ပြန်ကြရအောင် "

" အိမ် ... "

ကျိုးရီရှင်းမှာ တဆတ်ဆတ်တုန်ရီသွားကာ ရေရွတ်လိုက်သည်။ ရုတ်တရက် သူက ပြုံးလိုက်သည်။ စစ်မှန်ရိုးသားသော အပြုံးတစ်စပင် ဖြစ်ပေသည်။

" ဟုတ်တယ် … အိမ်ပြန်ကြမယ် … "

All Chapters